အပိုင်း ၅၄
Viewers 7k

Chapter 54

(တောင်းပန်ဖို့လိုက်ခဲ့ )


ရှန့်ကျန်း က ဆက်ပြီး ပေါက်ပေါက်ဖောက်နေသဖြင့် အမေဝေ့ သာမက စုမုန့် နားပူလာ၍ သူ့ကို အမြန်ပြန်ခေါ်လိုက်သည်။


 “လာ…ဒီလိုလူတွေကို ပြောမနေနဲ့...အခု ဈေးဝယ်ထွက်ကြမယ်...ဒါပြီးရင် တခြားလုပ်စရာတွေ ရှိသေးတယ်”


 "အိုကေ"


ရှန့်ကျန်းသည် စုမုန့် ခေါ်သံကြားသောအခါ ချက်ချင်းနာခံကာ ပြန်ပြေးသွားခဲ့သည်။ ထို့နောက် စုမုန့် အနားမှာ ဘာမှပြန်မပြောဘဲရပ်နေသည်။


 “အရင်တုန်းက နင့်ကို ငါ လျှော့တွက်ခဲ့တယ်...နင်က တစ်ကယ့်ကို သိုးကလေးပဲလို့ ငါထင်ခဲ့တာ...အခုမှ နင်က မြေခွေအိုမကြီးဆိုတာ ငါသိလိုက်ရတယ်...ဝေ့ထင် နဲ့ ကွာရှင်းတာတောင် မပြီးစီးသေးဘဲ နင်က တခြားယောက်ျားနဲ့ တွဲနေပြီလေ...နင် တစ်ကယ် အရှက်မဲ့လွန်းတယ်" 


အမေဝေ့သည် ဤအခြေအနေကိုမြင်သောအခါ… စုမုန့် နှင့် ရှန့်ကျန်း အကြားတွင် ဆက်ဆံရေးရှိနေသည်ဟု တွေးမိသောကြောင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။အပြင်လူတစ်ယောက်ကို သူမ မပြောနိုင်သော်လည်း ချွေးမဖြစ်ဖူးသူ စုမုန့် ကိုတော့ ဆဲဆိုချင်မိ၏။


 "မြေခွေးအို...အန်တီ ကိုယ့်ကိုယ်ကိုပြောနေတာလား" 


ရှန့်ကျန်း က လက်ကို မြှောက်ကာ နှာခေါင်းကိုပိတ်ရင်း မထီမဲ့မြင်ပြုသည့် ပုံစံဖြင့် ဆက်ပြောသည်။


"စောစောက အန်တီအနားမှာနေတုန်းက အန်တောင်အန်မိတော့မလို့ နံစော်နေတာပဲ...."   


ဤအမျိုးသမီးက လာပြီးရန်စကာ သူတို့လမ်းကိုပါပိတ်ထား၍ ရှန့်ကျန်း သည်းမခံနိုင်တော့‌ေပ။ စုမုန့်ကိုပါ မိုက်ရိုင်းလာသဖြင့် သူ အတော်မခံချင်ဖြစ်ရလေ၏။ 


စုမုန့် သည် သူမ၏မျက်လုံးများကို ကျဉ်းသွားသည်အထိ ပြုံးပြလိုက်သည်။အမေဝေ့ ဒေါပွနေပုံက သူမအတွက် ရယ်ချင်စရာပင်။


ရှန့်ကျန်း က နံစော်နေသည်ဟု သူမအားပြောလာသည့်အခါ အမေဝေ့ အလိုလို သူမကိုယ်သူမ ခေါင်းငုံ့ပြီး အနံ့ခံလိုက်သည်။စုမုန့် ပြုံးနေသည်ကို မြင်လိုက်ရမှ ရှန့်ကျန်း က ကဲ့ရဲ့ခြင်းဖြစ်ကြောင်း သူမ သိလိုက်သည်။သူမ ချက်ချင်း မျက်နှာပျက်ထွက်သွားကာ  အံကြိတ်၍ပြောလိုက်သည်။


 "စုမုန့် ငါ့နောက်ကို မြန်မြန်လိုက်ခဲ့" 


 "အန်တီက ဘယ်သူလဲ...ကျွန်မကဘာလို့ အန်တီ့နောက်လိုက်ရမှာလဲ... ဘေးဖယ်လိုက်တော့ လုပ်စရာတွေရှိသေးတယ်” 


စုမုန့် သည် သူမမုန်းတီးသောသူတစ်ယောက်နှင့် စကားဆက်မပြောချင်တော့ပေ။ရှန့်ကျန်း အတွက်ပစ္စည်းဝယ်ရန် ကူညီပေးပြီးနောက် အိမ်ဝယ်ဖို့ သွားကြည့်ရမည်ဖြစ်သည်။ သူမသည် ပြိုင်ပွဲကနေ ငွေအများကြီးရခဲ့သဖြင့် ပထမဆုံးအနေနှင့် ဆရာ့အတွက် အိမ်တစ်လုံးဝယ်ရမည်။ ထို့နောက် စကူတာတစ်စီးဝယ်ရမည်။ လျှပ်စစ်စက်ဘီးက အဆင်ပြေသော်လည်း ဝေးဝေးသွားလို့မရပေ။


 "နင်ငါ့ကိုဒီလိုပြောရဲတယ်ပေါ့" 


အမေဝေ့က ဒေါသတကြီးပြောသည်။


"ဟုတ်တယ် နားပင်းနေတာလား..." 


 တစ်ကယ်တော့ အမေဝေ့ကို သူမ အရင်တုန်းက မနှစ်မြို့ခဲ့ပေ။အ‌ေကြာင်းမှာ အမေဝေ့က အမြဲတမ်း သူမကို အကြောင်းပြချက်မရှိဘဲ ပစ်မှတ်ထားတာကြောင့်ပင်။ သို့သော် သူမ သည်းခံခဲ့ခြင်းကလည်း ဝေ့ထင်ကြောင့်ဖြစ်၏။ယခုမူ ဝေ့ထင် ဆိုသူသည် သူမ၏ နှလုံးသားထဲတွင် ဘာမျှမရှိတော့သောကြောင့် အမေဝေ့အား ယဉ်ကျေးနေရန် မလိုအပ်တော့ပေ။


အမေဝေ့သည်လည်း အတိတ်က နာခံမှုရှိသော စုမုန့်သည် ယခုလို ဘီလူးခေါင်းဆောင်းထားမှန်းသိရသောအခါ သူမ အတွေးတို့မှန်ကန်နေကြောင်းသိလိုက်ရသည်။ထို့ကြောင့် စုမုန့် ကို ပိုမိုမုန်းတီးလာရသည်။


"မမေ့နဲ့နော်...နင် အခုချိန်ထိ ဝေ့မိသားစုရဲ့ချွေးမဆိုတာကို...နင်က ဝေ့ထင်နဲ့ မကွာရှင်းရသေးဘူးဆိုတော့ ငါ့စကားကို နားထောင်ရမယ်...နင့်ဘာသာဘယ်လိုပဲနေနေ ဒီနေ့တော့ ရှောင်ရွှယ် ကို တောင်းပန်ရမယ်!"


 "နင် သူမကို ဘာလုပ်ခဲ့လဲ သိလား...အခု သူမက လူတိုင်းရဲ့တံတွေးခွက်ထဲမှာမြောနေရပြီ...အိမ်အပြင်ကိုတောင် မထွက်ရဲဘူး....ငယ်ငယ်လေးရှိသေးတဲ့ ငါ့သမီးကို နင် ဘယ်လိုလုပ်ရက်တာလဲ… နင့်ကိုယ်နင်လုံးဝ အပြစ်ရှိတယ်လို့ မခံစားရဘူးလား…နင်  ဘယ်လောက် ရက်စက်လိုက်သလဲ… အရင်တုန်းက နင့်ကို ငါတစ်ကယ် အထင်လွဲခဲ့တာပဲ"


အမေဝေ့သည် စကားပြောများလေလေ ဒေါသဖြစ်လေလေဖြစ်သည်။ စုမုန့် ကြောင့် သူမ၏ အဖိုးတန် သမီးလေး ဘယ်လိုမှ အပြင်မထွက်ရဲဘူးဆိုသည့် အကြောင်းကို တွေးရင်း သူမ၏ နှလုံးသားက အင်မတန်နာကျင်သွားမိသည်။အမေဝေ့၏စွပ်စွဲချက်ကိုကြားလျှင် စုမုန့် ဒေါသထွက်ကာ ရယ်လိုက်မိသည်။


 "ကျွန်မက သူ့ကို မကောင်းကြံတယ်လို့ပြောချင်တာလား...အန်တီ့ရဲ့အဖိုးတန်တဲ့သမီးလေးကို အရင်မေးသင့်တယ်...သူမကို တောင်းပန်ရမယ် ဟုတ်လား...အိမ်မက်ပဲမက်နေလိုက်" 


"စုမန်...နင်ဒီလောက် အတင့်ရဲမလာနဲ့. …ငါက‌တော့ နင့်ကို စိတ်ထားကောင်းတယ်လို့ ထင်ခဲ့မိတာ...တစ်ကယ်က နင့်မှာ ဒီလိုစိတ်ထားမျိုးရှိနေတာကိုး…ငါ နင့်ကို မထိဝံ့ဘူးလို့ နင် တစ်ကယ်ထင်နေတာလား"  


စုမုန့် လက်ပိုက်ထားကာ စကားတစ်ခွန်းမှ မပြောဘဲ သူမကို အေးစက်စွာ ကြည့်နေလေသည်။အမေဝေ့က သူမကို ဘယ်လိုမျိုး ဆက်ပြောလာမလဲဆိုတာကို သူမ မြင်ချင်သည်။


အမေဝေ့သည် ကားပေါ်ကိုလက်ပြလိုက်သည်။ ထို့နောက် နေကာမျက်မှန်တပ်ထားသော လူနှစ်ဦး ကားထဲမှထွက်လာသဖြင့် အင်အားသုံးတော့မည်ဟု ထင်ရသည်။


ရှန့်ကျန်း မြင်လိုက်သည်နှင့်စုမုန့် ကိုကာကွယ်ရန် သူ ရှေ့ကနေသူမကို ကာထားပေးလိုက်၏။ သူနည်းနည်းကြောက်နေသော်လည်း သတ္တိကို စုစည်းပြီး


 “ဘာလဲ...အကြမ်းဖက်ချင်တယ်ဆိုတဲ့ သဘောလား”


ထိုစကားကိုပြောပြီးနောက် သူသည် ခေါင်းကိုလှည့်ကာ စုမုန့် အား တိုးတိုးလေးပြောလိုက်သည်။


"ကိုယ် သူတို့ကို တားပေးမယ်...မင်း မြန်မြန်ပြေးသင့်တယ်...သူတို့လက်ထဲမှာ ဖမ်းမိရင် ဘာဆက်ဖြစ်မလဲ ဘယ်သူမှမသိနိုင်ဘူး"


ထိုသို့ပြောပြီးနောက် ခေါင်းကိုလှည့်ကာ အမေဝေ့အား 


“ခင်ဗျားက ကောက်ကျစ်ယုတ်မာ ရက်စက်တဲ့ အဘွားကြီးပဲ" 


 “အခုခေတ်ကြီးက တရားမျှတတဲ့ခေတ်ကြီး...ဒါတောင် ခင်ဗျားတို့က အကြမ်းနည်းသုံးချင်သလား…မစ္စစုကို အနိုင်ကျင့်ဖို့ လွယ်တယ်လို့များ ထင်နေလား…ဒီမှာ စုမုန့်ကို နှောင့်ယှက်ရင် ခင်ဗျားတို့လည်း ဒုက္ခရောက်လိမ့်မယ်”


သို့သော် ရှန့်ကျန်း ၏စကားများသည် ဘော်ဒီဂတ်နှစ်ယောက်ကို မကြောက်လန့်စေပေ။ သူတို့က ဘာမှပြန်မပြောဘဲ စုမုန့် ကို ဖမ်းဖို့သာ အနားကိုတိုးလာကြလေသည်။


(သူမကို ခြိမ်းခြောက်ခဲ့သည်)


ရှန့်ကျန်း ၏ တုံ့ပြန်မှုသည် အလွန်မြန်သည်။ သူခိုးကိုဖမ်းဖို့ဆိုပါက၊ ခေါင်းဆောင်ကို အရင်ဖမ်းရမည်ဆိုသော ဆိုရိုးစကားအတိုင်းပင်။တစ်ဖက်က လူများလှ၍ သူတို့နှင့် မဖိုက်နိုင်လျှင် အမေဝေ့ကိုသာ ပစ်မှတ်ထားရပေမည်။ထို့ကြောင့် သူက ဘော်ဒီဂတ်များကို ဂရုမစိုက်ဘဲ အမေဝေ့၏ နံဘေးကို ပြေးသွားပြီး ထိုင်ချကာ သူမ ပေါင်ကို ဖက်လိုက်၏။အမေဝေ့က သူ့ကို ဘယ်လောက်ပဲ အတင်းရိုက်နှက်နေပါစေ လွှတ်မပေးပေ။


 “ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်က တစ်ကောင်ကြွက်ပဲ....ဘာမှအရေးမကြီးဘူး...အန်တီ့ကိုကြည့်ရတာ အရမ်းချမ်းသာတဲ့မိသားစုကဖြစ်ရမယ်…ဒီတော့ ကိုယ့်ဂုဏ်သိက္ခာကို အလေးထားရမှာပဲ...အခုချက်ချင်း အဲ့ဒီ‌ေဘာ်ဒီဂတ်တွေကို မတားရင် ကျန်တော် အန်တီ့ပေါင်ကိုမလွှတ်တမ်းဖက်ထားပြီး သူများတွေမြင်ကုန်အောင်လုပ်ပစ်မယ်...ဘယ်သူက အနစ်နာဆုံးဖြစ်မလဲ ကြည့်လိုက်ရအောင်...ဒါမှမရသေးရင် ကျွန်တော် အန်...အန်တီ့ကို ဖက်နမ်းပစ်မယ်"


ရှန့်ကျန်း က အမေဝေ့ကို ခြိမ်းခြောက်ကာ တစ်ချိန်တည်းမှာပင် မတ်တပ်ထရပ်၍ သူမကို နမ်းဟန်ဆောင်လိုက်သည်။သို့သော် သူ့စိတ်ထဲတွင်လည်း...ငါ့ရဲ့ ဖြူစင်အပြစ်ကင်းတဲ့ ခန္ဓာကိုယ်လေး ညစ်ပတ်သွားမှာမလား…သို့သော် သူ၏ကျေးဇူးရှင်ဆရာမကို ကယ်တင်ရန်အတွက် သူသည်းခံထားခဲ့သည်။


အမေဝေ့ : “…”


ဒီကောင်က စုမုန့်လိုပင်။တစ်စက်မှ အရှက်မရှိပေ။


 "နင်တို့နှစ်ယောက် ကန်းနေကြလား...မြန်မြန်လာပြီး ဒီကောင်စုတ်ကို လာဆွဲထုတ်ကြ"


ရှန့်ကျန်း သည် သူမ၏ပေါင်ကို ပွေ့ဖက်ထားစဉ် အမေဝေ့ က စိုးရိမ်တကြီး အော်လိုက်သည်။


ထိုစဉ် ရှန့်ကျန်း က စုမုန့် ကို ပြေးဖို့ လက်ပြလိုက်သည်။ စုမုန့် ရုတ်တရက်ကြောင်တောင်တောင် ဖြစ်သွားရ၏။ဤလမ်းက အလွန်ပင် သေးငယ်ပြီး လူကလည်းပြတ်လပ်သည်။ကင်မရာလည်းတစ်လုံးမှ မတွေ့ရချေ။ သူမနှင့် ရှန့်ကျန်း အတူတူတိုက်ခိုက်ခဲ့လျှင်တောင် ဘော်ဒီဂတ်နှစ်ဦးကို အနိုင်ယူနိုင်မည်မဟုတ်ပေ။ သူမ အရင်ဆုံးသွားပြီး အကူအညီတောင်းတာက ပိုကောင်းသည်။ထို့ကြောင့် သူမ ချက်ချင်း ပြေးသွားလိုက်၏။တစ်ချိန်တည်းမှာပင် သူမ ဖုန်းကိုထုတ်ကာ ရဲကိုခေါ်ရန်ပြင်ဆင်ခဲ့သည်။


ဘော်ဒီဂတ်နှစ်ယောက်သည် ထွက်ပြေးသွားသော စုမုန့် ကို တစ်ချက်ကြည့်လိုက်သည်။ လက်ရှိအခြေအနေကို ကြည့်ပါက၊သူတို့၏ အလုပ်ရှင်ကို ကူညီသည်က အရေးကြီးဆုံးပင်။ သူတို့နှစ်ယောက်သား ရှန့်ကျန်း ကို အမြန်ဆွဲထုတ်ဖို့ ရှေ့ကိုလျှောက်သွားလိုက်သည်။ ရှန့်ကျန်း သည် ပိန်လှီသောအသွင်အပြင်ရှိသော်လည်း ဤမျှသန်မာမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ သူသည် အမေဝေ့၏ ပေါင်ကို ခွန်အားအပြည့်ဖြင့် ပွေ့ဖက်ထားခြင်းဖြစ်ကာ သူ့ကို ဆွဲထုတ်ဖို့ အများကြီး အားထုတ်ရသည်။


သို့သော်၊ စုမုန့် သည် ခြေလှမ်းအနည်းငယ်သာ ပြေးပြီးနောက်... အနောက်မှ အမေဝေ့၏ ကြမ်းတမ်းသော စကားများကို သူမကြားလိုက်ရသည်။  


“စုမုန့်…နင် ထွက်ပြေးလို့လည်း လုံခြုံတယ် မထင်နဲ့…ဒီကောင့်ကို နင်ခွဲနိုင်လို့လား....ငါ့အနေနဲ့ဆို လူတစ်ယောက်ကို သတ်ရတာ အရမ်းလွယ်တယ်ဆိုတာ နင်သိတယ်နော်....နင့်ကို ကယ်တဲ့ ဒီကောင့်ကို နင် ပစ်ထားနိုင်တယိဆိုမှတာ့ ငါက သူ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်…  မြို့ထဲမှာ သူမရှိရင်လည်း ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး…ရဲတွေတောင် သဲလွန်စ ရှာမတွေ့စေရဘူး"


 “စုမုန့် ငါ့ရဲ့သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်နော်....နင် ဒီတိုင်းထွက်ပြေးရင် အကျိုးဆက်ကို ခံရမယ်....နင့်မှာလည်း ငတုံးငအ ဆရာတစ်ယောက်ရှိတယ်မလား... သူ့မှာ ပျက်နေတဲ့ ဆိုင်ကလွဲလို့ တခြား အားကိုးစရာ မရှိဘူးဆိုတော့ သူ့ကို ငါ သွားထိလိုက်ရင် အားလုံးကိစ္စပြတ်ပဲ"  


အမေဝေ့က ရှန့်ကျန်း နှင့် ခြိမ်းခြောက်လာသည့်အခါ စုမုန့် ရပ်သွားပြီး လှည့်ကြည့်လိုက်မိသည်။ထို့နောက် ခြေတစ်လှမ်းမှ မရွေ့မိတော့။ သူမသည် အေးဆေးတည်ငြိမ်စွာကြည့်ကာ ဤခြိမ်းခြောက်မှုများကို လုံးဝဂရုမစိုက်သကဲ့သို့ လက်ကို ပိုင်ပိုင်နိုင်နိုင်ပိုက်ထားလိုက်သည်။ 


 “ငါနင့်ကို အခွင့်အရေး ပေးမယ်...နင် အေးအေးဆေးဆေးပြန်လာရင် ငါ သူတို့ နှစ်ယောက်ကို မထိဘူး" 


စုမုန့် က မပြေးတော့သဖြင့် အမေဝေ့ သူမကိုယ်သူမ ဂုဏ်ယူသွားသည်။


 “အန်တီဆိုလိုတာက ဒီနေ့ ကျွန်မဘယ်လောက်ပဲ ခုခံနေပါစေ...နောက်ကျရင် အန်တီ့ရဲ့ဘော်ဒီဂတ်တွေက ကျွန်မတို့ကိုဖမ်းခိုင်းဦးမယ် မဟုတ်လား" 


 စုမုန့် နေရာတွင်ရပ်ပြီး အမေဝေ့ကို လေးနက်သောလေသံဖြင့် မေးလိုက်သည်။


အမေဝေ့ ဘာမှစဉ်းစားမနေဘဲ၊သူမစိတ်ထဲဝယ် စုမုန့် ကြောက်နေသည်ဟု ထင်မြင်သွားကာ... 


 “ဟုတ်တယ်...နင် ဘယ်လောက်ပဲပြေးပြေး ငါ့လက်ကမလွတ်ဘူး...နင် ဒီမြို့မှာရှိနေသရွေ့၊ ငါ နင့်ကို ရှာတွေ့နိုင်သေးတယ်"


 "ဒါဆို ကျွန်မ အန်တီနဲ့လိုက်ခဲ့မယ်...သူ့ကို လွှတ်ပေးပါ"


စုမုန့် က ရှန့်ကျန်း ကို လက်ညှိုးထိုးပြပြီး အမေဝေ့ နှင့် ညှိနှိုင်းကြည့်၏။


အမေဝေ့သည် ရှန့်ကျန်းကို ရွံရှာစွာ ကြည့်ကာ သက်တော်စောင့်ကို လွှတ်ရန် လက်ဟန်ပြလိုက်သည်။


ရှန့်ကျန်း ကိုယ်တိုင်က မကြောက်သော်လည်း ဤအမျိုးသမီးက စုမုန့်၏ ဆရာကိုပင် ထိပါးလာနိုင်သည်ကို သဘောပေါက်သွား၏။ စုမုန့် စိတ်ထဲမှာ ကောရှန်း ထက် ဘာမှပိုအရေးမကြီးမှန်း သူသိသည်။ ထို့ကြောင့် သူ ဘော်ဒီဂတ်များလက်ထဲမှ လွတ်လာပြီးနောက်တွင် ဘေးဘက်သို့ လျှောက်သွား၏။


စုမုန့် ကလည်း အသာတကြည် ပြန်လာသည်ကိုမြင်လျှင် အမေဝေ့က ပြုံးစိစိနှင့်...


"ငါ့စကားကို နားထောင်နေရင် ငါသူတို့ကို မထိဘူး”  


သူမသည် ထိုဆရာဆိုသည့် ကြောင်တောင်တောင်လူကြီးကို သွားရောက်ဒုက္ခပေးဖို့ ရည်ရွယ်ချက်မရှိပေ။ သူမ လိုချင်သည်က...စုမုန့် သူမကို ကြောက်နေဖို့ပင်။ 


 "စုမုန့် ကိုဖမ်းပြီး ကားပေါ်ခေါ်သွား"  


အမေဝေ့က သက်တော်စောင့်တွေကို ညွှန်ကြားလိုက်၏။


ချက်ချင်းပင်၊ သက်တော်စောင့်များ လှုပ်ရှားခါနီးတွင် ကားဟွန်းသံတစ်ချက်ကို ရုတ်တရက် ကြားလိုက်ရသည်။ ထို့နောက် လူတစ်ယောက် လမ်းလျှောက်ကာ ကားထဲမှထွက်လာ၏။


အမေဝေ့ ၏ကားသည် လမ်းဆုံတစ်ခုလုံးကို ကန့်လန့်ဖြတ် ရပ်တန့်ထားသဖြင့်  တခြားကားများ သွားမရ၍ လာပြောခြင်းဟု အားလုံးသိလိုက်ကြ၏။ 


သို့သော်၊ စုမုန့် နှင့် ရှန့်ကျန်း တို့သည် ထိုလူကို မြင်သောအခါ သူတို့၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။ ဤသည်မှာ အဘိုးလု၏ ဒရိုင်ဘာဖြစ်သည်။ သူကလည်း စစ်သားဖြစ်၍ သူမတို့ လုံခြုံသွားပေပြီ။ ရှန့်ကျန်း ချက်ချင်း ပင် အော်ပြောလိုက်၏။


"ဒီမှာ ကူညီပါဦး"



xxxxxx