Chapter 60
(အဘိုးလုက အကူအညီတောင်းခဲ့သည်)
ရှန့်ကျန်းသည် ယခုအခါ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်၏ အဖွဲ့ဝင်တစ်ဦးဖြစ်လာ၍ စုမုန့်နှင့် တိုက်ရိုက်သက်ဆိုင်လာရသည်။ ရှန့်ကျန်းက အလုပ်ကိစ္စသဘောတူညီချက်တစ်ခုကို ဖျက်လိုက်လျှင် စုမုန့်၏ ဂုဏ်သတင်းကို ထိခိုက်စေမည်မှာ သေချာသည်။ အရေးကြီးဆုံးအချက်မှာ အထူးသဖြင့် ထိုမိန်းကလေးသည် အတော်ကြီးသော ဗီလာတစ်ခုတွင်နေထိုင်သောကြောင့် အတော်လေး ငွေကြေးကို ရက်ရောစွာပေးမည်မှာသေချာ၏။သူကောင်းကောင်းလုပ်နိုင်လျှင် ပိုက်ဆံအများကြီးရလိမ့်မည်ဖြစ်သည်။ပိုက်ဆံကိုတွေးကြည့်ကာ စုမုန့် စိတ်က ရွှင်လန်းလာရသည်။
"နောက်ထပ် အခွင့်အရေး ရှာပြီး သွားကြည့်ရအောင်"
“ကောင်းပြီ”
စုမုန့် စကားကို ကြားသောအခါ ရှန့်ကျန်း ချက်ချင်းပင် ဝမ်းသာသွားသည်။ထို့နောက် သူ လုစစ်ကို ဖုန်းထပ်ခေါ်လိုက်သည်။ ဖုန်းထဲမှာ မို့လားမသိ၊ သူမ၏ လေသံက ရှန့်ကျန်း အား သူမလုပ်ခဲ့သည်များကို မေ့သွားသလိုမျိုး ပုံမှန်ဖြစ်သည်။ သူတို့နှစ်ဦးသည် အချိန်ကို ပြန်လည်စီစဉ်ပြီး နှစ်ရက်အကြာတွင် တွေ့ဆုံဖို့ သတ်မှတ်ခဲ့ကြသည်။
သို့နှင့် တစ်နေ့တာကုန်ဆုံးသွား၏။ နောက်တစ်နေ့နံနက်တွင် စုမုန့်သည် ဖုန်းခေါ်သံကြောင့် နိုးလာခဲ့သည်။သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်မှာ နိုးလာရ၍ ဒေါသတို့ ချက်ချင်း ထွက်သွားရသည်။ ခေါ်ဆိုသူ ID ကို မကြည့်မိဘဲ သူမ ဖုန်းကို ကောက်ကိုင်လိုက်ပြီး "ဟယ်လို" ဟု ဒေါသတကြီးအော်လိုက်သည်။
ဤ 'ဟယ်လို' ဆိုသော သူမ၏အသံသည် အားပြင်းလှ၍ တစ်ဖက်ကလူမှာ ထိတ်လန့်ပြီး အသံမထွက်လာတော့။
"ဘယ်သူလဲ…ပြောစရာရှိရင် မြန်မြန်ပြော!”
စုမုန့် မျက်မှောင်ကြုတ်ကာ အော်ပြောလိုက်သည်။
"မစ္စစုမုန့်...မနက်အစောကြီးနှောင့်ယှက်ရတာ တောင်းပန်ပါတယ်... မင်းကိုအကူအညီတောင်းစရာရှိတယ်...အချိန်ရလားမသိဘူး"
တစ်ဖက်က အသံသည် ခွန်အားအပြည့်နှင့် အလွန်ရင်းနှီးသောအသံဖြစ်သည်။ စုမုန့် စက္ကန့်အနည်းငယ်လောက် ထိတ်လန့်သွားပြီး အသံပိုင်ရှင်မှာ အဘိုးလု ဖြစ်ကြောင်း သူမ ချက်ချင်း သိလိုက်ရ၏။ ထို့နောက် သူမသည် ခေါ်ဆိုသူ ID ကို အမြန်ကြည့်လိုက်ရာ အဘိုးလု ဖြစ်နေသည်။
"ဟားဟား၊ အဘိုးလု ပါလား...ဖုန်းကို မကြည့်ဘဲ တခြားလူမှတ်ပြီး အထင်လွဲမိလို့ တောင်းပန်ပါတယ်...ကျွန်မ ဘာလုပ်ပေးရမလဲ"
တစ်ဖက်က လုပင်း မှန်းသိလိုက်ရသော် သူမ ပြုံးကာပြောလိုက်ရ၏။
"မနေ့က လူတစ်ယောက်က မင်းကိုဖုန်းဆက်သေးလား...မင်းတို့နှစ်ယောက်ကြားမှာ နားလည်မှုလွဲမှား နေတယ်ဆိုပြီး သူက ပြောလို့ အဘိုးက မေးရတာ"
မနေ့က ဖုန်းခေါ်တာလား...
စုမုန့် မနေ့က ဖြစ်ပျက်ခဲ့တာတွေကို စက္ကန့်အနည်းငယ်လောက် စဉ်းစားကြည့်သည်။ထိုအခါ သူမကို အကူအညီတောင်းသူတစ်ယောက်ရှိမှန်း သတိရမိသည်။ သူမအား တစ်ခုခုရှာပေးစေချင်သည်ဟုသာ ပြောခဲ့ပြီး တခြားဘာမှ မပြောခဲ့ပေ။ သူမ ဘယ်လိုသဘောတူနိုင်မှာလဲ...ဒါကြောင့် ဖုန်းကိုအမြန်ချလိုက်တာ…
ယခုတော့ ထိုလူသည် လူလိမ်မဟုတ်ကြောင်း သိလာရပြီး စုမုန့် နားလည်သွားပြီဖြစ်သည်။အဘိုးလု ပြောပုံကြောင့် သူတို့နှစ်ဦးသည် နက်ရှိုင်းသော ဆက်ဆံရေးရှိပုံရသည်။ မနေ့က ဖုန်းဆက်သူကလည်း တော်ရုံလူမဟုတ်တန်ရာ။
“ဒါက လျှို့ဝှက်ကိစ္စဆိုတော့ အသေးစိတ်တော့ မပြောနိုင်ဘူး… အချိန်ရရင် မင်းကို လာခေါ်ပြီး လူလာလိမ့်မယ်...မင်းမှာ အချိန်မရှိဘူးဆိုရင်လည်း အဘိုးတို့က တခြားနည်းလမ်းကို စဉ်းစားရမယ်...ဒါပေမယ့်လည်း မင်းကို အရင်ပြောစရာရှိတယ်...ဒီတစ်ခါတော့ ရက်နည်းနည်းကြာနိုင်တယ်”
လုပင်းက စုမုန့် ငြင်းမှာကို စိုးရွံ့နေသဖြင့် အတိအကျ မပြောခဲ့ပေ။
ရက်အနည်းငယ်ဆိုပါလား...
ဤရက်အနည်းငယ် အတွင်း သူမမှာ အလုပ်ကိစ္စမရှိသော်လည်း ရှန့်ကျန်း ပြောသည့်ကိစ္စရှိနေသေးသည်။ သူ့ကို ကူညီမည်ဟု ကတိပေးထားပြီးဖြစ်၍ ရှန့်ကျန်း နှင့်စကားပြောကြည့်ခြင်းက ပိုကောင်းပေသည်။
"ကျွန်မကို စဉ်းစားခွင့်ပေးမလား… နောက်မှ ပြန်ခေါ်လိုက်မယ်"
"ရပါတယ်ကွယ်"
ဖုန်းချပြီးနောက် သူမ ရှန့်ကျန်း ကိုရှာလိုက်သည်။
“အဘိုးလုက ကျွန်မကို ရှာနေပြန်ပြီ…သူ့ကြည့်ရတာ အလျင်လိုနေပုံရတယ်…ရက်နည်းနည်းကြာမယ်ဆိုတော့ ရှင့်ဖောက်သည်နဲ့ အရင် ဆွေးနွေးနိုင်မလား"
စုမုန့် ပြောရတာ ရှက်မိသော်လည်း အခြားနည်းလမ်းမရှိပေ။ အဘိုးလု ကြောင့် သူမအတွက် အကူအညီ အများကြီး ရနိုင်သည်။သူမမှာလည်း တစ်ကိုယ်ကောင်းဆန်သည့် ရည်ရွယ်ချက်တွေ ရှိခဲ့သည်။ စစ်သားများနှင့် ရဲအရာရှိများသည် သူမ၏ ဦးစားပေးဖြစ်သည်။ ပိုက်ဆံနှင့်ဘာမှမဆိုင်ဘဲ တိုင်းပြည်အတွက် ခံစားချက်သက်သက်ပင်။
ထို့နောက် ရှန့်ကျန်း က လုစစ် ကို ထပ်ခေါ်လိုက်သည်။ သူ ဖုန်းကိုမိနစ်အနည်းငယ်ကြာ ပြောပြီးနောက် ပြုံးပြီး စုမုန့် ကိုပြောလိုက်၏။
" လုစစ် အသံက အခြေအနေကောင်းပါတယ်... သူမ လေသံက အခု ပုံမှန်ဖြစ်သွားတယ်"
တစ်ချိန်တည်းမှာပင် လုပင်း ဘက်၌...
"လူကြီးလူ၊ ဒီလိုမိန်းကလေးမျိုးက လုပ်နိုင်တယ်ဆိုတာ သေချာလား...ကျွန်တော်တို့က စစ်သားတွေဆိုတော့ အဲ့ဒီလို အယူတွေမသီးတတ်ဘူး.."
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လုပင်း ရှေ့တွင် လေးနက်သောမျက်နှာအမူအရာဖြင့် ရပ်နေသည်။အဘိုးလု၏ မျက်နှာအမူအရာမှာလည်း မကောင်းလှဘဲ လေးနက်သည့်အသံနှင့်ပြောသည်။
“သူမက တခြားမိန်းကလေးတွေနဲ့ မတူဘူး...သူမက လုပိုင် ကိုရှာတွေ့ခဲ့တာ...
" လုပိုင် ရဲ့ ခြေရာခံစနစ်ကြောင့် တွေ့ခဲ့တာမလား... ဒီမိန်းကလေးနဲ့ ဘာဆိုင်လို့လဲ"
ထိုလူ၏မျက်နှာမှာ မယုံကြည်မှုတို့ အပြည့်ရှိနေသဖြင့် အဘိုးလု သည် မျက်မှောင်ကြုတ်ကာ အနည်းငယ်စိတ်ပျက်သွားသည်။ စုမုန့်ကို သူ့ကျေးဇူးရှင်ဟု ယူဆနိုင်သည်။ ထိုအချိန်က လုပိုင် ကို ကယ်တင်ရန်အတွက် သူမလည်း အတော်ဒုက္ခခံခဲ့ရ၏။ ထို့အပြင် အန္တရာယ်ရှိသော ပတ်ဝန်းကျင်တွင်လည်း သူမ နောက်ပြန်မဆုတ်ခဲ့ပေ။ ထို့အပြင် သူမသည် ယောက်ျားများစွာထက် ရဲရင့်သည်။ယခုတစ်ခေါက် ကိစ္စက တစ်ကယ်ကို လေးနက်ပြီး တိုင်းပြည်နှင့်သာ ပတ်သက်မနေပါက၊ စုမုန့် ကို ဒုက္ခမပေးချင်ပေ။
(အနက်ရောင်အမျိုးသား)
“သွားပြီးတော့ သူမကို ခေါ်လိုက်ပါ...သေသေချာချာလေး ခေါ်ခဲ့နော်...ဒီလိုမှမဟုတ်ရင် နောက် မင်းမှာ ပြဿနာရှိရင် ငါ့ဆီမလာခဲ့နဲ့"
လုပင်း က မျက်မှောင်ကြုတ်ကာ ပြစ်တင်ကြိမ်းမောင်းလိုက်သည်။ လုပိုင် ကို ကယ်ဆယ်ရာမှာ စုမုန့် က ကူညီပေးခဲ့သည်ဟုသာ ပြောနိုင်သော်လည်း အတိအကျ အသေးစိတ်ကိုတော့ ထုတ်မပြောနိုင်ပေ။ထို့အပြင် လုပိုင် ကိစ္စက ရဲနှင့်သက်ဆိုင်၏။ ရဲနှင့် စစ်တပ်သည် အချင်းချင်း အနှောင့်အယှက် မပေးရဘဲ လျှို့ဝှက်ချက်များကိုလည်း ထုတ်ပြ၍မရပေ။ သူတို့နှစ်ယောက် စကားပြောနေစဉ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ဖုန်း ရုတ်တရက် မြည်လာပြီး ဗီဒီယိုကောလ်တစ်ခု ဝင်လာသည်။သူ ဖုန်းအမြန်ဖြေလိုက်သည့်အခါ အနက်ရောင် ၀တ်ထားသည့် လူတစ်ယောက်ကို မြင်ရလေသည်။
“ဆရာ့ကို သတင်းပို့ပါတယ်... အဘိုးလုက အဲဒီမိန်းကလေးကိုပြောပြီးပါပြီ...ကျွန်တော် သူမကို ခဏသွားခေါ်ပြီး လေဆိပ်ကနေ ချက်ချင်း လိုက်လာခဲ့ပါမယ်"
အနက်ရောင်ဝတ်ထားသူကို မြင်လိုက်ရလျှင် လူလတ်ပိုင်းအရွယ်က ချက်ချင်းထရပ်ပြီး အလေးပြုလိုက်သည်။
"အဘိုးလု ဒါဆို သူမအကြောင်းကိုပြောပြလို့ရမလား"
အနက်ရောင် ၀တ်ထားသူသည် မျက်နှာကိုမပြဘဲ သူ့အသံကိုပင် ဆူညံသော အီလက်ထရွန်နစ် အသံဖြင့် အစားထိုးထားသည်။
"သူမနာမည်က စုမုန့် ပါ…သူမက ဖုန်းရွှေပညာရှင်လေ… အသက်မပြည့်သေးပေမယ့် အရည်အချင်းပြည့်မီတယ်”
စကားပြောနေစဉ်တွင် သူသည် စုမုန့် နှင့်ပတ်သက်သည့် အချက်အလက်ကို လူလတ်ပိုင်းအမျိုးသားထံ ပေးပို့ခဲ့ပြီး လူလတ်ပိုင်းအမျိုးသားက ဖုန်းမှတစ်ဆင့် အနက်ရောင်အမျိုးသားထံသို့ ပေးပို့ခဲ့သည်။အနက်ရောင် ၀တ်ထားသူသည် ရရှိသည့် အချက်အလက်ကို မြင်သောအခါ ချက်ချင်းပင် မျက်မှောင်ကျုံ့သွားသည်။ သူမ ဘယ်လိုဖြစ်နိုင်မှာလဲ...
ထိုအခါ လူလတ်ပိုင်းအရွယ် အမျိုးသားက အနက်ရောင်ဝတ်ထားသူမှာ ဖုန်းရွှေပညာရှင် တွေကို မယုံကြည်သူဟု ထင်လ်ိုက်သည့်အတွက် အမြန် ရှင်းပြလိုက်၏။
“ကျွန်တော်လည်း ဖုန်းရွှေပညာရှင်တွေရဲ့ ပညာရပ်ကို မယုံသလို၊ အယူသီးတယ်လို့ အမြဲခံစားရတယ်...ဒါပေမယ့် အဘိုးလုက သိပ်သေချာနေတယ်ဆိုတော့ အလကားမဟုတ်နိုင်ပါဘူး… ဘာပဲဖြစ်ဖြစ် အဲ့ဒါကို အရင်ကြိုးစားကြည့်လိုက်ပါလား...နောက်ဆုံးတော့၊ ဒီကလွဲလို့ တခြားနည်းလမ်းလည်း မရှိတော့ဘူးလေ"
သို့သော် အနက်ရောင်ဝတ်ထားသူရှေ့တွင် ကျန်သည့် အကြောင်းအရာများကို သူ မပြောဝံ့ပေ။
“ဒီကိစ္စကိုလျှို့ဝှက်ထားဖို့ အကောင်းဆုံး ကြိုးစားပါ...သူမကိုလည်း ဘေးကင်းဖို့ လုပ်ပေးလိုက်”
အနက်ရောင် ၀တ်ထားသူက ညွှန်ကြားသည်။
“ဟုတ်ကဲ့”
“လေယာဉ်က ၃ နာရီမှာ ထွက်မယ်... နောက်ကျမနေပါနဲ့"
ထို့သို့ပြောပြီးနောက် အနက်ရောင်ဝတ်ထားသူက ဖုန်းချလိုက်၏။
၃ နာရီ ..
မြို့ထဲမှာ ယာဉ်ကြောပိတ်ဆို့မှု မရှိလျှင် ၃ နာရီနှင့် ရောက်ဖို့ရာဖြစ်နိုင်သည်။ သို့သော် လုပင်း က စုမုန့် ပြန်ဖြေသည်ကို စောင့်ရမည်ဟု ပြောထားသည်။ထို့ကြောင့် သူမ စောစောအကြောင်းပြန်ဖို့သာ မျှော်လင့်မိသည်။
"ဒီကောင်မလေးက သဘောတူမှာ သေချာသလား…ဘာလို့ ဒီလောက်ကြာနေတာလဲ...ပြန်လည်း မဖြေသေးဘူး"
သူ စိတ်ပူစပြုနေပြီဖြစ်သော်လည်း အလွန်ငြိမ်သက်နေပုံ ဖမ်းထားသည်။
“စိတ်မပူပါနဲ့...ဒီကောင်မလေးက အရမ်းတော်တာပါ..ဆုံးဖြတ်ချက်ချဖို့လည်း သိပ်ကြာမှာမဟုတ်ဘူး...သူမ သွားနိုင်သည်ဖြစ်စေ မသွားနိုင်သည်ဖြစ်စေ၊ခဏနေရင် သေချာပေါက် ဖုန်းပြန်ခေါ်မှာပါ”
လုပင်း လုံးဝမစိုးရိမ်ဘဲ အေးအေးဆေးဆေးစောင့်နေလိုက်၏။ဘာမှန်းမသိရသော အကြောင်းတစ်ခုခုကြောင့် ဤကောင်မလေးကို ယုံမိသည်။ ခဏအကြာ စုမုန့် က သူတို့ကို ပြန်ဖြေလာသည်။
"အဘိုးလု နေ့ခင်းကျရင် ကျွန်မကိုလာခေါ်ပါ...ပစ္စည်းတွေကို အရင်ပြင်ထားလိုက်မယ်"
နောက်ဆုံးတော့ ပြန်ဖြေလာသဖြင့် ထိုလူက
" ကျွန်တော် အရင်သွားလိုက်မယ်..ဘာပဲဖြစ်ဖြစ် ကျွန်တော်ရောက်သွားချိန်ကျရင် ၁၂ နာရီလောက်ရှိပြီ...မြန်မြန်သွားတာအကောင်းဆုံးပဲ"
ထိုလူက လုပင်း ကို နှုတ်ဆက်ပြီး ထထွက်သွားသည်။
စုမုန့် သည် သူမ လိုအပ်သည့်အရာများကို ထုတ်ပိုးပြီး အင်းစာရွက်များ ရသေလာက်ထပ်ဆွဲခဲ့သည်။ သူမ အနားမယူခင်မှာ SUV တစ်စီးက တံခါးနားမှာ ရပ်လာ၏။
"ဝိုး ဒီကားက အရမ်းမိုက်တာပဲ!"
ပထမထပ်ကို သန့်ရှင်းရေးလုပ်နေသော ရှန့်ကျန်း သည် ကားကိုမြင်ပြီး သူလုပ်နေသည့်အလုပ်များကို ရပ်လိုက်ကာ အနီးကပ်ကြည့်ရှုရန် ထွက်သွားခဲ့သည်။ထိုစဉ် စစ်ယူနီဖောင်းဝတ် အမျိုးသားတစ်ဦး ကားပေါ်မှ ဆင်းလာပြီး ဆိုင်ထဲဝင်မလာခင် ဆိုင်းဘုတ်ကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် ထိုလူက တံခါးဝတွင်ရပ်ကာ သိလိုဟန်ဖြင့်မေးမြန်သည်။
“မစ္စစုမုန့် ရှိလား”
စုမုန့် သည် သူမကို တစ်ယောက်ယောက်ခေါ်နေသံကိုကြားသောအခါ ချက်ချင်းထွက်လာရာ စစ်ယူနီဖောင်း ၀တ်ထားသူကို မြင်လိုက်၍ သူမ ချက်ချင်း သဘောပေါက်သွားသည်။ ဤသူသည် သူမအား လာခေါ်သည့် အဘိုးလု ပြောခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်။
"ရှင်က အဘိုးလု ပြောတဲ့လူလား"
သူမ မှန်းဆမိသော်လည်း မေးနေလိုက်သေးသည်။
"ဟုတ်တယ် ငါ မင်းကို လာခေါ်တာပါ"
"ကောင်းပြီ ဒါဆို ရှန့်ကျန်း...လာခဲ့"
ရှန့်ကျန်း က သူမကို ကူညီနေကျမို့ သူမနှင့်လိုက်ဖို့ သူ့ကို ခေါ်လိုက်၏။သို့သော် ထိုလူ အံ့သြသွားသည်။ နှစ်ယောက်လိုက်လာမည်ဟု အဘိုးလု က မပြောထားပေ။
ရှန့်ကျန်းသည် စုမုန့်ခေါ်သံကြားသောအခါ ပြုံး၍ ကားထဲသို့ အမြန်တက်လာတော့သည်။
"အဘိုးကြီး ကျွန်မတို့ သွားတော့မယ်!"
စုမုန့် ကားထဲသို့ဝင်ပြီးနောက် သူမသည် ပြတင်းပေါက်မှ ခေါင်းထွက်ကာ ကောရှန်း ကို နှုတ်ဆက်လိုက်သည်။ထိုလူ ပဟေဠိဖြစ်နေသော်လည်း အချိန်မရှိတော့သလို၊ဤမိန်းကလေးကို အဘိုးလု အကြံပြုထားသောကြောင့် သူ နောက်ထပ် မနှောင့်နှေးချင်တော့ေပ။ သူ ကားပေါ်တက်ပြီးနောက် စုမုန့်နှင့် ရှန့်ကျန်းကို ကြည့်လိုက်သည်။
xxxxx