Chapter 57
(အသက်ရှင်ဖို့အခွင့်ရလာသော ကောင်လေး)
“အဘိုး၊ စိတ်မပူပါနဲ့…နောက်ကျရင် အဘိုးကို ကျွန်တော့်ရဲ့တစ်ကယ့်အဘိုးတစ်ယောက်လို ပြုစုစောင့်ရှောက်မယ်…"
ကောရှန်း ၏စကားကိုကြားလျှင် ရှန့်ကျန်း ချွဲပျစ်စွာဝင်ပြောလိုက်၏။ဤအခွင့်အရေးကောင်းကို သူလက်လွတ်မခံနိုင်ပေ။ သို့သော် သူ တစ်ချက် စိတ်ပူသွားသည်။ သူ့ကံကြမ္မာက သူတို့ကို တစ်ကယ်ပဲ ထိခိုက်စေမှာလား...
“ဟားဟားဟား...မင်း ဒီနေရာကို မင်းရဲ့အိမ်လို သဘောထားနိုင်တယ်... အရမ်းကြီး ဂရုစိုက်နေစရာ မလိုပါဘူး"
ကောရှန်း က ရှန့်ကျန်း မည်သို့ပင် ဖားယားနေပါစေ၊သူ့စိတ်ထဲဝယ် ဤကောင်လေးကို သူ၏မြေးအရင်းတစ်ယောက်လိုသာ သဘောထားမိသည်။
စုမုန့် သည် ဘေးနားတွင်အသာရပ်နေရင်း ရှန့်ကျန်း က သူမ၏ဆရာဖြစ်သူကို လာလုနေသလိုမျိုး ခံစားရ၏။ သူမသည် ဆရာ၏ 'မြေးအရင်း' ဖြစ်သည်။ ဆရာက သူ့ကို ပိုချစ်နေတာလား…
ရှန့်ကျန်းသည် ဆရာအဘိုးမရှိတော့သည့်အချိန်မှာ သူ နောက်ဆုံးတွင် မိသားစုတစ်ခုရခဲ့သည်။ ထို့ကြောင့် သူ အလုပ်ကို ပိုကောင်းအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်လေသည်။
“စုမုန့်...နောက်ဆို ဆိုင်ထဲက အလုပ်တွေအားလုံးကို ကိုယ့်ကို လွှဲထားလိုက်ပါ...တစ်ခြားအရာတွေကိုပဲ မင်းအားစိုက်လုပ်…ဘယ်လိုလဲ"
ရှန့်ကျန်း က စုမုန့် ကိုကြည့်ကာ အသာတကြည်ပြုံးပြလိုက်သည်။ စုမုန့် သည်လည်း အားလပ်ချိန်ရသည့်အတွက် အလွန်ပျော်မိသည်။ယခုလည်း တစ်ခြားဘာမှလုပ်စရာမရှိတာကြောင့် သူမ အခန်းထဲပြန်ကာ အိမ်များကို အွန်လိုင်းတွင် ရှာကြည့်ချင်မိသည်။ ယခု အရေးကြီးဆုံးက သူမ၏ ဆရာအတွက် သက်တောင့်သက်သာရှိသည့် အိမ်တစ်လုံးကို ပြင်ဆင်ဖို့ပင်။
သူမ လှေကားထစ်ပေါ် လျှောက်လာရင်း ဖုန်းမြည်လာ၍ ကြည့်လိုက်ရာ မရင်းနှီးသောနံပါတ်တစ်ခုဖြစ်နေသည်။
"မစ္စ စုမုန့် မဟုတ်လား... ကျေးဇူးပြုပြီး အကူအညီတစ်ခုတောင်းလို့ရမလား"
တစ်ဖက်လူက ယောက်ျားသားတစ်ယောက်ဖြစ်ကာ သူ့အသံက တိုးလျပြီး မပျော်မရွှင်ဖြစ်နေပုံရသည်။
“မင်္ဂလာပါ... ဖုန်းရွှေ အတွက်ဆို ဆိုင်ကို ဖုန်းဆက်ပါ..အလုပ်ကိစ္စအတွက်ကို ဒီဖုန်းဆက်လို့မရပါဘူး"
ဖောက်သည်တစ်ဦးဟု ထင်မိကာ လိမ္မာပါးနပ်စွာ ပြောဆိုခဲ့သည်။
"ပျောက်သွားတဲ့ ပစ္စည်းတစ်ခုခု ရှာတွေ့အောင် ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်... အဆင်ပြေလား မသိဘူး... ပိုက်ဆံကိစ္စကတော့ ပြဿနာမရှိပါဘူး"
တစ်ဖက်လူက ရှင်းပြသည်။ငွေကြေးကိစ္စက ပြဿနာမရှိဟု ကြားသောအခါ စုမုန့် ၏ မျက်လုံးများ တောက်ပလာသည်။ ယခုတစ်ခါလည်း အချီကြီးပွမည့်ကိန်းပင်။
"ရှင်က ဘာရှာနေတာလဲဆိုတာ ကျွန်မကို အရင်ပြောပါ...ရှင့်လိပ်စာကရော ဘယ်မှာလဲ"
သူမ အကြောင်းကို သိသူများလာသော်လည်း အမေဝေ့ ကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတစ်ယောက်က သူမကို အန္တရာယ်ပြုဖို့ ဖောက်သည်တစ်ယောက်လို ဟန်ဆောင်လာမှာ စိုးနေမိသည်။
"မင်းကို မပြောနိုင်တဲ့အတွက် ခွင့်လွှတ်ပါ...ဒါပေမယ့် ငွေအတွက် စိတ်ပူစရာမလိုပါဘူး...မင်း ကျေနပ်မယ့် ပမာဏကိုပေးမှာပါ… လိပ်စာကိုတော့ မေးစရာမလိုပါဘူး…မင်း သဘောတူရင် လာခေါ်ဖို့ လူတစ်ယောက်ကို လွှတ်လိုက်မယ်"
စုမုန့် မျက်မှောင်ကြုတ်လိုက်သည်။ ဤလူက တစ်ကယ်ကို ထူးဆန်းသည်။ သူ့ဘက်က ဘာမှမပြောလာသဖြင့် သူမ ချက်ချင်းသဘောတူဖို့ ဘယ်လိုသတ္တိရှိနိုင်မှာလဲ… အထူးသဖြင့် သူမသည် သူ့လိပ်စာကိုပင် မသိပေ။ဒီအခွင့်အရေးကို အသုံးချပြီး သူမကိုဖမ်းချင်ကြတဲ့ ရန်သူတွေလား...
ကျိုးကျာ၊ ဝေ့ရွှယ် နှင့် အမေဝေ့ တို့ကို တွေ့ကြုံပြီးနောက် သူမ အရာရာတိုင်းကို သတိထားနေခဲ့ရသည်။အချိန်အတော်ကြာစဉ်းစားပြီးနောက် ငွေကအရေးကြီးသော်လည်း လောလောဆယ် ငွေအရေးတကြီးမလိုသေးသည့်အတွက်
“ကျွန်မလည်း တောင်းပန်ပါတယ်…ကိစ္စတစ်ခုခုရှိရင် ကြိုးဖုန်းကို ဖုန်းဆက်ပါ... ဒါပါပဲ..."
တစ်ဖက်လူက ပြန်ဖြေတာကို မစောင့်ဘဲ သူမ ဖုန်းကို အရင်ချလိုက်သည်။ အကယ်၍ ထိုလူသည် သူမ၏အကူအညီကို အမှန်တစ်ကယ် လိုအပ်ပါက၊ နောက်ပိုင်းတွင် စတိုးဆိုင်ရှိကြိုးဖုန်းကို သူသေချာပေါက် ဖုန်းဆက်မည်ဖြစ်သည်။ အစပိုင်းတွင်၊ အဆင်ပြေစေရန်အတွက်၊ သူမ၏ လိပ်စာကတ်ရှိ ဆက်သွယ်ရန်အချက်အလက်သည် သူမ၏ဆရာ၏ ဖုန်းနံပါတ်ဖြစ်သည်။ဆရာက သူမထက် ဖောက်သည်တွေကို ရွေးသည်။ထိုမှလည်း ပိုစိတ်ချရ၏။
“စုမုန့်…”
စုမုန့် ဖုန်းကို ချလိုက်ပြီးနောက် သူမသည် အိမ်များကို ဆက်လက်စစ်ဆေးသည်။ အိမ်ဝယ်ခြင်းသည် ကြီးကျယ်သောကိစ္စဖြစ်သည်။သို့သော် သူမ အိမ်ကိစ္စထဲတွင် နစ်မွန်းနေချိန်တွင် ရှန့်ကျန်း ၏ အသံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။သူ့အသံက အမောတကောဖြစ်နေကာ တစ်ချိန်တည်းမှာပင် သူ တံခါးကိုလည်း ခေါက်လျက်ရှိသည်။ သို့သော် သူမ သူ့အသံကို မကြားချင်ယောင်ဆောင်နေလိုက်သည်။သူမကို မနှောင့်ယှက်ဖို့ ပြောထားပြီးသား ဖြစ်သော်လည်း သူကတော့ လာနေတုန်းပင်။ထို့ကြောင့် သူမလည်း တံခါးဖွင့်ဖို့ကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
"ဘာဖြစ်နေတာလဲ...ဖုန်းခေါ်လိုက်ရောပေါ့"
“ဒါကလေ…တစ်ကယ်တော့…”
စုမုန့် ကိုမြင်လိုက်ရသောအခါ ရှန့်ကျန်း ရုတ်တရက် စကားထစ်သွားပြီး စကား မပြောနိုင်တော့ပေ။
“ပြောပါ...စောစောက အတင်းခေါ်နေတာကို"
စုမုန့် အတင်းပြောခါမှ ရှန့်ကျန်း သည် အသက်ပြင်းပြင်းရှူလိုက်သည်။ အချိန်အတော်ကြာအောင် အသက်ကို ရှူသွင်းရှူထုတ်လုပ်ပြီးနောက်… သူက ဖြည်းညှင်းစွာပြောသည်။
“… လူတစ်ယောက်ကလေ ကိုယ့်ကို ဖုန်းရွှေကြည့်ပေးဖို့ လာပြောတယ်... ငွေကလည်း ပေးတာများမယ်ထင်တယ်…”
ရှန့်ကျန်း ၏ မျက်နှာသည် နီမြန်းနေပြီး သူ့လက်နှစ်ဖက်က သူ့အင်္ကျီထောင့်ကို ဆော့ကစားနေလေသည်။
"ဒါဆို ရှင်က သွားချင်လို့လား"
စုမုန့် က မထိတထိ မျက်နှာပေးနှင့်ပြောလိုက်သည်။
ထိုအခါ ရှန့်ကျန်း အကြိမ်ကြိမ် ခေါင်းညိတ်ပြရှာသည်။ သူသည် ယခုအခါ ရှေးဟောင်းပစ္စည်းဆိုင်တွင် အလုပ်လုပ်နေပြီးဖြစ်ကာ ဆိုင်အကူတစ်ဦးအနေဖြင့် သီးသန့်အလုပ်လုပ်ခွင့် မရနိုင်တော့ပေ။ သို့သော် ဝင်ငွေရှာရန် အခွင့်အရေးကိုလည်း လက်လွှတ်မခံချင်သောကြောင့် စုမုန့် ကိုသာ အရှက်မရှိစွာ လာခွင့်တောင်းမိသည်။
“သွားချင်ရင် သွားလိုက်…ဒါက ထောင်မဟုတ်ဘူး...ရှင့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ဘယ်သူကမှ ကန့်သတ်မထားဘူး”
စုမုန့် သူ့ကို မျက်စောင်းထိုးလိုက်သည်။
"ဒီလိုအသေးအမွှားကိစ္စလေးနဲ့ သူမကို လာနှောင့်ယှက်နေတာလား…"
"ဒါဆို ကိုယ်သွားလို့ရမလားဟင်"
( စုမုန့် ကို အကူအညီလာတောင်းသူ )
“ရပါတယ်လေ...ရှင်က ကျွန်မကို အဲ့အလုပ်ကို မျှပေးမယ်ဆိုလည်း စိတ်မဆိုးပါဘူး"
ပိုက်ဆံအများကြီးရှိသဖြင့် ဘယ်သူမှ မညည်းညူကြပေ။ထို့ကြောင့် စုမုန့် သည် သူမ၏ လောဘကို ဖုံးကွယ်မထားပေ။
"အရမ်းကောင်းတယ်…အခုဆို ကိုယ်လည်း ငွေရှာနိုင်ပြီးတော့ ကံဆိုးတာတွေ ပျောက်မပျောက်ကိုလည်း သိနိုင်လာမယ်လေ…ဒီအလုပ်ကို ကြည့်ပြီးမှ တခြား မကောင်းတာတစ်ခုခုဖြစ်သွားရင် အလုပ်လက်မခံနိုင်သေးဘူးဆိုတဲ့ သဘောလေ"
ရှန့်ကျန်း ခေါင်းကုတ်ကာ ဆိုလိုက်သည်။
စုမုန့်: “…”
ထို့ကြောင့် သူ့ကံစမ်းဖို့ အတင်းအလုပ်လိုချင်နေခြင်းပင်။သူမဟိုဒီတွေးနေစဉ်မှာ ရှန့်ကျန်း ရင်ဘတ်ပေါ်က ဆွဲသီးကို မျက်လုံးထောင့်မှ ရုတ်တရက် မြင်လိုက်ရသည်။ဆွဲသီးမှာ ငွေကြာပွင့်ဖြစ်သည်။ကြည့်ရသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်ကာ အပေါ်ပိုင်းမှာ မီးခိုးရောင်ဖြစ်ပြီး အချို့အစိတ်အပိုင်းများသည်လည်း အနက်ရောင်ဖြစ်နေသည်။သူမ ဤဆွဲသီးကို အတန်ငယ် ရင်းနှီးနေသလိုမျိုးပင်။
ရှန့်ကျန်း သည် စုမုန့် ၏ အကြည့်ကို သတိထားမိကာ သူ့ရင်ဘတ်ပေါ်က ဆွဲသီးကို လက်နှင့်ကောက်ပြီး ပြလိုက်ရင်း ဂုဏ်ယူစွာနှင့် ပြောသည်။
"စုမုန့် မင်းနောက်ကလိုက်လာတာ ကိုယ့်အတွက် တစ်ကယ်ကောင်းတယ်…ဒီဆွဲသီးကို အဘိုးက ပေးခဲ့တာ...ဒီဟာက ကိုယ့်ကံကြမ္မာဆိုးကိုလည်း ချိုးနှိမ်နိုင်တယ်တဲ့”
“ကြည့်စမ်း အဘိုးက တစ်ကယ်ကို တန်ခိုးကြီးတာပဲ...အခု ဆွဲသီးဆွဲပြီး မကြာခင်ပဲ ကိုယ့်အတွက် အလုပ်တစ်ခုပေါ်လာတယ်...နောက်ဆို ကိုယ်ကြိုက်တာကို လုပ်နိုင်လာမယ်ထင်တယ်...အခုတော့ ကိုယ့်မှာ ကံဆိုးမှုတွေရှိ၊ မရှိကို ထပ်ပြီး စမ်းသပ်ဖို့ လိုနေသေးတယ်"
ကောရှန်း သည် ပထမထပ်တွင်ထိုင်နေသည်။ ဆိုင်တွင် ဖောက်သည်မရှိသောကြောင့် စုမုန့်နှင့် ရှန့်ကျန်းကို ကြည့်ရင်း ရှန့်ကျန်းထံမှ ချီးမွမ်းသံကြားရလျှင် သူ့မျက်နှာပေါ်က အပြုံးက နက်ရှိုင်းလာသည်။
စုမုန့်က ကောရှန်း ရှိရာအောက်ထပ်ကို ငုံ့ကြည့်လိုက်ပြီး လက်မထောင်ပြလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် ရှန့်ကျန်း အား
"ရှင် အရမ်းပျော်နေတာ အံ့သြစရာမရှိပါဘူး…ကြည့်ရတာ ရှင့်အတွက် အားကိုးစရာလူရသွားပြီးကိုး"
“ဟင်...ကိုယ့်အတွက် မင်းနဲ့အဘိုးက အရမ်းအားကိုးရသူတွေပါ…စိတ်မပူပါနဲ့ မင်းက ကိုယ့်စိတ်ထဲမှာ မိသားစုပါပဲ”
ရှန့်ကျန်း ကမန်းကတန်း ချော့မော့လိုက်၍ သူမလည်း တစ်ချက်ပြုံးမိလေသည်။ ထို့နောက် ရှန့်ကျန်းသည် စုမုန့်၊ကောရှန်းတို့နှင့် ညစာစားပြီးနောက်ချက်ချင်း အလုပ်ရှိရာသို့ စုမုန့်၏ လျှပ်စစ်စက်ဘီးကို ငှားရမ်း၍ အပြေးထွက်သွားခဲ့သည်။
ညစာစားပြီးနောက် ကောရှန်း သည် စုမုန့် အား ချိန်းဆိုထားသည့် ဖောက်သည်စာရင်းကို ပြခဲ့သည်။ ဤအလုပ်များမှာ အချိန်က အထူးပင်အရေးကြီးလျက်ရှိသည်။ ချိန်းထားသည့်အချိန်က ပြောင်းလဲမရပေ။အတိအကျ အလုပ်လုပ်ပေးရသည်။ အကယ်၍ ချိန်းဆိုမှု ပျက်သွားပြီး ဖောက်သည်ဘက်က စာချုပ်ကို မဖျက်ပါက ဖုန်းရွှေပညာရှင် အပေါ်သို့သာ သက်ရောက်မှု ကြီးမားမည်ဖြစ်သည်။
ကောရှန်း သည် စုမုန့် ပင်ပန်းလွန်းမည်ကို ကြောက်သောကြောင့် အနားယူရန် အချိန်အလုံအလောက်ရှိဖို့ ချိန်းထားသောအလုပ်ချိန်ကို အတတ်နိုင်ဆုံး နောက်ဆုတ်လိုက်သည်။ မကြာသေးမီက စုမုန့် သည် ဖုန်းရွှေပညာရှင်ပြိုင်ပွဲတွင် ပါဝင်ခဲ့ရကာ ပြန်လာပြီးနောက်တွင်လည်း များများစားစား အနားယူခြင်းမရှိပေ။ ထို့ကြောင့် သူမ အလုပ်များနေမည်စိုး၍ အချိန်ကို ပြောင်းလိုက်သည်။ အနီးဆုံးရက်ချိန်းသည် ၄ရက်အတွင်းပင်ဖြစ်သောကြောင့် စုမုန့် အတွက်လည်း အချိန်ပိုရသေးသည်။
အိမ်ဝယ်မည့်ကိစ္စနှင့် ပတ်သက်၍ စုမုန့်သည် အကြမ်းဖျင်း အိုင်ဒီယာတစ်ခု ရလာခဲ့သည်။ သူမ အကြိုက်အိမ်က ရှေးဟောင်းလမ်းနှင့် မဝေးသည့် ရပ်ကွက်တစ်ခုမှာ ရှိသည်။ထိုအိမ်တွင် ကောင်းမွန်သော ဖုန်းရွှေ၊ ပတ်ဝန်းကျင်ကောင်းနှင့် လူလည်းစည်ကားသည်။ စျေးကြီးသည်ကလွဲ၍ လမ်းပန်းဆက်သွယ်ရေးလည်း အဆင်ပြေ၏။ အချိန်တန်လျှင် အိမ်ကိုသွားကြည့်ရမည်ဖြစ်သည်။
စုမုန့် သည် ကောင်တာမှ ကွာစေ့တစ်ထုပ်ကို ထုတ်ကာ ခြေချိတ်၍ စားနေလိုက်သည်။ဆရာကောရှန်းကလည်း သူမ ဘေးတွင်ရှိနေ၏။ နေ့ခင်းဘက်ဖြစ်၍ ရှေးဟောင်းလမ်းပေါ်မှာ လမ်းသွားလမ်းလာတွေ အများကြီးရှိသည်။ အလွှာပေါင်းစုံမှ ကုန်သည်များနှင့် ဖောက်သည်များလည်း ရှိကာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။သူမ ကွာစေ့လက်တစ်ဆုပ်စာလောက် စားပြီးသည့်အခါ လမ်းတစ်ဖက်က ရှေးဟောင်းဆိုင်မှာ စကားများ ရန်ဖြစ်နေသည်ကို တွေ့ရ၏။ဈေးရောင်းသူနှင့် ဖောက်သည်တို့ ပဋိပက္ခဖြစ်ကြပုံရသည်။ ပထမတော့ ဆိုင်ထဲမှာ ရန်ဖြစ်ကြပြီးနောက် ဖောက်သည်နှင့် ပိုင်ရှင်တို့ တစ်ယောက်ပြီး တစ်ယောက် ဆိုင်ပြင်ထွက်ကာ ဆက်ရန်ဖြစ်ကြ၏။
ဆိုင်ထဲမှ ပစ္စည်းများမှာ အလွန်ဈေးကြီးနိုင်သည်။ ဆိုင်ပိုင်ရှင်က ငွေတောင်းနေကာ ဖောက်သည်ကလည်း ပိုက်ဆံပေးရမှာကို ကြောက်နေသည်။ထို့ကြောင့် သူတို့ နှစ်ယောက် တညီတညွတ်တည်း ထွက်လာပြီး ငြင်းခုံကြသည်။ ရှေးဟောင်းလမ်းမှာ လူတွေရန်အဖြစ်များကြသည်။အနီးနားက ဆိုင်တွေအကုန်လုံးလည်း ရန်ဖြစ်လေ့ရှိကြသည်။သို့သော် ဤနေရာနှင့် မရင်းနှီးသော လမ်းသွားလမ်းလာများ အားလုံးက စိတ်ဝင်တစားနှင့် စကားများရန်ဖြစ်နေသည်ကို စောင့်ကြည့်ရန် ဤနေရာတွင် စုရုံးခဲ့ကြသည်။
စုမုန့် စူးစူးဝါးဝါး ကြည့်နေမိစဥ် သူမ အမုန်းဆုံးလူတစ်ယောက် ရုတ်တရက်ပေါ်လာသည်။
"စုမုန့် ..."
ဝေ့ရွှယ် သည် စုမုန့် ကိုမြင်ပြီးနောက် ကြီးမားသော အပြုံးဖြင့် လျှောက်လာသည်။ စုမုန့် က သူမကို အေးစက်စွာကြည့်ကာ ပြန်မဖြေလိုက်ပေ။
ဝေ့ရွှယ် သည် စုမုန့် ဤမျှအေးစက်နေမည်ဟု သူမ မမျှော်လင့်ထားပေ။စုမုန့်က သူမကိုကြည့်ကာ စကားတစ်ခွန်းမှ မပြောပါလား...
"စုမုန့်... ငါလေ နင့်ကို အကူအညီတောင်းစရာလေးရှိလို့လေ...အဆင်ပြေလား"
ဝေ့ရွှယ် က ဝမ်းပန်းတသာ ပြုံးလိုက်၏။
“မရဘူး”
စုမုန့် ၏ ပါးလွှာသော နှုတ်ခမ်းများသည် အနည်းငယ်ပွင့်လာပြီး ကြင်နာမှုမရှိဘဲ တိုက်ရိုက်ငြင်းပစ်ခဲ့သည်။
ဝေ့ရွှယ် : “…”
စုမုန့် က သူမအား ချက်ချင်းငြင်းဆိုဖို့ မမျှော်လင့်ထားသဖြင့် သူမမျက်နှာသည် ခဏတာမျှ အေးခဲသွားပြီးမှ ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားသည်။
“ နင် ငါ့ကို စိတ်ဆိုးနေတာ ငါသိပါတယ်... ဒါပေမယ့် အမေက အသက်ကြီးပြီ ဆိုတော့ သူမ အတွေးတွေက ငါတို့နဲ့ မတူဘူးလေ... သူမအမှားလုပ်မိတယ်လို့ပဲ နားလည်ပေးပါ..ငါ့ကိုကူညီပေးလို့ရမလား"
xxxxxx