Chapter 112
လင်းလော့ချင်းက ရက်အနည်းငယ်ကြာအောင် စောင့်ကြည့်နေခဲ့ပြီး လင်းဖေးက ကျောင်းအသစ်နှင့် နေသားကျသွားသည်ကို တွေ့လိုက်ရသည့်အခါ စိတ်သက်သာရာရသွားပြီး ရိုက်ကူးရေးကို ပြန်အာရုံစိုက်လိုက်သည်။
မာပေါ်ကျုံးက သူ့ကို ဂရုစိုက်ပုံပေါ်လေသည်။
ရိုက်ကူးရေးပြီးတိုင်း သူက လင်းလော့ချင်းကို ခေါ်တွေ့လေ့ရှိပြီး လမ်းညွှန်ပေးလေ့ရှိလေသည်။ လင်းလော့ချင်းကလည်း မာပေါ်ကျုံး၏ဂရုစိုက်မှုကို ခံစားမိပြီး ကျေးဇူးတင်မိလေသည်။
ယောင်မော့မော့က ယင်းကို အနည်းငယ် အားကျနေ၏။
"ဆရာမာက ငါ့ကိုတော့ စကားသိပ်မပြောဘူး..."
"ငါ့ကိုရောပဲ..."
လီဟန်ဟိုင်းလည်း သဘောတူလိုက်သည်။
သူတို့သုံးယောက်က သိကျွမ်းလာကြပြီး ရံဖန်ရံခါ အုပ်စုဇာတ်၀င်ခန်းများပြီးတိုင်း စကားစမြည် ပြောလေ့ရှိလေသည်။
"ငါတို့ သရုပ်ဆောင်စွမ်းရည်က သာမာန်ဖြစ်လို့ဖြစ်မယ်..."
ယောင်မော့မော့ ပြောလိုက်သည်။
"ငါသာ ဆရာဆိုရင် တော်တဲ့ကျောင်းသားတွေကို ပိုကြိုက်မှာပဲ..."
လီဟန်ဟိုင်းက ထိုသို့မတွေးပေ။ မာပေါ်ကျုံးက မတူညီသည့်လူများကို မတူညီသည့်သရုပ်ဆောင်စွမ်းရည်များ ပြသလေ့ရှိလေသည်။ သူက လင်းလော့ချင်းနှင့် သရုပ်ဆောင်လျှင် လေးနက်စွာ သရုပ်ဆောင်ပြီး သူ(လီဟန်ဟိုင်း)၊ ယောင်မော့မော့တို့နှင့်သရုပ်ဆောင်လျှင် အမြန်အလုပ်ဆင်းချင်နေသလို သရုပ်ဆောင်လေသည်။
ဒါရိုက်တာကျန်းကလည်း ယင်းကို သတိထားမိပြီး မာပေါ်ကျုံးကို ပါးနပ်စွာ ပြောလိုက်သည်။
"ရှောင်ယောင်နဲ့ရှောင်လီက ငယ်သေးလို့ သရုပ်ဆောင်စွမ်းရည် မပြည့်၀ကြသေးဘူး...ဆရာမာ စိတ် မရှိရင် သူတို့အတွက် အချိန်ပေးနိုင်မလား...သူတို့ တိုးတက်လာကြမှာပါ..."
မာပေါ်ကျုံးက သာမာန်ကာလျှံကာ ပြန်ဖြေလိုက်သည်။
"ကောင်းပြီ..."
သို့သော် သူ့စိတ်ထဲတွင်မူ သူတို့ကို အထင်သေးနေလေသည်။
ယောင်မော့မော့နဲ့ လီဟန်ဟိုင်းရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကြည့်ဦး...သူသာ သူတို့ကို အချိန်ပေးလိုက်ရင် တစ်နေ့လုံး ဘာမှလုပ်ရမှာတောင် မဟုတ်ဘူး...
သူက ပိုက်ဆံကြောင့် ဒီဒရမ်မာကို လာရိုက်နေတာ...ပရဟိတ လာလုပ်နေတာမဟုတ်ဘူး...
ထိုသို့တွေးပြီးနောက် လင်းလော့ချင်းကို သတိရသွားလေသည်။
ဒီအဖွဲ့ထဲ လင်းလော့ချင်းကပဲ အံ့ဩစရာကောင်းတယ်...
"ရှောင်လင်း အလုပ်များနေလားသွားကြည့်...သူ အလုပ်မများရင် နောက်ရိုက်မဲ့ ဇာတ်၀င်ခန်းအတွက် ငါနဲ့ဒိုင်ယာလော့အတူ လေ့ကျင့်မယ်လို့..."
မာပေါ်ကျုံးက လက်ထောက်ကို ပြောလိုက်သည်။
လင်းလော့ချင်းက လီဟန်ဟိုင်း၊ ယောင်မော့မော့တို့နှင့် စကားစမြည်ပြောနေခိုက် မာပေါ်ကျုံး၏ လက်ထောက်ရောက်လာပြီး နောက်ရိုက်မည့်ဇာတ်၀င်ခန်းအတွက် ဒိုင်ယာလော့အတူ လေ့ကျင့်မည်လားဟု မေးလာလိုက်သည်။
လင်းလော့ချင်းက မငြင်းဆန်ခဲ့ပေ။ သူက လီဟန်ဟိုင်းနှင့်ယောင်မော့မော့ကို ပြောလိုက်၏။
"ဒါဆို မင်းတို့ အချင်းချင်း လေ့ကျင့်နေကြ...ငါ ဆရာမာဆီ အရင်သွားလိုက်မယ်..."
လီဟန်ဟိုင်းနှင့် ယောင်မော့မော့က မာပေါ်ကျုံးနှင့် ယှဉ်ပြိုင်ရန် မကြိုးစားချင်ပေ။
"သွားလေ..."
လင်းလော့ချင်း ထွက်သွားပြီးနောက် သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
"ဆရာမာက ငါ့ကို ဘယ်တော့မှ စမခေါ်ဖူးဘူး..."
လီဟန်ဟိုင်း ပြောလိုက်သည်။ သူက ဒရမ်မာထဲတွင် မာပေါ်ကျုံး၏သားအဖြစ် သရုပ်ဆောင်ရသော်လည်း ထိုသို့ဆက်ဆံမှုမျိုးကို မခံဖူးပေ။
"ငါရောပဲ..."
ယောင်မော့မော့လည်း ပြောလိုက်သည်။
ထို့နောက် တစ်ယောက်ကို တစ်ယောက် ပြုံးပြလိုက်ပြီး သက်ပြင်းကိုယ်စီ ချလိုက်သည်။
မာပေါ်ကျုံး၏စွမ်းရည်က သိသာထင်ရှားလေသည်။ ထိုစွမ်းရည်ကြောင့် သူတို့ မည်မျှထိခိုက်ခဲ့ရကြောင်းကို ပြောရန် မဖြစ်နိုင်ပေ။ တစ်ဖက်လူက စီနီယာဖြစ်ပြီး သူ့အတွက်မူ အများနှင့် လိုက်လျောညီထွေဖြစ်စွာ သရုပ်ဆောင်စရာ မလိုပေ။ သူတို့ကို လမ်းညွှန်ပေးရန်၊ သည်းခံပေးရန်လည်း မလိုပေ။
လင်းလော့ချင်းက သူတို့ကို အမြဲသင်ပြပေးနေခြင်းကြောင့် သူတို့ တိုးတက်လာကြသည်ဟု ခံစားရပြီး ကြိုးစားနေသရွေ့ အခြားလူများ၏အသိအမှတ်ပြုမှုကို ရရှိနိုင်မည်ဟု မျှော်လင့်ထားကြလေသည်။ သို့သော် မာပေါ်ကျုံး၏လက်ရှိလုပ်ရပ်များက သူတို့အပေါ် ရေအေးလောင်းချလိုက်ခြင်းနှင့် တူလေသည်။
သူတို့ မည်မျှပင် ကြိုးစားနေပါ့စေ၊ လူအများစုက ရလဒ်ကိုသာ ကြည့်ကြမည်ဖြစ်သည်။
“ဆရာရှောင်လင်းက အရမ်းတော်တယ်..."
ယောင်မော့မော့ သက်ပြင်းချလိုက်သည်။
လင်းလော့ချင်းက သူတို့၏ အားထုတ်မှုများကို မြင်ရုံသာမက သူတို့ကို အားပေးချီးမွမ်းပေးလေသည်။
"ဒီလိုလူက အရမ်းရှားတယ်..."
လီဟန်ဟိုင်း ခေါင်းငြိမ့်လိုက်သည်။ သူတို့က တူညီသောအသက်အရွယ်တွင် ရှိသည့်သရုပ်ဆောင်များဖြစ်ပြီး အပြိုင်အဆိုင် ဆက်ဆံရေးဖြစ်ကြောင်း သံသယဖြစ်စရာပင် မလိုချေ။
သို့သော် လင်းလော့ချင်းက သူတို့၏လှုပ်ရှားမှုနှင့်ဟန်ပန်အမူအရာများကို စိတ်ရှည်လက်ရှည် ထပ်ခါတလဲလဲ သင်ပြညွှန်ကြားပေးလေသည်။ ယင်းက ပရဟိတလုပ်နေသည်ဟုပင် ပြော၍ ရပေသည်။
"သွားကြစို့...ငါတို့လည်း ငါတို့ဖာသာ လေ့ကျင့်သင့်တယ်..."
လီဟန်ဟိုင်း ပြောလိုက်သည်။
"ဟုတ်တယ်..."
ယောင်မော့မော့လည်း နေရာမှ ထလိုက်ပြီး လီဟန်ဟိုင်းနောက် လိုက်သွားလိုက်သည်။
ရှစ်ကျန်းက အားလပ်ချိန်တွင် လင်းလော့ချင်းကို ရှာဖွေလိုက်သောအခါ လင်းလော့ချင်းက နေရာတွင်မရှိပေ။
သူက ပတ်ပတ်လည်ကို ရှာကြည့်လိုက်သောအခါ ထိုင်နေပြီး အလုပ်ရှုပ်နေပုံရသည့် ဝူရှင်းယွမ်ကိုတွေ့လိုက်ရလေသည်။
"လော့ချင်း ဘယ်ရောက်နေလဲဗျ..."
ရှစ်ကျန်း မေးလိုက်သည်။
ဝူရှင်းယွမ်ကို အီးမေးလ်တစ်စောင်ကို ဖြေကြားနေပြီး ရှစ်ကျန်းမေးသောအခါ ဖြေလိုက်သည်။
"ဆရာမာက သူ့ကိုခေါ်လို့...ဆရာမာနဲ့အတူ လေ့ကျင့်နေတယ်...''
ရှစ်ကျန်းက တစ်ခဏခန့် တိတ်ဆိတ်သွားပြီး ဝူရှင်းယွမ်ကို မေးလိုက်သည်။
"ဆရာမာက လော့ချင်းကို တန်ဖိုးထားပုံပဲ..."
ထိုစကားကို ကြားသောအခါ ဝူရှင်းယွမ်က လင်းလော့ချင်းအတွက် ဂုဏ်ယူမိသွားလေသည်။
"ဟုတ်လောက်မယ်...လော့ချင်းရဲ့သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတာလေ.ဆရာမာက အဲ့ဒါကို သိပြီး လော့ချင်းနဲ့ တစ်ခါတစ်လေအတူလေ့ကျင့်ကြတယ်လေ..."
"ကျွန်တော် သိပြီ..."
ပြောပြီးနောက် ရှစ်ကျန်းက လှည့်ထွက်သွားလိုက်သည်။
ဝူရှင်းယွမ်က ရှစ်ကျန်းကျောပြင်ကို ကြည့်ကာ လွန်ခဲ့သည့်ရက်က စုံစမ်းခဲ့သည့် ရှစ်ကျန်း၏အတိတ်ကို ပြန်တွေးမိသွားလေသည်။
ရှစ်ကျန်းရဲ့ ကိုယ်ရည်ကိုယ်သွေးက အရမ်းကောင်းတယ်...သရုပ်ဆောင်စွမ်းရည်ကလည်း ကောင်းတယ်...သူ့မိဘတွေကတော့ သာမာန်ပဲ...သူတို့က ကွာရှင်းထားပြီး မိသားစုအသစ်တွေ၊ ကလေးအသစ်တွေနဲ့ ဖြစ်နေပြီ...မိဘတွေက အသက်ရှင်လျက် ရှိသေးပေမဲ့ ရှစ်ကျန်းက တစ်ယောက်တည်းပဲနေတယ်...သူက အရမ်းဒဏ်ခံနိုင်တယ်...
မတော်တဆတစ်ခုခုသာ မရှိခဲ့ဘူးဆိုရင် လင်းလော့ချင်းက ရှင်းရီနာမည်အောက်မှာ ရှစ်ကျန်းနဲ့ စာချုပ်ချုပ်လောက်တယ်...
'ရေစက်ကောင်းပဲ...'
ဝူရှင်းယွမ် တွေးလိုက်သည်။
ဖျော်ဖြေရေးနယ်ပယ်တွင် အမည်မသိ သရုပ်ဆောင်များစွာ ရှိသော်လည်း ရှစ်ကျန်းက လင်းလော့ချင်းနှင့်တွေ့ဆုံခဲ့ပြီး လင်းလော့ချင်းကလည်း တစ်ဖက်လူကို ကူညီပေးရန် ဆန္ဒရှိလေသည်။ ဤသို့ဖြင့် ရှစ်ကျန်း၏လမ်းကြောင်းက အခြားလူများနှင့် သဘာ၀ကျစွာ ကွဲထွက်သွားမည်ဖြစ်သည်။
ရှစ်ကျန်းက အဝေးသို့ ထွက်မသွားပေ။ သူက မာပေါ်ကျုံး အနားယူသည့်ဧရိယာသို့ သွားလိုက်သည်။
သရုပ်ဆောင်များ အနားယူနိုင်ရန်အတွက် ပုံသေ နားနေဆောင်များ မရှိပေ။ အဖွဲ့က ရံဖန်ရံခါ၌ အဓိကဇာတ်ဆောင်များအတွက် တဲများစီစဉ်ပေးလေ့ရှိသည်။ ဤသို့ဖြင့် သူတို့က နားနေဆောင်များ သို့မဟုတ် ကားဆီသို့ ပြန်မနားချင်သည့်အခါ ယင်းတို့က အဆင်ပြေစေလေသည်။ တဲထဲ၌ ပြုမူလုပ်ဆောင်ချက်များကို အပြင်လူများက မမြင်နိုင်ပေ။
ရှစ်ကျန်းက ယခု အားလပ်နေသောကြောင့် မာပေါ်ကျုံး၏တဲအနီးရှိ ၀န်ထမ်းများနှင့် စကားပြောနေပြီး ရွက်ဖျင်တဲဆီသို့ လှမ်းလှမ်းကြည့်နေလေ့ရှိသည်။
မာပေါ်ကျုံးနှင့် လင်းလော့ချင်းက တဲထဲတွင် လေ့ကျင့်နေကြလေသည်။
သူတို့ လေ့ကျင့်ပြီးသောအခါ လင်းလော့ချင်းက မာပေါ်ကျုံးကို ကြည့်လိုက်သည်။ ထိုအခါ မာပေါ်ကျုံးက ခေါင်းငြိမ့်လိုက်ပြီး စိတ်ကျေနပ်စွာ ပြောလိုက်သည်။
"ကောင်းတယ်..."
"ကျေးဇူးတင်ပါတယ်..."
လင်းလော့ချင်း ပြုံးလိုက်၏။
သူ့အပြုံးက လှပပြီး နွေဦးနေရောင်ခြည်လေးသဖွယ် နွေးထွေးပြီး ဖြူစင်လေသည်။
မာပေါ်ကျုံးက လင်းလော့ချင်းကို ကြည့်ကာ မေးလိုက်၏။
"မင်းက ဒါပြီးရင် ဘာဆက်လုပ်မှာလဲ..."
"ကျွန်တော် အခုထိ ဇာတ်လမ်းကို မရွေးရသေးဘူး..."
"ဒါဆို မလောနဲ့...ဇာတ်လမ်းကို သေချာရွေး..."
"ဟုတ်ကဲ့..."
"ဒါပေမဲ့ မင်းရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ဆို အိုင်ဒေါလ်ဒရမ်မာတွေ ဆက်ရိုက်နေစရာ မလိုဘူး...ရုပ်ရှင်တွေထဲ ၀င်ရိုက်ကြည့်..."
"ကျွန်တော့်မှာ အခွင့်အရေး ရှိလာရင် ကျွန်တော် ရိုက်မှာပါ..."
လင်းလော့ချင်းက ရိုးသားစွာ အဖြေပြန်ပေးလိုက်သည်။
"ကောင်းတယ်..."
မာပေါ်ကျုံး၏မျက်နှာထက်၌ အပြုံးပြေပြေလေးတစ်ပွင့် ပေါ်လောလေသည်။
သူက လင်းလော့ချင်းကို ကြည့်လိုက်သည်။
အမှန်ဆိုလျှင် လင်းလော့ချင်းက သူ့အား အရင်းအမြစ်အချို့ကို အကြံပြုခိုင်းသင့်သော်လည်း လင်းလော့ချင်းက ထိုသို့မတောင်းဆိုပေ။ သူက တောက်ပသန့်ရှင်းဖြူစင်စွာသာ ရပ်နေလေသည်။
ဒါက သူကြိုက်တဲ့ ပုံစံပဲ...
"တကယ်လို့ ငါ့မှာ သင့်တော်တဲ့အရင်းအမြစ်တွေ ရှိလာရင် မင်းကို အကြံပြုပေးမယ်..."
"တကယ်လား...ကျေးဇူးတင်ပါတယ်..."
"ရပါတယ်..."
သူက လင်းလော့ချင်းနှင့် စကားအနည်းငယ် ဆက်ပြောနေစဉ် လင်းလော့ချင်း၏ဖုန်းက အချက်ပေးသံမြည်လာလေသည်။ ကျိယွီရှောင်က Wechatမက်ဆေ့ခ်ျ ပို့လာခြင်းဖြစ်၏။
လင်းလော့ချင်းက ဖုန်းကို ကြည့်လိုက်ကာ စာပြန်ရန် ထွက်သွားချင်လေသည်။ ထို့ကြောင့် မာပေါ်ကျုံးကို ပြောလိုက်၏။
"ဆရာမာ တခြားထပ်မရှိတော့ရင် ကျွန်တော် အရင်ဆုံး ထွက်သွားလို့ရမလား...ကျွန်တော့်မှာ လုပ်စရာလေး ရှိနေလို့ပါ..."
"ငါ မင်းကို လိုက်ပို့ပေးမယ်..."
"လိုက်ပို့ပေးစရာ မလိုပါဘူးဗျ..."
သို့သော် မာပေါ်ကျုံးက သူ့ကို တဲအပြင်ထိ လိုက်ပို့ပေးလေသည်။
ရှစ်ကျန်းက ၀န်ထမ်းများနှင့် ယခင်နေ့များမှ စိတ်၀င်စားဖွယ် အဖြစ်အပျက်များအကြောင်း ပြောနေလေသည်။ သူက လင်းလော့ချင်း တဲထဲမှ ထွက်လာသည်ကို မြင်သောအခါ သဘာ၀ကျစွာ အိတ်ကပ်ထဲမှ စီးကရက်ဘူးကို ထုတ်လိုက်ပြီး သူ့ရှေ့မှ ၀န်ထမ်းကို တစ်လိပ်ပေးလိုက်ကာ သူလည်း တစ်လိပ်ယူလိူက်သည်။ ထို့နောက် ခေါင်းငုံ့ကာ မီးခြစ်ဖြင့် စီးကရက်မီးညှိလိုက်၏။
သူက ထိုလှုပ်ရှားမှုကို သုံး၍ လင်းလော့ချင်းကို ကြည့်နေလေသည်။ သူက မာပေါ်ကျုံး၏မျက်နှာပေါ်မှ အပြုံးနှင့် လင်းလော့ချင်းအပေါ် တန်ဖိုးထားမှုများကို မြင်နေရလေသည်။
လင်းလော့ချင်းက ဘေးတိုက်ရပ်နေပြီး တင့်တယ်သော သစ်ပင်သဖွယ် ဖြစ်နေလေသည်။ သူ့၏ အကိုင်းအခက်များက မများပြားသော်လည်း သူ့ပတ်ပတ်လည်တွင် နေရောင်ဖြာကျနေ၏။
ရှစ်ကျန်းက မီးခြစ်ကို ဘောင်းဘီအိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး စီးကရက်ကို ကိုက်လိုက်ကာအိတ်ကပ်ထဲ လက်ထည့်လိုက်သည်။
၀န်ထမ်းများက စကားပြောနေဆဲဖြစ်ပြီး ရှစ်ကျန်းက ပါ၀င်ပူးပေါင်းနေသော်လည်း စိတ်ထဲကမူအခြားတစ်ခုကို တိတ်တဆိတ်တွေးနေလေသည်။
စီးကရက်ငွေ့များက ဖွာတက်လာပြီး မီးစက ပိုရဲလာ၏။
.......
ဆောင်းရာသီရောက်လုနီးပြီဖြစ်သည်။
လင်းလော့ချင်းက နားနေဧရိယာသို့ ပြန်လာသောအခါ ယောင်မော့မော့နှင့် လီဟန်ဟိုင်းက ထွက်သွားပြီဖြစ်ပြီး ကျန်းချွမ်၊ စုယင်နှင့် ဝူကျားတို့ကလည်း မရောက်ကြသေးပေ။
ထို့ကြောင့် သူက ကျိယွီရှောင်နှင့် ဖုန်းပြောရန် အချိန်ကောင်းဖြစ်နေလေသည်။
"အလုပ်များနေလား..."
ကျိယွီရှောင်မေးလိုက်သည်။
"ဒီအချိန်က ငါ့ရဲ့အလုပ်များတဲ့အချိန်ဇယားထဲက အနားယူချိန်ပဲ..."
လင်းလော့ချင်းက တဲထဲ ၀င်လိုက်သည်။
"အခုတလော ရာသီဥတုက ပြောင်းလဲလာပြီ...နွေးထွေးအောင်နေ...အင်္ကျီများများ၀တ်...အအေး မမိစေနဲ့..."
"အဲ့ဒါက ငါပြောရမဲ့ စကားပါ...ရိုက်ကူးရေးလုပ်ရင် ဂရုစိုက်...မင်းကိုယ်မင်း အအေးခံမနေနဲ့..."
"စိတ်မပူပါနဲ့...ငါ အဲ့လိုမလုပ်ပါဘူး..."
လင်းလော့ချင်းက လက်ထောက်ကို ရေနွေးတစ်ခွက် ယူလာပေးရန် တောင်းဆိုလိုက်၏။ သူက ကျိယွီရှောင်နှင့် ရေနွေးသောက်ရင်း စကားဆက်ပြောနေလေသည်။
ပိုမို အေးလာမည့် ဒီဇင်ဘာလကုန်သို့ ရောက်သောအခါ ရိုက်ကူးရေးလည်း ပြီးလောက်ပြီဖြစ်သည်။
ထိုအခါ သူက ကျိယွီရှောင်နှင့်အတူ နှစ်သစ်ကူးနေ့ကို ကျင်းပနိုင်ပေသည်။
"မင်း ဒီတစ်ပတ်လာဦးမှာလား..."
သူက ကျိယွီရှောင်ကို မေးလိုက်သည်။
"ငါ့ကို လာစေချင်လို့လား..."
"ဟမ်...ငါ မင်းကို မလာစေချင်ရင် မင်း မလာတော့ဘူးလား..."
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"ဒါဆို ဘာလို့မေးနေသေးလဲ..."
"ငါက မင်းပြောတာလေးကို ကြားချင်လို့ပါ..."
"အာ..."
လင်းလော့ချင်းက တိုးတိုးပြောလိုက်သည်။
"ဒါဆို မင်းလာခဲ့...ငါ မင်းကို တကယ်လာစေချင်တယ်..."
ထို့နောက် လင်းလော့ချင်းက ရယ်မောလိုက်သည်။
ကျိယွီရှောင်က လင်းလော့ချင်းကို မမြင်ရသော်လည်း လင်းလော့ချင်း၏လက်ရှိဖြစ်နေမည့်ပုံစံကို စိတ်ကူးနိုင်ပေသည်။
"ကောင်းပြီ..."
သူ နူးညံ့စွာ ပြောလိုက်သည်။
သူတို့က ချိုမြိန်စွာ စကားပြောနေစဉ်ကျစဉ် ခြေသံများ ထွက်ပေါ်လာပြီး တဲအပြင်မှ ကျန်းချွမ်အသံကို ကြားလိုက်ရလေသည်။
"လော့ချင်း မင်းဒီမှာလား..."
လင်းလော့ချင်းက ဆက်သွယ်မှုကို အမြန်အဆုံးသတ်လိုက်ပြီး သင်ခန်းစာအသစ်ပေးလိုက်သည်။
ဆရာဖြစ်ရတာ ခက်ခဲလိုက်တာ...ကောင်းကောင်း သင်ပေးချင်တဲ့ ဆရာက ခက်ခဲတယ်...အချစ်မှာကျရှုံးချင်တဲ့ဆရာက ပိုတောင် ခက်ခဲသေး...
ဒီနေ့လည်း ဆရာလင်းက တာ၀န်ကျေပွန်နေပါတယ်...
.....
ရှစ်ကျန်းက ဟိုတယ်ခန်းထဲတွင် လှဲနေပြီး မီးမညှိထားသည့် စီးကရက်ကို ကိုက်ကာ အိပ်မပျော်နိုင်ဖြစ်နေလေသည်။
သူနှင့်အတူ အခန်းသုံးရသည့် ဇာတ်ပို့မင်းသားက ရေချိုးခန်းထဲမှ ထွက်လာသောအခါ ရှစ်ကျန်း၏ ထိုပုံစံကို မြင်လိုက်ရပြီး မေးလိုက်သည်။
"အစ်ကိုကျန်း ဘာတွေတွေးနေတာလဲ..."
"ဘာမှမတွေးပါဘူး..."
"ဒါဆို ကျွန်တော့်ကို စီးကရက်တစ်လိပ် ချေးလို့ရမလား..."
ရှစ်ကျန်းက အိတ်ကပ်ထဲမှ စီးကရက်ကို ထုတ်လိုက်ပြီး တစ်ဖက်လူကို ပေးလိုက်သည်။
ထိုအခါ တစ်ဖက်လူက မေးလာလေသည်။
"အစ်ကိုကျန်း စီးကရက် မသောက်ဘူးလား..."
ထိုအခါ ရှစ်ကျန်းက ပါးစပ်ထဲက စီးကရက်ကို ယူကြည့်လိုက်သည်။ စီးကရက်ပေါ််တွင် နက်ရှိုင်းသော ကိုက်ရာများ ရှိနေလေသည်။
'သနားစရာပဲ...သူက အစတုန်းက အခြားစီးကရက်တွေလို ပြီးပြည့်စုံခဲ့တာ...'
တစ်ဖက်လူက စီးကရက်ကို မီးညှိလိုက်ပြီး ရှစ်ကျန်းထံ မီးခြစ်ပစ်ပေးလိုက်သည်။
ရှစ်ကျန်းက သူ့လက်ထဲမှ စီးကရက်ကို စိုက်ကြည့်နေကာ အချိန်အတော်ကြာမှ မီးညှိလိုက်လေသည်။
'မဟုတ်ဘူး...သနားစရာ မဟုတ်ဘူး...အနည်းဆုံး ငါ ကြည့်နေတုန်းတော့ အဲ့လိုမဖြစ်ရဘူး...'
ဆောင်းရာသီရောက်ပြီမို့ နေက ပိုအဖိုးတန်လာတယ်...
ရှစ်ကျန်းက စီးကရက်ကို တိတ်တဆိတ် သောက်နေလိုက်သည်။
လင်းလော့ချင်းက သူ့ရှေ့မှ အလေးတုံးနှစ်တုံးကို ကြည့်ပြီး အံ့အားသင့်ကာ ပဟေဋ္ဌိဖြစ်နေလေသည်။
"ဒါက..."
"ဒါက မင်းအတွက်ပဲ..."
ရှစ်ကျန်းက လက်ခုပ်တီးလိုက်သည်။
"မင်းရဲ့ကိုယ်ခံပညာက ဝူကျစ်နဲ့ငါ့လောက်တောင် မကောင်းဘူးလို့ မင်းပြောဖူးတယ်လေ...အဲ့ဒါကို တွေးကြည့်လိုက်တော့ ဒါက မင်း အားမရှိလို့လို့ထင်တယ်...ဒီနေ့ကစပြီး ငါ မင်းကိုသန်မာအောင် လေ့ကျင့်ပေးမယ်..."
လင်းလော့ချင်း : 'ဟမ်...'
ရှစ်ကျန်းက လင်းလော့ချင်း၏ထိတ်လန့်နေသော အမူအရာကို မြင်သောအခါ ရယ်မောလိုက်သည်။
"ဘာလဲ...မင်း ကြောက်နေတာလား..."
လင်းလော့ချင်း ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး..."
ဒါက တကယ်အသုံး၀င်ပါ့မလား...
"မင်း မစမ်းကြည့်ရင် မင်းသိမှာ မဟုတ်ဘူး..."
ရှစ်ကျန်းက လင်းလော့ချင်း၏သံသယများကို ခံစားမိကာ ပြောလိုက်သည်။
"မင်းအတွက် လေ့ကျင့်ခန်းအစီအစဉ်ကို ငါ နောက်မှ စီစဉ်ပေးမယ်...အရင်လေ့ကျင့်ကြည့်ပြီးသက်ရောက်မှုကို ကြည့်ရအောင်...ဒါက မင်းရဲ့ကိုယ်ခံပညာအတွက် တကယ်အသုံး၀င်တယ်ဆို ငါတို့ ဆက်သွားကြမယ်...မဝင်ရင်တော့ ရပ်လိုက်ကြတာပေါ့..."
"ဟုတ်ကဲ့..."
သူက ထိုနယ်ပယ်တွင် အမှန်ပင် မသန်မာခဲ့ချေ။
ရှစ်ကျန်းက ကိုယ်ခံပညာသင်ဖူးပြီး သူ့ထက် သန်မာလေသည်။ သူက ဆွယ်တာပါး၀တ်ထားကာ လီဟန်ဟိုင်းအား ညွှန်ပြပေးနေသည့် ကိုယ်ခံပညာရှင်ကို ကြည့်လိုက်သည်။
တကယ် အစွမ်းထက်တာပဲ...
သူ တကယ် သန်မာဖို့ လိုနေပုံပဲ...
"ဒရမ်မာထဲက မင်းရဲ့ဇာတ်ကောင်ကလည်း လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့လူမလား...ဒါက မင်းရဲ့ဇာတ်ကောင်နဲ့ ပိုတောင် ကိုက်ညီလာဦးမယ်..."
ထိုစကားကို ကြားသောအခါ လင်းလော့ချင်းက မတုံ့ဆိုင်းတော့ပေ။
သရုပ်ဆောင်ကောင်းက ဇာတ်ကောင်အတိုင်း ဖြစ်သင့်တယ်...
"ဒီလိုဆို အစ်ကိုကျန်းကိုပဲ ဒုက္ခပေးရတော့မှာပဲ..."
"ရပါတယ်...ဒါကို အရမ်းစမ်းကြည့်...မင်းအတွက် လေးနေလား မလေးဘူးလားလို့...ဒါတွေက ငါသုံးနေတဲ့ဟာတွေ...မင်းအတွက် လေးနေရင် ငါ ဒီထက်ပေါ့တဲ့ဟာပြောင်းပေးမယ်..."
ပြောပြီးနောက် လင်းလော့ချင်းက အလေးတုံးကို ယူလိုက်ပြီး အပေါ်အောက် မလိုက်သည်။
သူ့အမူအရာက တည်ငြိမ်နေလေသည်။
"ဒီလိုလား..."
အလေးတုံးတွေကို ဒီလို မရတာမလား...
ရှစ်ကျန်း :"..."
ရှစ်ကျန်းက နောက်တစ်တုံးပေးလိုက်သောအခါ လင်းလော့ချင်းက ပေါ့ပေါ့ပါးပါး မနေပြန်သည်။
ရှစ်ကျန်း :"..."
'ဘုရားရေ...သူက ဘာလို့ ဒီလောက်အားရှိရတာလဲ...အားတွေကို (အရိုးထဲမှာ)၀ှက်ထားတာလား...
.......
စာရေးသူမှာ ပြောစရာရှိပါတယ်...
ရှစ်ကျန်း : မင်းရဲ့ လက်မောင်းသေးသေးလေးတွေက တော်တော်သန်မာတာပဲနော်...
လင်းလော့ချင်း : မဟုတ်ရင် ဘယ်လိုလုပ် ကျွန်တော့်ယောကျာ်းကို သယ်ပြီး လှေကားပေါ် တက်နိုင်မှာလဲ...
မစ္စတာကျိ : ငါ အရှက်မကွဲချင်ဘူး...
လင်းလော့ချင်း : [ချော့နေ...ချော့နေ...]