Chapter 52
(ဟုန်စစ် ထွက်သွားခြင်း)
မကြာမီ သင်္ဘောဆိုက်ကပ်သည့်အခါ လူအုပ်ကြီးတစ်ခုလုံး လုပိုင် နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားကို ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။ လုပင်း၏ မျက်လုံးများသည် သူ့မြေးဖြင့်သာ ပြည့်နှက်နေသည်။ စုမုန့် အကြောင်းကို မေ့သွားပြီး ဆရာဝန်ပြသရန် သူကိုယ်တိုင် လူနာတင်ကားထဲသို့ လိုက်သွားခဲ့သည်။ ကျန်လူများက စုမုန့် ကို မသိသောကြောင့် သူမကို ပစ်ထားသလိုမျိုး ဖြစ်နေလေသည်။
ရှန့်ကျန်း မှာ ထိုလူများကို နှုတ်ဆက်ချင်သော်လည်း ဘယ်သူမှ သူ့ကို ဂရုမစိုက်ပေ။ သိပ်မကြာခင် အားလုံး ထွက်သွားကြပြီး စုမုန့် နှင့် ရှန့်ကျန်း တို့သာကျန်တော့သည်။
ရှန့်ကျန်း: "..."
"တို့ကို စွန့်ပစ်ခံရသလိုမျိုးကြီး ခံစားရတယ်"
သူက ကျောက်တုံးကြီး နံဘေးသို့ လျှောက်သွားပြီး ထိုင်လိုက်ရင်း ကားအုပ်စုကြီး ထွက်ခွာသွားရာကို ငေးမောကြည့်နေသည်။
“မစ္စတာလု ဒဏ်ရာကလည်း အရမ်းပြင်းထန်ပုံရတယ်...ရဲအရာရှိကလည်း အခြေအနေကောင်းပုံမပေါ်ဘူး...သူတို့ကမှ အားလုံးထက် အလေးအနက်ထားသင့်ဆုံးသူတွေပါ...ကျွန်မတို့ကို ဂရုမစိုက်လည်းရပါတယ်"
စုမုန့် က တွေးဆဆလေးပြောလိုက်၏။
ရှန့်ကျန်း သက်ပြင်းချလိုက်ပြီး စိုးရိမ်သွားပုံဖြင့်....
"ဒါပေမယ့် တို့ကို ဒီမှာပဲ ထားခဲ့တာ... ဘယ်လိုပြန်သွားကြမလဲ...အချိန်ကလည်း ညနက်သန်းခေါင်ကြီး...ဒီလမ်းတစ်လျှောက်လုံး မောင်းလာခဲ့ရတာ... အဝေးကြီးပဲ...ကိုယ်တို့ ဘာလုပ်သင့်လဲ"
ဤနေရာမျိုးမှာ တက္ကစီစီးပါက ပိုက်ဆံဘယ်လောက်ကုန်မလဲ မှန်းဆ၍မရချေ။ သို့သော် တက္ကစီမစီးပါကလည်း လမ်းလျှောက်ရန် ပို၍ပင် စိတ်မချရပေ။
"ဘတ်စ်ကားစီးမယ်"
“ဒါပေမယ့် ဒီအနီးနားမှာ ဘတ်စ်ကားမှတ်တိုင်လည်း မရှိဘူး...ရှိတာကလည်း အရမ်းဝေးတယ်...ဘယ်ကနေဆင်းရမလဲ...ကျန်တဲ့လမ်းကို ဘယ်လိုလျှောက်ရမလဲ"
ရှန့်ကျန်း က မေးခွန်းပေါင်းများစွာ မေးသည်။သူ၏ မျက်နှာငယ်လေးကို မြင်လိုက်ရလျှင် စုမုန့် ဖုန်းကိုထုတ်ကာ မြေပုံကိုဖွင့်လိုက်သည်။
“ရှင် ဘယ်ခေတ်မှာနေနေတာလဲ...ဒီမှာမြေပုံရှိနေတာကို အချိန်မရွေး ကားစီးလို့ရတယ်"
ရှန့်ကျန်း: "!"
သူသည် ဆင်းရဲဖူးသူဖြစ်ကာ ခေတ်လည်းမမီသဖြင့် တစ်ခါမှ ဤအဖြစ်မျိုး မကြုံဖူးပေ။နောက်ဆုံးတွင် ညမိုးချုပ်သောအခါ စုမုန့် သည် ရှန့်ကျန်း ကို ရှေးဟောင်းပစ္စည်းဆိုင်သို့ ပြန်ခေါ်သွားခဲ့သည်။ ထိုအချိန်တွင် သူမသည် အလွန်ပင် မောပန်းနွမ်းနယ်နေသဖြင့် မူးနောက်နေရသည်။ သို့သော်၊အားတင်းလျှောက်၍ အခန်းထဲပြန်ဝင်ကာ ကောင်းကောင်းအိပ်ချင်နေခဲ့သည်။
ကောရှန်း သည် သူမကိုမြင်ပြီး ပင်ပန်းနေမှန်းသိသောကြောင့် ဘာမှမမေးဘဲ အနားယူရန် အခန်းသို့ပြန်သွားခိုင်းလိုက်သည်။စုမုန့် ကသာ အမြဲအလုပ်များနေသူဖြစ်သောကြောင့် မူးဝေနေသော်ငြား ရှန့်ကျန်း ကမူ ယခုထိ တက်ကြွနေဆဲဖြစ်သည်။ သူက အိပ်ဖို့အလျင်လိုမနေဘဲ အခြေအနေကို ကောရှန်း ထံသို့ ဦးစွာအစီရင်ခံခဲ့သည်။
“ဆရာမက တစ်ကယ့်ကို အံ့သြစရာကောင်းတာပဲ... သူမ ဒီလိုမျိုးတောင် လုပ်နိုင်တယ်...တစ်ကယ့်ကို ဉာဏ်ကြီးရှင်ပဲ”
ရှန့်ကျန်း ထံမှ ကောရှန်း သည် အဖြစ်အပျက်ကို သိရပြီးနောက် သူ သဘောကျသွားမိသည်။
“ရှာတွေ့တာတော့ ကောင်းပါတယ်... ဒီတစ်ခါက သူမအတွက် တစ်ကယ် ခက်ခဲတာဆိုတော့ သူမ ကောင်းကောင်းအနားယူပါစေ"
“ဒါပေမယ့် သူမလည်း ဒုက္ခများခဲ့တာကို ဘာမှမရဘူး...အလကားလုပ်ပေးရသလိုပဲ"
ရှန့်ကျန်း သည် အစပိုင်းက အဘိုးလု ၏ကတိကို မှတ်မိနေသေးသည်။ စုမုန့် မနစ်နာစေရဘူးဟု အာမလည်းခံထားသေးသည်။ သို့သော်လည်း ကောရှန်း က ဤမေးခွန်းကို မဖြေကြားခဲ့ပေ။ စုမုန့် ကို ယုံကြည်သည့်အတွက် ဤကိစ္စမှာ သူ မပါဝင်ခဲ့ခြင်းပင်။သူ့တပည့်သည် ဘာလုပ်ရမှန်း သိ၏။
"မင်းရဲ့ ကံကြမ္မာက နည်းနည်းပြင်းထန်နေတယ်"
ကောရှန်း က ရှန့်ကျန်း ကို ခဏလောက် စိုက်ကြည့်ပြီး ပြောသည်။
ကောရှန်း ၏ စကားကိုကြားသော် ရှန့်ကျန်း ရင်ထဲ ဒိန်းခနဲဆောင့်ခုန်သွားသည်။ ကောရှန်း သည် အမှန်ပင် စုမုန့် ၏ ဆရာစစ်သည်။ သူ့ကံကြမ္မာနှင့် ပြဿနာကို ချက်ချင်းမြင်သူဖြစ်သည်။
ကောရှန်း သည် ရှန့်ကျန်း ၏ ထိတ်လန့်မှုကို သတိပြုမိပြီး ဖြည်းညှင်းစွာ ဆက်ပြောသည်။
"မင်း စိတ်ပူစရာ မလိုဘူး...သိပ်လည်းကိစ္စမရှိပါဘူး... ကောင်မလေးက မင်းရဲ့ပြဿနာကို သတိထားမိပြီး မင်းကို ဒီကို ခေါ်လာခဲ့တာ...ရှောင်ဖို့တော့ နည်းလမ်းရှိမှာပါ"
ရှန့်ကျန်း ၏ အခြေအနေက မကောင်းမှန်းသိ၍ ကောရှန်း က တိုက်ရိုက်မပြောခဲ့ဘဲ လိမ္မာပါးနပ်စွာ နှစ်သိမ့်ပေးခဲ့သည်။
နှစ်ယောက်သား စကားစမြည်ပြောဖြစ်ကြရင်း ညဉ့်နက်သွားသောအခါ လမ်းမီးတိုင်မှလွဲ၍ လမ်းပေါ်ရှိ ကျန်ရှေးဟောင်းဆိုင်များအားလုံး မီးပိတ်ထားပြီဖြစ်သည်။
“ဟုန်စစ် ဒီနေ့လုပ်စရာတွေရှိလို့ ထွက်သွားတာ...မင်း သူ့အခန်းထဲမှာပဲ နေနိုင်တယ်"
ကောရှန်း သည် ဆိုင်တံခါးကို ပိတ်ကာ ပြောလိုက်သည်။
"အစ်ကိုဟုန် အပြင်သွားတာလား...သူ အနားယူနေတယ်လို့ ထင်ခဲ့တာ"
“သူ့မိသားစုထဲမှာ ကိစ္စတစ်ခုခုဖြစ်သွားတယ်...သူ ခဏလေးနဲ့ပြန်မလာနိုင်ဘူး ထင်တယ်"
ကောရှန်း ၏ မျက်နှာက ပျက်ယွင်းနေသော်လည်း ရှန့်ကျန်း သည် အမြဲတမ်း သတိရှိသူမဟုတ်၍ သတိမထားမိချေ။ သူ တစ်ချက်သမ်းဝေပြီး ကောရှန်းအား ကောင်းသောညပါဟု ပြောကာ အိမ်ပေါ်တက်ကာ အိပ်လိုက်လေသည်။
(အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်)
ရှန့်ကျန်း ထွက်သွားပြီးနောက်၊ ကောရှန်း သည် ထိုနေရာ၌ ရပ်ကာ စုမုန့် ၏အခန်းကို ကြည့်လိုက်သည်။ သူ့အကြည့်ထဲမှာ စိုးရိမ်ပူပန်မှုများ ရှိနေ၏။သူ အချိန်အတော်ကြာအောင် ကြည့်ပြီးမှ အခန်းထဲကို တိတ်တဆိတ် ပြန်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဆေးရုံ၌။
လုပိုင် သည် အရေးပေါ် ခန်းတွင် ရှိနေပြီး လုပင်း က တံခါးဝတွင် စိတ်လှုပ်ရှားစွာ စောင့်နေသည်။ သူ့မြေးအတွက် ဆုတောင်းရုံမှတပါး တခြားဘာမှ မတတ်နိုင်ရှာ။
ထိုအချိန်မှာ ရဲယူနီဖောင်းဝတ်ထားသည့် လူနှစ်ယောက် လမ်းလျှောက်လာသည်။ အဘိုးလု သည် ရှေ့မှဦးဆောင်လာသူ၏ ပုခုံးပေါ်မှ အပွင့်များကို မြင်သောအခါ၊ သူ အံ့အားသင့်သွားသည်။ ချက်ချင်းဆိုသလို သူ့မျက်နှာအမူအရာကလည်း တဖြည်းဖြည်း လေးနက်လာသည်။စစ်တပ်၏ အဆင့်အတန်းအရ ရောက်လာသည့် ပုဂ္ဂိုလ်က သူ့ထက်တောင် ပိုအဆင့်မြင်သူဖြစ်သည်။သို့သော်လည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့သည် အပြန်အလှန် စီရင်ပိုင်ခွင့်မရှိပေ။ ထို့ကြောင့် လုပင်း သည် ဦးညွှတ်ရန်မလိုအပ်ဘဲ လေးစားသမှုဖြင့်သာ မတ်တပ်ထရပ်လိုက်၏။
"အဘိုးလု ကျွန်တော် တောင်းပန်ပါတယ်…ဒါက ပြည်သူ့လုံခြုံရေး လျှို့ဝှက်ချက်မို့ပါ...ကျေးဇူးပြုပြီး ဧည့်ခန်းကိုသွားပြီး ခဏစောင့်ပေးပါလား...လုပိုင်ကို ကျွန်တော်တို့ ဆက်စောင့်ပါမယ်"
ထိုလူ၏ ရာထူးသည် အလွန်မြင့်မားသော်လည်း လုပင်း ကို ရိုသေလေးစားစွာဆက်ဆံသည်။လုပင်း သည် လုပိုင် ကို စိတ်ပူနေသော်လည်း စစ်တပ်နှင့် ရဲများမှာ အချင်းချင်း အနှောင့်အယှက်ပြု၍မရ နိုင်ကြောင်းကိုလည်း သိသည်။ ထို့ကြောင့် သူ အရေးပေါ်ခန်းကို တစ်ချက်စိုက်ကြည့်ပြီးနောက် ထွက်သွားခဲ့သည်။
ထိုလူက လုပင်း ၏ကျောကိုကြည့်ကာ
“အဘိုးလု...စိတ်မပူပါနဲ့…လုပိုင် ကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ...သူက ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်ပါ...သူ့ကို ဘယ်တော့မှ ဒုက္ခရောက်အောင်လုပ်မှာမဟုတ်ပါဘူး"
“ကောင်းပြီ!”
လုပင်း က တစ်ချက်လည်ပြန်ကြည့်ကာ အော်ပြောလိုက်သည်။ထို့နောက် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားလေသည်။
အရေးပေါ်အသက် ကယ်တင်ခြင်း အော်ပရးရှင်းအား ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ ထိုလူသည် အခန်းအပြင်ဘက်တွင် ရပ်စောင့်နေသည်။ အော်ပရေးရှင်းအောင်မြင်ပြီးသည်နှင့် သူ ချက်ချင်းဝင်၍ ထိုအကြောင်းကို မေးရမည်ဖြစ်သည်။ ကိစ္စက အရေးကြီးလှသဖြင့် တစ်ချက်မှ နှောင့်နှေးနေ၍မဖြစ်ချေ။တစ်ထပ်လုံးကို ရဲများက ပိတ်ဆို့ထားကာ လုပိုင်၏ ဘေးကင်းမှုကို ကာကွယ်ဖို့ သူတို့ အစွမ်းကုန် ကြိုးစားခဲ့ကြသည်။
နေ့တစ်ဝက်နှင့် တစ်ညလုံး စောင့်ပြီးနောက် လုပိုင် သည် စိုးရိမ်ရသည့် အခြေအနေကနေ ကင်းလွတ်သွားပြီဖြစ်ကြောင်း ဆရာဝန်က နောက်တစ်နေ့မနက်မှာ ကြေညာခဲ့သည်။ လုပိုင်ကို ဝါ့ဒ်ထဲရွှေ့ပြီးသည့်နောက် ထိုလူလည်း ထပ်ချပ်မကွာလိုက်လာ၏။ ကံမကောင်းစွာနှင့် လုပိုင် သတိလစ်နေသေးသဖြင့် မေးခွန်းတွေမမေးနိုင်သေးပေ။
“လူနာရဲ့ အခုအခြေအနေက အရမ်းမစိုးရိမ်ရပေမယ့် ဘယ်တော့နိုးလာမယ်ဆိုတာတော့ မသေချာသေးဘူး...သူ့ ခန္ဓာကိုယ်မှာ ဘာမှ မဖြစ်တော့ပေမယ့် သူက တမင်သက်သက် မနိုးအောင်လုပ်ထားတာမျိုးပါ"
ဆရာဝန်က ထိုလူကို ပြောပြလေသည်။ထိုလူက မျက်မှောင်ကြုတ်ကာ
“သူ့ကို နှိုးဖို့ နည်းလမ်းရှိလား”
“သူ့ဘာသာသူ နိုးလာဖို့ နည်းလမ်းတစ်ခုရှိပေမယ့် အောင်မြင်မှုနှုန်းက တစ်ဝက်ပဲရှိတယ်...အရင်ဆုံး စိတ်လျှော့ပြီး သူ နိုးချင်စိတ်ဖြစ်လာအောင် သူစိတ်ဝင်စားတဲ့အရာတွေအကြောင်း ပိုပြောပြပါ"
ဆရာဝန်က ဤနည်းလမ်းကို ပြောပြပြီး ထွက်သွားလေ၏။သူလျှိုတစ်ဦးကို လေ့ကျင့်ရာတွင် ဤအရာမျိုးနှင့် အလွန်ရင်းနှီးဖို့ လိုသည်။သူလျှိုဖြစ်ရခြင်းမှာ အလွန်အန္တရာယ်များသည်။ အကယ်၍ မလွှဲမရှောင်သာ ရန်သူ့လက်တွင်း ကျသွားခဲ့ပါက သတင်းအချက်အလက် မပေါက်ကြားစေရန်အတွက် ကိုယ့်ကိုယ်ကို အိပ်မွှေ့ချညှို့ယူ၍ သက်ဆိုင်ရာ ကိစ္စများကို မေ့သွားဖို့ လုပ်ကြသည်။
သူတို့ အသက်ဘေးမှ လွတ်မြောက်ချိန်တွင် ကျွမ်းကျင် ပညာရှင်က သူတို့ကို ပြန်ကောင်းအောင် ကူညီပေးလိမ့်မည်။ယခုလည်း လုပိုင် သည် သူ့ကိုယ်သူ အိပ်မွေ့ချညှို့ယူထားခြင်းဖြစ်၍ ဒဏ်ရာများကြောင့် မူးမေ့လဲခြင်းမဟုတ်ဘဲ အိပ်ပျော်နေခြင်းသာ။
သို့သော် သူ့ကို နှိုးရန်၊ ပရော်ဖက်ရှင်နယ် တစ်ဦးကို ရှာဖွေရန် လိုအပ်သည်။ ကံကောင်းစွာပင်၊ သူသည် ထိုပညာရှင်ကို ခေါ်ထားပြီးသားဖြစ်၏။ သို့နှင့်၊နေ့တစ်ဝက်လောက် အလုပ်ကြိုးစားပြီးနောက် လုပိုင် နိုးလာခဲ့သည်။
“ဒီကိစ္စက မလွယ်ပါဘူး...ဒီအဖွဲ့အစည်းက လူလိမ်တွေလည်းဟုတ်သလို၊ကြည့်ရတာ ပြည်ပအဖွဲ့အစည်းတွေရဲ့ ပရောဂလည်း မကင်းနေဘူး"
လုပိုင် သည် ဆေးရုံကုတင်ပေါ်တွင် ထိုင်နေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ပတ်တီးများ ဗရပွရှိနေကာ မျက်နှာကလည်း သွေးဆုတ်ဖြူလျော်လျက်ရှိသည်။ ထိုလူသည် မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်ရင်း လုပိုင် ကို ဆက်ပြောခိုင်းသည်။
“သက်ဆိုင်တဲ့ အချက်အလက်တွေကို လျှို့ဝှက်တဲ့နေရာမှာ ကျွန်တော် ဝှက်ထားပြီးသားပါ...ဒါပေမယ့် အဲဒါကို ယူဖို့အတွက်က နည်းနည်းဒုက္ခများလိမ့်မယ်...ဒီကိစ္စက အရမ်းလည်း ရှုပ်နေတယ်...သူတို့ဘက်ကလည်း ဗျူဟာတွေနဲ့ကစားတာမို့ တစ်ခုခု လှုပ်ရှားမယ်ထင်တယ်...ဥပမာ သူတို့နေရာပြောင်းတာမျိုးတွေ၊ဗျူဟာပြောင်းတာမျိုးတွေပေါ့"
လုပိုင် ၏ အသံသည် အလွန်အားနည်းနေပြီး အချိန်မရွေး မူးလဲတော့မလို ဖြစ်နေရသည်။ သို့သော် အဆင်မပြေမှုတွေကို ခံနိုင်ရည်ရှိပြီး သူသိသမျှကို ပြောပြ၏။ သူဝှက်ထားခဲ့သော လိပ်စာနှင့်အချက်အလက်တစ်ချို့ကိုပင် ပြောပြခဲ့သည်။လိုချင်သည့် အချက်အလက်ကို ရပြီးနောက်မှာ ထိုလူက ဆရာဝန်ကို ထပ်ခေါ်ပြီး လုပိုင် တစ်ကိုယ်လုံး စစ်ဆေးဖို့ တောင်းဆိုခဲ့သည်။
“အေးအေးဆေးဆေး အနားယူပြီး ကျန်တာကို ငါတို့နဲ့ ထားလိုက်ပါ...မင်းအဘိုးက မင်းကို အရမ်းစိတ်ပူနေတယ်"
ထိုသို့ ပြောပြီးသည်နှင့် သူ ထွက်သွားသည်။
သို့သော်လည်း တစ်ထပ်လုံးမှာ lockdown ချထားဆဲဖြစ်သည်။ ရာဇဝတ်ကောင်များကို မဖမ်းမိသေးသဖြင့် လုပိုင် ၏ ဘေးကင်းမှုကို ကာကွယ်ဖို့ သူတို့ အစွမ်းကုန်ကြိုးစားခဲ့သည်။ လုပိုင် အဆင်ပြေနေသည်ကိုမြင်လိုက်ရရလျှင် လုပင်း လည်း နောက်ဆုံး စိတ်ချမ်းသာလာရသည်။ထိုအခါမှ သူသည် လုပိုင်ကို စိတ်ပူနေရ၍ စုမုန့် အား မေ့သွားခဲ့တာကို ရုတ်တရက် သတိရမိသွားသည်။သူ အတော်လေး အားနာသွားရလေ၏။သို့ဖြစ်၍၊ ကျေးဇူးတင်ကြောင်း ပြောရန်နှင့် တောင်းပန်ရန်အတွက် စုမုန့် ထံသို့ လူကိုယ်တိုင်သွားရောက်ရန် ပြင်ဆင်ခဲ့သည်။
xxxxxx