Chapter 43
(ကလိမ်ကကျစ်)
စုမုန့် ၏ အင်းစာရွက်ပေါ်တွင် ရေများ အတင်းသုတ်နေသော အဘိုးအို၏ လက်သည် ခဏရပ်သွားသည်။ ရှန်းကျန့်သည် ဤမျှကျယ်ကျယ်လောင်လောင်ပြောရဲမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ရှန့်ကျန်းကိုယ်စား ရောက်ရှိလာသူအားလုံး ချွေးများထွက်နေကြသည်။ အမည်မသိ ဖုန်းရွှေပညာရှင်တစ်ဦးသည် စီနီယာတစ်ဦးအား ထိုစကားကို အမှန်တစ်ကယ်ပင် ရဲရဲတင်းတင်းပြောရဲခဲ့သည်။
"သူ ဖုန်းရွှေပညာရှင် လုပ်မစားချင်တော့တာလား... "
ရှန့်ကျန်း သည် သူမအတွက် တစ်ချိန်လုံး ကာပြောနေခဲ့၍ အားလုံးက သူမအပေါ် အာရုံစိုက်နေသဖြင့် စုမုန့် ခေါင်းကုတ်ရလေသည်။
ရှန့်ကျန်း သည် ကံကောင်းစွာပင် အထီးကျန်မိစ္ဆာ ကြယ်ပွင့်တစ်ဦးဖြစ်နေသော်လည်း စိတ်ထားက အားကိုး၍ရပေသည်။ဤအတိုင်းသာဆိုလျှင် သူ ဆက်ပြီး ဖုန်းရွှေပညာရှင်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနိုင်မှာမဟုတ်တော့ပေ။ထို့ကြောင့် သူမသည် ရှန့်ကျန်းကို ကာကွယ်ရန်
"အဆင်ပြေပါတယ် မဟာဆရာသခင်...ကျွန်မရဲ့ အင်းစာရွက်ပေါ် ရေတွေ လောင်းထည့်လို့ရတယ်..စိတ်ပူစရာ မလိုပါဘူး"
သူမ၏ လေသံက သဘောရိုးနှင့်ပြောခြင်းဖြစ်သော်လည်း ဘေးနားက လူတွေက အသက်ပြင်းပြင်းရှူလိုက်ကြ၏။ ရှန့်ကျန်း စကားတွေကလည်း အတော်လွန်နေပြီဖြစ်၍ စုမုန့် ဤမျှရိုင်းစိုင်းဖို့ မမျှော်လင့်ထားပေ။
ပတ်ပတ်လည်တွင် ကင်မရာများ ရှိခဲ့သည်။ သူ၏ ဒေါသကို ပြသရန်အတွက် အဘိုးအိုသည် အင်းစာရွက်ကို ရေနှစ်ထားသော စုတ်တံဖြင့် ထပ်မံပွတ်သုတ်လိုက်ပြန်၏။
ထို့နောက် လူတိုင်းက စာရွက်ကိုကြည့်လိုက်မိသည်။ စက္ကူကို ရေများများနှစ်ပြီးသောအခါ တဖြည်းဖြည်း ပြောင်းလဲလာသည်။ရေစိမ်ထားသည့်နေရာက အနည်းငယ် မီးခိုးရောင်ပြောင်းသွားသည်။
ခဏအကြာတွင် အပြောင်းအလဲက ရပ်တန့်သွားပြီး စာရွက်တစ်ရွက်လုံးမှာ မီးခိုးရောင် အနည်းငယ်သာ ရှိတော့သည်။အတော်လေးပြည့်စုံသည့် ကောက်ကြောင်းများပင်။ဝန်မခံချင်သော်လည်း စုမုန့် သည် ရမ်ထူ ထက် သာမာန်ဆွဲတတ်သူဖြစ်ကြောင်း ဝန်ခံရမည်ဖြစ်သည်။
“မစ္စစု က ဒီပွဲကို အနိုင်ရမှာပါ”
ထို့နောက် အဘိုးအိုက လေးနက်သော အသံဖြင့် ကြေညာသည်။ ရမ်ထူ သည် ဂိုဏ်းတွင် ထိပ်တန်းအရည်အချင်းရှိသူဖြစ်သောကြောင့် ပြိုင်ပွဲတွင်ပါဝင်ရန် အရည်အချင်းပြည့်မီခဲ့သည်။ အဘိုးအိုက သူတို့နှစ်ဦးကို ယှဉ်ပြိုင်ခွင့်ပြုရခြင်း အကြောင်းရင်းမှာ ရမ်ထူ ၏ အင်အားကို ယုံကြည်သောကြောင့် ဖြစ်သည်။ စုမုန့် လို သာမာန် ဖုန်းရွှေပညာရှင်တစ်ယောက်ကို သူ အထင်သေးခဲ့၏။ သူမလို ဂိုဏ်းမရှိ၊လွတ်လပ်သော ဖုန်းရွှေပညာရှင်တို့သည် ဆရာမရှိသောကြောင့် အားလုံးကိုယ်တိုင် သင်ကြားခဲ့ကြသည်။ သူမ ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ ရမ်ထူ ကို အနိုင်ယူနိုင်မှာ မဟုတ်သလို၊ သူမသည် ဒုတိယပွဲ၌ သဲလွန်စရှာတွေ့နိုင်သည်မှာလည်း တိုက်ဆိုင်မှုတစ်ခုသာဖြစ်သည်ဟုထင်ခဲ့၏။ ယခုတော့ သူ အထင်မှားသွားပုံရသည်။
အကယ်၍ ရမ်ထူ ရှုံးနိမ့်ပါက စုမုန့် ကို တောင်းပန်ရုံသာမက သူမကို သူ၏ ဆရာအဖြစ် အသိအမှတ်ပြုရန်လည်း လိုအပ်သည်။ သူ့ဂိုဏ်းက ဂိုဏ်သားများက အမျိုးသမီးတစ်ယောက်ကို သူတို့၏ ဘော့စ်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းမှာ ရှက်စရာကောင်းလှသည်။ ထိုသို့စဉ်းစားလိုက်သောအခါ အဘိုးအို၏ မျက်နှာသည် ထိန်းမရဘဲ ပျက်ယွင်းလာတော့သည်။
“အဖိုးကြီး…”
ရမ်ထူ က စကားဆိုလာသောအခါ အဘိုးအိုက သူ့ကို အေးစက်စွာ စိုက်ကြည့်ကာ ဘာမှ မပြော။သူ ပြောခဲ့သည့်စကားကို ယခုမှ ဖျက်ပစ်၍မရနိုင်တော့ပေ။ မြင်ကွင်းက တစ်ကယ့်ကို စိတ်လှုပ်ရှားစရာပင်။
ဝေ့ထင် သည် ဟိုတယ်အခန်းတွင် IVdrip ချိတ်ထားရင်း ထိုင်နေသည်။ သူနည်းနည်းပင်ပန်းနေပုံရ၏။တက်ဘလက်တစ်လုံးဖြင့် ပွဲစဉ်၏တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် စုမုန့်ကို ကြည့်နေသည်။ ဝေ့ရွှယ် က သူ့ဘေးမှာထိုင်ပြီး သူနှင့်အတူကြည့်နေ၏။
“အစ်ကိုဝေ့ထင်၊ ကြည့်ပါဦး...အစ်မ စုမုန့် ကို ကူညီတဲ့သူရှိတယ်...သူမက အမြဲတမ်း ရေပန်းစားနေတာပဲ... ဒီလူက သူမကို အရမ်းအထင်ကြီးနေတာ...အခု အစ်ကို သူမအတွက် စိတ်ပူနေစရာ မလိုပါဘူး...ဆေးရုံတက်တာ ပိုကောင်းပါတယ်နော်... ဓာတ်မတည့်မှုဆိုတာ အသေးအမွှားကိစ္စမဟုတ်ဘူး”
ဝေ့ရွှယ် က ဝေ့ထင် ကို ကုသဖို့ ဆေးရုံသွားရန် အစကတည်းက တိုက်တွန်းခဲ့သော်လည်း ဝေ့ထင် က မသွားခဲ့ချေ။ စုမုန့် ၏ပြိုင်ပွဲကို ဆက်လက်ကြည့်နိုင်ရန် ဆေးထိုးပေးရန် လိုက်ပါလာသော ဆရာဝန်ကိုသာ တောင်းဆိုခဲ့သည်။ ပြိုင်ပွဲအတွင်း စုမုန့် ၏ မာနကြီးသော ရုပ်သွင်ကို ကြည့်ပြီး ဝေ့ရွှယ် သည် နှုတ်ခမ်းကို ကိုက်ထားပြီး ဒေါသမထွက်လာရန် မြိုသိပ်ထားရခဲ့သည်။ စုမုန့် သည် ယောက်ျားများနှင့် ရောရောထွေးထွေးနေချင်သောကြောင့်သာ ပြိုင်ပွဲတွင် ပါဝင်ခြင်းဟု သူမ အမြဲတွေးခဲ့ဖူးသည်။သို့သော်၊စုမုန့်သည် ထိုပရော်ဖက်ရှင်နယ် ရမ်ထူ ကို အမှန်တကယ်အနိုင်ယူနိုင်သည့် အရည်အချင်းအချို့ရှိမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ထို့ကြောင့် ဝေ့ထင် အိမ်မပြန်ချင်သေးတာဖြစ်မည်။ စုမုန့်၏ဖျားယောင်းမှုကြောင့်ပွဲကိုဆက်လက်ကြည့်ရှုချင်တာဖြစ်မည်။သို့မဟုတ်ပါက ဓာတ်မတည့်မှုကိုလည်း ခံစားရသဖြင့် သူမ၏ ပြိုင်ပွဲကို ကြည့်ရှုမည်မဟုတ်ပေ။
ပုံမှန်အားဖြင့် ဝေ့ရွှယ်သည် ပြိုင်ပွဲသို့ လာခြင်းမရှိပေ။ ကံကောင်းထောက်မစွာ၊ ကျိုးကျာ သည် သူမအား ဆက်သွယ်ခဲ့ပြီး စုမုန့်လည်း ဤနေရာတွင် ရှိနေကြောင်း ပြောပြခဲ့သည်။ ဤသည်မှာ ကျိုးကျာ ၏ နယ်မြေဖြစ်သည်။ စုမုန့်သည် ဤနေရာနှင့် မရင်းနှီးသောကြောင့် သူမနှင့် ကိုင်တွယ်ရပိုလွယ်ကူသည်။ ထို့ကြောင့် ဝေ့ထင်ကို အချိန်အတော်ကြာအောင် နှောင့်ယှက်ခဲ့ပြီး အမေဝေ့ကိုပင် တောင်းတောင်းပန်ပန် ပြော၍ ဤပြိုင်ပွဲသို့ ရောက်လာခဲ့သည်။ပြိုင်ပွဲတွင် ဝေ့ထင် သည် စုမုန့် ကို တစ်ချိန်လုံး ကြည့်နေခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း သူမသည် နေရာမှန်သို့ ရောက်လာပြီဖြစ်သည်။ ထို့ကြောင့် ဝေ့ထင်က စုမုန့် ကို ကောင်းကောင်း အထင်ကြီးအောင် သူမ ဝင်နှောင့်နေရခြင်းပင်။ ထို့ကြောင့် အခွင့်အရေးရသရွေ့ စုမုန့် က တခြားယောကျ်ားလေးများနှင့် ရောထွေးနေကြောင်းကို အတို့အထောင်လုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဖြစ်သည်။
အပေါ်ယံတွင် သူမသည် စုမုန့် ကို စိတ်ပူနေသော်လည်း အမှန်မှာ ဝေ့ထင် နှင့် စုမုန့် အကြား သဘောထားကွဲလွဲမှု ဖြစ်အောင် ကြိုးစားနေခြင်းပင်။သို့သော်လည်း ဝေ့ထင် ၏ အာရုံစိုက်မှုသည် စုမုန့် အပေါ် လုံးလုံးလျားလျား အာရုံစိုက်နေပြီး သူမကို လုံးဝ ဂရုမစိုက်ခဲ့ပေ။တက်ဘလက်ပေါ်ရှိ ပွဲစဉ်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို အချိန်နှင့်တပြေးညီ ကြည့်နေသော ဝေ့ထင် က ဝေ့ရွှယ် ကို ဂရုမစိုက်ပေ။ထို့ကြောင့် သူမလည်း သူနှင့်အတူ ပွဲကြည့်ဖို့ကလွဲ၍ ရွေးချယ်စရာ မရှိတော့ေပ။
စုမုန့် သည် ပထမပွဲတွင် အနိုင်ရခဲ့ပြီး နှစ်ပွဲဆက်တိုက် အနိုင်ရခဲ့သည်။ သူမအနိုင်ရသဖြင့် ချက်ချင်းဆိုသလို ပွဲတစ်ခုလုံး၏ အာရုံစိုက်မှုဖြစ်လာခဲ့သည်။
ဝေ့ထင် ၏ အကြည့်သည် တက်ဘလက်မှ အာရုံမလွှဲသည်ကို မြင်လိုက်ရသဖြင့် ဝေ့ရွှယ် အလွန်မနာလိုဖြစ်မိသည်။
"ဘာလို့လဲ...သူမဘေးမှာ ထိုင်နေတာတောင် သူက ဘာလို့ သူမကိုတောင် မကြည့်ရတာလဲ...."
(အနိုင်ရခြင်း...)
သူမစိတ်ထဲမှာ မမျှတသလို ခံစားလာရသည်။ သူမ မော့ကြည့်လိုက်တော့ အင်းစာရွက်ပေါ်တွင် ရေတွေ အများကြီးကျန်နေသည်ကို တွေ့လိုက်ရ၍ အချိန်အကြာကြီး ယူရလိမ့်မည်ထင်သည်။ ဝေ့ရွှယ် ဖုန်းကို ထုတ်လိုက်၍ တစ်စုံတစ်ဦးထံ မက်ဆေ့ခ်ျပို့ခဲ့သည်။
ခဏအကြာတွင် သူမသည် ဝေ့ထင် အား
"အစ်ကို ဝေ့ထင်..ကျိုးကျာ က မနက်ဖြန်ပွဲတက်ဖို့အတွက် ဝတ်စုံ ကူရွေးပေးစေချင်တယ်တဲ့..."
“ကောင်းပြီ”
ဝေ့ထင် သည် တက်ဘလက်ကို စိုက်ကြည့်ရင် ခေါင်းမလှည့်ဘဲပြောလိုက်၏။ ဝေ့ရွှယ် သူမဖုန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး အခန်းထဲက အမြန်ထွက်သွားသည် ။
စုမုန့် သည် ရမ်ထူနှင့် ယှဉ်ပြိုင်ရန် ဖုန်းရွှေသီအိုရီနှင့် ယင်-ယန်အိမ်တို့ကို ရေးဆွဲရသည်။ စုစုပေါင်း သုံးပွဲရှိခဲ့ပြီး အားလုံး သူမ နိုင်ခဲ့၏။ ထို့ကြောင့် သူမသည် ပထမနေရာကို ရရှိရုံသာမက နောက်လိုက်တပည့်တစ်ဦးပါ ရရှိခဲ့သည်။ ရမ်ထူက ဆန္ဒမရှိသော်လည်း လူများစွာက စောင့်ကြည့်နေသောကြောင့် စုမုန့်ကို သူ၏ ဘော့စ်(ဆရာမ)အဖြစ် အသိအမှတ်ပြုရန်မှတပါး ရွေးချယ်စရာမရှိပေ။
အိမ်ရှင်က စုမုန့် ကို ဆုငွေ ယွမ် ၁၀ သန်း ပေးအပ်ခဲ့သည်။လက်ထဲက ယွမ် ၁၀ သန်းကို ကြည့်လိုက်ရင်း သူမ အိပ်မက်ထဲမှာ ရှိနေသလို ခံစားရသည်။ထို့ကြောင့် ကိုယ့်လက်ကိုယ် ကိုက်ကြည့်ရာ နာကျင်ရသဖြင့် အိမ်မက်မဟုတ်မှန်း သိသွားသည်။ဤပိုက်ဆံများစွာဖြင့် အဘိုးကြီးအတွက် အိမ်တစ်လုံး ဝယ်နိုင်မည်ထင်သည်။ သူမ၏ နောက်ပန်းတိုင်မှာ အဘိုးကြီး အငြိမ်းစားယူဖို့အတွက် ငွေရှာထားရန်ဖြစ်သည်။
“ပြိုင်ပွဲက အရမ်းမြန်မြန်ပြီးသွားပေမယ့် ကျွန်တော် စိတ်လှုပ်ရှားနေတုန်းပါပဲ...လူတိုင်းက အရမ်းတော်တဲ့ ဖုန်းရွှေပညာရှင်တွေပါ… အဆင့်အတန်းမမီပေမယ့် မပြည့်စုံဘူးလို့ မဆိုလိုပါဘူး... လူတိုင်းဟာ မတူညီတဲ့ အရာတွေမှာ ထူးချွန်ကြပါတယ်...ပြိုင်ပွဲဝင်တွေအားလုံး နောက်ဆို သူတို့ရဲ့နယ်ပယ်မှာ တောက်ပနိုင်မယ်လို့ မျှော်လင့်ပါတယ်”
အိမ်ရှင်ကလည်း ကောက်ချက်ချသည်။
“ပြိုင်ပွဲမှာ အပြောင်းအလဲတချို့ ရှိပေမယ့် မနက်ဖြန်ပွဲကိုတော့ ပုံမှန်အတိုင်း ကျင်းပသွားမှာပါ...ဒီနေ့က စိတ်ဖိစီးမှုများတဲ့ နေ့တစ်နေ့ဆိုတော့ မနက်ဖြန်မှာ လူတိုင်း ပျော်ရွှင်နိုင်မယ်လို့ မျှော်လင့်ပါတယ်...မနက်ဖြန်ပွဲအတွက် နောက်မကျပါနဲ့နော်"
အိမ်ရှင်က သူတို့ကို သတိပေးပြီးနောက် ဝန်ထမ်းနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ပြိုင်ပွဲပြီးသွားလျှင် အားလုံး ထွက်သွားကြသည်။
စုမုန့် သည် ပွဲကို စိတ်မဝင်စားသဖြင့် ပိုက်ဆံယူပြီးနောက် ချက်ချင်းထွက်သွားချင်သည်။ သို့သော်လည်း သူမသည် ထူးချွန်လွန်းသောကြောင့် လူစုလူဝေးထံမှ အာရုံစိုက်မှုကို ခံခဲ့ရသည်။ လူအများက သူမနှင့် ကောင်းမွန်သောဆက်ဆံရေးရှိချင်ကြသည်။
“ဆရာမ စုမုန့်..ကျွန်တော်တို့အရင်က တွေ့ဖူးတယ်လေ...မှတ်မိသေးလား"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ပြုံးကာ လျှောက်လာသည်။
"ရှင်က..."
စုမုန့် ဤမျက်နှာကို လုံးဝ မှတ်မိခြင်းမရှိပေ။
"အရင်က ဆရာမဆိုင်မှာ ပစ္စည်းတွေဝယ်ဖူးပေမယ့်ဆိုင်မှာ ဖောက်သည်တွေ အများကြီးရှိတယ်ဆိုတော့ ကျွန်တော့်ကို ဘယ်မှတ်မိပါ့မလဲ"
“ပြိုင်ပွဲမှာ ဆရာမလည်း ပါမယ်လို့ မမျှော်လင့်ထားဘူး...ဆရာမ အနိုင်ရမယ်ဆိုတာ အစကတည်းက သိတယ်... ဆရာမ အချိန်ရှိလား...ကျွန်တော်"
သက်လတ်ပိုင်းလူ စကားမဆုံးခင်မှာ နောက်အသံတစ်ခုက သူ့ကို အနှောင့်အယှက်ပေးသည်။
“ဆရာမ မကြာသေးခင်ကမှ ကျွန်တော်က အပန်းဖြေဥယျာဉ်ဆောက်ဖို့ စီစဉ်နေတာပါ...ကျွန်တော့်ကို ကြည့်ဖို့ အချိန်ရှိလား...ငွေကိစ္စကတော့ စိတ်ပူစရာမလိုပါဘူး...ပြသနာလုံးဝမရှိပါဘူး!"
"ဟေ့ကောင်...မင်း ငါ အရင်ရောက်တာလေ..ဘာလို့ ကျော်ပြောနေတာလဲ"
"ဆရာမရဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် ပေးပါလား..."
“ဆရာမ ဒါက ကျွန်တော့ရဲ့ လုပ်ငန်းကတ်ပါ..တစ်ခုခုလိုအပ်ရင် ဆက်သွယ်လိုက်ပါ!”
ပိန်ပိန်ပါးပါး အမျိုးသားတစ်ယောက်က မြန်မြန်ဆန်ဆန် လှုပ်ရှားသွားပြီး စုမုန့် လက်ထဲကို ကတ်ထည့်လိုက်သည်။ စုမုန့် လိုချင်၊မလိုချင်ကို သူ ဂရုမစိုက်ပေ။
“ပြီးတော့ …”
ခဏအကြာတွင် စုမုန့် သည် လူတစ်စု၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။ သူတို့တစ်ယောက်စီသည် အစာရေစာကို လုစားနေသည့် ဝံပုလွေများနှင့်တူသည်။
စုမုန့် အား လူတွေဝိုင်းနေသည်ကိုမြင်လျှင် ရှန့်ကျန်း က သူမကို ဆွဲခေါ်ရန်ပြင်သော်လည်း သူက ပိန်ရှည်ရှည် ဖြစ်နေ၍ တိုးဝှေ့မရဖြစ်နေ၏။ထိုအခါ ရှန့်ချိုး အထဲကို တွန်းဝင်သွားကာ စုမုန့် ရှေ့မှာရပ်ပြီး နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။
“ဆရာမ ဒီမှာရှိနေတယ်ဆိုတာသိလို့ ကျွန်တော် ရောက်လာတာ...ဆရာမ လိုချင်တဲ့ ပစ္စည်းတွေကို ယူလာပြီ...ကျွန်တော်နဲ့ လိုက်ခဲ့ပါလား"
ထိုအခါ ဝိုင်းနေသူများက
“ရှန့်ချိုး...မင်း ဘယ်လိုတန်းစီရမလဲဆိုတာ မသိဘူးလား...မင်းက အနောက်မှာရှိတာလေ... ဘာလို့ရှေ့တိုးလာတာလဲ"
တခြားသူတွေ၏ လှောင်ပြောင်မှုကို ရင်ဆိုင်ရင်း ရှန့်ချိုး က ပြုံးပြီး ကြောင်စီစီလုပ်နေလိုက်သည်။ ထိုအခါ စုမုန့် က ရှန့်ချိုး ၏ ဆိုလိုရင်းကို ချက်ခြင်းနားလည်ပြီး အားလုံးကိုပြောလိုက်၏။
"အားလုံးကို တောင်းပန်ပါတယ် ကျွန်မ ပစ္စည်းတွေ အရင်သွားယူလိုက်ပါ့မယ်... မနက်ဖြန်ပွဲတော်မှာတွေ့ကြမယ်"
လူတိုင်းပေးသော ကတ်ပြားများကိုယူပြီး စုမုန့် သည် အိတ်ကပ်ထဲသို့ထည့်ကာ ရှန့်ချိုးနှင့်အတူ ထွက်ခွာသွားခဲ့သည်။ အဓိကဇာတ်ကောင်က ထွက်သွားသော်လည်း ကံကောင်းထောက်မစွာပင် သူမကို ကတ်ပြားတွေ ပေးနိုင်ခဲ့သည်။ ထို့အပြင် မနက်ဖြန်တွင် အခွင့်အရေးရှိသေးသည်မို့ လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
စုမုန့် ထွက်သွားသည်ကိုမြင်လျှင် ရှန့်ကျန်း သူမနောက်ကို လိုက်သွားသည်။
"ကျေးဇူးတင်ပါတယ် မစ္စတာရှန့်…ကျွန်မ အခု အဆင်ပြေပါတယ်...အခန်းကိုအရင်ပြန်လိုက်မယ်"
ဟိုတယ်၏ ပထမထပ်ရှိ ဧည့်ခန်းဆီသို့ လျှောက်လာရင်း စုမုန့် က ရှန့်ချိုး ကို နှုတ်ဆက်လိုက်သည်။သူမအထင်က ရှန့်ချိုးသည် သူမ ထွက်သွားနိုင်ရန် လှည့်ဖျားခဲ့ခြင်းဟု ထင်နေခြင်းပင်။
xxxxxx