အပိုင်း ၄၉
Viewers 8k

Chapter 49

(မစ်ရှင်ကို ဆက်လုပ်ခြင်း)


သို့သော် သူမ တစ်ခုတော့ သိသည်။ဆရာက သူမအား ဤအဘိုးကြီးအတွက် တစ်ခုခုလုပ်ခိုင်းသည်။သို့သော် ဤအဘိုးကြီးသည် သူမက အသက်ငယ်သေးသောကြောင့် စိတ်ပူနေခြင်းဖြစ်သည်။


 " ဘာဖြစ်နေတာလဲဆိုတာ ကျွန်မကို ပြောသင့်တယ်မလား"


 "ကလေးမ ဒီည မင်း အနားယူနိုင်မှာမဟုတ်လောက်ဘူး..လူတစ်ယောက်ကို မင်း လိုက်ရှာရမှာ” 


ကောရှန်း က လေးနက်သော အသံဖြင့် ပြောလေသည်။


 "လူသွားရှာရမယ် ဟုတ်လား"  


စုမုန့် အံ့သြသွား၍ ကောရှန်း ကို စေ့စေ့ကြည့်ရင်း‌ မေးလိုက်ရသည်။ သူမ စိတ်ရှုပ်နေမိသော်လည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။တစ်ကယ်တမ်းတွင်၊လူတစ်ယောက်ကို ရှာဖွေရသည်မှာ ပစ္စည်းတစ်ခုကို ရှာဖွေခြင်းနှင့်ဆင်တူသည်။သဲလွန်စ တစ်ခုရှိသရွေ့ အနီးစပ်ဆုံးတည်နေရာကို ရှာဖွေနိုင်သည်။သူမ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တုန်းက အရုပ်ကိုရှာဖို့ ဤနည်းလမ်းကို အသုံးပြုခဲ့ခြင်းပင်။ မျက်လုံးတစ်ဖက်တည်းသာ ရှိသော အရုပ်၏ ဓာတ်ပုံက သဲလွန်စသဘောမျိုးပင်။ထိုနည်းဖြင့် သူမသည် ပျောက်ဆုံးနေသော မျက်လုံးကို သံလိုက်အိမ်မြှောင်ကို အသုံးပြု၍ သိရှိနိုင်ခဲ့သည်။ 


သို့သော် ဤစွမ်းရည်သည် စွမ်းအင်များစွာ လိုအပ်သည်။ လိုအပ်သော စွမ်းအင်ကို လုံလုံလောက်လောက် မမွေးမြူနိုင်တာကြောင့် ယနေ့ပင်လျှင် တစ်ကြိမ်သာ အသုံးပြုခဲ့သော်လည်း မူးမေ့လဲသွားရ၏။ပစ္စည်းတစ်ခုကို ရှာဖို့ထက် လူတစ်ယောက်ကိုရှာဖို့ စွမ်းအင်ပိုလိုသည်။သူမ တခြားအရာများအတွက် စိတ်မပူသော်လည်း တခြားသူတွေကို မပြောပြနိုင်ခင် မူးလဲသွားမှာကို ကြောက်မိသည်။


သို့သော် သူမသည် ဆရာဖြစ်သူ၏ ဂုဏ်သိက္ခာကို မထိခိုက်စေလိုပေ။ ကောရှန်း၏ နောက်ဆုံးတပည့်မှာ သူမဖြစ်တာကြောင့် အရှက်မခွဲချင်ပေ။ ထို့အပြင် အဘိုးကြီးနှင့် ဆရာ့ကြားက ဆက်ဆံရေးမှာ ထူးခြားနေသည်။ သူတို့နှစ်ယောက် ဘယ်လိုဆက်ဆံရေးမျိုးရှိလဲ ဆိုတာ သူမ မသိပေ။ထို့ကြောင့် ပစ္စည်းတွေအားလုံး အိတ်ထဲမှာ အသင့်ရှိနေပြီဖြစ်၍ သူမ အဘိုးအိုနှင့် ထွက်သွားဟန် ပြင်လိုက်သည်။


ထိုအချိန်တွင် ရှန့်ကျန်း နှင့် ဟုန်စစ် အခန်းထဲမှ ထွက်လာသည်။


 "ဟေ့ မင်း အပြင်သွားမလို့လား"  


ရှန့်ကျန်း သည် စုမုန့် က အိတ်ကိုထမ်းကာ အဘိုးအိုတစ်ဦး၏ဘေးတွင် ရပ်နေသည်ကိုတွေ့လိုက်ရသည်။


 "ကျွန်မ အလုပ်ကိစ္စရှိလို့ သွားရမယ်...  ဒီမှာ ဘာဒုက္ခမှ မပေးပါနဲ့...ဆရာနဲ့ဟုန်စစ်ကို ကူညီရင်း နေခဲ့"


အစကတော့ ရှန့်ကျန်း ကို သူမနှင့်အတူ ခေါ်သွားဖို့စိတ်ကူးမိသော်လည်း ရှန့်ကျန်း သည် ဂနာမငြိမ်သူဖြစ်သည်။သို့သော် သူက ဆိုင်ထဲမှာ မနေချင်၍ သူမနှင့်အတူလိုက်ချင်ကြောင်း ပြောလေသည်။သူမ ဒေါသထွက်သွားရ၍ သူ့ကို မာန်မဲတော့မည့်အချိန်မှာ ကောရှန်းက  ပြောလာသည်။


"သူ့ကိုပါ ခေါ်သွားလိုက်"


 ထို့နောက် သူက ခေါင်းကိုလှည့်ကာ ရှန့်ကျန်း အား 


" မောင်ရင်...မင်းရဲ့အကျင့်စရိုက်ကို ငါယုံတယ်...မုန့်အာနဲ့ လိုက်သွားပြီး သူမကို ဂရုစိုက်ပါ"


စုမုန့် သည် ကောရှန်း ၏လူကဲခတ်နိုင်စွမ်းကို သံသယမရှိပေ။ရှန့်ကျန်းသည် အမှန်တစ်ကယ် ယုံကြည်စိတ်ချရသူဖြစ်၍သာ ဆရာက သူမနှင့်ထည့်ခြင်းဖြစ်ပေမည်။ထို့ကြောင့် သူမ သူ့ကို ခေါ်သွားရန် ဆုံးဖြတ်ခဲ့သည်။အဘိုးကြီးကလည်း ဝင်ပြောသည်။ 


"မောင်ရင် မင်းလည်း လိုက်ခဲ့ပါ"


စုမုန့်သည် အဘိုးကြီး၏ ကားထဲကို ဝင်သွားသည့်အခါ အဘိုးကြီးမှာ လူချမ်းသာတစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။သူ့ကားက သာမာန်ဆိုသော်လည်း သီးသန့်ယာဉ်မောင်းတစ်ယောက် ထားရှိလေသည်။ ရှန့်ကျန်း သည် ကားပေါ် ထိုင်နေချိန်တွင် အလွန်စိတ်လှုပ်ရှားနေပုံရသည်။သူ ရယ်မောရင်း ကမ္ဘာကြီးကို တစ်ခါမှ မမြင်ဖူးသလိုမျိုး လှည့်ပတ်ကြည့်ရင်း အလုပ်များနေသည်။သူမ သူ့ကိုကြည့်ရင်း ရှက်စိတ်ဝင်လာကာ အတင်းမသိချင်ယောင်ဆောင်နေရ၏။ထို့ကြောင့် အဘိုးကြီးအား စကားစ‌လိုက်သည်။


 “အဘိုး...သူ့ကို တတ်နိုင်သမျှ အမြန်ရှာတွေ့ဖို့ ကျေးဇူးပြုပြီး ဘယ်လိုဖြစ်တယ်ဆိုတဲ့အကြောင်းလေး အရင်ပြောပြပါ”


 “ငါ့မြေးက ရဲအရာရှိပါ... သူ့နာမည်က လုပိုင်တဲ့"


အဘိုးကြီးသည် သူ့မြေး၏ အကြောင်းကို ပြောနေစဉ် ဂုဏ်ယူဟန်များအထင်းသားပေါ်လာ၏။သူ့မြေးကိုလည်း အတော်လေးချစ်ပုံရသည်။


"လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်က သူ မစ်ရှင် တစ်ခုကြောင့် ခရီးထွက်သွားတယ်...သူ မသွားခင် မြန်မြန်ပြန်လာဖို့ ငါ တတွတ်တွတ် မှာခဲ့တာ...သူကတော့ သူ့ကို လိုက်မရှာဖို့နဲ့ သတင်းမဖြန့်ဖို့၊ပြီးတော့ သူ ပြန်လာတာကို စိတ်ချလက်ချ  စောင့်ဖို့ ပြောခဲ့တယ်... ဒါပေမယ့် အတော်ကြာတဲ့အထိ သူနဲ့ပတ်သက်တဲ့ သတင်းတစ်ခုမှ မရခဲ့ဘူး…သူ့ခေါင်းဆောင်တောင် သူနဲ့ အဆက်အသွယ်ပြတ်သွားတယ်... သူက ငါ့ရဲ့ တစ်ဦးတည်းသော မိသားစုဝင်ပဲ...သူ အနားမှာမရှိတော့ရင် ဘယ်လိုဆက်လုပ်ရမှန်းမသိတော့ဘူး... ဒါကြောင့် သူ့ကိုရှာဖို့ နည်းလမ်းမှန်သမျှ သုံးခဲ့တယ်...ဖုန်းရွှေပညာရှင်တွေလည်း စုံနေပေမယ့် ဘာမှမထူးခြားလာဘူး" 


"သူ့အဖေက ရဲအရာရှိလေ...သူ မစ်ရှင်တစ်ခုမှာ မတော်တဆမှုတစ်ခု ကြုံခဲ့‌တော့ နောက်ဆုံးတစ်ကြိမ်တောင် တွေ့ခွင့်မရခဲ့ဘူး...သူ့ကိုလည်း သူ့အဖေရဲ့ ခြေရာကို မနင်းခိုင်းချင်ဘူး...ဘာပဲဖြစ်ဖြစ် သူ့ကို ပြန်တွေ့ဖို့ဆို ငါ ဘာပဲလုပ်ရလုပ်ရ လုပ်မယ်"


အဘိုးကြီး၏မြေးသည် ရဲအရာရှိဖြစ်ကြောင်း ကြားရသောအခါ၊ အထူးသဖြင့် သူ့သားသည် ရဲအရာရှိဖြစ်ပြီး တာဝန်ထမ်းဆောင်စဉ် သေဆုံးသွားကြောင်းကို ကြားသောအခါတွင်၊  စုမုန့် စိတ်ထဲမှာလေးစားစိတ်များဖြစ်လာသည်။


အဘိုးကြီးက သူ့မျက်လုံးတွေကို တစ်ရှူးစဖြင့် သုတ်လိုက်ပြီး စုမုန့် ကို ဖြည်းညှင်းစွာ ဆက်ပြောသည်။


 "သူက ခေါင်းမာလွန်းတယ်...ငါ သူ့ကို ရဲအရာရှိအဖြစ် ဆက်မလုပ်စေချင်ဘူး... ငါတို့မိသားစုက သူ့ကို ထောက်ပံ့ဖို့ မတတ်နိုင်တာလည်း မဟုတ်ဘူး...သူ  တခြားစိတ်ဝင်စားတဲ့အရာတွေကို လုပ်ရင် အရမ်းပံ့ပိုးပေးချင်မိတယ်... ဒါပေမယ့် သူ့အဖေလိုမျိုး ဖြစ်ချင်နေတယ်...သူ့အဖေ မပြီးခဲ့တဲ့အရာတွေကို လုပ်ချင်တယ်”


(သဲလွန်စ)


"အဲဒါကြောင့် အဘိုး သူ့ကို အမြင်မကြည်ခဲ့ဘူး...သူ့ကို ဂရုမစိုက်သလိုမျိုး ပစ်ထားခဲ့တယ်...တစ်ကယ်တော့ သူ့အဖေလို ဖြစ်မှာကို ကြောက်လို့ပါ…”


“သူ့အမေက အဲဒီတုန်းက ယောက်ျားဆုံးတော့ စိတ်ဆင်းရဲပြီး သူမလည်း သေသွားတယ်...သူက အခု အဘိုးရဲ့ တစ်ဦးတည်းသော မိသားစုဝင်ပါ...သူ့အိမ်မက်နောက်ကို လိုက်ချင်နေရင်တောင် အနည်းဆုံးတော့ သေခါနီး ငါ့လို အဘိုးကြီးတစ်ယောက်ကို စဉ်းစားကြည့်သင့်ပါတယ်...ဟင်း…”


"အဘိုးရဲ့စိုးရိမ်မှုတွေ တစ်ကယ်ဖြစ်လာမယ်ဆိုတာ မသိခဲ့ဘူး..သူ ထွက်သွားတာ တစ်နှစ်ခွဲရှိပြီဆိုပေမယ့် သူ့အကြောင်း ဘာသတင်းမှ မရသေးဘူး...သူ့လုပ်ဖော်ကိုင်ဖက်တွေတောင် သူ ဘယ်ရောက်နေမှန်းမသိဘူး"


အဘိုးလု၏ မျက်လုံးများက မျက်ရည်များဝဲနေ၍ သနားစရာ ကောင်းလှသည်။


စုမုန့် စိတ်ထဲမှတိတ်တခိုး သက်ပြင်းချလိုက်ပြီး အဘိုးလုအား လေးနက်စွာ ကတိပေးခဲ့သည်။


 “အဘိုး စိတ်မပူပါနဲ့... သူ့ကိုရှာတွေ့ဖို့ ကျွန်မ အစွမ်းကုန်ကူညီပေးမယ်...ဒါ‌ပေမယ့်  သူ့ကိုရှာဖို့ တစ်ချို့ပစ္စည်းတွေ လိုအပ်မယ်...သူနဲ့ မကြာခဏ ထိတွေ့တတ်တဲ့ ပစ္စည်းတစ်ခုခု၊ဒါမှမဟုတ် ကြိုက်တဲ့အရာမျိုးတွေပေါ့"


သူမ၏ ကတိစကားကိုကြားလျှင် အဘိုးလု စိတ်ထဲမှာ ဘာကြောင့်မှန်းမသိ ယုံကြည်အားကိုးစိတ်များဖြစ်လာရသည်။


 “ကောင်းပြီ” 


လုပင်း ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။


လိုရာခရီးမရောက်ခင် တစ်နာရီနီးပါးလောက် ကားမောင်းရသည်။ ဤသည်မှာ လူဦးရေကျဲပါးသော ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သည်။  ကားကို သုံးထပ်တိုက် ဇိမ်ခံအိမ်ကြီးရှေ့တွင် ရပ်ထားသည်။လုမိသားစု၏ အိမ်မှာ ဝေ့မိသားစု၏ နေအိမ်ဟောင်းထက် ပို၍ပင် ခမ်းနားလှသည်။ယခုလို

နေရာမျိုးမှာ နေနိုင်သည့် လုပင်းကို စုမုန့် တစ်ချက်တွေးဆမိသည်။ထို့နောက် သူက မည်သူမည်ဝါဖြစ်သည်ကို အနည်းငယ် သိချင်ခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူသည် သာမန်ရဲသားတစ်ဦး၏ မိသားစုဝင်မဟုတ်ကြောင်း သေချာပေါက်ပြောနိုင်သည်။


 ဗီလာထဲသို့ဝင်ပြီးနောက်၊အဘိုးကြီးလုသည် သူမကို လုပိုင် ၏အခန်းသို့ ခေါ်သွားခဲ့သည်။ တတိယထပ်တွင် ရှိ၍ ဓာတ်လှေကားဖြင့်တက်ရန် လိုအပ်သည်။ဓာတ်လှေကားထဲသို့မဝင်မီ မျက်နှာချင်းဆိုင်အခန်းတွင် မဟော်ဂနီရောင်ဗီဒိုတစ်လုံးကို  စုမုန့် တွေ့လိုက်ရသည်။ ဆုတံဆိပ်များ အပြည့်ရှိပြီး ဘေးတွင် အဘိုးလု၏ဓာတ်ပုံတစ်ပုံရှိသည်။ သူသည် စစ်ယူနီဖောင်းကို ၀တ်ဆင်ထားကာ အလွန်ကြည့်ကောင်းနေ၏။ အဘိုးလု က စစ်သားမှန်း သူမ မသိခဲ့ပေ။ နိုင်ငံ့ဝန်ထမ်းတစ်ယောက်၏ ဂုဏ်ကျက်သရေကို ကိုယ်စားပြုသည့် ဆုတံဆိပ်တွေတောင် အများကြီးရခဲ့သည်။


စုမုန့် ၏ နှလုံးသားမှာ လေးစားမှုတို့ ဖြစ်တည်သွားရသည်။ဤမိသားစုသည် တိုင်းပြည်ကို ကာကွယ်နေသည့် သူရဲကောင်းတွေပင်။သူတို့နှစ်ယောက် လုပိုင် အခန်းထဲကိုရောက်လာသည်။ အခန်းက ရိုးရိုးရှင်းရှင်းဖြစ်ပြီး ကုတင်၊ စားပွဲ၊ ကုလားထိုင်နှင့် ဗီရိုလည်း ရှိသည်။


လုပင်း သည် စားပွဲဆီသို့ တုန်တုန်ယင်ယင် လျှောက်လာခဲ့၍ အံဆွဲထဲမှ အနက်ရောင် ပစ္စတိုသေနတ်တစ်လက်ကို ထုတ်ကာ စုမုန့် အား ပေးလိုက်သည်။သူမအံ့အားသင့်သွားသော်လည်း ပြန်စဉ်းစားကြည့်သောအခါ သိပ်မထူးဆန်းမှန်း သိလာရ၏။ လုပိုင် ၏ အိပ်မက်က ရဲအရာရှိ ဖြစ်ဖို့ ဖြစ်သောကြောင့် သူ့အိမ်မှာ သေနတ်ရှိနေခြင်းပင်။ ထို့ကြောင့် သူမ လက်လှမ်းယူလိုက်၏။သို့သော်လည်း သေနတ်က သူမလက်ထဲ ရောက်သွားလျှင် တစ်ခုခုမှားနေမှန်း သိလိုက်ရသည်။သေနတ်က တစ်ကယ်တော့ အတုဖြစ်နေကာ သစ်သားနှင့် ထွင်းထားသလိုမျိုးပင်။သို့သော် တစ်ခုလုံးကို ခြုံကြည့်လျှင် တစ်ကယ့်သေနတ်တစ်လက်လိုပင်။ သူမသည် သေနတ်အစစ်ကို တစ်ခါမှ မမြင်ဖူးသော်လည်း စုံထောက်ဇာတ်ကားများစွာကို ကြည့်ဖူးသောကြောင့် သေနတ်ကို ကောင်းကောင်းသိသည်။


 "ဒါကို လုပိုင် ကိုယ်တိုင်လုပ်ခဲ့တာပါ...သူ့အဖေ ဆုံးသွားတော့ သူလည်း  ရဲအရာရှိ အတင်းကို ဖြစ်ချင်လာတယ်...သူ ရဲသင်တန်းကျောင်းကို မတက်ခင် သူ့အတွက် သေနတ်တစ်လက် ထွင်းခဲ့တယ်လေ…ဒီသေနတ်က သူ့အကြိုက်ပဲ…အိမ်မှာရှိနေတော့ ခဏခဏ သူ ကစားတတ်တယ်.. ဒီသေနတ်ထက် တစ်ခြားဘယ်ဟာကိုမှ သူ သိပ်မကြိုက်ဘူး"


လုပင်း သည် စုမုန့် ၏ အံ့အားသင့်မှုကို သတိပြုမိပုံရသောကြောင့် ရှင်းပြသည်။


 “ဒါပေမယ့် သူ မပြန်လာတာကြာပြီဆိုတော့ ကောင်းသေးရဲ့လား မသိဘူး...တခြား သူကြိုက်တာလေးတွေ ရှိပေမယ့် ဒီသေနတ်က သူ့အလုပ်နဲ့ပတ်သတ်နေတော့ ပိုအဆင်ပြေမယ်ထင်တယ်"


လုပင်း ၏ အသံသည် အဆုံးတွင် အနည်းငယ် တိုးလျသွားကာ စုမုန့် လက်ထဲက သေနတ်ကို မျက်လုံးနီများဖြင့် စိုက်ကြည့်နေသည်။


“တစ်ကယ်တော့…တစ်ကယ်တော့ သူနဲ့ ငါ့သားအတွက် ဂုဏ်ယူမိပါတယ်... ဒါပေမယ့် ငါက တစ်ကိုယ်ကောင်းဆန်လွန်းတယ်လေ…နောင် အခွင့်ရေးရရင် ငါသူတို့ကို စိတ်ထဲမှာ အသိအမှတ်ပြုကြောင်း တစ်ကယ်ပြောချင်တယ်..."


သူ့အသံက ပိုပို၍တိုးလျလာကာ နောက်ဆုံးတွင် သူစကားမပြောနိုင်သည်အထိဖြစ်၍ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ သူ့မျက်လုံးတွေက နီရဲနေသော်လည်း သူ့စိတ်ခံစားချက်တွေကို ချုပ်တည်းပြီး မငိုမိအောင် အတတ်နိုင်ဆုံး ကြိုးစားနေသည်။


 "အဘိုးလု စိတ်မပူပါနဲ့..  အခု သူ့အကြောင်း သဲလွန်စတွေရှာကြည့်ရမယ်"


လုပင်း ကို သူမ နှစ်သိမ့်ပေးလိုက်သည်။


 “ကောင်းပြီ!”


ထို့နောက် သူမသည် လွယ်အိတ်ထဲမှ သံလိုက်အိမ်မြှောင်ကို ထုတ်ယူပြီး သေနတ်ကို သံလိုက်အိမ်မြှောင်အလယ်တွင် ထားလိုက်သည်။ တစ်ဖန် မျက်လုံးမှိတ်၍ လက်ကိုယှက်ကာ အာရုံခံကြည့်သောအခါ သူမ စိတ်ထဲတွင် အဖြေတစ်ခုရလာသည်။



xxxxxx