အပိုင်း၄၆
Viewers 8k

Chapter 46

(သူမ၏ အောင်ပွဲ)


“သူမ ပျော်နေပုံ ထောက်ရင်တော့ သူမက ဒီလိုမျိုး ခဏခဏ လုပ်နေတယ် နေမှာ.. စာအုပ်တစ်အုပ်ကို မျက်နှာဖုံးနဲ့ အကဲဖြတ်လို့မရဘူး ဆိုတာ သိပ်မှန်တယ်"


 "ဘာလဲ... ယောက်ျားလေးတွက ဒီလို ပျော်ခွင့်ရှိပြီး မိန်းကလေးတွေကျတော့ ပျော်ခွင့်မရှိဘူးလား...သူမက အရမ်းချမ်းသာတယ်လေ… သူ့နဲ့ ကစားဖို့ ကောင်လေးတွေ စိတ်ကြိုက်ရှာလို့ရတယ်..သူမအတွက်တော့ ‌အရမ်းလွယ်တယ်လေ..." 


 “…”


 ထိုလူများ၏ စကားများကြားရသည်မှာ စိတ်မသက်မသာဖြစ်စေပြီး ဝေ့ရွှယ်ကို လှောင်ပြောင်ပြီး ရွံရှာသောအကြည့်များဖြင့် ကြည့်နေကြ၏။ဗီဒိယိုအား မှတ်တမ်းတင်ရန်အတွက် ဖုန်းများဖြင့် ရိုက်နေသူများပင် ရှိခဲ့သည်။မြင်ကွင်းက ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။


ဝေ့ထင် က အမြန်တုံ့ပြန်လိုက်သည်။  ဝေ့ရွှယ် ၏မျက်နှာသည် ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်နှင့် သူ ချက်ချင်းပြေးလာပြီး ဖန်သားပြင်ကြီးကို ပလပ်ဖြုတ်လိုက်သည်။ သို့သော် သူ ဘယ်လောက်ပင်မြန်နေပါစေ၊လူတိုင်း မြင်လိုက်ရသဖြင့် လုံးဝ အသုံးမဝင်ပေ။


လူတိုင်း၏ အကြည့်များအောက်တွင် ဝေ့ရွှယ် ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။သူမ၏ မျက်နှာသည် ဖြူဖျော့နေ၏။ယခုအချိန်မှာ သူမစိတ်တွေ လွတ်ထွက်သွားသည်။   သူမ စုမုန့်ကို ချောက်ချဖို့ ရှင်းရှင်းလင်းလင်း စီစဉ်ခဲ့ပြီးပြီ ဖြစ်သည်။

 

"ဘယ်လိုဖြစ်တာလဲ…"


တစ်ခုခုတော့ မှားနေပြီထင်သည်။ သူမ ရုတ်တရက် ခေါင်းလှည့်၍ ကျိုးကျာ ကို ကြည့်လိုက်သည်။ ကျိုးကျာ နှင့် သူမကိုယ်တိုင်သာ ဤအကြောင်းကို သိထားသူများဖြစ်သည်။သူမတို့ အစီအစဉ်ဆွဲနေချိန်၌ ကျိုးကျာ သည် အလုပ်အများစုကို တစ်ယောက်တည်း ဒိုင်ခံလုပ်သူဖြစ်သည်။ ကျိုးကျာ နှင့် စုမုန့် တို့ ပူးပေါင်းပြီး သူမအား ပစ်မှတ်ထားနေခြင်းပေလား… မှန်သည်ဖြစ်စေ၊မမှန်သည်ဖြစ်စေ ဝေ့ထင်နှင့် သူမ ရင်မဆိုင်ရဲတော့။ယခုအချိန်မှာ သူမ ရူးလုမတတ် ဖြစ်နေပြီး စိတ်ထဲမှာ အတွေးတစ်ခုပဲရှိတော့သည်။ ကျိုးကျာ က သူမကို သစ္စာဖောက်ခဲ့ခြင်းပင်။ ကျိုးကျာသည် စုမုန့် ကဲ့သို့ပင် ဝေ့ထင် ကို သိမ်းပိုက်ချင်ခဲ့သူဖြစ်၍ စုမုန့်နှင့် ပေါင်းကြံကြခြင်းပင်။  


ထိုအတွေးကို တွေးရင်း ဝေ့ရွှယ် သည် ကျိုးကျာ ဆီသို့ ပြေးသွားခဲ့သည်။ ကျိုးကျာ လည်း အခြေအနေကြောင့် စိတ်ရှုပ်သွားသည်။ စုမုန့် ကို ညှဉ်းပန်းနှိပ်စက်ဖို့ သူမ ရှင်းရှင်းလင်းလင်း စီစဉ်ခဲ့ပြီးဖြစ်သည်။ ယခုမူကား ဝေ့ရွှယ် ပါလာသဖြင့် သူမလည်း ထိတ်လန့်သွားသည်။ သူမ ကြောင်စီစီဖြင့် ထိုနေရာတွင် ရပ်နေခဲ့သည်။ သို့သော် ဝေ့ရွှယ် သူမဆီသို့ ပြေးလာသောအခါတွင် သူမ တွေးမနေဘဲ လှည့်ထွက်ရန်ပြင်လိုက်သညိ။


ယခု လူတိုင်း၏ မျက်လုံးများသည် ဝေ့ရွှယ် အပေါ်တွင် ရှိနေသည်။သူမသည် ကျိုးကျာ လှည့်ထွက်ပြေးသည်ကိုမြင်သောအခါ ကျိုးကျာ က သူမကို ဂွင်ဆင်ထားကြောင်း ပိုသေချာလာသည်။  ခံစားချက်မျိုးစုံက သူမ နှလုံးသားထဲမှာ ဖြစ်ပေါ်နေတာကြောင့် သူမ ခြေထောက်ကို ဂရုမစိုက်မိလိုက်ပေ။ထိုစဉ် တစ်စုံတစ်ယောက်သည် သူမ၏ စကတ်ထောင့်ကို တက်နင်းလိုက်ရာ ကြိုးမဲ့ရင်ပြတ်ဝတ်စုံက အောက်ကိုလျှောကျသွားလေတော့သည်။ယခု သူမ အရှက်အားလုံး ကွဲရလေပြီ။


အဖြစ်အပျက်များအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်ခဲ့သည်။ ဝေ့ထင် သည် ဝေ့ရွှယ် အနားသို့ အမြန်ပြန်သွားကာ ချက်ချင်းပင် သူ့အင်္ကျီကို ချွတ်လိုက်ပြီး ဝေ့ရွှယ် ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်သည်။ ထို့နောက် သူမကို ခန်းမထဲမှ ဆွဲထုတ်သွားခဲ့သည်။


ဝေ့ထင် မျက်နှာကြောင့် လူတိုင်းက ကိုယ့်ကိုကိုယ် ထိန်းထားနိုင်သေးသည်။  ဝေ့ထင် ပျောက်ကွယ်သွားပြီးနောက် အားလုံးက ဝေ့ရွှယ် ကို ပျစ်ပျစ်နှစ်နှစ် ပြောဆိုလာကြ၏။


 "ဘယ်သူ ဗီဒီယိုရိုက်လိုက်မိလဲ... ငါ့ကို ပို့ပေးကြဦး"


 လူတစ်ယောက်သည် ဗီဒီယိုကို စတင်တောင်းဆိုလာသည်။


 "ငါ့မှာ ဗီဒီယိုရှိတယ်...အစကနေ အဆုံးထိ တစ်မိနစ်တောင် မလွဲဘူး... လိုချင်ရင် နောက်မှ မင်းကို ငါ ပို့ပေးမယ်"


မြင်ကွင်းက ထိန်းမရသိမ်းမရဖြစ်နေချိန်မှာ ကျိုးဖုန်း သည် မည်သည့်နေရာကမှန်းမသိဘဲ ထွက်ပေါ်လာပြီး အခြေအနေကို စတင်ထိန်းချုပ်ခဲ့သည်။


 "အဟမ်း...ညစာစားပွဲကို တက်ရောက်လာတဲ့လူတိုင်းရဲ့ ရည်ရွယ်ချက်က ဒီက မစ္စစုမုန့်ကို သိချင်ကြလို့ပါ" 


ကျိုးဖုန်း စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့၍ လှေကားထစ်မှာထိုင်နေသည့် စုမုန့် ကို လက်ညှိုးထိုးပြသည်။ စုမုန့် သည် ဗီဒီယိုကို စခရင်ကြီးကြီးဖွင့်ထားချိန်ကတည်းက ပွဲကြည့်ရန် ထွက်လာခဲ့ပြီးဖြစ်သည်။

သူမသည် လှေကားပေါ်တွင်ထိုင်ကာ မေးစေ့ကို ထောက်ထားသည်။ သူမ အတော်လေး စိတ်အေးလက်အေးဖြစ်နေသည်။ ဝေ့ထင် သည် ဝေ့ရွှယ် နှင့်အတူ အလျင်စလို ပြေးသွားသည်ကို မြင်လိုက်ရသောအခါ သူမ ကျယ်လောင်စွာ ရယ်မိမတတ် ဖြစ်ရသည်။

ဝေ့ရွှယ် ၏ အစီအစဥ်က ပြီးပြည့်စုံသော်လည်း သူမသည်ယခင်က စုမုန့်နှင့်မတူတော့ပေ။ သူမသည် ဝေ့ရွှယ် ကို အစကတည်းက သတိထားနေခဲ့သည်။  ခွေးတစ်ခါကိုက်ထားခံရသူသည် သင်ခန်းစာကို သင်ယူနိုင်လေသည်။


ကျိုးဖုန်း က သူမအကြောင်းကို  ပြော‌လိုက်ချိန်မှာ သူမ တစ်ယောက်တည်း ရယ်ချင်ပက်ကျိ ဖြစ်နေချိန်ပင်။ ထို့နောက် သူမ ဖြည်းညှင်းစွာ ထရပ်ကာ စင်မြင့်ပေါ်သို့ လျှောက်သွားသည်။ဤသည်က သူမ၏ပွဲဖြစ်သည်။သူမ ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီးဖြစ်၍ အနာဂတ်တွင် စာချုပ်ကြီးကြီးမားမားများ ရရှိနိုင်ရန် အဆိုပါ ဧည့်သည်တော်များကြားတွင် အထင်ကြီးစရာကောင်းအောင် ကြိုးစားရမည်ဖြစ်သည်။


 “သူမက ပြိုင်ပွဲမှာ အစွမ်းထက်ဆုံး ဖုန်းရွှေပညာရှင် ဖြစ်ပါတယ်..သူမရဲ့ အစွမ်းကိုလည်း လူတိုင်း မြင်ဖူးကြမယ်လို့ ယုံကြည်ပါတယ်... ဒီနေ့ကစပြီး သူမဟာ ကျိုးမိသားစုရဲ့ အထူးဧည့်သည်ဖြစ်လာပြီး နောက်ဆို ကျိုးမိသားစုရဲ့ ဖုန်းရွှေပညာရှင် ဖြစ်လာတော့မယ်လို့ ကြေငြာချင်ပါတယ်"


 “သူမသာ ဆန္ဒရှိမယ်ဆိုရင် ကျိုးမိသားစုက သူမအတွက်ကိုယ်ပိုင်ဂိုဏ်းတည်ထောင်ဖို့ ကူညီပေးဖို့ ဆန္ဒရှိပါတယ်...သူမ လိုအပ်တာမှန်သမျှကိုလည်း တစ်ချက်ပြောလိုက်တာနဲ့ ကျိုးမိသားစုက အကုန်ဖြေရှင်းပေးမှာပါ"


(ကျိုးမိသားစု၏ အကာအကွယ်အောက်)


ကျိုးဖုန်း စကားမှာ အဓိပ္ပါယ်တစ်မျိုးရှိသည်။ဆိုလိုသည်က စုမုန့်သည် ကျိုးမိသားစု၏ အကာအကွယ်အောက်မှာ ရှိနေမည်ဆိုသည်ကို ကြေညာခြင်းပင် ဖြစ်ပေသည်။


 ယခုအချိန်မှစ၍ စုမုန့် သည် တစ်ယောက်တည်း ဖြစ်စေ၊ သူမ ဝင်လိုသော ဂိုဏ်းတစ်ခုသို့ဖြစ်စေ၊ သူမကိုယ်တိုင် ဂိုဏ်းသပ်သပ်တည်ထောင်မည်ဖြစ်စေ၊သူမ ဘယ်လိုပင်ဆုံးဖြတ်ပါစေ၊သူမကို လာရောက်ထိပါးသူ ဆိုပါက ကျိုးမိသားစုက တန်ပြန်သက်ရောက်မှုပေးမည်ဖြစ်သည်။ 


ကျိုးဖုန်း၏ ကြေငြာချက်ကို ကြားပြီးနောက် အားလုံးက တညီတညွတ်တည်း လက်ခုပ်တီးကြသည်။ နောက်ဆိုလျှင်လည်း စုမုန့် အား မျက်နှာသာပေးချင်သူ များလာပေလိမ့်မည်။


နောက်ဆုံးတွင် ခန်းမအတွင်းရှိ လေထုသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ကျိုးဖုန်းသည် စုမုန့် ကို ခေါ်ပြီး နှစ်ယောက်သား ခန်းမထဲမှ တိတ်တဆိတ် ထွက်လာခဲ့သည်။ယခု ကျိုးဖုန်းက သူမဘေးမှာရှိနေသဖြင့် သူမကို ဘယ်သူကမှ လာမနှောင့်ယှက်ကြချေ။


 "ဘယ်လိုလဲ… ဒီကိစ္စအတွက် မင်း ကိုယ့်ကို ကျေးဇူးတင်ချင်သလား"  


နှစ်ယောက်သား အပေါ်ထပ်ကို တက်လာပြီး စင်္ကြံအဆုံးရှိ အခန်းတံခါးဝတွင် ကျိုးဖုန်းက စုမုန့်ကို အသံတိုးတိုးဖြင့် မေးသည်။


"ကောင်းပြီလေ...ဝေ့ရွှယ်ရဲ့ ဗီဒီယိုကို ရှင့်ကို ကျွန်မက ပေးခဲ့လို့ ရှင်က ဖန်သားပြင်ပေါ်မှာ ပြခွင့်ပေးခဲ့တာဆိုတော့ ဒီကျေးဇူးကို သတိရနေပါမယ်...နောက်ကျရင် ရှင့်ကို ပြန်ဆပ်မယ်"  


စုမုန့် သည် နံရံကိုမှီ၍ ပုံမှန်အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ကျိုးဖုန်း၏ ကျေးဇူးကြောင့် သူမသည် ဝေ့ရွှယ်နှင့်ရင်ဆိုင်ဖို့ လက်နက်တစ်ခုရှိလာခဲ့သည်။သို့သော် ယခုတစ်ကြိမ်တွင် ကျိုးဖုန်း၏ညီမ ကျိုးကျာ သည် သူမကို ဒုက္ခပေးလိုသူဖြစ်သည်။ ထို့ကြောင့် သူမသည် ဤမောင်နှမနှစ်ယောက်အပေါ်တွင် စိတ်ကောင်းမမွေးနိုင်တော့ပေ။ နောင်တွင် သူမသည် ကျိုးမောင်နှမနှစ်ယောက်ကို ကလဲ့စားချေခွင့်ရဖို့ ကြိုးစားရပေမည်။ ထို့ကြောင့် ယခု သူမသည် ပြုံးပြီး ပျော်ရွှင်ဟန်ဆောင်ရန် စိတ်မ၀င်စားနိုင်တော့ပေ။


 “ဒါဆို အထဲမှာ ဘာဖြစ်ခဲ့တာလဲ…” 


ကျိုးဖုန်းက တံခါးကိုလက်ညှိုးထိုးပြ၍ မေးလိုက်သည်။တစ်ကယ်တော့ သူမဘာဖြစ်ခဲ့မှန်း အတိအကျသိပြီးသားပင်။ သူက စုမုန့်ကို ကူညီချင်သော်လည်း သူမ၏ တည်ငြိမ်နေသည့် ပုံစံနှင့် နောက်ဆုံးအခိုက်အတန့်မှာတောင် သူမကိုယ်သူမ ကယ်တင်ချင်စိတ်ရှိနေသော သူမကို အဆုံးအထိ ကြည့်ချင်လာ၏။ထို့ကြောင့် သူမ မဖြေရှင်းနိုင်ခင်အထိ သူ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။


သူ ဝင်သွားပြီးနောက် စုမုန့် သည် သူ့ကို အကူအညီတောင်းဖို့တောင် စကားမဆိုလာဘဲ သူမတစ်ယောက်တည်း အတွင်းမှာ ဤကိစ္စကို ဖြေရှင်းခဲ့သည်။ထို့အပြင် ဂိမ်းကိုပြန်လည်အနိုင်ရဖို့ ဝေ့ရွှယ် ၏ ဗီဒီယိုကိုတောင် ချပြဖို့ အခွင့်အရေးရလိုက်လေသည်။


ကျိုးဖုန်း သည် ထက်မြက်သည့် စုမုန့် ကို အနီးကပ် စိုက်ကြည့်နေမိကာ သူမကို ပိုပိုပြီး စိတ်ဝင်စားလာခဲ့၏။


"သူမက ဘာလို့ သူ့ရည်းစားဖြစ်ခွင့်မပေးတာလဲ..."


သူ့ဘက်က သူမလိုအပ်နေသရွေ့ဤအရှုပ်အထွေးတွေကို ရှင်းအောင် ကူညီပေးနိုင်သည်။


 “မလိုပါဘူး...ကျွန်မကိုယ်တိုင်ဖြေရှင်းနိုင်တယ်....တစ်ခုရှိတယ်...ရှင့်ညီမက ကျွန်မကိုနောက်တစ်ခေါက် ထပ်မနှောင့်ယှက်တော့ဘူးလို့ ကျွန်မ မျှော်လင့်တယ်"  


စုမုန့်သည် ကျိုးဖုန်း၏ အကူအညီကိုငြင်းပယ်ခဲ့သည်။ ကျိုးဖုန်း က မဖြေဘဲ နှုတ်ဆက်ပြီး ချက်ချင်းထွက်သွားလိုက်၏။ကျိုးဖုန်း ထွက်သွားပြီးနောက် သူမ အခန်းတံခါးကိုတွန်းဖွင့်ပြီး ဝင်လာခဲ့သည်။ကိုယ်ခန္ဓာကြီးမားလှသော အမျိုးသားတစ်ဦးကို လက်နှင့်ခြေတို့အား ချည်နှောင်ထားသည်။ သူသည် ပြတင်းပေါက်အောက်၌ထိုင်ကာ တစ်ကိုယ်လုံးတုန်လှုပ်နေသည်။သူ့မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံး ပွန်းပဲ့နေခဲ့သည်။ သူ့အဝတ်အစားတွေက ညစ်ပတ်နေပြီး ခြေဗလာဖြစ်နေသည်။ပိုဆိုးသည်က နှာခေါင်းသွေးများလျှံနေခြင်းပင်။သူ့ရင်ဘတ်ပေါ်ရှိ အဖြူရောင်အဝတ်အစားများမှာ အနီရောင်သွေးများစွန်းနေပြီး ပါးစပ်တွင်လည်း ခြေအိတ်အနက်ရောင် ဆို့ခံထားရကာ မျက်လုံးနီလာသည်အထိ ငိုကြွေးနေခဲ့သည်။ ဆိုးရွားစွာ အနိုင်ကျင့်ခံခဲ့ရကြောင်းမှာ ထင်ရှားသည်။


စုမုန့် သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး သူ့ကိုသေချာစိုက်ကြည့်ရန် ထိုင်ချလိုက်သည်။ ထိုလူသည် သူမကို ကြောက်ပုံရသည်။  သူ့ခန္ဓာကိုယ်ကို နောက်ပြန်ရွှေ့ရင်း ဘာတွေပြောနေမှန်းမသိပေ။


 "ငါ အခု ခြေအိတ်ကို ဖယ်လိုက်မယ်... ဒါပေမယ့် နင် မအော်ဘူးလို့ ကတိပေးရမယ် "


သူမ သူ့မျက်နှာကို တစ်ချက် ဖုန်းကနဲပါးအိတ်ရိုက်လိုက်သည်။ သူမ၏မျက်နှာသည် ညိုမှိုင်းနေပြီး မာဖီးယားတစ်ယောက်လို ခက်ထန်နေသည်။ထိုလူက ခေါင်းညိတ်သဖြင့် သူမ ပါးစပ်ထဲက ခြေအိတ်ကိုထုတ်ပေးလိုက်သည်။


 "နင့်ကို ဒီလိုလုပ်ဖို့ ဘယ်သူကပြောတာလဲ"


 “အဲ…” 


ထိုလူ အလွန်ကြောက်သွားပုံရသည်။ ပြောချင်သော်လည်း ပြောမထွက်ပေ။ 


“နင်က အခု ငါ့လက်ထဲမှာ ရှိနေပြီ...နင် မပြောလည်း ငါ သိပြီးသားပါ...ငါက နင့်ကို အခွင့်အရေးပေးတာ...နင်  မပြောရင် နောက်ဆက်တွဲ ဆိုးကျိုးကို သေချာပေါက် ခံရမယ်မှတ်”


"မမလေး ဝေ့ရွှယ်ပါ...သူမက မင်း အလာကိုစောင့်ပြီး အနိုင်ကျင့်ဖို့ပြောပါတယ်..  ပြီးတော့ မမလေး ကျိုးကျာကိုစောင့်နေပါတဲ့.."


သူမ စိတ်ထဲတွင် အတည်ပြုပြီးသားပင်။ဝေ့ရွှယ် နှင့် ကျိုးကျာ တို့သည် သူမကို အန္တရာယ်ပြုဖို့ လက်တွဲခဲ့ကြ၏။ ဝေ့ထင် ၏ညီမနှင့် ကျိုးဖုန်း ၏ညီမဖြစ်သည်။  


"သူမမှာ ဘယ်လိုကံကြမ္မာမျိုးရှိလို့ သူမ‌တို့တွေဆီကနေ အနိုင်ကျင့်ခံနေကြတာလဲ... "


စုမုန့် ထိုလူကို စိုက်ကြည့်မိသည်။ 

သူမသည် ယခင်ဘဝမှာရော၊ ယခုဘဝမှာပါ အကြိမ်များစွာဤကဲ့သို့သောဖြစ်ရပ်မျိုးကြုံတွေ့ခဲ့ရသည်။ယခင်ဘဝက ယခုလောက် ကံကောင်းခြင်း မရှိပေ။ သူမ လုံးဝပြင်ဆင်မထားသောကြောင့် ဝေ့ရွှယ်ဘက်က အသာစီးရခဲ့၏။လွတ်မြောက်ရန် ခက်ခဲစွာ ရုန်းကန်ခဲ့ရသော်လည်း နောက်ဆုံးတွင် မည်သူမျှ သူမကို မယုံကြည်ခဲ့ကြပေ။  လူတိုင်းကလည်း သူမကို မုန်းတီးနေခဲ့ပြီး ကံဆိုးမဟု သတ်မှတ်ထားသည်။  အထူးသဖြင့် အမေဝေ့အတွက် သူမက ဝေ့မိသားစုကို မျက်နှာပျက်စေသည်ဟု ထင်မြင်နေ၏။ထို့ကြောင့် သူမကို အပြစ်ပေးဖို့ နည်းလမ်းမျိုးစုံသုံးခဲ့သည်။




xxxxxx