အပိုင်း ၅၁ ( The Emperor 1 )
Viewers 10k

ဧကရာဇ်အရှင်


ဆောင်းဦးရာသီ ကုန်လွန်ပြီးနောက် တစ်ချိန်က စိမ်းလန်းခဲ့သော သစ်ရွက်များမှာ ရော်ရွက်ဝါများအဖြစ် ပြောင်းလဲသွားပြီး သစ်ပင်များပေါ်မှ ကြွေကျကုန်ကြသည်။


စစ်သူကြီး၏ခြံဝင်းတွင် သစ်ရွက်ကြွေများဖြင့် ပြည့်‌နေပြီး အစေခံများတွင် သန့်ရှင်းရေးလုပ်ရန် အချိန်မလောက်သောကြောင့် ချူထင်းရှိူ့သည် ရိုးရှင်းစွာပင် ၎င်းတို့ကို မရှင်းလင်းတော့ရန် အစေခံများအား မှာကြားခဲ့သည်။ ထို့ကြောင့် လေ့ကျင့်ရေးကွင်းပြင်တွင် သစ်ရွက်ကြွေများဖြင့် ပြည့်နှက်နေကာ မြင်ကွင်းမှာ ရှုမြင်ချင်စရာဖြစ်နေပြီး လွမ်းဆွေးဖွယ်ကောင်းနေသည်။


ယနေ့ တော်ဝင်ညီလာခံ မရှိသဖြင့် ချူထင်းရှိူ့ စိတ်သက်သာရာရပြီး မနက်စောစော၌ကပင် လေ့ကျင့်ရေးကွင်းပြင်တွင် လေ့ကျင့်နေခဲ့သည်။ သူ လှံကို ဝှီးခနဲ လွှဲယမ်းလိုက်သောအခါ မရေမတွက်နိုင်သော အဝါရောင်လိပ်ပြာကလေးများ လေထဲတွင် ပျံသန်းနေသကဲ့သို့ ညှိုးခြောက်ခြောက် ရော်ရွက်ဝါများက လှံ၏ ပြင်းအားအရှိန်ကြောင့် လေထဲတွင် ဟိုတစ်စုသည်တစ်စု ပြန့်လွင့်သွားကြသည်။


သူ လှံတစ်ချောင်းနှင့် လေ့ကျင့်နေသည်မှာ အချိန်တော်တော်ကြာနေပြီဖြစ်သည်။ တစ်ကြိမ်လေ့ကျင့်ပြီးတိုင်း သူ့ခန္ဓာကိုယ် ပြေလျော့သွားရုံသာမက သူ့စိတ်ခံစားချက်လည်း ပိုကောင်းလာသည်။ ခေါင်းမာသော ထိုလူအိုကြီးများနှင့် မနက်ဖြန် ရင်ဆိုင်ရမည့်အရေးကိုလည်း သူ သိပ်ပြီး မဆန့်ကျင်မိတော့ပေ။


ချူထင်းရှိူ့သည် စစ်သူကြီးတစ်ဦးဖြစ်ပြီး မြောက်ပိုင်းဒေသ၏ မှူးမတ်တစ်ဦးလည်း ဖြစ်ကာ ဧကရာဇ်မင်းမြတ်၏ အုပ်စိုးမှုအောက်တွင် ရှိသည့် အားလုံးသော တပ်များနှင့် မြင်းများကို တာဝန်ယူအုပ်ချုပ်ရသည်။ သို့သော် တိုက်ခိုက်ရန် အားနည်းလွန်းသော ထိုအရပ်ဘက်အရာရှိများနှင့် ရင်ဆိုင်ရသောအခါ သူ အမြဲတမ်း ခေါင်းကိုက်လာတတ်သည်။


ချူထင်းရှိူ့၏အဘိုးဖြစ်သူသည် ဧကရာဇ်ထိုက်ဇူနှင့်အတူ ကြီးမြတ်သော ချီမင်းဆက်၏ မိုင်ပေါင်းသိန်းသောင်းချီသော တောင်တန်းများနှင့် မြစ်များကို အနိုင်ယူသိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြောက်ပိုင်းဒေသကို စောင့်ကြပ်နေသော မြောက်ပိုင်းဒေသ၏ မှူးမတ်အဖြစ် အာဏာအပ်နှင်းခံခဲ့ရသည်။ မြောက်ပိုင်းဒေသသည် ချူထင်းရှိူ့၏ ကြီးပြင်းရာအရပ် ဖြစ်လာခဲ့သည်။


သူသည် ငယ်စဉ်ကတည်းက မြင်းစီးပြီး သူ့ဖခင်နှင့်အတူ သူ့သိုင်းပညာစွမ်းရည်ကို မြှင့်တင်ခဲ့သည်။ သူ၏ တပ်သားများနှင့်အတူတူ တိုက်ပွဲဝင်ခဲ့သော နှစ်ပေါင်းများစွာ အတွေ့အကြုံများက သူ့ကို စစ်ပညာ၏ အရှင်သခင်တစ်ယောက် ဖြစ်လာစေသည်။ အသက်ဆယ့်ခုနစ်နှစ် သို့မဟုတ် အသက်ဆယ့်ရှစ်နှစ်အရွယ်၌ သူသည် နယ်ခြားစောင့်တပ်မှ လူတိုင်း လေးစားသော စစ်သူကြီးငယ်တစ်ဦး ဖြစ်နေပြီဖြစ်သည်။


မည်သည့်မတော်တဆမှုမှ မရှိခဲ့ပါလျှင် သူသည် မြောက်ပိုင်းဒေသတွင်သာ နေထိုင်နေလိမ့်မည်ဖြစ်ပြီး သူ့ဖခင်ကဲ့သို့ပင် ကြီးမြတ်သော ချီမင်းဆက်အတွက် နယ်စပ်ကို စောင့်ကြပ်ပေးနေခဲ့ပေလိမ့်မည်။


သို့သော် ကိစ္စများမှာ လွဲချော်သွားခဲ့လေသည်။


ဧကရာဇ်ထိုက်ဇူသည် ရန်သူကို တိုက်ခိုက်ခဲ့သော သူ၏ အစောပိုင်းနေ့ရက်များ၌ မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရစေခဲ့သည်။ သူသည် နန်းတက်ပြီးနှစ်အနည်းငယ်အတွင်း နတ်ရွာစံခဲ့ကာ သူ ကွယ်လွန်ပြီးနောက် နှောင်းဧကရာဇ်က ထီးနန်းဆက်ခံခဲ့၏။


နှောင်းဧကရာဇ်သည် သူရဲဘောကြောင်သူ ဖြစ်ပြီး ထိုက်ဇူ၏ဧကရီမှ မွေးဖွားလာသူ မဟုတ်ပေ။ ဧကရီသည် အရည်အချင်းနှင့် နည်းဗျူဟာပိုင်းတွင် စတင်တည်ထောင်သူဧကရာဇ်ထက် အရည်အချင်းမလျော့သော ရှားပါးသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။


နှောင်းဧကရာဇ် နန်းတက်ပြီးနောက် အာဏာသည် မယ်တော်ကြီး၏လက်ထဲတွင် ကျန်ရစ်နေဆဲပင်။


နှောင်းဧကရာဇ်သည် ဧကရာဇ်မင်း ဖြစ်လာသော်လည်း ဘဝက မွန်းကြပ်စရာကောင်းပြီး အတွေးများသူတစ်ဦး ဖြစ်သဖြင့် သဘာဝကျစွာပင် သူသည် အသက်မရှည်ဘဲ တဖြည်းဖြည်းနှင့် စောစီးစွာ နတ်ရွာစံသွားသည်။


ဤအချိန်တွင် ဘွားတော်ကြီး ဖြစ်လာသော မယ်တော်ကြီးသည် ကွယ်လွန်သူ နှောင်းဧကရာဇ်၏ များစွာသော သားသမီးများထဲမှ အသက်ဆယ်နှစ်သာ ရှိသေးသည့် လက်ရှိဧကရာဇ်မင်းအား ဧကရာဇ်အဖြစ် ရွေးချယ်ခဲ့သည်။


နန်းတက်ပြီးကတည်းက နန်းတွင်းကို ချုပ်ကိုင်ထားခဲ့သော မယ်တော်ကြီးသည် သူ(မ)၏ဇာတိမျိုးနွယ်ကို မြှင့်တင်ပြီး ပြိုင်ဘက်မျိုးနွယ်များကို ဖယ်ရှားခဲ့ကာ ကျိုးမျိုးနွယ်အား ယန်မျိုးနွယ်ကို လွှမ်းမိုးနိုင်စေခဲ့သည်။


ဤကိစ္စမှာ သေချာပေါက်ပင် တော်ဝင်ညီလာခံအတွင်းသာမက ဧကရာဇ်ထိုက်ဇူနောက်မှ လိုက်ကာ တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့ကြသူများကိုပါ မကျေနပ်ချက်များစွာကို ဖြစ်စေခဲ့လေသည်။ တပ်သားများ လက်ဝယ်ရှိနေသေးသော လူများမှာ လှုံ့ဆော်ခံရပြီး တဖြည်းဖြည်းနှင့် အဆုံး၌ ပုန်ကန်မှု ဖြစ်လာသည်။


မြောက်ပိုင်းဒေသ၏ ယခင်မှူးမတ်ဖြစ်သူ ချူထင်းရှိူ့၏ဖခင် ချူချန်းသည် တော်ဝင်မိသားစုထံသို့ အများနှင့်မတူ တမူထူးသော သစ္စာရှိသူတစ်ဦး ဖြစ်ပြီး သူသည် အင်ပါယာကို ငြိမ်းချမ်းစေရာတွင် ကူညီရန် အမိန့်ရခဲ့သည်။ သို့သော် သူသည် စစ်ပွဲအတွင်း အမှတ်မထင် သေဆုံးသွားခဲ့ပြီး အဆုံးတွင်မူ အသက်နှစ်ဆယ်အရွယ် ချူထင်းရှိူ့သည် ချူမိသားစု၏စစ်တပ်ကို တာဝန်ယူခဲ့ရသည်။


သူသည် ငယ်ရွယ်ပြီး အင်အားပြည့်ဝလွန်းသဖြင့် သူ၏ သမားရိုးကျမဟုတ်သော အင်အားသုံးခြင်းဖြင့် တိုင်းပြည်ကို ငြိမ်းချမ်းအောင် လျင်မြန်စွာ စွမ်းဆောင်နိုင်ခဲ့သည်။ စစ်ပွဲအတွင်း သူ့လက်အောက်မှ ပြည်နယ်၏ မြောက်ပိုင်းစစ်တပ်ကိုပင် ကျားနှင့်ဝံပုလွေတပ်ခွဲအဖြစ် ခွဲထုတ်နိုင်သွားသည်။


ချူထင်းရှိူ့ အသက် ၃၂ နှစ်၌ မြို့တော်သို့ အခမ်းအနားဖြင့် ခမ်းနားစွာ ကြိုဆိုခံခဲ့ရသည်။


သူသည် ထိုအရပ်ဘက်အရာရှိများနှင့် ဆက်ဆံရသည်ကို စိတ်မရှည်ဆုံးဖြစ်ကာ အဆင်မပြေမှုများနှင့် ပြည့်နှက်‌လွန်းနေသောကြောင့် သူ ထိုနေရာမှ စောစောထွက်ပြီး မြောက်ဘက်သို့သာ ပြန်သွားချင်သည်။


ကံမကောင်းစွာဖြင့် ဧကရာဇ်အား ဖျတ်ခနဲ ကြည့်မိလိုက်မှုသည် တစ်သက်တာအမှား ဖြစ်သွားခဲ့သည်။


ချူထင်းရှိူ့သည် ဓလေ့ထုံးထမ်းဌာနမှ ပေးပို့သော တရားဝင်ဝတ်စုံဖြင့် နန်းတော်သို့ သူ အခစားဝင်သည့်နေ့ကို မှတ်မိနေဆဲဖြစ်သည်။ သူ မော့ကြည့်လိုက်သည်နှင့်တပြိုင်နက် နဂါးပုလ္လင်ပေါ်တွင် ထိုင်နေသော ဧကရာဇ်က သူ့အား စိတ်ဝင်တစား ကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။


သူ အရိုအသေပေးရန် ခဏတာ မေ့သွားသည်။ သူ သတိပေးခံရမှသာလျှင် သူ ထိတ်လန့်သွားပြီး အရိုအသေပေးနိုင်ခဲ့သည်။


ဖျတ်ခနဲအကြည့်တစ်ချက်သာ ဖြစ်သော်လည်း သူ နဂါးပုလ္လင်ပေါ်မှ ဧကရာဇ်ကို ကောင်းကောင်းကြည့်နိုင်လိုက်သည်။


ဧကရာဇ်သည် သူ့ထက် သုံးနှစ်ငယ်ပြီး ထီးနန်းဆက်ခံခါစဖြစ်သော်ငြား ခန္ဓာကိုယ်ပိန်ပါးပြီး ပုံစံမှာ ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်ထက်ပင် မပိုချေ။


ဧကရာဇ်အရှင်သည် ချောမောသည်။ သို့သော် သူ့တစ်ကိုယ်လုံးတွင် အားနည်းမှုကို သယ်ဆောင်ထားပြီး သူ့မျက်ခုံးများမှာ ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေသဖြင့် သူ့မျက်ခုံးများကို လှမ်းထိကာ ‌ဖြေလျှော့ပေးနိုင်ပါစေဟု ချူထင်းရှိူ့အား ဆုတောင်းချင်စိတ်ဖြစ်ပေါ်လာစေသည်။


ချူထင်းရှိူ့သည် အဘယ့်ကြောင့် သူ့တွင် ထိုသို့သော သစ္စာမဲ့သည့်အတွေးမျိုး ရှိမှန်း သိပင်မသိသော်လည်း သူ့တွင် ထိုအတွေးက ရှိနေခဲ့သည်။


မူလက သူသည် မြို့တော်မှ စောစောထွက်ခွာလိုခဲ့သော်ငြား မယ်တော်ကြီး၏တောင်းဆိုချက်ကို ‌လိုက်နာရန် ဆက်နေဖြစ်သည်။ မြို့တော်တွင်းမှ ရှုပ်ထွေးပွေလီသော အခြေအနေများကို သူ စတင်ပြီး နားလည်စပြုလာသည်။ ထိုအခါမှသာလျှင် လက်ရှိဧကရာဇ်သည် မယ်တော်ကြီး၏လက်ထဲ၌ ဖိနှိပ်ခံနေရကြောင်း သူ သဘောပေါက်ခဲ့သည်။


မယ်တော်ကြီးသည် မြောက်ပိုင်းစစ်တပ်ကို သူ(မ)လက်ထဲ ၌ ထည့်ထားချင်သည်။ သူ့ကို သိမ်းသွင်းရန် ကြိုးပမ်းမှုများစွာ ကျဆုံးသွားပြီးနောက် သူ(မ)က သူ့ကို ထပ်မံဆက်သွယ်ပြီး အကူအညီတောင်းခဲ့သည်။


မြို့တော်သို့ရောက်ပြီးခြောက်လအကြာတွင် ချူထင်းရှိူ့သည် လျှပ်တစ်ပြက်အရှိန်ဖြင့် မယ်တော်ကြီး အခြေချထားသော ကျိုးမိသားစုတစ်စုလုံးကို ဖယ်ရှားပစ်ခဲ့လေသည်။ မယ်တော်ကြီးအား တစ်သက်တာ မက်မောစွဲလမ်းမှု ကုန်ဆုံးစေသော မြတ်ဗုဒ္ဓ၏တရားကျောင်းသို့ ပို့ဆောင်လိုက်ပြီး ယခင်က ရုပ်သေးရုပ်ဖြစ်ခဲ့သော လက်ရှိဧကရာဇ်သည် အဆုံးမှာတော့ ဧကရာဇ်မင်း အစစ်အမှန် ဖြစ်လာခဲ့သည်။


ချူထင်းရှိူ့သည် သူ့တွင် ရာဇပလ္လင်ပေါ်၌ ထိုင်နေသော အမျိုးသားနှင့်ပတ်သက်ပြီး သစ္စာဖောက်အတွေးအချိူ့ ရှိနေသော်လည်း သူ ၎င်းတို့ကို တစ်ခါမှ မထုတ်ဖော်ရဲခဲ့ပေ။ သူသည် မူလက သူ့စွမ်းဆောင်မှုများနှင့်အတူ အငြိမ်းစားယူချင်ခဲ့သည်။ သို့သော် မထင်မှတ်ထားသည်မှာ မယ်တော်ကြီးသည် လက်ရှိဧကရာဇ်ကို လွန်စွာ ဆိုးဆိုးရွားရွား ပျိူးထောင်ထားလေရာ လက်ရှိဧကရာဇ်က စာပင်မဖတ်တတ်!


လက်ရှိဧကရာဇ်မင်းသည် လျှောက်တင်လွှာကိုပင် မဖတ်နိုင်လေရာ အခြားကိစ္စများကို ဖြေရှင်းရန်မှာ မဖြစ်နိုင်တော့။ ထို့ပြင် နန်းတွင်း၌ ဤဧကရာဇ်ကို မထီမဲ့မြင်ပြုမည့် အမတ်အိုကြီးများ မရှားပါးပေ။ ထိုမျှသာမက ကျိုးမျိုးနွယ်မှာ ဖယ်ရှားခံလိုက်ရသော်လည်း ညီလာခံလည်ပတ်မှုကို ထိန်းသိမ်းရန်အတွက် ချူထင်းရှိူ့သည် မြက်ပင်များကို ခုတ်ထစ်ပြီး အမြစ်များကို ဆွဲနှုတ်ရန် မတတ်နိုင်ခဲ့ပေ။ မယ်တော်ကြီးသည် ဆယ်စုနှစ်များစွာ နန်းတွင်းကို ချုပ်ကိုင်ထားခဲ့ပြီး ထိုအချိန်က ညီလာခံရှိ လူအများစုက ကျိုးမျိုးနွယ်တွေနဲ့ ပတ်သက်ခဲ့ကြတယ်!


ဧကရာဇ်တွင် ရွေးချယ်စရာ မရှိတော့ဘဲ သူ့ထံ လှည့်ကာ သူ့ကို အားကိုးရတော့သည်။


ချူထင်းရှိူ့လည်း ထိုကဲ့သို့သောအခြေအနေမျိုးတွင် မထွက်သွားနိုင်သောကြောင့် သူသည် ဘုရင်မင်းမြတ်အား အမျိုးမျိုးသော ကိစ္စရပ်များနှင့်ပတ်သက်၍ ကူညီပေးခဲ့ပြီး ဘုရင်မင်းမြတ်အား သင်ကြားပေးရန် ကျော်ကြားသော ပညာရှင်တစ်ယောက်ကို ဖိတ်ကြားခဲ့သည်။


သူသည် မူလက စစ်သူကြီးတစ်ဦး ဖြစ်လေရာ ဤကိစ္စများကို ‌ဖြေရှင်းရသည်အား လုံးဝ မနှစ်သက်သော်လည်း လက်ရှိတွင် ထီးနန်းမှာ မငြိမ်မသက်ဖြစ်နေသောကြောင့် ထီးနန်းတည်ငြိမ်သွားအောင်သာ သူ ကူညီနိုင်လေသည်။


ယခုဆိုလျှင် တစ်နှစ်ကျော်သွားပြီဖြစ်သည်။


လက်နက်စင်ပေါ်သို့ သူ့လှံကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီးနောက် ချူထင်းရှိူ့သည် ရေချိုးပြီး အဝတ်အစားလဲကာ နန်းတော်ထဲသို့ ဝင်ရန် အဆင်သင့်ပြင်လိုက်သည်။


ယနေ့ နံနက်ခင်းညီလာခံ မရှိသော်လည်း သူသည် နန်းတော်သို့ သွားကာ ကိစ္စများကို စောင့်ကြည့်ရန် လိုနေဆဲဖြစ်ပြီး ထိုအခါမှသာ ယနေ့ လျှောက်တင်လွှာများကို ဖြေရှင်းရာတွင် အမှားအယွင်းမရှိမည်ဖြစ်သည်။


ညီလာခံခန်းမအတွင်း မည်သူနှင့်မျှ ငြင်းခုံဆွေးနွေးစရာမလိုရုံတင်မက သူ တွေးနေသော လူပုဂ္ဂိုလ်ကို တွေ့မြင်ရတော့မည် ဆိုသော အတွေးက ချူထင်းရှိူ့အား စိတ်အခြေအနေပိုကောင်းလာစေသော်လည်း ၎င်းမှာ သူ တံခါးမှအထွက် သူ့မိထွေး၏သမီး သူ့ညီမ ချူထင်းလန်ကို တွေ့လိုက်ရသည့်အခိုက် မတိုင်ခင် အထိပင်။


ချူထင်းလန်ကို မြင်လိုက်ရသောအခါ ချူထင်းရှိူ့၏နှလုံးသားလေး နစ်မြုပ်သွားခဲ့သည်။


မယ်တော်ကြီး အုပ်ချုပ်မှု၏ ဦးစီးဦးကိုင်နေရာကို စိုးမိုးထိန်းချုပ်ထားစဉ်က သူ(မ)သည် ဘုရင်မင်းမြတ်အား ထိမ်းမြားလက်ထပ်ရန် ပိတ်ပင်တားမြစ်ခဲ့သော်လည်း မယ်တော်ကြီး နန်းကျသွားသောအခါ ညီလာခံတွင်းရှိ တစ်စုံတစ်ယောက်က ဘုရင်မင်းမြတ်အား ဧကရီတစ်ပါးကို ရွေးချယ်ရန် အခါအားလျော်သရွေ့ တောင်းဆိုနေလေ့ရှိသည်။


အများသူငှာ၏ အနှစ်သက်ဆုံး လျာထားခံရသူမှာ ချူထင်းလန် ဖြစ်ပြီး ချူထင်းလန်ကိုယ်တိုင်ကလည်း ဘုရင်မင်းမြတ်ကို အလွန်နှစ်သက်ချစ်ခင်သူ ဖြစ်ကာ သူ(မ) ဘုရင်မင်းမြတ်ကို ထိမ်းမြားလက်ထပ်ချင်ကြောင်း သူ(မ)ဘက်မှ အစပြု၍ ချူထင်းရှိူ့အား ပြောပြဖူးသည်။


ချူထင်းရှိူ့တွင် တားမြစ်ပိတ်ပင်ရန် အကြောင်းပြချက်မရှိလေရာ သဘောတူရုံသာ တတ်နိုင်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူသည် အခြားသူများကဲ့သို့ပင် ဘုရင်မင်းမြတ်အား ဧကရီတစ်ပါးကို ရွေးချယ်ရန် တောင်းဆိုခဲ့သည်။


သူ နံနက်ခင်းညီလာခံကို မသွားချင်သည်မှာ သူ နံနက်ခင်းညီလာခံကို သွားသည့်အခါတိုင်း တစ်စုံတစ်ယောက်က ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲအခမ်းအနားတစ်ခု ကျင်းပပြုလုပ်ရန် စိတ်ကူးကို အစဖော်ပြောဆိုတတ်သောကြောင့်လည်း ဖြစ်သည်။


ဘုရင်မင်းမြတ်၏အနားတွင် ဧကရီတစ်ပါး ရှိနေလိမ့်မည်ဟု သူ တွေးမိလိုက်သည်နှင့်တပြိုင်နက် ပုရွက်ဆိတ်တစ်အုပ်က သူ့နှလုံးသားကို ကိုက်ခဲလိုက်သကဲ့သို့ သူ နာကျင်သွားရသည်။


သို့သော် ဘုရင်မင်းမြတ်သည် ဧကရာဇ်အရှင်တစ်ပါး ဖြစ်သည်။ အချိန်ကာလတစ်ခုတန်လျှင် ဧကရီတစ်ပါးအပြင် အခြားသော ကြင်ယာတော်များလည်း ရှိလာပေလိမ့်မည်။


" အစ်ကိုတော် " ချူထင်းလန်သည် ချူထင်းရှိူ့ကို တွေ့သောအခါ ယဉ်ကျေးသိမ်မွေ့စွာ အရိုအသေပေးသည်။


ချူထင်းရှိူ့၏မိထွေးသည် မိသားစုကြီးတစ်စုမှ မွေးဖွားခဲ့ပြီး ချူထင်းရှိူ့၏ဖခင်နှင့်လက်ထပ်ပြီးနောက် သူ(မ)သည် မြောက်ပိုင်းတွင် နေထိုင်ရသည်ကို အသားမကျပေ။ ထို့ကြောင့် သူ(မ)သည် သူ(မ)နှင့်အတူ နေထိုင်ရန် ချူထင်းလန်ကိုပါ မြို့တော်သို့ ခေါ်သွားပြီး သူ(မ)ကဲ့သို့ အသိပညာဗဟုသုတနှင့် ကောင်းမွန်သော စဉ်းစားဉာဏ်တို့ဖြင့် ပြည့်စုံသော မိန်းမပျိုတစ်ဦး တူညီစွာ ဖြစ်လာရန် ချူထင်းလန်အား ပြုစုပျိုးထောင်ခဲ့သည်။


ချူထင်းရှိူ့သည် သူ့ညီမနှင့် မည်သို့‌လိုက်လျောညီထွေဆက်ဆံရမည်ကို အမြဲတမ်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတတ်ပြီး နောက်ပိုင်းတွင် သူ၏မနာလိုမှုက ထတောက်လာသည်။ သူ သူ့ညီမကို မြင်ရသောအခါ ပိုဆိုးလာသော်လည်း ၎င်းမှာ သူ့ညီမအပြစ် မဟုတ်ချေ။


အကျင့်ယိုယွင်းပြီး ရွံရှာဖွယ်ကောင်းသည့် လူယုတ်မာတစ်ယောက် ဖြစ်သော သူ့ကိုယ်သူသာ အပြစ်တင်သည်။


ချူထင်းရှိူ့သည် နှစ်အတော်ကြာ တိုက်ပွဲဝင်ခဲ့ပြီး သူသည် သူ့ဒေါသကို ထိန်းချုပ်ခြင်းနှင့် သူ့ခံစားချက်များကို ဖုံးကွယ်ခြင်းတွင် တော်သည်။ ဤအချိန်တွင် သူသည် ပို၍ပျော့ပျောင်းသော အမူအရာကို ပြရုံသာရှိသည် : " ဘာလဲ? "


ချူထင်းလန်အတွက် ချူထင်းရှိူ့၏သဘေထားမှာ တကယ့်ကို အေးစက်ပုံနေရပြီး သူ(မ)ကို စိတ်မချမ်းမသာဖြစ်စေသည်။ သူ(မ)သည် သူ(မ)၏အမူအရာကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက်ပြီး သူ(မ)၏ခါးမှ ကြာပန်းအိတ်လေးကို ထုတ်ယူလိုက်သည်။


သူ(မ) နောက်တစ်ကြိမ် ပြန်မော့ကြည့်သောအခါ ရှက်ရွံ့မှုကသာ သူ(မ)မျက်နှာပေါ်တွင် ကျန်ရှိနေပြီး သူ(မ)လက်ထဲရှိ ကြာပန်းအိတ်ကို ချူထင်းရှိူ့အား ပေးလာကာ သူ(မ)က ပြောသည် : " အစ်ကိုတော် ညီမလေး မင်းကြီးအတွက် ကြာပန်းအိတ်လေးတစ်လုံး ပန်းထိုးထားတယ်။ "


ချူထင်းရှိူ့၏အသက်ရှူမှု တန့်သွားသည် : " နန်းတော်ကို ပစ္စည်းတွေ ယူသွားတာ မကောင်းဘူး။ "


" အစ်ကိုတော်၊ နန်းတော်ကို တစ်ခုခု သယ်သွားရတာ အစ်ကို့မှာ သေချာပေါက် ပြဿနာမရှိနိုင်ပါဘူး။ " ချူထင်းလန်က ဆိုသည်။ ပြီးနောက် အနည်းငယ်သော အသနားခံမှုနှင့် ချူထင်းရှိူ့အား ကြည့်ကာ " အစ်ကိုတော်... "


အဆုံးမှာတော့ ချူထင်းရှိူ့ အိတ်ကို လက်ခံလိုက်ရသည်။


အိတ်ကို သူ့ရင်ဘတ်ထဲ ထည့်သိမ်းလိုက်ရင်း ချူထင်းရှိူ့ နန်းတော်သို့ အလျင်လိုစွာ ဝင်ရောက်သွားခဲ့သည်။ ထို့နောက် သူသည် ဘုရင်မင်းမြတ်က အတန်းထဲတွင် ရှိနေကြောင်း သိလိုက်ရသဖြင့် မိမိတို့ဘက်မှ ထောက်ခံနေသော အမတ်အချို့ကို ဦးစွာ သွားတွေ့ခဲ့သည်။


ဧကရာဇ်အရှင်အား သစ္စာစောင့်သိရန် ထိုအမတ်များကို ချူထင်းရှိူ့ကိုယ်တိုင် ရွေးချယ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူတို့ထဲက ဘယ်သူမှ သူ့ကို ကောင်းမွန်စွာ မဆက်ဆံကြပေ။ သူတို့တွင် သူနှင့်ပတ်သက်ပြီး ထင်မြင်ချက်များစွာ ရှိကြကာ သူနှင့်သူတို့၏ ဆက်ဆံရေးမှာ တော်တော်လေး ဆိုးရွားသည်။


ကံကောင်းထောက်မစွာဖြင့် ဘုရင်မင်းမြတ်က သူ့သင်ခန်းစာကို အဆုံးသတ်ခဲ့ပြီး သူနှင့်အတူ ထမင်းစားရန် သူ့ကို(ချူထင်းရှိူ့ကို) ဖိတ်ကြားခဲ့သဖြင့် ၎င်းတွေ့ဆုံမှုမှာ နာရီဝက်မျှသာ ကြာမြင့်ခဲ့သည်။


ချူထင်းရှိူ့သည် ထမင်းအတူစားရန် ဘုရင်မင်းမြတ်ထံမှ မကြာခဏ ဖိတ်ကြားခံရလေ့ရှိပြီး ၎င်းကို ကျင့်သားရနေပြီဖြစ်သော်ငြား သူ ပျော်ရွှင်နေဆဲဖြစ်သည်။


သူသည် ဘုရင်မင်းမြတ်၏ရှေ့တော်သို့ မသွားမီ လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်၍ ရေနှစ်ကာ မျက်နှာကို သုတ်လိုက်ပြီး သူ့အဝတ်အစားကိုလည်း ဖြောင့်တန်းစေလိုက်သေးသည်။


ယခုနှစ်တွင် မယ်တော်ကြီး၏ ထိန်းချုပ်မှု မရှိတော့သော လက်ရှိဧကရာဇ်မှာ ပြည့်ဖြိုးလာကာ ယခင်က ပိန်ပါးသော ဝါးတိုင်တစ်တိုင်ကဲ့သို့ မဟုတ်တော့ဘဲ ပိုပိုပြီး ချောမောလာသည်။


သူ့ကို ချူထင်းရှိူ့ တွေ့လိုက်ရသောအခါ အလွန့်အလွန်ပျော်ရွှင်သွားသော်လည်း သူ သူ့ကိုယ်သူ အနည်းငယ်တော့ ကဲ့ရဲ့လိုက်သည်။


" အိုက်ချင်း* ဒါက ကျန်းနန်က အခုမှ ပို့လိုက်တဲ့ မက်မွန်ဝိုင်။ အိုက်ချင်း သောက်ကြည့်ပါဦး။ " ဧကရာဇ်သည် ဝိုင်ကရားတစ်လုံးကို ထုတ်လာပြီး ချူထင်းရှိူ့အတွက် ဝိုင်တစ်ခွက်ကို လောင်းထည့်ပေးသည်။


ချူးထင်းရှိူ့ ဝမ်းသာသွားကာ သူ့အသံက အနည်းငယ် တုန်ယင်နေသည် : " မင်းကြီး... "


" အိုက်ချင်း သောက်ကြည့်လေ။ " ဧကရာဇ်သည် ချူထင်းရှိူ့ကို ကြည့်ကာ အပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြသလာသည်။


ချူထင်းရှိူ့၏လည်ချောင်း ခြောက်သွေ့လာကာ ရေငတ်လာသဖြင့် သူသည် ဝိုင်ခွက်ကို ကောက်ယူပြီး အကုန်သောက်ချပစ်လိုက်သည်။


ဝိုင်က အနည်းငယ် ချိုမြပြီး ၎င်းနှင့်အတူ ခါးသက်မှုတစ်ခုက ကပ်လျက် လိုက်ပါလာသည်။


မဟုတ်ဘူး၊ အဲ့ဒါ ခါးတာ မဟုတ်ဘူး။ အဲ့ဒါ... ဆေးအရသာပဲ။


ချူထင်းရှိူ့ အချိန်ခဏလောက်အထိ မိုးကြိုးပစ်ခံရသကဲ့သို့ ကြက်သေသေနေခဲ့သည်။


သူသည် များစွာသော လေဒဏ်နှင့်လှိုင်းဒဏ်တို့ကို ဖြတ်သန်းခဲ့ဖူးပြီး လုပ်ကြံသတ်ဖြစ်မှုများစွာကိုလည်း တစ်ယောက်တည်း တွေ့ကြုံရဖူးသည်။ သူသည် အမျိုးစုံသော ဆိုးရွားပြင်းထန်သည့် ဆေးများနှင့်ပတ်သက်၍ အကြောင်းအရာ တစ်ခု သို့မဟုတ် နှစ်ခုကို သိပြီး ၎င်းတို့အားလုံးကို တစ်ပြိုင်နက် ခံစားသိရှိနိုင်သည်။ ဝိုင်ကို ဆေးခတ်ထားသည်။


နောက်တစ်ကြိမ် ကြည့်‌လိုက်သောအခါ ဘုရင်မင်းမြတ်သည် ကရားအဖုံးကို ဖွင့်၍ သူကိုယ်တိုင်အတွက် သူ့ဘာသာသူ နောက်တစ်ခွက် လောင်းထည့်နေသည်။


ချူထင်းရှိူ့ ခဏတဖြုတ် အသက်မရှူနိုင်တော့ဘဲ သူ့နှလုံးခုန်သံလည်း မြန်ဆန်လာသည်။


ဆေး၏အစွမ်းသည် ထိုမျှ လျင်မြန်စွာ တက်မလာဘဲ သူသည် ဤအချိန်တွင် အမှန်တကယ် နိုးကြား‌နေသည်မှာ ယခင်ကပင် ဤကဲ့သို့ တစ်ခါမှမဖြစ်ဖူးချေ။


မယ်တော်ကြီးသည် အာဏာဆုံးရှုံးသွားပြီဖြစ်သော်လည်း ဘုရင်မင်းမြတ်၏မျက်ခုံးပေါ်မှ ဝမ်းနည်းပူဆွေးမှုက မပျောက်ကွယ်သွားသေး... အဲ့ဒါ သူ့ကြောင့်လား?


အရှင်မင်းကြီးက အရင်တုန်းက မယ်တော်ကြီးကို ရွံရှာစက်ဆုပ်ခဲ့ပြီး အခု သူ့ကို ရွံရှာစက်ဆုပ်နေတာလား?


မှန်သည်၊ ယခုအခါ၌ သူက နန်းညီလာခံတစ်ခုလုံးကို အုပ်ချုပ်ထားပြီး ဘုရင်မင်းမြတ်ကို အုပ်စိုးနေသည်...


ခေတ်ကာလများတစ်လျှောက် သူ့လိုမျိုး အာဏာများစွာ ရှိသော လူအများအပြားသည် ကောင်းမွန်စွာ အဆုံးမသတ်နိုင်ခဲ့ကြဘဲ သူလည်း သူက ချွင်းချက်မရှိဖြစ်မှာကို စိုးရိမ်မိသည်။


ဘုရင်မင်းမြတ်သည် သူ့ဝိုင်ကို ဆေးခတ်ပြီးကတည်းက သူ့ကို ထိန်းသိမ်းရန် အခြားသော အရံအစီအစဉ်များကိုလည်း ချန်ထားလိမ့်မည်ဖြစ်ကာ ယခုအချိန်တွင် သူ့၌ ရွေးချယ်စရာ နှစ်ခုရှိသည်။


တစ်ခုမှာ ဘုရင်မင်းမြတ်ကို ဓားစာခံအဖြစ် ဖမ်းခေါ်ထားပြီး နေရာမှ ဖောက်ထွက်ရန် ဖြစ်သည်။ သွားစရာ ထွက်လမ်းတစ်လမ်း ရှိသည်။


သို့သော် အဲ့ဒီ့နောက်ပိုင်း သူ ဘာလုပ်မလဲ?


သူ အရှင်မင်းကြီးကို လုံးဝ အကျဉ်းချထားလိုက်သင့်လား? ဤနည်းဆိုလျှင် ဘုရင်မင်းမြတ်က သူ့ကို အရိုးထဲထိတိုင်အောင် မုန်းတီးသွားလိမ့်မည်။


ထို့ပြင် အဆုံးမှာတော့ ဤလောကသည် ယန်မိသားစု၏လောက ဖြစ်ပြီး အခြားသူများက သူ့ကို နာခံလိမ့်မည် မဟုတ်ပေ။ သေချာပေါက် စစ်ပွဲက ပြန်စလိမ့်မည်။ သူက နောက်ဆုံး အောင်နိုင်သူ ဖြစ်မည်ဟုလည်း သူ မသေချာပေ။


ဒါမှမဟုတ်... သူ အရှင်မင်းကြီးရဲ့ဆန္ဒကို လိုက်လျောသင့်လား?


သူ့လို ညစ်ညမ်းသော စိတ်ထားရှိသူက ဘယ်တော့မှ အသက်မရှင်သင့်ချေ။ သူ အရှင်မင်းကြီးနှင့် ပူးပေါင်းလိုက်လျှင် အရှင်မင်းကြီးက သူ့မိသားစုကို အသက်ချမ်းသာပေးနိုင်လောက်သည်။


အရှင်မင်းကြီးက သူတို့ရဲ့ထိန်းချုပ်မှု မရှိရင် ပိုပြီး ပျော်ရွှင်နိုင်မှာလား?


" အိုက်ချင်း နောက်ထပ် နည်းနည်းထပ်သောက်လိုက်ဦး။ " ဧကရာဇ်သည် ချူထင်းရှိူ့အတွက် နောက်ထပ်ဝိုင်တစ်ခွက်ကို လောင်းထည့်ပေးပြန်သည်။


ချူထင်းရှိူ့သည် ဝိုင်ခွက်ကို လက်ခံလိုက်ပြီး အကုန်သောက်လိုက်ကာ သူ့အသံကို နှိမ့်လိုက်သည်။


" အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ မိသားစုဝင်များနဲ့ နောက်လိုက်တပ်သားများအားလုံးက အရှင်မင်းကြီးကို သစ္စာစောင့်သိကြပါတယ်။ အရှင်မင်းကြီး နန်းညီလာခံအတွင်း တည်ငြိမ်မှုကို လိုလားပါလျှင် သတ်ဖြတ်မှုတွေ ထပ်ရှိလာလို့ မဖြစ်ပါဘူး။ "


ချူထင်းရှိူ့၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဧကရာဇ်၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး ထိတ်လန့်တကြားဖြင့် နောက်ပြန်ဆုတ်သွားလေရာ ထိုင်ခုံပေါ်မှ မတော်တဆ ခေါက်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။


ချူထင်းရှိူ့သည် မသိစိတ်၏စေ့ဆော်မှုအရ ဆွဲထူရန် ကြိုးစားလိုက်သည် : "အရှင်မင်းကြီး... "


" အရှင်မင်းကြီး! " ဖရိုဖရဲအော်သံများ တပြိုင်နက် ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော အစောင့်တစ်စုက အခန်းထဲသို့ ပြင်းထန်ကြမ်းတမ်းစွာ ဝင်လာကြကာ ထိုဓားများနှင့် ရှည်လျားသော လင်းလေးတို့အားလုံးက ချူထင်းရှိူ့အား ချိန်ရွယ်ထားကြသည်။

____


ဧကရာဇ်ထိုက်ဇူ - ထိုက်ဇူ ( ကြီးကျယ်သော ဘိုးဘေး ) သည် ‌မင်းဆက်တစ်ဆက်ကို တည်ထောင်ခဲ့သော တရုတ်ဧကရာဇ်များအတွက် ယေဘူယျအားဖြင့် အသုံးများသော တော်ဝင်နာမည်ဖြစ်သည်။


အိုက်ချင်း - ချစ်လှစွာသော မှူးမတ် ( နန်းတွင်းသူနန်းတွင်းသား ) [ ဧကရာဇ်မှ ခေါ်ဝေါ်သည် ]


အိတ် - အချစ်သင်္ကေတအဖြစ် မှတ်ယူနိုင်သည်။


____