Chapter 113
“မင်းက အရမ်းမိုက်တာပဲ...”
ရှစ်ကျန်း အားပေးလိုက်သည်။
"အရင် လေ့ကျင့်ထား...ဒီနေ့ မင်းအတွက် အထူးအစီအစဉ်ဆွဲပေးမယ်...မင်းသာ စနစ်တကျ လေ့ကျင့်နေရင် အစီအစဉ်ပြီးတာနဲ့ မင်းခွန်အားတွေ တိုးလာမှာပဲ..."
"ဟုတ်ကဲ့..."
လင်းလော့ချင်းက နာခံစွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကျန်း..."
"ရပါတယ်..."
ရှစ်ကျန်း ပြုံးလိုက်၏။
လင်းလော့ချင်းက ရှစ်ကျန်းနှင့် ၀တ်ကျေတန်းကျေ သဘောတူလိုက်ခြင်း မဟုတ်သောကြောင့် အားလပ်ချိန်တိုင်းတွင် အလေးမနေလေသည်။
လီဟန်ဟိုင်းနှင့်ကျန်းချွမ်က အလေးမနေသည့် လင်းလော့ချင်းကို မြင်သောအခါ ထိတ်လန့်သွားကြလေသည်။
"မင်း ဘာလုပ်နေတာလဲ..."
"အစ်ကိုကျန်းက ပြောတယ်...ဒီလိုလုပ်ရင် တိုက်ခိုက်တဲ့ဇာတ်၀င်ခန်းက ပိုကြည့်ကောင်းလာမှာတဲ့..."
လင်းလော့ချင်းက ဖုံးကွယ်မထားပေ။
"ငါ့လှုပ်ရှားမှုတွေက အစ်ကိုကျန်းလောက် မကောင်းဘူးမလား...အဲ့ဒါကြောင့် သူ ဘယ်လိုလေ့ကျင့်ခဲ့လဲ မေးခဲ့တာ..."
စာပေဒရမ်မာတွင် သရုပ်ဆောင်နေသည့် လီဟန်ဟိုင်းနှင့် ကျန်းချွမ် :"..."
မင်းအေ့ဂျင်က မင်း ဒီလိုလုပ်နေတာကို သိရဲ့လား...
သူတို့က ဝူရှင်းယွမ်ကို ကြည့်လိုက်သောအခါ ဝူရှင်းယွမ်၏မျက်နှာထက်မှ ချစ်ခင်ဂုဏ်ယူမှုများကို တွေ့လိုက်ရလေသည်။
ဟုတ်တယ်...သူ သိရုံတင်မဟုတ်ဘူး...ဂုဏ်လည်း ဂုဏ်ယူတယ်...
ထူးချွန်ထက်မြက်ပြီး ကြိုးစားနေတဲ့ လင်းလော့ချင်းကို ဘာလို့ ဂုဏ်မယူရမှာလဲ...
ယင်းကို မြင်သောအခါ လီဟန်ဟိုင်းနှင့်ကျန်းချွမ်တို့က သူတို့လက်ထောက်များကို အားကစားပစ္စည်းအချို့ ၀ယ်ခိုင်းလိုက်လေသည်။
နေ့လည်၌ ရှစ်ကျန်းက လင်းလော့ချင်းကို အစီအစဥ်အချိန်ဇယားလာပို့ပေးသောအခါ အမျိုးသားဇာတ်ဆောင်၊ ဒုတိယအမျိုးသားဇာတ်ဆောင်၊ တတိယအမျိုးသားဇာတ်ဆောင်တို့က ဘေးချင်းကပ်ထိုင်ကာ အလေးမနေကြသည်ကို မြင်လိုက်ရသည်။
'ဒါက...'
အဲ့လောက် ကြိုးစားနေစရာ မလိုပါဘူး...
သူက လင်းလော့ချင်းအတွက် ဆွဲထားသည့် အချိန်ဇယားကို ပေးလိုက်သည်။ လင်းလော့ချင်းက ပိန်ပါးပြီး လေ့ကျင့်ခန်း များစွာ လုပ်ပုံမပေါ်သောကြောင့် သူက ပြေးခြင်း၊ ကြိုးခုန်ခြင်း၊ ဒိုက်ထိုးခြင်း၊ အလေးမခြင်း စသည့်လေ့ကျင့်ခန်းများကိုသာ စီစဉ်ပေးခဲ့လေသည်။
သူက လင်းလော့ချင်းကို အလွန် သန်မာမသွားစေချင်ပေ။ သူက အအေးဒဏ်ကို တောင့်ခံနိုင်သည့်အထိ သန်မာလျှင်ရပြီဖြစ်သည်။
လင်းလော့ချင်းက အချိန်ဇယားကို ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်ကဲ့..."
"အဖွဲ့မှာ gym ရှိတယ်...အချိန်တန်ရင် ငါတို့ အဲ့ကို သွားပြီး မင်းရဲ့အခြေအနေအရ လေ့ကျ့ခန်းကို အတိုးအလျှော့လုပ်မယ်...မင်း အလွန်အကျူး မလုပ်မိအောင် ငါထိန်းပေးမယ်..."
"အစ်ကိုကျန်းအတွက် ခက်ခဲစေမိပြီ..."
"အဆင်ပြေပါတယ်..."
ပြောပြီးနောက် ရှစ်ကျန်းက လုပ်စရာရှိသည့်အတွက် ထွက်သွားလေသည်။ သူက လင်းလော့ချင်းကို အချိန်ဇယား အပြေးလာပေးပုံပေါ်၏။
ဝူရှင်းယွမ်က ရှစ်ကျန်း၏နောက်ကျောကို ကြည့်လိုက်ပြီး အချိန်ဇယားကို ကြည့်လိုက်ကာ ရယ်မောလိုက်သည်။
"တော်တော်စိတ်အားထက်သန်နေတာပဲ..."
"ဟုတ်တယ်...အစ်ကိုဝူ ဘယ်လိုထင်လဲ...ပြဿနာမရှိရင် ကျွန်တော် သူ့ကို စာချုပ်ကိစ္စပြောလိုက်မယ်..."
"အင်း..."
"စာချုပ်ချုပ်ရင် အစ်ကိုဝူရဲ့လက်အောက်ကပဲ စာချုပ်ချုပ်ရအောင်...ကျွန်တော်နဲ့ကျိယွီရှောင်ရဲ့ဆက်ဆံရေးအကြောင်း သူ့ကို မပြောပြတော့ဘူး..."
"ငါ သိပါတယ်..."
မာပေါ်ကျုံးက တဲထဲမှ ထွက်လာပြီးနောက် ရာသီဥတုသာယာကြောင်း သိလိုက်ရသောအခါ အလိုအလျောက်လင်းလော့ချင်းကို တွေးမိသွားလေသည်။
နေ့လည်စာ စားချိန်တောင် ရောက်နေပြီ...လင်းလော့ချင်း စားပြီးပြီလား မသိဘူး...
ထို့ကြောင့် သူက လင်းလော့ချင်းဆီသို့ သူ့လက်ထောက်နှင့်အတူ ထွက်လာခဲ့လေသည်။
ထိုအချိန်တွင် လင်းလော့ချင်းက အလေးမနေလေသည်။ တိတိကျကျပြောရလျှင် ဇာတ်ညွှန်းဖတ်ကာ အလေးမနေခြင်းဖြစ်သည်။
သူက ညဘက်တွင် ပြေးခြင်း၊ ကြိုးခုန်ခြင်းများပြုလုပ်လေ့ရှိပြီး နေ့ဘက်တွင်မူ အားလပ်ချိန်တိုင်း အလေးမလေသည်။
ဝူရှင်းယွမ်က အလေးတုံးကို မကြည့်လိုက်သောအခါ လေးလံလွန်းသောကြောင့် ပြန်ချလိုက်ရလေသည်။
သူနဲ့လင်းလော့ချင်းလက်ထဲက အလေးတုံးက အလေးချိန် မတူဘူးလား...
လင်းလော့ချင်းက ဘာလို့အေးဆေးဖြစ်နေရတာလဲ...
လင်းလော့ချင်းက သူ့ထက် ပိုသန်မာတာလား...
မဖြစ်နိုင်တာ...လင်းလော့ချင်းက ဒီလောက် နူးညံ့တဲ့ဟာကို...
ဝူရှင်းယွမ်က မယုံကြည်နိုင်သောကြောင့် လင်းလော့ချင်းနှင့် အလေးတုံးလဲရန် လုပ်လိုက်သော်လည်း မာပေါ်ကျုံးရောက်လာသောကြောင့် အလေးတုံးကို ချကာ နှုတ်ဆက်လိုက်သည်။
မာပေါ်ကျုံးက ဝူရှင်းယွမ်နှင့် စကားပြောနေသော်လည်း သူ့အကြည့်များကမူ အလေးမနေသော လင်းလော့ချင်းအပေါ် ကျရောက်သွားလေသည်။
မာပေါ်ကျုံး : "!!!"
ဘာလို့ ရုတ်တရက်ကြီး အလေးမနေတာလဲ...
ဘယ်သူက သူ့ကို အလေးမခိုင်းတာလဲ...
မာပေါ်ကျုံးက မျက်မှောင်ကြုတ်သွားပြီး လင်းလော့ချင်းဆီသို့ အမြန်လျှောက်သွားလိုက်သည်။
"ရှောင်လင်း ဘာလုပ်နေတာလဲ..."
"လေ့ကျင့်ခန်း လုပ်နေတာပါ...ဆရာမာ ကျွန်တော့်ကို လာရှာတာလား..."
"ဟုတ်တယ်...နေ့လည်ရောက်ပြီလေ...နေ့လည်စာ အတူတူစားမလားလို့..."
မာပေါ်ကျုံးက လင်းလော့ချင်းလက်ထဲမှ အလေးတုံးများကို လျစ်လျူရှုရန် ကြိုးစားနေလေသည်။
"အာ...ကျွန်တော်က ဒီနေ့ လေ့ကျင့်ခန်း သိပ်မလုပ်ရသေးလို့ ပိုကြာကြာ လုပ်မလားလို့..."
လင်းလော့ချင်းက ရိုးသားစွာ အဖြေပြန်ပေးလိုက်သည်။
မာပေါ်ကျုံးက မကျေနပ်ပေ။
"ဘာလို့ လေ့ကျင့်ခန်း လုပ်နေတာလဲ...ဒီလိုလုပ်တာ မင်းအတွက် သိပ်မကောင်းဘူး...မင်း မလေ့ကျင့်သင့်ဘူး..."
လှပတဲ့ကောင်လေးက ဘာလို့အလေးမနေရတာလဲ...နေရောင်လို တောက်ပတဲ့ကောင်လေးကလေ့ကျင့်ခန်းလုပ်နေတော့ မသန့်ရှင်းတော့ဘူးလေ...
"လေ့ကျင့်ခန်း မလုပ်နဲ့တော့...နေ့လည်စာ သွားစားကြရအောင်..."
မာပေါ်ကျုံး ပြောလိုက်သည်။
"ကျွန်တော် မစားသေးဘူးဗျ...ဆရာမာ အရင်သွားစားလိုက်ပါ...ကျွန်တော် ဒါလေးလုပ်ပြီးမှ စားလိုက်မယ်..."
မာပေါ်ကျုံး :"..."
မာပေါ်ကျုံး၏မျက်နှာက ပျက်ယွင်းသွားပြီး လင်းလော့ချင်းကို လျစ်လျူရှုကာ ထွက်သွားလိုက်သည်။
မာပေါ်ကျုံး၏လက်ထောက်က လင်းလော့ချင်းကို ဖြောင်းဖြလိုက်သည်။
"ဆရာရှောင်လင်း...လေ့ကျင့်ခန်း မလုပ်ပါတော့နဲ့...ကျွန်တော်တို့ နေ့လည်စာ အတူစားကြရအောင်လေ..."
လင်းလော့ချင်းက မာပေါ်ကျုံး၏ဒေါသများကို ခံစားမိလေသည်။
ဘာလို့ ဒေါသထွက်သွားရတာလဲ...သူ လေ့ကျင့်ခန်းလုပ်မလုပ်က သူ့ကိစ္စမဟုတ်ဘူးလား...
ပြီးတော့ သူက နေ့လည်စာ အတူစားမယ်လို့ ကြိုပြောထားတာလဲ မဟုတ်ဘူး...
အဲ့ဒါကို ဘာလို့ ဒေါသထွက်သွားရတာလဲ...
မာပေါ်ကျုံး၏လက်ထောက်က လင်းလော့ချင်းကို သနားချင့်စဖွယ် ကြည့်လိုက်ပြီး တဖြည်းဖြည်းဝေးကွာသွားသည့် မာပေါ်ကျုံးနောက်သို့ ကူရာမဲ့စွာ ပြေးလိုက်သွားလေသည်။
လင်းလော့ချင်း :"..."
သူလည်း သနားစရာကောင်းပါတယ်နော်...
ဘာတွေ ဖြစ်သွားတာလဲ...
သူ ဘာအမှား လုပ်မိသွားလို့လဲ...
လင်းလော့ချင်းက မာပေါ်ကျုံးကို လျစ်လျူရှုလိုက်ပြီး ဇာတ်ညွှန်းဖတ်ကာ လေ့ကျင့်ခန်း ဆက်လုပ်နေလေသည်။
သူ လိပ်ပြာလုံတယ်...ထမင်းတစ်နပ်လေးပဲဟာ...
မလှမ်းမကမ်းမှ စောင့်ကြည့်နေသည့် ရှစ်ကျန်းက ယင်းကို မြင်သောအခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ထို့နောက် သူက လင်းလော့ချင်းနှင့်ဝူရှင်းယွမ်အတွက် ထမင်းဘူးလာယူသော ရှောင်၀မ်ကို တွေ့သောအခါ ကူသယ်ပေးလိုက်သည်။
လင်းလော့ချင်းက အလေးမပြီးနောက် တဲထဲသို့ ၀င်ထိုင်လိုက်ပြီး ထမင်းဘူးကို စောင့်နေလေသည်။
သူက ရှောင်၀မ်နှင့်ရှစ်ကျန်း အတူတူရောက်လာသည်ကို မြင်သောအခါ ရှစ်ကျန်းကို နေ့လည်စာအတူစားရန် ဖိတ်ခေါ်လိုက်သည်။
ရှစ်ကျန်းက ယင်းကို မငြင်းဆန်ခဲ့ပေ။
သူက လင်းလော့ချင်း၏ထမင်းဘူးကို ကြည့်လိုက်သောအခါ ဟင်းလေးခွက်နှင့် အရည်တစ်ခွက်ရှိပြီး အိမ်ချက်လက်ရာများဖြစ်ကာ စားချင့်စဖွယ် ကောင်းလေသည်။
လင်းလော့ချင်းလည်း ရှစ်ကျန်း၏ထမင်းဘူးကို ကြည့်လိုက်သောအခါ ဟင်းနှစ်ခွက်သာရှိပြီး အသားတစ်ခွက်နှင့် အသီးအရွက်တစ်ခွက်သာဖြစ်ပြီး ရိုးရှင်းလေသည်။
သူလည်း ထိုသို့သော ထမင်းဘူးမျိုးကို စားဖူး၏။ အရေးမကြီးသော ဇာတ်ပို့များအတွက် အဖွဲ့က ထမင်းကျွေးသည်ကပင် ကောင်းနေပြီ ဖြစ်လေသည်။
ဘာများထပ်တောင်းဆိုနိုင်မှာလဲ...
လင်းလော့ချင်းက သူ့ထဲမှ ကြက်သားအစပ်ကို ရှစ်ကျန်း၏ထမင်းဘူးထဲသို့ ထည့်ပေးလိုက်သည်။
ရှစ်ကျန်းက ငြင်းဆန်လိုက်၏။
"ရပါတယ်...ငါ မစားတော့ဘူး..."
"ကျွန်တော့်မှာ ရှိသေးတယ်...အစ်ကိုကျန်းလည်း တခြားဟင်းတွေ စားကြည့်သင့်တာပေါ့..."
ထိုစကားကို ကြားသောအခါ ရှစ်ကျန်းက သူ့ထမင်းဘူးထဲမှ ကြက်သားကို ကြည့်လိုက်ပြီး နှလုံးသားက နွေးထွေးသွားလေသည်။
သူက လင်းလော့ချင်းနှင့် ရင်းနှီးနေပြီဖြစ်သည့်အတွက် မယဉ်ကျေးတော့ပေ။
"ကျေးဇူးပါ..."
"ရပါတယ်..."
လင်းလော့ချင်း ပြုံးကာ ပြောလိုက်သည်။
ထို့နောက် သူတို့ နေ့လည်စာ စစားလိုက်ကြသည်။
လင်းလော့ချင်းက နေ့လည်စာစားနေစဉ် ရှစ်ကျန်းနှင့် စကားစမြည်ပြောနေ၏။
သူ တကယ် နားမလည်နိုင်ပေ။
"ဘာလို့ ဆရာမာက ဒေါသထွက်သွားရဝာာလဲ...ကျွန်တော်က သူ့ကို ငြင်းလိုက်လို့ စိတ်မကောင်းဖြစ်သွားတာ ဖြစ်နိုင်ပေမဲ့ ဒီလောက်ကြီး ဖြစ်သွားစရာမှ မလိုတာ...မသိရင် ကျွန်တော်ကပဲ အမှားလုပ်မိသွားသလိုပဲ..."
ဝူရှင်းယွမ် နှစ်သိမ့်ပေးလိုက်သည်။
"ဒါက မင်းရဲ့အမှား မဟုတ်ပါဘူး...ငါ စားပြီးရင် ဆရာမာနဲ့ စကားသွားပြောလိုက်မယ်...စိတ်မပူနဲ့..."
"ဟုတ်ကဲ့..."
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။ နောက်ဆုံးတွင် သူက စီနီယာသာဖြစ်ပြီး သူတို့ဆက်ဆံရေးကလည်း ကောင်းခဲ့သောကြောင့် တစ်ဖက်လူက သူ့အပေါ် မကောင်းသည့်အမြင် မရှိစေချင်ပေ။
"ဆရာမာမှာ ထူးခြားတဲ့စရိုက်ရှိတာပဲ..."
လင်းလော့ချင်းက ပါးနပ်စွာ ပြောလိုက်သည်။
ဝူရှင်းယွမ် ပြုံးလိုက်၏။
"သူက ဇွတ်တရွတ်နိုင်တယ်..."
ပြောပြီးနောက် သူက ရှစ်ကျန်းကို ကြည့်လိုက်သည်။
"မင်း အရင်က ဆရာမာနဲ့ အလုပ်လုပ်ဖူးလား..."
ရှစ်ကျန်းက ဆရာမာနှင့် အလုပ်အတူလုပ်ဖူးလေသည်။
လွန်ခဲ့သည့်လေးနှစ်၀န်းကျင်ဖြစ်ပြီး သူ ဖျော်ဖြေရေးလောကထဲ ၀င်ရောက်ခါစဖြစ်သည်။ သူက မာပေါ်ကျုံးပါ၀င်သော အဖွဲ့ထဲသို့ သူ့သူငယ်ချင်းနှင့်အတူ ပါ၀င်ဖူးလေသည်။ ထိုစဉ်က သူသည် ဖြတ်ေလျာက်သာသာလေးသာ ဖြစ်သောကြောင့် မာပေါ်ကျုံးက သူ့ကို မမှတ်မိပေ။
မာပေါ်ကျုံးက အမြဲတစေမတူညီသောလူများနှင့်ဆက်ဆံရာတွင် မတူညီသောနည်းလမ်းများကို သုံးလေ့ရှိလေသည်။ ထို့ကြောင့် မာပေါ်ကျုံးက သူကဲ့သို့သော ဇာတ်ကောင်လေးကို မှတ်မိရန် မဖြစ်နိုင်ပေ။
ရှစ်ကျန်း ခေါင်းညိတ်လိုက်သည်။
"အရင်တုန်းက ဆရာမာနဲ့အတူ ဇာတ်ကား အတူရိုက်ဖူးတယ်...ဒါပေမဲ့ အဲ့တုန်းက ဆရာမာနဲ့ ဇာတ်၀င်ခန်းမရှိခဲ့ဘူး...ပြီးတော့ ဆရာမာနဲ့ဆန့်ကျင်ဘက်မှာ သရုပ်ဆောင်ရတာဆိုတော့ ဆရာမာက ကျွန်တော့်ကို မသိလောက်ဘူး..."
လင်းလော့ချင်း အံ့ဩသွားသည်။
"ဒါဆို ကံကောင်းတာပေါ့...အစ်ကိုကျန်းတို့ ထပ်တွေ့ကြတာပေါ့..."
"ဟုတ်တယ်...ဒါပေမဲ့ ဆရာမာကတော့ အဲ့လိုတွေးမယ် မထင်ဘူး..."
လင်းလော့ချင်းက ရှစ်ကျန်းဆိုလိုချင်သည့် အဓိပ္ပာယ်ကို နားလည်လေသည်။ မာပေါ်ကျုံးက အမှန်ပင် ရှစ်ကျန်းကို သတိမရခဲ့ခြင်းဖြစ်သည်။
ငါကတော့ မင်းကို သိပေမဲ့ မင်းကတော့ ငါ့တည်ရှိမှုကိုတောင် မသိဘူး...ဒီကွာဟချက်က ရှက်စရာကောင်းလိုက်တာ...
“အဆင်ပြေပါတယ် အစ်ကိုကျန်း...အစ်ကို နောက်ပိုင်း နာမည်ကြီးလာရင် လူတိုင်းက အစ်ကို့ကို သိသွားကြမှာ..."
ရှစ်ကျန်း ပြုံးလိုက်သည်။
လင်းလော့ချင်းက စိတ်အားထက်သန်လွန်းတယ်...
သူကတော့ နာမည်ကြီးဖို့ မမျှော်လင့်တော့ဘူး...ဒီလိုဇာတ်ရုပ်မျိုးတွေ သရုပ်ဆောင်နေရတာကို ဘယ်လိုလုပ် နာမည်ကြီးလာမှာလဲ...
တစ်နေ့ သူ ဒီလောကထဲက ထွက်ချင်လာရင် အခြားအလုပ်တစ်ခုကို ရှာပြီး တည်ငြိမ်တဲ့ဘ၀ကိုဖြတ်သန်းတော့မယ်...
"ငါလည်း မျှော်လင့်ပါတယ်...တကယ်လို့ အဲ့လိုနေ့သာ ရောက်လာခဲ့ရင် ငါက မင်းကို မေ့မှာ မဟုတ်ဘူး..."
"ဒါဆို ကြိုကျေးဇူးတင်ထားလိုက်မယ်နော်..."
လင်းလော့ချင်း ပြုံးကာ ပြောလိုက်သည်။
သူတို့က စားသောက်ပြီးနောက် စကားစမြည်ပြောကာ ရယ်မောလိုက်ကြပြီး လင်းလော့ချင်းက ရိုက်ကူးရေးမစမီ ခဏအနားယူလိုက်သည်။
လင်းလော့ချင်းက ရေတစ်ငုံသောက်လိုက်ပြီး သူ့သွင်ပြင်ကို ပြန်စစ်ဆေးလိုက်ကာ ရိုက်ကူးရေး စရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် ဝူရှင်းယွမ်က မာပေါ်ကျုံးကို သွားတောင်းပန်နေလေသည်။ လင်းလော့ချင်းက တမင်ငြင်းဆန်ခဲ့ခြင်း မဟုတ်ကြောင်း၊ လေ့ကျင့်ခန်းလုပ်နေ၍ အလုပ်များနေခြင်းဖြစ်ကြောင်း၊ စိတ်မရှိလျှင် ညစာအတူစားချင်ကြောင်း ပြောလိုက်သည်။
မာပေါ်ကျုံးက ထိုစကားများကို အမူအရာကင်းမဲ့စွာ နားထောင်နေလေသည်။
"လေ့ကျင့်ခန်းက အရမ်းအရေးကြီးလို့လား...သူက ဘာလို့ လေ့ကျင့်ခန်းလုပ်နေရတာလဲ..."
“လော့ချင်းက သူ့ရဲ့လှုပ်ရှားမှုတွေက မကောင်းဘူးလို့ ထင်နေတာလေ...သူက လေ့ကျင့်ခန်းလုပ်ပြီး ပိုသန်မာလာချင်တာ..."
'သန်မာချင်တယ်တဲ့လား...'
မာပေါ်ကျုံးက ပို၍ပင် မကျေမနပ်ဖြစ်လာလေသည်။
၀ူရှင်းယွမ် : "သူက အခု အဆင်ပြေနေပါပြီ...သူက ကိုယ့်ကိုကိုယ် တွန်းအားပေးပြီး ကြိုးစားလွန်းတယ်..."
မာပေါ်ကျုံး :"..."
အသက်၂၀အရွယ်လေးက ဘာတွေကို ကြိုးစားနေတာလဲ...
အသက်၂၀ဆိုရင် အဲ့အရွယ်မှာ ရှိသင့်တဲ့ စိတ်ထားရှိသင့်တာပေါ့...
ကြွက်သားတွေနဲ့ ဘယ်လိုလုပ် ကြည့်ကောင်းမှာလဲ...
ငယ်ရွယ်လန်းဆန်းတဲ့ စိတ်ဝိညာဉ်ရှိသင့်တယ်...
"လေ့ကျင့်ခန်းလုပ်တာ ရပ်ခိုင်းလိုက်..."
မာပေါ်ကျုံးက ဝူရှင်းယွမ်ကို ပြောလိုက်သည်။
"သူက အရမ်းကောင်းနေပြီ...လေ့ကျင့်ခန်းလုပ်တာက သူနဲ့ မသင့်တော်ဘူး..."
"ဟုတ်ကဲ့ ကျွန်တော် သူ အလွန်အကျွံမလုပ်အောင် ထိန်းထားလိုက်ပါ့မယ်..."
မာပေါ်ကျုံး :"..."
လေ့ကျင့်ခန်း လုပ်တာကို ရပ်ခိုင်းနေတာ...
လေ့ကျင့်ခန်း အလွန်အကျွံ မလုပ်အောင် တားခိုင်းနေတာ မဟုတ်ဘူး...ဘယ်လိုများ တလွဲကြားသွားတာလဲ...
"ဒီည ရိုက်ကူးရေးရှိတယ်မလား...လင်းလော့ချင်းကို အတူလေ့ကျင့်ဖို့ လွှတ်လိုက်..."
"ဟုတ်ကဲ့...သူ ရိုက်ကူးရေးပြီးရင် သူ့ကိုလွှတ်လိုက်ပါမယ်..."
ဝူရှင်းယွမ် ပြောလိုက်သည်။
ညစာအတူစားဖို့ ဆန္ဒရှိတယ်ဆိုတော့ မာပေါ်ကျုံးက အရမ်းဒေါသမထွက်သွားလောက်ဘူး...ဘာလို့ဒေါသထွက်သွားလဲ နားမလည်ပေမဲ့ သူက စီနီယာတစ်ယောက်ဆိုတော့ ဂျူနီယာတစ်ယောက် ငြင်းတာ ခံရလို့ မျက်နှာပျက်သွားလို့ထင်တယ်...အဲ့ဒါကြောင့် သူနဲ့ ညစာအတူစားလိုက်ရင် ကောင်းမယ်...
နောက်ဆုံးတွင် မာပေါ်ကျုံးက လင်းလော့ချင်းကို တန်ဖိုးထားပုံပေါ်လေသည်။
လင်းလော့ချင်း ရိုက်ကူးရေးပြီးသွားသောအခါ ဝူရှင်းယွမ်က သူ့စီစဉ်ထားသည်ကို ပြောလိုက်လေသည်။
"ရိုက်ကူးရေးပြီးရင် သူနဲ့သွားလေ့ကျင့်…ပြီးရင် ညစာအတူစားရမယ်…သူကစီနီယာတစ်ယောက်လေ…ငါတို့ သူ့ကို မလေးမစားဆက်ဆံလို့ မရဘူး…နေ့လည်က ငါတို့လုပ်ရပ်က သူ့ကို အရှက်ခွဲသလို ဖြစ်သွားလို့ သူ ဒေါသထွက်သွားတာ ဖြစ်မယ်…"
ဝူရှင်းယွမ်က ဖြောင်းဖြလိုက်သည်။
လင်းလော့ချင်းက အနည်းငယ် ကူရာမဲ့ဖြစ်နေလေသည်။ သို့သော် သူက မာပေါ်ကျုံးနှင့် ဆက်ဆံရေးဆိုးရွားသွားသည်ကို မလိုချင်သည့်အတွက် ညစာအတူ စားရမည်သာဖြစ်သည်။ သူက မာပေါ်ကျုံးက အနည်းငယ် အတ္တကြီးသည်ဟု ထင်လေသည်။
သူ့၏သရုပ်ဆောင်စွမ်းရည်နှင့်အရည်အချင်းကို ဒါရိုက်တာများနှင့် လက်ထောက်များက အမြဲ ချီးကျူးလေ့ရှိသည့်အတွက် ကိုယ့်ကိုကိုယ် အထင်ကြီးနေခြင်းဖြစ်သည်။
လင်းလော့ချင်း ခေါင်းခါလိုက်သည်။ သူက အနာဂတ်တွင် ထိုသို့ဖြစ်မလာချင်ပေ။
"ဟုတ်ကဲ့ …ကျွန်တော် သူ့ဆီ အခုသွားလိုက်မယ်…"
"ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်…"
ဝူရှင်းယွမ်က ပြောလိုက်သည်။
မာပေါ်ကျုံးနှင့် ထပ်တွေ့သောအခါ မာပေါ်ကျုံးက ပုံမှန်အခြေအနေသို့ ပြန်ရောက်နေပြီဖြစ်သည်။
လင်းလော့ချင်းပြုံးကာ ပြောလိုက်၏။
"ဆရာမာ ဒီညရိုက်မဲ့ ဇာတ်၀င်ခန်းအတွက် အတူလေ့ကျင့်ဖို့ လာတာပါ…"
"အာ လာလေ…"
မာပေါ်ကျုံးက ဖိတ်ခေါ်လိုက်ကာ အတူလေ့ကျင့်လိုက်သည်။
သူ့၏သရုပ်ဆောင်စွမ်းရည်က အလွန်ကောင်းမွန်ပြီး လင်းလော့ချင်းပင်လျှင် ရံဖန်ရံခါ ဇာတ်ကောင်ထဲ မျော၀င်သွားလေသည်။
ယင်းကို ကြည့်ကာ ဝူရှင်းယွမ် တွေးလိုက်သည်။
'သူက အရင်လို စိတ်အားထက်သန်တဲ့ သရုပ်ဆောင်ဖြစ်နေတုန်းပဲ…ဒီလိုသရုပ်ဆောင်စွမ်းရည်မျိုးနဲ့ ညီလေးလင်းက ဘာဖြစ်လို့ နာမည်မကြီးရမှာလဲ…'
လေ့ကျင့်ပြီးသောအခါ ၀ူရှင်းယွမ်က အစပြုပြောလိုက်သည်။
"ညစာစားချိန်တောင် ရောက်နေပြီ…ညစာအတူ စားကြရအောင်ဗျ…"
လင်းလော့ချင်းလည်း ပြောလိုက်၏။
"ဆရာမာ အတူစားကြရအောင်လေ…"
''ဘာစားကြမလဲ…"
မာပေါ်ကျုံး မေးလိုက်သည်။
လင်းလော့ချင်းက မျက်နှာသာပေးလိုက်၏။
''ဆရာမာ စားချင်တာ စားလို့ရပါတယ်…ကျွန်တော်က ဘာပဲဖြစ်ဖြစ် စားလို့ရတယ် …"
ထိုအခါမှ မာပေါ်ကျုံးက တဲထဲမှ ထွက်ကာ ကားဆီသို့ ဦးတည်သွားလိုက်လေသည်။