အပိုင်း ၅၀
Viewers 6k

Chapter 50

(ကယ်တင်ခြင်း)


 "အဘိုးလု...မစ္စတာလုက ဘယ်မှာ ပျောက်သွားတာလဲ သိလား"  


စုမုန့် သည် သူမ၏ တွက်ချက်မှုမှာ မှန်ကန်ကြောင်း ဦးစွာ သေချာစေချင်၍ မေးလိုက်သည်။ သို့သော် လုပင်း က ခေါင်းခါလိုက်သည်။  


“သူ့ဆီက ဘာသတင်းမှမကြားရတာ တစ်နှစ်ခွဲရှိပြီ... သူဘယ်ရောက်သွားမှန်းလည်း မသိဘူး...အရင်တုန်းကတော့ ဖုန်းရွှေပညာရှင် တစ်ချို့ကို ရှာခဲ့တယ်...လုပိုင် က အနောက်တောင်ဘက်မှာ ပျောက်သွားတယ်လို့ အများစုက ပြောကြပေမယ့် တည်နေရာအတိအကျကို ဘယ်သူမှ မပြောနိုင်ကြဘူး"


 သတင်းအချက်အလက်အနည်းငယ်သာရှိခဲ့၍ တည်နေရာအတိအကျကို မည်သူမျှ မဆုံးဖြတ်နိုင်ခဲ့ခြင်းပင်။


 "အနောက်တောင်ဘက်ကို ဦးတည်ရမယ်" 


သူမ နောက်ထပ်တွက်ချက်မှုများလုပ်ခဲ့သော်လည်း ရလဒ်ကတော့ အတူတူဖြစ်သည်။သူမစကားကိုကြားသောအခါ လုပင်း စိတ်ဆင်းရဲသွားသည်။ သူမလည်း လုပိုင် ၏တည်နေရာအတိအကျကို ရှာဖွေနိုင်သူ မဟုတ်ပေ။ယခုဆို သူ့ကို ရှာတွေ့နိုင်မလားဆိုသည်က မသေချာမရေရာတော့ပေ။ လုပင်း သည် စုမုန့် ၏ အသက်အရွယ်ကြောင့် သူမ၏ စွမ်းရည်ကို စိုးရိမ်နေမိပြန်သည်။


 "ဒီ့ထက်ပိုပြီး တိတိကျကျပြောနိုင်မလား...သူအခုဘယ်မှာလဲ… သူ အသက်ရှင်နေသေးလား" 


 လုပင်း က သူမကို မယုံသော်လည်း မျှော်လင့်ချက်ရှိနေသေး၏။


 “ဘယ်မှာလဲဆိုတာတော့ အတိအကျမသိဘူး...သွားရင်း အဖြေရှာဖို့ လိုတယ်…  အဘိုးလု ကျေးဇူးပြုပြီး ကျွန်မ ပြောတဲ့လမ်းကြောင်းကို ခေါ်သွားလို့ရမလား"


 "ကောင်းပြီ ဒါဆို စိတ်မပူပါနဲ့.... အန္တရာယ်ရှိနေမယ်ဆိုရင်လည်း ဆက်လုပ်ဖို့ မလိုပါဘူး”  


လုပင်း သူ့ကိုယ်သူ တွေးနေမိသည်။  ပထမဦးစွာ စုမုန့် ကို တည်နေရာအနည်းငယ်တိကျအောင် ဆုံးဖြတ်ခိုင်းလိုက်မည်။ ထို့နောက် ထို့ထက်ပိုပြီး နေရာသေချာလာပါက သူ့ကိုယ်ပိုင်ခွန်အားကို အားကိုး၍ ကယ်တင်မည်ဖြစ်လေသည်။


စုမုန့် အနည်းငယ်ပြုံးပြီး ဘာမှပြန်မပြောချေ။ ထို့နောက် လုပင်း သည် ကြိုတင်ပြင်ဆင်မှုအချို့ပြုလုပ်၍ စုမုန့် နှင့် ရှန့်ကျန်း တို့ကို ခေါ်ကာ ခရီးထွက်ခဲ့သည်။ ရှန့်ကျန်း သည် သူတို့နှစ်ဦးအနားတွင် တစ်ချိန်လုံးရှိနေခဲ့သည်။ သူတို့ပြောသမျှကို သူကြားနေရသဖြင့် သူ စိတ်ပူသွားကာ စုမုန့်ကို ပြောသည်။


 " မင်းမှာ ဘာသဲလွန်စမှလည်း မရှိဘူး... သေနတ်အတုတစ်လက်တည်းနဲ့ သူ့ကို တစ်ကယ်ရှာတွေ့နိုင်မှာလား”


 သူ့ကိုရှာဖို့ ဘာသဲလွန်စမှမရှိသဖြင့် အလွန်မြင့်မားသည့် ကျွမ်းကျင်မှုတစ်ခု လိုအပ်သည်။ စုမုန့် သည်အလွန်တော်မှန်း သူသိသော်လည်း ဤပညာကို အတွေ့အကြုံမရှိသေးပေ။ လုံလောက်သည့် သဲလွန်စများ ပေးပါမှ၊  သူ့ကို ရှာတွေ့နိုင်မည်ဟု အာမခံနိုင်၏။သူမ ရှင်းရှင်းလင်းလင်း အဖြေမပေးဘဲ ခေါင်းကိုခါလိုက်သဖြင့် သူ တိုးတိုးလေးပြောလိုက်၏။


 “ဒါဆို ငါတို့ ဘာလုပ်သင့်လဲ... ငါတို့ သူ့ကို မတွေ့ရင် ဘယ်လိုလုပ်မလဲ…”


 “ဘာပဲပေးဆပ်ရ၊ပေးဆပ်ရ သူ့ကိုရှာရမယ်"  


စုမုန့် သည် ရှန့်ကျန်း ကို ပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။


 “ဒါပေမယ့်…” 


ရှန့်ကျန်း တစ်ခုခုပြောချင်သော်လည်း သူ တုံ့ဆိုင်းသွားသည်။ စုမုန့် ဘာကိုဆိုလိုမှန်း သူသိသည်။ဖုန်းရွှေ မှာ တားမြစ်ထားသည့် နည်းလမ်းတစ်ခု ရှိသည်။ လုံလောက်အောင် ပေးဆပ်ထားသရွေ့၊ မည်မျှပင် ခက်ခဲသည်ဖြစ်စေ ဘာမဆို လုပ်နိုင်သည်။ သို့သော် နောက်ဆုံးတွင် ထိခိုက်နစ်နာစေမည့်သူမှာ ကာယကံရှင်ပင် ဖြစ်သည်။ ဤအရာက ရှန့်ကျန်း ကို အနည်းငယ်စိုးရိမ်သွားစေသည်။


 “သူဟာ သူ့မိသားစုကို ကာကွယ်ပြီး တိုင်းပြည်ကို ကာကွယ်တဲ့ သူရဲကောင်းပါ...သူ့အတွက် တစ်ခုခုလုပ်ပေးဖို့ ကျွန်မမှာ တာဝန်ရှိတယ်...သူ အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ကျွန်မ သူ့ကိုပြန်ခေါ်လာပြီး အိမ်ပြန်လာခွင့်ပေးမယ်"  


ရှန့်ကျန်း စကားဆက်မပြောတော့ဘဲ သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ စုမုန့် ပြောတာ မမှားပေ။ သူမလို မိန်းကလေးတစ်ယောက်ကတောင် ပြတ်သားလွန်းနေသဖြင့် သူ့လို ယောက်ျားတစ်ယောက်သည်လည်း ရှုံးနိမ့်မှုကို မခံနိုင်ပေ။သူလည်း အတတ်နိုင်ဆုံးကူညီပေးရမည်။


စုမုန့် ၏ ညွှန်ကြားချက်အရ ကားသည် အနောက်တောင်ဘက်သို့ မောင်းနှင်သွားသည်။တစ်ညလုံး ကားမောင်းပြီးနောက် ကောင်းကင်သည် တဖြည်းဖြည်း တောက်ပလာသည်။ သူတို့ လိုရာခရီးကို မရောက်ခင်မှာ စုမုန့် သည် မောပန်းနွမ်းနယ်နေပြီး မျက်လုံးမဖွင့်နိုင်လောက်အောင် ဖြစ်နေရ၏။ ရှေ့ခန်းတွင်ထိုင်နေသော လုပင်း သည် ရှေ့ကိုကြည့်နေပြီး သူမကို ဂရုမစိုက်ပေ။ ရှန့်ကျန်း မြင်လိုက်သော်လည်း စုမုန့် က သူ့ကို ဘာမှ မပြောဖို့ အချက်ပြလိုက်သည်။


ကားသည် ဆိပ်ကမ်းတစ်ခုသို့ရောက်သောအခါ နောက်ဆုံးတွင် ရပ်သွားသည်။ စုမုန့် သည် အဆုံးမရှိသော မြစ်ပြင်ကျယ်ကို ကြည့်ပြီး လုပင်း အား 


“နေရာက မြစ်ရဲ့ တစ်ဖက်ကမ်းမှာပါ...ကျွန်မတို့ အဲဒီကို သွားရမယ်"


အဘိုးလု ခေါ်လာသော လူတချို့ကလည်း ကားပေါ်မှ ဆင်းကာ လှေစီးရန် သင်္ဘောဆိပ်သို့ သွားကြသည်။  သို့သော်လည်း သင်္ဘောဆိပ်နှင့် မနီးမဝေးတွင် ရပ်နေသော ရဲတပ်ဖွဲ့ဝင်များ ရှိနေမည်ဟု သူတို့ မမျှော်လင့်ထားပေ။  စုမုန့် နားမလည်သော်လည်း အဆင့်အတန်းမြင့်သူများဟု သူမ ခန့်မှန်းနိုင်သည်။


 “အဘိုးလု…” 


ခေါင်းဆောင်က လုပင်း ကိုမြင်သောအခါ အမြန်လျှောက်လာပြီး အလေးပြုရင်း လေးလေးစားစား မေးလိုက်သည်။


လုပင်း လှည့်ကြည့်လိုက်သည်။  သူ့ပတ်ဝန်းကျင်မှာ လူတွေအများကြီးရှိတာကြောင့် စကားပြောဖို့မသင့်တော်ချေ။ "အေးအေးဆေးဆေး စကားပြောရအောင်"


 “ဟုတ်”  


ထိုလူက ပြန်ဖြေသည်။


စုမုန့် ကိုခေါ်ပြီးနောက် လုပင်း သည် သက်လတ်ပိုင်းအရွယ် လူငယ်နှင့်အတူ ကားပေါ်သို့တက်ခဲ့သည်။  အခြားတပ်သားများသည်လည်း ကားအနားဆီသို့ လျှောက်လာကာ အဝေးတွင် ရပ်စောင့်နေကြသည်။


(စုမုန့် ကို အထင်သေးခြင်း)


လူလတ်ပိုင်းအရွယ် အမျိုးသားသည် တစ်ခုခုပြောချင်သော်လည်း စုမုန့် နှင့် ရှန့်ကျန်း ကိုကြည့်လိုက်ရင်း အမူအရာက တုံ့နှေးသွားသည်။


"လုပိုင်ကိုရှာဖို့ ဒီနှစ်ယောက်ကို ခေါ်လာခဲ့တာ... သူတို့ကို အားနာနေစရာ မလိုပါဘူး” 


လုပင်း ပြောလိုက်သည်။


 “အဘိုးလု အထက်အရာရှိတွေက လုပိုင် ပျောက်သွားတာကို အရမ်းစိုးရိမ်ကြတယ်...ရဲတပ်ဖွဲ့ကလည်း ရှာဖွေရေးသမားတွေ လွှတ်ထားပြီးပါပြီ...အဘိုးဘာလို့အခုထိ လက်မလျှော့တာလဲ...တစ်ကယ်ကို အန္တရာယ်များတယ်”  


ထိုလူ၏လေသံမှာ အနည်းငယ်စိုးရိမ်နေသော်လည်း လေးစားသမှုတို့ ဆက်လက်ရှိနေဆဲဖြစ်သည်။ လုပိုင် သည် လျှို့ဝှက်အေးဂျင့်ဖြစ်ကာ မစ်ရှင်ဆောင်ရွက်နေစဉ် သတင်းအချက်အလက်အားလုံးကို စုဆောင်းပြီးနောက် ရုံးချုပ်သို့ ဆက်သွယ်ခဲ့သည်။ သို့သော် သတင်းကအနည်းငယ်သာ ပို့‌ရသေးသည်၊သူ့ထံမှ ဘာအဆက်အသွယ်မှထပ်ရမလာတော့‌ေပ။စစ်တပ်မှ အဆင့်မြင့်အရာရှိအချို့နှင့် ရဲစခန်းရှိ သက်ဆိုင်ရာဝန်ထမ်းအနည်းငယ်သာ ဤကိစ္စကိုသိရှိခဲ့ကြသည်။ ရဲများက သူ့ကို ရှာဖွေဖို့ အစွမ်းကုန် ကြိုးစားနေသော်လည်း သူ့အကြောင်း သတင်းတစ်ခုမရသေးချေ။တစ်ကယ်တမ်း၊ သူသည် လွန်ခဲ့သည့် တစ်လလောက်ကမှ လုံးဝပျောက်သွားခဲ့ခြင်းဖြစ်သော်လည်း လုပင်း အတွက်တော့ သူ ပျောက်ဆုံးနေသည်မှာ တစ်နှစ်ခွဲရှိခဲ့လေပြီ။ လုပင်း ကို မဆက်သွယ်သည်မှာ တစ်နှစ်ခွဲရှိပြီဖြစ်သည်။အင်အားစုအဖွဲ့များသည် အချိန်အတော်ကြာ စုံစမ်းစစ်ဆေးခဲ့သော်လည်း ဤအနီးနားတွင် ရှိသည်ဟု သတင်းရရှိခဲ့သည်။


“မစ္စစု က ပြောလို့ ငါသူ့ကိုပြန်ခေါ်လာဖို့ ရောက်လာရတာ"


လုပင်း၏ မျက်နှာအမူအရာတွင် မျှော်လင့်ချက်အလင်းတန်းတစ်ခုရှိနေသည်။


 "သတင်းရတယ်…ဒီမိန်းကလေးကလား"  


လူလတ်ပိုင်းအရွယ်ရှိသူက စုမုန့် ကို မယုံနိုင်သည့် မျက်လုံးတွေနှင့် ကြည့်နေသည်။ 


"သူတို့တောင် ရှာမတွေ့တာကို ဒီမိန်းကလေးက ဘယ်လိုသတင်းရနိုင်မှာလဲ... ဒီမိန်းကလေးက လုပိုင် နဲ့ အဆက်အသွယ်ရှိတယ် ဆိုပါလား..."


လုပင်း က မရှင်းပြဘဲ


 "လုပိုင်ကို ကယ်ဖို့ မြစ်တစ်ဖက်ကမ်းကို သွားချင်တယ်... ကူညီချင်တယ်ဆိုရင်တော့ မင်းတို့ကို မကန့်ကွက်လိုပါဘူး...ဘာပဲဖြစ်ဖြစ် ငါသွားရမယ်"


ထိုလူမှာ ရွေးချယ်စရာမရှိပေ။ သူတို့ကို တစ်ယောက်တည်း လွှတ်ထား၍ မရပေ။ လုပိုင်ကို တစ်ကယ်ရှာတွေ့နိုင်သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ ပြည်သူများ၏ လုံခြုံရေးကို ကာကွယ်ဖို့က အရေးကြီးဆုံးပင်။


ထို့ကြောင့် လူအနည်းစုက လှေဖြင့်မြစ်ကိုဖြတ်ကူးကြသည်။ လှေပေါ်မှာထိုင်၍ စုမုန့် က လမ်းညွန်နေ၏။


လူလတ်ပိုင်းအရွယ်က သံလိုက်အိမ်မြှောက်ကိုကိုင်ရင်း ဘယ်ညာကြည့်နေသော စုမုန့် ကိုကြည့်လိုက်သည်။  အဘိုးလု ရှာနေသောလူသည် ဖုန်းရွှေပညာရှင်တစ်ဦးမှန်း သူနောက်ဆုံးနားလည်ခဲ့သည်။ သူသည် ပစ္စုပ္ပန်ဝါဒီနှင့် သိပ္ပံပညာ၏ လွှမ်းမိုးမှုကို အမြဲယုံကြည်ခဲ့သူဖြစ်၍ ဖုန်းရွှေပညာရပ်ကဲ့သို့ ဂမ္ဘီရပညာရပ်များကိုအယုံအကြည်မရှိချေ။ သို့သော်လည်း လုပင်း ရှိနေ၍ ဘာမှမကန့်ကွက်ဘဲ အေးစက်သော မျက်နှာထားဖြင့်သာ ရှုတည်တည်နေလိုက်သည်။


စုမုန့် မည်မျှကြာအောင် လှေစီးလာမှန်းမသိပေ။သူမ လှိုင်းမှုးစပြုလာချိန်မှာ နောက်ဆုံးတွင် ကမ်းစပ်သို့ ရောက်ရှိလာခဲ့ပြီး တောင်ခြေတစ်ခုသို့ ရောက်လာကြသည်။သူမ သံလိုက်အိမ်မြှောင်ကို ခဏလောက်ကြည့်ပြီးနောက် သစ်တောတစ်ခုဆီသို့ လက်ညှိုးထိုးပြရင်း 


“သစ်တောထဲ ဝင်ရမယ်"


"သေချာလား…ဒါက သာမာန် တောအုပ်တစ်ခုပးပဲ...အထဲမှာ ဘာမှ မရှိနိုင်ဘူး” 


 ထိုလူသည် စုမုန့်၏စကားကို မယုံပေ။


 “မသေချာရင် ကျွန်မလည်း မပြောပါဘူး...ရှင်တို့ သူ့ကိုတွေ့ချင်ရင် ကျွန်မ ပြောတဲ့အတိုင်းလုပ်လိုက်ပါ"


ထိုလူသည် စုမုန့်၏ ပညာရပ်ကို အထင်ကြီးခြင်း မရှိပေ။  သူ့မျက်လုံးထဲမှာတော့ သူမသည် ကလေးမလေးတစ်ယောက်ပင်။


 "ငါတို့ ဒီနားတစ်ဝိုက်ကို ရှာပြီးပြီ...ဒါပေမယ့် သူ့ကို လုံးဝရှာမတွေ့သေးဘူး... သူဒီမှာရှိနေတယ်ဆိုတာ မင်းက ဘယ်လိုသိသလဲ"


 “သူမပြောတာ နားထောင်ပါ"


လုပင်း က ထိုသို့ပြောပြီးနောက် တောနက်ထဲသို့ လျှောက်သွားဟန်ပြင်လိုက်၏။ ထိုလူသည် ချက်ချင်း လုပင်း ဆီသို့ လှမ်းလာပြီး တိုးတိုးလေး ပြောသည်။ 


"အဘိုးလု...ဒါက အသေးအမွှားကိစ္စတော့ မဟုတ်ဘူး... သူ့ကို ရှာတွေ့တာထက် ရန်သူတွေက ကျွန်တော်တို့ကို တိုက်ခိုက်လာမှာစိုးတယ်.."


 “ကျွန်တော် ပြောတာကို ယုံပါ...လုပိုင် က ကျွန်တော်တို့ ရဲဘော်ပါ...သူက နိုင်ငံ တည်ငြိမ်ရေးအတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်ခဲ့တာ...နိုင်ငံတော်က သူ့ကို စွန့်လွှတ်မှာ မဟုတ်ပါဘူး”


 "လုပိုင် ခန္ဓာကိုယ်ထဲမှာ GPS ချစ်ပ်တစ်ခု ထည့်ထားပေမယ့် တည်နေရာလာ‌မပေါ်တော့တာ ကြာပြီ..သူမလိုမိန်းကလေးမျိုးက သူ့ကို ဘယ်လိုလွယ်လွယ်ရှာနိုင်မှာလဲ...လက်ထဲမှာလည်း အလကားသံလိုက်အိမ်မြှောင်ကြီး တကားကားနဲ့...ယုံချင်စရာမရှိဘူး"


“မင်းစိုးရိမ်တာတွေကို ငါသိတယ်. အဆင်ပြေပါတယ်…ဘာပဲဖြစ်ဖြစ်၊ မင်းတို့ တပ်ဖွဲ့အင်အားကို ငါလည်း မထိန်းချုပ်နိုင်ဘူး...မင်းမှာလည်း ငါ့ကိုကူညီဖို့ တာဝန်မရှိဘူး...မင်း မယုံရင် ပြန်သွားနိုင်တယ်...အစောင့်အကြပ် တွေ ချထားတဲ့အတွက်တော့ ငါ ကျေးဇူးတင်တယ်... ကျန်တာကို ငါတို့ကိုယ်တိုင် လုပ်နိုင်တယ်"


လုပင်း လုံးဝနောက်မဆုတ်သေးပေ။သူ့မြေးကို ကယ်တင်ခြင်းသည် သူ့အလုပ်ဖြစ်သည်။ စုမုန့် သည် အဘိုးကြီးကော၏မြေးဖြစ်သည်။ ထိုကဲ့သို့ အန္တရာယ်ရှိသော ကိစ္စရပ်ထဲသို့ သူမကို ဆွဲခေါ်မသွားနိုင်ပေ။ သူမ တစ်ခုခုဖြစ်ခဲ့လျှင်၊ သူ အဘိုးကြီးကောကို ထပ်တွေ့နိုင်တော့မှာ မဟုတ်ပေ။




xxxxx