ယန်ကျင်းဇီသည် အနုပညာလောကမှ နှုတ်ထွက်ပြီးနောက် မိခင်ဖြစ်သူကို သူ့အနားသို့ ခေါ်ဆောင်ထားကာ သူ(မ)ကို ပြုစုရန် တစ်စုံတစ်ဦးကို ငှားထားခဲ့သည်။
မူလပိုင်ရှင်သည် အခြားသူများအပေါ် လွန်စွာသဘောကောင်းတတ်သော်လည်း သူ့မိခင်အပေါ် တကယ့်ကို အလွန်ကောင်းမွန်စွာ မဆက်ဆံခဲ့ပေ။ ထို့ကြောင့် မိခင်အိုကြီးသည် ယန်ကျင်းဇီထံမှ ပထမဆုံး ခေါ်ဆောင်ခံရသောအခါ တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ(မ) ယန်ကျင်းဇီကို မြင်သောအခါတွင်လည်း သူ(မ) အနည်းငယ် ကြောက်ရွံ့နေခဲ့၏။
သို့သော် ထိုသို့ဖြစ်နေတာတောင်မှ သူ(မ)သည် အခြားသူများရှေ့တွင် သူ(မ)၏သားဖြစ်သူနှင့်ပတ်သက်ပြီး မကောင်းမပြောခဲ့ချေ။ ယန်ကျင်းဇီသည် အပြစ်ရှိသကဲ့သို့ ခံစားရသဖြင့် သူ(မ)အား ပို၍ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည်။ တဖြည်းဖြည်းနှင့် သူ(မ) ယန်ကျင်းဇီကို မကြောက်တော့သော်လည်း သူနှင့် အရမ်း ရင်းရင်းနှီးနှီးလည်း သိပ်မနေ။ သို့သော် သူ(မ)သည် ကျီချန်းရှိူ့နှင့် သားအမိကဲ့သို့ အလွန်ရင်းနှီးသည်။
ယန်ကျင်းဇီ သူ(မ)နှင့် စကားပြောနေစဉ် သူ(မ) စိတ်လှုပ်ရှားစွာ တစ်ခါပြောဖူးလေသည်။ ကံကောင်းထောက်မစွာဖြင့် ယန်ကျင်းဇီသည် နူးညံ့သိမ်မွေ့သော လူကောင်းတစ်ဦးကို ရှာတွေ့ခဲ့ပြီး မဟုတ်ပါက သူ(မ)၏ သက်ကြီးရွယ်အိုအချိန်တွင် သူ(မ)ကို ထောက်ပံ့မည့်သူ ရှိတော့မည်မဟုတ် ဟူ၍။
ယန်ကျင်းဇီ : " ... " အဲ့ဒါ ဘာလို့လဲဆိုတော့ သူ(မ)ရဲ့သားက အခြားတစ်ယောက်နဲ့ အစားထိုးခံလိုက်ရလို့ပဲ။ အကယ်၍ မူလပိုင်ရှင်သာ ဆက်ရှိနေဦးမယ်ဆိုရင် စိတ်ကောင်းရှိတဲ့ လက်တွဲဖော်ကို သူ ရှာတွေ့ထားလည်း အလကား ဖြစ်သွားမှာ။ မူလပိုင်ရှင်က သူ့လက်တွဲဖော်ကို သတ်ပစ်လိမ့်မယ်!
ဘာပဲဖြစ်ဖြစ် ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့၏ အကြင်လင်မယားအဖြစ် နေထိုင်မှုသည် နှစ်ဘက်မိဘများထံမှ အသိအမှတ်ပြုခံရဆဲဖြစ်ပြီး ဘဝက ပိုပိုပြီး အဆင်ပြေလာသည်။
ယန်ကျင်းဇီကို စိတ်ပူစေသော တစ်ခုတည်းသော ကိစ္စမှာ ကျီချန်းရှိူ့သည် စားဖိုမှူးကောင်းတစ်ဦး ဖြစ်ပြီး သူ့ကို ချက်ကျွေးရန် စိတ်အားထက်သန်လွန်းနေခြင်း ဖြစ်သည်။ အလွန့်အလွန် စိတ်အားထက်သန်နေသဖြင့် သူသည် အမြဲတမ်း တစ်ကြိမ်ပြီးတစ်ကြိမ် ကိုယ်အလေးချိန်တက်လုနီးပါး ဖြစ်နေရသည်။
သူ ဝလို့မဖြစ်ဘူး!
ထို့ကြောင့် ယန်ကျင်းဇီသည် weibo တွင် အစားအသောက်ဓာတ်ပုံများအပြင် ကိုယ်ကာယဓာတ်ပုံများကိုပါ စတင်ခဲ့သည်။
"အစ်ကို၊ မင်းက အနုပညာလောကထဲက နှုတ်ထွက်ပြီးနောက်မှာ ကျန်းမာတဲ့ဘဝကို နေထိုင်နေတာပဲ။"
"မင်းရဲ့ weibo ကို ကြည့်လိုက်ရင် နေ့တိုင်း မင်းက စားနေတာ မဟုတ်ရင် လေ့ကျင့်ခန်းလုပ်နေတာချည်းပဲ။ မင်း တခြားတစ်ခုခု ပြောင်းတင်လို့ရမလား?"
"အစ်ကို မင်း အကျင့်ပျက်နေပြီ! မင်းမှာ အလုပ်တစ်ခုလေးတောင် မရှိဘူးလား?"
…
ယန်ကျင်းဇီမှာ သေချာပေါက် အလုပ်ရှိတာပေါ့။ သူသည် ဇာတ်ညွှန်းများကို နေ့တိုင်း ဖတ်ကာ မည်သည့်ဇာတ်ညွှန်းတွင် ရင်းနှီးမြှုပ်နှံရမလဲ နှင့် ဘယ်လောက် ရင်းနှီးမြှုပ်နှံရမလဲ ဆိုတာကို လေ့လာရှာဖွေနေတတ်သည်။
သူသည် တည်းဖြတ်ခြင်းကဲ့သို့သော ရိုက်ကူးရေးအတွက် ထုတ်လုပ်ရေး နောက်ပိုင်း၏ အလုပ်တချို့အား ကျီချန်းရှိူ့ လုပ်ဆောင်သည်ကို ကူညီရန် အချိန်ပိုင်းအလုပ်တချို့ကိုလည်း လုပ်ဆောင်ခဲ့သည်။
သူက ဘယ်တော့မှ မမေ့ဘဲ အရာရာကို လျင်မြန်စွာ သင်ယူနိုင်သည်။ ထိုနာမည်ကြီးရုပ်ရှင်များကို ကြည့်ရှုပြီးနောက် သူသည် အပြည့်အဝ မှတ်မိနိုင်၍ အခြားသူများ၏ အားသာချက်များနှင့် အားနည်းချက်များကို ခွဲခြမ်းစိတ်ဖြာကာ ထိုသူတို့၏ တည်းဖြတ်နည်းများကို လေ့လာပြီး နောက်ဆုံးတွင် နာမည်ကြီး UP မာစတာ အဖြစ် နယ်ပယ်ထဲ၌ လူသိများသော တည်းဖြတ်သူတစ်ဦး ဖြစ်လာတော့သည်။
'ကျင်းရှိူ့လျန်ယွမ်'ရဲ့ UP မာစတာက ဗီဒီယိုတည်းဖြတ်တာ အထူးကောင်းမှန်း မသိတဲ့သူ ရှိသေးရဲ့လား?
အစပိုင်းတွင် သူသည် ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့၏ CP အတွဲဗီဒီယိုများကိုသာ သီးသန့်တည်းဖြတ်ခဲ့သည်။ သူက "Dream Back to the Ancient Times" ရှိုးအတွက်ပင် ဗီဒီယိုများစွာကို တည်းဖြတ်ခဲ့လေသည်။
ထိုအချိန်တွင် ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့၏ CP အတွဲပရိသတ်များသည် လျင်မြန်စွာ အရေအတွက်တိုးနေလေရာ... 'ကျင်းရှိူ့လျန်ယွမ်'သည် ရုတ်တရက် နာမည်ကြီးသွားခဲ့သည်။
ထို့နောက် ယန်ကျင်းဇီသည် ကွေ့ချူး နှင့် အခြားဗီဒီယိုအချို့ကို စတင်တည်းဖြတ်ခဲ့၏။ သူ့တွင် အကြောင်းအရာမျိုးစုံ ရှိသည်။ ဤအကောင့်သည် ပိုပိုပြီး နာမည်ကြီးလာသည်။ လူတချို့ဆိုလျှင် သူ့စီ ပိုက်ဆံနှင့် ရောက်လာကာ သူ့ကို ဗီဒီယိုတည်းဖြတ်ပေးဖို့ အကူအညီတောင်းကြသည်။
( ကွေ့ချူး - Obama သို့မဟုတ် Trump တို့ရဲ့ မိန့်ခွန်းဗီဒီယိုတွေကို သီချင်းဆိုတဲ့ဗီဒီယိုအဖြစ် စုစည်းတည်းဖြတ်ထားတဲ့ ဗီဒီယိုတွေလိုမျိုး ဗီဒီယိုအမျိုးအစားပါ။ အပေါ်ဆုံးမှာ link ထည့်ပေးပါတယ်နော်။ )
ဥပမာအားဖြင့် ကြယ်ပွင့်နှစ်ယောက်က CP အတွဲဖန်တီးလိုလျှင် သူတို့သည် သူ့ကို လာတွေ့ပြီး ဤကြယ်ပွင့်နှစ်ယောက်၏ CP အတွဲဗီဒီယိုများကို တည်းဖြတ်ပေးရန် သူ့ကို တောင်းဆိုလိမ့်မည်ဖြစ်သည်။
နောက်ထပ်ဥပမာမှာ ဒါရိုက်တာတစ်ယောက်က သူ၏ တီဗီရှိုးကို အနည်းငယ် လူကြိုက်ပိုများစေချင်လျှင် သူ့ကို လာရှာပြီး ပျံ့ရန် အထူးလွယ်သော ဗီဒီယိုကို တည်းဖြတ်ခိုင်းကာ နေရာတိုင်း ဖြန့်ချပစ်လိမ့်မည်။
လူသိရှင်ကြား ကြော်ငြာခြင်းနှင့်ပတ်သက်၍ သူ့စီ အကူအညီလာတောင်းဆိုသော ရသစုံရှိုးများပင် ရှိသည်။
ယန်ကျင်းဇီသည် ဤကဲ့သို့သော အလုပ်များစွာကို လက်ခံခဲ့သည်။
စစချင်းတွင်တော့ သူ အလုပ်ကို လက်ခံခဲ့ခြင်းမှာ သူကိုယ်တိုင်က တည်းဖြတ်ခြင်းကို လေ့ကျင့်ရန် နောက်ထပ် ရုပ်ရှင်များနှင့် တီဗီရှိုးများကို ကြည့်ရှုဖို့ အဆင်သင့်ဖြစ်နေသောကြောင့်ဖြစ်သည်။ သူနှင့်ကျီချန်းရှိူ့တို့တွင် တည်းဖြတ်ခြင်းအတွက် လုံလောက်သော အရင်းအမြစ်များ မရှိသဖြင့် သူသည် အလုပ်များကို လေ့ကျင့်ခန်းအဖြစ် အသုံးပြုခဲ့ခြင်းပင်။
နောက်ပိုင်း သူ့အတွက် အလုပ်က အရမ်းလွယ်ကူလွန်းလာသဖြင့် သူ့စီ လာသော လူက နာမည်နည်းနည်းကြီးပြီး သူ ဖတ်ဖူးသော အလုပ်ကို တည်းဖြတ်စေချင်သရွေ့ သူသည် ၎င်းကို လွယ်ကူစွာ တည်းဖြတ်ပေးနိုင်ခဲ့သည်။
မည်သည့်အကြောင်းအရာမဆို သူက ဗီဒီယိုကို ကြည့်ပြီးသည်နှင့် မှတ်မိနိုင်သည်။ အခြားသူများ၏ လိုအပ်ချက်များနှင့်အညီ တည်းဖြတ်ရန်မှာ အခက်အခဲမရှိသည့်အပြင် မိသားစုကို ထောက်ပံ့ရန် ငွေအချို့ကိုလည်း သူ ရှာနိုင်သေးသည်။
ပိုက်ဆံအားလုံးမှာ ရင်းနှီးမြှုပ်နှံခံထားရသောကြောင့် သူသည် တကယ့်ကိုပင် ဆင်းရဲနေပြီး ကျီချန်းရှိူ့ သူ့ကို ထောက်ပံ့နိုင်အောင် သူ ကျီချန်းရှိူ့၏အိမ်တွင် နေထိုင်နေရသည်။
သူသည် ကျီချန်းရှိူ့ထံမှ အိပ်ရာတစ်ဝက်ကိုပင် လုယူထားခဲ့သည်။
ယန်ကျင်းဇီသည် အနုပညာလောကမှ အနားယူပြီး ဆယ်နှစ်အကြာတွင် အနုပညာလောကထဲ၌ နာမည်ကြီး ရွှေအဆင့် ရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်လာခဲ့သည်။
ယန်ကျင်းဇီ စိတ်ဝင်စားသော မည်သည့်ပရောဂျက်မဆို ကြီးကြီးမားမား ရိုက်ခတ်မှုတစ်ခု ဖြစ်မလာရင်တောင် ဘယ်တော့မှ ပိုက်ဆံမဆုံးရှုံးရဘူး ဆိုတာကို ဘယ်သူက မသိလို့လဲ? ယန်ကျင်းဇီသာ ထုတ်လုပ်သူဖြစ်ဖို့ ဆန္ဒရှိနေရင် အဲ့အလုပ်က သေချာပေါက် အမြတ်ထွက်မှာ!
အစပိုင်းတွင် ယန်ကျင်းဇီသည် ရင်းနှီးမြှုပ်နှံမှုအတွက် သူ့ကိုယ်ပိုင်ပိုက်ဆံများကိုသာ အသုံးပြုခဲ့သည်။ ပိုက်ဆံမှာ ပမာဏများပြားသော်လည်း မီးရှို့ခံရသကဲ့သို့ ပိုက်ဆံအကုန်မြန်သော အနုပညာလောကထဲသို့ ထည့်သွင်းရန် အမှန်ပင် မလုံလောက်လေသောကြောင့် သူသည် ရင်းနှီးမြှုပ်နှံသူများထဲမှ တစ်ယောက်သာ ဖြစ်နိုင်သည်။
သို့သော် နောက်ပိုင်းတွင် ကျီချန်းရှိူ့သည် သူ့ပိုက်ဆံများကို ယန်ကျင်းဇီအား ပေးခဲ့ပြီး ယန်ကျင်းဇီအား စီမံခွင့်ပြုခဲ့သည်။
ထိုအခါမှသာလျှင် ယန်ကျင်းဇီသည် ကျီချန်းရှိူ့က သူ့ထက် ပိုချမ်းသာမှန်း သိလိုက်ရသည်... ထို့အပြင် ကျီချန်းရှိူ့က ချမ်းသာသော ဒုတိယမျိုးဆက် ဖြစ်ပြီး သူက ပိုက်ဆံအများကြီးရှာနိုင်ခဲ့သည်။ မူလပိုင်ရှင်နှင့်အတူရှိနေစဉ်ကလည်း သူသည် မူလပိုင်ရှင်၏တီဗီစီးရီးတွင် ပိုက်ဆံရင်းနှီးမြှုပ်နှံခဲ့သေးသည်။ ထိုတီဗီစီးရီးက နာမည်ကြီးလာခဲ့ပြီး သူလည်း ဝင်ငွေအများကြီးရလိုက်သည်။
ကျီချန်းရှိူ့၏ပိုက်ဆံနှင့် ယန်ကျင်းဇီ၏ရင်းနှီးငွေမှာ တိုးလာပြီး သူသည် ပိုက်ဆံကို ပိုမြန်မြန်ရှာနိုင်ခဲ့သည်။ သူလည်း ထုတ်လုပ်သူတစ်ယောက်အဖြစ်နှင့်လည်း သူကိုယ်တိုင် ရုပ်ရှင်များ စတင်ဖန်တီးခဲ့၏...
အတိုချုပ်အားဖြင့် ဆယ်နှစ်အကြာတွင် တစ်ချိန်က နာမည်ကြီးမင်းသား ဖြစ်ခဲ့သော ယန်ကျင်းဇီသည် ယခုအချိန်၌ လူသိများသော ရင်းနှီးမြှုပ်နှံသူနှင့် ထုတ်လုပ်သူ ယန်ကျင်းဇီ ဖြစ်လာခဲ့ပြီဖြစ်သည်။
သူနှင့်ကျီချန်းရှိူ့တို့၏အချစ်ရေးကလည်း လူသိများသည်။
ယန်ကျင်းဇီသည် သူ အနုပညာလောကမှ နှုတ်ထွက်ပြီးနောက် အစပိုင်းအချိန်များ၌ အပြင်မထွက်ခဲ့ပေ။
သူနှင့်ကျီချန်းရှိူ့တို့၏ နမ်းနေသော ဓာတ်ပုံများ ထွက်လာသော်လည်း သူက တုံ့ပြန်ခြင်းမရှိ။
ဤအသိုင်းအဝိုင်းအတွင်း လိင်တူနှစ်သက်သူ များစွာရှိသည်။ သူတို့ကိုယ်တိုင် ထုတ်မပြောသရွေ့ အားလုံး ငြိမ်သက်နေမည်ဖြစ်သော်လည်း သူတို့ထုတ်ပြောလိုက်လျှင်တော့ သူတို့ ပြဿနာအများကြီးနှင့် ကြုံရပေလိမ့်မည်။
ထို့အပြင် ထိုအချိန်တွင် သူ အနုပညာလောကမှ ထွက်လာခဲ့သော်လည်း သူ့တွင် သူ လက်ခံထားသော ကြော်ငြာများ ရှိနေဆဲဖြစ်သည်။
ထိုကြော်ငြာများသည် နာမည်ကြီးများ မဟုတ်ချေ။ အများစုမှာ သူ အရမ်းနာမည်မကြီးခင်ကတည်းက လက်မှတ်ထိုးထားခဲ့ခြင်းဖြစ်သည်။ သူ ထုတ်မပြောလျှင် လူများက သူနှင့် စာချုပ်ကို ဖျက်သိမ်းကြလိမ့်မည်မဟုတ်ပေ။ အဆုံးမှာတော့ သူ အနုပညာလောကမှ ထွက်လာခဲ့လျှင်တောင်မှ ကြည့်ရှုသူ ဖြတ်သွားဖြတ်လာများ ရှိနေဦးမည်ဖြစ်သည်။ သို့သော် သူ ထုတ်ပြောလိုက်လျှင်... ထိုသူများက သူနှင့် စာချုပ်ဖျက်သိမ်းချင်ကြလိမ့်မည်ဖြစ်၏။
ထို့ကြောင့် သူရော ကျီချန်းရှိူ့ရော ထိုအချိန်၌ ထိုကိစ္စအတွက် အပြုသဘော မတုံ့ပြန်ခဲ့ပေ။
သေချာတာပေါ့၊ လူတိုင်းက ထုတ်ပြောစရာမလိုဘဲ သတိထားမိကြသည်။
ယန်ကျင်းဇီက 'အနုပညာလောကမှ နှုတ်ထွက်'ပြီးနောက် သူက ကျီချန်းရှိူ့နောက် စတင်လိုက်ပါပြီး ရိုက်ကူးရေးအဖွဲ့အမျိုးမျိုးမှာ လှည့်လည်သွားလာနေမှန်း ဘယ်သူက မသိလို့လဲ?
သတင်းများ ပထမဆုံးအကြိမ် ထွက်လာသောအခါ လူတချို့က ထွက်လာပြီး သူ့ကို ရယ်သွမ်းသွေးကြသည်။ ထိုသူများသည် သူက သွားရောက်ပြီး ရုပ်ရှင်ပြန်ရိုက်နေသည်ဟု တွေးကြရင်း သူ အနုပညာလောကမှ နှုတ်ထွက်ရန် ဆူညံသံများ ပြုလုပ်သွားခြင်းမှာ အတုအယောင်သာ ဖြစ်ကြောင်းနှင့် လက်တွေ့တွင်တော့ သူက အနုပညာလောကထဲတွင် ဆက်လက်ရောနှောချင်နေသေးသည်ဟု ပြောနေခဲ့ကြသည်။
သို့သော် သူက တကယ်မလုပ်ခဲ့ပေ။ သူက ရောက်လာပြီး ကစားရုံနှင့် ကြည့်ရုံသာဖြစ်ကာ လုံးဝ ရုပ်ရှင်မရိုက်ဟု ရိုက်ကူးရေးအဖွဲ့မှ လူများ ပြောနေကြခြင်းမှာ ဖော်ထုတ်ခံခဲ့ရသည်။
Anti-fan : " ... "
ဤကဲ့သို့ အလှည့်အပြောင်းအနည်းငယ်ဖြစ်ပြီးနောက် anti-fan များသည် တဖြည်းဖြည်း ကျဆုံးသွားကြပြီး အရူးအမူးဖြစ်ကြသော ပရိသတ်များလည်း ထွက်ခွာသွားကြသော်လည်း ယန်ကျင်းဇီတွင် ပရိသတ်များစွာ ကျန်ရစ်နေခဲ့သည်။
ဤအချိန်မှာ ယန်ကျင်းဇီ weibo တွင် ပို့စ်စတင်ချိန်ဖြစ်ပြီး သူတို့နှစ်ယောက် အတူရှိနေပြီဖြစ်ကြောင်း တိုက်ရိုက်ဝန်ခံလိုက်သည်။
မသိမသာဖြင့် သူနှင့်ကျီချန်းရှိူ့တို့တွင် CP အတွဲပရိသတ်များ ပိုပိုများလာကာ သူတို့က အသိုင်းအဝိုင်းထဲ၌ အသိအမှတ်ပြုခံရသော စံပြချစ်သူများ ဖြစ်လာကြသည်။
အစတွင် ယန်ကျင်းဇီသည် ကျီချန်းရှိူ့နှင့် မထိုက်တန်ဟု လူအများက ခံစားခဲ့ကြရသည်။ ယန်ကျင်းဇီတွင် မူလက တက်လမ်းရှိခဲ့သည်မှာ မှန်သော်လည်း သူ အနုပညာလောကမှ နှုတ်ထွက်ပြီးနောက် ၎င်းက ပျောက်ကွယ်သွားသည်။ သို့သော် ကျီချန်းရှိူ့အတွက်မူ သူသည် ရုပ်ရှင်ရိုက်ခြင်းမှ ပိုက်ဆံသိပ်မရှာနိုင်သော်လည်း သူက ဒါရိုက်တာတစ်ယောက် ဖြစ်လာပြီး သူ ထုတ်လုပ်သော ရုပ်ရှင်ဇာတ်ကားများမှာ အလွန်ရေပန်းစားနေဆဲ!
သို့သော် နောက်ပိုင်း ယန်ကျင်းဇီ များစွာသော နာမည်ကြီး ရုပ်ရှင်များနှင့် တီဗီစီးရီးများတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီးနောက် အငြင်းပွားမှုမှာ ပြောင်းပြန်ဖြစ်သွားသည်။ ပထမတော့ လူအချို့ကသာ ယန်ကျင်းဇီအတွက် ကျီချန်းရှိူ့သည် လုံလုံလောက်လောက် မကောင်းမွန်ဟု ခံစားခဲ့ကြရသည်။
ဆယ်နှစ်ကြာပြီးနောက်မှာတော့ မူလက အသက်နှစ်ဆယ်ကျော်သာ ရှိသေးသည့် ငယ်ရွယ်နုပျိုပြီး ချောမောသော ယန်ကျင်းဇီသည် နှစ်ကာလများထံမှ ရင့်ကျက်မှု ကျက်သရေဖြင့် အပ်နှင်းခံခဲ့ရကာ ပိုပိုပြီး ဆွဲဆောင်မှုရှိလာသည်။ ပိုအရေးကြီးသည်မှာ ရုပ်ရှင်ရုံတွင် နှစ်ဘီလီယံနှင့် ရောင်းချခဲ့ရသော ရုပ်ရှင်တော်တော်များများ၌ ယန်ကျင်းဇီ ရင်းနှီးမြှုပ်နှံထားခဲ့မှန်း ဘယ်သူက မသိလို့လဲ?
ရှယ်ယာများကို ခွဲဝေပြီး အခွန်များကို ပေးဆောင်ပြီးသွားပြီဆိုလျှင်တောင်မှ ယခုအခါတွင် ယန်ကျင်းဇီသည် အနည်းဆုံး ဒေါ်လာဘီလီယံနှင့်ချီပြီး ချမ်းသာနေပြီဖြစ်သည်။
ဤငွေသည် လူချမ်းသာစာရင်းများထဲမှ လူများ၏ငွေနှင့် နှိုင်းယှဉ်၍မရသော်လည်း ၎င်းသည် သေချာပေါက် များပြားကာ သမာအာဇီဝကျကျ ရရှိသည့် ငွေအစစ်အမှန် ဖြစ်နေဆဲပင်။
သို့သော် ရုပ်ရှင်များ ဖန်တီးနေကာ ပိုပိုပြီး နာမည်ကြီးလာသော ကျီချန်းရှိူ့သည် ယန်ကျင်းဇီထက် အသက်ရှစ်နှစ်ပိုကြီးကာ အသက်လေးဆယ်ကျော်ပြီဖြစ်သည်။
ကျီချန်းရှိူ့၏ရုပ်ရည်မှာ မဆိုးသော်လည်း ယန်ကျင်းဇီလောက်တော့ မကောင်းမွန်သည်မှာ အသေအချာပင်။
ထို့အပြင် ဒါရိုက်တာတစ်ယောက်ဖြစ်ရခြင်းသည် ခက်ခဲကြမ်းတမ်းသော အလုပ်ဖြစ်သည်။ သင်သည် အမြဲတမ်း ဟိုဟိုသည်သည် လျှောက်သွားနေရမည်ဖြစ်ကာ နေနှင့်မိုးကို ထိတွေ့ရသောကြောင့် ညစ်ပေပြီး မျက်တွင်းကျသော မျက်နှာနှင့် ဓာတ်ပုံရိုက်ခံရမှာကို သင် လုံးဝ ရှောင်လွှဲနိုင်မည်မဟုတ်! လူအချို့သည် ကျီချန်းရှိူ့က သိပ်မကောင်းဟု ထင်နေကြသည်။
ဟုတ်ပါတယ်၊ အင်တာနက်ပေါ်မှ လူများကသာ ထိုသို့ထင်ကြသော်လည်း အသိုင်းအဝိုင်းထဲမှ လူများကတော့ ၎င်းကို လှောင်ပြောင်ကြလေသည်။
တကယ်ဆိုရင် ကျီချန်းရှိူ့က ယန်ကျင်းဇီထက် ပိုချမ်းသာတယ်!
ယန်ကျင်းဇီသည် သူ အခြားသူများထံတွင် ရင်းနှီးမြှုပ်နှံသောအခါ သူက ကျီချန်းရှိူ့ကိုလည်း ကူညီပြီး ရင်းနှီးမြှုပ်နှံပေးသည်။ ကျီချန်းရှိူ့တွင် သူ့ထက် ရန်ပုံငွေပိုများသည်။ တစ်နည်းအားဖြင့် ကျီချန်းရှိူ့သည် ယန်ကျင်းဇီထက် တစ်ပြားတစ်ချပ်မှ မလျော့ဘဲ ဝင်ငွေရထားသည်။
ဒါ့အပြင် ကျီချန်းရှိူ့က အခုဆိုရင် နာမည်ကြီးဒါရိုက်တာတစ်ဦး ဖြစ်နေပြီ!
ကျီချန်းရှိူ့ကဲ့သို့သော နာမည်ကြီးဒါရိုက်တာများသည် လုံးဝ ငွေမပြတ်လပ်ဘဲ အချို့နာမည်ကြီးများဆိုလျှင် လျှော့ချထားသော သရုပ်ဆောင်ခနှင့်ပင် သူ့ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ရန် ဆန္ဒရှိနေကြသည်။
အနုပညာလောကအတွင်း ချမ်းသာသော ရင်းနှီးမြှုပ်နှံသူများ မရှားပါးသော်လည်း ဒါရိုက်တာကောင်းများကတော့ အနည်းငယ်သာ ရှိသည်။
ဘာအကြောင်းနဲ့များ ကျီချန်းရှိူ့က ယန်ကျင်းဇီနဲ့ မထိုက်တန်ရမှာလဲ?
ကျီချန်းရှိူ့က သူ့လက်ချောင်းများကို ကွေးဖို့ ဆန္ဒရှိသရွေ့ သူ့အိပ်ရာကို သွားချင်သော လတ်လတ်ဆတ်ဆတ် အသားတုံးလေးများ များစွာရှိနေလိမ့်မည်ဖြစ်သည်။
ဒါပေါ့၊ ယန်ကျင်းဇီဆိုလည်း အတူတူပါပဲ။
အနုပညာလောကသည် ဖြားယောင်းဆွဲဆောင်မှုများနှင့် ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်ကြောင်း လူတိုင်း ဝန်ခံရမည်ပင်။ အစပိုင်းတွင် အလွန်ချစ်ခဲ့ကြသော စုံတွဲများစွာသည် နှစ်အနည်းငယ်ကြာပြီးနောက် ခွဲခွာသွားတတ်ကြသည်။ ထို့ကြောင့် လူတော်တော်များများက ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့လည်း ကြာရှည်မတွဲနိုင်လောက်ဟု ခံစားခဲ့ကြရသည်။
မကြာသေးမီနှစ်များအတွင်း နှစ်ဦးသားကြားမှ 'သံသယဖြစ်ဖွယ် လမ်းခွဲမှု' မှာ မကြာခဏ ရှာဖွေခံရလေ့ရှိသည်။
တစ်ခါမှာ ကျီချန်းရှိူ့ ညဘက် ရိုက်ကူးနေသော အကြိမ်ဖြစ်ပြီး သူသည် အနည်းငယ် မျက်တွင်းချောင်နေပုံနှင့် ဓာတ်ပုံအရိုက်ခံလိုက်ရသည်။ ထို့နောက် "ကျီချန်းရှိူ့ကို ကြည့်ရတာ ညှဉ်းသိုးသိုးပုံစံနှင့် စွန့်ပစ်ခံလိုက်ရတယ်လို့ သံသယဖြစ်မိပါတယ်" ဆိုသော သတင်းများ ထွက်လာတော့သည်။
နောက်တစ်ခါမှာ သူတို့ ဈေးဝယ်ရန် စူပါမားကတ်ကို သွားသည့်အချိန် ဖြစ်ပြီး သူတို့နှစ်ယောက်စလုံးတွင် မည်သည့်အမူအရာမှမရှိချိန်၌ မတော်တဆ ဓာတ်ပုံရိုက်ခံလိုက်ရပြန်သည်။ ထို့နောက် "ကျီချန်းရှိူ့နဲ့ယန်ကျင်းဇီတို့က စူပါမားကတ်မှာ တစ်ချိန်တည်း ပေါ်လာပြီး သူတို့ကို ကြည့်ရတာ လမ်းခွဲပြီးသွားကြပုံပေါ်ပါတယ်" ဆိုသော သတင်းများ တက်လာပြန်တော့လေသည်။
ကျီချန်းရှိူ့နှင့် ကိုယ်အလေးချိန်တက်လာသည့် အမေယန်တို့ ဈေးဝယ်ထွက်ချိန်တွင်တောင် ဓာတ်ပုံအရိုက်ခံရဖူးသော အကြိမ်ပင် ရှိပြီး ကျောဘက်မှ ဓာတ်ပုံအရိုက်ခံခဲ့ရခြင်းဖြစ်သည်။ ကျီချန်းရှိူ့က လက်ထပ်ပြီးသွားပြီဖြစ်ပြီး သူ့ဇနီးတွင် ကိုယ်ဝန်ရှိနေပြီဟုပင် သံသယဖြစ်မိသည်ဟူ၍ လူတချို့က ပြောခဲ့ကြသည်။
ယန်ကျင်းဇီ : " ... " မီဒီယာတွေရဲ့ စိတ်ကူးနိုင်စွမ်းက အရမ်းကြွယ်ဝတာကိုတော့ သူ ဝန်ခံရမယ်။ သူတို့က ပုံတစ်ပုံတည်းနဲ့တောင် အကြောင်းအရာများစွာကို စုစည်းနိုင်တယ်။
အချိန်အများစုတွင် ယန်ကျင်းဇီသည် ဤသတင်းများကို ရယ်မောလေ့ရှိကာ အလွန်ဆုံးမှာ weibo တွင် ရှင်းပြခြင်းသာ ဖြစ်သော်လည်း မကြာသေးမီက...
ဆင်တူတဲ့ သတင်းတစ်ပုဒ်က သူ့ကို အထူးနာမည်ကြီးစေခဲ့တယ်!
ပြီးခဲ့သည့်နှစ်၌ ကျီချန်းရှိူ့တွင် မြောက်ဝင်ရိုးစွန်း၌ ရုပ်ရှင်ရိုက်ရန် စိတ်ကူး ရုတ်တရက် ရလာခဲ့သည်။
ယန်ကျင်းဇီ ဘာလုပ်နိုင်လဲ? ကျိန်းသေပေါက် သူ သူ့ကို ပံ့ပိုးပေးရမှာပေါ့!
အများအားဖြင့် ကျီချန်းရှိူ့ ရုပ်ရှင်ရိုက်သောအခါ ယန်ကျင်းဇီက ထုတ်လုပ်သူ ဖြစ်လိမ့်မည်ဖြစ်သည်။ ဤတစ်ခါလည်း ခြွင်းချက်မရှိ။ သူသည် ကျီချန်းရှိူ့အား ကူညီကာ ကြိုတင်ပြင်ဆင်မှုများစွာကို ပြုလုပ်ပေးခဲ့ပြီး မြောက်ဝင်ရိုးစွန်း၌ ကျီချန်းရှိူ့နှင့်အတူ နောက်ထပ်တစ်လကြာအောင် နေခဲ့သည်။
တစ်လအကြာတွင် သူသည် တစ်စုံတစ်ခုကြောင့် မြောက်ဝင်ရိုးစွန်းမှ ထွက်ခွာခဲ့ရသည်။
ကြုံတွေ့နေရသော ကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်း အဆုံးသတ်ရန် အချိန်တစ်လခွဲပင် ကြာမြင့်သွားသည်။ ယန်ကျင်းဇီ ကျီချန်းရှိူ့ကို အဖော်ပြုပေးရန် မြောက်ဝင်ရိုးစွန်းကို သွားခါနီး၌ အဖေကျီသည် ရုတ်တရက် နေမကောင်းဖြစ်လေသည်။
အဖေကျီသည် အူအတက်ရောင်နေ၍ ခွဲစိတ်ကုသရန် လိုနေခဲ့သည်။
ဤသည်မှာ အသေးစားခွဲစိတ်မှုလေးသာ ဖြစ်သည်။ ကျီချန်းရှိူ့ကို မြောက်ဝင်ရိုးစွန်းမှ ပြန်ခေါ်ရန် မလိုအပ်ပေ။ ကျီချန်းရှိူ့ ပြန်လာချိန်တွင် အဖေကျီသည် ကုသမှုခံယူပြီးသွားပြီဖြစ်နိုင်သော်လည်း တစ်ယောက်ယောက်ကတော့ ဂရုစိုက်ပေးရန် လိုသည်... ယန်ကျင်းဇီ ဆက်နေဖြစ်ခဲ့သည်။
ရလဒ်မှာတော့ ခွဲစိတ်ကုသမှုခံယူရန် ဆေးရုံတက်နေသော အဖေကျီအား သူ အဖော်ပြုပေးနေစဉ် သူ မင်းသမီးတစ်ဦးနှင့် လမ်းတွင် တွေ့ကာ ဓာတ်ပုံအရိုက်ခံလိုက်ရပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်၌ သူနှင့်အတူ အခြားကိုယ်ဝန်ဆောင်အမျိုးသမီးနှစ်ဦးလည်း ရှိနေခဲ့လေရာ သားဖွားမီးယပ်ဌာနသို့ မင်းသမီးနှင့်အတူ သူ လိုက်ပါလာသည် ဟူသော သတင်းများ အွန်လိုင်းပေါ်တွင် ချက်ချင်း ပေါ်လာတော့သည်။
အဲ့ဒါတင်မကသေးဘဲ အမျိုးသမီးကြယ်ပွင့်လေးက ပိုနာမည်ကြီးချင်တာကြောင့် သူ(မ)က မရှင်းလင်းဘဲ တခြားသူများကို အထင်မှားစေမည့် မရေရာမှုတချို့ကိုပင် ပြုလုပ်ခဲ့သည်။
အချိန်တစ်ခုအထိ အင်တာနက်တွင် နောက်ထပ်ရည်းစားအသစ်အကြောင်း သတင်းများနှင့် ပြည့်နှက်နေခဲ့ပြီး သူတို့နှစ်ယောက် လမ်းခွဲပြီးသွားပြီဖြစ်ကြောင်း ကျိန်ပြောကြသော အတွင်းလူယောင်ဆောင်သည့် လူများပင် ရှိသည်။
များသောအားဖြင့် ဤကဲ့သို့ကိစ္စမျိုး ဖြစ်လာသောအခါ ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့က သူတို့၏ချစ်ခြင်းကို ပြသပြီး ရှင်းပြလိုက်မည်ဆိုလျှင် အဆင်ပြေသွားမည်ဖြစ်သည်။ ဒါပေမယ့် ကျီချန်းရှိူ့က အခု မြောက်ဝင်ရိုးစွန်းမှာလေ!
ထို့ပြင်...သာမန်လူများ၏အမြင်တွင် ရုပ်ရှင်များ ဖန်တီးရခြင်းကို စွဲလမ်းနေသော ကျီချန်းရှိူ့သည် လပေါင်းများစွာ ပေါ်မလာခဲ့ပေ... သူတို့သည် ကျီချန်းရှိူ့က ရှော့ခ်ရသွားပြီး ပုန်းအောင်းနေသည်ဟု ထင်နေကြသည်။
လူတချို့ဆိုလျှင် ယန်ကျင်းဇီ လွန်ခဲ့သော ရက်အနည်းငယ်က အလုပ်များလုပ်နေစဉ် အခမ်းအနားတစ်ခုကို တက်ရောက်နေသော ဓာတ်ပုံကိုပင် တွေ့ရှိခဲ့ကြ၏။ ပြောကြသည်မှာ ထိုအချိန်၌ ယန်ကျင်းဇီသည် ကျီချန်းရှိူ့မပါဘဲ တစ်ယောက်တည်း ပေါ်လာသည် ဟူ၍။
နှစ်ယောက်သား လမ်းခွဲပြီးသွားကြပြီပဲ!
ယန်ကျင်းဇီ အမှန်အတိုင်း ရှင်းပြသည်။ သူသည် ကျီချန်းရှိူ့ ရုပ်ရှင်ရိုက်နေကြောင်း ပြောခဲ့သော်လည်း ဘယ်သူမှ မယုံကြပေ။
ယန်ကျင်းဇီ ခေါင်းမီးတောက်နေပါပြီ။
မစဉ်းစားတော့ဘဲ ယန်ကျင်းဇီသည် ကောလာဟလကို ရှင်းလင်းရန် ငြင်းဆိုသော အမျိုးသမီးကြယ်ပွင့်၏ ကွေ့ချူး ဗီဒီယိုတစ်ပုဒ်ကို တည်းဖြတ်ပြီး 'ကျင်းရှိူ့လျန်ယွမ်' အကောင့်ကို အသုံးပြု၍ တင်လိုက်သည်။ သူသည် တစ်ခါတည်း သူကိုယ်တိုင်၏ ဗီဒီယိုတစ်ပုဒ်ကိုလည်း ရိုက်ပြီး ဤအကောင့်ကို သုံးကာ ၎င်းဗီဒီယိုကို တင်လိုက်လေသည်။
ဗီဒီယိုထဲ၌ ယန်ကျင်းဇီတွင် အေးစက်သော မျက်နှာနှင့် ပြင်းထန်သော အငွေ့အသက်များ ရှိနေသည် : " ဘာတွေပဲဖြစ်လာပါစေ ငါနဲ့ကျီချန်းရှိူ့ လမ်းခွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး! ငါ သူ့ကို ငါ့ဘဝတစ်သက်တာလုံးစာ ချည်နှောင်ပြီးသွားပြီ! ကောလာဟလတွေကို ဖြန့်တဲ့သူမှန်သမျှ ငါ သူ့ကို အနာဂတ်မှာ hack လုပ်မယ်! "
"ယန်ကျင်းဇီက အရမ်းကောင်းတဲ့ ချစ်သူပဲ!"
"ငါ့ရဲ့ CP က ပြိုပျက်ဖို့ မဖြစ်နိုင်ဘူးလို့ ငါ ပြောခဲ့တယ်!"
"ယန်ကျင်းဇီက အရမ်းချောတယ်!"
…
လူတိုင်းက မက်ဆေ့ချ်(စာ)ချန်ခဲ့ကြပြီး ခဏအကြာတွင် တစ်စုံတစ်ဦးက ရေးလာသည် : "ခဏလေး ကျင်းရှိူ့လျန်ယွမ်က ယန်ကျင်းဇီ?!!!"
အခြားသူများ : " ... "
"ယန်ကျင်းဇီက သူတို့ရဲ့ကိုယ်ပိုင် CP ဗီဒီယိုတွေကို တည်းဖြတ်ခဲ့တယ်။ သူ ကျီချန်းရှိူ့ကို အချစ်စစ်နဲ့ ချစ်တယ်ဆိုတာ သေချာတယ်!"
"ငါ့ရဲ့ ချစ်စရာကောင်းတဲ့ ဆယ်နှစ်တာ CP က ငါ့ကို ခွေးစာတွေ အပြည့်ကျွေးလိုက်ပြန်ပြီ!"
"ကျင်းရှိူ့လျန်ယွမ်က မိန်းမပျိုတစ်ယောက်လို့ ငါ အမြဲတမ်း ထင်ခဲ့တာ ဒါပေမယ့် သူက အစ်ကိုကြီးတစ်ယောက် ဖြစ်နေခဲ့တယ်!"
"ဒါက ဘယ်လိုနတ်သမီးအချစ်မျိုးလဲ!"
…
ယန်ကျင်းဇီ နောက်တစ်ကြိမ် ထပ်ပြီး နာမည်ကြီးသွားပြန်သည်။
တစ်ချိန်တည်းမှာပဲ အခုမှ အွန်လိုင်းပေါ် ရောက်လာသော ကျီချန်းရှိူ့ : " ... " ဘာဖြစ်သွားတာလဲ?
အပြင်လူများ မည်မျှပင် မကျေမနပ်ဖြစ်နေကြပါစေ ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့ဟူသော လူသားနှစ်ယောက်တို့က အဆုံးထိတိုင် အတူရှိသွားနိုင်ခဲ့သည်။
လူတချို့အတွက် နှမြောစရာကောင်းသည်။ သူတို့နှစ်ယောက်က သစ်ပင်တစ်ပင်အတွက်နှင့် သစ်တောတစ်တောလုံးကို စွန့်လွှတ်ခဲ့တယ်!
သို့သော် တချို့လူများကတော့ သူတို့က အလွန်အားကျစရာကောင်းသည်ဟု ထင်ကြသည်။
ဘယ်သူက ဖြူစင်တဲ့ဆက်ဆံရေးတစ်ခုကို မလိုချင်လို့လဲ?