အပိုင်း၄၄
Viewers 7k

Chapter 44

(ခြောက်လှန့်ခြင်း)


 "ဆရာမ မနက်ဖြန်ပွဲအတွက် ဂါဝန်ပြင်ဆင်ပြီးပြီလား"


ရှန့်ချိုး က မေးသည်။


 ဂါဝန်...


ရှန့်ချိုး ၏မေးခွန်းကိုကြားလျှင် စုမုန့်သည် မနက်ဖြန်ပွဲအတွက် ဂါဝန်ဝတ်ရမည်ဟု နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ မနေ့က ပြိုင်ပွဲအကြောင်း တွေးနေခဲ့၍ ဤသည်ကို မမျှော်လင့်ထားပေ။


ရှန့်ချိုး သည်လည်း သူမက ၀တ်စုံပြင်ဆင်ထားခြင်း မရှိသည်ကို သူချက်ချင်းမြင်လိုက်ရသည်။ ထို့နောက် သူသည် ကောင်တာရှိအမျိုးသမီးထံသို့ လျှောက်သွားပြီး သေတ္တာတစ်လုံးကို ယူကာ စုမုန့် အား ပေးလိုက်သည်။


စုမုန့် ဖွင့်ကြည့်လိုက်ရာ အနီရောင်ဝတ်စုံကို မြင်လိုက်ရသည်။ နာမည်ကြီး အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး အလွန်စျေးကြီးမှန်း သိသာ၏။


 “ဆရာမ ဒါက ကျွန်တော်တို့ ပေးနိုင်တဲ့ လက်ဆောင်လေးတစ်ခုပါ...ကျွန်တော့်မိန်းမရဲ့ အကြံပါ" 

  

 “ဒီနေ့မနက်ပြိုင်ပွဲမှာ ဆရာမ ဝင်ပြိုင်မယ်လို့ ပြောတုန်းက သူမ ဒီဝတ်စုံကို ပြင်ဆင်ပြီး ပို့ပေးလိုက်တာ...တစ်ကယ်လည်း ဆရာမက ဂါဝန်မပြင်ဆင်ရသေးဘူးကိုး...အတော်ပဲဖြစ်တာပေါ့"  


သူမ ဘာမှမပြောခင် ရှန့်ချိုး ကပြောသည်။


 “ဒါဆို ရှင့်မိန်းမကို ကျေးဇူးတင်ကြောင်း ပြောပေးပါနော်"  


ဇနီးဖြစ်သူက ပြင်ဆင်ထားသည်ဆို‌ေသာ‌ေကြာင့် စုမုန့် ပြုံးပြီး လက်ခံလိုက်သည်။ ရှန့်ချိုးကဉာဏ်ထက်သလို သူ၏  ဇနီးသည်ကလည်း ထူးချွန်သူဖြစ်ရမည်။ထိုသို့မဟုတ်ပါက၊သူမသည် ယခင်က ဖုန်းရွှေပြဿနာကြောင့်ဖြစ်ခဲ့သော မတော်တဆမှုများကို ရှောင်နိုင်မှာမဟုတ်‌ေပ။ 


 မကြာသေးမီက ရှန့်ချိုး သည် အရာရာတိုင်းအတွက် အခက်အခဲရှိခဲ့သော်လည်း ဖုန်းရွှေ မကောင်းသောကြောင့်သာဖြစ်သည်။ သူကိုယ်တိုင်လည်း စိတ်ကောင်းရှိသူမို့ သူ့မှာ ဖုန်းရွှေပြဿနာရှိလျှင်တောင် မစိုးရိမ်ရနိုင်ပေ။နောက်ပိုင်းမှာ သူဖုန်း‌ေရွှက ပြောင်းလဲသွား၍ သူ့ကံကြမ္မာကလည်း ချက်ချင်းတက်လာ၏။


စုမုန့် သည် အခန်းသို့ ပြန်လာပြီး နောက်တစ်နေ့ ပွဲမတက်မီ ကောင်းစွာ အိပ်စက်အနားယူရန် ပြင်ဆင်သည်။ နောက်နေ့တွင် လာလည်သူတွေ အားလုံးက တစ်ကယ့် သူဌေးကြီးတွေဖြစ်၍ သူမ၏ စွမ်းအင်ကို ထိန်းထားရန် လိုအပ်ပြီး နောက်ထပ် ကြီးမားသော သဘောတူညီချက်များ ရယူရန် လိုအပ်သည်။တစ်ညတာ ကောင်းကောင်းအိပ်ပျော်ပြီးနောက် နောက်တစ်နေ့တွင် သူမ အခန်းထဲမှာတစ်ယောက်တည်း နေခဲ့သည်။ည ၈ နာရီမှာ ကျင်းပဖို့ စီစဉ်ထားသဖြင့် သူမသည် အိပ်ယာပေါ်တွင် လှဲလျောင်းနေပြီး တစ်နေ့လုံး ဖုန်းကြည့်သည်။ နောက်ဆုံးအချိန်နီးလာမှ မိတ်ကပ်ထလိမ်း၏။၀တ်စုံကို ၀တ်ဆင်ပြီးနောက် စုမုန့် သည် ပွဲရုံသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။


သူမ ဝင်လိုက်သည်နှင့် ရှန့်ကျန်း က အပြေးလာနှုတ်ဆက်သည်။


" မင်းရဲ့ခေါင်းလောင်းလက်ကောက်ကြောင့်မဟုတ်ရင် ငါမင်းကိုမမှတ်မိတော့ဘူး...မင်း အရမ်းလှနေတာပဲ...  မင်းဒီည အလှဆုံးလို့ ငါပြောရဲတယ်!"  


ရှန့်ကျန်း သည် စုမုန့် ကိုကြည့်ကာ ရိုးသားစွာ ချီးကျူးလိုက်သည်။သို့သော် စုမုန့်သည် သူမအား ချီးမွမ်းသည်ကို စိတ်မဝင်စားသဖြင့် ရှေ့ဆက်၍သာ သွားချင်နေမိသည်။ သို့သော်၊ရှန့်ကျန်း က သူမအနားမှာ မရပ်မနား စကားစပြောတော့သည်။


 “မင်းကို ပြောချင်တာရှိတယ်... ဒီတစ်ခါတော့ မင်းနာမည်ကြီးရုံတင်မကဘဲ အကျိုးလည်း ထူးမှာနော်..အရင်တုန်းက ငါ ဒုတိယနေရာရခဲ့ရင်တောင် ဘယ်သူကမှ အရေးမလုပ်ခဲ့ဘူးဆိုတာ မှတ်မိသေးလား... ငါ့ကိုဘယ်သူမှ လုံးဝ ဂရုမစိုက်ဘူးလေ"


 “ဒါပေမယ့် ဒီတစ်ခါတော့ လူချမ်းသာတွေက ဖုန်းရွှေကြည့်ပေးဖို့ ငါ့ကို လာပြောကြတယ်... ဒါပထမဆုံးအကြိမ်ပဲ...အရင်တုန်းကတော့ ငါက အတင်းလိုက်စပ်ပြီး ဈေးလျှော့ပေးခဲ့ရတာလေ" 


စုမုန့် ကလည်း ပြောလိုက်သည်။


 “အင်း၊ ဂုဏ်ယူပါတယ်”


 “ငါ တစ်ခုတွက်ထားသေးတယ်... ငါနဲ့ မင်းရဲ့ကံကြမ္မာကို မမြင်ရပေမယ့် ငါအတည်ပြုနိုင်တာတစ်ခုရှိတယ်"  


ရှန့်ကျန်း က စုမုန့် ကို လျှို့ဝှက်ဆန်းကြယ်သည့်မျက်နှာ အမူအရာတစ်မျိုး လုပ်လိုက်၏။သို့သော် စုမုန့် လုံးဝ စိတ်မဝင်စားဘဲ သူ့ကို လျစ်လျူရှုလိုက်သည်။


 “မင်းက‌လေ ငါ့အတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးနိုင်တယ်လို့ တွက်ထားတယ်...ဘာပဲဖြစ်ဖြစ် ငါက တစ်ယောက်တည်းသမားမို့ မင်းနောက်ကို အမြဲလိုက်နိုင်တယ်!"  


ရှန့်ကျန်း သည် စုမုန့် ၏အေးစက်ခြင်းကို လုံးဝစိတ်မ၀င်စားဘဲ  ဆက်၍အော်လိုက်ပြန်သည်။တစ်ဖန်  စုမုန့် က ရှန့်ကျန်း ကို လျစ်လျူရှုလိုက်ကာ သူမနောက်ကိုလိုက်ချင်ကြောင်း သိလိုက်သောအခါ ချက်ချင်းငြင်းဆန်ခဲ့သည်။ 


 "ကျွန်မ စိတ်မဝင်စားဘူး...ကျွန်မ နောက်မလိုက်ပါနဲ့...မင်းရဲ့ကံကြမ္မာကို မမေ့ပါနဲ့"


ရှန့်ကျန်း သည် ထိုစကားကိုကြားသောအခါ ချက်ချင်းတိတ်ဆိတ်သွားသည်။ သူသည် အထီးကျန်မိစ္ဆာ ကြယ်ပွင့်ဖြစ်၍ သူ့ကို သဘောကျမည့်သူ မရှိပေ။ သူမ၏ ဖုန်းရွှေက ထူးချွန်ပြီး ကံကြမ္မာက ကောင်းနေလျှင်တောင်မှ သူ့ကို ခေါ်သွားခိုင်း၍ မရချေ။


 "ကောင်းပြီလေ..ဒီသခင်လေးကို ဘယ်သူကမှ ဂရုမစိုက်တဲ့ပုံပဲ"  


ရှန့်ကျန်းက ပြုံးပြီး နှစ်သိမ့်လိုက်ကာ စုမုန့်ကို မပူဆာတော့ပေ။


စုမုန့် ညစာ မစားရသေး။အလုပ်လုပ်ဖို့ မသွားခင် ဗိုက်ပြည့်အောင် အရင်စားချင်မိသည်။ထိုအချိန်တွင် နူးညံ့သိမ်မွေ့သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူမ ခေါင်းကို လှည့်ကြည့်လိုက်ရာ ဝေ့ရွှယ် ဖြစ်သည် ။


"အာယား...စုမုန့်က ဒီမှာကိုး...ငါ နင့်ကို လိုက်ရှာနေတာ ကြာပြီ"


ဝေ့ရွှယ် က သူမရှေ့ကို ပြုံးရွှင်စွာဖြင့် လျှောက်လာသည်။


 “အင်း”  


သူမ တိုးတိုးလေး ပြန်ဖြေလိုက်သည်။ဤအချိန်တွင် သူမသည် ဝေ့ရွှယ်နှင့် အချိန်မဖြုန်းနိုင်သောကြောင့် စိတ်ထဲက မပါပေ။


 "စုမုန့် အစ်ကိုဝေ့ထင်ကို စိတ်ဆိုး မပြေသေးဘူးလား...တစ်ကယ်တော့ သူက နင့်ကို အရမ်းဂရုစိုက်ပါတယ်...သူက ထုတ်မပြတတ်တာပါ... သူ့ကို ခွင့်လွှတ်လိုက်ပါ"


ဝေ့ရွှယ် ၏မျက်နှာသည် နူးညံ့သိမ်မွေ့မှုအပြည့်ရှိကာ အစ်ကိုနှင့်ယောင်းမ၏ခံစားချက်ကို စိတ်ပူနေသော ညီမတစ်ယောက်နှင့် အလွန်ဆင်တူသည်။


 "ဟုတ်လား... ဒါပေမယ့် သူက ငါ့ကို ကြိုက်တယ်လို့ မထင်ဘူး"  


ကြောင်သူတော် ဝေ့ရွှယ် သည် မည်မျှ လျှို့ဝှက်နေသည်ကို မြင်လိုက်ရသောအခါ စုမုန့် ရုတ်တရက် စိတ်ဝင်စားလာပြီး သူမနှင့်အတူ အလိုက်သင့်ပြောဆိုခဲ့သည်။


(ထောင်ချောက်ထဲသို့ ကျသွားသည်...)


 "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...အစ်ကိုဝေ့ထင်က နင့်ကို ဂရုအစိုက်ဆုံးပဲ...သူတောင် ဒုက္ခများမလို …” 


ဝေ့ရွှယ် ၏ စကားများ ရုတ်ခြည်းအဆုံးသတ်သွားခဲ့သည်။


 "ဘာဖြစ်တာလဲ..."  


စုမုန့် သည် ဝေ့ရွှယ် ကိုကြည့်ကာ ရယ်ချင်စိတ်တို့ ဖြစ်လာရသည်။ ဝေ့ရွှယ် ၏ ဟန်ဆောင်ထားသည့် မျက်နှာအမူအရာမှာ ရယ်စရာကောင်းလွန်းသည်။ ရိုးရိုးသားသားပြောရလျှင် သူ၏ သရုပ်ဆောင်မှုစွမ်းရည်က အလွန်ကောင်းသည်။ စုမုန့် သာ ပြန်လည်မမွေးဖွားခဲ့ဘူးဆိုလျှင် လှည့်စားခံရမှာ သေချာသည်။


 "အစ်ကိုဝေ့ထင်က နင့်ကိုတွေ့ဖို့လာရင်းမတော်တဆ ထိခိုက်မိသွားတာ... အခု သူ အပေါ်ထပ် အခန်းထဲမှာ... ဆေးထိုးပြီးသွားပါပြီ...နင် သူ့ကိုသွားကြည့်လို့ရမလား " 


ဝေ့ရွှယ် က စိတ်ပူသည့်ပုံစံနှင့် ပြောသည်။


"သူမကို လာ‌တွေ့တာလား..."


သူမ၏ ယခင်ဘဝက အဖြစ်အပျက်များကို ပြန်ပြောင်းသတိရရင်း စုမုန့် စိတ်ထဲက နောက်ပြောင်မိသည်။  


"ဒီလူက သူမကို လာတွေ့ရင်း ဘယ်လို ဒဏ်ရာရသွားတာလဲ... ဒါက ဘယ်လိုဟာသမျိုးလဲ..."


အပြစ်ကင်းသည့်လူတစ်ယောက်လို ဟန်ဆောင်နေသေးသည်။ သူမကို အရူးလုပ်ချင်သည်နှင့် သူ့ကိုယ်သူ ဒုက္ခခံပြခြင်းသာ ဖြစ်ပေမည်။သူမစိတ်ထဲမှ အထင်အမြင်သေးမှုကို ထုတ်မပြဘဲ အံ့အားသင့်စွာပြောခဲ့သည်။


 "အာ့...ဒါက ဘယ်လိုဖြစ်တာလဲ... ပေါ့လျော့လိုက်တာ...သူ ဘယ်မှာ ဒဏ်ရာ ရသွားတာလဲ...များသလား"


 “အစ်ကိုဝေ့ထင်က အမြဲတမ်း သန်မာသလိုမျိုး နေတတ်တော့ ဒဏ်ရာက များနေရင်တောင် သူ ထုတ်ပြမှာမဟုတ်ဘူး... သူ့စရိုက်ကို နင်မသိဘူးလား"


 "ဒါပေမယ့် သူ နင့်အကြောင်း တစ်ချိန်လုံး တွေးနေခဲ့တာတော့ သေချာပါတယ်...ဒဏ်ရာရနေလို့ အောက်ကိုဆင်းလို့မရဘူး ဖြစ်နေတာ...စုမုန့် ကျေးဇူးပြုပြီး သူအဆင်ပြေလားဆိုတာ သွားကြည့်ပေးပါ..အခု နင့်မှာလည်း တခြားလုပ်စရာ ဘာမှ မရှိဘူးမလား... ငါတို့က အကောင်းဆုံးသူငယ်ချင်းတွေလေ...နင်ကသာ ငါ့ယောင်းမပါ.. တခြားဘယ်သူကိုမှ ငါ့ယောင်းမ မဖြစ်စေချင်ဘူး”


ဝေ့ရွှယ်၏ သရုပ်ဆောင်ချက်က တစ်ကယ်ကောင်းသည်ဟု ပြောရပါမည်။ယခုဆိုလျှင် စုမုန့် နှင့် ဝေ့ထင် တို့၏ ဆက်ဆံရေးအတွက် သူမတစ်ကယ်စိုးရိမ်နေသကဲ့သို့ မျက်လုံးများသည် အနည်းငယ်နီနေသည်။


 "ငါသွားကြည့်လိုက်မယ်...နင်ကလည်း ငါ့အပေါ် အရမ်းကောင်းပါတယ်ဟာ"


စုမုန့် ကလည်း ဝေ့ရွှယ် ကဲ့သို့ ဟန်ဆောင်ပြောလိုက်၏။ 


 "ဟုတ်တယ်...နင်တို့တွေ တတ်နိုင်သမျှ မြန်မြန် ညှိနှိုင်းကြရင် ငါ စိတ်ပူနေစရာ မလိုတော့ဘူး"  


စုမုန့် က သူမစကားကို နားထောင်နေသည်ကိုမြင်လျှင် ဝေ့ရွှယ် အောင်ပွဲခံပြုံးကို ပြုံးလိုက်သည်။


 "ဒါဆို သွားကြရအောင်"


စုမုန့် သည် ဝေ့ရွှယ် လက်ကို ကိုင်ထားပြီး ရှေ့သို့ဆွဲလိုက်သော်လည်း ဝေ့ရွှယ်က သူမ၏လက်ကို တွန်းဖယ်လိုက်ပြီး ပြုံး၍ပြောသည်။


" စုမုန့်၊ ဒါက လင်နဲ့မယားကြားဆိုတော့ ငါ မပါချင်ဘူး"


 "ဒါဆို အစ်ကိုဝေ့ထင်ရဲ့ အခန်းနံပါတ်ကို ပြောပြပြီး နင်တို့နှစ်ယောက်အတူ သီးသန့်အချိန်ပေးမယ်... ဒါမှ ငါလည်း အဆင်ပြေမယ်"


 ထိုစကားကိုပြောပြီးနောက် ဝေ့ရွှယ်က အခန်းနံပါတ်ကို စုမုန့်နားတွင်ကပ်ကာ တိုးတိုးလေးပြောသည်။ ထို့နောက် သူမအား လှေကားဘေးသို့ တွန်းကာ အမြန်တက်ခိုင်းသည်။  


" စုမုန့်…နင် ကံကောင်းပါစေလို့ ဆုတောင်းတယ်နော်..."


ဝေ့ရွှယ် က သူမ ရုတ်တရက်ထွက်ပြေးသွားမှာကို ကြောက်နေပုံရသည်။အားကောင်းကာင်းဖြင့် အတင်းတွန်းပို့နေ၏။


 “ဟေ့ ဟေ့ တွန်းနေတာ ရပ်လိုက်… ငါကိုယ်တိုင်သွားမယ်…ဘာပဲဖြစ်ဖြစ် ရှောင်ရွှယ်  ငါ နင့်ကို သေချာပေါက် ကျေးဇူးတင်နေမှာပါ ”  


သူမ ခေါင်းကို လှည့်ကာ ဝေ့ရွှယ် အား ပြုံးပြုံးလေး ပြောလိုက်သည်။


သို့သော်လည်း ယခု ဝေ့ရွှယ် စိတ်ထဲတွင် စုမုန့် ကိုသာ အမြန်သွားစေချင်နေခဲ့သည်။စုမုန့်၏ အပြုံးက အေးစက်ကာ စိတ်ထဲမပါသည်ကိုတောင် သူမ သတိမထားမိလိုက်ပေ။  


 "ကောင်းပြီ ဒါဆို ငါဒီမှာစောင့်နေပြီး သတင်းကောင်း မျှော်နေမယ်"  


ဝေ့ရွှယ် က အတော် လေးနက်စွာပြောနေသဖြင့် စုမုန့် သူမကို ရုပ်ရှင်ခေါ်ရိုက်ချင်စိတ် ပေါက်သွားသည်။‌သေချာသည်က ဝေ့ရွှယ် အကယ်ဒမီပါရလိမ့်မည်ဖြစ်သည်။


 "ဒါဆို ငါသွားတော့မယ်" 


 “မြန်မြန်သွား…အကောင်းဆုံးလုပ်... ငါနင့်ကိုထောက်ခံတယ်"


စုမုန့် က အခုထိ မတက်သေးသဖြင့် ဝေ့ရွှယ် စိတ်ထဲမှာ အလွန်စိုးရိမ်လာကာ စုမုန့် ကို ကန်ချင်စိတ်ဖြစ်လာခဲ့သည်။ သူတို့နှစ်ဦး အချိန်အတော်ကြာအောင် ရပ်တန့်နေခဲ့သည်။ ဝေ့ရွှယ် ၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးလုနီးပါးအချိန်မှ စုမုန့် အပေါ်ထပ်သို့ ဖြည်းညှင်းစွာ တက်လာခဲ့သည်။သူမသည် လှေကားထောင့်တွင် ပျောက်ကွယ်သွားပြီးနောက် ဝေ့ရွှယ် ၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်း အေးစက်သွားကာ မျက်လုံးထဲတွင် ရက်စက်မှု အလွှာတစ်ခု ပေါ်လာသည်။


 ဝေ့ရွှယ် လက်သီးများကို တင်းတင်းဆုပ်ကာ သွားများကို အံကြိတ်၌


“စုမုန့်...နင့်ရဲ့ နေ့ရက်ကောင်းတွေ ကုန်ဆုံးသွားပြီ... ဒီနေ့ပြီးရင် နင်နာမည်ပျက်သွားလိမ့်မယ်...နင်သူနဲ့ပြန်တွဲဖို့ မဖြစ်နိုင်တော့ဘူး"


 "ဝေ့ရွှယ်" 


ဝေ့ရွှယ် သည် ရုတ်တရက် နောက်ကျောကို ပုတ်ခံလိုက်ရသောအခါ လန့်ဖျပ်သွားကာ လှည့်ကြည့်လိုက်၏။ကျိုးကျာက သူမနောက်ကို ရောက်လာခြင်းပင်။


 "ကျာကျာရယ်..လန့်သွားတာပဲ"


ဝေ့ရွှယ် သည် မကျေမနပ်မျက်နှာဖြင့် ရင်ဘတ်ကို ပွတ်သပ်လိုက်သည်။


 “တစ်ဖက်က ပြောတာက အားလုံးအဆင်သင့်ဖြစ်နေပြီတဲ့... စိတ်မပူပါနဲ့...ဒီအစီအစဥ်က အရမ်းမိုက်တယ် ..သူမ ဘယ်မှပြေးမလွတ်တော့ဘူး"  


ကျိုးကျာ ပြုံးပြီး ဝေ့ရွှယ်၏ နားထဲကို တိုးတိုးလေး ပြောလိုက်သည်။


ဝေ့ရွှယ်သည် တခြားသူများရိပ်မိသွားစိုး၍ လိပ်ပြာမလုံဘဲ ဟိုဒီလှည့်ပတ်ကြည့်ရာ ဘယ်သူမှ သူမတို့အား ဂရုမစိုက်သည်ကိုမြင်လျှင် ကျိုးကျာ၏ လက်မောင်းကို ဖက်ထားလိုက်လေသည်။



xxxxx