အပိုင်း ၅၈
Viewers 7k

Chapter 58

(အဲဒါ ငါနဲ့ဘာဆိုင်လဲ)


 "ဘာကူညီပေးရမှာလဲ"  


စုမုန့်သည် ဝေ့ရွှယ် စကားကို အမှတ်တမဲ့ နားထောင်နေရင်း ရန်ဖြစ်နေကြသူနှစ်ယောက်ကို သူမ စိုက်ကြည့်နေလိုက်၏။ထိုဖောက်သည်က ဆိုင်ပိုင်ရှင်ကို အရင်ပါးရိုက်လိုက်သဖြင့် အတော်ကိုပွဲကြမ်းနေပေပြီ။  


ဝေ့ရွှယ် နှုတ်ခမ်းကို ကိုက်လိုက်ပြီး 


“အမေ ရဲစခန်းမှာ ရှိနေတယ်...ရဲတွေက သူမကို ပြန်ပေးဆွဲဖို့ ကြိုးစားတယ်ဆိုပြီး ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်မယ်လို့ ပြောတယ်"


 “အိုး...ဟုတ်လား” 


စုမုန့် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။


ဝေ့ရွှယ်သည် စုမုန့်၏ တုံ့ပြန်မှုကို မြင်သောအခါ ဒေါသထွက်သွားမိသော်လည်း ထုတ်မပြဝံ့ဘဲ တောင်းပန်လိုက်သည်။


“စုမုန့်...နင် အမေ့ကို ကူညီပေးပါ...ငါတို့က မိသားစုပဲလေ…သူမကို ဂရုမစိုက်ချင်ရင်တောင် ထောင်ထဲပို့လို့တော့ မရဘူး မဟုတ်လား”


ထိုမှသာ စုမုန့်သည် ဝေ့ရွှယ်ကို  အေးတိအေးစက် လှည့်ကြည့်လိုက်သည်။  


“နင့်အမေကို ကူညီဖို့ဆို ရှေ့နေရှာသင့်တယ်လေ...ငါ့ကိုဘာလို့လာရှာတာလဲ... ရဲတွေကို ငါ ထိန်းလို့မရဘူး”


" ရှေ့နေတွေလည်း ငါတို့ ရှာပြီးပြီ... အသုံးမဝင်ဘူး… အခု ဒီကိစ္စကို ဖြေရှင်းဖို့ နင့်ကိုပဲ အားကိုးလို့ရတယ်” 


စုမုန့်၏ မျက်နှာအမူအရာက အေးစက်လွန်းကာ လုံးဝစိတ်ပူပုံမပေါ်သော်လည်း ဝေ့ရွှယ်ကမူ ငိုချမတတ်ပင်။


အမေဝေ့သည် ဒေါသဖြေဖျောက်ရန် စုမုန့်ကို ရှာဖွေခဲ့ခြင်းဖြစ်သည်။


"စုမုန့် က ရဲကိုခေါ်မယ်လို့ ဘယ်သူထင်မှာလဲ...သူမ အရင်လိုမဟုတ်တော့ပါလား... "


အရင်ကဆို အမေဝေ့က စုမုန့်အား မည်မျှပင် ရိုက်နှက်ဆုံးမသည်ဖြစ်စေ၊ စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။ ယခုမှ ဆတ်ဆတ်ထိမခံဖြစ်ကာ  မေမေဝေ့ကို သွားစ,ရဲသည်။ မူလက ဝေ့ရွှယ် သည် စုမုန့် ကို လာတွေ့ဖို့စိတ်မကူးထားပေ။ သူမသည် စုမုန့်ကို စတင်မုန်းတီးခဲ့သူပင်။ယခုလည်း သူမအား ပြောဆိုနေပုံကိုကြည့်ကာ သူမ အတော်ပင် စိတ်ဆိုးလာရ၏။သို့သော် အမေဝေ့ကို ကယ်တင်ဖို့အတွက် သူမ အောက်ကျို့ရပေမည်။


မဟုတ်ရင်လည်း သူမ ဘာလုပ်နိုင်တာ ရှိသေးလဲ...ဝေ့ထင် ရုတ်တရက် ပျောက်သွားခဲ့သည်။ ကုမ္ပဏီကလူတွေတောင် သူဘယ်ရောက်သွားမှန်းမသိကြပေ။ ဝေ့မိသားစု၏ သခင်ကလည်း အိမ်မှာမရှိပေ။ အိမ်တော်ထိန်းက သူဘယ်မှာလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းသိသော်ငြား သူမအား မပြောခဲ့ပေ။ထို့ကြောင့် သူမမှာ တစ်ခြားသွားစရာနေရာမရှိသောကြောင့် စုမုန့် ကိုရှာရန်လာခဲ့ခြင်းဖြစ်သည်။ ယခုအချိန်မှာတော့ စုမုန့် က သူမကို ဘယ်လိုပဲ လှောင်ပြောင်နေပါစေ သူမ အရင်ခံနိုင်ရည်ရှိရ‌ေပမည်။ ထို့နောက် အမေဝေ့ကို ကယ်တင်ပြီးမှသာ လက်စွမ်းပြရပေမည်။ 


"နင်တို့မိသားစုကိစ္စတွေကို ငါစိတ်မဝင်စားဘူး...ငါကအရမ်းအလုပ်ရှုပ်တာ..ငါ့ကိုမနှောင့်ယှက်နဲ့" 


စုမုန့် က ဝေ့ရွှယ် ကို မျက်ထောင့်မှ ကြည့်ကာ ပြောလိုက်သည်။


ဝေ့ရွှယ် : “…”


သူမ ဘာကိုကြည့်နေတာလဲ...သူမ နားမလည်နိုင်တော့‌ေပ။ 


"တစ်ခြားသူတွေ ရန်ဖြစ်တာကိုကြည့်ရတာက မေမေဝေ့ကို ကယ်ရတာထက် ပိုအရေးကြီးသလား..."


စုမုန့် ၏ အေးစက်သော ငြင်းဆန်မှုကို ရင်ဆိုင်ရင်း ဝေ့ရွှယ် တဖြည်းဖြည်း သည်းမခံနိုင်တော့ပေ။ သူမမျက်နှာပေါ်ရှိ အပြုံးသည် ထိန်းမထားနိုင်တော့ဘဲ ချက်ချင်းပင် ပုံစံမှန် ပေါ်လာခဲ့သည်။


"စုမုန့်...နင် အရမ်းကြီးလည်း အိုဗာလုပ်မနေပါနဲ့" 


 "ဘာ... နင် လုပ်ခဲ့တာတွေကို မေ့သွားပြီလား…ငါ့လက်ထဲမှာ သက်သေရှိတယ်...နင် ငါ့ကို ထပ်ပြီး နှောင့်ယှက်ရင် နင့်အမေနဲ့အတူ လိုက်သွားရမယ်ဆိုတာ သတိထားပါ..." 


ထို့နောက် စုမုန့် မတ်တပ်ထရပ်ပြီး ဝေ့ရွှယ် ရှေ့မှလမ်းလျှောက်သွားလိုက်သည်။ သူမသည် ဝေ့ရွှယ် ထက် ဦးခေါင်းထက်ဝက်ကျော်မြင့်သူဖြစ်၍ သူမ၏ ဟန်ပန်အမူအရာက ဝေ့ရွှယ် ကို လွှမ်းမိုးထားလျက်။ 


အမေဝေ့ သည် ဝေ့ရွှယ် အတွက် တရားမျှတမှုကို ရှာဖွေလိုသောကြောင့် စုမုန့် ကို ပြန်ပေးဆွဲမည်ဟု ခြိမ်းခြောက်ခဲ့သည်။ အရင်တုန်းက သူမလုပ်ခဲ့သည့်အရာတွေ အတွက်လည်း ဝေ့ရွှယ် အနည်းငယ် အပြစ်ရှိသလို ခံစားလာရပြီဖြစ်သည်။ ထို့ကြောင့် စုမုန့် စကားကိုကြားသည့်အခါ သူမ၏ မောက်မာလိုစိတ်တို့က တစ်ဝက်ကျော်လောက် ချက်ချင်း ပျောက်ကွယ်သွားရ၏။


အဆိုပါပွဲရှိ အဖြစ်အပျက်နှင့် ပတ်သက်၍ သူမသည် အပြစ်ကင်းစင်သည်ဟု အများကထင်ကြသည်။စုမုန့် ကိုယ်တိုင်တွေ့ရှိခဲ့သော်ငြား သူမက တရားခံဖြစ်ကြောင်း သက်သေပြရန် အထောက်အထား မရှိပေ။သို့သော်လည်း စုမုန့် ၏ ယုံကြည်ချက်ရှိသော လေသံကို ကြည့်ပြီး သူမ လျှော့မတွက်ဝံ့တော့ပေ။ သူမ အသက်ငယ်ငယ်လေးနှင့် ပြစ်မှုမှတ်တမ်း မရှိချင်ပေ။


" မကောင်းတာတွေ အများကြီး မလုပ်နဲ့... နောက်ဆို နင် ဒုက္ခရောက်လိမ့်မယ်...အခုကလည်း ကံကောင်းနေလို့မဟုတ်ဘူးနော်...အချိန်မကျ‌သေးတာ...နင် ကောင်းတာ‌ များများလုပ်မှ ကံမဆိုးတော့မှာ"


ထိုစဉ် ဘေးမှာထိုင်နေသည့် ကောရှန်း က ရုတ်တရက် စကားစလိုက်သည်။သို့သော် သူ့စကားကို ဝေ့ရွှယ် နားမလည်ဘဲ သူမအား ကျိန်ဆဲနေသည်ဟုသာ တွေးနေမိသည်။


 "စုမုန့်၊ ငါတို့က အရင်က မိသားစုပဲလေ...အခု အမေ ဒုက္ခရောက်နေပြီ၊ နင်က မကူညီတာအသာထား...အခု  အပြင်လူတွေကိုပါ လာရှုပ်အောင်လုပ်နေသလိုမျိုးလေ...ဘာပဲဖြစ်ဖြစ် ဒီနေ့ ဒီမှာပဲထားတော့...အစ်ကိုဝေ့ထင်က နင့်ကို စိတ်ဆိုးခါမှ ငါ့ကိုလာအကူအညီမတောင်းနဲ့"


သူမဘာပဲပြောပြော စုမုန့် ကူညီပေးမည်မဟုတ်ကြောင်း ဝေ့ရွှယ် သိလိုက်သည်။ထို့ကြောင့် ဆက်အကူအညီမတောင်းဘဲ လက်လျှော့ဖို့တွေးလိုက်၏။ 


ဝေ့ရွှယ် စကားကိုကြားတော့ စုမုန့် ပြုံးလိုက်မိသည် ။


"အကြံဥာဏ်ပေးဖို့ သူမကို အကူအညီတောင်းနေတာလား...."


တစ်ချိန်က သူမသည် ဝေ့ရွှယ်ကို ယုံကြည်ခဲ့ပြီး သူမပြောသမျှကို နားထောင်ခဲ့တာကြောင့် သနားစရာကောင်းသော ဘဝတစ်ခု ဖြစ်တည်ခဲ့ရသည်။


 “ဝေ့ရွှယ် နင်ကမှ သိုးဖြူလေးလို ဟန်ဆောင်ထားတဲ့ အနှစ်တစ်ထောင် မြေခွေးမ... နင့်လုပ်ခဲ့တဲ့ကိစ္စ‌တွေကို သိပ်ပြီး ဖုံးဖိနိုင်ဦးမယ်လို့ မထင်နဲ့…နင့်ရဲ့သရုပ်မှန်ကို ဝေ့ထင်ကို‌ ပြောပြလိုက်မယ်"


စုမုန့် သည် လက်ပိုက်ထားကာ ဝေ့ရွှယ် ကို တံခါးဘောင်ကို မှီထားရင်း ဟန်ပါပါကြည့်လိုက်သည်။ဝေ့ထင်သည် ဝေ့ရွှယ်၏ အားနည်းချက်ဖြစ်၍ ဝေ့ထင် အကြောင်းပါလာသောအခါ ဟုတ်သည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ ဝေ့ရွှယ် ထိတ်လန့်မိလေသည်။


(သွားစရာနေရာမရှိ)


 "မဟုတ်ဘူး၊ ဝေ့မိသားစုမှာ သူမ အခုလိုမျိုး လိမ္မာတဲ့သမီးလေးဖြစ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတာ.…စုမုန့် ရဲ့လက်နဲ့ ဘယ်လိုလုပ်ပြီး ပျက်စီးသွားလို့ဖြစ်မလဲ…"


 “စုမုန့် နင် အရမ်းတော်တယ်...ငါ့ကို ခြိမ်းခြောက်ဖို့ အခြေအမြစ်မရှိတဲ့စကားတွေ လာပြောနေတာပဲ...နင်ဂရုမစိုက်ချင်ရင် ဂရုမစိုက်ပါနဲ့…ငါ တခြားလူကို သွားရှာမယ်"  


ဝေ့ရွှယ် ထွက်မသွားခင်မှာ စုမုန့် နှင့် ကောရှန်း ကို စိုက်ကြည့်လိုက်သေးသည်။ သို့သော် စုမုန့် ထံမှ အဆူခံရမှာကို သူမ ကြောက်သောကြောင့် တစ်ချက်စိုက်ကြည့်ပြီးနောက် အမြန်ထွက်သွားခဲ့သည်။ သူမ အမြန်ထွက်သွားချိန်မှာ ဝေ့ရွှယ် ၏ နောက်ကျောပြင်ကို ကောရှန်း လေးလေးနက်နက် ကြည့်နေလေသည်။


 “အဲ့ဒီကလေးမအပေါ် ထူးထူးခြားခြား သက်ရောက်နေတဲ့ သဘောမျိုးရှိနေတယ်...အဲ့ဒီရောင်ဝါက သူမရဲ့ ကံကို နည်းနည်းလေး ထိခိုက်စေတယ်...ဘာဖြစ်နေတာလဲ မင်း သိလား"


 “သူမကလေ…အဲဒါ…” 


ဆရာဖြစ်သူ၏မေးခွန်းကို ရင်ဆိုင်လိုက်ရသောအခါ၊ ပုံမှန်အားဖြင့် နှုတ်သွက်တတ်သော စုမုန့် ပထမဆုံးအကြိမ် စကားထစ်သွားရသည်။ စုမုန့် သည် မျက်နှာကဲခတ်နည်းကို သိပြီး သူမသည် ဤနယ်ပယ်တွင် ပုံမှန်မဟုတ်သော အရည်အချင်းရှိသူဖြစ်ကြောင်း ကောရှန်း သိသည်။ ဝေ့ရွှယ် နှင့် အချိန်များစွာကုန်ဆုံးခဲ့ပြီးဖြစ်၍ ထိုကိစ္စကို သတိမထားမိရန်မှာ မဖြစ်နိုင်ပေ။ဝေ့ရွှယ် ၏ မူမမှန်မှုသည် မကြာသေးမီက တစ်စုံတစ်ယောက်ကြောင့် ဖြစ်ခဲ့သည်မှာ ထင်ရှားသည်။ စုမုန့် ဝန်မခံသော်လည်း တစ်နည်းမဟုတ်မနည်း စုမုန့် နှင့် ဆက်နွယ်နေမှန်း သိနိုင်၏။ 


 "မင်း ဖုန်းရွှေ နဲ့ ပထမဆုံး ထိတွေ့တဲ့အခါကတည်းက၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လူတွေကို ဒုက္ခဖြစ်စေဖို့ ဘယ်တော့မှ မစဥ်းစားရဘူးလို့ ငါမင်းကို သတိပေးခဲ့တယ်နော်...လူတွေကို ဒုက္ခပေးနေသမျှ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ နောက်ဆုံးမှာ မင်းပြန်ပေးဆပ်ရလိမ့်မယ်"


ကောရှန်း ၏ အမူအရာသည် လေးနက်လျက်ရှိသည်။ စုမုန့် သည် မည်သည့်အရာကိုမျှ အလွန်အကျွံအရူးအမူးလုပ်မည်မဟုတ်ကြောင်း သူ သိထားသော်လည်း တစ်ချိန်ချိန်မှာ အလွန်ဒေါသထွက်ကာ စည်းမဲ့ကမ်းမဲ့ ပြုမူလိမ့်မည်ဟု အာမခံချက်မရှိပေ။


ကောရှန်း က လေးနက်စွာ ပြောနေကြောင်း စုမုန့် မြင်ပြီးနောက် နားလည်မှုလွဲသွားသည်ကို သိလိုက်သည်။ 


“စိတ်မပူပါနဲ့ အဘိုးကြီး...ကျွန်မ အမြဲတမ်း သတိရပါတယ်...လူတွေကို ဒုက္ခပေးတာမဟုတ်ဘူး၊ ဒါပေမယ့် သူက အရင်လာစတာဆိုရင်တော့လည်း ကျွန်မ အပြစ် မဟုတ်ဘူးလေ”


 “မင်းဆိုလိုတာက…” 


စုမုန့် က လူတွေကို အန္တရာယ်ပြုဖို့ အရင်စသူ မဟုတ်ကြောင်းကြားသောအခါ ကောရှန်း ချက်ချင်း စိတ်လျှော့လိုက်သည်။


 “သူမ ခန္ဓာကိုယ်မှာ ယင်ကျောက်စိမ်းတစ်ပိုင်းရှိတယ်...သူမက အရင်လာစတာပါ...ဒါ့ပြင် သူမကို ကျွန်မပေးတုန်းက သွေးမစိုစေဖို့ ပြောခဲ့ပါတယ်... အဲဒါဆို သူမကို သခင်အဖြစ် အသိအမှတ်ပြုလိမ့်မယ်လို့လည်း ပြောခဲ့တယ်...သူမက  နားမထောင်တာ ဘယ်တတ်နိုင်မလဲ...ကျွန်မကို အပြစ်ပြောလို့ မရဘူး မဟုတ်လား”  


တစ်နည်းအားဖြင့် သူမစကားက ဝိနည်းလွတ်ကာ ဆီလျောက်နေသည်။ထို့အပြင် သူမသည် ဝေ့မိသားစုတွင် အကြိမ်များစွာ အနိုင်ကျင့်ခံခဲ့ရသည်။ သူမ၏အကြည့်မှတစ်ဆင့်၊စောစောက မိန်းကလေးမှာ သူမအား အနိုင်ကျင့်ခဲ့သည်ဟု ဆိုနိုင်၏။ ထို့ကြောင့် ကောရှန်း စိတ်ပူစရာ မလိုတော့‌ေပ။


စုမုန့် နှင့် ကောရှန်း တို့သည် ဝေ့ရွှယ်၏ ကံကြမ္မာ ပျက်စီးစပြုနေသည်ကို သိကြသော်လည်း သူမကိုယ်တိုင်ကမူ လုံး၀ မသိလိုက်ပေ။ ဝေ့မိသားစုဆီ ပြန်ရောက်ပြီးသည့်နောက် သူမ စိတ်မပူဘဲမနေနိုင်တော့ပေ။ သူမသည် ဝေ့မိသားစု၏ အကြီးဆုံးသမီးဖြစ်သော်လည်း သူမတွင် အာဏာမရှိပေ။ သူမနှင့် သိသူများမှာလည်း ချမ်းသာသော မိသားစုများ၏ သမီးများသာဖြစ်ကာ အခြားဘယ်သူမှမရှိချေ။ ကုမ္ပဏီရှိလူများသည် သူမကို ယဉ်ကျေးစွာပြောဆိုကြသော်လည်း သူမ စကားကိုမူ နားမထောင်ကြပေ။ ယခုလည်း သူမသည် ဝေ့ထင် ဘယ်သွားမှန်း မေးချင်မိသည်။ သို့သော် ထိုလက်ထောက်သည် သူမအား မပြောပြချေ။ သူမ အတတ်နိုင်ဆုံး အကောင်းဆုံးရှေ့နေကို ရှာဖွေရန် ကြိုးစားနေပြီဖြစ်သည်။ လှည့်ပတ်အကူအညီတောင်းခဲ့သော်လည်း အမေဝေ့ကို မကယ်နိုင်သေးပေ။အမေဝေ့ကို ကယ်တင်ဖို့အတွက် အဖေဝေ့ကလည်း အပြင်မှာ လူရှာနေဆဲပင်။ ဤကိစ္စကို စောင့်ကြည့်နေသူတွေ ရှိနေကြောင်း ဝေ့ရွှယ် က


ပြောထားသည့်အတွက် သူလည်း ကြိုးစားရှာနေသော်ငြား အလုပ်မဖြစ်ပေ။


"စုမုန့် ရဲ့နောက်ကွယ်မှာ သူမ မသိခဲ့တဲ့ နောက်ခံသမိုင်းကြောင်းတွေများ ရှိနိုင်မလား... "


သို့သော် တွေးကြည့်လျှင် မဖြစ်နိုင်ပေ။ စုမုန့် သည် ရိုင်းစိုင်းသော မိန်းကလေးတစ်ယောက်သာဖြစ်သည်။ တစ်ချိန်က သူမသည် ဝေ့မိသားစုတွင် နှိမ့်ချသောဘဝဖြင့် နေထိုင်ခဲ့ပြီး သူမကို မည်သူမျှ ဂရုမစိုက်ခဲ့။ယခုလို အကောက်ကြံဖို့ စုမုန့် လျှို့ဝှက်ကြိတ်ကြံ နေတာလား...


ဝေ့ရွှယ် သည် ဆိုဖာပေါ်တွင် ထိုင်နေရင်း မျက်လုံးများနီရဲလာသည်။လောလောဆယ် ဤကိစ္စ၏ တစ်ကယ့်ဇစ်မြစ်အကြောင်းရင်းကို အမေဝေ့က ရှင်းပြခဲ့လျှင်၊ ရဲများသည် သဲလွန်စများနောက်ကို လိုက်ကာ နောက်ဆုံး သူမဆီရောက်လာမည်ကို အစိုးရိမ်ဆုံးပင်။ အချိန်အတော်ကြာစဉ်းစားပြီးနောက် ကျိုးကျာကို ရှာဖို့ကြိုးစားတာကလွဲ၍ သူမမှာ ရွေးချယ်စရာမရှိမှန်း သိလိုက်ရ၏။ ကျိုးကျာ မှာအရည်အချင်းအများကြီးမရှိသော်လည်း ဖျားနေသည့် သေခါနီးအစ်ကိုကြီးမှာတော့ အကြံကောင်းများထွက်နိုင်သည်။ အနည်းဆုံး သူသည် ကျိုးမိသားစု၏ သခင်လေးဖြစ်၍  ဘာပဲဖြစ်ဖြစ် သူမထက် သာ၏။ထို့သို့တွေးရင်း သူမဖုန်းကို အမြန်ထုတ်ပြီး ကျိုးကျာကို ဖုန်းခေါ်လိုက်သည်။


 "ဟဲလို" 


တစ်ဖက်က ကျိုးကျာ ၏လေသံမှာ တိုးလျလွန်းနေ၍ တစ်ခုခုဖြစ်နေမှန်းသိသာသည်။ ဝေ့ရွှယ် စိုးရိမ်နေတာကြောင့် ဘာမှ ထူးထူးခြားခြား သတိမထားမိပေ။ ကျိုးကျာ အသံကို ကြားကြားချင်းပင်..


"အဟင့်...အဟင့်..ကျာကျာ ငါ့မှာ ရွေးစရာလမ်းမရှိဘူး...အခု နင့်ရဲ့အကူအညီကိုပဲ ငါတောင်းလို့ရတယ်"


 "ဘာဖြစ်လို့လဲ"


"ငါ့အမေကို စုမုန့် က ရဲစခန်းကို ခေါ်သွားတယ်...ပြီးတော့ အမေ့ကို ငါးနှစ် ထောင်ချမယ်လို့လည်း ရဲတွေက ပြောတယ်...ငါ ရှေ့နေတွေ လိုက်ရှာပေမယ့်လည်း အဆင်မပြေပါဘူး... သူတို့က သူမကို လွှတ်ထားမှာ မဟုတ်ဘူး...နင် ငါ့ကို ကူညီပါဟာ"


ဝေ့ရွှယ် ခခယယ တောင်းဆိုလိုက်လေသည်။



xxxxx