အပိုင်း ၄၇
Viewers 6k

Chapter 47

(ဆိုးရွားသော ရည်ရွယ်ချက်)


သူမကို ရိုက်နှက်ပြီး အစာမစားရဘဲ မြေအောက်ခန်းမှာ သော့ခတ်ခံထားခဲ့ရသည်။နောက်ဆုံးထွက်လာသောအခါမှာလည်း သူမအား ထပ်မံရိုက်နှက်ပြီး အစေခံလုပ်ခိုင်းသည်။ထိုစဉ်က ဝေ့ရွှယ် သည် သူမကိုယ်စား အကြိမ်ကြိမ် အသနားခံပြီး သူမ စားဖို့ ကိတ်မုန့်များယူလာ‌ပေး၍ ‌ခိုးပြီးကျွေးခဲ့သေးသည်။


ထိုအချိန်က ဝေ့ရွှယ် ၏ စိတ်ရင်းအစစ်ကို မသိခဲ့ဘဲ ကျေးဇူးတင်စိတ်သာဖြစ်တည်နေခဲ့သည်။ ထို့နောက် သူမ ဝေ့ရွှယ်ကို ပို၍ယုံကြည်လာခဲ့သည်။ယခု တွေးကြည့်လိုက်လျှင် ရယ်စရာကောင်းနေသေးတော့သည်။ တစ်ကယ်တမ်းတွင်၊ဝေ့ရွှယ် က သူမအတွက် အသနားခံ ပေးသည့်အခါ မီးထဲကို လောင်စာတွေ ထည့်ပေးလိုက်သလိုမျိုးဖြစ်ခဲ့၏။ ဝေ့ရွှယ်၏ အမေက သူမကို ပိုပို၍ စိတ်ဆိုးမာန်ဆိုးဖြစ်လာလေသည်။ထို့ကြောင့် တမင်သက်သက် ဝေ့ရွှယ် အစီအစဉ်ဆွဲထားခြင်းပင်။ 


သို့ဖြစ်၍ သူမ၏ယခင်ဘဝမှ အတွေ့အကြုံနှင့် နောက်ဆုံးအကြိမ်က ကျိုးဖုန်းဆီမှာ ဖမ်းဆီးခြင်းခံရခြင်း တို့ကြောင့် စုမုန့် အတော်လေး ပါးနပ်နေရလေသည်။ ထိုလူကို ဖမ်းကာ ကျင်စက်နှင့်တို့သလို၊ ကြိုးလည်းတုပ်ထားပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့၏။သူမ ဒေါသပြေသွားပြီးနောက် ဝေ့ရွှယ် ၏ ဗီဒီယိုကို ဧည့်သည်များရှေ့တွင် အရှက်ကွဲသွားစေရန် ကျိုးဖုန်းအား ပြသခိုင်းခဲ့သည်။သူမသည် အစကတည်းက ကြင်နာတတ်သူမဟုတ်ပေ။ သူများကို ကိုယ်ကစပြီး သွားထိုးမည့်သူမဟုတ်သော်လည်း မိမိကိုယ်သာ လာထိပါးပါက သူမတစ်ယောက်တည်း ကြိတ်ပြီးခံနေမည့်သူမဟုတ်ပေ။ 


"ဝေ့ရွှယ် နင့်အတွက် ငါပေးခဲ့တဲ့ လက်ဆောင်အကြီးကြီးကို ယူလိုက်စမ်း...."


သူမသည် ထိုလူကို အကြိမ်အနည်းငယ် ပါးရိုက်လိုက်ပြီး အံကြိတ်ကာ 


“အကြံတစ်ခုပေးလိုက်မယ်...နောက်ဆို နင် သူများထိခိုက်အောင်သွားမလုပ်နဲ့..   နင့်မှာ မိန်းမရှိတယ်မလား...နင် သူမကို စိတ်မချမဖြစ်ဘူးလား...နင် မကောင်းတာတွေ အများကြီး လုပ်ခဲ့တယ်...နင့်ကလေးက တစ်ချိန်မှာ ဝဋ်ပြန်လည်မှာကို မကြောက်ဘူးလား"


စုမုန့် က သူ့မှာ ဇနီးရှိမှန်း သိနေသဖြင့် ထိုသူ အံ့သြသွားသော်လည်း ဘာမှထပ်မမေးရဲပေ။ထို့ကြောင့် သူက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး 


“တောင်းပန်ပါတယ်...တောင်းပန်ပါတယ်.... သခင်မလေး... နောက်ဆို ဒီလိုမျိုး ထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်...ကျွန်တော် အလုပ်ပြောင်းလိုက်ပါ့မယ်"


ထို့နောက် သူမသည် ကြိုးဖြည်ပြီး အိမ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ယခု  အစစအရာရာ အဆင်ပြေသွားသောကြောင့် သူမ အိမ်ပြန်ရမည့်အချိန်ဖြစ်သည်။


ဝေ့ထင်၏အခန်းထဲ၌....


ဝေ့ရွှယ် ၏ စိတ်ခံစားမှုများ တည်ငြိမ်နေပြီဖြစ်သည်။ မျက်လုံးများက ဖူးရောင်နေလျက်နှင့် ဝေ့ထင်အား ရှင်းပြသည်။


 "အစ်ကိုဝေ့ထင်....ညီမတို့ ဘာလုပ်သင့်လဲ...အဲဒီဗီဒီယိုက ဘာမှန်းလည်းညီမမသိဘူး...သေချာတာက ညီမ မဖြစ်နိုင်ဘူး...ညီမကဘာလို့ ဒီလိုမျိုးလုပ်ရမှာလဲ..."


ဝေ့ထင်၏ မျက်နှာသည် အေးစက်တင်းမာနေ၍ ဝေ့ရွှယ် က ယခုဗီဒီယိုကြောင့် စိတ်ဆိုးနေသည်ဟု ထင်ကာ ရှင်းပြရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ သူမကို ဘယ်သူတွေ ဘယ်လောက်ပဲ အထင်လွဲနေပါစေ၊  ဝေ့ထင် က လွဲ၍မဖြစ်ပေ။သူ့စိတ်ထဲမှာ သူမကို မကောင်းမြင်နေ၍ မဖြစ်ပါချေ။  


 "မင်းအရင်အနားယူလိုက်…မနက်ဖြန် ငါတို့ပြန်မယ်…ဒီကိစ္စကို မင်း ဂရုစိုက်နေစရာ မလိုတော့ဘူး…ငါ စုံစမ်းမယ်"  


သူ ပြောပြီးသည်နှင့်မတ်တပ်ထရပ်ပြီး ထွက်သွားသည်။


 “အစ်ကို ဝေ့ထင်, မနက်ဖြန်မှာ တစ်ယောက်ယောက်ရှိမှာလား…” 


ဝေ့ရွှယ် သည် ယနေ့လူတိုင်း စောင့်ကြည့်ခံရမည်ကို တွေးလိုက်မိသည်။  မနက်ဖြန်မှ ထွက်သွားရင် အဲဒီလူတွေကို ထပ်ပြီး သတိပေးမှာ သေချာသည်။  သူမကိုတောင် ရယ်နေ‌ေပလိမ့်မည်။


 ဒီကိစ္စက စုမုန့်နဲ့ ပတ်သက်ကြောင်း ဝေ့ထင် ကို ပြောပြချင်ခဲ့မိသည်။  သို့သော်လည်း ကျိုးကျာ ၏ သဘောထားအမှန်ကို မသိရသေးပေ။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူမသည် လောလောဆယ် ထိုအကြောင်းကို မပြောရန် ဆုံးဖြတ်လိုက်သည်။ ကျိုးကျာ နှင့် စကားပြောပြီးနောက်မှ သူမဆုံးဖြတ်သင့်သည်။


 "မနက်ဖြန် ငါကိုယ်တိုင်ပြန်ပို့ပေးမယ်"  


ထိုသို့ပြောပြီးနောက် ဝေ့ထင်သည် တံခါးကိုဖွင့်ကာ ထွက်သွားခဲ့သည်။


 “…ဟုတ်” ဝေ့ရွှယ် တိုးတိုးလေးပြောလိုက်သည်။ 


 ' စုမုန့် နင် ဖြူစင်ချင်ယောင်ဆောင်နေခဲ့မယ်လို့ ငါမထင်ထားဘူး...နင် ငါ့ကိုလှည့်စားခဲ့တာ ကြာလှပြီပဲ'


 ' ဒီလို အရှက်ကွဲမှုမျိုးကို ငါ နင့်ကို နှစ်ဆ ပြန်ပေးမှာ သေချာတယ်...အခုကစပြီး နင်နဲ့ငါနဲ့ ဘယ်တော့မှညှိယူလို့ ရတော့မှာမဟုတ်ဘူး'


ဝေ့ရွှယ် နာကျည်းမှုအပြည့်နှင့်မုန်းတီးစက်ဆုပ်စွာ ပြောလိုက်သည်။သူမ၏ အကြည့်ထဲမှာ စုမုန့် ကို အစိမ်းလိုက်ဝါးစားချင်စိတ်များ ကိန်းအောင်နေ၏။ 


စုမုန့် သည် စံအိမ်ကြီး၏ ပင်မဝင်ပေါက်ဆီသို့ အေးအေးဆေးဆေး လျှောက်သွားသည်။ ရောက်လာခါနီးတွင် သူမ၏ ခြေလှမ်းများ ရုတ်တရက် နှေးကွေးလာသည်။


အိမ်အ၀င်ဝတွင်ရှိသော အဝါရောင်မီးမှိန်မှိန်များအောက်တွင် လူလေးယောက် ရပ်နေသည်။  သူတို့ဘာတွေပြောနေမှန်း သူမ မသိသော်လည်း လူကောင်းများမဟုတ်နိုင်မှန်း သူမ သိသည်။သူမ သူတို့ကို မမြင်ချင်ယောင်ဆောင်ကာ လျှပ်စစ်စက်ဘီးဆီသို့ လျှောက်သွားသည်။


 “မစ္စစု...အကြီးဆုံး သခင်မလေးက မင်းနဲ့ ဆွေးနွေးစရာရှိတယ်တဲ့...  ကျေးဇူးပြုပြီး ငါတို့နဲ့လိုက်ခဲ့ပါ"


ခေါင်းဆောင်နှင့်တူသူက သူမရှေ့မှာ ရပ်ပြီး အေးစက်သည့်မျက်နှာထားနှင့် ပြောလိုက်သည်။သူမ ဟိုဒီလှည့်ကြည့်လိုက်သည်။ လုံခြုံရေးအစောင့်များကို ပထုတ်ထားပုံရသည်၊သူတို့လေးယောက်မှလွဲ၍ ဘယ်သူမှ မရှိပေ။လျှပ်စစ်စက်ဘီးကို အဝေးကြီးမှာ ရပ်ထားသလို၊ထိုနေရာက အတော်လေး မှောင်မည်းနေသည်။သူမ ထွက်ပြေးဖို့ကြိုးစားခြင်းက ပို၍ အန္တရာယ်ရှိနိုင်သည်။နောက်ဆုံးအကြိမ်က သင်ခန်းစာရခဲ့သဖြင့် အိမ်ထဲကို ပြန်ပြေးခြင်းက ပို၍လုံခြုံ၏။


 "ဘာဖြစ်တာလဲ"


စုမုန့် တိတ်တိတ်လေး ပြေးဖို့ ပြင်ဆင်ထားသည်။ ကံကောင်းထောက်မစွာ သူမ မထွက်လာမီ အဝတ်အစားနှင့် ဖိနပ်လဲလာခဲ့သည်။သူမသာ အသားကုန်ပြေးလျှင် သူတို့ လိုက်မီနိုင်မှာမဟုတ်ဟုမျှော်လင့်ရ၏။ 


 “မသိဘူး...မင်း လိုက်လာရင် သိမှာပါ"


ထိုလူသည် ပြောပြောဆိုဆိုဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။


 "သူ ကျွန်မကိုရှာနေတယ်ဆိုတာကို ကျိုးဖုန်း သိလား" 


စုမုန့် ပြေးဖို့ အခွင့်အရေးကို ရှာနေသော်လည်း သူမ၏ နောက်က လူ ၃ ယောက်က အိမ်ထဲကို ပြန်ပြေးမှာစိုး၍ ရောက်နှင့်နေကြလေသည်။


(အမြန်ထွက်ပြေးကြခြင်း...)


ယခု သူမသည် လျှပ်စစ်စက်ဘီးထားရာဘက်သို့သာ ရှောင်တိမ်းဖို့ လွယ်ကူသည်။


 "စုမုန့် ဘာလုပ်နေတာလဲ" 


အခြေအနေ တင်းမာနေချိန်တွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။ ရှန့်ကျန်း သည် လွယ်အိတ်သေးသေးလေးကို ပုခုံးပေါ်ထမ်းလာပြီး အမြန်လျှောက်လာသည်။


 " ငါတို့ အထဲမှာ မစ္စတာကျိုးကို အတူတူစောင့်ဖို့ ပြောထားတာ မဟုတ်ဘူးလား...မင်းက ဘာလို့ဒီကိုရောက်နေတာလဲ..သူက မင်းကို ရှာနေတယ်... မြန်မြန်သွားရအောင်"


ရှန့်ကျန်းက စုမုန့်ရှေ့မှာ အေးဆေးတည်ငြိမ်စွာ လျှောက်လာပြီး ထိုလူများကို တောင်းပန်စကားပြောလိုက်၏။


 "မင်းတို့တွေက သူမရဲ့ သူငယ်ချင်းတွေပဲ မဟုတ်လား...မင်္ဂလာပါ ငါလည်း သူမရဲ့ သူငယ်ချင်းပါ...မစ္စတာကျိုး ကိုယ်စား သူမကို လာရှာတာပါ...ပြီးမှပဲ မင်းတို့ဆီ တစ်ခါပြန်လာခဲ့မယ်နော်"  


သူက ပြောရင်းဆိုရင်း သူမကိုကြည့်ကာ မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ စုမုန့် လည်း သူဘာကိုဆိုလိုသည်ကို ချက်ချင်းနားလည်လိုက်သည်။ ရှန့်ကျန်း စကားကြောင့် ထိုသူများ ကြောင်စီစီဖြစ်နေချိန်ကို အခွင့်ကောင်းယူပြီး သူမ နောက်ခြေတစ်လှမ်းဆုတ်ကာ အားယူလိုက်သည်။ ရှန့်ကျန်းသည် သူ့အိတ်ထဲသို့ လက်နှိုက်ပြီးနောက် ပစ္စည်းတစ်ခုကို ထုတ်ယူကာ ထိုလူများကို ပက်ဖြန်းလိုက်သည်။ ထို့နောက် သူက သူမကို ဆွဲခေါ်ကာ အတင်းထွက်ပြေးတော့သည်။


 "ချီးပဲ မင်းတို့ သေချင်လို့လား....အား"


 ထိုလူများသည် မျက်စိကိုမှိတ်ထားလျက်နှင့် ကျိန်ဆဲကြ၏။


 "အို မြန်မြန်လာ...မြန်မြန်"


စုမုန့် သည် လေထဲမှ မွှန်ထူသောအနံ့ကိုရသဖြင့် ပြေးလာရင်း ရှန့်ကျန်းကိုမေးကြည့်မိသည်။


 "ရှင် ငရုတ်ကောင်းမှုန့် ယူလာတာလား"


ထို့နောက် သူမသည် လျှပ်စစ်စက်ဘီးဆီသို့ရောက်သောအခါ သော့ဖွင့်လိုက်သည်။ သူမအဆင်သင့်ဖြစ်ပြီးနောက် ရှန့်ကျန်း ကလည်း တက်ထိုင်နေလိုက်သည်။ထို့နောက် သူမသည် ရှေ့မီးကိုဖွင့်ကာ အရှိန်မြင့်ခလုတ်ကို ဖိနင်းလိုက်ရာ ဆိုင်ကယ်လောက်မြန်သော အရှိန်ဖြင့် စက်ဘီးက မောင်းနိုင်သွား၏။ 


ထိုလူများ၏ ကားက ကားပါကင်မှာ ရပ်ထားသဖြင့် သူမတို့အတွက် အချိန်အနည်းငယ်စောနေသေးသည်။လမ်းပေါ်တွင် မောင်းလာရင်း စုမုန့် ပို၍ သက်တောင့်သက်သာဖြစ်သလို ခံစားရလေသည်။


 “မင်းက ဒီလောက်နာမည်ကြီးပြီး ဖုန်းရွှေလည်းအရမ်းတော်နေတာကို ဒီဘိုးတော်ဘုရားခေတ်က လှည်းကြီး ဘာလို့ စီးနေတာလဲ"  


ရှန့်ကျန်း ၏ နောင်ပြောင်သောစကားကြောင့် စုမုန့် မကျေမနပ်ဖြစ်သွားရသည်။သူမ၏ လျှပ်စစ်စက်ဘီးက ဘယ်နေရာသွားသွား အဆင်ပြေကာ အလွန်အသုံးဝင်သည်။  ပေါ့ပေါ့ပါးပါးလည်းရှိသလို သူခိုးခိုးခံရမှာလည်း ပူစရာမလိုပေ။ သူမ သူ့စကားကိုငြင်းမနေတော့ဘဲ...


 “သူတို့က မကောင်းတဲ့ အကြံအစည်နဲ့ လာတယ်ဆိုတာ ရှင် ဘယ်လိုသိလဲ"


ရှန့်ကျန်း က ဂုဏ်ယူစွာဖြင့် 


“ကိုယ်ကလည်း အစွမ်းထက်တဲ့ ဖုန်းရွှေပညာရှင် တစ်ယောက်ပါနော်..ကိုယ် သိတာပေါ့"


စုမုန့် : "...အပြောကောင်း"


ဤလမ်းက ကွေ့ပတ်သွားရသောလမ်းဖြစ်ကာ လူလည်းခေါင်သဖြင့် လမ်းမှာ ကားတစ်စီးမှ မရှိပေ။ လမ်းမီးများကလည်း မှိန်ဖျော့ဖျော့နေပြီး လမ်းနှစ်ဘက်လုံးတွင် မှောင်မဲနေသော တောအုပ်များသာရှိ၍ တော်တော်ကြောက်စရာကောင်းသည်။


ရှန့်ကျန်း သူ့လက်မောင်းကိုသူ ထိကြည့်လိုက်ရာ ကြက်သီးမွှေးညှင်းများထနေသည်ကို ခံစားမိသည်။ သူက အမှောင်ကို အကြောက်ဆုံးဖြစ်သည်။


 "ငါ့အခန်းက ဘယ်မှာလဲ မေ့နေတာနဲ့ တစ်ခန်းပြီးတစ်ခန်း သော့ဖွင့်ကြည့်နေရင်း ကျိုးကျာ ရဲ့ အခန်းနားကို လျှောက်သွားမိတယ်လေ..သူမအခန်းတံခါးကို မပိတ်ဘဲ အထဲမှာလည်း လူတွေအများကြီး ခေါ်ထားပြီးပြောနေတာ...ကိုယ် ပြန်ထွက်ခါနီးမှာ မင်းနာမည်ကိုပြောနေသံ ကြားလိုက်ရတယ်"


 " ကျိုးကျာက အရမ်းအပြစ်ကင်းပြီး ကလေးလိုပဲ ဖြူစင်တယ်လို့ ကိုယ်ထင်ထားတာ...ဒါပေမယ့် သူမက အရမ်းစိတ်ပုပ်တာပဲ... သူမက အဲ့ဒီလူတွေကို မင်းကို အခန်းတစ်ခန်းထဲ ခေါ်သွားခိုင်းတာ...ပြီးတော့မင်းကို မဖွယ်မရာလုပ်ခိုင်းပြီး ဗီဒီယိုပါ ရိုက်ထားခိုင်းတယ်"


တခြားသူတွေကို အမြဲကြင်နာတတ်သူ ရှန့်ကျန်းသည် ကျိုးကျာ ၏ ကြမ်းတမ်းသည့်စကားများကို ကြားလိုက်ရလျှင် တစ်ကယ့်ကို ထိတ်လန့်သွားရသည်။ ကျိုးကျာ သည် ကျိူးမိသားစု၏ အကြီးဆုံးသမီးဖြစ်သည်။


"သူမတို့မှာ ဘယ်လိုရန်ငြိုးတွေရှိသလဲ...ဘာလို့ မိန်းကလေးချင်း ဒီလိုမ ကောင်းတဲ့အတွေးမျိုးတွေးရသလဲ... "


ယခင်ကဆိုလျှင် ဤကိစ္စကို လျစ်လျူရှုထားနိုင်သော်လည်း စုမုန့် သည် သူနှင့်အတူရှိဖို့ ကံပါလာသည်ဟု မြင်မိပြီးနောက် သူမကို ကူညီချင်စိတ်ဖြစ်လာခဲ့၏။ 


 "ကျေးဇူးတင်ပါတယ်"  


သူမ သူ့ကို ရိုးသားစွာ ကျေးဇူးတင်လိုက်သည်။ ရှန့်ကျန်း က သူမကို ကူညီခဲ့သဖြင့် ဤကျေးဇူးကို သူမ၏ နှလုံးသားထဲမှာ သတိရနေမည်ဖြစ်သည်။နောင်တစ်ချိန် အခွင့်ကောင်းရလျှင် နှစ်ဆပြန်ဆပ်ခွင့်ရချင်၏။


သူမတို့ ခရီးစဉ်သည် ချောမွေ့ပြီး အတားအဆီးမရှိဘဲ မြို့လယ်ခေါင်ကို ရောက်သွား၏။


 "ရှင့်အိမ်က ဘယ်နားမှာလဲ...ရှင့်ကိုပြန်ပို့ပေးမယ်"  


စုမုန့် စက်ဘီးကိုရပ်လိုက်ပြီး နောက်တွင်ရှိသော ရှန့်ကျန်းကို မေးလိုက်သည်။ ရှန့်ကျန်း စက်ဘီးပေါ်ကဆင်းကာ သူ့ခေါင်းကိုသူ ပွတ်သပ်ပြီး ရှက်ကိုးရှက်ကန်းနှင့် 


“ကိုယ့်မှာ နေစရာနေရာ မရှိဘူး...တိုက်ခန်းလည်းမရှာရသေးဘူး...တည်းခိုဖို့တော့ ဟိုတယ်တစ်ခုခု ရှာရမှာပေါ့"


သူ့လက်ထဲက အိတ်လေးကို ကြည့်လိုက်မှ သူမ သဘောပေါက်သွားသည်။ ရှန့်ကျန်း မလွှတ်တမ်းကိုင်ထားသည့် အိတ်ကလေးမှာ သူပိုင်ပစ္စည်းအားလုံးဖြစ်ကြောင်း သိလိုက်ရသည်။ ခဏလောက်စဉ်းစားပြီးနောက် သူမ သက်ပြင်းချလိုက်ပြီး


 "ဒါဆို ကျွန်မနဲ့လိုက်ခဲ့...ရှင် နေစရာရှာပြီးရင်တော့ ပြန်ပေါ့" 


ရှန့်ကျန်းသည် ယနေ့ညတွင် သူမကို များစွာကူညီခဲ့သည်။ သူမ ကြည့်ရသလောက် သူ့စရိုက်ကလည်း မဆိုးသဖြင့်  စိတ်ချနိုင်သည်။


 "တစ်ကယ်လား...အမ‌လေး ကျေးဇူးတင်လိုက်တာ...မင်း ဘာမှ စိတ်မပူစေရဘူးလို့ ကိုယ်ကတိပေးတယ်"


ရှန့်ကျန်း သည် စုမုန့် စကားကိုကြားသောအခါ သူ ဝမ်းသာအားရ တစ်ချက်ခုန်တက်လိုက်ပြီး စက်ဘီးပေါ်သို့ အမြန်ခုန်တက်လိုက်သည်။ထိုညက ငြိမ်းချမ်းဖို့ ရည်ရွယ်ထားဟန်မတူပေ။




xxxxx