စစ်ကျွင်းတောက် ကုမ္ပဏီ၏ မြေအောက်ကားပါကင်သို့ ၉ နာရီ ၁၀ မိနစ်ခန့်တွင်မှ ရောက်ရှိသွားခဲ့သည်။ ဝမ်မင်ယီ ဦးထုပ်ကို ချွတ်ပြီး တစ်ချက်ကြည့်လိုက်၏။ သူ့နားရွက်တွေ ပျောက်သွားပြီဖြစ်သည်။
စစ်ကျွင်းတောက်က သူ့ကိုပြောလာ၏။
"မင်း ကိုယ့်ကို စပြီးလိုက်ပို့ကတည်းက နေ့တိုင်းကို နောက်ကျနေတော့တာပဲ"
"ဒါဆို ကောကျွန်တော့်ကို ကျေးဇူးတင်ရမှာပေါ့...အခု ကော တစ်နေ့ကို ဆယ်မိနစ်ကျော်ကျော် ပိုအိပ်လို့ရပြီလေ "
ဝမ်မင်ယီက ယုတ္တိရှိရှိပြောလေသည်။
"မင်းကိုကျေးဇူးတင်ရမယ်..."
စစ်ကျွင်းတောက် ရယ်လိုက်ကာ
"ငါကဘော့စ်ဖြစ်နေလို့သာ... သာမန်ဝန်ထမ်းတစ်ယောက်ဆိုရင် အခုအချိန်မှာ ကုမ္ပဏီကနေ အလုပ်ထုတ်ခံနေရလောက်ပြီ"
"အဲလိုဖြစ်မှာ မဟုတ်ဘူး ...ကောက အရည်အချင်းရှိတယ်လေ ...နောက်ကျရုံလေးပဲဟာကို ကုမ္ပဏီက ခွင့်ပြုမှာပါ"
ဝမ်မင်ယီ သူ့ကို မြှောက်ပင့်လိုက်ကာ ပြောလာ၏။
"သွားကြစို့ "
နှစ်ယောက်သား စကားပြောရင်း ဓာတ်လှေကားဝင်ပေါက်ဆီသို့ လမ်းလျှောက်သွားခဲ့ကြပြီး၊ထို့နောက် သူတို့ ဓာတ်လှေကားဝင်ပေါက်တွင် ကျန်းဇီမော့ ကို တွေ့လိုက်ကြရ၏။
ဝမ်မင်ယီ သူ့ကိုမြင်လိုက်သည်နှင့် မသိစိတ်တွင် ထိတ်လန့်သွားခဲ့သည်။ သူ သူ့ကို ဒီမှာတွေ့မယ်ဟုမမျှော်လင့်ထားခဲ့။ ဒီအချိန်ကျမှ ကျန်းဇီမော့က ဘာလို့ ဒီကိုရောက်လာတာလဲ...
"မင်းဘာလို့ဒီကိုရောက်နေတာလဲ..."
ဝမ်မင်ယီက ပြောလိုက်သည်။
"ငါ့ကော ပြောထားတယ်မဟုတ်ဘူးလား ...နောက်နောင်ကျ မင်းသူနဲ့ဝေးဝေးနေ"
ကျန်းဇီမော့ ခွန်းတုံ့ပြန်ရန် ပျင်းလွန်းနေခဲ့သည်။ သူက စစ်ကျွင်းတောက်ကို နူးညံ့သောအကြည့်များဖြင့် ကြည့်ကာ "မတွေ့တာကြာပြီ ကျွင်းတောက် " ဟု ချိူသာနူးညံစွာပြောလိုက်၏။
"ဘာကိစ္စလဲ... "
စစ်ကျွင်းတောက်က အေးစက်စွာ မေးလိုက်သည်။
"ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး... ဒါပေမဲ့ငါ မနေ့က ဓါတ်ပုံတွေပြန်ကြည့်မိတော့ ဟိုတုန်းက အဖွဲ့လိုက်ဓာတ်ပုံကို မြင်ပြီး ရုတ်တရက် မင်းကိုအရမ်းလွမ်းသွားလို့ ... ပြန်လာပြီး ကြည့်တာပါ "
ဝမ်မင်ယီ မျက်လုံးလိမ့်လိုက်မိသည်။
"ခွေးမကတော့"
ကျန်းဇီမော့ ဒါကိုကြားတော့ ရှက်ရွံသွားပြီး မခံမရပ်နိုင်စွာပြောလိုက်၏။
"မင်းဘာစကားပြောလိုက်တာလဲ ဝမ်မင်ယီ... တခြားသူတွေကို လေးစားတတ်ဖို့ သင်ယူလို့ရမလား!"
"သူများတွေဆိုရင် ရတယ်...မင်းကတော့မရဘူး... မင်းက အရမ်းတွေ ဒရာမာခင်းတတ်လွန်းလို့ ငါမင်းကြည့်ရတာ ရွံတယ် "
"မင်း....."
ကျန်းဇီမော့ ဒေါသထွက်သွားသည်။
စစ်ကျွင်းတောက် သူ့ကို ဟန့်တားကာ ပြောလိုက်၏။
"အဆင်ပြေမယ်ဆိုရင် ထွက်သွားပါ"
ထို့နောက် သူက ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်လေသည်။
ကျန်းဇီမော့က ကမန်းကတန်းထပြီး ပြောလာ၏။
"ငါမင်းနဲ့စကားပြောချင်တယ်... စားသောက်ဆိုင်ကို ကြိုတင်မှာထားပြီးပြီ.. ငါတို့ စကားပြောလို့ရမလား"
"ငါ့မှာမင်းနဲ့ပြောစရာစကားမရှိဘူး"
ဓာတ်လှေကားပွင့်လာပြီဖြစ်ကာ စစ်ကျွင်းတောက် ဓာတ်လှေကားထဲသို့ ဝင်ရန် ရှေ့တိုးလိုက်သည်။ ဒါကိုမြင်တော့ ကျန်းဇီမော့က သူ့လက်ကို အလျင်အမြန် လှမ်းဆွဲလိုက်ပေမဲ့ ဝမ်မင်ယီ က သူ့ကို ပါးဆွဲရိုက်ချလိုက်၏။
(T/N—> <)
ဝမ်မင်ယီ စစ်ကျွင်းတောက်ကို ပြန်ဆွဲခေါ်ထားလိုက်ကာ "သူ့ကို မထိနဲ့...ညစ်ပတ်တယ်" ဟုရက်ရက်စက်စက်ပြောပစ်လိုက်သည်။
ကျန်းဇီမော့သည် သူ့ထံမှ အကြိမ်ကြိမ် လှောင်ပြောင်ခံခဲ့ရပြီး အလွန်ပင် ဒေါသထွက်နေပြီဖြစ်သည်။ သူ့လက်ကို မြှောက်ပြီး ဝမ်မင်ယီကို လှမ်းရိုက်လိုက်၏။ စစ်ကျွင်းတောက်က သူ့လက်မောင်းကို ဆွဲကာ တွန်းဖယ်ပစ်လိုက်လေသည်။
"ကျန်းဇီမော့ ... ငါအရင်ကပြောခဲ့သလိုပဲ စစ်ကုမ္ပဏီရောငါရောက မင်းကိုမကြိုဆိုဘူး... နောက်တစ်ခါ ဒီနေရာမှာပေါ်လာရင် ငါလုံခြုံရေးအစောင့်ကိုခေါ်လိုက်မယ်"
ကျန်းဇီမော့ အလွန်အမင်း တုန်လှုပ်သွားပြီး "မင်း မမြင်ဘူးလား...သူ ငါ့ကို အရှက်ခွဲနေတာလေ... ငါ သူ့ကို အနိုင်ကျင့်တာ မဟုတ်ဘူး!"
"ငါ မင်းကို မကြိုက်တာ အသိသာကြီးပဲ...မင်းသိရင် သူ့ကို ရန်သွားမစနဲ့"
ကျန်းဇီမော့ ထိုစကားကြိ မယုံနိုင်ဘူးဖြစ်နေ၏။
စစ်ကျွင်းတောက်က သူ့ကို လျစ်လျူရှုပြီး ဝမ်မင်ယီ ကို ဓာတ်လှေကားထဲ ဆွဲသွင်းလိုက်သည်။
ဝမ်မင်ယီ ဓါတ်လှေကားအပြင်ဘက်တွင် ရပ်နေသည့် စိတ်ပျက်လက်ပျက်ဖြင့် မယုံကြည်နိုင်ဖြစ်နေပုံရသော ကျန်းဇီမော့ကို ကြည့်နေခဲ့၏။ သူ ရုတ်တရက် တစ်ခုခုကို တွေးမိပြီး စစ်ကျွင်းတောက်အား ခေါင်းလှည့်၍ကြည့်ကာ ခေါင်းငုံ့ဖို့လက်ဟန်ပြလိုက်သည်။
စစ်ကျွင်းတောက်လည်း နားမလည်နိုင်စွာဖြင့် ခေါင်းငုံ့ပေးလိုက်ချိန်တွင် ဝမ်မင်ယီက သူ့နား,နားကိုကပ်ကာ ပါးစပ်ကို အနည်းငယ်ဖွင့်ပြီး တိုးတိုးလေးပြောလေ၏။
ဝမ်မင်ယီ သူ့ရဲ့မျက်လုံးထောင့်စွန်းမှတဆင့် ကျန်းဇီမော့ကိုအာရုံစိုက်နေခဲ့သည်။ ဓာတ်လှေကားတံခါးပိတ်ခါနီးအချိန်တွင် သူသည် ခေါင်းကိုအနည်းငယ်စောင်းကာ ဘာမှမဟုတ်သလိုမျိုး စစ်ကျွင်းတောက်၏နားရွက်ဖျားလေးကို နမ်းလိုက်ပြီး အောင်နိုင်သူအပြုံး ပြုံးလိုက်၏။
ကျန်းဇီမော့ ကြက်သေ,သေသွားလေသည်။
ဝမ်မင်ယီ စစ်ကျွင်းတောက်အပေါ် ထိုသို့သော ခံစားချက်များ ရှိနေသည်ဟု သူဘယ်တုန်းကမှ မထင်မိခဲ့ပေ။ ဒီအချိန်မှာ သူ အရာအားလုံးကို နားလည်သွားပြီ!
ဓာတ်လှေကားတံခါးသည် ပိတ်သွားပြီဖြစ်၏။ ကျန်းဇီမော့ ရုတ်တရက် အသိဝင်သွားပြိး ဓာတ်လှေကားခလုတ်ကို အသည်းအသန် နှိပ်လိုက်သည်။
စစ်ကျွင်းတောက်က ဝမ်မင်ယီကို သူ့ညီလေးအဖြစ် သဘောထားကာ သည်းခံပြီး အလိုလိုက်ပေးလေသည်။ ဒါပေမဲ့ ဝမ်မင်ယီက သူ့ကိုအစ်ကိုတစ်ယောက်လိုအနေနဲ့ပဲ သဘောထားတာမဟုတ်မှန်း ဘယ်သူသိပါ့မလဲ!သူ သူ့ကို အရမ်းမုန်းပြီး ထွက်သွားစေချင်နေတာ မဆန်းတော့ဘူး! ဘာလို့လဲဆိုတော့ အစကတည်းက သူတို့နှစ်ယောက်က အချစ် ပြိုင်ဖက်တွေဖြစ်တာကြောင့် ဝမ်မင်ယီက သူ့ကိုအကောင်းမမြင်တာ၊သူ့ကို စစ်ကျွင်းတောက် အနားမှာနေခွင့်မပေးတာပဲ!ကျန်းဇီမော့သည် ဓာတ်လှေကားခလုတ်ကို အမောတကော နှိပ်နေပြီး စစ်ကျွင်းတောက်ကို ရှာကာ ဝမ်မင်ယီ၏စစ်ကျွင်းတောက်အပေါ်ထားသည့် လျှို့ဝှက် အတွေးများကို ပြောပြရန်စိတ်စောနေလေ၏။
စစ်ကျွင်းတောက် ဝမ်မင်ယီကို သူ့ညီလေးတစ်ယောက် အဖြစ်သဘောထားကာ ပြုစုစောင့်ရှောက်ခဲ့သည်ဆိုလျှင် သူအလွန်စိတ်ပျက်ရွံရှာသွားလိမ့်မည်။ ထိုအချိန်တွင် စစ်ကျွင်းတောက်က ဝမ်မင်ယီကို တမင်တကာ စိမ်းကားသွားမည်ဖြစ်ပြီး ဝမ်မင်ယီသည်လည်း သူ့လိုပဲဖြစ်သွားလိမ့်မည်။ သူ့ကိုယ်သူဂုဏ်ဖော်ဖို့ ဘာအရည်အချင်းမှ ရှိမှာ မဟုတ်တော့ဘူး!
ကျန်းဇီမော့ ထိုသို့တွေးလိုက်တော့ သူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
စစ်ကျွင်းတောက်က ဓာတ်လှေကားထဲတွင် ရပ်ကာ ဝမ်မင်ယီကို သံသယဖြစ်စွာ ကြည့်နေလေသည်။
"မင်မင် ကောနားထဲကို ဘာပြောခဲ့တာလဲ"
"ကျွန်တော် ကောကို ထာဝရချစ်တယ်လို့ ပြောတာ" ဝမ်မင်ယီက ထစ်ငေါ့ခြင်းမရှိ ရှောရှောရူရူ ပြောလာ၏။
"ကျွန်တော် ဘာမှ မပြောပါဘူး"
ဝမ်မင်ယီ အမှန်အတိုင်းပြောလိုက်သည်။
"ကျွန်တော် ကျန်းဇီမော့မြင်အောင် တမင်လုပ်ပြ လိုက်တာ...ဘာမှမပြောခဲ့ဘူး"
"ဘာလို့ သူ့ကိုပြချင်ရတာလဲ"
ဝမ်မင်ယီက အလွန်ပင်အကြင်နာတရားကင်းမဲ့နေလေရဲ့။
"သူကော ကို ကြိုက်နေတာမဟုတ်ဘူးလား... သူက ကောကို လိုက်ချင်နေတာ...ကျွန်တော် သူ့ကိုပြောမှာ... စဉ်းတောင်မစဉ်းစားနဲ့လို့... သူရအောင်မလိုက်နိုင်တဲ့လူက အခုကျွန်တော့်လူဖြစ်နေပြီ...သူဝမ်ပေါ်နဲ့ပဲကောင်းကောင်းနေသင့်တယ်"
စစ်ကျွင်းတောက် မကြာခဏဆိုသလို ခံစားရသည်မှာ ဝမ်မင်ယီက 18နှစ်သားမဟုတ်ဘဲ8နှစ်သားဖြစ်နေသည်ဟုပင်။ သူက အရမ်းကိုကလေးဆန်ပြီးရိုးစင်းလွန်းသောကြောင့် သူ့ရဲ့လုပ်ရပ်များသည် လုံးဝကိုရင့်ကျက်မှုမရှိဟုတော့ သူမခံစားရပါလေ။
ဒါပေမဲ့ အဆင်ပြေပါတယ်။ မိသားစုထဲမှာရင့်ကျက်တဲ့သူတစ်ယောက်ရှိရင်ကို ရပါတယ်၊ဆိုတော့ ဝမ်မင်ယီ လုံးဝကြီး ကလေးဆန်နေရင်တောင် ကိစ္စမရှိဘူး။ တကယ်တမ်းကျတော့ ......စစ်ကျွင်းတောက် ဘဝင်ခိုက်နေဟန်အပြုံလေးဖြင့်ရှိနေသည့် ဝမ်မင်ယီအား ကြည့်လိုက်၏။ တကယ်တမ်းကျတော့ သူကအတော်လေးကို ချစ်ချင်စရာလေးလေ။
ဓာတ်လှေကားတံခါးပွင့်လာပြီး နှစ်ယောက်သား ဓာတ်လှေကားထဲက အတူတူ ထွက်လာကြသည်။ စစ်ကျွင်းတောက် ကျန်းဇီမော့လိုက်လာမှာစိုးသဖြင့် လင်းမူကို လုံခြုံရေးအစောင့် ခေါ်ထားဖို့ပြောလိုက်သည်။
အသေအချာကိုပင်။ သူတို့နှစ်ယောက် စစ်ကျွင်းတောက်၏ ရုံးခန်းထဲကို ၀င်ပြီး သိပ်မကြာခင်မှာပဲ ကျန်းဇီမော့ ပေါ်လာခဲ့၏။ လင်းမူက သူ့ကို တားလိုက်သည်။ ကျန်းဇီမော့က သူစစ်ကျွင်တောက်ကို အရေးတကြီးပြောစရာရှိကြောင်း ပြောလာသည်။ လင်းမူက ပြုံးကာပြောလိုက်၏။ "ဥက္ကဌ စစ်က ရှင့်ကို ဘာမှပြောစရာမရှိဘူးတဲ့... လုံခြုံရေးက လာနေပြီ... ရှင်ကိုယ်တိုင် ထွက်သွားချင်လား ဒါမှမဟုတ် ပြီးမှ လုံခြုံရေးခေါ်သွားပေးတာခံမလား!"
နှစ်ယောက်သား တွန်းထိုးနေကြစဉ်ပင် အခန်းထဲသို့ လုံခြုံရေးတွေ ရောက်လာကြ၏။ ထိုသူများက သူဘယ်လိုရအောင်ဝင်လာလဲဆိုသည် သတိမထားမိကြောင်း၊ နောက်တစ်ကြိမ်မရှိစေရပါဘူးဆိုသည့်အကြောင်း ပြောကာ လင်းမူ ကို တောင်းပန်လာခဲ့ကြသည်။ ထိုသို့ပြောပြီးနောက် သူတို့သည် ကျန်းဇီမော့ကို ရုံးဧရိယာထဲမှခေါ်ထုတ်သွားကြသည်။
လင်းမူ ကျန်းဇီမော့ခေါ်ထုတ်သွားခံရသည်ကို ကြည့်နေသော်လည်း သူခဏလောက် အနည်းငယ်စိတ်မကောင်းဖြစ်မိနေဆဲဖြစ်သည်။ ကောင်းကောင်း ပေါင်းကြသင်းကြပြီးကောင်းကောင်း ထွက်သွားရင် ပိုအဆင်မပြေဘူးလား... ဘာလို့ ဒီလောက်ရုပ်ဆိုးအောင်လုပ်ရတာလဲ... စစ်ကျွင်းတောက်က ကျန်းဇီမော့ ကို ရုတ်တရက် နှင်ထုတ်ပြီး စစ်မိသားစုကို နောက်တစ်ကြိမ် ခြေချဖို့ တားမြစ်ရတဲ့ အကြောင်းရင်းအား သူမ မသိသော်လည်း ကျန်းဇီမော့ဟာ စစ်ကျွင်းတောက်အပေါ်တစ်ခုခုအမှားလုပ်မိခဲ့လောက်မည်မှန်း သူမမှန်းဆ၍ရလေသည်။
စစ်ကျွင်းတောက်က ကျန်းဇီမော့အပေါ် ကောင်းသည်ဟု လင်းမူ အမြဲလိုလိုခံစားမိ၏။ သူသည် ဒဏ္ဍာရီတွင်လောက်သည့် တိတိလေးဝမ်မင်ယီ နှင့် မနှိုင်းယှဉ်နိုင်သော်လည်း သူငယ်ချင်းတစ်ယောက်အနေဖြင့်မူ ကျန်းဇီမော့ကို ကောင်းကောင်း ဂရုစိုက်ပေးခဲ့သည်။ အဆုံးတွင် ဤကဲ့သို့ပြောင်းလဲသွားမည်ဟု သူမမထင်ထားခဲ့၊တကယ်ကို ဝမ်းနည်းစရာပင်။
ကျန်းဇီမော့သည် စစ်ကုမ္ပဏီမှ ထွက်သွားသော်လည်း ဝမ်မင်ယီ၏ ဂုဏ်ဆာနေပုံရသည့် ရည်ရွယ်ချက်ရှိရှိအနမ်းအား အမြဲပင် အမှတ်ရနေလေ ၏။
သူ ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ! သူ့ကို လှောင်ဖို့တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာပဲ ဖြစ်ရမယ်!
ကျန်းဇီမော့ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ဝမ်မင်ယီက သူ့ကို ဒီလောက်မညှာမတာ ဆက်ဆံမှတော့ သူ့ကို မသမာလို့ဆိုပြီး လာအပြစ်မတင်နဲ့!
စစ်ကျွင်းတောက် နေ့လည်ပိုင်း အလုပ်ဆင်းပြီးမကြာမီပင် ဖုန်းတစ်ကောဝင်လာ၏။ သူကောက်ကိုင်လိုက်ချိန်တွင် ကျန်းဇီမော့ ၏ အသံကို ကြားလိုက်ရသည်။
"ကျွင်းတောက်... ငါ မင်းကို ပြောစရာရှိတယ်..ဝမ်မင်ယီ့ အကြောင်း... ဖုန်းမချနဲ့!"
ဖုန်းချလုဆဲဆဲ စစ်ကျွင်းတောက် ၏လက်သည်
' ဝမ်မင်ယီ'ဟူသော စကားသုံးလုံးကိုကြားခိုက်ရချိန်တွင် ရပ်တန့်သွားတော့သည်။
"ပြော"
"ဝမ်မင်ယီက မင်းကို အကိုကြီးတစ်ယောက်လိုပဲ ဆက်ဆံနေတာမဟုတ်ဘဲ...သူကတကယ်တော့... မင်းကိုကြိုက်နေတာလို့မင်းတွေးဖူးလား...ချစ်သူတွေ ကြိုက်သလိုမျိုး..."
စစ်ကျွင်းတောက်က ပြန်မဖြေ၊ ကျန်းဇီမော့ ရုတ်တရက် ဘယ်လိုများ ဒါကို တွေးမိသွားသလဲ သူနားမလည်ပေ။
သို့ပေမဲ့ နောက်တစက္ကန့်မှာ ကျန်းဇီမော့က ဒီမေးခွန်းကို သူ့ဘာသူ ပြန်ဖြေလိုက်သည်။
"ဒီမနက် ဓာတ်လှေကားထဲမှာ သူက မင်း ခေါင်းငုံ့ပြီး စကားပြောနေတာကို အခွင့်ကောင်းယူပြီး မင်းကို နမ်းခဲ့တယ်...ပြီးတော့ သူ ငါမြင်အောင်လို့တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာ! သူက မင်းကိုကြိုက်နေတာပဲ...သူဘာလို့ငါ့ကိုမင်းနဲ့အတူတွဲပြီးမမြင်ချင်တာလဲ၊ ဘာလို့ငါ့ကို တအားတွေ မုန်းနေတာလဲဆိုတာက အဲ့ဒါကြောင့်ပဲ!"
စစ်ကျွင်းတောက် သဘောပေါက်သွားခဲ့၏။ ဝမ်မင်ယီ သူ့ကို ခေါင်းငုံ့ခိုင်းပြီး ဘာမှမပြောဘဲနေတာ မထူးဆန်းတော့ဘူး။ သူက တန်ဆာဆင်မှုတစ်ခုသက်သက်မျှသာဖြစ်ကြောင်း ပေါ်ထွက်လာသည်။ ဝမ်မင်ယီ၏ တကယ့်ပန်းတိုင်မှာ ထိုအချိန်က ဓာတ်လှေကားအပြင်ဘက်တွင်ရှိနေခဲ့သည့် ကျန်းဇီမော့ဖြစ်လေသည်။
ဒါက ဝမ်မင်ယီသာလျှင် လုပ်နိုင်သည့်အရာဖြစ်ကာ စစ်ကျွင်းတောက်သည် သူ့တိတိလေးက အလွန်ကလေးဆန်ပြီး အလွန်အကြွားသန်ကြောင်းကို သံသယနည်းနည်းမျှပင် မရှိပါချေ။
သိရုံပဲလား..... ပြီးသွားပြီလား...
ကျန်းဇီမော့ ထိုစကားကို မယုံနိုင်ချေ။
"ငါက အမှန်တရားကိုပြောနေတာ"
သူစိတ်ဆိုးပုံမပေါ်သည်ကိုမြင်ရာတွင် ကျန်းဇီမော့ ပဟေဠိဖြစ်သွားသည်။
"စိတ်မဆိုးဘူးလား"
စစ်ကျွင်းတောက်က ပြုံးကာ သူ့ဖုန်းကို သံသယများဖြင့် စိုက်ကြည့်နေသည့် ဝမ်မင်ယီ ကို ကြည့်လိုက်၏။
“အင်းပေါ့...မဆိုးဘူး"
သူက ပြောလိုက်သည်။
“ငါက မစောင့်နိုင်အောင်ပဲ"
စစ်ကျွင်းတောက် ထိုသို့ပြောပြီးသောအခါတွင် ဖုန်းချလိုက်သည်။
ဝမ်မင်ယီက သူ့ကို လက်ညိုးငေါက်ငေါက်ထိုးကာမေးလာ၏။
"သူက တစ်နေရာရာက ကြိုးဖုန်းနဲ့ခေါ်လိုက်တာ...ကိုယ်လည်းကိုင်မိသွားတယ်"
ဝမ်မင်ယီက လျှောက်လာပြီး သူ့အလုပ်စားပွဲပေါ်သို စောင်းကာမှီလိုက်ရင်း...
"ကောရဲ့အိပ်မက်ဟောင်းတွေကို ပြန်အသက်သွင်းပြီး ကောရဲ့ကံကြမ္မာဆိုးကို ပြန်အသစ်ထွင်ဖို့ ဖိတ်ခေါ်နေတာလား"
စစ်ကျွင်းတောက်က ခေါင်းခါလိုက်ပြီး "သူပြောတာက ဒီနေ့ ကိုယ်အာရုံမစိုက်မိချိန်မှာ တစ်ယောက်ယောက်က သူ့ရှေ့မှာ ကိုယ့်ကို နမ်းဖို့ တမင်တကာ ကြိုးစားခဲ့တယ်လို့ ပြောတယ်... အဲဒီတုန်းက မင်းဘာလို့ ထူးဆန်းနေတာလဲလို့ပဲ တွေးနေခဲ့တာ...အခု မင်းက ကိုယ့်ကို တန်ဆာတစ်ခုအနေနဲ့ပဲသုံးလိုက်မှန်းပေါ်လာပြီ"
ဝမ်မင်ယီက ရှက်ရယ်ရယ်လိုက်ကာ
"ကျွန်တော် ကောကို မပြောခဲ့ဘူးလား... ကျွန်တော်က သူ့ကို **** စိတ်တိုအောင်လုပ်ချင်ရုံပဲလို့!"
"မင်း ကိ်ုယ့်ကို တိတ်တိတ်လေး ခိုးနမ်းမယ် လို့ မပြောခဲ့ပါဘူး"
"ကောကို နမ်းတာကကျွန်တော့်အတွက်ပုံမှန်ပဲလေ ...ကျွန်တော်တခြားတစ်ယောက်ကို သွားနမ်းမှပဲ ပြောရမှာ...ကောကိုပြောရမှာ!"
စစ်ကျွင်းတောက် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ရ၏။
"မင်းမှာတကယ်ကို အရာရာတိုင်းအတွက် အကြောင်းပြချက်ရှိတာပဲ "
ဝမ်မင်ယီက ပြုံးပြီး "ဘာလို့လဲဆိုတော့ ကျွန်တော်က ကိုယ်ဘာကိုယ့် ဘာအမှားမှ မလုပ်ခဲ့လို့"
စစ်ကျွင်းတောက်က သူ့အား သူရဲဘောကြောင်သောအကြည့်တစ်ချက်သာပေးလိုက်ကာ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးအရိပ်ယောင်လေးတစ်ခုပေါ်လာပြီး ခေါင်းငုံ့၍ စားပွဲပေါ်ရှိ စာရွက်များကိုစပြီးရှင်းလင်းနေလေသည်။
ဝမ်မင်ယီက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး
"ကောကျွန်တော့်ကို မပြောရသေးဘူး...သူက ကောကိုလာတိုင်တော့ ... ကော သူ့ကို ဘယ်လို ပြန်ပြောလိုက်တာလဲ"
"မင်းအကုန်လုံး မကြားလိုက်ဘူးလား"
စစ်ကျွင်းတောက် သူ့ကို မော့ကြည့်ကာ
"ကောပြောလိုက်တယ်... ကောက မစောင့်နိုင်အောင်ပဲလို့"
ဝမ်မင်ယီ ကျေနပ်သွားသည်။ သူက သူ့လက်ကိုပြန်ဆွဲယူလိုက်ပြီး "ကောအလုပ်ဆက်လုပ်တော့...ကျွန်တော် ယွင်ဖေးရယ်တခြားသူတွေ ရယ်နဲ့ WeChat မှာ စကားပြောလိုက်ဦးမယ်" ဟု လိမ်လိမ်မာမာ ပြောလိုက်၏။
"စကားမပြောနဲ့တော့ ...ကောတို့အလုပ်ဆင်းရတော့မှာ"
စစ်ကျွင်းတောက်က ဝမ်မင်ယီအား သူ့ကိုစောင့်နေဖို့ပြောလေသည်။ ဖိုင်တွေကို တစ်ခုပြီးတစ်ခု သိမ်းကာ ကွန်ပြူတာကို ပိတ်ပြီး ရုံးဆင်းလာခဲ့ကြ၏။
တစ်ဖက်တွင် ကျန်းဇီမော့သည် မယုံနိုင်လောက်အောင်ပင်ဖြစ်နေသည်။
ဒါဆို စစ်ကျွင်းတောက်က ဝမ်မင်ယီ ကို တကယ်ကြိုက်နေခဲ့တာလား... သူက ဝမ်မင်ယီကို အစကတည်းက ကြိုက်ခဲ့တာလား...ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ... ဝမ်မင်ယီ သူ့ညီလေးတစ်ယောက်လိုပဲ မြင်တယ်လို့ သူပြောခဲ့တာမဟုတ်ဘူးလား? မင်းဘာလို့ သူ့ကိုကြိုက်တာလဲ... သူ သူ့ကို တစ်ချိန်လုံး လိမ်ညာနေခဲ့တာလား...
ကျန်းဇီမော့ ဒါကရယ်စရာကောင်းသည်ဟု ခံစားရ၏။ အစကနေ အဆုံးထိ သူကား
အမှောင်ဖုံး ခံထားရသည့် တစ်ဦးတည်းသောသူ၊ဘာတစ်ခုမှမသိသည့် တစ်ဦးတည်းသောသူ၊ စစ်ကျွင်းတောက်နှင့်ဝမ်မင်ယီတို့၏ အရူးလုပ်ခြင်းခံရသူ၊ စစ်ကျွင်းတောက်အပေါ် အလွန်ကောင်းသည့်သူ၊ စစ်ကျွင်းတောက်အတွက် အလွန်တွေးပေးတတ်သည့်သူဖြစ်လေသည်။ ဒါပေမဲ့ အဆုံးကျတော့ စစ်ကျွင်းတောက်က သူ့ကိုတကယ်ကြီး ဒီလိုလုပ်ခဲ့တယ်ပေါ့!
(T/N–အော့အော့...သူ့ဘာသာသူတစ်ဖက်သတ်တွေဆွဲတွေးနေပြီးတော့!ဘယ်အပိုင်းမှာဘယ်လိုတွေ တအား ကောင်းပေးခဲ့တာလဲ ထောက်ပြကြပါဦး)
ဤအခိုက်အတန့်တွင် ကျန်းဇီမော့သည် ဝမ်ပေါ် ကသာ သူ့အတွက်တကယ့်ကို အကောင်းဆုံးလူဖြစ်ပြီး သူဝမ်ပေါ်နဲ့အတူရှိနေသရွေ့နာကျင်ရမည်မဟုတ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့၏။
သူထိုသို့တွေးနေစဉ်မှာပင် ဖုန်းမြည်လာပြီး ကျန်းဇီမော့ ငုံ့ကြည့်လိုက်ရာတွင် ဝမ်ပေါ်ဆီမှဖြစ်သည်ကို တွေလိုက်ရသည်။
"ကိုယ် မင်းကို သတင်းကောင်း ပြောစရာရှိတယ်"
ဝမ်ပေါ်က နူးညံ့စွာပြောလာခဲ့၏။
"မနေ့ကမင်းပြောခဲ့တဲ့ ဇာတ်ကားနဲ့ ပတ်သက်ပြီး ကိုယ်ခန်းကျဲနဲ့ ဆက်သွယ်ခဲ့တယ်... သူတို့ရဲ့ ပရိုဂျူဆာနဲ့ နာရီအနည်းငယ်လောက် စကားပြောခဲ့တာ... ဒီပရောဂျက်က ကောင်းတယ်လို့ ကိုယ်ထင်တယ်...မမျှော်လင့်ဘဲ သူတို့ရဲ့ပရိုဂျူဆာက လည်း ရင်းနှီးမြုပ်နှံသူတွေ ရှာနေတော့ ကိုယ်ရင်းနှီးမြှုပ်နှံဖို့ စီစဉ်လိုက်တယ်”
"တကယ်လား...ကောင်းလိုက်တာ "
"ဒါတင်မကဘူး... ကိုယ်တစ်ခုတွေ့တယ်... ဒီဇာတ်ကားထဲက တတိယဇာတ်ဆောင်က ဘယ်သူလဲဆိုတာ မင်းသိလား"
(T/N—နင့်လင်ကမသိရှာဘူး)
ကျန်းဇီမော့က သေချာပေါက် သိတာပေါ့။ မဟုတ်ရင် သူက ခန်းကျဲရဲ့ နာမည်ကို တမင်တကာ အတိအကျကိုထောက်ပြပြီး ထည့်ပြောပါ့မလား။
"ဘယ်သူလဲ"
သူက ပဟေဋ္ဌိဖြစ်ဟန်ဆောင်လိုက်လေ သည်။
"အဲ့ဒါက ဝမ်မင်ယီ !"
ဝမ်ပေါ်က သူမသိဘူးထင်ကာ စိတ်မကောင်းပင်ဖြစ်လိုက်သေးသည်။
"ဝမ်မင်ယီက တော်တော်လေးအထင်ကြီးစရာကောင်းတယ်... ရုပ်ရှင်ဧကရာဇ်နဲ့တောင် ပူးပေါင်းနိုင်တယ်...ဒါပေမဲ့ ကိုယ်ပရိုဂျူဆာကိုမေးလိုက်တော့ ဒီဇာတ်ရုပ်နေရာမှာ ဝမ်မင်ယီလို့ ယာယီပဲလျာထားသေးတာလို့ပြောတယ်... စာချုပ်တို့ တရားဝင်ကြေငြာထားတာတို့မရှိသေးဘူးတဲ့... အဲ့ဒါကြောင့် ကိုယ်သူ့ကို ဝမ်မင်ယီနေရာကိုမင်းနဲ့ အစားထိုးဖို့ ပြောလိုက်မယ်"
ဝမ်ပေါ်က သူကျေနပ်အောင် ပြောလိုက်၏။
"မင်းလည်း ဖျော်ဖြေရေး နယ်ပယ်ထဲ ဝင်ချင်တာ မဟုတ်ဘူးလား...အလိုက်သင့်ကိုပဲ သူ့ရဲ့ဇာတ်ရုပ်က မဆိုးဘူး... မင်းနဲ့လည်းကွက်တိပဲ"
"ဒါလိုလုပ်တာ သိပ်မကောင်းဘူး"
ကျန်းဇီမော့က တိုးတိုးလေးပြောလိုက်သည်။
"ဘာဖြစ်လို့လဲ... ကိုယ်တို့အရင်က ကိုယ်ရင်းနှီးမြှုပ်နှံထားတဲ့ ဇာတ်ကားမှာ မင်းသရုပ်ဆောင်မယ်လို့ သဘောတူခဲ့တာမဟုတ်ဘူးလား...အဲ့တော့မှ ကိုယ်မင်းကို ဂရုစိုက်ပေးနိုင်ပြီး တခြားသူတွေက မင်းကို အနိုင်မကျင့်ဝံ့မှာ...အခု ကိုယ်ဒီဇာတ်ကားမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတယ်... ဒီဇာတ်ကား သရုပ်ဆောင်ချင်ရင် ဝမ်မင်ယီရဲ့ ကာရိုက်တာကိုယူကိုယူရမှာ ... မင်း သူ့ကိုသာထုတ်ပယ်ခွင့်မပေးလိုက်ရင် သူ မင်းကိုရိုက်ကူးရေးအဖွဲ့ထဲမှာ သေချာပေါက် အနိုင်ကျင့်လိမ့်မယ်...ပြီးရင် မင်းလည်း ဒုက္ခများမှာပဲ"
"ငါကကျင့်သားရနေပါပြီ...သည်းခံနေရုံပဲပေါ့"
ဝမ်ပေါ် သူ့အသည်းအသက်လေးအား ဝမ်မင်ယီရဲ့အနိုင်ကျင့်မှာကို ခွင့်မပြုနိုင်ပါလေ။
"ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ကိုယ်ဆုံးဖြတ်ပြီးပြီ ပရိုဂျူဆာကိုလည်း ပြောထားတယ်...ပရိုဂျူဆာကစဉ်းစားမယ်လို့ပြောပေမဲ့ ပြဿနာကြီးကြီးများများမရှိလောက်ဘူး"
ဝမ်ပေါ် က ပြုံးကာပြောလိုက်၏။
"ဝမ်မင်ယီ သူချက်ပြီးသားဘဲက ဒီလိုမျိုး ပျံပြီး မင်းလက်ထဲကို ပြုတ်ကျသွားတာကို သိသွားတဲ့အချိန်ကျ...သူဘယ်လိုမောက်မာ နိုင်ဦးမလဲနဲ့ သူ့ဖန်တွေဘယ်လို စိတ်ကြီးဝင်နိုင်ဦးမလဲဆိုတာ ကိုယ်မြင်ယောင်နေပြီ"
ကျန်းဇီမော့ ထိုစကားများကိုကြားရသောအခါ မရယ်ဘဲမနေနိုင်ခဲ့။
"ကျေးဇူးပါ ဝမ်ပေါ် "
(T/N–ဘုန်းကြီးရူးနဲ့လှေလူး)
"မင်းနဲ့ကိုယ် ကြားမှာဒီလိုတွေပြောနေတုန်းပဲလား... အိုခေ... မင်းအရင်အလုပ်များလိုက်ပါဦး... ကိုယ်အပြင်မှာပဲရှိသေးတယ်...မနက်ဖြန်ကျတွေ့မယ်"
"ကောင်းပြီ မနက်ဖြန်တွေ့မယ်"
ကျန်းဇီမော့ ဖုန်းချလိုက်ပြီး သူ့မျက်နှာပေါ်ရှိ အပြုံးက ပို၍ပို၍လေးနက်လာသည်။ မင်းပဲ ငါပိုင်တဲ့အရာတွေကို ခိုးယူလို့ရတာမဟုတ်ဘူးဝမ်မင်ယီ ၊မင်းငါ့ကိုရန်လာစမှတော့ ငါလည်း မင်းပိုင်တဲ့အရာတွေကို ခိုးယူပြမယ်။