အပိုင်း ၅၅
Viewers 7k

Chapter 55

(အမေဝေ့ကို ဖမ်းထားသည်..)


ထိုလူက စုမုန့် နှင့် ရှန့်ကျန်း ကိုတွေ့ပြီး လှမ်းနှုတ်ဆက်သည်။ 


 “မစ္စစု၊ မစ္စတာရှန့်...ဘာတွေ ဖြစ်နေတာလဲ"


အမေဝေ့နှင့် ဘော်ဒီဂတ်နှစ်ယောက်ကိုတွေ့လိုက်ရသည့်အပြင် ရှန့်ကျန်း က အော်ဟစ်အကူအညီတောင်းလာသောအခါ သူ တစ်ခုခု ဖြစ်နေမှန်း သိလိုက်သည်။ သို့သော် တစ်ဖက်က သတိမမူမိစေရန် နားမလည်ဟန်ဆောင်ထားသည်။


 “ဆရာ... ဒီလူတွေက ပြန်ပေးဆွဲသူတွေပါ...မစ္စစု ကို ပြန်ပေးဆွဲချင်နေကြတာပါ…ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်ပါ!”  


ရှန့်ကျန်း သည် ကယ်တင်ရှင်ကိုမြင်ပြီးကတည်းက အားတက်လာကာ သူ့ဘေးသို့ အမြန်ပြေးသွားခဲ့သည်။


အမေဝေ့ ထိုလူကို တစ်ချက်ကြည့်ပြီး ပြောလာသည်။ 


"မင်းနဲ့ ဘာမှမဆိုင်ဘူး…ကိုယ့် အလုပ်ကိုလုပ်… ဒါက ငါတို့မိသားစုကိစ္စ"


 "ရှောင်ကျောက် ဘာဖြစ်နေတာလဲ"  


ကားထဲမှာထိုင်နေသူ အဘိုးလု မှာ ဒရိုင်ဘာ ပြန်မလာသေးသဖြင့် ကားပေါ်ကဆင်းလာရင်း‌ေပြာလိုက်သည်။


ရှန့်ကျန်း လည်း ဒရိုင်ဘာထက် ပိုအားကိုးရသူ အဘိုးလုကို မြင်လျင် အမြန်ပင် အဘိုးလုဆီကို လျှောက်သွား၍... 


“အဘိုးလု…ဒီအမျိုးသမီးက စုမုန့် ကို ခေါ်သွားဖို့ကြိုးစားနေတယ်…ကျွန်တော့်ကိုတောင် ကိုယ်ထိလက်ရောက် ရိုက်လိုက်သေးတယ်...ကျွန်တော်တို့ကို မြန်မြန်ကယ်ပါ"


စုမုန့် ကလည်း ဖုန်းကို ထုတ်လိုက်ကာ အသံဖမ်းဆော့ဖ်ဝဲကိုဖွင့်ပြီး အသံကို အမြင့်ဆုံးအထိချဲ့၍ ဖွင့်ပြလိုက်သည်။ အမေဝေ့ ခုနကပြောခဲ့သည့် စကားများက ဖုန်းထဲမှ အထင်းသား ထွက်ပေါ်လာရလေသည်။ သူ့မြေး၏ ကျေးဇူးရှင်ကို ခြိမ်းခြောက်သည့် စကားလုံးများကို ကြားလိုက်သောအခါ လုပင်း ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။


 "ရှောင်ကျောက် ရဲကိုဖုန်းဆက်"  


အသံသွင်းထားသည့် ဖိုင်ဖွင့်မပြီးမီ လုပင်း က ဒရိုင်ဘာကို ရဲခေါ်ခိုင်းလိုက်သည်။ထိုအခါမှ အမေဝေ့လည်း ပြာယာခတ်သွား၏။ သူမ ချက်ချင်း လှည့်၍ ကားထဲသို့ဝင်ဖို့ ကြံရွယ်သော်လည်း ဒရိုင်ဘာက သူမကို အမြန်ဖမ်းပစ်လိုက်သည်။ သက်တော်စောင့်နှစ်ဦးမှာ ကူညီချင်သော်လည်း ဒရိုင်ဘာ လက်ထဲမှ အမေဝေ့မှာ ချက်ချင်းပင် အဘိုးလု လက်ထဲပေးလိုက်၏။ အဘိုးလု လှည့်ကြည့်လိုက်ပြီး သက်တော်စောင့်နှစ်ယောက်ကို အမြန်လှဲချလိုက်ပြီး လက်နှစ်ဖက်ကို ဖယ်လိုက်သည်။သူ၏တိုက်ခိုက်မှုများသည် လျင်မြန်သည်၊ ရက်စက်ကြမ်းကြုတ်ပြီး တိကျသည်။ သုံးယောက်သား ချက်ချင်း လုံးထွေးသွားပြီး သူကသာ အနိုင်ရသူဖြစ်လာတော့သည်။ 


 "ကောင်းပြီ...ငါ စုမုန့် ကို မခေါ်သွားတော့ဘူး...ငါ့ကို လွှတ်ပေးပါတော့" 


 အမေ့ဝေကို အဘိုးလုက ဖမ်းထားခြင်းဖြစ်သည်။ အသက်အရွယ်ကြီး၍ အိုမင်းနေသူသည် ဤမျှအားကြီးလိမ့်မည်ဟု အမေဝေ့ မမျှော်လင့်ခဲ့ပေ။  ယခု သူမပင် လှုပ်မရဖြစ်နေရလေသည်။ထိုအခါ ကြံရာမရဘဲ သူမ

စုမုန့် ကို အကူအညီတောင်းလိုက်၏။  


"စုမုန့် နင် ဘာလို့ ဒီတိုင်းကြည့်နေတာလဲ… မြန်မြန်ရှင်းပြလိုက်လေ"


 "ဘာရှင်းပြရမှာလဲ…အန်တီက အရင်စမှားတာ"


စုမုန့် ကလည်း အေးစက်စွာ ပြန်ဖြေသည်။


စုမုန့် က သူမကို ဂရုမစိုက်လာသောအခါ သူမ ဒေါသတကြီးနှင့် အော်ပြောလိုက်သည်။


“နင်က အခု ငါတို့ ဝေ့မိသားစုရဲ့ ချွေးမဖြစ်နေဆဲပဲဆိုတာ မမေ့နဲ့…နင် ငါ့ကို လာစရဲရင် ဝေ့ထင် ကို နောက်တစ်ခါမတွေ့မိဖို့ သတိထား…ငါ နင့်ကို ငါ့တို့အိမ်မှာ တစ်ခါလေးတောင် မတွေ့ရစေနဲ့....ငါ နင့်ကို ခေါ်သွားပြီး ဝေ့ရွှယ်ကို တောင်းပန်စေချင်တာ...နင့်ကို ဒုက္ခပေးဖို့ ရည်ရွယ်ချက်မရှိဘူး”


 "အခု အန်တီက အခုမှ လူကောင်းယောင်ဆောင်နေတာလား"


အမေဝေ့ ၏စကားမဆုံးခင် ရှန့်ကျန်း က ကြားဖြတ်ပြောလာသည်။


"ဒီမှာ ကျွန်တော့်ဆရာမက အခု လွတ်လပ်နေတဲ့သူပဲ...သူမကို ပြန်ပေးဆွဲဖို့ အင်အားသုံးတာ မှားတယ်...ဒါတင်မကဘူး၊ ကျွန်တော့်ကိုတောင် ရိုက်တယ်...ကျွန်တော့ မျက်နှာချောချောလေးတောင် ဖူးရောင်လာပြီ"


အမေဝေ့မှာ စကားပင်မဆုံးခင် လာ၍နှောင့်ယှက်သူများ ရှိနေလေသည်။


လုပင်း သည် အမေဝေ့ကို လျစ်လျူရှုကာ ဆက်ဖမ်းထားဆဲဖြစ်ပြီး ခဏအကြာတွင် ရဲကားတစ်စီး ဖြတ်မောင်းလာသည်။


 "အဘိုးလု" 


ကားပေါ်က ဆင်းလာသည့် ရဲအနည်းငယ်က လုပင်း ကို အလေးပြုနှုတ်ဆက်လိုက်ကြသည်။


"ရှောင်ချမ့်...ဒီရာဇ၀တ်ကောင်က လူတစ်ယောက်ကို ပြန်ပေးဆွဲဖို့လုပ်နေတာ...သူမကို ရဲစခန်းခေါ်သွားပြီး သေချာ စစ်ဆေးမေးမြန်းလိုက်ကြ...ဒီကလေးမလေး လက်ထဲမှာ အသံသွင်းထားတာရှိတယ်” 


လုပင်း က လေးနက်သော လေသံဖြင့် ပြောသည်။


 ရဲတွေ တစ်ကယ်ရောက်လာသည်ကို မြင်လျှင် အမေဝေ့ အထိတ်တလန့်ဖြစ်သွား၏။ သူမသည် လူ့အဖွဲ့အစည်းတွင် ချမ်းသာသော မိသားစုတစ်စု၏ ဇနီးဖြစ်သဖြင့် ရဲစခန်းကို သွားဖို့ရာမှာ မဖြစ်နိုင်ချေ။သူမတို့ အသိုင်းဝိုင်းကလူတွေကသာ သိလျှင် သူမ၏ ပုံရိပ်ကို ထိခိုက်စေလိမ့်မည်။


"သူက ငါ့ချွေးမလေ...ငါကရာဇဝတ်ကောင်လည်း မဟုတ်ဘူး...  ခုနကပြောခဲ့တာက သူမကို ကြောက်သွားစေဖို့သက်သက်ပါ... ငါ ပြန်ပေးဆွဲတာမဟုတ်ပါဘူး"


 သို့သော် ရဲများက သူမ၏ စကားကို လျစ်လျူရှု၍ စုမုန့် ၏ အသံဖိုင်ကို နားထောင်ပြီးနောက် ရှန့်ကျန်း ၏ မျက်နှာတွင် ဒဏ်ရာများကိုလည်း တွေ့လိုက်ရသည်။ ထို့အပြင် လုပင်း နှင့် ဒရိုင်ဘာတို့သည် မျက်မြင်သက်သေများဖြစ်တာကြောင့် ရဲများ ရှေ့တိုးပြီး အမေ့ဝေကို ဖမ်းဟန်ပြင်ကြသည်။


အမေဝေ့ကမူ အတင်းထွက်ပြေးရန် ကြိုးစားခဲ့သဖြင့် ရှောင်ချမ့် ဆိုသူက စိတ်တိုလာကာ သတိပေးသည်။


 "ကျွန်တော်တို့ကို ခုခံရင် ဥပဒေဖောက်ဖျက်မှုဖြစ်သွားမယ်နော်"


သူ့စကားက အလွန်အလွန်အသုံးဝင်၏။အမေဝေ့ မငြင်းဆန်တော့ဘဲ ရဲကားထဲသို့ အသာတကြည် လိုက်သွားခဲ့သည်။  ဘော်ဒီဂတ်နှစ်ဦးကိုလည်း ခေါ်ဆောင်သွားခဲ့သလို အမေဝေ့၏ ဇိမ်ခံကားကို ရဲတပ်ဖွဲ့က ရဲစခန်းသို့ မောင်းစေခဲ့၏။ 


ရဲကားကိုကြည့်ရင်း စုမုန့် နှုတ်ခမ်းကို ကိုက်လိုက်သည်။ အမေဝေ့သည် အကျင့်မကောင်းသလို သာမန်လူတန်းစားများကို နှိမ့်ချကာ အမြဲတစေ တင်စီးတတ်သူပင်။ယခုလို ရဲတပ်ဖွဲ့က သူမအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ နည်းလမ်းမှန်ပင်ဖြစ်သည်။


 "ကျေးဇူးတင်ပါတယ်" 


စုမုန့် ခေါင်းကို လှည့်ပြီး ရှန့်ကျန်း ကို ကျေးဇူးတင်စကားဆိုလိုက်သည်။ အကယ်၍ ရှန့်ကျန်း သာ ဤအချိန်တွင် မရှိခဲ့ပါက သူမအား နောက်တစ်ကြိမ် အဓမ္မခေါ်ဆောင်နိုင်သည်။ ရှန့်ကျန်း က သိပ်အားမကိုးရဟုထင်ထားသော်လည်း သူမကို ကူညီကာ ရင်ဆိုင်ပေးမည်ဟု သူမ မမျှော်လင့်ထားချေ။


( အပျော်ရည်းစား)


 “ဟင်း…”


 ရှန့်ကျန်း က သူ့မျက်နှာပေါ်ရှိ ဒဏ်ရာကို လှမ်းကိုင်လိုက်သည်။  အလွန်နာကျင်ရသဖြင့် သူ အော်လိုက်မိလေသည်။ စုမုန့် က သူ့ကို ကျေးဇူးတင်ကြောင်း ရုတ်တရက် ကြားလိုက်သောအခါတွင် သူ ရှက်သွားမိကာ မျက်နှာက အနည်းငယ်နီနေသည်။ သူက ခေါင်းကို ဟိုဒီပွတ်လိုက်ပြီး 


"မင်းက ကိုယ့်ဆရာမပဲဟာ ကူညီရမှာပေါ့"


 ထို့နောက် သူမသည် လုပင်း အနားသို့သွား၍ ဦးညွှတ်ကာ ကျေးဇူးတင်စကားဆိုသည်။  


"အဘိုးလုကို ကျေးဇူးတင်ပါတယ်…ကျွန်မကို ပြောစရာများရှိလို ဒီနားကိုလာတာလား"


လုပင်း ၏ နဂိုကတည်းက လေးနက်သော မျက်နှာပေါ်တွင် အပြုံးတစ်ခု ခိုတွဲလျက်ရှိပြီး သူ့အိတ်ကပ်ထဲက ကတ်နှစ်ကတ်ကိုထုတ်ကာ စုမုန့် ကို ပေးလိုက်၏။  


"အဲဒီနေ့က အဘိုး အရမ်းစိတ်တွေပူနေတော့ မင်းကိုမေ့သွားတယ်...ဒါက ဘဏ်ကတ်... ဒါက လိပ်စာကတ်...‌ နောက်ဆို အဘိုးရဲ့အကူအညီလိုရင် ဆက်သွယ်လိုက်ပါ"


စုမုန့် လိပ်စာကတ်ကို ယူလိုက်သော်လည်း ဘဏ်ကတ်ကိုတော့ သူမ ပြန်တွန်းထုတ်လိုက်၏။


"အဘိုးလု...ဒီပိုက်ဆံကို ကျွန်မ လက်မခံနိုင်ဘူး…ပြည်သူကို အများကြီး အကျိုးပြုတဲ့သူကို ကျွန်မအကောင်းဆုံး ကုညီပေးခဲ့ရုံပါ..ဒါပေမယ့် ဒီလိပ်စာကတ်ကို ကျွန်မ လက်ခံမှာပါ"


ရှန့်ကျန်း က ဘဏ်ကတ်ကို အနောက်ကနေ စူးစူးရဲရဲ စိုက်ကြည့်နေရင်း စုမုန့် က မယူသည်ကို သူ ပြာယာခတ်သွားမိ၏။ သို့သော် စုမုန့် ၏ နောက်ထပ်ပြောလာသည့်စကားကို ကြားသောအခါ သူ အတော်လေး လောဘကြီးမိသလို ခံစားလိုက်ရသည်။


စုမုန့် သည် အလွန်လေးနက်နေကာ သူမ၏သဘောထားသည်လည်း ခိုင်မာလှသဖြင့် ဟန်ဆောင်နေခြင်းမဖြစ်နိုင်ပေ။ လုပင်း သည် စုမုန့် ကဲ့သို့သော ကလေးမလေးမှာ ထက်လည်းထက်မြက်သလို ထိုကဲ့သို့သော ကိုယ်ရည်ကိုယ်သွေးပါ ကောင်းမွန်လိမ့်မည်ဟုလည်း မမျှော်လင့်ခဲ့မိပေ။ သူ စိတ်ထဲက ကျိတ်၍ ချီးမွမ်းမိသည်။ ကောရှန်း၏ တပည့်မှာ မျှော်လင့်ထားသည့်အတိုင်း ဆရာတူ စိတ်ထားလေးရှိနေလေသည်။ 


 “ကောင်းပြီ၊ အဘိုး ဆက်မပြောတော့ဘူး...မင်းရဲ့ ကျေးဇူးကို သတိရနေပါ့မယ်" 


လုပင်း က သူမကို ချစ်ခင်စွာ ကြည့်နေမိသည်။


သူမကို ကျေးဇူးတင်စကားပြောပြီး ငွေလာပေးမှန်း သိသွားပြီဖြစ်၍ ယခု သူတို့ ထွက်သွားရမည့်အချိန်ပင်။


 “စုမုန့်… တခြားဘာမှလည်း မရှိဘူးဆိုတော့ အဘိုး သွားတော့မယ်…နောက်ဆို  မင်းဘာပဲလုပ်လုပ် အဘိုးကို လာအကူအညီတောင်းလို့ရတယ်… ဒါမှမဟုတ် ဘာမှလုပ်စရာမရှိရင်လည်း အိမ်ကို လာလည်လို့ရပါတယ်…ဒီလူကြီးက မင်းကို အချိန်မရွေး ကြိုဆိုမှာပါ”


ထို့နောက် သူ ကားပေါ်တက်မည့်အချိန်မှာ…


 "အဘိုးလု ကျွန်မနဲ့ ခဏလောက် ဆိုင်ကို မပြန်လိုက်ချင်ဘူးလား"  


စုမုန့် သူ့ကိုခေါ်လိုက်သည်။


လုပင်း နှင့် ကောရှန်း တို့သည် ထိုညက စကားစမြည်ပြောကြပုံကိုထောက်ရလျှင် သူတို့နှစ်ဦး အလွန်ရင်းနှီးနေခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူမလည်း မေးလိုက်ခြင်းပင်။


စုမုန့် ၏ အမေးကို ကြားသောအခါ လုပင်း မျက်နှာထားမှာ တင်းမာသွားကာ ချက်ချင်းဆိုသလို ပုံမှန်ပြန်ဖြစ်သွားသော်ငြား...


“အခုမသွားသေးဘူး… နောက်တစ်ခါမှ မင်းရဲ့ဆရာဆီ လာပါဦးမယ်"


လုပင်း ၏တုံ့ပြန်မှုကို မြင်ရသောအခါ စုမုန့် တစ်ခုခုကို ခန့်မှန်းမိသွားသော်လည်း၊ အဘိုးလု နှင့် သူမ၏ဆရာကြားရှိ ကိစ္စဖြစ်သလို၊နှစ်ယောက်သားမှာ ဥာဏ်ပညာရှိကြသူများဖြစ်၏။ သူမ၏ ဆရာသည် အတိတ်က အဖြစ်အပျက်များကိုလည်း ကောင်းစွာဖြေရှင်းနိုင်သူပင်။


လုပင်း နှင့် လမ်းခွဲပြီးနောက် သူမသည် ရှန့်ကျန်း နှင့် ဈေးဝယ်ထွက်ခဲ့သည်။ရှန့်ကျန်း သည် သူမကို လုံးဝ မထောက်ထားဘဲ နေ့စဥ်သုံးပစ္စည်းများကို အများအပြားဝယ်ခဲ့ပြီး အဝတ်အစားအနည်းငယ်ကိုလည်း ဝယ်ခဲ့သည်။ သို့သော် ကံကောင်းစွာပင် ဈေးပေါသော လမ်းဘေးပစ္စည်းများက တော်တော်များများပါသည်။နှစ်ယောက်သား စျေးဝယ်ထွက်နေသည်ကို အသိအကျွမ်းဟောင်းတစ်ယောက်က လမ်းတစ်ဖက်ကနေ ကြည့်နေမှန်း သူတို့ သတိမထားမိလိုက်ပေ။


 "စုမုန့်" 


ဖုကျဲ သည် အလှလေးတစ်ယောက်နှင့် အတူဈေးဝယ်ထွက်နေသည်။ စုမုန့် အား လမ်းတစ်ဖက်တွင် မြင်လိုက်သည်နှင့် သူ့မျက်လုံးကိုပင် မယုံနိုင်ဖြစ်သွားရ၏။သူ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး သေချာကြည့်လိုက်သည်။


 "အို... စုမုန့် က ဘယ်သူလဲ"


ဖုကျဲ စကားကိုကြားလိုက်ရသောအခါ လက်ဝတ်ရတနာဆိုင်တစ်ခုထဲမှ လက်ဝတ်လက်စားများအား မျက်စိကျနေသူ မိန်းမလှလေး အံဩစွာမေးလိုက်သည်။ သူမသည် ယခင်က ဤနာမည်ကို တစ်နေရာရာတွင် ကြားဖူးပုံရ၍ အချိန်အတော်ကြာ စဉ်းစားကြည့်သော်လည်း မမှတ်မိတော့ပေ။


 "ရှစ်... သူမ တခြားယောက်ျားတစ်ယောက်နဲ့ ဈေးဝယ်နေတာပါလား... ဝေ့ထင်ကို လုံးဝမကြောက်ဘူးပဲ"


ဖုကျဲ သည် မိန်းမ‌လှလေး၏လက်ကို ဆုပ်ကိုင်လိုက်ပြီး စုမုန့် ဆီသို့ လျှောက်သွားသည်။


 "ကျဲ...နေပါဦး…" 


ဖုကျဲသည် အလွန်လျင်မြန်စွာ လျှောက်သွားသဖြင့်  အလှသည် ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ထား၍ သူမ နောက်ကနေ လိုက်မမီနိုင်သောကြောင့် တရွတ်ဆွဲမတတ် လိုက်လာခဲ့ရသည်။


ဖုကျဲသည် စုမုန့် အနားကို ရောက်ခါနီးတွင် ဖုန်းကိုထုတ်ကာ  တိတ်တိတ်လေးဓာတ်ပုံရိုက်ပြီးနောက် 


"စုမုန့်"


စုမုန့် သည် ရှန့်ကျန်းနှင့် သူမဝယ်ခဲ့သော ပစ္စည်းစာရင်းကို ကြည့်ပြီး တခြား လိုအပ်သည့်အရာများ ရှိမရှိကို ကြည့်နေသည်။ ထိုစဉ် တစ်ယောက်ယောက်က သူမနာမည်ကိုအော်သံကြားလိုက်ရ၍ လှည့်ကြည့်လိုက်ရာ ဖုကျဲ ကို မြင်လိုက်ရသည်။


 "စုမုန့်… မင်းက ဝေ့ထင် နဲ့ ကွာရှင်းတာတောင် မပြီးပြတ်သေးဘူး...အခု မင်းက တခြားယောက်ျားနဲ့ ဈေးဝယ်နေတာလား"


ဖုကျဲ သည် စုမုန့် ကို အစကတည်းက ကြည့်မရဖြစ်ကာ ယခုလည်း သူမကို တခြားယောက်ျားနှင့်အတူတွေ့ရလျှင် ဝေ့ထင် အတွက် စိုးရိမ်မိသည်။ 


 “အို...မင်းက နေ့စဉ်သုံးပစ္စည်းတွေတောင် ဝယ်နေတာပါလား...ဒီလူနဲ့ရော မင်းနဲ့က ဘာလဲ...မင်း ဘယ်လိုတွေများကြိုက်နေရတာလဲ… ဝေ့ထင် လို သူဌေးလူချောကိုပစ်ပြီး အပျော်ရည်းစားထားနေတာလား"



xxxxxxx