အပိုင်း ၅၃
Viewers 7k

Chapter 53

( ခိုင်းဖို့ တပည့်တစ်ယောက် )


စုမုန့် သည် အလိုလိုနိုးလာသည်အထိ ငြိမ်သက်စွာ အိပ်စက်နေခဲ့သည်။  သူမကို ဘယ်သူမှ မနှောင့်ယှက်ကြချေ။


သူမ နိုးလာ၍ အောက်ထပ်သို့ ဆင်းလာရင်း လှေကားတစ်ဝက်လောက် ရောက်သောအခါ ပထမထပ်မှာ ရှိနေသူကို  တွေ့လိုက်ရ၏။ ကောရှန်း သည် ကောင်တာပေါ်ရှိ စာအုပ်တစ်အုပ်ကို ဖတ်နေရာ ရှန့်ကျန်း သည် ဗီဒိုများကို သန့်ရှင်းရေးလုပ်နေခြင်းဖြစ်သည်။


စုမုန့် ငုံ့ကြည့်ရင်း မျက်မှောင်ကြုတ်ပြီး ရှန့်ကျန်း ကိုလှမ်းမေးလိုက်၏။ 


“ရှင်ဘာလို့ မထွက်သွားသေးတာလဲ”


ရှန့်ကျန်း မှာ နေစရာမရှိမှန်း သိသောကြောင့် သူမနှင့်အတူခေါ်လာခြင်းဖြစ်သည်။သူ နေရာရှာပြီးသည်နှင့် ထွက်သွားဖို့ သဘောတူထားပြီးသားပင်။


 “ဆရာမ အဘိုးကြီးကောက ကိုယ့်ကံကြမ္မာကို ဖတ်ပြီးပြီ...ကိုယ့်ဘဝက အရမ်းခက်ခဲပေမယ့် မင်းကိုလည်း မထိခိုက်စေဘူးတဲ့...ပြီးတော့ မင်းက ကိုယ့်ကို ကံကောင်းစေနိုင်တယ်တဲ့”  


ရှန့်ကျန်း သည် စုမုန့် ကို သဘောကျစွာ ပြုံး၍ကြည့်လိုက်သည်။


စုမုန့် သူ့ကို မယုံကြည်သောကြောင့် ကောရှန်းကို လှည့်ကြည့်ပြီး မျက်လုံးနှင့် မေးလိုက်၏။


"ဟုန်စစ်က သူ့အိမ်မှာ ကိစ္စတစ်ခုရှိလို့ သူ ပြန်လာမှာမဟုတ်သေးဘူး... သူ့ကို ဒီမှာနေခိုင်းလိုက်ပါ… ဟုန်စစ် ကိုယ်စား သူက ကူညီပေးနိုင်တယ်...သူ့မှာ နေစရာနေရာမရှိဘူး ဆိုတော့ အလုပ်လည်းရှိမှာမဟုတ်ဘူးလေ"


ကောရှန်း က ပြုံးလျက်ပြောသည်။ကောရှန်း က သူ့အတွက် ပြောနေသည်ကိုကြားလျှင် ရှန့်ကျန်း သဘောတကျခေါင်းညိတ်လိုက်သည်။


 “အဘိုးကြီးကော သူ့စရိုက်က ဘယ်လိုလဲဆိုတာ မသိသေးဘူးလေ.…ဆရာ သူ့ကို ဘယ်လိုသဘောမျိုးနဲ့ ငှားရဲတာလဲ...သူ့ကို မကြောက်ဘူးလား..."


စုမုန့် စကားဆက်မပြောခင်မှာ ရှန့်ကျန်း က 


“ သေချာတာကတော့ ကျွန်တော့်အကျင့်စရိုက်က အရမ်းကောင်းတယ်...အဘိုးကြီး‌ကောက  ကျွန်တော့်ကို အလုပ်တစ်ခုလည်း ပေးပြီး နေစရာနေရာလေးလည်း ပေးထားတဲ့အတွက်၊ ကျွန်တော် သေချာပေါက် ကြိုးစားပါ့မယ်”


စုမုန့် သူ့ကို ခဏလောက်ကြည့်မိသည်။ဤဆိုင်က သူမ၏ ဆိုင်မဟုတ်ဘဲ အဘိုးကြီး၏ဆိုင်ဖြစ်ပြီး ဆရာဖြစ်သူက သူမထက်ပင် လူကဲခတ်ပိုတော်သူဖြစ်၍ ဘာမှ ထပ်မပြောတော့ပေ။


 "ကောင်းပြီလေ"


"ကဲ စုမုန့်လည်း နိုးလာပြီ ဆိုတော့ ထမင်းစားရအောင်...ကိုယ် ဟင်းချက်ထားတာကို မြည်းကြည့်ပါဦး"  


ရှန့်ကျန်း က ထိုသို့ပြောပြီးနောက် မီးဖိုချောင်ထဲသို့ ပြေးဝင်ကာ သူပြင်ဆင်ထားသည့် ဟင်းပွဲများကို တည်ခင်းလိုက်သည်။


 "ရှင်က ဟင်းချက်တတ်သလား"  


စုမုန့် သည် ဟင်းတစ်ခွက်ကို တူဖြင့်ညှပ်၍မြည်းကြည့်ရာ မွှေးကြိုင်နေပြီး အရသာ ရှိနေသည်ကို တွေ့လိုက်ရ၏။ 


 "ဟုတ်တယ်...အရင်တုန်းက ငွေရှာဖို့အတွက် စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်သင်စားဖိုမှူးဝင်လုပ်ခဲ့တာ"  


ရှန့်ကျန်း က ခေါင်းကို အနည်းငယ်မော့ပြီး ဂုဏ်ယူစွာ ပြောလေသည်။


 “အို...ဒါနဲ့ ဆရာ…အစ်ကိုဟုန်ရဲ့ မိသားစုက ဘာဖြစ်သွားတာလဲ...ကျွန်မ ထွက်သွားတုန်းက သူ ဘာမှမဖြစ်ပါဘူး...သူဘာလို့ရုတ်တရက်ထွက်သွားတာလဲ...ဘာတွေ အရေးကြီးနေလို့လဲ" 


စုမုန့် က ထမင်းစားရင်း မေးသည်။သူမ အမေးကိုကြားသောအခါ ကောရှန်း ၏မျက်နှာသည် အနည်းငယ်မည်းမှောင်သွားသည်။ သို့သော် ခဏအတွင်း ပုံမှန်ပြန်ဖြစ်သွားသဖြင့် စုမုန့် နှင့် ရှန့်ကျန်း တို့က သတိမထားမိကြပေ။


“အသေးစိတ်တော့ သူလည်း မရှင်းပြဘူး...ဒါပေမယ့် သူထွက်သွားချိန်မှာတော့ မျက်နှာသိပ်မကောင်းဘူး"  


ကောရှန်း က ပြောပြီးပြီးချင်း သူ့ခံစားချက်တွေကို အစားအသောက်နှင့် ဖုံးအုပ်ပစ်လိုက်၏။


"ဒါပေမယ့် ဆရာ ကျွန်မကို ပြောပြပါလား...အချင်းချင်း မိသားစုတွေလိုမျိုးပဲဟာ လိုအပ်တာရှိရင် ကူညီပါရစေ..." 


သူမ၏အပြောအဆိုက အလွန်အမင်း မယဉ်ကျေးသော်လည်း နှလုံးသားထဲမှပါသော စကားများဖြစ်သည်။ ကောရှန်း သည် သူ့မိသားစုမှာလည်းပြိုကွဲသွားကာ သူတစ်ယောက်တည်းသာရှိတော့သည် ဟုသူမအားပြောပြခဲ့သည်။  သူ၏ မိန်းမနှင့်တပည့်များအားလုံး အကုန်ထွက်သွား၍ သူသည် ဟုန်စစ် ကို မတွေ့ခင်အထိ ဆိုင်မဖွင့်ချင်ခဲ့ပေ။


ဟုန်စစ် က အလုပ်ရှာနေချိန်ဖြစ်သည်။ ကောရှန်း သည် ရှေးဟောင်းပစ္စည်းများကို အလွန်နှံ့စပ်စွာသိပြီး ဖုန်းရွှေ ကိုလည်း သိသောကြောင့် သူနေခွင့်ရရန်တောင်းဆိုခဲ့သည်။ ဟုန်စစ် ၏အကူအညီကြောင့် ကောရှန်းလည်း မပင်ပန်းခဲ့ပေ။ နောက်ပိုင်းတွင်၊ ဆိုင်လုပ်ငန်းက သိပ်မကောင်း၍ ဟုန်စစ် သည် သူ့ဘာသာသူ စီမံခန့်ခွဲနိုင်သောကြောင့် ကောရှန်းကို ခရီးထွက်ပြီး အနားယူခွင့်ပေးခဲ့သည်။


ဟုန်စစ် ကတော့ အချိန်ပိုင်း တက္ကသိုလ်ကျောင်းသား တစ်ယောက်ကို လူကျချိန်မှာ သူ့ကို ကူညီခိုင်းဖို့ ရှာခဲ့သည်။ သို့နှင့်၊ကောရှန်း သည် ဆိုင်အခြေအနေအတွက် လုံးဝစိုးရိမ်နေစရာမလိုတော့ပေ။


ဟုန်စစ် သည် သူမ၏ဆရာကို အတော်လေး ပြုစုစောင့်ရှောက်ခဲ့သောကြောင့် သူ့ကို ကူညီရန် တာဝန်ရှိသည်ဟု စုမုန့် ခံစားရသည်။


ရှန့်ကျန်း ကလည်း


 "ဆရာမ စုမုန့်ကလည်း ကိုယ့်ရဲ့မိသားစုပဲလေ… စိတ်မပူပါနဲ့...ကိုယ် အဘိုးကြီးကောကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်"


စုမုန့် သည် ထိုစကားကိုကြားပြီးနောက် ဘာမှပြန်မပြောသော်လည်း ကောရှန်း က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။


 "အဘိုးကော…ဟင်းသီးဟင်းရွက်များများစားပါ"


ရှန့်ကျန်း သည် ဥာဏ်ကောင်းသူဖြစ်သည်။ ကောရှန်း အကြိုက်တွေ့သော အသီးအရွက်ကြော်ပန်းကန်သည် သူ့နှင့်အတော်အလှမ်းဝေးသည်ကို တွေ့လိုက်ရသဖြင့် ရှေ့သို့ အမြန်တွန်းထုတ်လိုက်သည်။ဤဆိုင်ကို ဘယ်သူတာဝန်ယူထားမှန်း သိသည့်အတွက် ရှန့်ကျန်း စိတ်ကျေနပ်အောင် အတတ်နိုင်ဆုံး ကြိုးစားရမည်ဖြစ်သည်။


စုမုန့် သည် ဖားယားနေသော ရှန့်ကျန်းကို မျက်စောင်းတစ်ချက်ထိုးလိုက်သော်လည်း တစ်ကယ်တော့ သူမစိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားသည်။


"ညစာစားပြီးလို့ ဘာမှလုပ်စရာမရှိရင် မုန့်အာကို မင်းအတွက် နေ့စဉ်သုံးပစ္စည်းတွေဝယ်ခိုင်းလိုက်မယ်...မင်းမှာ ဘာမှမရှိဘူးထင်တယ်"


"အဆင်ပြေပါတယ်...ကျွန်တော်က ပေါ့ပေါ့ပါးပါးပဲ နေလေ့ရှိတယ်…နောက်မှ ငွေရှာနိုင်တဲ့အခါမှ ကျွန်တော် ဝယ်လိုက်ပါ့မယ်"


ရှန့်ကျန်း က အမြန်ငြင်းလိုက်သည်။ယခု လောလောဆယ် သူ့လက်ထဲမှာ တစ်ပြားမှမရှိပေ။သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။ သူ့ကံကြမ္မာကြောင့် သူသည် အခြားသူများ၏ ရန်ငြိုးထားခံရဖို့ မွေးဖွားလာရုံသာမက သူလည်း ကံတစ်စက်မှမကောင်းပေ။


( အမေဝေ့)


ဥပမာ- သူ့အဖြစ်က အလုပ်ရှာရတာလည်း မလွယ်ကူသလို အလုပ်ရလာလျှင်လည်း ရက်အနည်းငယ်ကြာတိုင်း စီးပွားပျက်သွားတတ်သည်။ သူတတ်ထားသည့် ဖုန်းရွှေပညာဖြင့် လုပ်ကိုင်စားသောက်ဖို့လည်း မလွယ်ကူ‌ေပ။သာမာန်နည်းလမ်းများအတိုင်း ကိုင်တွယ်ဖြေရှင်းခဲ့သော်လည်း နောက်ဆုံးတွင် သူ့ထံရောက်လာသူတိုင်း ပို၍ဆိုးရွားသော မတော်တဆမှုတစ်ခုသာ ဖြစ်သွားတတ်သည်။


မတော်တဆမှုတွေ များလေလေ၊ သူ့နာမည်ပျက်လေလေဖြစ်သည်။ထို့ကြောင့် သူ ဤမြို့ကို လာဖို့ကလွဲ၍ ရွေးစရာမရှိတော့ပေ။ ဤမြို့မှာ ဖုန်းရွှေပညာရှင် ပြိုင်ပွဲတစ်ခုရှိသည်။  ဒုတိယဆုရှင်ဖြစ်ခဲ့လျှင်တောင် ဆုကြေးငွေရသေးသည်။ သူသည် ထိုဆုကြေးငွေနည်းနည်းဖြင့် နေထိုင်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ သို့သော်လည်း၊ဆုကြေးငွေကို အနည်းငယ်ခွဲပြီး သိမ်းထားရသေးသည်။သို့မဟုတ်ပါက၊သူ ထမင်းနပ်မှန်အောင်စားရဖို့မသေချာပေ။ ယခု သူ စုမုန့် နှင့်ရှိနေသောအခါ သူ့ကံတွေ ပြောင်းလဲသွားသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။ စုမုန့် က သူ၏ lucky star ဖြစ်သည်က သေချာသည်။ထို့ကြောင့် သူ အရှက်မရှိ တွယ်ကပ်နေမည်ဖြစ်ကာ ထွက်သွားမှာမဟုတ်ပေ။


ကောရှန်း သည် ရှန့်ကျန်း ကို ကြည့်ပြီး သူ့နှလုံးသားက နာကျင်သွားရသည်။ သူ့ကို နှစ်သိမ့်ပေးရင်း


 “အဆင်ပြေပါတယ်... ဒီမှာအလုပ်လုပ်ရင် မင်းလစာရလိမ့်မယ်...မင်းရဲ့ပထမဆုံး လစာထဲက ငါအရင်ဖြတ်လိုက်မယ်"


ရှန့်ကျန်း က ကောရှန်း ကို မော့ကြည့်လိုက်ရင်း


 "ဒါပေမယ့် ကျွန်တော် အလုပ်လုပ်တဲ့ နေရာတွေမှန်သမျှ နောက်ဆုံးကျ အကုန်ပိတ်သွားကြရတယ်..." 


စုမုန့် နှင့် ကောရှန်း - “…”


 “ဒါဆို မင်းလစာကို မပေးဘူး...ဒီမှာနေနိုင်တယ်...စားနိုင်တယ်...မင်းတစ်ခုခုလိုအပ်ရင် ငါတို့ဝယ်ပေးမယ်"  


ကောရှန်း ခဏလောက်စဉ်းစားပြီး ပြီးပြည့်စုံသည့် အဖြေတစ်ခုထွက်လာ၏။ စုမုန့် က ဆရာ့ကို စိတ်ထဲမှ ကျေးဇူးတင်နေမိတော့သည်။


ထမင်းစားပြီး၍ သန့်ရှင်းရေးလုပ်ပြီးသည့်အခါ ကောရှန်း က စုမုန့် ကို ရှန့်ကျန်း အတွက် နေ့စဥ်သုံးပစ္စည်းတွေဝယ်ပေးဖို့ စုမုန့် ကို ပြောလေသည်။စုမုန့် စိတ်မပါသော်လည်း ဆရာဖြစ်သူက ဆက်တိုက်ပြောလာသောကြောင့် သဘောတူလိုက်ရ၏။ အိမ်မှာ လျှပ်စစ်စက်ဘီးတစ်စီးသာ ရှိသည်။အကယ်၍ လူနှစ်ယောက်သာ စီးပါက လျှပ်စစ်စက်ဘီးသည် ဝန်ကို မခံနိုင်ဖြစ်ကာ အမြန်နှုန်းမှာ ထက်ဝက်ခန့် နှေးကွေးသွားမည်ဖြစ်သည်။


 "ဆရာမကလည်း ကားပြောင်းစီးပါလား…ဒီစက်ဘီးကြီးနဲ့က မလိုက်ပါဘူး" 


ရှန့်ကျန်း သည် အနောက်တွင်ထိုင်ကာ သူမ၏ စက်ဘီးကိုရှုတ်ချပြောဆိုလိုက်သည်။စုမုန့် သူ့စကားကိုကြားပြီး ဒေါသထွက်လာကာ ဟက်ခနဲ ရယ်လိုက်သည်။


 ဒီကောင်က သူမကိုများ လာအမိန့်ပေးရဲတယ်...


"ဒီစက်ဘီးကို မကြိုက်ရင် ရှင် ကိုယ့်ဘာသာကိုယ် လမ်းလျှောက်နိုင်တယ်” 


 “ရပါတယ်... ဒီစက်ဘီးမှာလည်း အားသာချက်တွေရှိပါတယ်..အနည်းဆုံး လမ်းလျှောက်တာထက် ပိုမြန်တယ်လေ"


စုမုန့် ရှန့်ကျန်း ၏ လှောင်ပြောင်မှုကို နားထောင်ပြီး သူ့ကို ဆောင့်ကန်ချင်စိတ်များ ဖြစ်လာရသည်။ သို့သော်လည်း သိပ်မကြာခင်မှာပဲ အနက်ရောင် ဇိမ်ခံကားတစ်စီးက ရှေ့မှာ ရပ်လိုက်ပြီး လမ်းကို ပိတ်ဆို့လိုက်သည်။ ထို့နောက် ထိုကားထဲမှ ဈေးကြီးဘရန်းများဝတ်ထားသော အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။


ကားက ရုတ်တရက် ရပ်သွားကာ စက်ဘီးကို ပိတ်ထားသဖြင့် ရှန့်ကျန်း စက်ဘီးပေါ်မှ ဆင်းလိုက်သည်။


 "ဘာတွေဖြစ်နေတာလဲ...ငါဒီနေ့ကံမကောင်းပါလား...လူလိမ်နဲ့မှ လာတိုးရတယ်လို့...ဝတ်ထားတာကလည်း ဘရန်းတွေချည်းပဲ...လူလိမ်‌တွေတောင်လိမ်နည်းတစ်မျိုးပြောင်းကုန်ပါလား"

 

ရှန့်ကျန်း က ကျယ်လောင်စွာ ညည်းညူလိုက်သည်။


 “အခုမှ အပြင်ထွက်လာတာကို...အိမ်ပြန်ရင်‌တော့ ဘိုးဘေးတွေကို ဂါရဝပြုရမယ်....ဒီမှာဗျ တခြားလမ်းကနေသွားပါလား...ဒီမှာတော့ လာမလိမ်ပါနဲ့နော်.…ကျွန်တော်တို့မှာ ပိုက်ဆံမရှိဘူး”


သို့သော် ထိုအမျိုးသမီးက ခြေတစ်လှမ်း မရွေ့ဘဲလာကြည့်နေသဖြင့် ရှန့်ကျန်း ပို၍စိတ်ဆိုးလာရသည်။ သူလည်း စိတ်တိုလာကာ ထိုမိန်းမကြီးရှေ့ကို လှမ်းလာပြီး


“ဒီမှာ လိမ်စားတာမကောင်းဘူးဗျာနော်…တရာလည်းမဝင်ဘူး…ခင်ဗျားနေရလည်း ဘယ်လောက်မှမနေရတော့ပါဘူး…ကောင်းကောင်းမွန်မွန် လုပ်စားတာပဲ ပိုကောင်းပါတယ်…အန်တီ ဒီနည်းနဲ့ ပိုက်ဆံရှာတယ်ဆိုတာ မိသားစုသိလား"


ရှန့်ကျန်း စကားကိုကြားလျှင် စုမုန့် က အနောက်ကနေ ရယ်လိုက်မိသည်။ယခုရောက်လာသူမှာ အမေဝေ့ဖြစ်သည်။အမေဝေ့သည် သူ့ကိုယ်သူ အမြဲအထင်ကြီးသူပင်။ ရှန့်ကျန်း က သူမအကြောင်းပြောနေတာကို သူမကြားလိုက်တဲ့အခါ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ…


 “ဒီသူတောင်းစားကောင်က ဘာလာရှုပ်တာလဲ...ငါ့ကိုများ လူလိမ်လေးဘာလေး... ငါနဲ့ဝေးဝေးနေစမ်း...ငါပါ ကံဆိုးလိမ့်မယ်"  


အမေဝေ့သည် စုမုန့်ကို အကြာကြီး စိုက်ကြည့်နေရင်း ဘယ်ကမှန်းမသိသည့်ကောင်တစ်ကောင်က သူမအား လာပြောနေသဖြင့် သည်းမခံနိုင်တော့ဘဲ ဆဲဆိုလိုက်သည်။သို့သော် သူမ၏စကားသည် ရှန့်ကျန်း ကို ထိခိုက်စေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ရှန့်ကျန်းသည် အမေ့ဝေကို စုန်ချည်ဆန်ချည် ကြည့်ကာ ဝမ်းနည်းသောအမူအရာဖြင့် 


“သနားစရာကောင်းလိုက်တာ...ကြည့်တော့ လူကောင်းကြီးကို စကားကောင်းကောင်း ဘာလို့မပြောနိုင်ရတာလဲ"  


 အမေဝေ့ : “…”


“အန်တီက ဘာကိစ္စ သူတောင်းစားတွေကို မတူသလိုမတန်သလိုမျိုး ပြောရသလဲ...လူတိုင်းမှာ ကိုယ့်အခက်အခဲကိုယ်စီရှိကြတာ...ဘဝကမလွယ်ပါဘူး...ဘယ်သူကမှ တခြားသူတွေထက် ပိုမြင့်မြတ်တယ်ဆိုတာ မရှိဘူး…အိုး၊ မဟုတ်ဘူး... အနည်းဆုံး သူတို့က အန်တီ့လို လူလိမ်သမားတွေထက် ပိုမြင့်မြတ်တယ်လေ... သူတောင်းစားနဲ့တွေ့တာက ကံဆိုးတာ မဟုတ်ဘူး...အန်တီ့လိုလူလိမ်တွေနဲ့ တွေ့ရတာကမှ တစ်ကယ်ကံမကောင်းတာ…”




xxxxxxx