Chapter 93
ရှုရှင်းချန်က သူ့အားလျစ်လျူရှုလိုက်သည်။ ရှန်းလျိုရှန့်က ရယ်မောကာ သတ္တမနတ်ဆိုးဘုရင် အိမ်တော်သို့ တိုက်ရိုက်ဦးတည်သွားလိုက်သည်။
အိမ်တော်၏ နေရာတိုင်းတွင် မီးများထွန်းညှိထားပြီး ဝမ်ရမ်ချင်က နားနေဆောင်တွင် တစ်ယောက်တည်းထိုင်ကာ သောက်နေသည်။ သူက ရေစီးသံကို ကြားသောအခါ ဝိုင်ပုလင်းကိုင်၍ လှုပ်ခါပြလိုက်သည်။
"မင်းက ညဘက်ကြီး ဒီလောက်နောက်ကျမှ လာတယ်ပေါ့ ...ငါမင်းကို ထွက်သွားခွင့်မပြုမှာ မကြောက်ဘူးလား..."
ရှန်းလျိုရှန့် မျက်ခုံးများပင့်လိုက်သည်။
"ငါသာ ထွက်သွားချင်ရင် မင်း ငါ့ကို မတားနိုင်ပါဘူး..."
ဝမ်ရမ်ချင်၏ အမူအရာမှာ မရှင်းလင်းပေ။ သူက ခပ်ဖွဖွပြုံး၍ မေးလာသည်။
"ဘာကိစ္စရှိလို့လဲ..."
ရှန်းလျိုရှန့် : "ငါ ဆေးဖော်စပ်ပြီးသွားပြီ..."
ဝိုင်ခွက်ကို လှုပ်ခါနေသော ဝမ်ရမ်ချင်၏ လက်တစ်ဖက်မှာ ရပ်တန့်သွားသည်။ သူ၏အကြည့်များရုတ်တရက်ပြောင်းလဲသွားကာ ညအမှောင်တွင် စူးရှနေသည်။
"တကယ်လား..."
ရှန်းလျိုရှန့် : "စာလိပ်..."
ဝမ်ရမ်ချင်၏ နှုတ်ခမ်းပါးများ မြင့်တက်လာကာ ဝိုင်ခွက်ကို အောက်ချလိုက်သည်။ ရွှေရောင်ဖျော့ဖျော့ စာလိပ်ကို ဝတ်ရုံထဲမှ ညာလက်ဖြင့် ထုတ်ယူလာသည်။
"ငါ ဒါကို ယူထားပြီး မင်းကို စောင့်နေမယ်လို့ စဉ်းစားထားတာ...ဒါပေမဲ့ မြန်မြန်လာမယ်လို့တော့ မထင်ထားဘူး..."
ရှန်းလျိုရှန့်က ဆေးလုံးကိုလက်တစ်ဖက်ဖြင့် ပစ်ပေးလိုက်ကာ အခြားတစ်ဖက်ဖြင့် စာလိပ်ကို ညွှန်ပြနေသော တိယွင်ယွီ၏ ဆံပင်ကို ကိုင်ထားသည်။
ဝမ်ရမ်ချင်က ဆေးလုံးကို ကြည့်ကာ မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။
"ဖော်စပ်နည်းကရော..."
မှန်ကန်ကြောင်း အတည်ပြုပြီးသောအခါ နှစ်ယောက်သား စကားပြောရပ်၍ လက်ထဲရှိပစ္စည်းများကို လဲလှယ်ကြသည်။
ရှန်းလျိုရှန့် လက်ထဲသို့ ရောက်လာသော စာလိပ်မှာ အရောင်နက်မှောင်၍ ပုံမှန်စာလိပ်ပင်ဖြစ်သည်။ ဝိညာဉ်စွမ်းအား သွင်းပြီးမှသာလျှင် အလင်းရောင် ပြန်လည်ထွက်ပေါ်လာသည်။
ရှန်းလျိုရှန့် စာအိတ်ကိုပိတ်၍ အိမ်တော်မှ ထွက်ခွာရန်လှည့်လိုက်သည်။
သူဆေးဖော်နေသည်မှာ တစ်ရက်မျှကြာမြင့်သွားပြီဖြစ်သည်။ ကျိုးရွှမ်လန်ထံသို့ ဝိညာဉ်စွမ်းအင်မလွှဲပြောင်းပေးရသေးသည်သာမက သူ ယခု ဘယ်နေရာတွင် ရှိနေကြောင်းလည်း မသိပေ။ ဤနေရာဖြင့် မရင်းနှီးသော ယဲ့ပင်းရန်တစ်ယောက် ဓားဂိုဏ်းတပည့်များ၏ သဲလွန်စရှာတွေ့ မတွေ့လည်း မသိသေးချေ။
ရှန်းလျိုရှန့် ထွက်ခွာပြီးနောက် ရှုံးယို့ကပျော်ရွှင်နေသော အမူအရာဖြင့်ပေါ်လာသည်။
"မြို့အရှင်ကို ဂုဏ်ပြုပါတယ်...ဒီဆေးတွေနဲ့ဆို အဲ့ဒီလူတွေကို မထိန်းချုပ်ပဲ အသုံးပြုနိုင်သွားပြီ..."
ဝမ်ရမ်ချင်က ဆေးနည်းကို ကူးရေးကာ လွှဲပေးလိုက်သည်။
"အဲ့ဒီ့ အသုံးမကျတဲ့ နတ်ဆေးဆရာတွေကို ဒီဆေးနည်းအတိုင်း လုပ်ခိုင်းလိုက်..."
ရှုံးယို့က ဂရုတစိုက်လှမ်းယူလိုက်သည်။
"ဒီငယ်သားက ချက်ချင်းသွားလိုက်ပါ့မယ်... အရေအတွက် ဘယ်လောက်လုပ်ခိုင်းလိုက်ရမလဲ..."
ဝမ်ရမ်ချင်က မေးစေ့ကို ထိလိုက်သည်။ သူ၏ အကြည့်များက အေးစက်နေ၍ ညအမှောင်တွင် ထူးဆန်းနေပုံရသည်။ ပါးလျသော နှုတ်ခမ်းလွှာများကို ဖွင့်ဟကာ ပြောလာသည်။
"တစ်သိန်း..."
ရှုံးယို့ : "ဟုတ် သိပါပြီ..."
သူက ခဏရပ်ကာ ဆက်ပြောသည်။
"နဝမနတ်ဆိုးဘုရင်က မြို့နံရံမှာရှိတဲ့ မြေအောက်လောက မီးတောက်ကို စောင့်ကြည့်နေပါတယ်...သူတို့ရှာတွေ့သွားလို့များလား...ပြီးတော့ သူတို့ဆီမှာ အင်မော်တယ်ကျင့်ကြံသူတစ်ဦးရှိနေသေးတယ်...အဲ့ဒါက ပေလွင်ဓားသခင်ဆိုတာကို ဒီငယ်သားက ရှာတွေ့ခဲ့ပါတယ်...သူက တကယ်ပဲ ပေလွင်ဓားသခင်ကို ရှာတွေ့ခဲ့တယ်...မြို့အရှင် တစ်ယောက်ယောက်ကို လွှတ်ချင်..."
"ယဲ့ပင်းရန်ရဲ့ ကျင့်ကြံဆင့်က မနိမ့်ဘူး...မင်း သူနဲ့ မယှဉ်နိုင်ဘူး...အလျင်စလို မလုပ်နဲ့...ကျိုးရွှမ်လန်အတွက်ကတော့..."
ဝမ်ရမ်ချင် ပုလင်းကိုမ၍ ဝိုင်အနည်းငယ် လောင်းထည့်လိုက်သည်။
"ပါးဟွမ်မှာ ကျိုးရွှမ်လန် ပေါ်လာတယ်လို့ သတင်းရတယ်..."
ရှုံးယို့က အံသြသွားသည်။
"သူက ချီလင်မြို့မှာ ရှိနေတာမဟုတ်ဘူးလား..."
"အလိမ်ခံလိုက်ရတာ..."
ဝမ်ရမ်ချင် ဝိုင်ခွက်ကို ဆုပ်ကိုင်ကာ တစ်ငုံသောက်လိုက်သည်။
"ကိစ္စမရှိဘူး...သူတို့က စုံစမ်းရဲမှတော့ မလွတ်စေနဲ့..."
ရှုံးယို့၏ မျက်နှာမှာအေးခဲနေ၏။
"မနေ့ညတုန်းက ကျူးယန်က အရမ်းထူးဆန်းနေတယ်...သူနောက်ကို လိုက်ဖို့ လွှတ်လိုက်တဲ့ လူတွေအကုန် ပစ်ပေါက်ခံခဲ့ရတယ်..."
"သူက ကျူးယန် မဟုတ်ဘူး...ဒါပေမဲ့ ကျူးယန် ဖြစ်လာပုံရတယ်..."
ဝမ်ရမ်ချင် ထရပ်ကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဆဋ္ဌမနတ်ဆိုးဘုရင်က အများကြီးပြောင်းလဲသွားတယ်...သူ့ဆီမှာ တစ်ခုခု ဖြစ်သွားလောက်တယ်...သူ့ဆီကို တစ်ယောက်ယောက်လွှတ်...မဟုတ်ဘူး အရင်ဆုံး ရှန်းလျိုရှန့်ကို စောင့်ကြည့်ဖို့ လူတစ်ချို့လွှတ်လိုက်...မျက်စိတစ်မှိတ်အတွင်း သူ မြို့က ထွက်သွားတာကို ငါမလိုချင်ဘူး..."
ရှုံးယို့က အမိန့်ကို နာခံကာ ထွက်သွားသည်။
.....
လမင်းကို တိမ်များက ဖုံးအုပ်သွားသည်။ ကြယ်များမထွန်းလင်းနေသဖြင့် ညသည် မှောင်မိုက်နေ၏။
ထုံရှီးက သက်ပြင်းချလိုက်သည်။
"နှမြောစရာပဲ..."
စုပိုင်ချယ့် က မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
"ငါ့ကို အပြစ်တင်ချင်နေတာလား...နောက်တစ်ခါကျရင် ချီလင်မြို့ကို တိုက်ခိုက်ပြီးတော့ ဝမ်ရမ်ချင်ရဲ့ ပုံစံအစစ်ကိုပြဖို့ပဲ တွန်းအားပေးလိုက်တော့မယ်..."
ထုံရှီး၏ အသံမှာ ပို၍ပင် နောင်တရနေပုံပင်။
"ငါက ငါ့ရဲ့ အစီအစဉ်ကို နောင်တရနေတာ..."
အလွန်အမင်းတိတ်ဆိတ်နေသော လိုဏ်ဂူထဲတွင် ထုံရှီး၏အသံမှာ အေးစက် ခက်ထန်နေသည်။
"ငါက သူ့ကို သေတဲ့အထိပစ်ထားဖို့ စီစဉ်ထားတာ...နှမြောစရာကောင်းတာက အခြားတစ်ယောက်က ကြားဝင်သွားတာပဲ...မဟုတ်ရင် ကယ်တင်ပေးဖို့ ငါ့ကို မင်းတောင်းဆိုနေရပြီ..."
စုပိုင်ချယ့်၏ အမူအရာမှာပြောင်းလဲသွားသည်။ ဝမ်ရမ်ချင်၏ အားနည်းချက်ကို ဦးစွာထုတ်ဖော်ခဲ့သူမှာ ထုံရှီးဖြစ်ကာ ဝမ်ရမ်ချင်ပုန်းနေသည့် နေရာကို ပြောပြခဲ့သည်။ ဝမ်ရမ်ချင် သေသွားရန် ထုံရှီးက ပို၍ စိတ်အားထက်သန်နေပုံရသည်။
ဤအကြောင်းအရာက စုပိုင်ချယ့်အတွက် ပဟေဋ္ဌိဖြစ်နေခဲ့သည်။ ယခု ဤအကြောင်းကြားသောအခါ နှာခေါင်းရှုံ့လိုက်၏။
"အဓိပ္ပါယ်မရှိတာ ...တကယ်လို့ ရှန်းလျိုရှန့်က မနှောင့်ယှက်ဘူးဆိုရင် ငါက ဝမ်ရမ်ချင်ရဲ့ သွေးနှောဆိုတဲ့ ပုံစံကို ဖော်ထုတ်နိုင်ပြီးတော့ သွေးနီရောင်လမိုက်ညမှာ သူနေမကောင်းတာကို အခွင့်ကောင်းယူပြီး သတ်နိုင်ခဲ့မှာပေါ့...ငါက ဘာလို့ တောင်းဆိုရမှာလဲ..."
စကားမဆုံးခင်မှာ စုပိုင်ချယ့်၏ နောက်ကျော ဘက်မှ အေးစိမ့်စိမ့် ခံစားလိုက်ရသည်။
ဝမ်ရမ်ချင်မှာ နောက်အစီအစဉ်ရှိနေတာများလား...
ထို့အပြင် နောက်ထပ်အစီအစဉ်တစ်ခုရှိခြင်းမှာလည်း အလွန် အရေးကြီးလှသည်မဟုတ်ပေ။ သူ၏သွေးနှောဟူသော ပုံစံထုတ်ဖော်ခံရကာ နတ်ဆိုးကျင့်ကြံရေးလောက တစ်ခုလုံးနှင့် ရန်သူဖြစ်ရမည်ကို မကြောက်ရွံ့ခဲ့လျှင် ထုံရှီးက ထိုသူထံမှ ကူညီပေးပါရန် တောင်းဆိုမည်ဟု ပြောလိမ့်မည် မဟုတ်ချေ။
စုပိုင်ချယ့်က နှုတ်ခမ်းထောင့်များမြင့်တက်၍ ပြုံးလိုက်သည်။
"အဲ့တော့ ကံက ငါ့ဘက်မှာပဲ...ပြီးတော့ မင်းက ဘာလိုချင်နေတာလဲ ငါမသိသေးဘူး..."
သူပြုံးလိုက်သဖြင့် ဒဏ်ရာမှာ ပြင်းထန်သည့်နာကျင်မှုကြောင့် ရင်ဘက်ကို အုပ်ကာ ချောင်းဆိုးသွားသည်။
စုပိုင်ချယ့်က ဂူဝင်ပေါက်ကို သတိထား၍လှမ်းကြည့်သည်။
ပိန်သွယ်သောပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်က စုပိုင်ချယ့်ကို မြင်လိုက်ချိန်တွင် မျက်လုံးများ အရောင်တောက်သွားကာ မျက်နှာပေါ်တွင် အပြုံးသေးသေးလေး ပေါ်လာသည်။
"ဘာလို့ ဒီလောက် အနံမွှေးမွှေးလေး ရနေပါလဲလို့...ချယ့်ချယ့်ဆီက လာတာကို..."
စုပိုင်ချယ့် အံကြိတ်လိုက်ကာ မျက်နှာမှာ ဖြူဖျော့နေသည်။
ဟွားကျန်းပါလား...
.....
ရှန်းလျိုရှန့်က စာလိပ်ကို ကျွမ့်ယွင်ဆောင်သို့ ပြန်ယူသွားကာ ရှုရှင်းချန်ထံသို့ လွှဲပေးသည်။
"မင်းဒါကို နန်းတော်ကို ပြန်ယူသွား...ငါတို့ မဟာနတ်ဆိုးဘုရင်ရဲ့ နန်းတော်မှာ ပြန်ဆုံကြမယ်..."
ရှုရှင်းချန်တစ်ယောက် ဆွံ့အလျက် လှမ်းယူလိုက်ရသည်။
"ဘာလို့ အတူတူမသွားတာလဲ..."
နေရာကူးပြောင်းအစီအရင်ကို မြို့အပြင်တွင် စီစဉ်ထားကာ လူများစောင့်ကြပ်နေကြသည်။ ယနေ့ည စာလိပ်ယူပြီးနောက် ရှန်းလျိုရှန့်က သူနှင့်နန်းတော်သို့ ပြန်လိုက်မည်ဟု ထင်ထားခဲ့သည်။
ရှန်းလျိုရှန့် : "ဓားဂိုဏ်းက ငါတို့ကို ကူညီထားမှတော့ သူတပည့်တွေ ကိစ္စကို မစုံစမ်းပဲ ဒီအတိုင်းထွက်သွားလို့မရဘူးလေ..."
ရှုရှင်းချန်က စာလိပ်ကို ပြန်တွန်းလိုက်ကာ ပြောသည်။
"ဒါဆိုရင် ကျွန်တော်လည်းနေမယ်..."
ရှန်းလျိုရှန့်က ကျစ်ခနဲအသံပြုလိုက်သည်။
"မင်းဒီမှာနေရင်လည်း အသုံးမဝင်ဘူး..."
ရှုရှင်းချန်၏ နင်သွားပြီး ပါးများရဲလာကာ ဒေါသထွက်သော်ငြား ပြန်မပြောနိုင်ပေ။
"တကယ်ကြီး ငါပြောတာကို ယုံနေတာလား..."
ရှန်းလျိုရှန့် အံသြသွားကာ စာလိပ်ဖြင့် ရှုရှင်းချန် ခေါင်းကို ပုတ်လိုက်သည်။
"စာလိပ်က အရေးအကြီးဆုံးပဲ...ခမည်းတော်လက်ထဲကို တတ်နိုင်သမျှ မြန်မြန်ရောက်အောင် ပို့ပေးရမယ်...နန်းတော်ကိုသာ မြန်မြန်သွားစမ်းပါ..."
ရှုရှင်းချန်၏ ဒေါသများ ပျောက်ကွယ်ကာ ထူးဆန်းနေပုံဖြင့် နဖူးကိုထိလိုက်သည်။
"ခင်ဗျားစကားကို ပုံမှန်ပဲပြော...လာလာမထိနဲ့..."
ရှန်းလျိုရှန့်က စာလိပ်ကို သူ့လက်ထဲသို့ ပြန်လည်ပစ်ပေးလိုက်သည်။
"အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့တော့...ငါ မင်းကို မြို့ပြင်ထိလိုက်ပို့ပေးမယ်...ကျန်းမြောင်မြောင်က အဲ့မှာစောင့်နေတယ်..."
"ကောင်းပါပြီ... "
ရှုရှင်းချန်က သဘောတူညီစွာပင် စာလိပ်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် ပဟေဠိဖြစ်နေသော အမူအရာဖြင့်ပြောလာသည်။
"ကျွန်တော့်ကို မောင်းထုတ်ဖို့ အလျင်လိုနေသလို ဘာလို့ ခံစားနေရတာလဲ..."
သူက ရပ်တန့်သွားကာ မျက်လုံးများပြူးလျက်ပြောလာသည်။
"ကျွန်တော်သွားတော့မှ ကျိုးရွှမ်လန်နဲ့ ပွင့်ပွင့်လင်းလင်း အတူတူရှိချင်နေတာပဲ..."
ရှန်းလျိုရှန့် ဆွံ့အသွားရသည်။ သူက ထို စကားများနေသောလူငယ်လေးအား ဝတ်ရုံလက်မှဆွဲ၍ ကျွမ့်ယွင်အဆောင်မှ ခေါ်ထုတ်လာသည်။
ရှုရှင်းချန် နန်းတော်သို့ပြန်ရန် သူ အမှန်ပင်အလျင်လိုနေသည်။ ဤသည်မှာ အခြားကြောင့်မဟုတ်ဘဲ တိယွင်ယွီဘေးတွင် လူများများရှိနေလျှင် ပိုကောင်းသည်ဟု ခံစားရသောကြောင့်ပင်။ ရှုရှင်းချန်က ခမည်းတော်ကို လေးလေးနက်နက် ဂရုစိုက်သူဖြစ်၏။ တိယွင်ယွီနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေခဲ့လျှင် သူပြန်ရောက်သည်နှင့်
အလျင်အမြန်စစ်ဆေးနိုင်လိမ့်မည်။
ရှုရှင်းချန်က တစ်လမ်းလုံး ပွစိပွစိပြောလာသည်။
၎င်းမှာ မြို့ဝင်ပေါက်တွင်ရှိနေသော ကျိုးရွှမ်လန်ကို မမြင်ခင်အထိပင်။ ကျိုးရွှမ်လန်ကို မြင်ချိန်တွင် ရုတ်ချည်းရပ်တန့်သွားပြီးနောက် ဒေါသထွက်စွာအော်ပြောလိုက်သည်။
"ခင်ဗျားပြောတော့ မလိမ်ပါဘူးဆို...သူက တံခါးမှာတောင်စောင့်နေပြီ..."
ကျိုးရွှမ်လန်၏ နောက်တွင် လူများစွာရှိနေ၍ အခြားတစ်ဖက်တွင် ယဲ့ပင်းရန်က ဓားကိုင်ကာ ရပ်နေသည်။
ရှန်းလျိုရှန့်က နားကိုအုပ်၍ အသံတိုးတိုးဖြင့်ပြောသည်။
"မင်းအသံတိုးစမ်းပါ... ညကြီးမင်းကြီး လူတွေကို နှောင့်ယှက်နေတာ..."
ထိုသို့ပြောပြီးနောက် သူ့အနား ချဉ်းကပ်လာသော ကျိုးရွှမ်လန်ကို မေးလိုက်သည်။
"မင်းတို့အားလုံး ဘာလို့ဒီကိုရောက်နေတာလဲ..."
"ရှစ်စွမ်း ကျွန်တော်နဲ့ လိုက်ခဲ့ပါ..."
ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ကို ဆွဲခေါ်၍မြို့နံရံပေါ်သို့ တက်လိုက်ကာငြိမ်းသက်နိုင်ချေမရှိသော အနက်ရောင်မီးတောက်များကို ညွှန်ပြလာသည်။
"ကျွန်တော် တစ်နေ့လုံး မြို့အထဲရော အပြင်ရော ရှာပြီးသွားပြီ...သံသယဖြစ်စရာဆိုလို့ ဒီမီးတောက်တွေပဲ တွေ့တယ်..."
ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏ ပြောပြချက်ကို နားထောင်နေသည်။ မတိုင်မီက ထူးဆန်းသော မှော်အစီအရင် ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် အကူအညီမဲ့စွာ ပင် သူက ထိုအကြောင်းနှင့်ပတ်သက်၍ မည်သည်မှ မသိရှိထားချေ။ ရှန်းလျိုရှန့် မီးတောက်များကို ခဏကြာကြည့်နေပြီးနောက် ခေါင်းခါလိုက်သည်။
"ငါတော့ သံသယဖြစ်စရာ မတွေ့ပါဘူး..."
ကျိုးရွှမ်လန်က ရှင်းပြသည်။
"ဒါက မှော်အစီအရင်ရဲ့ ဝင်ပေါက်နဲ့ တူတယ်..."
တစ်ဖက်တွင်ရပ်နေခဲ့သော ယဲ့ပင်းရန်က ဓားတစ်ချောင်းကိုင်ဆောင်လျက် မီးတောက်များရှိရာသို့ လျှောက်လာသည်။ သူ၏ လက်ထဲရှိဓားမှာ မှိန်ဖျော့ဖျော့ အလင်းတစ်ချက်လက်သွားသည်။
"ဒါက တပည့်တစ်ယောက်ရဲ့ ဓားပဲ...သူက သခင်ဖြစ်သူ ခေါ်နေတာကို အာရုံခံနိုင်တယ်...ဓားပိုင်ရှင်က ဒီနားက တစ်နေရာရာမှာ ရှိလိမ့်မယ်..."
ရှန်းလျိုရှန့် မျက်လုံးများပြူး၍ အရှေ့ရှိ ထူထဲလှသော မြို့နံရံကို ကြည့်လိုက်သည်။
ကျိုးရွှမ်လန်၏ အကြည့်များက ရှန်းလျိုရှန့်ဆီ ပြန်ရောက်လာသည်။
"ရှစ်စွမ်း စာလိပ်ရပြီးပြီလား..."
ရှန်းလျိုရှန့်က ခေါင်းညိတ်ပြလာသည်။ ကျိုးရွှမ်လန် အနည်းငယ် စိတ်သက်သာသွားသည်။
"ဒီလိုဆိုရင် ရှစ်စွမ်း ပြန်သွားလို့ရပြီပေါ့..."
ရှန်းလျိုရှန့် :"ရက်နည်းနည်းလောက်စောင့်ဦး..."
ရှန်းလျိုရှန့်က ဆေးနည်းအတွက် ဓားဂိုဏ်းထံတွင် အကူအညီအကြွေးတင်နေလေသည်။ သူ့အား ဤအခြေအနေဖြင့်ထားခဲ့လျှင် ရက်စက်ရာရောက်သွားမည်။
ကျိုးရွှမ်လန်က မျက်မှောင်ကြုတ်၍ အနက်ရောင်မီးတောက်များကို ကြည့်လိုက်ပြီး စကားပြောရန်တုံ့ဆိုင်းနေ၏။
တကယ်လို့ သူထင်ထားတဲ့အတိုင်း အစီအရင်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ဝမ်ရမ်ချင်က ဘာတွေကို ဖုံးကွယ်ထားတာလဲ...ရှစ်စွမ်းအတွက် ချီလင်မြို့မှာနေဖို့က အန္တရာယ်များလွန်းတယ်...
"ရှစ်စွမ်း...နားထောင်ပါဦး..."
စကားလုံးများထွက်လာချိန်တွင် သူ၏ဘေးရှိ အေးစက်နေသော လက်တစ်ဖက်မှာ ဆုပ်ကိုင်ခြင်း ခံလိုက်ရသည်။
ညသည် ချမ်းစိမ့်မှုကို သယ်ဆောင်လာသည်။ ရှန်းလျိုရှန့်က လက်ကိုကိုင်ဆွဲ၍ ဝိညာဉ်စွမ်းအင် အသုံးပြုကာ ကျိုးရွှမ်လန်ကို ဆွဲခေါ်လိုက်သည်။
"မင်း ဘာလို့ အေးစက်နေတာလဲ...အရင်ဆုံး ငါမင်းကို ဝိညာဉ်စွမ်းအင်လွှဲပေးမယ်..."
ကျိုးရွှမ်လန်၏ ခန္ဓာကိုယ်တွင် အမြဲနွေးထွေးသည့်အော်ရာ ရှိတတ်သည်။ သို့ဖြစ်၍ အေးစက်နေသော အထိအတွေ့ကို ကျင့်သားမရဖြစ်သွားရသည်။
ခြေနှစ်လှမ်းမျှ လှမ်းပြီးသောအခါ ရှန်းလျိုရှန့်က ယဲ့ပင်းရန်ကို ကြည့်လာ၍ တုံ့ဆိုင်းစွာပြောသည်။
"ငါ တစ်ယောက်ယောက်ကို လိုက်ပို့စရာရှိလို့...မင်းလိုက်ခဲ့မှာလား...နေခဲ့မှာလား..."
ယဲ့ပင်းရန်က မျက်လုံးများနှိမ့်၍ လက်တွဲထားသည်ကို ကြည့်ကာ ပြောလိုက်သည်။
"နေခဲ့မယ်..."
ရှန်းလျိုရှန့်က မေးစေ့ကို ထိလိုက်သည်။ ထို့နောက် တပည့်ဖြစ်သူနှင့် ရှုရှင်းချန်ကို ခေါ်ကာ နေရာကူးပြောင်းအစီအရင်ရှိရာသို့ သွားလေသည်။
ရှုရှင်းချန်၏ မျက်နှာမှာ တစ်လမ်းလုံး သုန်မှုန်နေသည်။ သူက တစ်ချိန်လုံး တွဲထားသည့်လက်များကို ကြည့်လိုက်သည်။ ကိုယ်ပွားတစ်ကောင်က ဝိညာဉ်စွမ်းအား လွှဲပြောင်းပေးရန် လိုအပ်သည်ဟု မကြားဖူးပေ။ ရှန်းလျိုရှန့်သည် နတ်ဆိုး၏ စကားများကြောင့် လှည့်စားခံနေရသည်ဟု သူ ခံစားမိသည်။
ကျန်းမြောင်မြောင်နှင့် အခြားသူများက ကြိုတင်ရောက်ရှိနေကာ ပြင်ဆင်ပြီးနှင့်သဖြင့် ဘေးတွင် ရပ်စောင့်နေကြသည်။
တောနက်ထဲတွင် ဝိညာဉ်ကျောက်တုံးမှ အလင်းရောင်များဖြင့် နေရာကူးပြောင်းအစီအရင် အသက်ဝင်လာသည်။
ရှုရှင်းချန်က အစီအရင် အတွင်းသို့ ဝင်ရန် တုံဆိုင်းနေသောအခါ ရှန်းလျိုရှန့် မျက်ခုံးများပင့်လိုက်သည်။ ထို့နောက် ကျိုးရွှမ်လန်၏လက်ကို ကိုင်ထားလျက်ပင် လက်မောင်းများဆန့်ထုတ်ကာ ပြောလာသည်။
" ငါနဲ့ ဖက်ချင်သေးလား..."
ရှုရှင်းချန်တစ်ယောက် လူရှေ့တွင် ထိုသို့မပြုမူနိုင်ဟုထင်ထားသဖြင့် ရှန်းလျိုရှန့်က စနောက်လိုက်သည်။
စကားဆုံးသွားသည့်အခါ မမျှော်လင့်ထားစွာပင် ရှုရှင်းချန်က သူ့လက်များကို ဆွဲယူကာ တင်းတင်းကြပ်ကြပ်ပွေ့ဖက်လာသည်။
ရှန်းလျိုရှန့် : "....."
ကျိုးရွှမ်လန်က ရုတ်တရက် ဗလာဖြစ်သွားသော လက်ကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့၍ ရှန်းလျိုရှန့်၏ပုခုံးပေါ် မေးတင်ထားသော လူငယ်လေးဆီသို့ အကြည့်လွှဲလိုက်ကာ သူ့မျက်လုံးများကို အဓိပ္ပါယ်ပါပါဖြင့် မှေးကျဉ်းလိုက်သည်။
ရှုရှင်းချန်၏ နားရွက်များနီရဲကာ တိတ်ဆိတ်နေသည်။ သူ့အားစိုက်ကြည့်နေသော ကျိုးရွှမ်လန်ကို သတိထားမိသောအခါ ရန်လိုမှုအပြည့်ဖြင့် ပြန်လည်စိုက်ကြည့်လိုက်သည်။
ရှုရှင်းချန်က ရှန်းလျိုရှန့်၏ နားသို့ကပ်ကာ သတိပေးသည်။
"နတ်ဆိုးသားရဲတွေရဲ့ အရေပြားက ထူပြီးကြမ်းတမ်းတယ်...တကယ်လို့ အန္တရာယ်နဲ ကြုံခဲ့ရင် ခင်ဗျားတပည့်ကို ရှေ့ကသွားခိုင်း...တုံးအတဲ့အလုပ်တွေ မလုပ်နဲ့..."
ရှန်းလျိုရှန့်က ရယ်မောကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ...ငါမှတ်ထားပါ့မယ်..."
ရှုရှင်းချန်က သူ့ကို လွှတ်ပေးလာသည်။ မလွှတ်ပေးခင်တွင် တုံ့ဆိုင်းနေပုံလည်း ရသည်။
ထို့နောက်...အလင်းတစ်ချက်လက်ပြီး အစီအရင်မှာလည်း ပျောက်ကွယ်သွားသည်။
ရှန်းလျိုရှန့် မျက်တောင်ခတ်ကာ အကြည့်များပြန်ရုတ်လိုက်သည်။ ထိုအချိန်တွင် ကျိုးရွှမ်လန်၏ နှုတ်ခမ်းပါးများက အနည်းငယ်တွန့်ကွေးကာ ပြောလာသည်။
"သူက ရှစ်စွမ်းအတွက် တစ်ခုခု ချန်သွားတယ်..."
ရှန်းလျိုရှန့် တဒင်္ဂမျှ ကြက်သေသေသွားသည်။ တစ်စုံတစ်ခုကို ခံစားလို
က်ရသဖြင့် အကြည့်များအောက်ချလိုက်သည်။ သူ၏ခါးတွင် တစ်စုံတစ်ခု ချိတ်ဆွဲထားသည်။
သစ်တောတစ်လျှောက်ဖြတ်တိုက်သွားသော ညလေသည် ရွှေရောင်အိတ်လေးအား အနည်းငယ်ရွေ့လျားသွားစေသည်။ ထိုအိတ်လေးတွင် 'ချန်' ဟူသော စကားလုံးက တောက်ပနေသည်။
ရှန်းလျိုရှန့် တစ်ယောက် ကူကယ်ရာမဲ့ဖြစ်ကာ ရယ်မောလိုက်ရလေသည်။