အပိုင်း ၉၄
Viewers 23k

Chapter 94





ရှန်းလျိုရှန့် လက်ချောင်းများဖြင့် ထိုအိတ်လေးကို ခေါက်ကြည့်လိုက်ပြီး အိတ်အတွင်း၌ရှိနေသည်အား သိချင်စိတ်ပြင်းလာသဖြင့် ဖွင့်ကြည့်လိုက်သည်။


အိတ်အတွင်းမှ အလင်းတန်းတစ်ခု ခုန်ထွက်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှန်းလျိုရှန့်လက်ထဲ၌ ဝတ်ရုံတစ်ထည်ပေါ်လာသည်။ ထိုဝတ်ရုံမှာ လရောင်အောက်တွင် ဇာကဲ့သို့ ပါးလွှာနေသည်။ ကြယ်ရောင်အလင်းများလက်နေသဖြင့် ညအလယ်တွင် အေးစက်သည့်လေများကိုပင် ရူရှိုက်မိစေသည်။ 


ရှန်းလျိုရှန့်က ထိုဝတ်ရုံကို မှတ်မိသွားသောအခါ ကြက်သေသေနေသော အမူအရာပေါ်လာလေသည်။


ရှုမိသားစုသည် ပင်မနယ်မြေတွင် မှော်လက်နက်ပြုလုပ်ခြင်း၌ နာမည်ကျော်ကြားလှသည်။ မူလဇာတ်ကြောင်းတွင် ရှုရှင်းချန်ထံတွင် ရှန်းယယ်ဟူသော နတ်ဘုရားဝတ်ရုံ ရှိခဲ့သည်။ သူက စုပိုင်ချယ့်ကို ကြိုက်သွားသည့်အခါ နန်းတော်သို့ပြန်၍ ထိုဝတ်ရုံတွင် သွေးစက်ချကာ သခင်အဖြစ်သတ်မှတ်ခဲ့သည်။ ထို့နောက် စုပိုင်ချယ့်ကို ဝတ်ဆင်စေခဲ့သည်။ 


ထိုဝတ်ရုံက သခင်ဖြစ်သူနှင့် ဆက်သွယ်မှုရှိသည်။ သခင်ဖြစ်သူ ရှုရှင်းချန်မှလွဲ၍ ထိုဝတ်ရုံကို စုပိုင်ချယ့်ထံမှ မည်မျှပင် ကြိုးစားသော်ငြား မည်သူမျှ မချွတ်နိုင်ခဲ့ချေ။ 


ယခု ရှုရှင်းချန်ပေးခဲ့သည့် ဝတ်ရုံမှာ သခင်ဖြစ်သူကို မသတ်မှတ်ရသေးပေ။


ရှန်းလျိုရှန့်၏ မျက်နှာပေါ်တွင် အမေးသင်္ကေတများပေါ်လာသည်။ သူက လှည့်၍ မေးလိုက်သည်။


"မင်းဒီဝတ်ရုံကိုသိလား..."


ကျိုးရွှမ်လန်: "သိပါတယ်..."


ရှန်းလျိုရှန့်က သွယ်လျသောလက်ညှိုးလေးဖြင့် ပါးကိုထိုးပြကာ ပြောလာသည်။


"ငါက ဒီဟာကို အရမ်းလိုအပ်တဲ့ပုံပေါက်နေလို့လား..."


ကျိုးရွှမ်လန်က မသေချာသောအမူအရာသို့ ပြောင်းလဲသွားသည်။ ခဏမျှစဉ်းစားပြီးနောက် လေးနက်သောအသံဖြင့် ပြောလာသည်။


"ရှစ်စွမ်း...သခင်အဖြစ်အသိအမှတ်ပြုခိုင်းပြီး ဝတ်ထားလိုက်ပါ..."


ရှန်းလျိုရှန့်တွေးကြည့်သော်လည်း မလိုအပ်ဟုထင်မိသည်။ ရှုရှင်းချန်ထံတွင် အတွေးတစ်ချို့ရှိနေခြင်းကိုသာ အံသြနေမိသည်။ ရှုရှင်းချန်၏ နှလုံးသားထဲမှ ပုံရိပ်လေးတွင် ပြဿနာရှိနေလောက်မည်။


ရှန်းလျိုရှန့်က လက်ချောင်းကို လှီး၍သွေးစက်ချလိုက်သည်။ ဝတ်ရုံပေါ်သို့ သွေးစက်ကျသွားသည့်အခါ ကြယ်လေးများလက်သွားသည်။


ရှန်းလျိုရှန့်ဝတ်ဆင်ပြီးချိန်တွင် ဝတ်ရုံမှာပျောက်ကွယ်သွားသည်။ အလေးချိန်လည်း မခံစားရသဖြင့် တည်ရှိနေမှုကို သတိမထားမိနိုင်ချေ။


"လာပြီး ချွတ်ကြည့်ပါဦး..."


ကျိုးရွှမ်လန်မျက်ခုံးပင့်လိုက်သော်ငြား မလှုပ်ရှားလာပေ။


"ရှန်းယယ်က သခင်ရဲ့ဆန္ဒကို လိုက်နာတယ်...အခုလိုမျိုး ဒီတပည့်ကို ရှစ်စွမ်းက သဘောတူမယ်ဆိုရင် ရှန်းယယ် က တားဆီးမှာ မဟုတ်ပါဘူး..."


ရှန်းလျိုရှန့် အံသြသွားကာ ခါးစည်းကြိုးကို တင်းတင်းချည်ရန် လက်များဆန့်ထုတ်လိုက်သည်။


ထိုအချိန်တွင် သူ၏ ခေါင်းပေါ်မှ ပေါက်ကွဲသံတစ်ခုကြားလိုက်ရပြီး သူ၏ခါးစည်းကြိုးမှာ ကျိုးရွှမ်လန်၏ ဆွဲယူခြင်းကို ခံလိုက်ရသည်။ ကျိုးရွှမ်လန်က သူ့ကို ရင်ခွင်ထဲတွင် သယ်ဆောင်ထားကာ ပေအနည်းငယ်အကွာသို့ ခုန်ဆုတ်လိုက်သည်။


မီးခိုးနှင့် ဖုန်မှုန့်များပြန့်ကျဲသွားသည့်အခါ မြေကြီးတွင် အက်ကွဲရာကြီးတစ်ခု ပေါ်လာလေသည်။


ရှန်းလျိုရှန့် မျက်တောင်ခတ်လိုက်သောအခါ ကျိုးရွှမ်လန်၏ အနက်ရောင်ဆံပင်များက သူ၏အမြင်ကို ကာထားကြောင်းတွေ့လိုက်ရသည်။ သူက ရင်ခွင်ထဲမှ ရုန်းထွက်၍မေးလိုက်သည်။


"ဘာကြီးလဲ..."


"ဝူး..."

နာကျင်မှုအပြည့်နှင့် ညည်းညူသံက ထိုချိုင့်တွင်းမှ ထွက်ပေါ်လာသည်။


မြေခွေးထီးတစ်ကောင်က ထိုချိုင့်တွင်းထဲတွင် ခြေလေးချောင်းထောင်လျက် လဲလျောင်းနေကာ သူ၏မျက်လုံးတွင် ကြယ်များပေါ်နေသည်။ သားမွေးများမှာလည်း ရွှံ့များဖြင့် ဖုံးအုပ်နေကာ နဖူးပေါ်ရှိ အမှတ်အသားမှာလည်း ညစ်ပေနေသည်။


"ပျိုနီပန်းလေးတွေ အောက်မှာ မြေခွေးတောင်မှ စိတ်ကူးယဉ်ဆန်သွားတယ်..."


ဟွားကျန်းက ဤသို့ပြောဆိုပြီးနောက် သက်ပြင်းရှိုက်ကာ တိတ်တဆိတ်ငိုကြွေးလေသည်။


မတွေ့ခဲ့ရသည့် နှစ်အနည်းငယ်အတွင်းတွင် စုပိုင်ချယ့်ကအဖြူရောင်ပန်းလေးမှ လူသားစားပန်းအဖြစ်သို့ပြောင်းလဲသွားသည်။ သူက ဒဏ်ရာရနေသော အလှလေးအား သနားစွာဖြင့် ညင်သာခဲ့သည်။ သို့သော်ငြား မမျှော်လင့်ထားစွာပင် အလှလေး၏ ကျင့်ကြံဆင့်မှာ အလျင်အမြန်ပင် တိုးတက်လာပုံရကာ သူ့ကို လက်တစ်ဖက်တည်းဖြင့် ကန်ထုတ်ခဲ့သည်။ အနာဂတ်တွင် အလှလေးအား အနမ်းပေးရန်ပင် မဖြစ်နိုင်တော့ချေ။


ဟွားကျန်းက ညှိုးငယ်စွာထလာပြီးနောက် သူမော့ကြည့်လိုက်သောအခါ လူနှစ်ယောက် မတ်တပ်ရပ်နေသည်ကို သတိထားမိသွားသည်။


လှလိုက်တာ...လှလိုက်တာ...


ဟွားကျန်း၏ မျက်လုံးများ ထပ်မံ အရောင်တောက်လာသည်။ တစ်ဖက်ရှိ လူငယ်လေးကို မြင်သောအခါ အသက်ရှူပင် အောင့်လိုက်မိသည်။


ကျိုးရွှမ်လန်တစ်ယောက် နတ်ဆိုးဘုရင် ဖြစ်လာသည့်အချိန်မှစ၍ စွန့်ပစ်မြေရှစ်ပါးကို သူတတ်နိုင်သမျှ ရှောင်ခဲ့သည်။ ရန်သူရှိ၍ဟု မဆိုနိုင်သော်ငြား အတိတ်တွင် ငယ်ရွယ်သော ကျိုးရွှမ်လန်လေးအား အနိုင်ကျင့်မိခဲ့ကာ မန္တန်များဖြင့်လည်း တိုက်ခိုက်ခဲ့သည်။ ယခုတွင် ယခု ကျိုးရွှမ်လန်က နဝမနတ်ဆိုးဘုရင် ဖြစ်လာ၍ သူသာ အငြိုးထားမည််ဆိုပါက ပြဿနာတက်ပေလိမ့်မည်။


ဟွားကျန်းက ရန်သူအင်အားကို ချင့်ချိန်ပြီးနောက် ခေါင်းကို စောင်းကာ သေချင်ယောင်ဆောင်လိုက်သည်။ သူသာ ထင်ထင်ပေါ်ပေါ် မနေသ၍ တစ်ဖက်ကလည်း သူ့ကို မမှတ်မိနိုင်ဟု သူ ယုံကြည်ထားသည်။


"ဟမ်...ကျန်းလေး..."


မြေခွေးလေးမှာ တောင့်တင်းသွားသည်။ ကျိုးရွှမ်လန်က သူ့အား ချိုင့်အောက်ခြေမှ ကိုင်ဆွဲမထုတ်ခင်အထိ သေချင်ယောင်ဆောင်နေခဲ့သည်။ 


"တတိယနတ်ဆိုးဘုရင်...ရှစ်စွမ်းက ခေါ်နေပါတယ်..."


ဟွားကျန်းကစိတ်ကို ချုပ်တည်း၍ မြေခွေးနားရွက်များထိကိုင်ရန် ငုတ်တုပ်ထိုင်နေသော ရှန်းလျိုရှန့်ကို မျက်လုံးဖွင့်ကြည့်သည်။ ထိုထိတွေ့နေသည့် လက်အား ရိုက်ထုတ်ချင်စိတ်ကို သည်းခံကာ ကောင်းမွန်သော အသံဖြင့်ပြောလာသည်။


"ကောင်းပြီ...ရေက မြစ်ရေကို အနှောင့်အယှက်မပေးသလိုပဲ...ငြိမ်ချမ်းရေးယူကြရင်ရော ဘယ်လိုလဲ..."


ကံကြမ္မာက လူကို လှည့်စားတတ်၏။ အလှလေးက နန်းတွင်း၏ မင်းသားငယ်လေးဖြစ်ပြီး ကျိုးရွှမ်လန်က နဝမနတ်ဆိုးဘုရင် ဖြစ်လေသည်။

တစ်ယောက်ကိုမှ အနိုင်ကျင့်လို့မရဘူး...


ရှန်းလျိုရှန့်က မြေခွေးနားရွက်လေးကို ဖိညှစ်ကာ မေးလားသည်။

"မင်းက ချီလင်မြို့မှာ ဘာလုပ်နေတာလဲ..."


ဟွားကျန်း : "ဆွေမျိုးတွေကို ရှာနေတာပါ..."


မြေခွေးနားရွက်ကိုထိရသည်မှာ သက်သောင့်သက်သာရှိကြောင်း သိသွားသောသောအခါ ရှန်းလျိုရှန့်က နောက်တစ်ကြိမ် ထပ်ထိရန်ပြင်လိုက်သည်။သို့သော် တပည့်ဖြစ်သူက သူ၏လက်ကိုကိုင်ကာ ဖမ်းဆွဲထားလေသည်။


"ရှစ်စွမ်းက မောင်ဂိုဏ်းက နတ်ဆိုးသားရဲတွေကို သဘောကျတာလား..."


ရှန်းလျိုရှန့်က တည်ငြိမ်စွာ ပြောလာသည်။

"ကိုင်ရတာ သက်သောင့်သက်သာရှိတယ်..."


ကျိုးရွှမ်လန်၏ မျက်တောင်ရှည်များက ဖြာကျနေသည်။

"မူရင်းပုံစံနဲ့ တိုက်ခိုက်ရင် သူတို့ကို ကျွန်တော်လက်တစ်ဖက်တည်းနဲ့ သတ်ပစ်နိုင်တယ်...ဒီတပည့်ရဲ့ မူရင်းပုံစံက ပိုပြီးစွမ်းအားကြီးတယ်..."


ရှန်းလျိုရှန့်က တွေးလိုက်သည်။

အဲ့ဒါက အသိသာကြီးမဟုတ်ဘူးလား...


နဂါးဂိုဏ်း၏ မူရင်းပုံစံကို စဉ်းစားမိသောအခါ စိတ်တွင်ယားကျိကျိဖြစ်လာ၍ မပြောဘဲမနေနိုင်ချေ။

"အခုကစပြီး ငါကို ပေးထိရမယ်နော်...မင်းရဲ့...အဟမ်း..."


အခြားသူများရှိနေသည်ကို သတိရသောအခါ ခေါင်းဖွဖွညိတ်ပြ၍ ပါးစပ်လှုပ်ရုံမျှ ဆိုလိုက်သည်။

နဂါးဦးချို...


ကျိုးရွှမ်လန်၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။

"ကောင်းပါပြီ..."


ရှန်းလျိုရှန့် ကျေနပ်သွားသည်။ သစ်ရွက်များကြားမှ မြေခွေးမွေးဖွားဖွားလေးများကို တွေ့သောအခါ ထိတွေ့ချင်စိတ်ပြင်းလာကာ သွယ်လျသောလက်ချောင်းများကို ဆန့်ထုတ်လိုက်ပြန်သည်။


ကျိုးရွှမ်လန်က ပြောလာသည်။

"တတိယနတ်ဆိုးဘုရင်အနေနဲ့ လူပုံစံကို ပြန်ပြောင်းရင် ပိုကောင်းမယ်ထင်တယ်...ဒီနေရာမှာ ဝံပုလွေတွေ အများကြီးရှိတယ်...သူတို့ဆီကနေတစ်ဆင့် သတင်းပြန့်သွားရင် ဂုဏ်သိက္ခာ ကျကုန်လိမ့်မယ်..."


ဟွားကျန်းက မျက်လုံးလှိမ့်လိုက်သည်။ မည်သည်ကို ဆိုလိုကြောင်းနားလည်သဖြင့် လူပုံစံသို့ ပြန်ပြောင်းလိုက်သည်။


သူကလည်း အလှလေးတွေကိုပဲ ထိချင်တာပါ...အလှလေးတွေဆီကနေ အထိမခံချင်ပါဘူး...


ထို့နောက် နဖူးပေါ်တွင် ပုံစံအမှတ်အသားလေးနှင့်လူက မက်မွန်ပွင့်သဏ္ဍာန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ထို့နောက် ပိုးသားလက်ကိုင်ပုဝါတစ်ထည် ထုတ်ကာ မျက်နှာပေါ်ရှိ ဖုန်များကို သုတ်လိုက်သည်။


"မင်းတို့ကရော ဘာလို့ချီလင်မြို့ကို ရောက်နေတာလဲ..."


ထိုနှစ်ယောက်က သူ့အပေါ်တွင် ရန်လိုမှုမရှိသည်ကိုတွေ့သောအခါ စိတ်သက်သာရာရသွားသည်။


"အဲ့ဒါက ဇာတ်လမ်းအရှည်ကြီးပဲ..."

အပြန်လမ်းတွင် ရှန်းလျိုရှန့်က ချီလင်မြို့၏ ထူးဆန်းပုံကို ပြန်ပြောပြလာသည်။


ဟွားကျန်းက သိချင်စိတ်ပြင်းနေ၍ သတိမထားမိချိန်မှာပင် မြို့ဝင်ပေါက်သို့ရောက်လာသည်။ သူက ယဲ့ပင်းရန်ကို မြင်လိုက်သည်။


"ငါလည်း ဓားဂိုဏ်းက တပည့်တွေရဲ့ ပျောက်နေတဲ့အကြောင်းသိထားတယ်...ဒါက ဝမ်ရမ်ချင်နဲ့ ပတ်သက်နေမယ်လို့ထင်တယ်..."


ယဲ့ပင်းရန်က ဓားတစ်လက်ကို ကိုင်ကာ ကျိုးရွှမ်လန်ထံသို့ အကြည့်ရောက်လာသည်။ ယဲ့ပင်းရန်က မှော်အစီအရင်နှင့်ပတ်သက်၍ တစ်ခုနှစ်ခုသာသိကာ မကျွမ်းကျင်ပေ။


"ငါ မင်းတို့မရောက်လာခင်က ဓားစွမ်းအင်ကို သုံးပြီး တိုက်ခိုက်ကြည့်သေးတယ်...ဒါပေမဲ့ နံရံကို ထိသွားတာနဲ့ ပျောက်ကွယ်သွားတယ်...အဲ့ဒါက ပင်လယ်ထဲ ကျောက်တုံးတွေနစ်မြုပ်သွားသလိုပဲ...အဲ့ဒါဘာလို့လဲ မင်းသိလား..."


ဟွားကျန်းက အံ့အားသင့်သွားသည်။ ကျိုးရွှမ်လန် ကျင့်ကြံရေးလောကမှ ထွက်သွားရခြင်းမှာ ဓားဂိုဏ်းက တွန်းအားပေးခြင်းကြောင့်ဟု သိထား၍ ယခုအချိန်တွင် အနာပေါ်ဆားမသိပ်ခြင်းကပင် ဂရုဏာပြထားခြင်းဖြစ်လိမ့်မည်။ 


သူက ဘယ်လိုလုပ်ကူညီမှာလဲ...


ထို့နောက်တွင် ကျိုးရွှမ်လန်ပြောလာသည်ကို ကြားလိုက်ရသည်။

 "အရာအားလုံးနဲ့ ပြည့်နှက်နေတယ်ဆိုတဲ့ မှော်အစီအရင်တစ်ခုရှိတယ်..."


ကျိုးရွှမ်လန်က ခေါင်းလှည့်ကာ ဖြေးညှင်းစွာ မေးလာသည်။


"ဝမ်ရမ်ချင်ရဲ့ အိမ်တော်အပြင်ဘက်မှာရှိတဲ့ အစီအရင်ကို ရှစ်စွမ်းမှတ်မိသေးလား..."


ရှန်းလျိုရှန့်ခေါင်းညိတ်ပြလာသည်။

လူတွေရဲ့ ဦးတည်ရာကို ရွှေ့ပြောင်းနိုင်တဲ့ မှော်အစီအရင်...


ကျိုးရွှမ်လန်က ရှင်းပြလာသည်။


"အဲ့ဒါက စကြာဝဋ္ဌာရဲ့ အကိုင်းအခက်တစ်ခုပဲ...ထပ်လောင်းပြောရရင် အစီအရင်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းက ဖုံးကွယ်ထားခြင်းဆိုတဲ့ စကားလုံးပဲ...အရာအားလုံးကို ဖုံးကွယ်ထားနိုင်တယ်ပြီးတော့ စကြာဝဋ္ဌာထဲမှာ ဖုံးကွယ်ထားတာ..."


ကျိုးရွှမ်လန်က နံရံပေါ်မှ အနက်ရောင်မီးတောက်များကို ကြည့်ကာ ပြောလိုက်သည်။

"အဲ့ဒီ့အစီအရင်ထဲကို ဦးတည်တဲ့ ဝင်ပေါက် ရှိတယ်..."


ရှန်းလျိုရှန့်က ရှုပ်ထွေးနေပုံရကာ မေးလာသည်။

"ဒီအစီအရင်က စွမ်းအားမကြီးဘူးလား..."


ကျိုးရွှမ်လန်: : ရှေးဦးကာလက ကြီးမြတ်တဲ့ အစီအရင်တွေပါပဲ..."


ဟွားကျန်းက မေးစေ့ကိုထိလျက် သူ၏မက်မွန်ပွင့်မျက်လုံးများကလည်း သံသယမကင်းစွာ မှေးကြည့်လာသည်။

"မင်းက ဘယ်လိုလုပ် ဟို အရင်တုန်းထဲက ပျောက်ကွယ်သွားတဲ့ အစီအရင်မျိုးကို သိနေရတာလဲ..."


ကျိုးရွှမ်လန်က အပြုံးမမည်သော အပြုံးနှင့်ပြောသည်။

"ဝမ်ရမ်ချင်တောင် ဒီလိုမျိုး အစီအရင် လုပ်နိုင်သေးတာပဲ...ငါက ဘာလို့ မသိရမှာလဲ..."


ဟွားကျန်းက ထိုအကြောင်းကို အနည်းငယ်စဉ်းစားပြီးနောက် သဘောပေါက်သွားသည်။

"အဲ့ဒါ တောင်ပင်လယ်က မဟုတ်လား...မင်းတို့ နောက်မျိုးဆက်တွေက ဘာလို့ တစ်ယောက်ပြီးတစ်ယောက် အခွင့်အရေးတွေရနေတာလဲ..."


ရှန်းလျိုရှန့်က နံရံကို ခေါက်၍ မေးလာသည်။

"မင်းမှာ ဒီအစီအရင် ထဲဝင်ဖို့ နည်းလမ်းရှိလား..."


"ရှိတယ်..." 


ကျိုးရွှမ်လန်က ခဏမျှ တိတ်ဆိတ်နေကာ ပြောလာသည်။


"ရှစ်စွမ်း ဒီမှာ နေခဲ့ပြီး ကျွန်တော့်ကို စောင့်နေပေးပါ...ဓားဂိုဏ်းက တပည့်တွေကို ကျွန်တော် ကူညီပြီးကယ်ပေးပါ့မယ်..."


ရှန်းလျိုရှန့်က ခေါင်းခါလိုက်သည်။ 

"ငါကသာ ဓားဂိုဏ်းပေါ်မှာ အကြွေးတင်နေတာပါ...မင်းလုပ်ပေးစရာ မလိုပါဘူး..."


အတိတ်တွင် ဓားဂိုဏ်းမှာ ကျိုးရွှမ်လန်ကို ဖမ်းချုပ်ထား၍သတ်ချင်နေခဲ့သည်။ 


သူ့ကို ဘာလို့ဓားဂိုဏ်းတပည့်တွေကို ကယ်ဖို့ ခွင့်ပြုရမှာလဲ...


ကျိုးရွှမ်လန်က ခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။


ကျိုးရွှမ်လန်က တစ်ဖက်သို့ လှည့်ကာ လော့ယွီနှင့် အခြားသူများကို ဆင့်ခေါ်လိုက်သည်။ အချိန်ကြာမြင့်စွာ ညွှန်ကြားပြီးနောက် နံရံအောက်ခြေသို့ လျှောက်သွားသည်။

 

ကျိုးရွှမ်လန်က လက်ကို ဆန့်ထုတ်ကာ အေးစက်သော ကျောက်နံရံကို လက်ဆစ်ဖြင့်ဖိလိုက်သည်။ လက်ချောင်းများက တစ်ခုခုကို ဆုပ်ကိုင်လိုက်မိသည်နှင့် ကလန့်ကာကို မတင်လိုက်သလိုပင်။ 


မြို့နံရံတစ်ခုလုံး၏ အုတ်ပုံစံမှာ ရေကဲ့သို့ လှိုင်းတွန််သွားပြီးတံခါးတစ်ချပ် နံရံပေါ်တွင် ရုတ်ချည်းပေါ်လာလေသည်။


ရှန်းလျိုရှန့်၏ မျက်လုံးများက အံသြစွာပြူးကျယ်သွားသည်။


 ကျိုးရွှမ်လန်က သူ့ကို ဆွဲခေါ်၍ တံခါးအတွင်းသို့ ဦးစွာဝင်သွားလိုက်သည်။ ယဲ့ပင်းရန်က မျက်မှောင်ကြုတ်၍ နီးကပ်စွာလိုက်ဝင်ကာ ဟွားကျန်းကို နေရာ၌ တစ်ယောက်တည်းထားခဲ့လေသည်။


 တံခါးမှာပျောက်ကွယ်သွားနိုင်ပုံပေါ်နေသောကြောင့် သိချင်စိတ်ကို မထိန်းနိုင်သဖြင့် ဟွားကျန်းလည်း အနောက်မှ လိုက်သွားလေသည်။


လူတစ်စုဝင်ရောက်ပြီးနောက် မြို့နံရံမှာ ပုံမှန်ပြန်ဖြစ်သွား၏။


အလင်းတစ်ခုက ရှန်းလျိုရှန့်မျက်စိရှေ့တွင် ရုတ်ချည်းပေါ်လာပြီး ထိုအလင်းပျောက်ကွယ်သွားသောအခါ မြင်းကွင်းထဲတွင် လမ်းတစ်လမ်းပေါ်လာသည်။ လမ်း၏ တစ်ဖက်စီတွင် နားနေဆောင်များစွာရှိနေကာ မရေတွက်နိုင်သော နတ်ဆိုးကျင့်ကြံသူများက ဖြတ်သန်းသွားလာနေကြသည်။


ခေါင်းပေါ်ရှိ အမှောင်ထုမှလွဲ၍ ဤနေရာမှာ အပြင်ဘက်ရှိ ချီလင်မြို့နှင့် ဆင်တူ၏။ မြေအောက်မြို့တော် တစ်ခုကဲ့သို့ပင်။


ကျိုးရွှမ်လန်က မျက်မှောင်ကြုတ်လိုက်သည်။

"သူတို့ အကုန်လုံး သွေးနှောတွေ..."


ရှန်းလျိုရှန့် ကြက်သေသေသွားမိသည်။ သူတို့ပေါ်လာမှုက အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နေသည်။ ရှန်းလျိုရှန့်က ဝူတန့်ဆေးလုံးများကို မြန်မြန်ဆန်ဆန်ထုတ်ယူလိုက်သည်။


"စားလိုက်...မဟုတ်ရင် ပေါ်ကုန်မယ်..."


"မင်းတို့က ဘယ်သူတွေလဲ...ဘာလို့ မင်းတို့ကို အရင်က မတွေ့ဖူးတာလဲ..."


ဧည့်သည်တစ်စုမှာ အရပ်ရှည်ကြကာ ချည်ကြမ်းဝတ်စုံများဝတ်ဆင်ထားသည်။ ထိုလူစုထံမှ မနှစ်မြို့ဖွယ်အနံ့ကို ရသွားသောအခါ သူ၏ မျက်နှာပေါ်ရှိ သံသယများပျောက်ကွယ်သွားသည်။


"မင်းတို့က ဒီကမဟုတ်ဘူးလား...အပြင်ကလာတဲ့ အသစ်တွေလား..."


ရှန်းလျိုရှန့်က မျက်လုံးအနည်းငယ်မှေးကျဉ်းလိုက်၍ သားရဲအမြုတေ ကို ထုတ်ယူကာ လှမ်းပေးလိုက်သည်။

"အသစ်တွေပါ...စောင့်ရှောက်ပေးပါဦး..."


ထိုလူ၏ အမူအရာမှာပြောင်းလဲသွားပြီး တောက်ပနေသော မျက်လုံးများဖြင့် လှမ်းယူကာ ရယ်ရယ်မောမော ပြောလာသည်။


"ရပါတယ်...စောင့်ရှောက်ပါဦးလို့ ပြောစရာမလိုပါဘူး...ငါတို့က မျိုးနွယ်နှစ်ခုလုံးကနေ စွန်ပစ်ခံထားရတာ...ငါတို့အချင်းချင်း မကူညီရင် ဘယ်သူက လာကူညီမှာလဲ..."


ရှန်းလျိုရှန့်၏ မျက်လုံးများ အနည်းငယ်ပြောင်းလဲသွားသည်။

"အစ်ကိုကြီးက ဒီကလား..."


"ဟုတ်တယ်...ဆယ်ယောက်မှာ ကိုးယောက်က ဒီမှာပဲ မွေးပြီး ဒီမှာပဲကြီးပြင်းလာကြတာ..မင်းတို့လို အပြင်ကရောက်လာတဲ့သူတွေက ရှားတယ်..."


ထိုလူက အမြုတေကို ဆော့ကစားလျက်ပြောလာသည်။


"မင်းတို့ ဒီကို ရောက်လာတယ်ဆိုတော့ အပြင်က ညှင်းပန်းတာကို ခံခဲ့ရမှာပဲ...ဘာမှ မဖြစ်ဘူး...ဒီကို လာပြီး ငြိမ်းငြိမ်းချမ်းချမ်းသာနေ...သိုသိုသိပ်သိပ်ပဲနေ...တစ်နေ့ကျရင် နတ်ဆိုးဘုရင်က ငါတို့ကို ဦးဆောင်ပြီး လူနဲ့ နတ်ဆိုးတွေကို မောင်းထုတ်ပစ်မယ်...သတ်ပစ်ပြီးတော့ ကလဲ့စား ချေကြမယ်...အနာဂတ်မှာ သုံးလောကလုံး ငါတို့ သွေးနှောတွေရဲ့ကမ္ဘာ သေချာပေါက် ဖြစ်လာလိမ့်မယ်..."


ထိုလူက ဤစကားများပြောချိန်တွင် အမှန်တကယ်ပင် လှိုက်လှိုက်လှဲလှဲဖြစ်နေကာ ဆုံးဖြတ်ချက်ချထားပြီးပုံရလေသည်။


ရှန်းလျိုရှန့်၏ နှလုံးသားမှာ တဖြည်းဖြည်းနစ်မြုပ်လာသည်။ ဤမြို့ မည်မျှကြီးသည်ကို သူမသိပေ။

အကုန်လုံးက သွေးနှော တွေသာဆိုရင် ဒီလောက် အရေအတွက်အများကြီး ဘယ်ကနေပေါ်လာတာလဲ...သုံးလောကမှာရှိတဲ့ သွေးနှောတွေ အကုန်လုံးပေါင်းရင်တောင် ဒီမြို့ရဲ့ တစ်ရာပုံတစ်ပုံတောင်မရှိမှာ စိုးတယ်...


ထိုလူထွက်သွားပြီးနောက် ဟွားကျန်းတစ်ယောက်နှလုံးဆောင့်ခုန်သွားသည်။


"မကောင်းတော့ဘူး...ငါဘာလို့ပြန်သွားလို့မရတာလဲ..."


ကျိုးရွှမ်လန် : "ဒီနေရာကို ဝင်တာကလွယ်ပေမဲ့ လွယ်လွယ်ပြန်ထွက်လို့မရဘူး..."


ဟွားကျန်းက အတိတ်ကိုပြန်သွားကာ ကိုယ့်ကိုယ်ကို နှစ်ချက်ခန့် ခပ်ကြမ်းကြမ်းရိုက်ချင်လာသည်။ 


ဘယ်လို ရွှံ့ရေထဲကို ငါဝင်လာတာလဲ...


ပုံမှန်မဟုတ်စွာ များပြားနေသော သွေးနှောများကို ကြည့်၍ သူရေးတေးတေး ခန့်မှန်းနိုင်သည်။


"ဒီဟာကသာ တကယ်ဆိုရင် ဝမ်

ရမ်ချင်က ကျိုးကြောင်းမဆီလျော်တဲ့ စိတ္တဇကောင်ပဲ...ဒီအကြောင်းသာပျံ့သွားရင် သုံးလောကလုံးက သည်းခံနိုင်မှာ မဟုတ်ဘူး..."


ယဲ့ပင်းရန်လည်း ခန့်မှန်းမိပုံရပြီး အေးစက်သော မျက်နှာထားဖြင့် ဓားကိုင်ကာ လျှောက်သွားလေသည်။


 ရုတ်တရက် ဓားသွားပေါ်တွင် အလင်းတစ်ချက်လက်သွား၏။