Chapter 56
(သူ့ရည်းစားက ထားခဲ့သည်)
စုမုန့် နှင့် ရှန့်ကျန်း တို့သည် နေ့စဉ်သုံးပစ္စည်းများကို ဝယ်လာသည်ကို ဖုကျဲ ကမြင်ပြီး ရွဲ့စောင်းပြောလိုက်သည်။ အာဃာတအသစ်တွေနှင့် အဟောင်းတွေ အတူတူ ပေါင်းစုသွားခြင်းပင်။နောက်ဆုံးအကြိမ်၊ သူသည် စုမုန့် နှင့် အခဲမကျေဖြစ်ခဲ့ရသည်။ ပြေလည်သွားသော်လည်း စိတ်ထဲက အငြိုးအတေးထားနေမိ၏။
"ရှင်နဲ့ဘာဆိုင်လို့လဲ"
စုမုန့် သည် ဖုကျဲ ကို စိတ်မ၀င်စားသလိုမျိုးကြည့်ကာ ဂရုမစိုက်ဟန်ဖြင့်မေးလိုက်သည်။
"ငါနဲ့ဘာမှမဆိုင်ဘူး၊ ဒါပေမယ့် ဝေ့ထင် နဲ့တော့ ဆိုင်တယ်…မင်းက တလွဲတွေကြီး လုပ်နေတာပဲ...သူက မင်းကို ဂရုစိုက်ပေမယ့် မင်းက တခြားတစ်ယောက်ကို ရှာနေတာပဲ"
ဝေ့ထင် က မိန်းမတစ်ယောက်ကို ပျော်ရွှင်အောင် ဘယ်လိုလုပ်ရမလဲဟု မေးသည့်နေ့ကို ဖုကျဲ တွေးမိသည်။
"ဝေ့ထင် က ဘယ်လိုလူစားမလို့လဲ…သူက လျင်မြန်ပြီး ပြတ်သားသူလေ... သူဘယ်တုန်းက မိန်းမတွေကို မျက်စိကျဖူးလို့လဲ...စုမုန့် ကသာ သူအရမ်းဂရုစိုက်တဲ့ ပထမဆုံးမိန်းမသားလေ..."
ဖုကျဲ သည် စုမုန့် နှင့် စကားပြောချင်သော်လည်း ဝေ့ထင် အကြောင်း ပြင်ပလူများကို မကြားစေချင်တာကြောင့် တခြားနေရာမှာပြောဖို့ ဆုံးဖြတ်လိုက်သည်။
"စုမုန့် ငါနဲ့လိုက်ခဲ့… စကားပြောရအောင်"
"ဘာကိုစကားပြောရမှာလဲ...မစ္စစုက မင်းနဲ့ စကားမပြောချင်ဘူး"
ရှန့်ကျန်း သည် အမေဝေ့ နှင့်လည်း ရင်ဆိုင်ပြီးဖြစ်ကာ ဖုကျဲသည် စုမုန့်ကို အဝေးသို့ ခေါ်သွားလိုကြောင်း တွေ့လိုက်ရသဖြင့် လန့်သွားပြီး အမြန်ထရပ်လိုက်သည်။
"သူ့ဆရာသမားကို ဘယ်သူက နှောင့်ယှက်ချင်တာလဲ…ဘာလို့ သူမကို လူတွေအများကြီးက ပြဿနာရှာနေကြတာလဲ... "
စုမုန့် ၏ တပည့်တပန်း၊သူငယ်ချင်း တစ်ယောက်အနေဖြင့် သူမကို အကောင်းဆုံးကာကွယ်ပေးရမည်ဟု သူ စိတ်ထဲမှာ သဘောပေါက်ထားသည်။
" မင်းက စုမုန့် ကို အရမ်းအထိမခံပါလား"
ဖုကျဲ ရှန့်ကျန်း ကို သေချာကြည့်လိုက်သည်။ ရှန့်ကျန်း သည် အလွန်အရပ်ရှည်သော်လည်း၊မျက်နှာက မိန်းမချောမျိုးဖြစ်၏။အကယ်၍ မိန်းမတစ်ယောက်နှင့် အလှခြင်းပြိုင်လျှင်တောင် ရှုံးနိမ့်မည်မထင်ပေ။
မည်မျှပင် ကြည့်နေပါစေ၊ အလွန်သိမ်မွေ့လွန်းသော ယောက်ျားတစ်ယောက်အတွက် ကောင်းကျိုးမရှိပေ။
"ဟုတ်ပါတယ်…ကျွန်တော်က မစ္စစု ရဲ့တပည့်ဆိုလည်းဟုတ်တယ်...သူငယ်ချင်းလည်းဟုတ်တယ်…ကျွန်တော် သူမကို ကာကွယ်ရမယ်"
ရှန့်ကျန်း ဂုဏ်ယူစွာ ဆိုလိုက်သည်။
ဖုကျဲ က သူ့ကို လျစ်လျူရှုပြီး စုမုန့် ကို လှည့်ကာ ပြောလိုက်ပြန်၏။
"ဒါဆို မင်းက ဝေ့ထင် ကို လွှတ်ပြီး ဒီလူကို ရွေးလိုက်တာလား"
"ရှင်လည်း ရည်းစားအသစ် ထားနေတာပဲလေ...ရူးနေရင်လည်း ဆေးစစ်ဖို့ ဆေးရုံသွားလိုက်…သူများကို မထိခိုက်စေနဲ့"
စုမုန့် က မဖြေဘဲ ရုတ်တရက် မသက်ဆိုင်သည့်အရာတစ်ခုကို ပြောလိုက်သည်။ သူမသည် အသိအကျွမ်းမိတ်ဆွေအချင်းချင်း တစ်ယောက်ကိုတစ်ယောက် သိနေသလိုမျိုးပုံဖမ်းကာ ဖုကျဲ ကို လေးနက်စွာ အကြံပေးခဲ့သည်။
ဖုကျဲ သည် စုမုန့် ၏ လက်ထဲမှာပင် နောက်ဆုံးအကြိမ်ကလည်း ရှုံးခဲ့ရပြီးဖြစ်၍ သူမစကားကိုကြားပြီး တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။
“မိန်းမတွေအများကြီးနဲ့ ကစားတာက ရှင့်ခန္ဓာကိုယ်အတွက် မကောင်းဘူးလို့ ကျွန်မ တစ်ခါက ပြောထားဘူးတယ်မလား...နောက်ဆို ရှင့်အတွက် မကောင်းနိုင်ဘူး...အခု ရှင် နေလို့မကောင်းဘူးဖြစ်နေလား…ဆေးရော သောက်ရမယ်ထင်တယ်…အရင်တစ်ခါ ရှင့်ချစ်သူက အရမ်းလှပြီးကြင်နာတယ်လေ…ရှင့်လိုလူမျိုးကိုတောင် သည်းခံခဲ့တာကို"
စုမုန့် မျှော်လင့်ထားသည့်အတိုင်း ဖုကျဲ၏ ရည်းစားမလေးသည် ထင်မထားသည့်စကားများအတွက် စိတ်ပျက်နေပုံရသည်။
"ပါးစပ်ပိတ်ထား"
ဖုကျဲ သူမကို သတိပေးပြီးနောက် သူ့ကောင်မလေးကို လှည့်ကြည့်လိုက်သည်။ မိန်းမလှလေးမှာ စုမုန့် စကားကိုကြားသည့်အခါ မျက်နှာအမူအရာက ချက်ချင်းပြောင်းလဲသွားသည်
"လောလော နားထောင်…”
ဖုကျဲ စကားမဆုံးခင်မှာ မိန်းမလှလေးက သူ့ကို အတင်းစိုက်ကြည့်နေသည်။ထို့နောက် ဖုကျဲ ဝယ်ပေးခဲ့သော အရာများနှင့် သူ့ကို အတင်းပစ်ပေါက်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။ပြီးလျှင်၊ပြတ်ပြတ်သားသား ထွက်သွား၏။ သို့သော်လည်း သူမ ခြေလှမ်းက မြန်နေတာကြောင့် သေးသွယ်သည့် ဒေါက်ဖိနပ်များမှာ အနည်းငယ် မတည်မငြိမ်ဖြစ်နေ၍ သူမခြေကျင်းဝတ် ခေါက်သွားမှာကို စုမုန့်ပင် စိုးရိမ်နေမိသည်။
"စုမုန့်!"
ဖုကျဲ သူ့ကောင်မလေးကို ပြန်ခေါ်ချင်သော်လည်း စုမုန့် ရှေ့မှာ ဖြစ်နေ၍ ရှက်စိတ်တို့ ဖြစ်နေရသည်။ ထို့ကြောင့် သူက ငြိမ်နေဟန်ဆောင်ပြီး စုမုန့် ကို အံကြိတ်ကာ လှမ်းအော်လိုက်သည်။
သို့သော် စုမုန့် က သူ့ကို မကြောက်ဘဲ ဒေါသတကြီးနှင့်
“ကျွန်မကို လာမခေါ်နဲ့...ရှင့်ရဲ့ရည်းစားအသစ်ကိုသာ သွားချော့လိုက်ပါလား…မဟုတ်ရင်ရည်းစားအသစ် ရှာနေရလိမ့်မယ်"
"ကောင်းပြီလေ..မင်းနိုင်တယ်"
စုမုန့် သည် အရှက်ကင်းလွန်းကြောင်း ဖုကျဲ သဘောပေါက်လိုက်သည်။ သူမကို လှောင်ပြောင်ပြီး သူမ၏ လုပ်ရပ်တွေအတွက် လက်စားချေဖို့ အခွင့်အရေးရယူချင်သော်လည်း နောက်ဆုံးတော့ သူပဲ ရှုံးရပြန်လေသည်။ စုမုန့် ကို သွားလှောင်ပြောင်ခြင်းသည် ကိစ္စသေးသေးလေးဖြစ်သော်လည်း နောက်ထပ်ရည်းစားထပ်ပြီး ရှာရခြင်းသည် ကြီးကျယ်သောကိစ္စဖြစ်သည်။ သူတစ်ချက် စုမုန့်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး ကောင်မလေးနောက်ကို
ချော့ဖို့လိုက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် စုမုန့် နှင့် ဖုကျဲ သည် အာဃာတပိုကြီးလာသော်လည်း စုမုန့် ဂရုမစိုက်ပေ။
"စုမုန့် အဲဒီလူနဲ့ ရင်းနှီးသလား… သူ ဘာဖြစ်သွားတာလဲ…သူက မိန်းမတွေအများကြီးနဲ့ ကစားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ"
ရှန့်ကျန်း သည် စုမုန့် စကားကို နောက်ပိုင်းတွင် နားမလည်သော်လည်း စုမုန့် သည် ထိုလူကို စကားဖြင့် အနိုင်ပိုင်းလိုက်သဖြင့် သိချင်စိတ်ဖြစ်မိသည်။ ရှန့်ကျန်း၏ အပြစ်ကင်းသောမျက်နှာကိုကြည့်ရင်း စုမုန့် ကိုယ့်ခေါင်းကိုပွတ်ကာ သက်ပြင်းချလိုက်သည်။
သူ့လို အပြစ်ကင်းပြီး ရိုးသားတဲ့ကလေးငယ်တွေ အများကြီး မကျန်တော့ဘူး…ရှားပါးမျိုးစိတ်လို့တောင် ပြောလို့ရနေပြီ....
“ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်မပြရဘူးတဲ့...ရှင် မသိပါဘူး”
ထို့နောက် သူမ လှည့်ပြီး ထွက်သွားလိုက်တော့သည်။
( မြေးအဖြစ် အသိအမှတ်ပြုသည်)
ရှန့်ကျန်း သိချင်နေသော်လည်း ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ထပ်ရှင်းမပြနိုင်ဟုဆိုသောကြောင့် သူထပ်မမေးတော့ေပ။
“စုမုန့်...ဟိုမှာ ဆေးရောင်းသမားတွေရှိတယ်… အဘိုးကြီးကော အတွက် သွားဝယ်ကြရအောင်…"
ရှန့်ကျန်း က စုမုန့် ကို သတိပေးလိုက်သည်။
“ကောင်းပြီ”
စုမုန့် သည် ရှန့်ကျန်း ၏ဂရုစိုက်သိတတ်မှုကို အလွန်ကျေနပ်မိသည်။ နောင်တွင် ရှန့်ကျန်း သည် ဆရာဖြစ်သူကို ပြုစုစောင့်ရှောက်ခြင်းဖြင့် သူမ အလုပ်ထွက်သွားသောအခါလည်း ဆရာအတွက် အဆင်ပြေနိုင်၏။
နှစ်ယောက်သား ရှေးဟောင်းပစ္စည်းဆိုင်ကို ပြန်ရောက်သည့်အခါ ကောရှန်း အံ့သြသွားသည်။
"ကောင်မလေး မင်း ငါ့အတွက် နောက်ဆုံးဝယ်ထားတဲ့ ပစ္စည်းတွေတောင်မကုန်သေးဘူး ဘာလို့ အများကြီး ဝယ်လာတာလဲ…"
ကောရှန်း က ပစ္စည်းများကို ရှန့်ကျန်းအား ကူသယ်ပေးလိုက်သည်။
"အဘိုးကြီးကော...လွယ်ပါတယ်… သက်တမ်းကုန်တော့မယ့်ဟာတွေအားလုံးပေး... အသစ်တွေပဲစားတော့နော်…နောက် ကျွန်တော် ငွေရှာလာတဲ့အခါလည်း ဆရာ့အတွက်ပဲ ဝယ်ပေးမယ်... ပြီးရင် ကြိုက်သလောက်စားလို့ရတယ်..."
ရှန့်ကျန်း က စေတနာပိုပိုဖြင့်ပြောလာသောအခါ ကောရှန်း တစ်ချက်ရယ်လိုက်၏။
စုမုန့် သည် ရှန့်ကျန်း ကို အမြင်မကြည်သလို ကြည့်လိုက်သည်။
"ဒီကောင်က စကားပြောကောင်းလွန်းတယ်...ဒါကြောင့်လည်း ဆရာက သူ့ကို ခေါ်ထားတာနေမှာ..."
သို့သော် ဆရာဖြစ်သူ ပျော်ရွှင်နေသည်ကို သူမမြင်ရလျှင် စိတ်သက်သာရာရသွားသည်။
စုမုန့်၏ စကားတစ်ခွန်းကြောင့် ဖုကျဲ သည် ယနေ့ ချစ်သူတစ်ယောက် လျော့သွားခဲ့သည်။ သူ့ကောင်မလေးကို ချော့ဖို့ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ကောင်မလေးက သူ့ကို ခွင့်လွှတ်မပေးပေ။ သူ့ကို အလွန်စိတ်ဓာတ်ကျစေသည်။ ဟိုးအရင်က သူ့ကောင်မလေး တစ်ယောက်နှင့်လမ်းခွဲသွားလျှင် ဇာတ်လမ်းကပြတ်သွားရပြီ။အားလုံးကို သူ ကြည်ဖြူစွာပင် လမ်းခွဲပေးခဲ့သည်။သူကလည်း အရွယ်ရောက်ပြီးသားမို့ နောင်တရစရာ မရှိချေ။သို့သော်၊ယခုတစ်ခေါက်ကတော့ မတူပေ။ မူလက သူ့ရည်းစားနှင့် ဆက်ဆံရေးကောင်းခဲ့သော်လည်း စုမုန့်၏ တစ်ခွန်းတည်းသော စကားကြောင့် သူ့ကောင်မလေးက သူ့ကို စွန့်ပစ်ခဲ့သည်။ ထို့ကြောင့် သူ ဒေါသမထွက်ပဲ မနေနိုင်အောင်ပင်။ ဝေ့ထင်က စုမုန့် စိတ်ချမ်းသာဖို့ ကြိုးစားကာ လုပ်ပေးသော်လည်း သူမကမူ ကျေးဇူးကန်းခဲ့၏။ သူမအကြောင်း များများတွေးလေ၊ ဒေါသတွေ ထွက်လေလေပင်။နောက်ဆုံး သူ့ဖုန်းကို ထုတ်လိုက်ပြီး ရိုက်ထားသော ဓာတ်ပုံများကို ကြည့်လိုက်သည်။ ဓာတ်ပုံများတင်မကဘဲ အမှန်ဖြစ်ကြောင်း သေချာစေဖို့ သူ့မှာ ဗီဒီယိုပင် ရှိသေးသည်။ခဏ တွေးကြည့်ပြီးနောက် သူသည် ဝေ့ထင်ထံသို့ ပို့လိုက်သည်။
[မင်းကို ငါ သက်သက်သွေးလာထိုးတာမဟုတ်ဘူး....ဒါပေမယ့် စုမုန့်လို မိန်းကလေးက မင်းရဲ့ကြိုးစားအားထုတ်မှုနဲ့ မထိုက်တန်ဘူး...သူမက မင်းကို ကျေးဇူးတင်မှာလည်း မဟုတ်ဘူး...]
ထို့နောက် စာပါ ပို့လိုက်သည်။
ဝေ့ထင် ထံမှ အဖြေရမည်ဟုလည်း သူ မမျှော်လင့်ထားပေ။ မည်သို့ပင်ဆိုစေ၊ စုမုန့် အကြောင်းပြောလိုက်ရလျှင် ကျေနပ်သည်။
ဝေ့ထင် သည် မကြာသေးမီက ကြီးမားသော အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ခဲ့ရသည်။ သူလည်း အတော်အလုပ်များလွန်း၍ ထမင်းတောင်မစားနိုင်ချေ။ သူ့ဖုန်းထဲမှ မက်ဆေ့ခ်ျနိုတီသံကို ကြားလိုက်သည့်အခါ လျစ်လျူရှုချင်သော်လည်း သူ့မျက်လုံးထောင့်ကနေ “စုမုန့်” ဆိုသော စကားလုံးကို မြင်လိုက်ရလျှင် ဘာမှမတွေးဘဲ ဖွင့်ကြည့်လိုက်သည်။ စုမုန့် နှင့် ထိုလူသည် အလွန်နီးကပ်နေသည်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာထားသည် ချက်ချင်း မည်းမှောင်သွားသည်။ထို့နောက် အသံဖိုင်တစ်ခုလည်း ပါ၍ သူချက်ချင်းဖွင့်ကြည့်လိုက်ရာ ဖုကျဲ နှင့် စုမုန့် တို့၏ စကားပြောသံများကို ကြားလိုက်ရသည်။
“ကျွန်တော်က မစ္စစုရဲ့ သူငယ်ချင်းပါ”
ဆိုသည့် စကားကို ကြားလိုက်သည်နှင့် ထိုလူက ဘယ်သူမှန်း သူ ချက်ချင်း သိသွားရ၏။
ဤသည်မှာ ဖုန်းရွှေပညာရှင် ပြိုင်ပွဲတွင် စုမုန့် ကို နှောင့်ယှက်သူ မဟုတ်ပါလား...စုမုန့် ကို နှောင့်ယှက်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။သူ၏ ကျဉ်းမြောင်းသော မျက်လုံးများက အန္တရာယ်ရှိသည့်အငွေ့အသက်များ ရောထွေးနေ၏။သူ့လက်ချောင်းတွေကို ကွေးပြီး စားပွဲပေါ်ကို ခေါက်လိုက်သည်။
"အစီရင်ခံစရာရှိပါတယ်"
ထိုစဉ် အပြင်မှ တစ်စုံတစ်ယောက် ရောက်လာသည်။
"အထဲဝင်"
ဝေ့ထင် ဖုန်းကိုချပြီး တံခါးကို သုန်မှုန်စွာ စိုက်ကြည့်နေမိသည်။
"ဥက္ကဌ... တစ်ခုခုတော့ ထူးတယ်"
ထိုလူသည် စိုးရိမ်တကြီးကြည့်ကာ သူ့မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေသည်။
.....
ရှန့်ကျန်း သည် ထက်မြက်ပြီး လုံ့လရှိသူဖြစ်၍ စုမုန့် ဘာမှပြောစရာမလိုဘဲ အလုပ်ရှာတော့သည်။ သူ စားပွဲကို သုတ်လိုက်ပြီး ရှေးဟောင်းပစ္စည်းကို စားပွဲပေါ်တင်လိုက်၏။ သူ ကြိုးကြိုးစားစား အလုပ်လုပ်နေချိန်မှာ ကောရှန်း က သူ့ကို ခေါ်သွား၏။ကောရှန်း သည် သူ့ဘေးနားရှိ ဗီရိုထဲမှ ဆီတစ်ပုလင်းကို ထုတ်ကာ အဖုံးဖွင့်၍ သူ့လက်ပေါ် ပွတ်သပ်လိုက်သည်။
"မင်းမျက်နှာက ညိုမည်းနေပါလား...မနာဘူးလား…ဒီကိုလာ၊ ငါရှင်းပေးမယ်"
ရှန့်ကျန်း သည် အသားအရည်အလွန်ဖြူဖွေးသဖြင့် ထိုညိုမည်းအစိမ်းကွက်များက အထူးထင်ရှားလျက်ရှိသည်။
ရှန့်ကျန်း သည် ဒဏ်ရာရရသည့် အကြောင်းရင်းကို မပြောပြခဲ့သလို စုမုန့် ကလည်း မပြောခဲ့ပေ။သူမ ကောရှန်း စိတ်ပူသွားမှာကိုကြောက်သည်။ သို့သော်လည်း ကောရှန်း က အတင်းမေးသဖြင့် မဖြစ်မနေ ပြောလိုက်ရ၏။ ကံကောင်းစွာနှင့် အမေဝေ့ကို ရဲစခန်းပို့လိုက်သည်ဆို၍ သူ အတော်အတန်စိတ်အေးသွားရ၏။
ကောရှန်း သည် ရှန့်ကျန်း ကို ပိုပိုပြီး ချစ်ခင်လာရသည်။ ရှန့်ကျန်း က သူ့ကို ဆရာ ခေါ်နေသဖြင့် အသာတကြည် ဆေးလိမ်းခံဖို့ ေလျှာက်လာသည်။ အလွန် နာကျင်နေသော်လည်း အသံထွက်ကာမညည်းမိအောင် ထိန်းထားရ၏။
ကောရှန်း ဆေးလိမ်းပြီးနောက် ရှန့်ကျန်း က လေးနက်စွာ ကျေးဇူးတင်ကြောင်း ပြောလေ၏။
“ကျေးဇူးတင်ပါတယ် အဘိုး"
စုမုန့် ရှန့်ကျန်းကို စိုက်ကြည့်ကာ ပြစ်တင်ပြောဆိုလိုက်သည်။ဒီကောင်စုတ်ေလးက အခွင့်ကောင်းပိုယူလာတတ်ေလသည်။
"ဘယ်က အဘိုးရမှာလဲ...ဘာလျှောက်ခေါ်နေတာလဲ"
သို့သော် ကောရှန်း က ဂရုမစိုက်ေပ။
“အဆင်ပြေပါတယ်... ငါ့အသက်အရွယ်နဲ့ဆို အဘိုးဆိုလည်း မမှားပါဘူး"
xxxxx