ချူထင်းရှိူ့သည် လုံးလုံး စိတ်ရှုပ်ထွေးနေကာ လုံးဝ မတုံ့ပြန်နိုင်ပေ။
သူသည် အိပ်မက်ထဲတွင် မွေ့လျော်ချင်ရုံချင်သာ ဖြစ်သည်... အဲ့ဒါက လုံးဝ အိပ်မက်မဟုတ်ဘူးပေါ့?
ဒါက အရမ်းစစ်မှန်လွန်းနေသည်။ အရှင်မင်းကြီးက အမှန်တကယ်ပင် သူ့ကို မသတ်ချင်ခဲ့ပေ။ ဒါပေမယ့် သူ့ကို နဂါးအိပ်ရာထဲ ထည့်ထားတယ်!
ဒါ... ဒါ...
ချူထင်းရှိူ့ ဘာလုပ်ရမလဲကိုတောင် မသိတော့ဘဲ ခုတင်ပေါ်တွင် မှင်တက်စွာ လဲလျောင်းနေသည်။
သူ အာရုံမစိုက်သည်ကို မြင်လိုက်ရသောအခါ ယန်ကျင်းဇီက စိတ်တိုသွားပြီး ချူထင်းရှိူ့၏ပခုံးကို ချက်ချင်း ကိုက်လိုက်သည်။
ချူထင်းရှိူ့ : " ... "
" အိုက်ချင်း မင်းက ကိုယ်တော့်အပိုင်ပဲ ဖြစ်ရမယ်။ " ယန်ကျင်းဇီသည် အံကြိတ်ထားရင်းနှင့် ပြောလာပြီး မှိန်ဖျော့ဖျော့အလင်းရောင်ထဲတွင် သူ့မျက်နှာက အနည်းငယ် ခက်ထန်နေသည်။
သို့သော် ချူထင်းရှိူ့သည် သူက အထူးတလည် ကြည့်ကောင်းနေသည်ဟု တွေးမိသည်။
အရှင်မင်းကြီးသည် ယခင်အချိန်များထက်ပင် ပို၍ကြည့်ကောင်းနေခဲ့သည်။
သူ့နှလုံးက ပိုပိုပြီး အခုန်မြန်လာလေရာ ကြွက်သားတိုင်းက တဒုတ်ဒုတ်ဖြင့် လှုပ်ခါနေသည်။ " ဟုတ်ကဲ့ " ဖြေရန် သူ သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း သူ့လည်ချောင်းမှာ ပိတ်ဆို့ခံထားရသကဲ့သို့ ခံစားရပြီး သူ စကားမပြောနိုင်ပေ။
သူ ပြန်မတုံ့ပြန်သည်ကို ယန်ကျင်းဇီက တွေ့သွားပြီးနောက် စိတ်တိုမှုကြောင့် သူ့ကို ထပ်ကိုက်ပြန်သည်။
ချူထင်းရှိူ့ မည်သည့်နာကျင်မှုကိုမှ မခံစားရဘဲ ပျော်ရွှင်မှုကိုသာ ခံစားရသည်။ သူ သူ့ကိုယ်ပေါ်မှ လူကို ပွေ့ဖက်ချင်လာသော်လည်း သူ မလုပ်ရဲပေ။ အချိန်အနည်းငယ် ကြာသွားပြီး အဆုံး၌ သူ့တွင် သူ့အရှင်ကို ပွေ့ဖက်ရန် သတ္တိရှိလာခဲ့သည်။
ယန်ကျင်းဇီသည် ချူထင်းရှိူ့စီမှ ညင်သာစွာ အဖက်ခံလိုက်ရပြီး သူ စိတ်လှုပ်ရှားမိသွားသည်နှင့်တပြိုင်နက် ၎င်းက ပြီးသွားသည်။
ယန်ကျင်းဇီ : " ... "
ချူထင်းရှိူ့ : " ... "
" ကိုယ်တော် ပထမဆုံးလုပ်ဖူးတဲ့အကြိမ်မို့လို့ အရမ်းမြန်မြန်ပြီးသွားတယ်! " ထို့နောက် ယန်ကျင်းဇီသည် အံကြိတ်လိုက်ကာ ချူထင်းရှိူ့အား ခဏအကြာ နမ်းရှိုက်လိုက်ပြန်သည်။
ချူထင်းရှိူ့၏နှလုံးသားလေးမှာ ပို၍ပင် အခုန်မြန်လာသည်။
ပထမဆုံးအကြိမ်... ပထမဆုံးအကြိမ်တဲ့!
နန်းတော်ထဲမှ အပျိုတော်များအားလုံးသည် အရှင်မင်းကြီး၏လူများ ဖြစ်သည်။ သူ အမြဲတွေးခဲ့သည်မှာ အကယ်၍ အရှင်မင်းကြီးတွင် ဘုရင်မ မရှိလျှင်တောင်မှ မိန်းမများ ရှိလိမ့်မည် ဟူ၍...
" အရှင်... " ချူထင်းရှိူ့ ထုတ်ခေါ်လိုက်ပြီးနောက် သူသည် ယန်ကျင်းဇီက ပြန်အသက်ရှင်လာပြီး သန်မာလာပြန်သည်ကို သိရှိလိုက်ရသည်။
ယန်ကျင်းဇီသည် ဒုတိယအကြိမ်တွင် ကောင်းမွန်သည်ဟု ဆိုနိုင်လောက်အောင် လှုပ်ရှားကစားခဲ့သော်လည်း ၎င်းမှာ ချူထင်းရှိူ့အတွက် ခံစားမှုမကောင်းခဲ့ပေ။
ယခင်ကလောက် မနာကျင်တော့ဘူး ဆိုလျှင်တောင်မှ အရှင်မင်းကြီးက သူ့အား အလွန်ညင်သာစွာ ဂရုစိုက်သည် ဆိုလျှင်တောင်မှ ၎င်းမှာ အမြဲတမ်း အဆင်မပြေဖြစ်လေ့ရှိပေသည်။
သို့သော် သူ ၎င်းကို လုံးဝ မမုန်းပါချေ။
" အိုက်ချင်း မင်း ကိုယ်တော့်ကို ဘုရင်မ ရွေးဖို့ ထပ်ပြောမယ်ဆိုရင် ကိုယ်တော် မင်းကို ကြည့်ကောင်းအောင် လုပ်ပေးမယ်... မင်း ကိုယ်တော့်အတွက် ဘုရင်မတစ်ပါး ဖြစ်လာတဲ့အထိပေါ့။ "
ယန်ကျင်းဇီသည် ချူထင်းရှိူ့၏နားထဲတွင် တိုးတိုးလေး ကပ်ပြောခဲ့သည်။
ချူထင်းရှိူ့ သူ့နားရွက်များမှာ သူ့ကိုယ်ပိုင်မဟုတ်တော့ဟုပင် ခံစားလိုက်ရသည်။
သူသည် သူ၏အရှင်သခင်အား သူလည်း အရှင့်ကို သဘောကျကြောင်း ပြောချင်ခဲ့သော်လည်း ဆင်ခြင်ဉာဏ်က သူ့အား သူ့ပါးစပ်ကို ဖွင့်ခြင်းမှ တားဆီးခဲ့သည်။
အရှင်မင်းကြီးက... သူက တကယ်ပဲ ဘုရင်မ မထားဘူးလား?
အရှင်မင်းကြီးက ဘုရင်မ မရွေးဘူး ဆိုရင်တောင် သူက ကလေးယူမှာပဲ မဟုတ်ဘူးလား?
ထို့ပြင် သူက အရှင်မင်းကြီးထက် အသက်ပိုကြီးသဖြင့် အရှင်မင်းကြီးက သူ့ကို ယခု သဘောကျသော်လည်း အနာဂတ်မှာ ဆက်သဘောကျနေဦးပါ့မလား?
သူသည် သူက သစ္စာရှိပြီး မျိုးချစ်စိတ် ထက်သန်ချင်ပါသည်ဟု ဆက်တိုက်ပြောနေသော်လည်း ဤကိစ္စမျိုးကို လုပ်ခဲ့သည်။ ဒါကိုရော ဘာအတွက် ရည်ညွှန်းရမှာလဲ?
အတွေးမျိုးစုံသည် ချူထင်းရှိူ့၏စိတ်ထဲတွင် ပေါ်လာခဲ့ပြီး သူသည် စကားမပြောနိုင်ခဲ့ပေ။
ယန်ကျင်းဇီသည် ချူထင်းရှိူ့၏အတွေးများကို မသိခဲ့ဘဲ ချူထင်းရှိူ့၏ ကြိတ်မှိတ်လက်ခံသော အပြုအမူက သူ့အား စိတ်မကောင်းဖြစ်စေသည်ဟုသာ ခံစားနေရသည်။
သူ့တွင် မူလပိုင်ရှင်၏မှတ်ဉာဏ်များသာ ရှိပြီး ထိုအကြောင်းကြောင့် ဤတစ်ဖက်တွင် သူသည် သူက ရှင်ဘုရင် ဖြစ်ကာ ချူထင်းရှိူ့က အမတ်တစ်ယောက်သာ ဖြစ်သဖြင့် ချူထင်းရှိူ့ကို အိပ်ရာပေါ်သို့ ခေါ်ဆောင်သွားရုံသာ ဖြစ်သော ကိစ္စကို မဆိုနှင့်၊ သူ ချူထင်းရှိူ့အား သတ်လိုက်လျှင်ပင် ချူထင်းရှိူ့တွင် ပြဿနာမရှိသင့်ဟု ခံစားရသည်။ ချူထင်းရှိူ့တွင် တခြားမိန်းမတစ်ယောက် ရှိသည် ဟူသော အချက်ကလည်း သူ့ကို ပိုစိတ်တိုစေသည်။
တခြားတစ်ဖက်တွင်တော့ သူသည် ဤသို့ပြုမူမိသည့်အတွက် ရှက်မိကာ သူ့တွင် အပြစ်ရှိစိတ်များနှင့် ပြည့်နေသည်။
ချူထင်းရှိူ့၏ အသက်မပါသော အကြည့်ကို မြင်တွေ့နေရသဖြင့် တဖြည်းဖြည်းနှင့် လွှမ်းမိုးအောင်နိုင်သွားသူမှာ ဒုတိယမြောက်ခံစားချက် ဖြစ်လာသည်။
အားလုံးပြီးဆုံးသွားသောအခါ ယန်ကျင်းဇီသည် ချူထင်းရှိူ့အား ပွေ့ဖက်လိုက်သည်။
" ထင်းရှိူ့ ကိုယ်တော် တောင်းပန်ပါတယ်။ ဒီနေ့... အားလုံးက ကိုယ်တော့်အပြစ်တွေပါ။ "
သူသည် အသိပေးချက်တစ်ချက်ကို ပြောချင်သောကြောင့် စတင်ခဲ့သော်လည်း သူ ဤမျှအထိ သွားဖြစ်လိမ့်မည်ဟု မတွေးမိခဲ့ပေ။
ယခုပင် ကိစ္စများကို ထက်အောက်ပြောင်းပြန် ပြောင်းလဲနိုင်သော်လည်း ဤအချိန်တွင် သူ ဘာမှမပြောနိုင်တော့ဘဲ ထိုအိတ်က ဘယ်သူ့အိတ်လဲဟုပင် မမေးရဲ။
သူက ဆန်ကုန်မြေလေးတစ်ယောက်ဟု သူ ခံစားရသည်။
" ကိုယ်တော် တောင်းပန်ပါတယ်။ " ယန်ကျင်းဇီ ထပ်ပြောခဲ့သည်။
" အရှင်မင်းကြီး တောင်းပန်စရာမလိုပါဘူး။ " ချူထင်းရှိူ့သည် နိုးခါစအချိန်တွင် အနည်းငယ် အားနည်းနေခဲ့သော်လည်း ယခုမူ သူ့အားအင်အကုန်လုံး ပြန်ရောက်လာပြီဖြစ်ရာ သူ ဆန္ဒရှိလျှင် သူ အရှင်မင်းကြီးကို အမှန်တကယ် တွန်းထုတ်နိုင်သည်။
သူ သဘောတူခဲ့သည်။
သူ ၎င်းကို အစပြုချိန်တွင်ပင် အစပိုင်း၌ အရှင်မင်းကြီးက ရပ်တန့်ချင်ခဲ့လေသည်။
" မင်း ကိုယ်တော့်ကို ရိုက်ချင်သလောက် ရိုက်ပြီး အော်ချင်သလောက် အော်လို့ရတယ်။ ဒါပေမယ့် ကိုယ်တော့်ကို ထားမသွားပါနဲ့။ မင်း မရှိရင် အသက်ရှင်နေရတာ အဓိပ္ပာယ်မဲ့သွားလိမ့်မယ်။ " ယန်ကျင်းဇီသည် လူကို တင်းကြပ်စွာ ထွေးပွေ့လိုက်သည်။
သူ ကူးပြောင်းလာခါစက သူ့တွင် ကူးပြောင်းလာရခြင်း၏ ရည်ရွယ်ချက်ကို လုံးဝ မသိခဲ့သော်လည်း သူ ချူထင်းရှိူ့ကို တွေ့ဆုံပြီးကတည်းက သူသည် ချူထင်းရှိူ့အတွက် ဤနေရာသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သူ သိခဲ့သည်။
သူ့တွင် ဧကရာဇ်မင်းတစ်ပါး ဖြစ်နေရခြင်းအပေါ် မည်သည့်စိတ်ဝင်စားမှုမှ မရှိဘဲ ချူထင်းရှိူ့ကိုသာ အလိုရှိသည်။
" အရှင်မင်းကြီး! " ချူထင်းရှိူ့ အံ့အားသင့်သွားရသည်။ အရှင်မင်းကြီးက ထိုသို့ပြောလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ့တွင် စိတ်ကူးယဉ်ဆန်ခြင်းစိတ်ခံစားချက် ထပ်မံဖြစ်ပေါ်လာပြန်သည်။
" ထင်းရှိူ့ ကိုယ်တော့်နှလုံးသားက မင်းကို ဆန္ဒရှိတယ်။ "
ထို့နောက် ယန်ကျင်းဇီသည် သူ့ရင်ခွင်ထဲမှလူကို နမ်းရှိုက်လိုက်သည်။
ချူထင်းရှိူ့သည် သူ့ထံမှ အလွန်ညင်သာစွာ ဆက်ဆံခံရပြီး စိတ်ရှုပ်ထွေးမှုကိုသာ ခံစားရသည်။
ယခင်က သူသည် အရှင်မင်းကြီးက သူ့ကို သံသယရှိနေပြီး သူက ရိုးသားစွာ သေဆုံးနိုင်သည်ဟု တွေးခဲ့သော်လည်း ယခုမူ... သူသည် အရှင်မင်းကြီးအား ဤသို့ဖြစ်အောင် သွေးဆောင်ဖြားယောင်းမိသည့်အတွက် ရိုးရှင်းစွာပင် ထာဝရကာလတာ အပြစ်သား ဖြစ်လာခဲ့ပြီ။
အရှင်မင်းကြီးတွင် ငယ်စဉ်ကလေးဘဝကတည်းက ကောင်းမွန်သော ဘဝတစ်ခု မရှိခဲ့ဘဲ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး သူနှင့် ပတ်သက်ရှုပ်ထွေးမည်ဆိုလျှင် သေချာပေါက် အပြစ်တင်ခံရဦးမည်ဖြစ်သည်။
ပြီးတော့ အဲ့အမတ်တွေက အရှင်မင်းကြီးကို ဘယ်လိုတွေ ဆူပူကြိမ်းမောင်းကြမှာလဲ?
အရှင်မင်းကြီးက ထိုကိစ္စအားလုံးကို ဖြတ်ကျော်ရမည့်အဖြစ်ကို သူ မကြည့်ရက်ပေ။
သူတို့နှစ်ယောက်ကြားတွင် ဖြစ်ခဲ့သော ကိစ္စမှာ ဘယ်တုန်းကမှ မဖြစ်ခဲ့သင့်ချေ။
" ထင်းရှိူ့၊ ထင်းရှိူ့... " ယန်ကျင်းဇီက ထပ်ခါထပ်ခါ ခေါ်မြည်ရေရွတ်နေခဲ့သည်။
ချူထင်းရှိူ့သည် အကုန်လုံးကို ဝန်ခံလိုက်ချင်သော်လည်း ချုပ်တည်းထားနေစဉ် အရှင်မင်းကြီး၏လည်ပင်းအနောက်ဘက်ကို ရိုက်ချရန် သူ တွေးမိလိုက်သည်။
လူများ သတိလစ်မေ့မျောသွားအောင် သူသည် အကြိမ်ပေါင်းများစွာ ယခင်က လုပ်ဖူးခဲ့သော်လည်း ဤအကြိမ်တွင်တော့... သူ သူ့ကိုယ်သူ အားအများကြီး ထည့်မသုံးနိုင်ရက်ခဲ့ပေ။
ရိုက်ပြီးသွားသောအခါ ချူထင်းရှိူ့ စိတ်ပူလာပြန်သည် – အရှင်မင်းကြီး သတိမလစ်သွားရင် ဘယ်လိုလုပ်မလဲ?
တော်သေးသည်မှာ အရှင်မင်းကြီးက သတိလစ်သွားခဲ့သည်။
ယန်ကျင်းဇီသည် ထိုနေရာတွင် လှဲလျောင်းနေပြီး အလှုပ်အယှက် မရှိပေ။
ချူထင်းရှိူ့ ဤအခြင်းအရာကို တွေ့မြင်သောအခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး အဝတ်အစားဝတ်ရန် ထလိုက်သည်။
သူ့အတွင်းအဝတ်အစားများမှာ အပိုင်းပိုင်းအစစများ ဖြစ်အောင် အညှပ်ခံထားရသော်လည်း ကံကောင်းစွာဖြင့် သူ့ဘောင်းဘီမှာ ပကတိအတိုင်း ရှိနေဆဲဖြစ်ပြီး ဘောင်းဘီဝတ်ပြီးနောက် သူသည် အတွင်းအဝတ်အစားများ မရှိဘဲ အပြင်ဝတ်ရုံကို ဝတ်ရတော့မည်မှန်း တွေ့ရှိသွားသည်။
သူ့အဝတ်အစားများအပြင် သူနှင့်အတူသယ်လာသော သားရေအိတ်ကလည်း ခုတင်ပေါ်တွင် တင်ထားခံရသည်။ ချူထင်းရှိူ့ အိတ်ကို ကောက်ယူပြီး ချက်ချင်း အပြင်ထွက်လိုက်သည်။
သူ တံခါးသို့ ရောက်သောအခါ ဝမ်ကျုံးနှင့် အစောင့်ရဲမက်အနည်းငယ်ကို တွေ့လိုက်ရသည်။
" ချူစစ်သူကြီး အရှင်မင်းကြီး... " ဝမ်ကျုံးသည် တံခါးကို စောင့်ကြပ်နေစဉ် အထဲမှ လှုပ်ရှားမှုအချို့ကို ကြားနေရသော်လည်း သူတို့ ဘာပြောနေကြမှန်း မကြားခဲ့ရဘဲ ယခု ချူထင်းရှိူ့ အပြင်ထွက်လာသည်ကို မြင်သောအခါ သူ စိုးရိမ်ပူပန်သွားခဲ့သည်။
ချူထင်းရှိူ့တစ်ယောက်တည်း ထွက်လာတယ်... အရှင်မင်းကြီး အဆင်ပြေရဲ့လား?
" အရှင်မင်းကြီး အိပ်ပျော်နေတယ်။ " ချူထင်းရှိူ့ ပြောပြီး လမ်းလျှောက်ထွက်လာလိုက်သည်။ သူ၏ လမ်းလျှောက်နေသော ပုံစံမှာ အစပိုင်း အနည်းငယ် ထူးဆန်းနေသော်လည်း ချက်ချင်းဆိုသလို သူက ပုံမှန်ပြန်ဖြစ်သွားသည်။
ဝမ်ကျုံးက သူ့ကို လိုက်လံပို့ဆောင်နှုတ်ဆက်ပြီး အခန်းထဲ ချက်ချင်း ဝင်သွားကာ ချူထင်းရှိူ့ ပြောခဲ့သော 'အိပ်ပျော်နေတယ်' ဆိုသည့် အရှင်မင်းကြီးမှာ အိပ်ပျော်မနေဘဲ ခုတင်ပေါ်တွင် ထိုင်ရင်း အဝတ်အစားလဲနေသည်ကို တွေ့လိုက်ရသည်။
" အရှင်မင်းကြီး " ဝမ်ကျုံး အရိုအသေပြုရန် ရှေ့သို့ အလျင်စလို အမြန်တိုးလျှောက်လိုက်သည်။
ယန်ကျင်းဇီက ပြောကြားခဲ့သည် : " မင်း အိပ်ရာကို သန့်ရှင်းရေးလုပ်လိုက်... လျှော်ဖို့မလိုဘူး၊ လွှင့်ပစ်လိုက်တော့။ " ဤအရှုပ်အထွေးက လျှော်ဖွတ်ရန် ယူဆောင်သွားခံရမည်ဆိုလျှင် သူ အခြားသူများကို ဘာဖြစ်ခဲ့လဲ သိခွင့်ပြုလိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး ဝမ်ကျုံး သို့မဟုတ် အခြားသော အနီးကပ်အစေခံများအား ၎င်းကို လျှော်ခွင့်ပြုခြင်းမှာ မသင့်တော်ဟု သူ တွေးမိသည်။
သူကိုယ်တိုင် သွားလျှော်ဖို့ကျတော့... သူ လျှော်ဖွတ်ဆေးကြောခြင်း တစ်ခါမှ မပြုဖူးပေ။
" မှန်လှပါ အရှင်မင်းကြီး " ဝမ်ကျုံး ဖြေကြားလိုက်သည်။
" ရေပြင်ထားလိုက်၊ ကိုယ်တော် ရေချိုးပြီး အဝတ်အစားလဲဖို့ လိုတယ်။ " ယန်ကျင်းဇီက ဆက်လက်အမိန့်ပေးခဲ့သည်။
ဝမ်ကျုံးသည် ချက်ချင်းပင် အခြားသူများကို အမိန့်ပေးခိုင်းစေလိုက်ပြီး သန့်ရှင်းရေးကိုလည်း ဆက်တိုက်လုပ်ဆောင်ခဲ့၏။
ရှုပ်ထွေးနေသော အိပ်ရာကို ရှင်းလင်းပြီးနောက် အဝတ်အစားလဲရန် သူ ခစားချိန်တွင် ယန်ကျင်းဇီက သန့်ရှင်းပြီး ခြောက်သွေ့သွားပြီဖြစ်သည်။
ဝမ်ကျုံး လေအေးတစ်ရှိုက် ရှူသွင်းလိုက်ပြီး ချူထင်းရှိူ့အား တော်တော်ကလေး လေးစားမိသွားသည်။
အရှင်မင်းကြီးစီက ဒီလိုဆက်ဆံခံရပြီးတာတောင် အရှင်မင်းကြီးကို မထိခိုက်စေခဲ့တာ ချူစစ်သူကြီးက အရမ်းသစ္စာရှိတာပဲ!
ချူထင်းရှိူ့၏ ယန်ကျင်းဇီအပေါ် ယခင်ရိုက်ချက်မှာ အားပျော့လွန်းပြီး ယန်ကျင်းဇီကို လုံးဝ သတိမလစ်စေနိုင်သော်လည်း ချူထင်းရှိူ့က သူ့ကို သတိလစ်စေချင်နေသဖြင့် သူ သတိလစ်ပြခဲ့သည်။
ယခု သူ ရေချိုးပြီးသွားပြီဖြစ်သဖြင့် ယန်ကျင်းဇီ ဆက်ပြောလိုက်သည် : " ဝမ်ကျုံး အခုကစပြီး မင်း ကိုယ်တော့်ကို ဆက်ဆံတဲ့အတိုင်း ချူစစ်သူကြီးကို ဆက်ဆံရမယ်။ "
" မှန်လှပါ အရှင်မင်းကြီး " ဝမ်ကျုံး ပြန်လည်လျှောက်တင်ခဲ့သည်။
ယန်ကျင်းဇီသည် သူ့လုံခြုံမှုကို တာဝန်ယူထားသော အစောင့်တပ်မှူးကိုလည်း ခေါ်ကာ တူညီသော အမိန့်ကို ပေးခဲ့သည်။
အမိန့်ပေးပြီးနောက် ယန်ကျင်းဇီ သူတို့ကို ထွက်သွားခိုင်းလိုက်သည်။
သူ ကူးပြောင်းလာပြီးနောက် ထိုဖြစ်ရပ်ကို ဖြတ်ကျော်ခဲ့ရသည်။ သူ သူ့အတွေးများကို သေသေချာချာ တိတ်တဆိတ် မစုစည်းနိုင်ခဲ့သော်လည်း ယခုမူ သူသည် ၎င်းအကြောင်း စဉ်းစားရန် အားလပ်သွားပြီဖြစ်သည်။
နေရာမှထွက်ခွာလာပြီးနောက် အစောင့်တပ်မှူးသည် မိန်းမစိုးချုပ်ဝမ်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
" ဝမ်ကုန်းကုန်း ဘာလို့ အရှင်မင်းကြီးက ရုတ်တရက်ကြီး ချူစစ်သူကြီးကို အရမ်းယုံကြည်သွားတာလဲ? "
ဝမ်ကျုံး သူ့ကို ကြည့်လိုက်ပြီး ချူစစ်သူကြီးကို စော်ကားမိလျှင် ဤလူ အရှင်မင်းကြီးထံမှ စိတ်ကွက်ခံရမည်ကို စိုးရိမ်သဖြင့် နောက်ဆုံး၌ ထုတ်ပြောလိုက်တော့သည် : " မင်း ချူစစ်သူကြီးကို ဧကရီတစ်ပါးအဖြစ် ခစားနိုင်တယ်။ "
အစောင့်တပ်မှူးခမျာ ထိတ်လန့်သွားရှာသည်။
ဝမ်ကျုံး သတိပေးလိုက်သည် : " ဒီကိစ္စက အပြင်ကို မပေါက်ကြားသင့်ဘူး။ "
အစောင့်တပ်မှူးမှာ စိတ်ရှုပ်နေပုံပေါ်ပြီး အထပ်ထပ်အခါခါ တဆတ်ဆတ် ခေါင်းညိတ်ပြလာသည်။
အခြားတစ်ဖက်တွင်တော့ ချူထင်းရှိူ့သည် ယန်ကျင်းဇီ စံမြန်းနေသော နန်းဆောင်မှ ထွက်လာရုံသာ ရှိသေးပြီး လေတိုက်သောအခါ သူ့တစ်ကိုယ်လုံး လုံးဝ နိုးကြားလာခဲ့သည်။
ယနေ့ဖြစ်ပျက်ခဲ့သမျှသည် သူ့အတွက် မယုံကြည်နိုင်စရာကောင်းလွန်းလှသည်။
သူသည် အရှင်မင်းကြီးကို နှစ်ရှည်လများ နှစ်သက်ခဲ့သော်လည်း အရှင်မင်းကြီးနှင့်အတူရှိခွင့်ရလိမ့်မည်ဟု သူ ယခင်က တစ်ခါမှ မတွေးခဲ့ဖူးဘဲ သူ အဝေးမှ ကြည့်ခွင့်ရသရွေ့ သူ ကျေနပ်ခဲ့ရသည်။
ရလဒ်မှာတော့ သူနှင့်အရှင်မင်းကြီးတို့တွင် နွေဦးလေညှင်း တိုက်ခတ်ခဲ့လေသည်။
လေက တိုက်ခတ်နေပြီး သူ့ဝတ်ရုံထဲမှ ဗလာကျင်းမှုက သူ့ကို အလွန်အမင်း ကသိကအောက်ဖြစ်စေကာ ဘာကြောင့်မှန်းမသိ သူ အနည်းငယ် ပျော်ရွှင်နေသည်။
သို့သော် ခြေလှမ်းအနည်းငယ်လျှောက်လှမ်းပြီးနောက် သူ သူ့လမ်းကြောင်းကို ရပ်တန့်လိုက်သည်။
ချူထင်းရှိူ့ ရုတ်တရက် တွေးမိလိုက်သည်မှာ အရှင်မင်းကြီးသည် သူ အတွေးများနေချိန်၌ သူ့ကိုယ်ပေါ်တွင် အနည်းငယ်များသော အမှတ်အသားအချို့ကို ချန်ရစ်ခဲ့လေရာ သူ့လည်ပင်းကိုပင် မသက်ညှာပေးခဲ့ပေ။
ချူထင်းရှိူ့ စဉ်းစားလိုက်ပြီး ညအချိန်ကို အခွင့်ကောင်းယူကာ အမတ်များ နေ့လယ်ခင်း ပင်ပန်းချိန်တွင် တရေးတမော အိပ်စက်အနားယူရန်အတွက် ထားရှိသော အရှေ့ဘက်ခန်းမမှ အဆောင်သို့ သွားခဲ့သည်။
ဤနေရာတွင် အရေးကြီးပစ္စည်းတစ်ခုမှ မရှိဘဲ တံခါးကို သော့မခတ်ထားချေ။ ချူထင်းရှိူ့ ဝင်သွားပြီး မီးအိမ်ကို သူကိုယ်တိုင် မီးထွန်းညှိလိုက်ကာ လူများ သူတို့၏အဝတ်အစားများကို ပြင်ဆင်နိုင်ရန်အတွက် စီစဉ်ပေးထားသော မှန်၏အရှေ့တွင် သူ့ကိုယ်သူ ကြည့်လိုက်သည်။
သူ့လည်ပင်းတွင် အမှတ်အသားအချို့ ရှိနေသည်မှာ သေချာသွားသည်။
ချူထင်းရှိူ့ လှည့်ပတ်ကြည့်လိုက်ရာ ကြွေပန်းအိုးတစ်အိုးကို ရှာတွေ့သွားပြီး ရိုက်ခွဲလိုက်ကာ ကြွေကွဲစကို အသုံးပြု၍ သူ့လည်ပင်းကို နှစ်ကြိမ်ခြစ်လိုက်သည်။
ဒဏ်ရာများမှာ မနက်သော်လည်း ထိုအမှတ်အသားများကို ဖုံးကွယ်ရန်တော့ လုံလောက်လေသည်။
ချူထင်းရှိူ့ ဒဏ်ရာကို တွေ့ထိလိုက်ပြီး အနည်းငယ် ဝမ်းနည်းသွားသည်။
သူ့လည်ပင်းမှ ဒဏ်ရာတစ်ခုနှင့် သူသည် နန်းတော်ထဲမှ ထွက်လာခဲ့သည်။
သူ မနက်စောစော နန်းတော်သို့မဝင်မီ နန်းတော်အပြင်ဘက်တွင် သူ့ကို စောင့်ဆိုင်းနေသော လူများ ရှိကာ ယခု သူ့ကို စောင့်ဆိုင်းနေသူများ ပြောင်းလဲသွားပြီဖြစ်သော်လည်း နန်းတော်အပြင်ဘက်တွင် သူတို့၏မြင်းများဖြင့် ရပ်ကာ စောင့်ဆိုင်းနေသူများ ရှိနေဆဲဖြစ်သည်။
" ပြန်ကြရအောင်။ " ချူထင်းရှိူ့ နှုတ်ဆက်ပြီး သူ့မြင်းပေါ်တက်လိုက်ရာ သူ မနေနိုင်ဘဲ နောက်ထပ်အသက်ပြင်းပြင်းတစ်ရှိုက် ရှူလိုက်ရသည်။
သူ... နည်းနည်းတော့ အဆင်မပြေဘူး။
ကံကောင်းစွာဖြင့် ညဘက်မှာ မှောင်မည်းလွန်းနေ၍ ဘေးလူများ သူ့မျက်နှာကို မမြင်နိုင်ပေ။
နန်းတော်ထဲမှ ကြာမြင့်သော နှောင့်နှေးမှု ပြီးဆုံးသွားပြီးနောက် ချူထင်းရှိူ့ ချူအိမ်သို့ ပြန်ရောက်ချိန်တွင် ညသန်းခေါင်ကျော်သွားပြီဖြစ်သည်။
သူသည် သူ့အခန်းသို့ တိတ်တိတ်လေး ပြန်သွားနိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း သူ အိမ်ထဲသို့ဝင်လိုက်သည်နှင့်တပြိုင်နက် တောက်ပသော အလင်းရောင်များကို မြင်ရပြီး သူ့ညီမ ချူထင်းလန်က စောင့်ဆိုင်းနေလိမ့်ဦးမည်ဟု သူ မမျှော်လင့်ထားပေ။
" အစ်ကိုတော် ဘာလို့ ဒီအချိန်ကျမှ ပြန်လာရတာပါလဲ? " ချူထင်းလန်သည် ချူထင်းရှိူ့အား စိုးရိမ်ပူပန်စွာ ကြည့်နေသည်။
" ဒီနေ့ ကိစ္စတစ်ခု ပေါ်လာလို့ အချိန်ကြာသွားတယ်။ " ယခု အနေရခက်နေသော ချူထင်းရှိူ့မှာ သူ့အခန်းသို့သာ လျင်မြန်စွာ ပြန်သွားချင်နေသည် – သူ့ဝတ်ရုံအတွင်းထဲတွင် ဟာလာဟင်းလင်းကြီး လွတ်နေလေသည်။
" အစ်ကိုတော့်လည်ပင်းက... " ချူထင်းလန်၏မျက်လုံးများသည် ချူထင်းရှိူ့၏လည်ပင်းကို မြင်နိုင်သည့်အထိ လုံလောက်စွာ စူးရှထက်မြက်သည်။
ချူထင်းရှိူ့ : " အဲ့ဒါ မတော်တဆ ခြစ်မိတာ ကိစ္စကြီး မဟုတ်ဘူး။ "
ထိုစကားကို ချူထင်းလန် ကြားသောအခါ သူ(မ)က နောက်ထပ်မေးခွန်းများကို ထပ်မမေးတော့ပေ။ ထို့ကြောင့် သူ(မ)က ဆက်ပြောသည် : " အစ်ကိုတော် ညီမရဲ့အိတ်လေး... "
ပြီးနောက် သူ(မ)က ရှက်သွေးဖြာသွားပြီး ခေါင်းငုံ့သွားသည်။
ချူထင်းရှိူ့ အေးခဲသွားသည်။
သူ နန်းတော်မှ ထွက်လာချိန်တွင် အလွန်စိတ်ရှုပ်ထွေးနေခဲ့ရာ ချူထင်းလန်၏အိတ်အကြောင်း မေ့သွားခဲ့သည်... အကျဉ်းချုပ်ဆိုရလျှင် ထိုအိတ်က သူ့ကိုယ်ပေါ်တွင် မရှိတော့ချေ။
အဲ့အိတ်က အရှင်မင်းကြီး၏ခုတင်ပေါ်တွင် ကျကျန်ခဲ့မည်ကို သူ စိုးရိမ်မိသည်။ ဤအကြောင်းကို တွေးမိသောအခါ ချူထင်းရှိူ့ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ သို့သော် သူ၏ ရှက်ရွံ့နေသော ညီမဖြစ်သူကို သူ တွေ့သောအခါ စိတ်ဓာတ်ကျမှုက အလွန်ပြင်းပြသော အရှက်ရမှုအဖြစ်သာမက ကသိကအောက်ဖြစ်မှုအဖြစ်ပါ ပြောင်းလဲသွားခဲ့သည်။
သူ့ညီမက အရှင်မင်းကြီးကို နှစ်သက်သော်လည်း သူနှင့် အရှင်မင်းကြီးတို့က...
သို့သော် အရှင်မင်းကြီးက သူ့ညီမ မဟုတ်ဘဲ သူ့ကို သဘောကျလေရာ သူ့ကို အမှန်တကယ် ပျော်ရွှင်စေသော်ငြား ထိုအကြောင်းကို သဘောပေါက်နားလည်သွားခြင်းက သူ့အား ပိုပိုပြီး အပြစ်ရှိသကဲ့သို့ ခံစားရစေသည်။
အမျိုးစုံသော ခံစားချက်များမှာ ချူထင်းရှိူ့၏နှလုံးသားထဲတွင် ယှက်ဖွဲ့ဖြစ်ပေါ်နေကြပြီး သူသည် ခဏရပ်သွားပြီးမှ စကားပြောလိုက်သည် : " ထင်းလန် အရှင်မင်းကြီးက ဆန္ဒမရှိလောက်ဘူး။ မင်း... အနာဂတ်မှာ မင်းကို ကောင်းမွန်တဲ့ မိသားစုတစ်စု ရှာပေးပါ့မယ်။ "
ဤအခြေအနေတွင်... အရှင်မင်းကြီးက ဘုရင်မတစ်ပါးကို ရွေးချယ်ချင်လျှင် သူ ၎င်းကို တားမြစ်နိုင်လောက်မည် မဟုတ်သော်လည်း သူ့ညီမရင်းကိုတော့ ဘာပဲဖြစ်ပါစေ သူ သူ(မ)ကို နန်းတော်ထဲသို့ ဝင်ခွင့်မပြုနိုင်ပေ။
ချူထင်းလန်၏ သူငယ်အိမ်များ ကျုံ့သွားသည် : " အစ်ကိုတော် ညီမ အရှင်မင်းကြီးကို တွေ့လိုက်ရတာနဲ့ အရမ်းပျော်ရွှင်မိပါတယ်... "
" ထင်းလန် အဲ့အကြောင်းကို စဉ်းစားကြည့်လိုက်ဦး။ " ချူထင်းရှိူ့ ဆက်ပြောလိုက်သည် : " နောက်ကျနေပြီ။ ငါ အရင်အိပ်နှင့်တော့မယ်။ "
စကားပြောပြီးနောက် ချူထင်းရှိူ့ အဝေးသို့ ခြေလှမ်းကျဲကျဲ လျှောက်သွားခဲ့သည်။
ချူထင်းလန်သည် ချူထင်းရှိူ့ ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့ပြီး ချူအိမ်တော်၏ တံခါးကို ဖွင့်ခဲ့သော လူအား ခေါ်ကာ မေးမြန်းလိုက်သည် : " အစ်ကိုတော် ပြန်လာတုန်းက သူ့ပုံစံ ဘယ်လိုနေလဲ? "
ထိုလူက ဖြေသည် : " သခင်မလေး စစ်သူကြီးရဲ့မျက်နှာက ပုံမှန်ပါပဲ။ ကျွန်အိုကြီး ဘာမှမမြင်နိုင်ပါဘူး။ ဒါပေမယ့် စစ်သူကြီး မြင်းပေါ်ကဆင်းလာတဲ့အချိန်တုန်းကတော့ ထိခိုက်ဒဏ်ရာရထားသလိုမျိူး ပုံမှန်နဲ့သိပ်မတူပါဘူး။ "
ချူထင်းလန်သည် သူ(မ)၏အစေခံအား မက်မွန်ပွင့်ငွေပြားတစ်ပြား ဆုချလိုက်ပြီး သူ(မ)၏အခန်းသို့ ပြန်သွားခဲ့သည်။ သူ(မ)သည် သူ(မ)၏အခန်းသို့ ပြန်ရောက်သည်နှင့်တပြိုင်နက် ယနေ့ သူ(မ) ချူထင်းရှိူ့နှင့် ပြောခဲ့သော စကားအခွန်းများအားလုံးနှင့် ချူထင်းရှိူ့၏ ပုံပန်းသွင်ပြင်အကြောင်းတို့ကို ချရေးလိုက်သည်။
အိပ်ရာမဝင်ခင် သူ(မ)သည် စကားလုံးများနှင့် ပြည့်နေသော စာရွက်ကို စာအိတ်တစ်အိတ်ထဲသို့ ထည့်လိုက်ပြီး ၎င်းကို ပင်းဝမ်၏စံအိမ်သို့ ပို့ခိုင်းလိုက်လေသည်။
ပင်းဝမ်၏ စံအိမ်တော်
ယနေ့တွင် ချူထင်းရှိူ့ နန်းတော်ထဲသို့ ဝင်သွားပြီး ပြန်ထွက်မလာ၍ လူများကို လွှတ်ကာ သတင်းစုံစမ်းခိုင်းလိုက်သော်လည်း ဘာမှရှာမတွေ့လေရာ ပင်းဝမ် စိတ်ပူပန်မိသဖြင့် မအိပ်နိုင်သေးဘဲ သူ့အကြံပေးများနှင့် ဆွေးနွေးခဲ့သည်။
" အရှင်မင်းသား ဧကရာဇ်က အသိပညာမကြွယ်ဝပေမယ့် ချူထင်းရှိူ့လက်ထဲမှာ မြောက်ပိုင်းတပ်ဖွဲ့ ရှိနေပါတယ်။ ချူထင်းရှိူ့ ရှိနေသရွေ့ ပိုမိုကောင်းမွန်တဲ့ ကိစ္စရပ်တွေကို စွမ်းဆောင်အောင်မြင်ဖို့ ကျွန်တော်မျိုးတို့အတွက် ခက်ခဲပါလိမ့်မယ်။ "
" အခုလောလောဆယ်မှာတောင် ကျွန်တော်မျိုးတို့နဲ့ ဆက်လက်ပြီး မဆက်နွယ်ချင်တော့တဲ့ လူတွေ ရှိနေပါပြီ။ "
" အဓိကဦးစားပေးက ချူထင်းရှိူ့ကို ဖယ်ရှားဖို့ပါပဲ။ "
...
ပင်းဝမ်သည် နန်းပုလ္လင်ကို လိုချင်တပ်မက်ပါသော်လည်း ထိုအချိန်က ဘွားတော်ကြီးသည် သူ့ကို စိတ်မဝင်စားခဲ့သည်မှာ နှမြောစရာပင်။
သူသည် ဘွားတော်ကြီး အိုမင်းလာပြီး ဧကရာဇ်ထံမှ သေအောင် လှိမ့်ပိန့်ခံရချိန်တွင် အခြေအနေကို အခွင့်ကောင်းယူနိုင်လိမ့်မည်ဟု တွေးထင်ခဲ့သော်ငြား သူသည် ချူထင်းရှိူ့ကဲ့သို့သော ဧကရာဇ်ကို ကယ်တင်၍ ယခုထိတိုင် သစ္စာစောင့်သိနေဆဲဖြစ်သည့် လူတစ်ယောက်ကို မသတ်ချင်ခဲ့ပေ။
ပင်းဝမ်သည် သူ့အစ်ကိုတော်အကြောင်း နက်နက်နဲနဲ ကောင်းကောင်းနားလည်ပြီး သူ၏ အလွယ်တကူ ကြောက်လန့်တတ်သော အစ်ကိုတော်ရှေ့တွင် ချူထင်းရှိူ့အား ဘွားတော်ကြီးနှင့် မကြာခဏ စပ်ဆက်နှိုင်းယှဉ်ပြခဲ့သည်... သူ့အစ်ကိုတော်တွင် ချူထင်းရှိူ့ကို ဆန့်ကျင်သည့် နက်ရှိုင်းသော ရန်ငြှိုးတစ်ခု ရှိနေပြီးသားဖြစ်လိမ့်မည်ဟု သူ ယုံကြည်သည်။
ယနေ့ ချူထင်းရှိူ့ နန်းတော်ထဲသို့ ဝင်သွားပြီး ပြန်ထွက်လာရန် ကြာမြင့်နေမှုမှာ သူ့အစ်ကိုတော်၏လက်ချက်ကြောင့်လား သူ မသိပေ။
သူ့အစ်ကိုတော်သည် မည်သည့်စာအုပ်စာပေကိုမျှ မလေ့လာခဲ့ဖူးသော်လည်း နောင်တွင် လေ့လာလိမ့်မည် ဆိုသည်မှာတော့ ဖြစ်နိုင်ချေများပြားသည်။
ဤသို့တွေးနေစဉ် အပြင်ဘက်မှ တစ်စုံတစ်ယောက်က ချူမိသားစုမှ စာတစ်စောင် ပို့လိုက်ကြောင်း သတင်းပို့လာသည်။
ပင်းဝမ်သည် ၎င်းစာကို ချက်ချင်း အထဲယူလာခိုင်းလိုက်ကာ သူကိုယ်တိုင် ဖတ်ကြည့်လိုက်ပြီးနောက် သူသည် စိတ်ပျက်သွားကာ အံ့ဩသွားလေသည်။
" အရှင် လျှို့ဝှက်သတင်းက ဘာလဲ? " ပူးပေါင်းကြံစည်သူတစ်ယောက်က မေးခဲ့သည်။
ပင်းဝမ်က ပြောသည် : " ချူထင်းရှိူ့က သူ့အိမ်ကို ပြန်ရောက်လာပြီ။ သူက နေအိမ်အကျယ်ချုပ်လည်း အထားမခံရသလို အဖမ်းလည်းမခံရဘူး။ ဒါပေမယ့် သူ့မှာ ဒဏ်ရာတွေ ရလာတယ်။ "
နန်းတော်မှ သူ့အစ်ကိုတော်၏ အစောင့်ရဲမက်များအားလုံး အဆင်ပြေနေသဖြင့် သူ့အစ်ကိုတော်လည်း အဆင်ပြေနေလိမ့်မည်... ချူထင်းရှိူ့က ဒဏ်ရာများနှင့် ညဘက်ကြီး နန်းတော်မှ ပြန်လာသည်... ဘာဖြစ်နေတာလဲ? သူ့အစ်ကိုတော်က လမ်းတစ်ဝက်မှာ သူ့အပြုအမူတွေကို နောင်တရသွားတာလား?
" ဘုရင်က ဒီနေ့ နန်းတော်ထဲက အစေခံတွေကို ရိုက်နှက်ရတာ သဘောကျတယ်လို့ ပြောနေကြတယ်မလား? " ပူးပေါင်းကြံစည်သူတစ်ယောက်က မေးမြန်းခဲ့သည်။
ပင်းဝမ် ခေါင်းညိတ်လိုက်သည်။ သူ့အစ်ကိုတော်သည် ဘွားတော်ကြီးထံမှ လွတ်မြောက်လာပြီးနောက် သူနှင့် ရန်ငြှိုးဟောင်းများ ရှိသော နန်းတွင်းအစေခံများကို အကျဉ်းချထားကာ သူ့ဒေါသကို ဖြေလျှော့ရန် ထိုသူတို့ကို ခဏခဏ ကြိမ်နှင့် ရိုက်နှက်လေ့ရှိသည်။
" ဖြစ်နိုင်တာ... အရှင်မင်းကြီးက ချူထင်းရှိူ့ကို အရေးယူလိုက်တာလား? " ကြံရာပါတစ်ယောက်က ခန့်မှန်းလိုက်သည်။
" ချူထင်းရှိူ့က ဆန္ဒရှိပါ့မလား? " ပင်းဝမ် ထိတ်လန့်သွားသည်။
" ဘုရင်က အမတ်ကို သေစေချင်လျှင် အမတ်က သေရမည် " ဗျူဟာမြောက် တွေးခေါ်တတ်သူက ပြောသည် : " ချူထင်းရှိူ့က သစ္စာအရှိဆုံးပဲ။ "
တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်ရန် ဧကရာဇ်ထိုက်ဇူနောက် လိုက်ပါသော စစ်သူကြီးများအနက် သစ္စာအရှိဆုံးလူမှာ ချူထင်းရှိူ့၏အဘိုး ဖြစ်ကာ ဤအကြောင်းကြောင့် သူသည် မြောက်ပိုင်းကို ခုခံကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်အချို့က စစ်သူကြီးအချို့ ပုန်ကန်ခဲ့သော်လည်း ချူမိသားစုက မပုန်ကန်ရုံတင်သာမက ပုန်ကန်မှုကို ပပျောက်ရှင်းလင်းရေးတွင် ကူညီခဲ့သည်။
ထို့နောက် ချူထင်းရှိူ့သည် ဧကရာဇ်မင်းအား ဘွားတော်ကြီးလက်မှ ကယ်တင်ရန် သူ့အသက်ကိုပင် အရဲစွန့်ခဲ့သည်။
အရှင်မင်းကြီးကို ကယ်တင်ပြီးသွားသောအခါ ချူထင်းရှိူ့သည် အာဏာမယူဘဲ အရှင်မင်းကြီးကို ဂရုတစိုက် သင်ကြားပေးခဲ့၏။
ထိုကဲ့သို့သော သစ္စာရှိမှူးမတ်များမှာ အလွန်အမင်း ရှားပါးသည်။
ပင်းဝမ် ရေရွတ်လိုက်သည် : " တကယ်ဖြစ်နိုင်တယ်... " ချူထင်းရှိူ့ကို ကြိမ်နဲ့ ရိုက်တယ်? ၎င်းမှာ တွေးကြည့်ရုံဖြင့်တင် စိတ်လှုပ်ရှားစရာကောင်းသော ကိစ္စတစ်ခု ဖြစ်ပြီး ဘွားတော်ကြီးထံမှ အချိန်အကြာကြီး ဖိနှိပ်ခံခဲ့ရသော သူ့အစ်ကိုတော်ဆိုလျှင် ထိုကိစ္စကို တကယ်လုပ်နိုင်လောက်သည်။
ဒါပေမယ့် အဲ့ဒါက ချူထင်းရှိူ့အတွက် ရှက်စရာပဲ မဟုတ်ဘူးလား?
ဒီနည်းလမ်းနဲ့ သူ ချူထင်းရှိူ့ကို အနိုင်ရနိုင်လောက်လား?
ယန်ကျင်းဇီသည် သူ့ညီတော်က သူ၏ မြင်မြင်ချင်း နှစ်သက်ရသူကို စည်းရုံးရန် ကြိုးစားတော့မည့်အကြောင်း စဉ်းစားနေပြီဖြစ်မှန်း မသိခဲ့ပေ။
ချူထင်းရှိူ့က ထွက်သွားပြီဖြစ်ပြီး သူ အိပ်မပျော်တော့သဖြင့် အစေခံများအား လျှောက်တင်လွှာများကို ယူလာခိုင်းလိုက်ကာ ဖြေးညှင်းစွာ ဖတ်ရှုလိုက်သည်။
မူလပိုင်ရှင် ပထမဆုံး ကယ်တင်ခံရချိန်၌ သူသည် စကားလုံးအများကြီးကို မသိခဲ့သော်လည်း တစ်နှစ်တာ စာလေ့လာမှု ပြီးဆုံးပြီးနောက် သူသည် စကားလုံးအများစုကို သိနေပြီဖြစ်သည်။ သို့သော် ထိုဝန်ကြီးများက သူတို့၏ စာပေအရည်အချင်းများကို လျှောက်တင်လွှာများ၌ မကြာခဏ ကြွားဝါလေ့ရှိကြသည်။ ဖိတ်ကြားလွှာတစ်စောင်သာ ဖြစ်လင့်ကစား ၎င်းပေါ်တွင် စာပေအဖွဲ့အနွဲ့တစ်စုကတော့ ရှိနေလိမ့်ဦးမည်ပင်။ မူလပိုင်ရှင်က နားမလည်နိုင်သေးဘဲ ၎င်းကို ဖတ်ရန် ခက်ခဲနေဆဲဖြစ်သည်။
အကယ်၍ သူသာဆိုလျှင်... သူလည်း ၎င်းကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ဦးမည် မဟုတ်သော်လည်း တစ်ကြိမ်ဖတ်ပြီးသည်နှင့် စာကြောင်းများမှာ သူ့စိတ်ထဲတွင် ခိုင်မြဲစွာ ထွင်းထုမှတ်သားခံရပြီးပြီဖြစ်ကာ သူ ထိုစာကြောင်းများကို ဘယ်တော့မှ မေ့သွားလိမ့်မည် မဟုတ်ချေ။
ယန်ကျင်းဇီ ပျော်ရွှင်သွားကာ စဉ်းစားပြီးနောက် သူသည် ဝမ်ကျုံးကို လွှတ်ကာ မူလပိုင်ရှင် အလွတ်ကျက်မှတ်ခဲ့သော ဗုဒ္ဓကျမ်းဂန်များကို သွားရှာခိုင်းလိုက်သည်။
မူလပိုင်ရှင်သည် စကားလုံးများကို မသိခဲ့သော်လည်း သူသည် ဗုဒ္ဓကျမ်းဂန်များစွာကို အလွတ်ကျက်မှတ်ရန် ဖိအားပေးခံခဲ့ရပြီး သူသည် ဗုဒ္ဓကျမ်းဂန်များကို ထပ်ခါထပ်ခါ ရွတ်ဆိုခြင်းဖြင့် စကားလုံးအများအပြားကို မှတ်သားနိုင်ခဲ့သည်။
သူ သူ့အတိတ်ဘဝတွင် မည်သူဖြစ်ခဲ့မှန်း မသိသော်လည်း သူသည် ဧကန်မုချ ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်ခဲ့ပေလိမ့်မည်ပင်။