အပိုင်း ၅၁
Viewers 7k

Chapter 51

(လုပိုင်၏ နေရာကိုသိရပြီ)


ထိုသို့စဉ်းစားရင်း လုပင်း က ဖြည်းညှင်းစွာပြောသည်။


 "မိန်းကလေး ...လုပိုင် က ငါတို့နဲ့ ဘယ်လောက်ဝေးသေးလဲဆိုတာ ကြည့်စမ်း...မင်း နေရာအတိအကျကို သိပြီလား...ဒါဆို မင်းဆက်လိုက်စရာမလိုတော့ဘူး...သူတို့နဲ့ပြန်လိုက်သွား"


 “ကျွန်မ အတွက် စိတ်မပူပါနဲ့...မစ္စတာလုက နိုင်ငံအတွက် စတေးခဲ့တာပဲ...  ဒီလိုလူမျိုးသာမရှိရင် ကျွန်မတို့လည်း အေးအေးချမ်းချမ်းနေရမှာမဟုတ်ဘူး...ကျွန်မ  ဒီကိုမလာခင်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးသားပါ.. ဘယ်လောက်ပဲ အန္တရာယ်ရှိပါစေ ကျွန်မ နောက်ဆုတ်မှာ မဟုတ်ဘူး” 


စုမုန့် ၏ လေသံက လေးနက်နေ၍ ဆုံးဖြတ်ထားပုံရသည်။


လုပင်း က တစ်ခုခု ပြောဟန် ပြင်လိုက်သဖြင့် သူမ ဆက်ပြောလိုက်သည်။


 “ကျွန်မလည်း သိပ်အဝေးကြီး တိုင်းလို့ မရဘူး...ကျွန်မကို မခေါ်သွားရင် သူ့ကိုတွေ့နိုင်မှာမဟုတ်ဘူး...မစ္စတာလု အသက်ရှင်နေသေးပေမယ့် သူ့ရဲ့ တက်ကြွမှုက အရမ်းအားနည်းနေတယ်...သူ အခု လောလောဆယ် အန္တရာယ်ရှိပုံရတယ်"


 "စိတ်မပူပါနဲ့  မင်း အသက်အန္တရာယ်ရှိရင် ကိုယ် မင်းကိုကာကွယ်ပေးမှာပါ”  


ရှန့်ကျန်း က ဝင်ပြောသည်။


 "အဲဒါကောင်းတယ်...မင်းတို့ နှစ်ယောက် ငါတို့နောက်ကို လိုက်ခဲ့လိုက်... တစ်ကယ်အန္တရာယ်ရှိလာရင် မင်းကိုကာကွယ်ဖို့ ငါ့တာဝန်ထားပါ"  


လုပင်းသည် စုမုန့် ကို လေးနက်စွာ ကတိပေးလိုက်၏။ 


ကြားထဲက လူလတ်ပိုင်းအရွယ်မှာ မာနတို့ ထိခိုက်သွားရ၏။ထို့ကြောင့် သူက ရုံးချုပ်ကို ဆက်သွယ်ပြီး ခွင့်ပြုချက်ရယူကာ လုပင်းနှင့် စုမုန့် ကို ပြောလိုက်သည်။


"ကျွန်တော် အခုပဲ ရုံးချုပ်ကို ဆက်သွယ်ပြီး ခွင့်ပြုချက်ရထားတယ်...အဘိုးလု ကျွန်တော်တို့ကို ဒီမှာစောင့်နေ...သူ့ကိုရှာဖို့ မစ္စစု ကိုခေါ်သွားလိုက်မယ်"


လုပင်း သည် အသက်ကြီးသူဖြစ်သဖြင့် တောထဲသို့သွားရန် အဆင်မပြေပေ။  တောထဲလိုက်လာပါက အားလုံးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်၏။


"စိတ်မပူပါနဲ့...မစ္စစုကို ကာကွယ်ပေးပါမယ်...ပြည်သူတွေကို ကာကွယ်ဖို့က ကျွန်တော်တို့တာဝန်ပဲ"  


ထိုလူက လုပင်း ကို ကတိပေးသည်။


“ဟာ...မစ္စတာလု အခု စပြီးလှုပ်ရှားနေတယ်...မြန်မြန်လုပ်...နှေးနေရင် လွတ်သွားလိမ့်မယ်!" 


 စုမုန့် ထိုလူကို စိုးရွံ့စွာ သတိပေးလိုက်သည်။


 “ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကို နှောင့်ယှက်တာဟာ တရားမဝင်ပါဘူး...မိန်းကလေး မင်း ငါတို့ကို မလိမ်ညာဘဲ အမှန်အတိုင်းပြောပါ"

 

စုမုန့် သည် ရုတ်တရက် ထပြီးစကားပြောင်းပြောလာသောအခါ ထိုလူ၏လေသံက မာကျောလာရ၏။စုမုန့် သည် သူမ အလိမ်ပေါ်သွားမည်ကို ကြောက်သောကြောင့် ချက်ချင်းလက်ငင်း အကြောင်းပြချက်ကို တမင်တကာ ဖန်တီးခဲ့ခြင်း ဖြစ်နိုင်သည်။တစ်ဖန် လုပိုင် ကို ရှာမတွေ့လျှင်တောင် သူမ ပြောသလို မြန်မြန်မလိုက်သည့်အတွက် လွတ်သွားရခြင်းဟု အပြစ်တင်နိုင်၏။


 "ရှင်တို့ မြန်မြန်သာသွားမယ်ဆိုရင် ကျွန်မအပြစ်ကိုခံယူပါ့မယ်" 


မကြာမီ ထိုလူ့ဆီသို့ ရုံးချုပ်ထံမှ ရုတ်တရက် မက်ဆေ့ချ်ရလာ၏။


 "လုပိုင်ရဲ့တည်နေရာကို ရှာတွေ့ပြီ... သူက မင်းတို့ရဲ့ အနောက်မြောက်ဘက်မှာရှိတယ်... သူ လှုပ်ရှားနေတယ်၊ မြန်မြန်"


"သူ လှုပ်ရှားနေတာလား....ဒီတောထဲမှာလား..."


ဌာနချုပ်က လုပိုင်၏ တည်နေရာကို ပို့ပေးလာသည်။တည်နေရာကိုရပြီးနောက်၊ ထိုလူက အားလုံးကို သူ့နောက်ကိုလိုက်လာရန် ချက်ချင်းအမိန့်ပေးခဲ့သည်။


 "ရဲဘော်လေးယောက်က အဘိုးလုနဲ့ ဒီကောင်မလေးတို့ နှစ်ယောက်နားမှာ စောင့်ကြပ်နေကြ...ကျန်တဲ့သူတွေက လုပိုင်ကိုရှာဖို့ ငါ့နောက်လိုက်ခဲ့...ငါတို့ သတိထားပြီး မြန်မြန်လုပ်ရမယ်...ငါတို့ရဲဘော်ကို ကယ်ကြရမယ်"


 “ဟုတ်!”  


လက်အောက်ငယ်သားများကလည်း သဘောတူပြီး ချက်ချင်းပင် အလုပ်စခွဲတော့သည်။


စုမုန့် သည် ထိုလူ၏ မျက်နှာကို ကြည့်ပြီး သူမ ခြေဖျားလက်ဖျားများ အေးခဲသွားကာ ထိုသူ့မျက်နှာမှာလည်း ချက်ချင်း မည်းပုပ်သွားသည်ကို တွေ့လိုက်ရသည်။ယနေ့တွင် သွေးထွက်သံယို အန္တရာယ်တစ်ခုခု ဖြစ်မည်မှာ သေချာသည်။အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူမအိတ်ထဲက ကြိုးရှုံ့နံ့သာအိတ်လေးကို ယူလိုက်သည်။ အထဲမှာ ဘေးအန္တရာယ်ကင်းဝေးစေသည့် အမွှေးတိုင်များ ထည့်ထားခြင်းပင်။ ထို့နောက် သူမသည် အမွှေးတိုင်အိတ်ကို လူလတ်ပိုင်းအမျိုးသားအား ပေးကာ


 “ဒါက ရှင့်ကိုပေးတာ...အိတ်ကပ်ထဲထည့်လိုက်ရုံပဲ"


ထိုလူက စုမုန့် ပေးသည့်အရာကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။အမွှေးတိုင်ထုပ်ပေါ်တွင် အနီရောင်မျဉ်းများ ရေးဆွဲထားသည်။ သူ၏ မှန်းဆချက်မှန်လျှင် ဤဗေဒင်ဆရာများ မကြာခဏသုံးလေ့ရှိသော အဆောင်ယတြာမျိုးသာ ဖြစ်နိုင်သည်။သူလို ရဲအရာရှိတစ်ယောက်အနေနဲ့ ဒီအရာတွေကို ဘယ်လိုလုပ်ပြီးယုံကြည်နိုင်မလဲ...


 သူနည်းနည်း စိတ်ရှုပ်သွားကာ မယူဘဲ လှည့်ထွက်သွား၏။ထိုအခါ စုမုန့် က သူ့ အင်္ကျီအနားစကို ဆွဲကိုင်လိုက်ပြီး


 “ဒါက အရမ်းလည်းမကြီးဘူး...ရှင့်အိတ်ကပ်ထဲမှာ ထည့်ထားလည်းရတာပဲ...ရှင့်ကို အန္တရာယ်ကင်းစေလိမ့်မယ်...ထည့်ထားလိုက်ပါ"  


သူသည် တာဝန်ထမ်းဆောင်ရန် အလျင်လိုနေချိန်ဖြစ်၍ သူ့အင်္ကျီစကို လွှတ်ပေးစေလိုကာ သူမအနားမှ ထွက်သွားချင်စိတ်သာဖြစ်မိသည်။


 "ကျေးဇူးတင်ပါတယ်"  


ထို့ကြောင့် သူ ယူဖို့ အလွန်ဝန်လေးမိသော်လည်း သူမကို ကျေးဇူးတင်စကားဆိုလိုက်သည်။


ထိုအခါ စုမုန့်ကလည်း သူ့ကို ချက်ချင်းလွှတ်လိုက်ပြီး 


"အားလုံး ဘေးကင်းကင်းနဲ့ ပြန်လာပါ"


သူမပါ လိုက်သွားချင်သော်လည်း သူမကိုယ်သူမပင် ကာကွယ်နိုင်မှာမဟုတ်၍ အခြားသူများအား ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လိမ့်မည်။ထို့ကြောင့် ဘေးကင်းလုံခြုံသောနေရာတွင်သာ စောင့်ခြင်းက ပိုကောင်းသည်။


မကြာမီဆိုသလို၊ အခြားရဲများက လုပင်း၊စုမုန့်နှင့် ရှန့်ကျန်း တို့ကို လှေပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားကမူ အခြားရဲများကို ဦးဆောင်ကာ လုပိုင်၏ နေရာဆီသို့ အတင်းပြေးသွားခဲ့သည်။


ရန်သူမရိပ်မိသွားစေဖို့အတွက် လူတိုင်း တိတ်တဆိတ် လျှောက်သွားကြသည်။လုပိုင် ပျောက်နေသည်မှာ တစ်လလောက်ရှိပြီဖြစ်ကာ ယခုလိုမျိုး သူ့တည်နေရာကို ရှာတွေ့ဖို့ခက်ခဲသဖြင့် အားလုံးစိတ်လှုပ်ရှားမိသည်က အမှန်ပင်။ရဲတပ်ဖွဲ့ဝင်အနည်းငယ်သည် သတင်းရရှိရာနေရာသို့ တိတ်တဆိတ် ချဉ်းကပ်သွားကြသည်။ ထို့အပြင် ဌာနချုပ်ဘက်မှလည်း သစ်တောတစ်ခုလုံးကို ပိတ်ဆို့ထားရန် ရဟတ်ယာဉ်တစ်စင်း စေလွှတ်ခဲ့သည်။


(ကံကောင်းခြင်း)


ရန်သူက လုပိုင်ကို သတ်ပစ်မှာစိုးသည့် အတွက် ရဟတ်ယာဉ်အား တောအုပ်အပြင်ဘက်တွင်သာ ရပ်နားထားသည်။စုမုန့် နှင့်တခြားလူတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိရဲများသည် အဝေးကိုမသွားဘဲ လှေကိုမြစ်လယ်မှာ ကျောက်ချထားကြ၏။သို့ဖြစ်၍ အန္တရာယ်ရှိလာသောအခါ ချက်ချင်းထွက်ခွာသွားနိုင်သည်။ဤနေရာက နယ်စပ်နှင့် နီးသဖြင့် ရံဖန်ရံခါတွင် နိုင်ငံခြားမှ ပစ္စည်းများ ရောက်လာတတ်သည်။ သစ်တောနှင့် မနီးမဝေးတွင် တပ်များတပ်စွဲထား၍ သစ်တောထဲက တရားမဝင် ပစ္စည်းတွေ အပြင်သို့မထွက်နိုင်တော့ချေ။


မကြာမီ သေနတ်သံများနှင့် ဖောက်ခွဲသံများကြားရသောအခါ လှေပေါ်တွင်ထိုင်နေသော ရှန့်ကျန်း စိုးရွံ့သွားသည်။ 


 "ဘာလို့ ဒီလောက်ပြင်းထန်နေရတာလဲ...အဆင်ပြေပါ့မလား"


စုမုန့်က မျက်မှောင်ကြုတ်ကာ လက်ထဲမှ သံလိုက်အိမ်မြှောင်ကို ဆက်ကြည့်လိုက်ရင်း


 “သေချာပေါက်ပဲ...အရင်ကတည်းက မကောင်းမှုက ကောင်းမှုကို တစ်ခါမှမနိုင်ခဲ့ဖူးဘူး...အဲဒီ ရာဇ၀တ်ကောင်တွေကို တရားမျှတမှု ပေးရမယ်”


လုပင်း မျက်မှောင်ကြုတ်ပြီး ဘာမှမပြောဘဲ ဘေးမှာထိုင်နေသည်။ သူ့ပုံစံက ငြိမ်သက်နေပုံရသော်လည်း အနည်းငယ် တုန်ယင်နေသောလက်များမှ သူ ကြောက်ရွံ့နေမှန်း သိသာသည်။ အချိန်ကြာလာသည်နှင့်အမျှ သေနတ်သံများ ခပ်စိပ်စိပ် ကြားလာရသည်။  ရှန့်ကျန်း နှင့် စုမုန့် တို့သည် ကမ်းဆီသို့ မျှော်ကြည့်ကြရာတွင် ကံမကောင်းစွာနှင့်၊ စစ်မြေပြင်ကို မမြင်ရချေ။


အချိန်အတော်ကြာသွားသောအခါ  မတ်တပ်ရပ်နေရ၍ စုမုန့်၏ ခြေထောက်များ ထုံကျင်လာရသည်။ 


 "ခေါင်းဆောင် အောင်မြင်သွားပြီ"  


လူတစ်ယောက်က လမ်းကြမ်းသုံးယာဉ်ကိုစီးလာ၍ ‌သူမတို့ဘက်ကို အော်လိုက်လျှင် လှေကလည်း တစ်ဖက်ကမ်းဆီသို့ မောင်းလာခဲ့သည်။ထိုအခါ ရဲတပ်ဖွဲ့ဝင်အချို့သည် လူတစ်ဦးကို ထမ်းစင်ပေါ်တွင် တင်ဆောင်လာခဲ့သည်ကို မြင်ရလေသည်။ ထိုလူမှာ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး သွေးများလူးပေနေသည်။ ထိုလူက လုပိုင် ဖြစ်နိုင်၏။ သူ့ဗိုက်က ဖောင်းလိုက်ပိန်လိုက်ဖြစ်နေသဖြင့် အသက်ရှုနေဆဲပင်။ ကံကောင်းထောက်မစွာ၊ သူအသက်ရှင်နေသေးသည်။မကြာမီ နောက်ထပ် ထမ်းစင်တစ်ခု ပေါ်လာသည်။ ထိုလူမှာလည်း ဒဏ်ရာများဖြင့် ဖုံးလွှမ်းထားသည်။


စုမုန့် အနားကို လျှောက်လာပြီး ကြည့်လိုက်ရာ လူလတ်ပိုင်းအရွယ် အမျိုးသားဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။သူလည်း ဒဏ်ရာရထားခြင်းပင်။


 " မြန်မြန် ဆေးရုံလိုက်ပို့ကြ"  


ဘေးမှ လူတစ်ယောက်က လှမ်းအော်သည်။


 ရဲတွေ လှေပေါ်တက်လာသော်လည်းစစ်သားများသည် နေရာ၌ ဆက်နေကြပြီး အလေးပြုလိုက်ကြသည်။စစ်သားများက နယ်စပ်ကို ဆက်ပြီး စောင့်နေရမည်ဖြစ်ကာ ရဲများနှင့်ပြည်သူများက ပြန်ရမည်ဖြစ်သည်။


လှေပေါ်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသူ နှစ်ဦးကို ပထမဆုံး အရေးပေါ် ကုသပေးခဲ့သည်။ 


 “အဘိုးလု…” 


သူ၏ လေသံသည် အထူးပင် တိုးညှင်းလျက်ရှိ၏။


အဘိုးလု သည် မူလက လုပိုင် ကို ကြည့်နေရင်း ထိုလူ၏ ခေါ်သံကြားသောအခါ အမြန်လှည့်ကြည့်လိုက်သည်။


 “အဘိုးလုရဲ့ဆုံးဖြတ်ချက်က မှန်ပါတယ်...လုပိုင်ကို ကျွန်တော်တို့ ကယ်နိုင်ခဲ့ပြီ"


လုပင်း ၏ မျက်လုံးများမှာ နီရဲနေပြီး တုန်ရီနေရင်း ထိုသူအားဦးညွှတ်ကာ ကျေးဇူးတင်စကားဆိုသည်။


 “ကျေးဇူးတင်ပါတယ်...မင်းကျေးဇူးကို ငါ မမေ့ပါဘူး...မင်း ဒဏ်ရာကို မြန်မြန်သွားကုသရအောင်.... ကမ်းပေါ်တက်ပြီးရင် ဆေးရုံသွားလို့ရပြီ"


သို့သော်လည်း ထိုအမျိုးသားသည် ဒဏ်ရာကို အတင်းကုသဖို့ မတောင်းဆိုခဲ့ဘဲ စုမုန့် အား သူ့ဘေးကို ခေါ်လိုက်သည်။


စုမုန့် လျှောက်လာရင်း သူ့လက်ထဲက သူမ ပေးခဲ့သော အမွှေးတိုင်အိတ်ကို တွေ့လိုက်ရ၏။


 "တောင်းပန်ပါတယ်…ကျေးဇူးလည်းတင်ပါတယ်"  


ထိုလူ၏ အသံသည် တိုးလျကာ ဝမ်းနည်းနေဟန်ပင်။ သူသည် စုမုန့်၏ စေတနာကို မသိဘဲ သူမ၏ အမွှေးတိုင်အိတ်ကို မထီမဲ့မြင်ပြုခဲ့သည်။ထို့ကြောင့် သူမအား စိတ်ထဲမှ ကျေးဇူးတင်နေမိလေသည်။သူ လူဆိုးများနှင့် တိုက်ခိုက်နေရင်း အမွှေးတိုင်အိတ်နားက သူ့အရေပြားကို အပ်တစ်ချောင်းက ရုတ်တရက် လာထိုးမိသလို ခံစားရ၍ ဘေးကိုခြေတစ်လှမ်း ရွှေ့လိုက်၏။ ထို့နောက် နှလုံးအနီးနားရှိ လက်မောင်းအောက်ဘက်ကို ကျည်ဆန် ဖောက်ဝင်သွားခဲ့သည်။ ကျည်ဆန်က အရေပြားကို ဖြတ်သွားခဲ့ပြီး အရိုးမှာလည်း


ဒဏ်ရာရခဲ့သောငြား နှလုံးကိုတော့ တစ်စက်မှ မထိခဲ့ပေ။ 


အမွှေးတိုင်အိတ်ကြောင့်လားဆိုတာ မသေချာသော်လည်း သူ အသက်ရှင်ခဲ့သည်က‌ အမှန်ပင်။ ထို့အပြင်၊ စုမုန့်သည် လုပိုင် ၏တည်နေရာကိုသိရုံသာမကဘဲ လုပိုင် လှုပ်ရှားသွားသည်ကိုပင် သိရှိခဲ့သည်။  ဤအချက်အားကြည့်လျှင် စုမုန့် သည် အမှန်တစ်ကယ်ပင် အရည်အချင်းရှိနေသည်ကို တွေ့နိုင်သည်။


ရန်သူ့စနိုက်ပါသမားက သူ့ရဲဘော်ကို ချိန်ရွယ်နေသဖြင့် သူ ဒဏ်ရာရနေသော်လည်း အတင်းပြေး၍ စနိုက်ပါသမားကို သတ်ပြီး ရဲဘော်၏အသက်ကို ကယ်တင်ခဲ့သည်။ တစ်ယောက်ပြီးတစ်ယောက်သတ်ပြီး၊ နောက်ဆုံးတွင် လုပိုင် ကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။ သူနှင့် သူ့ညီများအတွက် စုမုန့်က ကျေးဇူးရှင်ပင်။


သူက အမွှေးတိုင်အိတ်ကို စုမုန့် အား ပြန်ပေးချင်သော်လည်း စုမုန့် က 


"ဒါ ရှင့်ရဲ့ကံကြမ္မာလို့ပဲ ဆိုရမှာပေါ့...ရှင် ယူထားပါ...နောက်လည်း အန္တရာယ်ကင်းပါလိမ့်မယ်"


 "ကျေးဇူးတင်ပါတယ်" 


ထိုလူက ပြုံးပြီး ကျေးဇူးတင်ကြောင်း ပြန်ပြော၍ အိတ်ကိုလက်ခံလိုက်သည်။



xxxxxx