အပိုင်း ၅၂ ( The Emperor 2 )
Viewers 10k

ယန်ကျင်းဇီ အနည်းငယ် မူးဝေနေသည်။


သူ သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ နဂါးများနှင့် ဖီးနစ်ငှက်များဖြင့် အလှဆင်ထွင်းထုထားသော ကြီးကျယ်ခမ်းနားလှသည့် နန်းတော်၏ အတွင်းပိုင်းအပြင်အဆင်များကို မြင်လိုက်ရသည်။


သူသည် ကျောဆန့်ကာ ပက်လက်လှဲလျောင်းနေပြီး သူ့အပေါ်တည့်တည့်တွင်တော့ အသက်ဝင်လှသော ပန်းပုရုပ် နဂါးခေါင်းကြီးက အောက်သို့ငုံ့ကြည့်နေသည်။


ဒီနေရာက ဘယ်မှာလဲ? သူက ဘယ်သူလဲ?


ယန်ကျင်းဇီ၏စိတ်သည် ဗလာကျင်းနေပြီး သူ့နာမည် ယန်ကျင်းဇီ ဆိုသည်မှလွဲ၍ ဘာကိုမှ မမှတ်မိ။


" အရှင်မင်းကြီး အဆင်ပြေတော်မူပါရဲ့လား? " စူးရှသော အသံတစ်သံ ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် ယန်ကျင်းဇီ၏ရှေ့တွင် အတွန့်ကြောင်းများနှင့် ပြည့်နေသော ရှုံ့တွတွ မျက်နှာတစ်ခု ပေါ်လာသည်။


ထိုမျက်နှာမှာ အသက်ကြီးသော ယောက်ျားတစ်ယောက်၏ မျက်နှာ ဖြစ်သော်လည်း သူ့မျက်နှာတွင် မုတ်ဆိတ်မွေး ရှိမနေ။ ထိုလူ၏အသံကလည်း စူးရှလွန်းသည်... မိန်းမစိုးတစ်ယောက်လား?


" အရှင်မင်းကြီး... ဘာဖြစ်တော်မူတာပါလဲဘုရား? " မိန်းမစိုးအိုကြီး၏အသံမှာ ငိုယိုချင်နေသော လေသံ ဖြစ်လာပြီး သူက ယန်ကျင်းဇီကို ကူညီရန် သူ့လက်ကို ဆန့်ထုတ်လာသည်။


" အဆင်ပြေတယ်။ " အခြားတစ်ဖက်မှ ယန်ကျင်းဇီက‌တော့ မိန်းမစိုးအိုကြီး၏အကူအညီအောက်တွင် ထထိုင်နိုင်လိုက်ပြီး ထိုအခါမှသာ အနီးအနားတွင် လူအနည်းငယ် အမှန်တကယ် ရှိနေကြောင်း တွေ့လိုက်ရသည်။


အခန်းထဲတွင် သံချပ်ကာ ဝတ်ဆင်ထားသော တပ်သားတစ်စု၊ ထိုသူတို့ ကိုင်ဆောင်ထားသော လက်နက်များဖြင့် ချိန်ရွယ်ခံထားရသည့် လူငယ်တစ်ဦး၊ ထိုလူငယ်က သူ့ဘက်သို့ လှမ်းကြည့်နေပြီး မျက်ဝန်းများက နာကျင်မှုဖြင့် လေးလံပြည့်နှက်နေသည်။


ထိုမျက်ဝန်းများထဲမှ အကြည့်ကြောင့် ယန်ကျင်းဇီ၏နှလုံးသားမှာ ကိုက်ခဲလာပြီး ချက်ချင်းဆိုသလို သူ့နှလုံးခုန်သံ မြန်လာသည်။


သူ မြင်မြင်ချင်း ချစ်မိသွားပြီ။


သူသည် လူများ ဝန်းရံနေသော ဤလူငယ်ကို မသိသော်လည်း သူ သူ့ကို မြင်မြင်ချင်း ချစ်မိသွားပြီဖြစ်သည်။


ယန်ကျင်းဇီ၏မျက်လုံးများမှာ ပူပြင်းလာပြီး ထို့နောက် သူသည် ထိုလူငယ်က သူ့အား အလွန်ပြင်းပြသော ဝမ်းနည်းမှုများနှင့် ကြည့်နေရင်း ဖြည်းညှင်းစွာ လဲကျသွားသည်ကို တွေ့လိုက်ရသည်။


ထိုလူမှာ မြေပြင်ပေါ်တည့်တည့် နောက်ပြန်လဲကျနေစဉ် ယန်ကျင်းဇီ အမြန်ပြေးပြီး သူ့ကို လှမ်းဆွဲရန် ကြိုးစားခဲ့သည်။ သို့သော် သူတို့နှစ်ယောက်ကြား လမ်းတွင်ခံနေသော စားပွဲကြီးတစ်လုံးကြောင့် ယန်ကျင်းဇီ အချိန်မီ လှမ်းမဆွဲနိုင်ခဲ့ပေ။


တစ်ချိန်တည်းမှာပင် မူလပိုင်ရှင်၏အမှတ်တရများသည် ယန်ကျင်းဇီ၏စိတ်ထဲတွင် ပြင်းထန်စွာ ပေါ်လာကြသည်။


မူလပိုင်ရှင်က သနားစရာကောင်းပြီး ပျော့ပျော့ညံ့ညံ့နဲ့ မိုက်မဲတဲ့ ငနုံကောင်ပဲ!


မူလပိုင်ရှင်ကိုလည်း သူ့လိုပင် ယန်ကျင်းဇီဟု ခေါ်ပြီး ဧကရာဇ်တစ်ပါး ဖြစ်သည်။


လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကွယ်လွန်သွားခဲ့ပြီဖြစ်သော မူလပိုင်ရှင်၏ဖခင်ဖြစ်သူ နှောင်းဧကရာဇ်သည် ဧကရာဇ်ထိုက်ဇူ စစ်ချီတက်ရာ လမ်း၌ ဧကရာဇ်ထိုက်ဇူအား တစ်စုံတစ်ယောက် ဆက်သခဲ့သော အပျိုတော်တစ်ဦးမှ မွေးဖွားခဲ့သည်။


ထိုအချိန်တွင် ဧကရာဇ်ထိုက်ဇူနှင့် ယခု မြတ်ဗုဒ္ဓ၏ တရားကျောင်း၌ ထိန်းသိမ်းခံထားရသည့် ဘွားတော်ကြီးဖြစ်သူ ဧကရီတို့သည် သူတို့၏ ရှုပ်ထွေးသော အလုပ်များနှင့် အလုပ်ရှုပ်နေကြသည်။ ဤလူနှစ်ဦးတို့တွင် အလွန်တော်သော သားတော်နှစ်ပါးလည်း ရှိသဖြင့် ဘယ်သူကမှ နှောင်းဧကရာဇ်ကို အာရုံမစိုက်ခဲ့ကြချေ။ နှောင်းဧကရာဇ်သည် သူ့မိခင်နောက်လိုက်ကာ ဧကရာဇ်ထိုက်ဇူနှင့် မျိုးနွယ်တူသော ဆွေမျိုးများနှင့် စစ်ကာလအတွင်း ရွှေ့ပြောင်းပြေးလွှားခဲ့ရသည်။


သူတို့၏အသက်ကို လိုချင်သူများကလည်း အများအပြား ရှိလေရာ သူတို့သည် နေ့စဉ်နေ့တိုင်း ကြောက်ရွံ့နေခဲ့ရပြီး ရလဒ်အနေဖြင့် နှောင်းဧကရာဇ်တွင် သူရဲဘောကြောင်သော စိတ်သဘောထား ဖြစ်ပေါ်လာခဲ့သည်။


အကယ်၍ နှောင်းဧကရာဇ်၏ အစ်ကိုတော်နှစ်ဦးသာ အသက်ရှင်နေသေးလျှင် နှောင်းဧကရာဇ်သည် ကမ္ဘာကြီး အေးချမ်းသာယာပြီးနောက် သာမန်မင်းသားတစ်ဦးအဖြစ် ကောင်းမွန်စွာ နေထိုင်နိုင်လိမ့်မည်ဖြစ်သော်လည်း ဆန့်ကျင်ဘက်‌အားဖြင့် ဧကရာဇ်ထိုက်ဇူ၏ သားတော်နှစ်ပါးထဲမှ တစ်ဦး‌သည် စစ်ပွဲအတွင်း သေဆုံးသွားခဲ့ပြီး နောက်တစ်‌ယောက်မှာ နာမကျန်းဖြစ်ပြီး ရောဂါနှင့် ဆုံးပါးသွားသည်။


ဤလူနှစ်ယောက်စလုံးသည် ကွယ်လွန်ချိန်တွင် ကလေးတစ်ယောက်ပင် မရှိခဲ့ကြပေ။


ဤကလေးနှစ်ယောက်၏ သေဆုံးမှုသည် ဧကရာဇ်ထိုက်ဇူအတွက် ကြီးစွာသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပြီး ဧကရီသည် ပို၍ပင် ခံစားခဲ့ရကာ နှစ်နှစ်တိတိ သူ(မ) အိပ်ရာပေါ် လဲသွားခဲ့သည်။


ဧကရာဇ်ထိုက်ဇူ ကမ္ဘာကြီးကို ငြိမ်းချမ်းစေပြီးသောအခါ နှောင်းဧကရာဇ်သည် အိမ်ရှေ့စံဖြစ်လာရန် တွန်းအားပေးခံခဲ့ရပြီး နောက်ပိုင်းတွင် ဧကရာဇ်မင်း ဖြစ်လာသည်။


နှောင်းဧကရာဇ်သည် အမှန်တကယ်ပင် ဉာဏ်ရည်ထက်မြက်လှသော်ငြား သူ၏ စိတ်နေသဘောထားမှာ ရှက်ရွံ့လွန်းတတ်ပြီး မယ်တော်ကြီးကိုလည်း အမြဲတမ်း ကြောက်ရွံ့နေခဲ့သည်။ သူသည် အသက်သုံးဆယ်တိုင်အောင် များပြားသော စိုးရိမ်ပူပန်စိတ်များဖြင့် နေထိုင်ပြီးနောက် ကွယ်လွန်သွားလေသည်။


ကွယ်လွန်သူ နှောင်းဧကရာဇ်သည် သားတော်သုံးပါးနှင့် သမီးတော်နှစ်ပါးကို ချန်ရစ်ခဲ့ပြီး သူ၏ သားသမီးများအနက် မူလပိုင်ရှင်သည် အကြီးဆုံးဖြစ်ကာ သူနှင့်အတူဆုံးလည်း ဖြစ်သည်။


မူလပိုင်ရှင်၏မိခင်မှာ နှောင်းဧကရာဇ် နန်းမတက်မီ ခက်ခဲသော အခြေအနေတွင် ရောက်ရှိနေစဉ် နှောင်းဧကရာဇ်၏မိခင်ဖြစ်သူက သူ(မ)၏သားကို ခစားရန်အတွက် ဝယ်ယူလာသော အစေခံမိန်းမပျိုလေးတစ်ဦး ဖြစ်သည်။ ဤအမျိုးသမီးက စကားလုံးတစ်လုံးပင် မဖတ်တတ်။ သူ(မ)သည် သူရဲဘောကြောင်သူ ဖြစ်ပြီး နိမ့်ကျသော အဆင့်အတန်း ရှိသည်။ ဆန့်ကျင်ဘက်အားဖြင့် အခြားမင်းသားနှစ်ပါး၏ မွေးမိခင်များမှာ နှောင်းဧကရာဇ် နန်းတက်ပြီးနောက် နှောင်းဧကရာဇ်အပေါ် အပ်နှင်းခံရသည့် အထက်တန်းလွှာ မိန်းမပျိုများ ဖြစ်သည်။


တတိယမင်းသားသည် နှောင်းဧကရာဇ် ကွယ်လွန်ချိန်တွင် အသက်နှစ်နှစ်ထက်ပင် မကျော်သေးဘဲ လူတိုင်းက သူ့ကို လျစ်လျူရှုထားကြသော်လည်း ဒုတိယမင်းသားသည် မူလပိုင်ရှင်‌ထက် လအနည်းငယ်သာ ပိုငယ်သည်။ မြင့်မြတ်သော အထက်တန်းလွှာ ကြင်ယာတော်မှ ဖွားမြင်သည့်အပြင် ပါရမီရှင်ကလေးငယ်အဖြစ် ကျော်ကြားသဖြင့် ထိုအချိန်က နန်းညီလာခံ၏ အရာရှိများသည် ထီးနန်းအား ယခုချိန်၌ ပင်းဝမ် ဖြစ်နေပြီဖြစ်သည့် ဒုတိယမင်းသား ဆက်ခံရန် မျှော်လင့်ခဲ့ကြသည်။


သို့သော် မယ်တော်ကြီးသည် မူလပိုင်ရှင်ကို ရွေးချယ်လိုက်သည်။


အဆုံးမှာတော့ တစ်ချက်ကြည့်ရုံဖြင့်ပင် မူလပိုင်ရှင်သည် ပင်းဝမ်ထက် ထိန်းချုပ်ရပိုမိုလွယ်ကူကြောင်း သိနိုင်သည်။


ဤသို့ဖြင့် မူလပိုင်ရှင်သည် ဧကရာဇ်မင်း ဖြစ်လာသော်လည်း အလွန်ဆိုးရွားသော ဘဝတွင် နေခဲ့ရသည်။


သူ(မ)၏သားတော်များကို ဆုံးရှုံးထားရသော မယ်တော်ကြီးသည် သဘာဝကျစွာပင် အခြားသူ၏ သားဖြစ်သူ၊ အခြားသူ၏ မြေးဖြစ်သူတို့နှင့်ပတ်သက်၍ မပျော်မရွှင်ဖြစ်လေသည်။ သူ(မ)သည် အသက်ကြီးလာသည်နှင့်အမျှ သူ(မ)၏နေ့ရက်များမှာ အကန့်အသတ်ရှိကြောင်း နားလည်သဘောပေါက်သွားပြီးနောက် သူ(မ)သည် ငယ်စဉ်ကကဲ့သို့ မချင့်ချိန်မစဉ်းစားနိုင်တော့ဘဲ သူ(မ)၏ စိတ်သဘောထားမှာ ပိုပိုပြီး ခြယ်လှယ်တတ်လာကာ ပြောင်းလဲလွယ်လာသည်။ သူ(မ)၏အမြင်တွင် မူလပိုင်ရှင်မှာ သားဖြစ်သူ၏ ပိုင်ဆိုင်မှုများကို ခိုးယူထားခြင်းအတွက် ရန်သူတစ်ယောက်ထက်ပင် ပို၍ မျက်မုန်းကျိုးစရာ ဖြစ်လာ၏။


ထို့အပြင် သူ(မ)၏အခွင့်အာဏာကို မစွန့်လွှတ်လိုသောကြောင့် သူ(မ)သည် မူလပိုင်ရှင်အား စာဖတ်ခြင်းနှင့် စာရေးခြင်းတို့ကို တားမြစ်ပိတ်ပင်ထားခဲ့သော်လည်း ဗုဒ္ဓဘုရားကျောင်းတွင် သူ(မ)၏သားဖြစ်သူအား စာဖတ်ပြရန်အတွက် မူလပိုင်ရှင်ကို ဖိအားပေးရန် အခြားသူများကို ခိုင်းစေလေ့ရှိသည်။


ပိဋကျမ်းဂန်များကို ဖတ်ရှူလေ့လာရန်အတွက် သဘာဝအတိုင်း သက်သက်လွတ်စားသူ ဖြစ်ရန် လိုအပ်သည်။ မူလပိုင်ရှင်သည် ဧကရာဇ်တစ်ပါး ဖြစ်ပြီး ကြီးထွားနေဆဲ ဖြစ်သော်လည်း ရလဒ်မှာတော့ သူသည် အသားပင် မစားခဲ့ရချေ။


မယ်တော်ကြီးသည် မူလပိုင်ရှင်အား ဆုံးမကြိမ်းမောင်းရန် အခွင့်အရေးတစ်ခုကိုပင် ခဏခဏ ရှာကြံနေလေ့ရှိသည်။


မူလပိုင်ရှင်သည် ထိုသို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ပြီး သူသည် ကြောက်ရွံ့နေသော ငှက်တစ်ကောင်ကဲ့သို့ တစ်နေ့တာလုံး ရှက်ကြောက်တွ့န်ဆုတ်နေတတ်ကာ အမြဲသံသယဖြစ်နေသည်။


တစ်ချိန်တည်းမှာပင် သူသည် မယ်တော်ကြီးကို ဖယ်ရှားပစ်ရန် အသည်းအသန် လိုလားခဲ့သည်။


မူလပိုင်ရှင်၊ ဤဧကရာဇ်မှာ ‌မှူးမတ်များထံမှ နှောင်းဧကရာဇ်၏ မြင့်မြတ်သော ကြင်ယာတော်မှ မွေးဖွားလာသည့် ပင်းဝမ်နှင့်ယှဉ်လျှင် နေရာတိုင်းတွင် ‌နိမ့်ကျသည်ဟု အမြင်ခံရသော်လည်း အမှန်တကယ်တော့ နှောင်းဧကရာဇ်၏ အချစ်ဆုံးသားတော်မှာ မူလပိုင်ရှင် ဖြစ်ပြီး အချစ်ဆုံးအမျိုးသမီးမှာလည်း မူလပိုင်ရှင်၏မိခင် ကိုယ်လုပ်တော်အမျိုးသမီးသာ ဖြစ်သည်။


မူလပိုင်ရှင်၏မိခင်နှင့် နှောင်းဧကရာဇ်တို့သည် စစ်ပွဲအတွင်း အချင်းချင်း အားကိုးခဲ့ကြရပြီး ၎င်းမှာ သူတို့ နက်ရှိုင်းသော နှောင်ကြိုးတစ်ကြိုးကို ထူထောင်ခဲ့ကြပုံ ဖြစ်ကာ မူလပိုင်ရှင်သည် နှောင်းဧကရာဇ်နှင့် အလွန်တူသည်။ မူလပိုင်ရှင် မဟုတ်ရင် နှောင်းဧကရာဇ်က ဘယ်သူ့ကို သွားသဘောကျမှာလဲ?


နှောင်းဧကရာဇ်သည် သူရဲဘောကြောင်စွာ နေထိုင်နေသော်လည်း သူသည် မတုံးအပါချေ။ သူသည် နှစ်ပေါင်းများစွာ စိုးစံခဲ့ပြီး သူ၏ ကိုယ်ပိုင်အင်အား အများအပြားကို ပြုစုပျိုးထောင်နိုင်ခဲ့ကာ မယ်တော်ကြီး၏လက်အောက်တွင် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၌ အတွေ့အကြုံများစွာကိုလည်း ပိုင်ဆိုင်ခဲ့သည်။


သူ့အတွေ့အကြုံများကို မူလပိုင်ရှင် သိရှိထားပြီး သူ့လူများကလည်း မူလပိုင်ရှင်၏လက်ထဲတွင် ရှိသည်။


ဤအကြောင်းများကြောင့် မူလပိုင်ရှင်သည် ဘွားတော်ကြီး၏ မျက်လုံးအောက်တွင် ကောင်းမွန်စွာ ကြီးပြင်းလာခဲ့ပြီး မြောက်ပိုင်းဒေသ၏မှူးမတ် ချူထင်းရှိူ့ကို ဆက်သွယ်ရန် အခွင့်အရေးကိုပင် ရှာတွေ့ခဲ့ကာ ချူထင်းရှိူ့မှတစ်ဆင့် သူသည် ဘွားတော်ကြီး၏တပ်ဖွဲ့ကို အမြစ်ဖြတ်ရှင်းလင်းနိုင်ခဲ့သည်။


သူ့ကြောင့်ပင် ဘွားတော်ကြီးမှာ မြတ်ဗုဒ္ဓ၏ တရားကျောင်း၌ ပိတ်လှောင်ခံရပြီး သက်သက်လွတ်စားသူ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။


မူလပိုင်ရှင်သည် သူ့အား ဖိနှိပ်ချနေသော ကျောက်တုံးကြီးကို ဖယ်ရှားပစ်နိုင်ခဲ့သော်လည်း အခြေအနေမှာ ပိုမိုလွယ်ကူလာခြင်း မရှိချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ကျောက်တုံးကြီးအောက်မှ ထွက်လာနိုင်ပြီး ပြင်ပကမ္ဘာလောကကြီးမှာ လှပသော နေရာ မဟုတ်ကြောင်း သိလိုက်ရသောကြောင့် ဖြစ်သည်။


ဝန်ကြီးမှူးမတ်များသည် ပိဋကျမ်းဂန်များကိုသာ ဖတ်ရှူနိုင်ပြီး သူတို့၏လျှောက်တင်လွှာများမှ စကားလုံးအားလုံးကိုပင် မဖတ်နိုင်သော သူ့လို ဧကရာဇ်တစ်ပါးကို မနှစ်သက်ကြပေ။ ထို့ပြင် ဘွားတော်ကြီး၏ဘက်မှ အကြွင်းအကျန်လူများ ရှိနေသေးလေရာ မူလပိုင်ရှင်သည် တော်ဝင်ညီလာခံခန်းမတွင် နားထောင်လိုက်နာမည့်သူ မရှိဘဲနှင့် စကားပြောနေခဲ့ရသည်။


သည့်အပြင် ဘွားတော်ကြီးက မရှိတော့သော်လည်း ချူထင်းရှိူ့က သူ့ကို လွှမ်းမိုးထားသည်။


ဘွားတော်ကြီး၏ အဆက်မပြတ် ဖိနှိပ်မှုသည် မူလပိုင်ရှင်၏ စိတ်နေသဘောထားကို အလွန်အမင်း ဖောက်ပြန်စေခဲ့သည်။ သူသည် သူ့ကို မပျော်မရွှင်ဖြစ်စေသော ကိစ္စများကို ပုံမှန်အတိုင်း တွေ့ကြုံရသောအခါ ကန့်ကွက်ငြင်းဆိုချက်များကို ပြောဆိုရန် မဝံ့ရဲသော်လည်း သူ့စိတ်နှလုံးက ထိုအကြောင်းအရာများအားလုံးကို တစ်ချက်တည်းနှင့် ချရေးပစ်လိုက်သည်။


ချူထင်းရှိူ့သည် စစ်တပ်တွင် မွေးဖွားခဲ့ပြီး သူ့ကို သစ္စာစောင့်သိသော်လည်း ထိုသူက ပုံမှန်အပြုအမူများတွင် သူ့ကို အမြဲတမ်း စိတ်အနှောင့်အယှက်ဖြစ်စေသည်။ သူ ညီလာခံတွင် အကြံဉာဏ်တစ်ခု မရသည်ကို ထိုသူက မြင်လျှင် သူ့အတွက် ရယူပေးလိမ့်မည်ဖြစ်ပြီး ၎င်းက သူ့အား ထိုသူကို မုန်းတီးစေသည်။


ထို့အပြင် ပင်းဝမ်သည် သူ့အား ချူထင်းရှိူ့သည် လူအများကို ခြိမ်းခြောက်ရန်အတွက် သူ့အာဏာကို အသုံးပြုရန် ကြိုးပမ်းနေကြောင်း အမြဲပြောပြလေ့ရှိသဖြင့် သူသည် ချူထင်းရှိူ့အား ပို၍ပင် သတိထားပြုမူတတ်လာသည်။


ချူထင်းရှိူ့က သူ့အား ညီမဖြစ်သူနှင့် လက်ထပ်ဖြစ်ရန် ကြိုးစားလာသောအခါ ဤအမုန်းတရားနှင့် ခုခံကာကွယ်မှုတို့မှာ အမြင့်ဆုံးအထိ တက်သွားခဲ့သည်။


ချူထင်းရှိူ့ရဲ့အာဏာက အရမ်းများပြားမြင့်မားနေပြီ။ သူ့ညီမသာ ဧကရီ ဖြစ်လာမယ်ဆိုရင် အဲ့နောက်ပိုင်း... သူ ဧကရာဇ်တစ်ပါးရော ဖြစ်နိုင်ပါ့ဦးမလား? ချူထင်းရှိူ့ရဲ့ညီမက သားယောက်ျားလေးတစ်ဦးကို မွေးဖွားခဲ့မယ်ဆိုရင် သူ့မှာ အသက်ရှင်ဖို့ နည်းလမ်း ရှိဦးမှာလား?


တဖြည်းဖြည်းနှင့် မူလပိုင်ရှင်သည် ချူထင်းရှိူ့ကို ဆန့်ကျင်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ချူထင်းရှိူ့ လဲကျသွားအောင် ပြုလုပ်ရန် တစ်စုံတစ်ယောက်အား ဆေးတစ်မျိုးကို ရှာခိုင်းခဲ့ပြီး ချူထင်းရှိူ့က သူ့ကို လုပ်ကြံချင်သည်ဟု ဆို၍ ချူထင်းရှိူ့အား ကောင်းကင်ဘုံအကျဉ်းထောင်ထဲတွင် ထည့်ထားလိုက်သည်။


ထို့နောက် မူလပိုင်ရှင်သည် နောက်ပိုင်း ချူထင်းရှိူ့၏မြောက်ပိုင်းတပ်ဖွဲ့မှ သတင်းရသွားပြီး ချူထင်းရှိူ့ကို ကယ်တင်ရန် သူ့အား သတ်ပစ်မည်ကို ကြောက်ရွံ့သဖြင့် မူလပိုင်ရှင်သည် ချူထင်းရှိူ့အား ကောင်းကင်ဘုံအကျဉ်းထောင်ထဲတွင် အဆိပ်ခတ်ရန် အမြန်လုပ်ဆောင်ခဲ့ပြီး ချူထင်းရှိူ့သည် သူ့ပြစ်မှုများကို ကြောက်၍ ကိုယ့်ကိုယ်ကို သတ်သေခဲ့သည်ဟု ပြောကြားခဲ့သည်။


ချူထင်းရှိူ့ သေဆုံးသွားသော်လည်း မူလပိုင်ရှင်၏ဘဝမှာ ပိုမိုကောင်းမွန်လာခြင်း မရှိပေ။


မူလအစ၌ မူလပိုင်ရှင်ကို အလေးအနက်မထားသော နန်းညီလာခံမှ ထိုအရာရှိများအား မူလပိုင်ရှင် မလုပ်နိုင်သော ကိစ္စများကို လုပ်ဆောင်ရန် ချူထင်းရှိူ့က ဖိအားပေး‌ခဲ့သော်လည်း ယခုအခါ ချူထင်းရှိူ့က မရှိတော့။


မူလပိုင်ရှင်သည် မဖြေရှင်းနိုင်သော အရှုပ်အထွေးများနှင့် ရင်ဆိုင်ခဲ့ရပြီး ချူထင်းရှိူ့၏ တပ်ဖွဲ့ဟောင်းကပင် မူလပိုင်ရှင်ကို မုန်းတီးခဲ့သည်။


မူလပိုင်ရှင်တွင် ရွေးချယ်စရာ မရှိတော့ဘဲ မြောက်ပိုင်းတပ်ဖွဲ့ကို မျက်နှာသာပေးရန်နှင့် ချူထင်းရှိူ့၏တပ်ဖွဲ့ဟောင်းကို ပါဝင်ပတ်သက်စေရန် နည်းလမ်းတစ်ခုအနေဖြင့် ချူထင်းရှိူ့၏ညီမဖြစ်သူကို လက်ထပ်လိုက်ရသည်။


မူလပိုင်ရှင်သည် ချူထင်းလန်ကို လက်မထပ်ချင်ခဲ့သော်လည်း လက်ထပ်ပြီးနောက်ပိုင်းမှာတော့... ချူထင်းလန်သည် မူလပိုင်ရှင်အပေါ် အလွန်ကြင်နာနူးညံ့ပြီး မူလပိုင်ရှင်သည် သူ(မ)တွင် ချူထင်းရှိူ့နှင့် ဆိုးရွားသော ဆက်ဆံရေးသာ ရှိကြောင်းကိုလည်း သိလိုက်ရကာ သူ(မ)သည် မူလပိုင်ရှင်အား မသိမသာဖြင့် ရင်းနှီးလာစေအောင် လုပ်ဆောင်နိုင်သော ပထမဆုံးအမျိုးသမီး ဖြစ်သည် ဟူသော အကြောင်းအရာပါ ပေါင်းထည့်လိုက်သောအခါ... မူလပိုင်ရှင်သည် ချူထင်းလန်အား ချစ်မိသွားသည်။


မူလပိုင်ရှင်သည် အသုံးမကျသော်လည်း ဧကရာဇ်မင်းနေရာသည် တည်‌ထောင်သူဧကရာဇ်အရှင်မှလွဲ၍ အရည်အချင်းအပေါ် မူတည်ခြင်း မဟုတ်ဘဲ ဖခင်နှင့် သွေးသားရင်းမြစ်ပေါ်သာ မူတည်ခြင်း ဖြစ်သည်။ ထိုအချိန်၌ လူတို့တွင် ဧကရာဇ်မင်းမြတ်အား သဘာဝအလျောက် ကြောက်ရွံ့မှု ရှိနေကြဆဲဖြစ်ကာ အလွယ်တကူ ပုန်ကန်ရန် မဝံ့ရဲကြပေ။


ထို့ကြောင့် အမှန်အတိုင်းဆိုလျှင် မူလပိုင်ရှင်သည် ဆယ်စုနှစ်အနည်းငယ်ကြာအောင် ဧကရာဇ်မင်း ဖြစ်နိုင်ခဲ့သည်။


သို့သော် သူသည် ချူထင်းလန်ထံမှ အဆိပ်ခတ်ခံခဲ့ရပြီး သူ မသေခင် ချူထင်းလန်သည် သူ့ညီတော် ပင်းဝမ်ကိုသာ ချစ်ခင်၍ သစ္စာရှိကြောင်း သူ သိရှိလိုက်ရသည်။


သူ သေဆုံးသွားသောအခါ ပင်းဝမ်က ထီးနန်းဆက်ခံလိမ့်မည်ဖြစ်သည်။


ထို့နောက် ယန်ကျင်းဇီသည် မူလပိုင်ရှင်၏မှတ်ဉာဏ်ကို ဖတ်ပြီးနောက် အနည်းငယ် ကျိန်ဆဲချင်လာသည်။


မူလပိုင်ရှင်မှာ အမှန်ပင် အတော်လေး သနားစရာကောင်းသော်လည်း တကယ်ဆိုလျှင် အလယ်၌ သူ့တွင် ကောင်းမွန်သော ကဒ်များ ရရှိထားခဲ့သည်။ ဒါပေမယ့် သူကိုယ်တိုင်က အဲ့ဒါကို လွှတ်ပစ်ရတာကို ပိုသဘောကျတယ်!


ယန်ကျင်းဇီတွင် မူလပိုင်ရှင်၏မှတ်ဉာဏ်များ ရရှိလာသည်နှင့်တပြိုက်နက် သူသည် ချူထင်းရှိူ့က မူလပိုင်ရှင်အပေါ် သစ္စာစောင့်သိကြောင်း တွေ့ရှိသွားရပြီး ကောင်းကင်ဘုံကပင် ၎င်းကို မြင်နိုင်သည်။


တကယ်ပဲ ချူထင်းရှိူ့က ဘွားတော်ကြီးနှင့် တူကာ အာဏာကိုသာ လိုချင်တယ်ဆိုရင် မူလပိုင်ရှင်ကို သင်ပေးရန်အတွက် ဆရာများစွာကို ဖိတ်ကြား‌ဖို့ ဘယ်နားမှာ လိုအပ်လို့လဲ၊ နန်းတော်ကို နေ့တိုင်း လာပြီး မူလပိုင်ရှင်ကို အပြင်ဘက်လောကကြီးအကြောင်း ရှင်းပြဖို့နဲ့ မူလပိုင်ရှင် နားမလည်တဲ့ အဲ့ဒီ့လျှောက်တင်လွှာတွေကို အသေးစိတ် ရှင်းပြဖို့ရော ဘယ်မှာ လိုလို့လဲ?


မူလပိုင်ရှင်သည် အပေါ်ယံမျက်နှာပြင်တွင် ကောင်းမွန်သော ကောင်လေးတစ်ယောက် ပုံစံပေါ်ကာ သင် ပြောသမျှကို နားထောင်လိမ့်မည်ဖြစ်သော်လည်း သူ့နှလုံးသားကတော့ အနည်းငယ်မျှပင် သနားညှာတာနေမည် မဟုတ်ပေ။


မူလပိုင်ရှင် ချူထင်းရှိူ့ကို ဆေးခတ်သောအခါ ချူထင်းရှိူ့သည် သူ မူလပိုင်ရှင်ကို နေရာမှာတင် သတ်ပစ်နိုင်သည် သို့မဟုတ် ဓားစာခံအဖြစ် ချုပ်နှောင်ထားနိုင်သည်ကို သိရှိထားပြီးပြီဖြစ်သော်လည်း သူက ထိုသို့ မလုပ်ခဲ့ပေ...


မူလပိုင်ရှင်ကလည်း ချူထင်းရှိူ့သည် ဒုတိယအခွင့်အရေးကို ပေးသော လူအဖြစ် မခံစားမိဘဲ အဲ့အစား ချူထင်းရှိူ့ကို ပိုမိုမုန်းတီးခဲ့သည်။


ကောင်းကင်ဘုံအကျဉ်းထောင်ထဲတွင် အကျဉ်းချခံထားရသော်လည်း ချူထင်းရှိူ့သည် မူလပိုင်ရှင်အတွက် စကားလုံးများကို အခြားသူများအား ယူဆောင်သွားခိုင်းသေးသည်။ သို့သော် ကံမကောင်းစွာဖြင့် မူလပိုင်ရှင်က ၎င်းကို အလေးအနက်မထားဘဲ ချူထင်းရှိူ့က သနားကြင်နာမှုအတွက် တောင်းခံနေသည်ဟုသာ တွေးထင်သည်။


ဘယ်လိုလုပ်ပြီး ဒီကမ္ဘာပေါ်မှာ ဒီလိုအသုံးမကျတဲ့လူ ရှိနေတာလဲ?


ထို့ပြင် ပင်းဝမ်လည်း ရှိကာ ထိုသူသည် မူလပိုင်ရှင်အတွက် ကောင်းမွန်သော ဆန္ဒမွန် လုံးဝ မရှိသူ ဖြစ်သည်။ သူက အရာရှိမှူးမတ်များကို စုဆောင်းနေခဲ့ပေမယ့် မူလပိုင်ရှင်က သတိပင်မထားမိခဲ့!


ယန်ကျင်းဇီ သူ့ပါးသူ ပြန်ရိုက်ချင်လာပြီ!


တစ်ချိန်တည်းမှာပင် သူလည်း အလွန်ဝမ်းနည်းဖွယ်ကောင်းစွာဖြင့် သိလိုက်ရသည်... သူ မြင်မြင်ချင်း ချစ်မိသွားသူမှာ ချူထင်းရှိူ့ ဖြစ်သည်။


ပြီးနောက် ယခုချိန်တွင် မူလပိုင်ရှင်သည် ချူထင်းရှိူ့ မေ့မျောသွားအောင် ဆေးခတ်ပြီးပြီဖြစ်ကာ ထောင်ထဲထည့်ရန် စီစဉ်နေသည်။


ယန်ကျင်းဇီ : " ... "


" အရှင်မင်းကြီး? " မိန်းမစိုးအိုကြီးသည် ယန်ကျင်းဇီအား စိတ်ရှုပ်ထွေးစွာ ကြည့်နေကာ အလားတူပင် ထိုအစောင့်များသည်လည်း ယန်ကျင်းဇီ၏ အမိန့်များကို စောင့်မျှော်နေကြသည်။


မိန်းမစိုးအိုကြီးပဲဖြစ်ဖြစ် ဤအစောင့်များပဲဖြစ်ဖြစ် သူတို့အားလုံးမှာ နှောင်းဧကရာဇ်က မူလပိုင်ရှင်ထံ အပ်နှံထားခဲ့သော သို့မဟုတ် မူလပိုင်ရှင်၏ ကိုယ်တိုင် ပျိုးထောင်ထားသော လက်အောက်ငယ်သားများ ဖြစ်ကာ သူတို့၏ မူလပိုင်ရှင်ထံ သစ္စာစောင့်သိမှုသည် ချူထင်းရှိူ့၏ မူလပိုင်ရှင်အပေါ် သစ္စာစောင့်သိမှုထက် မလျော့နည်းပေ။


အခြားတစ်ဖက်‌တွင်တော့ ယန်ကျင်းဇီသည် သူတို့၏ သစ္စာစောင့်သိမှုနှင့်ပတ်သက်၍ အနည်းငယ် စိတ်ရှုပ်ထွေးနေသော်လည်း သူတို့၏သစ္စာ‌ရှိမှုသည် သူ့အတွက် ကောင်းမွန်ကြောင်း ဝန်ခံရမည်ဖြစ်သည်။


စကားမစပ် ဘဝတစ်လျှောက်လုံးတွင် မူလပိုင်ရှင်၏အနား၌ ဤကဲ့သို့ သစ္စာရှိသော လူတစ်စုအပြင် သူသည် သူ့အစားအသောက်များကိုသာမက သူ့အသုံးအဆောင်ပစ္စည်းများကိုပါ အထူးဂရုစိုက်သဖြင့် သူ လုပ်ကြံသတ်ဖြတ်ခံရမည့် အခွင့်အလမ်းများမှာ အလွန်နည်းပါးသည်။ ချူထင်းလန်သာ သူ့ကို အဆိပ်မခတ်ခဲ့ပါလျှင် သူ သေဦးမည်မဟုတ်!


ဖြစ်နိုင်သည်မှာ ပင်းဝမ်သည် မူလပိုင်ရှင်က ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူကြောင်း သိရှိသွားပြီး ထိုအကြောင်းမှာ ချူထင်းလန်နှင့် မျှားခေါ်ရန် စိတ်ကူးရသွားသော အကြောင်းအရင်း ဖြစ်နိုင်သည်။ ထို့ကြောင့်သာ ချူထင်းလန်က မူလပိုင်ရှင်အား အဆိပ်ခတ်နိုင်ခဲ့သည်။


ယန်ကျင်းဇီသည် ဘာမှမပြောဘဲ ချူထင်းရှိူ့ထံသို့ လျှောက်သွားခဲ့သည်။


ချူထင်းရှိူ့က သတိလစ်နေပြီဖြစ်သော်လည်း သူ့မျက်နှာပေါ်ရှိ အမူအရာမှာ ဝမ်းနည်းပူဆွေးမှုကို သယ်ဆောင်ထားဆဲဖြစ်သည်။


ထို့နောက် ယန်ကျင်းဇီသည် ထိုင်ချလိုက်ပြီး လူကို ပွေ့ချီရန် ကြိုးစားခဲ့သည်။


သူ ချူထင်းရှိူ့ကို ပွေ့ချီလိုက်သော်လည်း လူကို ပွေ့ထားရင်းနှင့် သူ အဝေးကြီး လှမ်းမလျှောက်နိုင်မည်ကို သူ စိုးရိမ်မိသည်— ချူထင်းရှိူ့သည် အနည်းငယ် လေးလံကာ တစ်ကိုယ်လုံးတွင် ကြွက်သားများနှင့် ပြည့်နှက်နေသည်။ သို့သော် လွန်ခဲ့သော နှစ်များအတွင်း အာဟာရချို့တဲ့ခဲ့သော သူ့ခန္ဓာကိုယ်ကတော့ အရပ်ရှည်သော်ငြား အရမ်း မသန်မာပေ။


ယန်ကျင်းဇီသည် ချူထင်းရှိူ့ကို ပြန်ချလိုက်ကာ သူ့အနားမှ မိန်းမစိုးအိုကြီးကို ကြည့်လိုက်သည် : " သူ့ကို ခြုံပေးဖို့ စောင်တစ်ထည် သွားရှာပြီး ကိုယ်တော့်အိပ်ရာကို သယ်သွားလိုက်။ "


မူလပိုင်ရှင်သည် အလွန်သံသယဖြစ်နေတတ်ပြီး ပို၍ပင် သတိထားနေထိုင်လေရာ သူ ချူထင်းရှိူ့အား ဤသို့ပြုမူတော့မည့်ကိစ္စ ထုတ်ဖော်မခံရစေရန်အတွက် သူသည် သူ့အနီးကပ်အစောင့်များကိုပင် ဘာမှမပြောထားခဲ့ချေ။ ချူထင်းရှိူ့အား မေ့မျောစေရန်အတွက် ဆေးတစ်မျိုးကို သူ ဝယ်ခဲ့မှန်းကိုပင် ယနေ့မတိုင်ခင်အထိ သူ့အနီးကပ်အစောင့်များ မသိခဲ့ကြပေ။


အလားတူပင် ယခင်က မူလပိုင်ရှင် သူတို့ကို ပုန်းခိုနေရန် အမိန့်ပေးထားသော အကြောင်းအရင်းမှာ ချူထင်းရှိူ့ကို ဖမ်းဆီးရန်အတွက် ဖြစ်မှန်းကိုလည်း သူတို့ မသိကြပေ။


ဤအချိန်တွင် ထိုစစ်သူကြီးများသည် တကယ်ပင် အနည်းငယ် စိတ်ရှုပ်နေကြသည်။


ချူထင်းရှိူ့သည် စစ်ဘက်အရာရှိများ၏ ခေါင်းဆောင် ဖြစ်ပြီး ယခု သူသည် တော်ဝင်ညီလာခံ၏ အရေးကိစ္စများကို ဆုံးဖြတ်ပေးသူလည်း ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် ယခုအခါ၌ ဘုရင်မင်းမြတ်ထံမှ အလွယ်တကူ လှည့်စားခံရသည်။


အရှင်မင်းကြီးက ချူထင်းရှိူ့ကို ဘာလုပ်ချင်တာလဲ သူတို့ မသိပေ။


ခဏလေး၊ အရှင်မင်းကြီးက ချူထင်းရှိူ့ကို အိပ်ရာပေါ်ပို့ဖို့ သူတို့ကို အမိန့်ပေးလိုက်တာလား?


သူတို့ မှားကြားမိတာများလား?


" အရှင်မင်းကြီး? " မိန်းမစိုးသည် ဧကရာဇ်မင်းမြတ် ငယ်စဉ်ကပင် အမှုထမ်းခဲ့သည်။ ယန်ကျင်းဇီကို အလွန်ကြောက်သော အခြားသူများနှင့် မတူဘဲ သူသည် ဤအချိန်တွင် မေးခွန်းများ မေးရဲသည်။


တစ်ဖက်မှ ယန်ကျင်းဇီကတော့ နောက်တစ်ကြိမ် အတည်ပြုလိုက်သည် : " သူ့ကို ကိုယ်တော့်အိပ်ရာပေါ် သယ်သွားလိုက်။ "


လူက သတိလစ်သွားပြီဖြစ်သော်လည်း သူ့ကို ထောင်ထဲ ထည့်ရန်မှာ မဖြစ်နိုင်ပါချေ။


ထိုသူမှာ သူ၏ မြင်မြင်ချင်း ချစ်မြစ်နိုးရသည့်သူ ဖြစ်ပြီး ချူထင်းရှိူ့ မရှိဘဲနှင့် ရုတ်တရက် ကူးပြောင်းလာကာ အတိတ်မှ မှတ်ဉာဏ်များ လုံးဝ မရှိသော သူ့လိုလူသည် သေချာပေါက် ဧကရာဇ်မင်းမြတ်၏ ပုလ္လင်နေရာကို မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်မည် မဟုတ်ပေ။


ဟုတ်တယ်၊ ချူထင်းရှိူ့ မရှိဘဲ ဧကရာဇ်မင်း ဖြစ်ရတာ ပျော်စရာမကောင်းလောက်တော့ဘူး။


ခက်ခဲတဲ့အလုပ်ပဲ!


ယန်ကျင်းဇီတွင် အခြားသူများအပေါ် ခံစားချက်များ မရှိ။ သူသည် ချူထင်းရှိူ့ကိုသာ လိုချင်သည်... ကောင်းကင်ဘုံအကျဉ်းထောင်သို့ ချူထင်းရှိူ့အား သူ သွားခွင့်မပြုနိုင်သော်လည်း နဂါးအိပ်ရာတော်၊ သူ ချူထင်းရှိူ့အား ၎င်းပေါ် လှဲအိပ်ခွင့်ပေးနိုင်သည်။


ဆေးခတ်ခြင်းကိစ္စအတွက်တော့... သူ ရှင်းပြနိုင်တယ်!


မူလပိုင်ရှင်သည် အပြင်လူများအတွက် ကောက်ရိုးအိတ်တစ်အိတ်နှင့် တူသော်လည်း သူ့လက်အောက်ငယ်သားများ၏အမြင်တွင်တော့ သူသည် စိတ်အပြောင်းအလဲလွယ်သည့်အပြင် ဧကရာဇ်တစ်ပါး ဖြစ်သဖြင့် သူတို့ မနာခံဘဲ မနေရဲသော လူ ဖြစ်သည်။


ထို့ကြောင့် တစ်စုံတစ်ယောက်သည် လျင်မြန်စွာပင် စောင်တစ်ထည်ကို အမြန်ရခဲ့ပြီး ချူထင်းရှိူ့ကို ထုပ်ပိုးပြီးနောက် နဂါးခုတင်ပေါ်သို့ မတင်လိုက်သည်။


မူလပိုင်ရှင်သည် ဆေးကို အနည်းငယ် အသုံးလွန်ခဲ့ပြီး ချူထင်းရှိူ့မှာ လုံးဝ မေ့မျောသွားလေရာ ခုတင်ပေါ်တွင် လုံးဝ အကာအကွယ်မဲ့ လဲလျောင်းနေလေသည်။


၎င်းကို ယန်ကျင်းဇီ မြင်သောအခါ စိတ်ပူသွားသည် : " ဒီဆေးကို အလွန်အကျွံ သောက်မိရင် ခန္ဓာကိုယ်ကို ထိခိုက်စေမှာလား? "


မိန်းမစိုးက ဖြေကြားသည်။


" အရှင်မင်းကြီး ဒီကျွန်အိုကြီး မသိပါဘူး။ "


ယန်ကျင်းဇီ သက်ပြင်းချလိုက်သည်။


" မင်းတို့အားလုံး ထွက်သွားကြတော့။ "


" အရှင်မင်းကြီး ချူစစ်သူကြီး နိုးလာရင်... " မိန်းမစိုးက အလွန်တရာ စိုးရိမ်ပူပန်သွားသည်။


" ကိုယ်တော့်မှာ ဖြေရှင်းဖို့ ကိုယ်ပိုင်နည်းလမ်း ရှိတယ်။ " ယန်ကျင်းဇီ ပြောပြီး သူတို့အားလုံးကို မောင်းထုတ်လိုက်သည်။


လူတိုင်း ထွက်သွားသောအခါ ယန်ကျင်းဇီလည်း ခုတင်ပေါ်တက်ပြီး အိပ်ရာပေါ်မှ လူကို လေးလေးနက်နက် ကြည့်နေခဲ့သည်။


ဤလူက သူ့အပိုင် ဖြစ်ပြီး သူတစ်ယောက်တည်း၏ အပိုင်သာ ဖြစ်သည်။


မှတ်ဉာဏ်များကို ပြန်တွေးကြည့်ပြီးနောက် ချူထင်းရှိူ့သည် အသက်မငယ်တော့သော်လည်း လက်မထပ်ရသေးသည်ကို သတိရသွားသောအခါ ယန်ကျင်းဇီ စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချလိုက်ပြန်သည်။


ချူထင်းရှိူ့သည် လက်မထပ်ရသေးပေ။ သို့သော် ၎င်းမှာ သူသည် လက်ထပ်ရန် အရွယ်ရောက်ချိန်အထိ စစ်တိုက်နေခဲ့ရသောကြောင့်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း မူလပိုင်ရှင်ကို ထောက်ပံ့ရန် အလုပ်ရှုပ်နေခဲ့လေရာ သူ လက်မထပ်ချင်တာမျိုး မဖြစ်နိုင်လောက်ချေ...


ချူထင်းရှိူ့က အနာဂတ်တွင် လက်ထပ်နိုင်သည်ဟု စဉ်းစားမိသောအခါ ယန်ကျင်းဇီ၏နှလုံးသားမှာ ညှဉ်းဆဲခံရသကဲ့သို့ နာကျင်သွားပြီး အမည်မသိမီးတောက်တစ်ခု ထွက်ပေါ်လာသည်။


ချူထင်းရှိူ့သည် သူ့မူလဇာတ်ကြောင်းထဲတွင် မူလပိုင်ရှင်ကြောင့် ကောင်းကင်ဘုံအကျဉ်းထောင်သို့ ပို့ဆောင်ခံရမည်ဟု စဉ်းစားမိပြန်သောအခါ သူ ဝမ်းနည်းမှုကို ထပ်မံ ခံစားရပြန်လာသည်။


နောက်ဆုံးတွင်မူ ယန်ကျင်းဇီသည် သက်ပြင်းချလိုက်ကာ ချူထင်းရှိူ့အား စောင်ထဲမှ အရင်ဆွဲထုတ်လိုက်ပြီးမှ ချူထင်းရှိူ့၏ အပေါ်ဝတ်ရုံကို သွားချွတ်ရန်ပြင်လိုက်သည်။


ချူထင်းရှိူ့၏အဝတ်အစားများမှာ ဖရိုဖရဲဖြင့် အတော်လေး ရှုပ်ပွနေသည်။ သူ ဤကဲ့သို့ အဝတ်ချွတ်ပေးနေသည်မှာ ချူထင်းရှိူ့ ကောင်းကောင်းအိပ်ပျော်နိုင်အောင် ဖြစ်သည်... လုံးဝ တခြားအတွေးတွေ မရှိဘူး!


နောက်ပိုင်းကျရင်တော့... ယန်ကျင်းဇီသည် ချူထင်းရှိူ့ နိုးလာသောအခါ ဝန်ခံရန် စီစဉ်နေသည်။


ချူထင်းရှိူ့သည် "ရှင်ဘုရင်က အမတ်ကို သေစေချင်လျှင် အမတ်က သေပေးရမည်" ဆိုသည့် မိုက်မဲပြီး သစ္စာစောင့်သိသော မှူးမတ်မျိုး ဖြစ်သည်။ မူလပိုင်ရှင်သည် သူ့ကို မကျေမချမ်းမှု မရှိဘဲ သတ်ပစ်နိုင်ခဲ့ပြီး အကယ်၍ သူ ဝန်ခံလိုက်မည်ဆိုလျှင်...


ချူထင်းရှိူ့၏ သစ္စာစောင့်သိမှုနှင့် အလိုအလျောက် စွန့်လွှတ်အနစ်နာခံမှုတို့ကြောင့် သူသည် ဧကရာဇ်မင်းမြတ်ထံမှ အနှစ်သက်ခံနေရကြောင်း သူ သိသွားသောအခါ ချူထင်းရှိူ့ မည်သို့ တွေးလိမ့်မည်ကို ယန်ကျင်းဇီ သိချင်မိသည်။ ဒါမှမဟုတ် သူက ဒေါသအမျက်ခြောင်းခြောင်းထွက်ပြီး သူ့ကို ဆန့်ကျင်မှာလား?


မည်သို့ပင်ဖြစ်စေကာမူ သူသည် သူ၏ တော်ဝင်အာဏာကို အသုံးပြု၍ ဖိနှိပ်ရမည်ဆိုလျှင်တောင်မှ ချူထင်းရှိူ့ကို သူ့အပိုင်ဖြစ်အောင် ပြုလုပ်မည်ဖြစ်သည်။


ယန်ကျင်းဇီသည် သူ့စိတ်ထဲတွင် ဤအကြောင်းများကို တွေးနေသော်လည်း သူ့လက်များ၏ အင်္ကျီချွတ်နှုန်းမှာ လုံးဝ မနှေးပေ။ သူသည် ချူထင်းရှိူ့၏အပေါ်ဝတ်ရုံကို လျင်မြန်စွာ ချွတ်နိုင်လိုက်ပြီး ထို့နောက် အိတ်တစ်လုံးက ထွက်ကျလာသည်။


ရေထဲမှာ ကစားနေတဲ့ မန်ဒရင်းဘဲတစ်ကောင်ပုံ ထိုးထားတဲ့ အိတ်တစ်လုံး!


ထိုသို့သောအိတ်တစ်လုံးကိုပင် ချူထင်းရှိူ့က ကိုယ်ပေါ်မှာ သိမ်းဆည်းထားသည်။ သူ့မှာ ချစ်ရသူ ရှိနေပြီလား?


သူ ပြုသမျှ နုရမည့် အချိန်တွင် သူသည် ချူထင်းရှိူ့အား တစ်ခုခု လုပ်ရန် မရည်ရွယ်ထားခဲ့ပေ။ သို့သော် အထူးသဖြင့် ယခုချိန်တွင်မူ သူ ချူထင်းရှိူ့ကို ကိုက်‌ချင်လာပြီ!


ထို့နောက် ယန်ကျင်းဇီသည် ချူထင်းရှိူ့၏နှုတ်ခမ်းစီသို့ ဦးတည်ကိုက်ခဲလိုက်သော်လည်း အခြားသူများ မြင်နိုင်သော ဒဏ်ရာရှိခြင်းမှာ မကောင်းကြောင်း လျင်မြန်စွာ သဘောပေါက်သွားသည်။ သူသည် ချူထင်းရှိူ့၏ပုခုံးကိုသာ ကိုက်ရန် နေရာပြောင်းလဲလိုက်သည်။


ကံမကောင်းစွာဖြင့် သူ သူ့ပါးစပ်ကို ဟလိုက်သောအခါ သူ မကိုက်ရက်ပေ... ထိုအစား ယန်ကျင်းဇီသည် မတ်တပ်ထထိုင်ပြီး အိတ်ကို အချိန်ခဏကြာသည့်အထိ စိုက်ကြည့်နေခဲ့သည်။ အဆုံးတွင်မူ သူသည် လှောင်ရယ်လိုက်ပြီး အိတ်ကို ဆုတ်ဖြဲ‌တော့သည်။


အိတ်က တော်တော်လေး ခိုင်ခံ့သည်။ သူ မဆုတ်ဖြဲနိုင်ပေ။


ထို့ကြောင့် ယန်ကျင်းဇီသည် မူလပိုင်ရှင် ခုခံကာကွယ်ရန်အတွက် အသုံးပြုခဲ့သော အိပ်ရာဘေး စားပွဲပေါ်တွင် ရှိသည့် ကတ်ကြေးကို သတိရသွားသည်။ အိတ်ကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ညှပ်ပစ်လိုက်ပြီးနောက်တွင်လည်း မကျေနပ်သေးသဖြင့် သူသည် ချူထင်းရှိူ့၏ အဝတ်များအားလုံးကို ညှပ်ပစ်လိုက်ကာ သူ့အင်္ကျီတွင်လည်း ဖြတ်ရာအနည်းငယ်ကို ချန်ရစ်လိုက်သည်။


အညှပ်ခံရသော နေရာမှာ ချွတ်ထားသော အပေါ်ဝတ်ရုံပင် မဟုတ်ဘဲ ချူထင်းရှိူ့ လက်ရှိဝတ်ထားသော အလယ်လွှာများ ဖြစ်သည်။


သူ မကိုက်ရက်ဘူး။ ဒါပေမယ့် သူ့အဝတ်အစားတွေကို ညှပ်ပစ်တာကတော့ အဆင်ပြေတယ်!