ယန်ကျင်းဇီသည် အိပ်ရာထဲတွင် သနားစရာကောင်းစွာ ဖိုသီဖတ်သီ လှဲလျောင်းနေသော ချူထင်းရှိူ့ကို မြင်သောအခါ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
လွန်ခဲ့သော တစ်နှစ်မတိုင်ခင်ကပင် မူလပိုင်ရှင် အသက်ပိုပိုကြီးလာသောကြောင့် တော်ဝင်မိသားစု၏ သစ္စာစောင့်သိသူများသည် ဘွားတော်ကြီးအား မူလပိုင်ရှင်ကို ထိမ်းမြားမင်္ဂလာပြုခိုင်းရန် ညီလာခံတွင် ခဏခဏ တောင်းဆိုလေ့ရှိပြီး တိုင်းပြည်ကို သူကိုယ်တိုင် အုပ်ချုပ်ခွင့်ပြုရန်ကိုလည်း တောင်းဆိုခဲ့ကြသည်။ ဘွားတော်ကြီးသည် မူလပိုင်ရှင်အား ရွံရှာလာကာ သူ့ကို သတ်ပစ်ချင်ခဲ့သည်။
တစ်နည်းဆိုရသော် အနီးပတ်ဝန်းကျင်မှ အနီးကပ်အစောင့်များ၏ ကာကွယ်မှုကြောင့်သာ မူလပိုင်ရှင်သည် အကြိမ်ပေါင်းများစွာ အန္တရာယ်မှ လွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် ကျိုးမျိုးနွယ်က အင်အားကြီးပြီး ချူထင်းရှိူ့တွင် မြောက်ပိုင်းစစ်တပ် ရှိသော်လည်း မြောက်ပိုင်းစစ်တပ်၏ အဓိကအင်အားစုမှာ မြို့တော်တွင် မရှိပေ။ ချူထင်းရှိူ့၏အနား၌ သူ့ကိုယ်ပိုင်တပ်သား အနည်းငယ်သာ ရှိခဲ့လေရာ ချူထင်းရှိူ့သည် မူလပိုင်ရှင်ကို ကယ်တင်ရန် သူ့အသက်ကိုပင် စွန့်စားခဲ့သည်ဟု ဆိုနိုင်သည်။
ချူထင်းရှိူ့ဟာ တကယ်တော့ သူ့ကယ်တင်ရှင်ပါ။
ပြီးတော့ ဒါက စစ်မြေပြင်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့ သန်သန်မာမာ ယောက်ျားတစ်ယောက်ပဲ!
ဒါဆို ချူထင်းရှိူ့ နိုးလာရင် ဒေါသထွက်မှာလား? သူက သူ့ကို ဘယ်တော့မှ စကားထပ်မပြောတော့ဘဲနေမှာလား?
ယန်ကျင်းဇီ ထိုသို့တွေးပြီး ချူထင်းရှိူ့၏မျက်နှာအနှံ့ကို နောက်ထပ် အကြိမ်အနည်းငယ် နမ်းလိုက်သည်။
ချူထင်းရှိူ့ သူ့အိပ်ရာထဲ ရှိနေစဉ် အခွင့်ကောင်းယူရမည်။
နောက်ပြီး အချစ်သင်္ကေတတစ်ခု...
ယန်ကျင်းဇီ အဝတ်အစားများကို ညှပ်နေချိန်၌ သူသည် ချူထင်းရှိူ့၏အဝတ်အစားများထဲတွင် နွားသားရေအိတ်တစ်လုံးကို ရှာတွေ့ခဲ့သည်။
ဤနွားသားရေအိတ်တွင် အိတ်နှစ်ထပ် ရှိကာ အိတ်တစ်ထပ်တွင် ချူထင်းရှိူ့ မျက်နှာသစ်ရန်နှင့် လက်သုတ်ရန် အသုံးပြုထားသည်ဟု ယူဆရသော ရေစိုလက်ကိုင်ပုဝါတစ်ထည် ရှိနေပြီး အခြားအိတ်တစ်ထပ်တွင်တော့ တိုလီမုတ်စမျိုးစုံ ရှိနေကာ ကိုယ်ပိုင်တံဆိပ်တုံးများ၊ လက်မအရွယ်ခန့် ဓားအသေးစားလေးများ၊ ကျောက်စိမ်းဆွဲပြားနှင့် အလားတူပစ္စည်းများအပြင် ဆားခဲတစ်ခဲပင် ရှိနေသေးသည်။
ထိုကျောက်စိမ်းဆွဲပြားမှာ မူလပိုင်ရှင်မှ ချီးမြှင့်ခံထားရသော ဆုလာဘ် ဖြစ်သည်။
ယန်ကျင်းဇီကတော့ လက်ကိုင်ပုဝါကို ထုတ်ယူပြီး ဘေးတွင် ချိတ်ဆွဲထားလိုက်သည်။ ကတ်ကြေးကို အသုံးပြု၍ ချူထင်းရှိူ့၏ ဆံခြည်တစ်စကို ဦးစွာ အရင်ညှပ်ပြီးနောက် သူ့ကိုယ်ပိုင်ဆံခြည်တစ်စကို ညှပ်ယူလိုက်ပြီး အနီရောင်ကြိုးတစ်မျှင်ဖြင့် အတူချည်နှောင်လိုက်ကာ ချူထင်းရှိူ့၏ နွားသားရေအိတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။
သူ့အပြုအမူမှာ တကယ့်ကိုပင် ဆိုးရွားစုတ်ပြတ်နေပြီဖြစ်သော်လည်း ဤသို့ဖြစ်နေလေပြီ... ဆန့်ကျင်ဘက်အားဖြင့် 'ပျက်စီးနေသော' ယန်ကျင်းဇီကတော့ သူ့အဝတ်အစားများကို ထပ်ပြီး ချွတ်လိုက်ပြန်ကာ ချူထင်းရှိူ့၏ဘေးတွင် ဝင်လှဲလိုက်ပြီး သူတို့နှစ်ယောက်အပေါ် စောင်တစ်ထည်ကိုလည်း လွှမ်းခြုံထားလိုက်သေးသည်။
မူလပိုင်ရှင်သည် သူ ချူထင်းရှိူ့ကို ဘာလုပ်ရမလဲ ရက်များစွာ စိုးရိမ်ပူပန်နေခဲ့ပြီး ညဘက်တွင်လည်း အိပ်မပျော်နိုင်ဘဲ ရက်ပေါင်းများစွာကြာအောင် မအိပ်ရသေးပေ...
ထို့ကြောင့် ယန်ကျင်းဇီသည် ခဏကြာပြီးနောက် လျင်မြန်စွာ အိပ်မောကျသွားသည်။
အဆောင်ထဲတွင် အချိန်အတော်ကြာ လှုပ်ရှားမှု မရှိသဖြင့် ယန်ကျင်းဇီကို စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေသော မိန်းမစိုးအိုကြီး ဝမ်ကျုံးက တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။
မူလပိုင်ရှင်လောက် သတိမရှိသော ယန်ကျင်းဇီသည် လုံးဝ နိုးမလာပေ။
ဝမ်ကျုံး ထိတ်လန့်သွားသည်။ သူ အဆောင်ထဲသို့ ဝင်ပြီး လိုက်ကာခန်းဆီးကို လှစ်ဟလိုက်ခြင်းမှာ နှစ်ယောက်သား အချင်းချင်း ပွေ့ဖက်၍ အိပ်ရာထဲတွင် အိပ်မောကျနေသည်ကိုသာ တွေ့လိုက်ရသည်နှင့် အဆုံးသတ်သွားသည်။
ချူထင်းရှိူ့၏ဝတ်ရုံမှာ ကြမ်းပြင်ပေါ်တွင် လွှင့်ပစ်ခံရထားပြီး ဗလာဟင်းလင်း ဖြစ်နေသော ပခုံးတစ်ဖက်က စောင်ထဲမှ အတိုင်းသား ပေါ်နေသည်။ ဒါ...
အရှင်မင်းကြီးက ချူစစ်သူကြီးကို အဲ့လိုကိစ္စမျိုး လုပ်ရဲတယ်!
ချူစစ်သူကြီး နိုးလာသောအခါ အရှင်မင်းကြီးကို ရိုက်နှက်လောက်လား သူ မသိပေ...
ဝမ်ကျုံး ခဏတဖြုတ် လှည့်ပတ်ရှာဖွေလိုက်ပြီး အရှင်မင်းကြီး၏ သတိဝီရိယရှိမှုကြောင့် လက်နက်အဖြစ် အသုံးပြုသော ပစ္စည်းများ အခန်းထဲတွင် လုံးဝ မရှိသည်ကို သိရှိသွားသည်။ ထိုအခါမှသာလျှင် သူ စိတ်သက်သာရာရသွားကာ တိတ်တဆိတ် ပြန်ထွက်လာလိုက်သည်။
တံခါးအပြင်ဘက်တွင် ဝမ်ကျုံးသည် ရဲမက်များကို ခေါ်ကာ တံခါးကို စောင့်ကြပ်ခိုင်းထားပြီး အဆောင်ထဲမှ အရှင်မင်းကြီး၏ အကူအညီအော်ခေါ်သံ ထွက်လာလျှင် သူ တံခါးကို ချက်ချင်း ဖျက်ဆီး၍ အရှင်မင်းကြီးကို သွားရောက်ကယ်တင်မည်ဖြစ်သည်။
" ဝမ်ကုန်းကုန်း ချူစစ်သူကြီးက အရှင်မင်းကြီးကို အန္တရာယ်မပေးလောက်ဘူးမလား? "
" ဝမ်ကုန်းကုန်း အရှင်မင်းကြီးက ချူစစ်သူကြီးကို ဘာလို့ ဆေးခတ်တာလဲ? "
" ဝမ်ကုန်းကုန်း အနာဂတ်မှာ ချူစစ်သူကြီးက ကျွန်တော်တို့ကို ဒုက္ခပေးမှာ ဖြစ်နိုင်လား? "
...
ဤရဲမက်များမှာ ယန်ကျင်းဇီကို သစ္စာစောင့်သိသော်လည်း ယခင်က သူတို့ သူတို့၏လက်နက်များကို ချူထင်းရှိူ့ထံ ချိန်ရွယ်ဖူးသည် ဆိုသော ဖြစ်ရပ်မှာ သူတို့ကို ပူပန်ကြောင့်ကြစေသည်။
" ချူစစ်သူကြီးက အရှင်မင်းကြီးကို အန္တရာယ်ပေးမှာလား ဆိုလား ပြောရခက်တယ်။ " ဝမ်ကျုံး သက်ပြင်းချလိုက်သည်။
ချူစစ်သူကြီးသည် မိုးကောင်းကင်ထိအောင်ပင် ရပ်တည်နိုင်ခဲ့သော ကြီးမြတ်သူတစ်ယောက် ဖြစ်သော်လည်း အရှင်မင်းကြီးက ထိုသူအား ထိုသို့ပြုမူခဲ့သည်... ချူစစ်သူကြီး မဆိုနှင့်၊ အမြစ်မရှိသော သူ့လိုလူပင် အရှင်မင်းကြီးထံမှ မတော်မလျော်ပြုခံရသည်ကို ပျော်ရွှင်နိုင်လိမ့်မည် မဟုတ်ပေ။
" အရှင်မင်းကြီးက ဘာလို့ ချူစစ်သူကြီးကို ဆေးခတ်တာလဲ ဆိုတာကို မင်းတို့ စိတ်ဝင်စားစရာ မလိုဘူး။ ချူစစ်သူကြီးက မင်းတို့ကို ပြဿနာလာရှာမှာကိုလည်း စိတ်ပူမနေနဲ့တော့။ "
ချူစစ်သူကြီး နိုးလာသောအခါ သူက အရှင်မင်းကြီးကို အလွန်စိတ်ဆိုးလိမ့်မည်ဖြစ်လေရာ သူ့တွင် သူတို့ကို ဂရုစိုက်ရန် အချိန်မရှိနိုင်... မဟုတ်သေးဘူး၊ ချူစစ်သူကြီးက သူ့စိတ်ထဲမှာ မပျော်ရွှင်လျှင် သူတို့အပေါ် သူ့ဒေါသကို ပုံချလိုက်မည်မှာ ဖြစ်နိုင်သည်။ သို့သော် သူတို့တွင် ရွေးချယ်စရာ မရှိဘဲ မည်သို့ပင်ဖြစ်စေ ဆက်လက်စောင့်ဆိုင်းနေရမည်ဖြစ်သည်။
စိတ်ထဲတွင် မည်သို့ပင်ဖြစ်ပျက်နေပါစေ မိန်းမစိုးချုပ်ဝမ်၏ အရေးအကြောင်းများနှင့်သာ ပြည့်နှက်နေသော မျက်နှာမှာ တစ်နည်းတစ်ဖုံဖြင့် ပူပန်သောက ပျောက်ကင်းစေသည်။
ထိုရဲမက်များမှာ မကြောက်ရွံ့တော့ဘဲ စိတ်အေးလက်အေးဖြင့် စောင့်ကြပ်နေကြတော့သည်။
ယန်ကျင်းဇီ ချူထင်းရှိူ့ကို အဆောင်ထဲသို့ ရွှေ့ပြောင်းချိန်တွင် မွန်းတည့်ချိန်ပင် မရောက်သေးဘဲ သူသည် သူ့ရင်ခွင်ထဲမှ ချူထင်းရှိူ့နှင့်အတူ အလွန်နှစ်ခြိုက်စွာဖြင့် အိပ်မောကျသွားသည်။ သူသည် အမှတ်တမဲ့ဖြင့် တစ်ညလုံး အိပ်ပျော်သွားခဲ့လေသည်။
အပြင်ဘက်ကောင်းကင်ယံ အမှောင်ကျသွားသည်နှင့်တပြိုင်နက် မိန်းမစိုးချုပ်ကြီးသည် အထဲသို့ နောက်တစ်ကြိမ် တိတ်ဆိတ်စွာ ဝင်သွားပြန်ကာ အမျိုးသားနှစ်ဦးအတွက် မီးအိမ်တစ်လုံးကို ထွန်းညှိပေးသည်။
အကယ်၍များ ချူစစ်သူကြီးကသာ အရင်နိုးလာပြီး အဆောင်ထဲကို မမြင်ရဘဲနဲ့ အရှင်မင်းကြီးကို လက်သီးနဲ့ထိုးလိုက်ရင် ဘယ်လိုလုပ်မလဲ... အဲ့နောက်ပိုင်း ဘာဆက်ဖြစ်မှာလဲ?
မီးအလင်းရောင်ရှိမည်ဆိုလျှင် ချူစစ်သူကြီးသည် ဤအပြုအမူကို ပြုမူသူမှာ အရှင်မင်းကြီးဖြစ်မှန်း သိသွားသောအခါ သူသည် အမြဲတမ်း နှစ်ကြိမ်တွေးပြီး သတိကြီးစွာ ပြုမူလိမ့်မည်ဖြစ်သည်။
မှိန်ပျပျအလင်းရောင်ထဲတွင် ချူထင်းရှိူ့သည် ဖြည်းညှင်းစွာ သတိပြန်လည်လာသည်။
သူ အားမရှိသကဲ့သို့ ခံစားနေရပြီး သူ့နှလုံးသားက နာကျင်ရောင်ကိုင်းနေကာ စိတ်ပျက်အားငယ်ခြင်း ဟူသော ခံစားချက်နှင့် ပြည့်နှက်နေသည်... ဤအခိုက်အတန့်တွင် ချူထင်းရှိူ့ သူ့မျက်လုံးများကိုပင် မဖွင့်ရဲပေ။
အရှင်မင်းကြီးက သူ့ကို မုန်းတီးပြီး သူ့ကို ဆေးခတ်ခဲ့သည်။
သူ အမှားတစ်ခုခု လုပ်မိခဲ့တာလား?
ယခု အရှင်မင်းကြီးက သူ့ကို ဖမ်းချုပ်ထားပြီး ဘာလုပ်ချင်သလဲ ပြောကြားခြင်းမရှိ။
သူသည် အမြဲတမ်း ဆုံးဖြတ်ချက်ပြတ်သားလေ့ရှိပြီး သူ့တွင် ဆောင်ရွက်စရာ ဆုံးဖြတ်ချက်တစ်ခု ရှိသောအခါ ၎င်းကို ဖြစ်မြောက်အောင် သူ ဆောင်ရွက်မည်ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် သူ သူ့မျက်လုံးများကို မဖွင့်ရဲသည့်အပြင် ဖျော့တော့တော့ မျှော်လင့်ချက်တစ်ခုလေးကိုပင် မမှန်းရဲပေ။
ကိစ္စတွေ အရမ်းမဆိုးရွားလောက်တာလည်း ဖြစ်နိုင်တယ်မလား? သူ မြေပြင်ပေါ် မလဲကျခင် အရှင်မင်းကြီးက သူ့ကို လှမ်းဆွဲရန် ကြိုးပမ်းနေခဲ့သည်...
ချူထင်းရှိူ့သည် ထိုအချိန်က မြင်ကွင်းကို ပြန်လည်မှတ်မိရန် တွေးတောကြည့်လိုက်သည်။ အရှင်မင်းကြီး သူ့ကို ကြည့်သော အကြည့်မှာ သူ့ကို ထိခိုက်စေချင်သည့်ပုံ မပေါ်သော်လည်း သူက စိတ်ရှုပ်ထွေးနေပြီဖြစ်လေရာ ထိုမြင်ကွင်းမှာ အမှန်မဟုတ်ဘဲ သူ စိတ်ကူးယဉ်မိတာမျိုး ဖြစ်နိုင်သည်။
ခါးသက်စွာ ပြုံးရယ်ရင်း ချူထင်းရှိူ့ သူ့မျက်လုံးများကို ဖွင့်ရန် အဆင်သင့်ဖြစ်သွားချိန်တွင် သူသည် လက်တစ်စုံက ထွက်လာပြီး သူ့ရင်ဘတ်ကို လှမ်းကိုင်သည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ချူထင်းရှိူ့ ထိတ်လန့်လွန်းသွားသဖြင့် သူ ဖမ်းကိုင်ပြီး သူ့အနားမှလူကို ရိုက်ထုတ်ရန် ကြိုးစားမိလိုက်သည်။
သူ့ဘေးနားက လူက ဘယ်သူလဲ? လက်က သူ့အသားကို တိုက်ရိုက်ထိတွေ့နေတယ်... သူ အဝတ်မဲ့နေတာလား?
အရှင်မင်းကြီးက သူ့ကို ဒီလောက်တောင် မုန်းတာလား? သူတို့က သူ့ကို အဝတ်ချွတ်ရိုက်ပြီး အခြားအကျဉ်းသားတွေနဲ့ အကျဉ်းချထားတာလား?
ချူထင်းရှိူ့ တပ်ထဲတွင် ရှိစဉ်က သူသည် အမျိုးသားနှစ်ဦးကြားမှ ထိုကိစ္စကို အနည်းငယ်သာ သိခဲ့ပြီး သူ့တွင် ဧကရာဇ်အရှင်နှင့်ပတ်သက်၍ မရှိသင့်သော အတွေးများ ရျိလာပြီးနောက် သူ ဤကဏ္ဍကို ပိုအာရုံစိုက်ခဲ့သည်။
၎င်းမှာ ထိုမျှသာ ဖြစ်ပြီး သူသည် အမျိုးသားများကို သဘောကျသော်လည်း သူ သဘောကျသည့် တစ်ဦးသော လူမှာ ဧကရာဇ်မင်းသာ ဖြစ်ကာ အခြားတစ်ယောက်သာ ဖြစ်လျှင်တော့...
သူ သေချာပေါက် အဲ့လူကို သတ်ပြီး အပိုင်းပိုင်းအစစ ဖြစ်အောင် ခုတ်ပစ်မယ်!
အတွေးများစွာမှာ ချူထင်းရှိူ့၏စိတ်ထဲတွင် တဖျတ်ဖျတ်နှင့် ပေါ်လာကြပြီး သူ ဒေါသထွက်လွန်း၍ ပါးစပ်အပြည့် သွေးတစ်လုတ်စာ ထုတ်အန်ရခါနီးပင်။ တွန်းထုတ်လိုက်သော လက်ထဲတွင် အားအနည်းငယ်သာ ရှိသော်လည်း သူ့အနားမှလူက အနည်းငယ် တွန်းဖယ်ခံလိုက်ရသည်။ သို့သော် ထိုသူက ပြန်ကပ်လာပြီး သူ့ကို ရှုပ်ထွေးသော ပုံစံဖြင့် ဖက်တွယ်ကာ စကားပြောလာသည် : " တိတ်တိတ်နေ... "
ဒီအသံ။ ဒါ... အရှင်မင်းကြီးရဲ့အသံမလား?!
ချူထင်းရှိူ့ သူ့မျက်လုံးများကို ဖွင့်လိုက်ကာ သူ့အနားမှအခြေအနေကိုလည်း တွေ့မြင်သွားပြီး သူ အိပ်မက်ထဲတွင် ရှိနေသေးသည်ဟုသာ ခဏတာ ခံစားလိုက်ရသည်။
သူသည် အရှင်မင်းကြီး၏ နဂါးခုတင်ပေါ်တွင် လှဲလျောင်းနေပြီး သူ့ဘေးနားတွင် လှဲလျောင်းနေသူမှာ သူ တစ်နှစ်ကျော် ရည်မှန်းတွေးတောနေခဲ့ရသော သူ့အရှင် ဖြစ်သည်။
အရှင်မင်းကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစားတစ်စပင် မရှိ... ချူထင်းရှိူ့ လက်တစ်ဆုပ်စာ ဖမ်းဆွဲမိပြီး သူ့အဝတ်အစားများက ရှိနေသေးသော်လည်း ဘာကြောင့်မှန်းမသိ စုတ်ပြတ်နေပြီး ဆုတ်ဖြဲခံထားရသည်ကို တွေ့ရှိသွားသည်။
သူတို့နှစ်ယောက်က အိပ်ရာတစ်ခုထဲတွင် ရှိနေပြီး တောက်ပသော အဝါရောင်စောင်ထည်တစ်ထည်အောက်တွင် ရှိနေကြလေရာ အိပ်မက်တစ်ခုသာ မဟုတ်လျှင် တခြားဟာ ဖြစ်နိုင်ပါ့မလား?
အလင်းရောင်ဖြင့် ချူထင်းရှိူ့သည် သူ့အနားတွင် လှဲနေသော လူကို လေးလေးနက်နက် ကြည့်ရှုလိုက်သည်။
သူ့အနားတွင် လှဲလျောင်းနေသူမှာ အမှန်ပင် အရှင်မင်းကြီး ဖြစ်သည်။
သူသည် ယခင်က ဤကဲ့သို့ လှပသော အိပ်မက်တစ်ခုကို မမက်ဖူးခဲ့ဘဲ ယခု မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေတွင် ကျရောက်နေချိန်၌ လှပသော အိပ်မက်တစ်ခုကို မြင်မက်နေရသည်။
ချူထင်းရှိူ့ ကြွက်သားတစ်ခုကိုပင် မလှုပ်ရဲ။ သူ လှုပ်ရှားလိုက်လျှင် လှပသော ဤအိပ်မက်က အရိပ်အယောင်တစ်စွန်းတစ်စပင် မကျန်ဘဲ ပျောက်ကွယ်သွားမည်ကို သူ ကြောက်သည်။
သူ အသက်ရှည်ရှည်မနေရမည်ကို စိုးရိမ်မိပြီး သူ မသေခင် အိပ်မက်ကောင်းတစ်ခုက သူ့ကို အနည်းငယ် စိတ်ပျော်စေနိုင်သည်။
ယန်ကျင်းဇီသည် အချိန်အတော်ကြာ အိပ်ပျော်နေခဲ့သဖြင့် ချူထင်းရှိူ့က သူ့ကို ဖယ်ရန် တွန်းထုတ်လိုက်ချိန်တွင် သူ နိုးလာခဲ့သည်။
ချူထင်းရှိူ့က နိုးနေပြီ!
အခြားတစ်ဖက်မှ ယန်ကျင်းဇီကတော့ စိတ်လှုပ်ရှားလွန်းနေသဖြင့် သူ မလှုပ်ရှားရဲပေ။
ချူထင်းရှိူ့ထံမှ ရိုက်နှက်ခံရမည်ကို သူ အနည်းငယ် စိုးရိမ်မိသည်။
ချူထင်းရှိူ့ ဘွားတော်ကြီးကို တိုက်ခိုက်ပြီး သူ့ကို ကယ်တင်ရန် နန်းတော်ထဲသို့ ဝင်လာချိန်၌ ချူထင်းရှိူ့သည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင် ရိုးရှင်းစွာ ကျော်လွှားအောင်နိုင်ခဲ့လေရာ သူ့ခန္ဓာကိုယ်သေးသေးလေးက ချူထင်းရှိူ့၏လက်သီးစာကို ခံနိုင်လောက်မည်မဟုတ်ပေ။
ရလဒ်မှာတော့ ချူထင်းရှိူ့က ဘာမှမလုပ်ခဲ့။
ယန်ကျင်းဇီ သက်ပြင်းချလိုက်ကာ နောက်ဆုံးတွင်တော့ သူ့မျက်လုံးများကို ဖွင့်ရန် သတ္တိရှိလာသည်။
ချူထင်းရှိူ့က သူ့အား သေစေနိုင်သော အကြည့်ကြီးနှင့် စိုက်ကြည့်နေသည်။
မူလပိုင်ရှင်ထံမှ လွှမ်းမိုးခံထားရခြင်း ဖြစ်နိုင်သော်လည်း ယန်ကျင်းဇီမှာ ထိတ်လန့်သွားပြီး နောက်ဆုတ်မိလိုက်ရာ ခုတင်ပေါ်မှ ပြုတ်ကျတော့မတတ်ပင်။
ကံကောင်းစွာဖြင့် နဂါးခုတင်က လုံလုံလောက်လောက် ကျယ်ဝန်းလေသည်။
ချူထင်းရှိူ့သည် ယန်ကျင်းဇီ ပြုတ်ကျမသွားသည်ကို တွေ့လိုက်ရ၍ စိတ်သက်သာရာရသွားပြီး ဝမ်းနည်းမှုအနည်းငယ်ဖြင့် ရေရွတ်မိလိုက်သည် : " အရှင်မင်းကြီး... " အိပ်မက်ထဲမှာတောင်မှ အရှင်မင်းကြီးက သူ့ကို အရမ်းကြောက်တာပဲလား?
ထို့်နောက် ယန်ကျင်းဇီက ရှက်ရွံ့စွာဖြင့် ပြုံးရယ်ပြလာသည် : " အိုက်ချင်း... "
ချူထင်းရှိူ့သည် ယန်ကျင်းဇီ၏မျက်နှာထံမှ လုံးဝ အကြည့်မလွှဲသွားပေ။ သူသည် သူ၏ ဖူးရောင်နေသော ခေါင်းကို ပွတ်ရင်း ထထိုင်လိုက်ပြီး တစ်စုံတစ်ခု ပြောတော့မည်အပြု သူ့အဝတ်အစားများမှာ အပိုင်းပိုင်းအစစ ဖြစ်အောင် နုပ်နုပ်စဉ်းခံထားရမှန်း သူ သဘောပေါက်နားလည်သွားသည်။
ချူထင်းရှိူ့ : " ... "
ယန်ကျင်းဇီ : " ... " ဒီအခြေအနေက နည်းနည်းရှက်စရာကောင်းတယ်။
ယန်ကျင်းဇီသည် ချက်ချင်းပင် အခြေနေကို ပြန်ပြောင်းလှန်ရန် ဆုံးဖြတ်လိုက်သည် : " ချူထင်းရှိူ့! "
ချူထင်းရှိူ့က ဘာမှမပြောဘဲ ယန်ကျင်းဇီကို ကြည့်နေဆဲ။
ယန်ကျင်းဇီက ဆက်ပြောသည် : " ချူထင်းရှိူ့ မင်း ကိုယ်တော့်ကို ဘယ်လိုတောင် ဒီလိုလုပ်ရက်ရတာလဲ! ကိုယ်တော့်နှလုံးသားက မင်းကို ဆန္ဒရှိပေမယ့် မင်းက ကိုယ်တော့်ကို မင်းရဲ့ညီမနဲ့ လက်ဆက်ခိုင်းတယ်။ မင်း... "
ချူထင်းရှိူ့ ရုတ်တရက် အနည်းငယ် ရယ်ချင်သွားသည်။ ဤသည်က တကယ့်ကိုပင် လှပသော အိပ်မက်တစ်ခု ဖြစ်သည်။
သို့သော် သူ မရယ်နိုင်ပေ။ ၎င်းက အိပ်မက်တစ်ခုသာ ဖြစ်သည်။
ဘယ်လိုလုပ် အရှင်မင်းကြီးက... သူ့လို ကြမ်းတမ်းပြီး ကြီးမားသည့် အမျိုးသားတစ်ဦးကို ဆန္ဒရှိပါ့မလဲ? အရှင်မင်းကြီးတွင် လုံယန်၏ကြင်နာကောင်းမွန်မှု အမှန်တကယ် ရှိသည်ဆိုလျှင်တောင်မှ ထိုလှပသောအမျိုးသားများကိုသာ နှစ်သက်သင့်သည်။
" ချူထင်းရှိူ့ ကိုယ်တော်က မင်းကို မြင်မြင်ချင်းနှစ်သက်ခဲ့တယ်။ ကိုယ်တော် အလိုရှိတာလည်း မင်းကိုပဲ။ မင်းက ကိုယ်တော့်ကို ဘယ်လိုတောင် ရက်စက်နိုင်ရတာလဲ! " ယန်ကျင်းဇီက ဆက်ပြောခဲ့သည်။
မူလပိုင်ရှင်အတွက်တော့ ဒါက သမင်တစ်ကောင်ကို ညွှန်ပြပြီး မြင်းတစ်ကောင်ဟု ခေါ်ဆိုနေခြင်း* ဟူသော မုသားစကားတစ်ခွန်း ဖြစ်သော်လည်း သူ့အတွက်တော့ အဲ့ဒါက သူ့နှလုံးသားအနက်အောက်ခြေထဲက ထွက်လာတဲ့ အမှန်တရားပဲ!
သူ့တွင် ဟန်ဆောင်ခြင်းမရှိဘဲ စိတ်ရင်းမှန်ကန်သည်။
ချူထင်းရှိူ့သည် ဤအိပ်မက်က အနည်းငယ်ကောင်းလွန်းနေသည်ဟုသာ ခံစားရသည်။
" ချူထင်းရှိူ့ ကိုယ်တော် မင်းကို ဆေးမခတ်ခင် ကိုယ်တော့်မှာ တကယ်ပဲ ရွေးချယ်စရာ မရှိခဲ့ဘူး... အဲ့လိုညစ်ပတ်တဲ့လှည့်စားမှုတွေကို အသုံးပြုတာ ကိုယ်တော် မှားတယ်လို့ ကိုယ်တော် ဝန်ခံပါတယ်။ ဒါပေမယ့် ကိုယ်တော် တကယ်ပဲ မင်းကို ထိတွေ့ပြီး မင်းကို ထွေးပွေ့ချင်ခဲ့တာပါ။ " ယန်ကျင်းဇီ ပြောပြီးနောက် ချူထင်းရှိူ့က သူ့အား လေးနက်စွာ ကြည့်နေဆဲဖြစ်ကြောင်း သတိထားမိသွားကာ အနည်းငယ် တုန်လှုပ်သွားပြန်သည်။ " သေချာပေါက် ကိုယ်တော် မှားမှန်း ကိုယ်တော် သိပါတယ်။ ကိုယ်တော် မင်းကို ဘာမှမလုပ်ခဲ့ပါဘူး။ "
ချူထင်းရှိူ့ အနည်းငယ် ဝမ်းနည်းသွားသည်။
အဆုံးမှာတော့ အိပ်မက်က အိပ်မက်ပါပဲ။
ချူထင်းရှိူ့ : " အရှင်မင်းကြီး ကျွန်တော်မျိုးတို့က ယောက်ျားသားတွေပါ။ " သူက ယောက်ျားတစ်ယောက် ဖြစ်ပြီး ရလဒ်မှာတော့ သူသည် အခြားယောက်ျားတစ်ယောက်ကို သဘောကျရုံတင်မက ထိုယောက်ျားအတွက် ထိမ်းမြားမင်္ဂလာပြုရန်ပင် မလိုလားပေ။
ချူထင်းရှိူ့သည် သူ့ကိုယ်သူ အလွန်မုန်းတီးမိပြီး သူသည် သူ့ဘိုးဘေးများအတွက် အရှက်ရစရာတစ်ခု ဖြစ်သည်ဟု ခံစားလိုက်ရသဖြင့် သူ စောစောသေသွားလည်း ကောင်းသည်ဟု တွေးမိသည်။
" ကိုယ်တော်တို့က ယောက်ျားတွေ ဆိုတော့ရော ဘာဖြစ်လဲ? ကိုယ်တော်က မင်းကိုပဲ နှစ်သက်ပြီး မင်းကိုပဲ လိုချင်တယ်။ " ယန်ကျင်းဇီက ပြောသည်။
" အရှင်က ဧကရာဇ်မင်းတစ်ပါးပါ။ ဘယ်လိုလုပ် အဲ့လိုလုပ်နိုင်ပါ့မလဲ? အရှင်က ကောင်းမွန်တဲ့ ဧကရီတစ်ပါးကို ထိမ်းမြားလက်ထပ်ပြီး နောက်ထပ်ကိုယ်လုပ်တော်အနည်းငယ်ကို ထပ်ယူပြီး မိသားစုအကိုင်းအခက်တစ်ခုကို စတင်သင့်တာ.... "
" ကိုယ်တော် တခြားဘယ်သူ့ကိုမှ စိတ်မဝင်စားဘူး! ကိုယ်တော် မင်းကို ပြောပြီးပြီ ကိုယ်တော် မင်းကိုပဲ သဘောကျတယ်! "
" အရှင်မင်းကြီး... အရှင်က ဒီအမတ်ကို သဘောကျတယ်ဆိုရင်တောင်မှ ဘုရင်မတစ်ပါးကို ရွေးချယ်သင့်ပါတယ်... ပြီးတော့ အရှင်မင်းကြီး၏နှစ်သက်မှုကို လက်ခံရရှိဖို့ ဒီအမတ်က ဘာများ ကမ်းလှမ်းနိုင်ပါ့မလဲ? " ချူထင်းရှိူ့၏နှလုံးသားမှာ ပျော်ရွှင်ပြီး ဝမ်းနည်းနေသည်။ အရှင်မင်းကြီး၏ ချိုမြိန်သော စကားလုံးများမှာ အမှန်ဖြစ်ရန် ကောင်းမွန်လွန်းနေသည်။ သို့သော် ၎င်းက အလိမ်အညာတစ်ခုသာ ဖြစ်သည်။
ယန်ကျင်းဇီ ဒေါသထွက်လွန်းသဖြင့် ရယ်သာရယ်နိုင်တော့သည်။
ချူထင်းရှိူ့က ဒီလောက်တောင် တုံးအမိုက်မဲပြီး သစ္စာရှိတာလား?
သူသည် ချူထင်းရှိူ့ကို ဆေးခတ်ပြီး နဂါးခုတင်ပေါ် ချူထင်းရှိူ့ကို တင်ကာ သူ့အချစ်ကို ဝန်ခံခဲ့သော်လည်း ချူထင်းရှိူ့က စက်ဆုပ်ရွံရှာခြင်း သို့မဟုတ် စိတ်ဆိုးဒေါသထွက်ခြင်း မရှိခဲ့ချေ။ ဒါပေမယ့် သူက သူ့ကို ဘုရင်မတစ်ပါး ရွေးချယ်ဖို့ စပြီး နားချတယ်!
ဒီယောက်ျားက ထောင်ထဲအထည့်ခံရပြီးတာတောင် မူလပိုင်ရှင်ကို ဆက်စဉ်းစားနိုင်နေသေးတာ မအံ့ဩတော့ဘူး!
သူ့ရဲ့ဒီလိုပုံစံနဲ့သာဆို သူ ဆိုးဆိုးရွားရွား အဆုံးသတ်ပြီး သူ့ဘဝကို ဆုံးရှုံးရမယ် ဆိုတာကိုရော သူ သိရဲ့လား!
ယန်ကျင်းဇီ စိတ်ဆိုးလွန်း၍ သူ မည်သည့်နေရာမှ ရလာမှန်း မသိသော သတ္တိနှင့် ချူထင်းရှိူ့အပေါ် ခုန်အုပ်လိုက်ကာ သူ့အား ကြားရသည်ကို မနှစ်သက်စေသော အကြောင်းအရာကိစ္စများကို အမြဲပြောတတ်သည့် ချူထင်းရှိူ့၏ပါးစပ်ကို ပိတ်ရန် သူ့ပါးစပ်ကို အသုံးပြုလိုက်သည်။
သူ နှစ်သက်သော လူက သူ့အနားတွင် လှဲနေ၍ ယခင်က သူသည် သူ့စိတ်ဆန္ဒများကို ချိုးနှိမ်ရန် အကောင်းဆုံးကြိုးစားခဲ့ရသည်။ အခု သူ မလုပ်ချင်တော့ဘူး!
အနမ်းပြီးဆုံးသွားသောအခါ ယန်ကျင်းဇီ မေးလိုက်သည် : " ချူထင်းရှိူ့ မင်း ကိုယ်တော့်အပေါ် သစ္စာစောင့်သိတယ်မလား? "
" ဟုတ်မှန်ပါတယ်။ " ချူထင်းရှိူ့က ပြန်ဖြေကာ သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေသည် — အရှင်မင်းကြီးက သူ့ကို နမ်းတယ်!
သူ အရှင်မင်းကြီးစီက အနမ်းခံလိုက်ရတယ်!
" မင်းကို လိုချင်တယ်လို့ ကိုယ်တော် ပြောခဲ့တယ်။ မင်း မလိုလားဘူးလား? "
သေချာတာပေါ့၊ ချူထင်းရှိူ့ လိုလားသည် : " အရှင်မင်းကြီးက ကျွန်တော်မျိုးကို အလိုရှိရင် ကျွန်တော်မျိုးလည်း စိတ်ရင်းနဲ့ လိုလားပါတယ် ဒါပေမယ့် အရှင်မင်းကြီးက... ထိမ်းမြားလက်ထပ်ပြီး ဆက်ခံသူကလေးတွေ ရှိရပါဦးမယ်။ "
စကားအဆုံး၌ ချူထင်းရှိူ့၏မျက်ဝန်းများ အနည်းငယ် နာကျင်သွားရသည်။
အိပ်မက်က မည်မျှပင် လှပပါစေ သူ့အရှင်က ဧကန်မုချ ဘုရင်မတစ်ပါးကို လက်ထပ်လိမ့်မည်။
ဒီလူ... သူက သစ္စာရှိပြီး မျိုးချစ်တာနဲ့ပဲ ဘာမဆိုလုပ်မှာလား? ယန်ကျင်းဇီ ပို၍ပင် စိတ်ဆိုးသွားပြီး ချူထင်းရှိူ့၏ စုတ်ပြဲနေပြီဖြစ်သော အဝတ်အစားများကို ဆွဲဖြဲပစ်လိုက်သည်။ ဤဆွဲဖြဲမှုက အဝတ်အစားများကို လုံးဝ ပျက်စီးသွားစေသည်။
ယန်ကျင်းဇီ၏လှုပ်ရှားမှုများမှာ ရပ်တန့်သွားပြီး သူက ချူထင်းရှိူ့ကို ကြည့်လိုက်ပြန်သည်။
သူ ချစ်သော ယောက်ျားက ကိုယ်ပေါ်တွင် မိန်းမပျိုတစ်ဦး၏အိတ်ကို သယ်ဆောင်ထားရုံတင်မကဘဲ သူကိုယ်တိုင်ကိုလည်း ထိမ်းမြားလက်ထပ်ရန် ဖြောင်းဖျသေးသည်... ယန်ကျင်းဇီသည် ချူထင်းရှိူ့အား အပြစ်နည်းနည်း ပေးချင်ခဲ့ပြီး ချူထင်းရှိူ့၏နှုတ်ခမ်းကို နောက်တစ်ကြိမ် နမ်းလိုက်သည်။
ချူထင်းရှိူ့ကလည်း ပုန်းကွယ်မနေသည့်အပြင် မျက်ဝန်းများထဲတွင် မျက်ရည်စများနှင့်အတူ သူ့ကို ကြည့်ရုံသာကြည့်နေခဲ့သည်။
ယန်ကျင်းဇီ နောင်တရသွားပြန်သည်။ ဒါက သူ သဘောကျသော တစ်စုံတစ်ယောက် ဖြစ်သည်။ ဘယ်လိုလုပ် သူက ဒီလူကို ဒီလိုမျိုး အရှက်ရစေနိုင်ပါ့မလဲ?
ထိုသို့တွေးရင်း ယန်ကျင်းဇီ မလှုပ်ရှားတော့ဘဲ ချူထင်းရှိူ့ကို ခြုံပေးရန် စောင်ထည်ကို လှမ်းယူလိုက်သည်။
ရလဒ်မှာတော့ ချူထင်းရှိူ့က စောင်ကို ဖယ်ရှားလိုက်ပြီး အဲ့အစား သူ့ကို ဖက်ကာ နမ်းလာသည် : " အရှင်မင်းကြီး အဲ့ဒါကို အရှင် လိုချင်ရင် ကျွန်တော်မျိုး ဆန္ဒရှိပါတယ်။ " သူလည်း သူ့အရှင်ကို အမှန်တကယ် လိုချင်ပြီး ဒါက အိပ်မက်တစ်ခုသာ ဖြစ်သဖြင့် သူ သူ့စိတ်ဆန္ဒအတိုင်း လိုက်လျောနိုင်သည်။
ယန်ကျင်းဇီ : " ... " သူ ဘယ်လိုလုပ် ဒီလိုအခြေအနေမျိုးကို ဆက်သည်းခံနိုင်နေပါတော့မလဲ?
မှောက်မိုက်နေသော အတွေးနက်တစ်ခုပင် သူ့စိတ်ထဲ ထွက်ပေါ်လာသည်။
ယန်ကျင်းဇီ ချူထင်းရှိူ့အား ဖိချလိုက်ပြန်သည်။
သူ့တွင် တကယ်ပင် အင်အားမရှိသော်လည်း ချူထင်းရှိူ့က မရုန်းကန်ရုံတင်မကဘဲ အလွန်ပူးပေါင်းဆောင်ရွက်တတ်ပြီး သူ့ဘောင်းဘီကို ချွတ်ရန်ပင် လက်ဦးမှုယူလိုက်သေးသည်။
ယန်ကျင်းဇီ၏ဆင်ခြင်တုံတရားမှာ လုံးဝ ပျောက်ဆုံးသွားပါပြီ။
ချူထင်းရှိူ့ : " ... " အိပ်မက်ထဲမှာတောင် အရမ်းနာနိုင်တာပဲလား?
ခဏလေး ဒါက အရမ်းစစ်လွန်းမနေဘူးလား?
____
*သမင်တစ်ကောင်ကို ညွှန်ပြပြီး မြင်းတစ်ကောင်ဟု ခေါ်ဆိုနေခြင်း - ဒုတိယမြောက်ချင်ခေတ်အတွင်း အမတ်ချုပ် ကျောက်ကောင်းသည် အာဏာစုဆောင်းပြီး ထီးနန်းပုလ္လင်ကို သိမ်းယူချင်ခဲ့သည်။ သူက အမတ်များ ဆန့်ကျင်မည်ကို စိုးရိမ်ပြီး လူတိုင်းကို စမ်းသပ်ရန် နည်းလမ်းတစ်ခုကို တွေးမိသွားသည်။ တစ်နေ့တွင် သူက နံနက်ညီလာခံသို့ သမင်တစ်ကောင်ကို ခေါ်သွားသည်။ အမတ်များက ထူးဆန်းသည်ဟု ခံစားရပြီး ကျောက်ကောင်း ဘာလုပ်ချင်လဲ နားမလည်ကြပေ။ ကျောက်ကောင်းက သမင်ကို ညွှန်ပြပြီး ဒုတိယမြောက် ချင်ဘုရင်ကို လျှောက်တင်သည် : " ဒီအမတ်က အရှင်မင်းကြီးကို မြင်းပေါင်းသောင်းချီရဲ့ မြင်းတစ်ကောင်ကို ဆက်သပါတယ်! " " အမတ်ချုပ်ကြီး မှားနေပြီ။ ဒါက သမင်တစ်ကောင်မှန်း သိသာတယ်။ ဘယ်လိုလုပ် မြင်းတစ်ကောင်လို့ ပြောနိုင်တာလဲ? " အမတ်များက ဒါဟာ မြင်းတစ်ကောင်လား သို့မဟုတ် သမင်တစ်ကောင်လား ဆိုတာ ငြင်းခုံကြသည်။ လူအများစုက ကျောက်ကောင်း၏ ဖိနှိပ်မှုကို ကြောက်ရွံ့သဖြင့် စကားမပြောကြပေ။ ကျောက်ကောင်း စိတ်ကျေနပ်စေရန်အတွက် လူတချို့က မျက်လုံးများကို ဖွင့်ထားလျက်နှင့် ပေါက်ကရများ ပြောကြသည် : " အဲ့ဒါက မြင်းတစ်ကောင်ပါ။ " ဖြောင့်မတ်မှန်ကန်သော အမတ်များကလည်း ပြတ်သားစွာဖြင့် ပြောကြသည် : " အဲ့ဒါက သမင်တစ်ကောင်ပဲ! " နောက်ပိုင်းတွင် ဤဖြောင့်မတ်မှန်ကန်သောအမတ်များမှာ ကျောက်ကောင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
____