Chapter 48
(အမေဝေ့ တုန်လှုပ်သွားသည်)
ချမ်းသာပြီး သြဇာကြီးမားသော မိသားစုများ အသိုင်းအဝိုင်းတစ်ခုလုံးသည် ဝေ့ရွှယ်၏ ဗီဒီယိုကို ကြည့်ပြီးဖြစ်သည်။ သူမ၏အတိတ်က အချစ်ရာဇဝင်ကိုလည်း လိုက်လံစပ်စုကြပြီး သူမ ဘဝက ဖရိုဖရဲဖြစ်နေသည်ဟုဆိုကာ အတင်းအဖျင်း ဆောင်းပါးများတောင် ပြန့်လျက်ရှိသည်။ချမ်းသာပြီး အားကောင်းသည့် မိသားစုအသိုင်းအဝိုင်းသည် အလွန်သေးငယ်သည်။ သူငယ်ချင်းအနည်းစုနှင့် ပြိုင်ဘက်များသာ ရှိသည်။
ဝေ့မိသားစုကို မနာလိုသူတချို့က ထိုအခွင့်အရေးကိုရယူပြီး ဗီဒီယိုကို အွန်လိုင်းမှာ တင်ခဲ့ကြသည်။ ဝေ့ရွှယ် သည် ဝေ့မိသားစု၏ သမီးငယ်ဖြစ်သောကြောင့် တခြားသူများကလည်း အချိန်တိုအတွင်း အင်တာနက်တစ်ခွင်လုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
ဝေ့ရွှယ် သည် နောက်နေ့မှအိမ်ပြန်ချင်သော်လည်း သူမနှင့် မသိသောဖုန်းတစ်ခုထံမှ ရိုင်းစိုင်းသော မက်ဆေ့ချ်တစ်ခုကို ရရှိသောအခါ သူမ ချက်ချင်းပင် ညဥ့်နက်ချိန်၌ သူမ၏ ဘော်ဒီဂတ်များနှင့် တိတ်တဆိတ် အိမ်ပြန်လာခဲ့သည်။အမေဝေ့သည် ဝေ့ရွှယ်၏ ကိစ္စအကြောင်းကို သိပြီးဖြစ်သည်။သူမ အိပ်မပျော်နိုင်လောက်အောင် စိုးရိမ်နေမိသည်။ဝေ့ရွှယ် ပြန်လာလျှင်...
“အဟင့် အဟင့်…”
ဝေ့ရွှယ် သည် အမေဝေ့၏ ရင်ခွင်ထဲသို့ မှီ၍ ထိန်းမနိုင်သိမ်းမရ ငိုကြွေးနေသည်။
"ကောင်းပြီ ရှောင်ရွှယ်... မငိုနဲ့တော့… ဘာဖြစ်သလဲဆိုတာ အမေ့ကို အရင်ပြောပြ...သမီး အရမ်းငိုနေတော့ အမေစိတ်မချမ်းသာဘူး"
အမေဝေ့က သမီးဖြစ်သူကို ပွေ့ဖက်ပြီး ညင်သာစွာ နှစ်သိမ့်ပေးသည်။
“အမေ သူများမကောင်းကြံလို့ သမီး ထိခိုက်ရတာပါ... အဲဒီဗီဒီယိုထဲက ကောင်မလေးက သမီး လုံးဝမဟုတ်ပါဘူး...အိုး...မဟုတ်ဘူး...ဒီဗီဒီယိုက အတုကြီးပါ...ဖြတ်ညှပ်ကပ်လုပ်ထားတာပဲနေမှာ…သမီး အဲ့ဒီလိုမျိုး ဘယ်လိုလုပ်ပြီး လုပ်ရက်မှာလဲ…အမေက သမီးအပေါ် အရမ်းကောင်းပါတယ်... ဒီကိစ္စကို သမီးအတွက် ဖြေရှင်းပေးပါ"
ဝေ့ရွှယ် ငိုရင်းနှင့်မျက်လုံးများ နီရဲလာသည်။သူမ၏ စကားကိုကြားသောအခါ အမေဝေ့၏ မျက်နှာထားသည် ချက်ချင်း မည်းမှောင်သွားသည်။
“သမီး ဘာပြောတာလဲ...သမီးကို ဘယ်သူက မုန်းနေသလဲ"
ဝေ့ရွှယ် က ကြောက်ရွံ့ဟန်ဆောင်ပြီး စကားထစ်ကာ
“အဲ့ဒါ…အဲဒါ…”
ထို့နောက် ဘယ်သူဘယ်ဝါမှန်း မပြောဝံ့သလို ခေါင်းငုံ့ထားလိုက်သည်။
"ပြောစမ်း... ဘယ်သူလဲ... မကြောက်ပါနဲ့.... ဘယ်သူပဲဖြစ်ဖြစ် သမီးဘက်ကနေ အမေရပ်တည်ပေးမယ်"
"ရှောင်ရွှယ်...အဆင်ပြေတယ်…အမေ့ကိုပြော"
အမေဝေ့သည် စုမုန့်ကို အမြဲအမြင်မကြည်ကြောင်း ဝေ့ရွှယ် သိသည်။
“အဲဒါ… ယောင်းမ လုပ်လိုက်တာ”
ဝေ့ရွှယ်က အသံတိုးတိုးဖြင့် ပြောသည်။ ထိုစကားကို ပြောပြီးနောက် သူမသည် အလွန်ကြောက်သွားသလို ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
"စုမုန့်…"
ဝေ့ရွှယ် ၏စကားကိုကြားသောအခါ အမေဝေ့ အံ့သြသွားရသည်။သူမ အမြင်တွင် စုမုန့် သည် အမြဲလိုလို ကြောက်ရွံ့ပြီး မတုန်မလှုပ်သမားလေး ဖြစ်နေခဲ့သည်။ စုမုန့်သည် များသောအားဖြင့် စကားကိုလည်း နူးညံ့သိမ်မွေ့စွာ ပြောဆိုလေ့ရှိပြီး အစေခံများကိုတောင် ဆူပူတတ်သူမဟုတ်။
သူမမှာ ဝေ့ရွှယ်ကို ဒုက္ခပေးဖို့ သတ္တိရှိသွားသလား...ထို့ကြောင့် အမေဝေ့ မယုံမိပေ။
“အဲဒါ သူမပဲ...သူမက အစ်ကိုဝေ့ထင် နဲ့ စကားလေးများခဲ့တာကို အမေက အတင်းကွာရှင်းခိုင်းခဲ့တယ်မလား...သူမက သမီးဆီကိုလာပြီး ကြားထဲက ဖြန်ဖြေခိုင်းရော...အဲဒီတုန်းက သမီးလည်း အမေ့ဆန္ဒကို မလွန်ဆန်နိုင်တာနဲ့ပဲ သူမကို ဘာမှ မလုပ်ပေးခဲ့ဘူး...အဲ့ဒါ သမီးတို့အပေါ် အငြိုးထားနေတာပဲ ဖြစ်ရမယ်"
“နောက်ပိုင်းကျ အစ်ကိုကလည်း သူမကို ခွင့်မလွှတ်နိုင်တော့ သူမ ဘယ်လိုမှ သမီးတို့မိသားစုထဲကို ဝင်မရမှန်းသဘောပေါက်သွားတယ်လေ...ဒါကြောင့် သေချာပါတယ်...သူ ကောက်ကျစ်ယုတ်မာလိုက်တာပါ"
ဝေ့ရွှယ် ကျန်စကားများကို မပြောသော်လည်း မျက်ရည်များဝဲ၍ မျက်တောင်တဖျပ်ဖျပ်ခတ်ကာ အလွန်ဝမ်းနည်းနေဟန်ဆောင်ထားသည်။သမီးဖြစ်သူ၏ ဝမ်းနည်းမှုကိုမြင်လိုက်ရသော် အမေဝေ့၏နှလုံးသားသည် ချက်ချင်းပင် ပြင်းထန်စွာ နာကျင်သွားသည်။
" သမီး မပူနဲ့...အမေ ကြည့်ရှင်းလိုက်မယ်...သမီး စိတ်အေးအေးထား…စုမုန့် က လူကောင်းမဟုတ်ဘူးဆိုတာ အမေ သိပြီးသား...အရင်ကလည်း ယောက်ျားတွေနဲ့တွဲလိုတွဲနဲ့ အခုတော့ ငါ့သမီးကိုတောင် ချောက်ချဖို့ကြိုးစားနေပါလား...ဒီလိုမိန်းမမျိုးကို ငါ့သားက ဘယ်လိုလုပ်ပြီး လက်ထပ်ခဲ့တာလဲ... ငါသူမကို ဘယ်လိုသင်ခန်းစာပေးရမလဲဆိုတာ စောင့်ကြည့်လိုက်"
ဝေ့ရွှယ် ကို အမေဝေ့က ငယ်စဉ်ကတည်းမှစ၍ ကျွေးမွေးပြုစုလာခဲ့သဖြင့် သမီးဖြစ်သူအပေါ် အတော်လေး သံယောဇဉ်ရှိသည်။ ထို့ကြောင့် သမီးဖြစ်သူကို ဒုက္ခရောက်စေသည့် စုမုန့်အပေါ် အမျက်ဒေါသအဆမတန်ထွက်နေရလေသည်။
“ဒါပေမယ့် ယောင်းမက အရင်ကနဲ့ မတူဘူး...အမေ့ကိုပါ မကောင်းကြံလာမှာစိုးတယ်"
ဝေ့ရွှယ် သည် အမေဖြစ်သူကိုသတိပေးရင်း ငိုသည်။
"သူမ ဘယ်လောက်ပဲ ကွဲပြားနေပါစေ စုမုန့် ပါပဲဟယ်... ဝေ့မိသားစုရဲ့ချွေးမပဲလေ...ကွာလည်း မကွာရှင်းရသေးဘူး...ကွာရှင်းမယ်ဆိုတဲ့အားကိုးနဲ့ လုပ်ချင်တာမှန်သမျှ လုပ်နေတာပဲ... ငါသူမကို ဘာမှမလုပ်ရဲဘူးလို့ တစ်ကယ်ထင်နေတာလား"
ဝေ့ရွှယ်၏စကားကို သေချာစိစစ်နားထောင်ကြည့်ပါက၊အကျိုးအကြောင်းဆီလျော်မှုမရှိမှန်း သိနိုင်သည်။သို့သော် အမေဝေ့သည် ဒေါသစိတ်မွှန်ထူနေချိန်ဖြစ်၍ တခြားဘာမှမတွေးနိုင်တော့ပေ။ ဝေ့ရွှယ် သည် အမေ ဝေ့နှင့်အတူနေခဲ့ရ၍ သူမ၏ စိတ်နေစိတ်ထားကို အကောင်းဆုံး နားလည်သည်။ ယခုဆို စုမုန့်ကို ချေမှုန်းပစ်ရန်အတွက် သူမမှာ ကဒ်တစ်ခုရှိနေရလေပြီ။ သူမ မျက်ရည်များကို ညင်သာစွာ သုတ်လိုက်သည်။
'စုမုန့်…ဒီတခေါက် နင်ငါ့ကို နိုင်သွားပေမယ့် မာန်တက်မနေနဲ့...ဒီတစ်ခါတော့ ငါလုပ်စရာ မလိုဘူး...နင့်ကို အမေကိုယ်တိုင် လာရှင်းလိမ့်မယ်...နင် စောင့်သာနေလိုက်'
(အထူးဧည့်သည်...)
စုမုန့် သည် ရှန့်ကျန်းကို ရှေးဟောင်းပစ္စည်းဆိုင်သို့ ပြန်ခေါ်လာခဲ့သည်။ မထင်မှတ်ပဲ ဆိုင်ဖွင့်နေဆဲဖြစ်ကာ ဟုန်စစ်က ကောင်တာမှာထိုင်နေရင်း သူမ ပြန်လာသည်ကိုမြင်လျှင် သူ့လက်ထဲမှပစ္စည်းများကို ချလိုက်ပြီး သူမကို ကြိုဆိုဖို့ ထွက်လာခဲ့သည်။
"ရှောင်မုန့် ဘာလို့နောက်ကျနေတာလဲ... ဒီနေ့ညပွဲပြီးရင် မနက်ဖြန်ပြန်လာမယ်ဆို"
“ကိစ္စတစ်ခု ဖြစ်သွားလို့ပါ... အစ်ကိုဟုန်... ဆရာ ဘယ်မှာလဲ...အနားယူနေသလား"
သူမ ပစ္စည်းများကို စားပွဲပေါ်တင်ကာ အခန်းပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း ဆရာဖြစ်သူကို မတွေ့ရပေ။
"အဘိုးကြီးကောက အခန်းထဲမှာ ဧည့်သည်တွေကို ဧည့်ခံနေတယ်"
သူမ မျက်ခုံးပင့်လိုက်မိသည်။ အဘိုးကြီးက ဘယ်လိုဧည့်သည်မျိုးကို အခန်းထဲမှာ ခေါ်၍စကားပြောနေရသလဲဆိုသည်ကို သူမ သိချင်နေမိသည်။
ဟုန်စစ် သည် စုမုန့် နှင့် စကားပြောပြီးသောအခါ သူမ နောက်မှ လိုက်လာသော လူတစ်ယောက်အား သတိပြုမိလိုက်သည်။
"သူက...."
ထိုအခါ ရှန့်ကျန်း သည် ဟုန်စစ် ရှေ့သို့ လျင်မြန်စွာလျှောက်လာပြီး ယဉ်ကျေးစွာ နှုတ်ဆက်သည်။
“မင်္ဂလာပါ အစ်ကိုဟုန်...ကျွန်တော်က ဆရာမစုမုန့်ရဲ့ တပည့်အသစ်ပါ…ကျွန်တော့်မှာ နေစရာနေရာမရှိလို့ ဒီကိုခေါ်လာခဲ့တာပါ...အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်"
စုမုန့် သည် ရှန့်ကျန်း ဤမျှစကားပြောကောင်းမည်ဟု မထင်ထားပေ။
"ဒါဆို မင်းက ရှောင်မုန့် ရဲ့ သူငယ်ချင်းပဲဆိုပါတော့...ဒါဆို မင်းငါနဲ့အရင်နေရမယ်"
ဆိုင်တွင် စုစုပေါင်းအခန်းနှစ်ခန်းသာ ရှိခဲ့သည်။ စုမုန့် နှင့် ကောရှန်း တို့က ထိုအခန်းနှစ်ခန်းတွင် နေထိုင်သည်။ဟုန်စစ် အတွက် ကောရှန်း က စာကြည့်ခန်းကို အိပ်ခန်းအဖြစ် ပြောင်းပေးလိုက်သည်။ အခန်းက သိပ်မကျယ်သော်လည်း လူနှစ်ယောက်အိပ်ဖို့ကျယ်ဝန်းပေသည်။
ရှန့်ကျန်း လျင်မြန်စွာ သဘောတူလိုက်သည်။
"ဟုတ်...ရပါတယ်"
ထို့နောက် ဟုန်စစ် သူ့ကို အခန်းထဲ ခေါ်သွားသည်။
အောက်ထပ်တွင် ဘယ်သူမှ မရှိတော့ချိန်၌ စုမုန့်သည် တံခါးနားမှာထိုင်နေမိသည်။သိပ်မကြာခင် ကောရှန်း အခန်းထဲက ထွက်လာပြီး သူနှင့်ရွယ်တူ အဘိုးကြီးတစ်ယောက်နှင့် လိုက်လာခဲ့၏။ထိုအဘိုးကြီး၏ ဆံပင်များမှာဖြူဆွတ်နေသော်လည်း သူ၏ခန္ဓာကိုယ်ကမူ တောင့်တင်းဆဲပင်။ သူမ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေမိသည်။ အဘိုးကြီးသည် ရုပ်ရည်ရူပကာကောင်းသော်လည်း သူ့မျက်နှာမှာ နီမြန်းနေပြီး တင်းမာနေသည်။
"အဘိုးကြီးကော... မင်း တစ်ကယ်ပဲ သူ့ကို မကယ်နိုင်ဘူးလား... သူက ငါ့ရဲ့ တစ်ဦးတည်းသော မြေးပါကွာ... သူမရှိတော့ရင် ငါ့ဘဝက အဓိပ္ပါယ်မရှိတော့ဘူး"
အဘိုးကြီးသည် ကောရှန်း နောက်မှ လိုက်လာပြီး တောင်းပန်ခယလျက်ရှိသည်။
"ငါမင်းကို ကူညီချင်ပေမယ့် ငါတစ်ကယ်ဘာမှမတတ်နိုင်ဘူး...ငါတို့လုပ်ငန်းရဲ့ စည်းကမ်းတွေကို မင်းသိတယ်မလား...သက်ရှိလူတွေကို ဖုန်းရွှေ မဖြေရှင်းပေးတော့ဘူးလို့ ငါ ကတိပြုပြီးသားပဲ...ငါ မင်းကို ကူညီဖို့ စည်းကမ်းတွေ ဖောက်ဖျက်ရင်တောင် မင်းမြေးအတွက် ကောင်းကျိုးမရှိနိုင်ဘူး..."
ကောရှန်း ၏လေသံက နက်နဲမှုအပြည့်ရှိသည်။
“ဒါပေမယ့် ငါ ဘာလုပ်နိုင်မှာလဲ...ငါ တွေ့ဖူးတဲ့သူတွေကလည်း အစွမ်းမထက်ကြဘူး...တစ်ကယ်အစွမ်းရှိတဲ့သူက မင်းပဲ ...သူ ဘယ်လိုပဲဖြစ်ဖြစ်၊ငါ သူ့ကို ကြိုးစားရှာချင်သေးတယ်..မင်း လိုချင်သလောက် ငါပိုက်ဆံပေးလို့ရတယ်...ငါ့ပိုင်ဆိုင်မှုအားလုံးကို ငါပေးနိုင်တယ်… မင်းသူ့ကိုရှာဖို့ မင်းကူညီနိုင်မယ်လို့ ငါမျှော်လင့်တယ်"
အဘိုးကြီး၏ မျက်လုံးများမှာ နီရဲနေပြီး ငိုတော့မည်ဖြစ်သည်။
"ဒါက ပိုက်ဆံနဲ့ မဆိုင်ဘူးကွာ"
ကောရှန်း မျက်မှောင်ကြုတ်လိုက်သည်။
"အဘိုးကြီးကော...ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး...တောင်းပန်ပါတယ်"
အဘိုးကြီးသည် ဒူးထောက်ဟန်ပြင်သော်လည်း ကောရှန်း က သူ့လက်ကို ဆုပ်ကိုင်ဖေးမထားရင်း မျက်လုံးများနီရဲလာသည်။
"ကောင်းပြီလေ.…ငါမင်းကို အကြံပေးမယ်"
ထိုစဉ် ကောရှန်း သည် တံခါးဝတွင်ထိုင်နေသော စုမုန့် ကိုတွေ့လိုက်ရလျှင် သူမကို လက်ညှိုးထိုးပြပြီး အဘိုးကြီးအား
“သူမက ငါ့တပည့်ပဲ...သူမက ငါ့ရဲ့ဝတ်ရုံတွေရော၊ပညာတွေပါ အမွေဆက်ခံထားတာ...ငါလုပ်နိုင်တာမှန်သမျှ သူမလည်း လုပ်နိုင်တယ်”
အဘိုးကြီးသည် ကောရှန်း ပြရာဘက်သို့လှမ်းကြည့်လိုက်သည်။
"သူမက...နည်းနည်း...အသက်ငယ်ပုံရတယ်"
အဘိုးအိုက စုမုန့်ကို ကြည့်ကာ မဝံ့မရဲ ပြောလာသည်။
“ဒါက ငါ လုပ်ပေးနိုင်တာ အကုန်ပဲ... မင်း သူမအစွမ်းကို မကျေနပ်ရင်လည်း ငါ့မှာရွေးချယ်စရာမရှိဘူး..ကံကြမ္မာလို့ပဲဆိုရမှာပေါ့"
သို့သော်၊ ကောရှန်း စကားကို နားထောင်ရုံမှလွဲ၍ အဘိုးကြီးမှာ ရွေးချယ်စရာမရှိပေ။
“ကောင်းပြီ၊ ကောင်းပြီ..."
သူသဘောမတူ၍လည်းမရတော့ပေ။ လူတိုင်းကို လိုက်ရှာကာ အကူအညီတောင်းခဲ့သော်လည်း ဘယ်သူမှ သူ့ကို မကူညီနိုင်ခဲ့။သူ့မှာ တခြားအားကိုရမည့်သူလည်းမရှိ၍ ရှေ့က ကလေးမလေးကိုသာ ဇွတ်ယုံရပေတော့မည်။
သူတို့နှစ်ယောက်သည် သူမရှေ့မှာ အချိန်အတော်ကြာ စကားတွေပြောဖြစ်ကြပြီးဖြစ်သော်လည်း သူတို့ ဘာကိုဆိုလိုမှန်း စုမုန့် ကောင်းကောင်းနားမလည်သေးပေ။
xxxxx