အပိုင်း ၆၁
Viewers 7k

Chapter 61

( မျက်နှာကဲခတ်ခြင်း)


 ဤလူနှစ်ယောက်မှာ ဖုန်းရွှေပညာရှင်နှင့် လုံးဝမတူဘဲ သာမန်လူတွေလို ဖြစ်နေသည်။သူ့မျက်လုံးထဲမှာ ဖုန်းရွှေပညာရှင်များသည် ဟန်ဆောင်လိမ်ညာသူများသာ ဖြစ်သည်။လေယာဉ်က ထွက်ခွာတော့မည်ဖြစ်ကာ အချိန်ဖြုန်းနေ၍ မရပေ။ သူ တစ်ချက်ကြည့်ပြီး လီဗာကိုနင်းလိုက်၏။ 


 "မစ္စစုမုန့် ငါ့နာမည်က ကောယန် ပါ.. အဘိုးလုရဲ့ တပည့် ဖြစ်ခဲ့ဖူးပါတယ်” 


ကောယန် က ကားမောင်းရင်း မိတ်ဆက်လိုက်သည်။


 "မင်္ဂလာပါ"  


စုမုန့် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ရှန့်ကျန်း ကလည်း သူ့ကိုယ်သူ မိတ်ဆက်သည်။  


"မင်္ဂလာပါ ကျွန်တော့်နာမည် ရှန့်ကျန်း ပါ…ကျွန်တော်က စုမုန့် ရဲ့ လက်ထောက်ပါ"


 သို့သော်လည်း ကောယန် က သူ့ကို လျစ်လျူရှုခဲ့သည်။


"မင်းက မျက်နှာအသွင်အပြင်ကိုကြည့်ပြီး ဖုန်းရွှေ ဖတ်နိုင်တယ်လို့ အဘိုးလုဆီကနေ ကြားတယ်…မင်းက အသက်ငယ်ပေမယ့် ထူးချွန်တယ်လို့လည်းပြောတယ်… ဒါဆို မင်းကို မေးခွန်းတစ်ခုမေးလို့ရမလား…ငါ့ရဲ့မျက်နှာသွင်ပြင်ကိုကြည့်ပြီး ဟောပေးနိုင်မလား"  


ကောယန်က စုမုန့်ကို ရယ်ရယ်မောမောနှင့် နောက်သလိုပြောင်သလို ပြောလိုက်သည်။


 “အဘိုးလုက ကျွန်မကို မြှောက်ပင့်ပြောနေတာပါ...တစ်ကယ်တော့ ကျွန်မက ဒီလောက်လည်း မဟုတ်ပါဘူး..." 


စုမုန့်က နှိမ့်ချစွာ ပြောလိုက်ပြီးနောက် အာရုံစူးစိုက်၍ ကောယန် ၏မျက်နှာသွင်ပြင်ကို နောက်ကြည့်မှန်မှတစ်ဆင့် တစ်ချက်ကြည့်လိုက်သည်။


စုမုန့်က သူ့ကို စိုက်ကြည့်နေတာကို သတိထားမိပြီး  သူနည်းနည်းလေး စိတ်ဝင်စားသွားကာ စုမုန့် ဘာပြောမလဲဆိုသည်ကို စောင့်မျှော်နေလိုက်သည်။ ရှန့်ကျန်း သည်လည်း စုမုန့် ၏ တုံ့ပြန်မှုကို အာရုံစိုက်နေသောကြောင့် သူ့ကိုယ်ပိုင်အတွေး အနည်းငယ်ရှိသော်လည်း မှန်ကန်မှု ရှိမရှိ မသေချာပေ။သူသည် သူမထံမှ သင်ယူနေချိန်ဖြစ်၍ အဖြေကို စောင့်နေမိသည်။စုမုန့် ထိုသူ့ကို ခဏလောက် စိုက်ကြည့်ပြီးနောက် သက်ပြင်းချလိုက်သဖြင့် ကောယန် လန့်ပြာသွား၏။


 "ငါ့မျက်နှာက ဘာဖြစ်နေလိ့လဲ...မင်း မပြောနိုင်ရင်လည်း အရေးမကြီးဘူးနော်...ငါက ပေါ့ပေါ့ပါးပါး သဘောမျိုးနဲ့ မေးတာပါ”  


ကောယန် က စုမုန့်က အာပလာဟု တွေးပြီးပြောလိုက်ခြင်းပင်။ 


 “ကျွန်မ သိတယ် ဒါပေမယ့် ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး...နည်းနည်းတော့ ဒုက္ခ ဖြစ်နိုင်တယ်" 


 "ငါ့ကံကြမ္မာက တော်တော်ဆိုးနေသလား" 


ကောယန် က စိတ်ဝင်တစား မေးသည်။


 "ရှင့်ဘဝရဲ့ ပထမသက်တမ်းတစ်ဝက်က အရမ်းခက်ခဲခဲ့တယ်...စားရေးသောက်ရေးမှာတောင် ပြဿနာရှိခဲ့ပေမယ့် အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကိုယ့်ကိုကို အားကိုးခဲ့တယ် မဟုတ်လား"  


စုမုန့် က မေးလိုက်သည်။ကောယန် ခေါင်းညိတ် သဘောတူလိုက်သော်လည်း သူ့စိတ်ထဲမှာ အထင်ကြီးမှုတို့ မရှိသေးပေ။ သူ့မိသားစုမှာ အရင်တုန်းက အလွန်ဆင်းရဲမှန်း တစ်ချို့လည်း သိကြသည်။ စုမုန့် ကို သူပထမဆုံးတွေ့ဖူးခြင်းဖြစ်သော်လည်း စိတ်ထဲမှာ မယုံကြည်သေးပေ။


 "ရှင့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကိုယ့်ကိုယ်ကို အားကိုးပြီး ကောင်းမွန်တဲ့ဘဝကိုတောင် ဦးဆောင်ခဲ့ပေမယ့် ဘဝက မချောမွေ့နေဘူး……”


ကောယန်ကို ကြည့်ကာ စုမုန့် စကားဆက်မပြောဘဲ ချီတုံချတုံဖြစ်နေဟန် ရှိ၏။သူမ ပြောဖို့ခက်ခဲနေသည်ကို ကောယန် မြင်သောအခါ


"ကောင်းပါပြီ…ဆက်ပြောလို့ရပါတယ်"


"ရှင်က သိပ်မကြာခင်ကမှ အိမ်ထောင်ကျပြီး သားတစ်ယောက် ရှိခဲ့တယ်...ကလေးကလည်း နှစ်နှစ်ပဲရှိသေးတာ… အဲဒီ့အချိန်ကစပြီး သားသမီးထပ်မရတော့ဘူး...ရှင်နဲ့ ရှင့်မိန်းမက ကလေးမွေးစားချင်ပေမယ့် သဘောကျနေတဲ့ ကလေးက ရုတ်တရက် နေမကောင်းဖြစ်သွားတယ်"  


စုမုန့် က ဆက်မပြောခင် ခဏလောက် တုံ့ဆိုင်းနေပြီးမှ ဆက်၍… 


ဘုရားသခင်သည် အမြဲတမ်း တရားမမျှတကြောင်းကို အားလုံး ဝန်ခံရမည်။ အချို့သောသူတို့သည် မကောင်းတာလုပ်ကြသော်လည်း သားသမီးမြေးများ ရှိသည်အထိအသက်ရှည်ရှည်နေရကာ နောက်ဆုံး ငြိမ်သက်စွာ သေဆုံးသွားကြသည်။ တစ်ချို့မှာလည်း တစ်သက်လုံး လူကောင်းဖြစ်ခဲ့သလောက် ကံဆိုးနေသူများလည်းရှိသည်။


စုမုန့် စကားဆုံးသောအခါ ကောယန် ငြိမ်သွားသည်။မူလက သူသည် စုမုန့် ၏ ပညာကို စမ်းသပ်လိုခြင်းဖြစ်သော်လည်း ယခုလို စေ့စေ့စပ်စပ် သိနေမည်ဟု မမျှော်လင့်ထားပေ။ ဤကဲ့သို့သော ကိုယ်ရေးကိုယ်တာကိစ္စများကို လျှို့ဝှက်ထားရမည်ဖြစ်ကာ သူတို့ လင်မယားမှလွဲ၍ အခြားသူများ မသိနိုင်ပေ။ သူ့မိန်းမက ကလေးအလွန်ချစ်တတ်သည်။ သားလေးမွေးတုန်းက သူမ အလွန်ပျော်ရွှင်ခဲ့၏။သူမ သားအကြောင်းကို ပါးစပ်ဖျားကမချ ပြောတတ်ကာ သားလေး ကြီးပြင်းလာမည့်အချိန်ကိုသာ မျှော်လင့်ကာ အချစ်ပိုနေသူပင်။


သို့သော် ရက်စက်သောကံကြမ္မာကြောင့် သားဖြစ်သူ၏ နှစ်နှစ်ပြည့်မွေးနေ့တွင် မတော်တဆမှုတစ်ခုကြောင့် ကလေးမှာ သေဆုံးသွားခဲ့သည်။ ထိုနေ့တွင် သူ့မိန်းမသည် အလွန်အမင်း ခံစားခဲ့ရပြီး ဘုန်းဘုန်းလဲသွားခဲ့သည်။ ထိုအချိန်မှစ၍ နေ့တိုင်း အိပ်ရာထဲလဲကာ ကလေးထပ်မမွေးနိုင်တော့ပေ။သူ့မိန်းမကို ဂရုတစိုက် ပြုစုစောင့်ရှောက်ခဲ့ပြီး‌ ရောဂါကို ကုသပေးခဲ့သော်လည်း သူမ၏နှလုံးသားကိုတော့ မကုသနိုင်ခဲ့ပေ။ နောက်ပိုင်း သူ့မိန်းမမှာ နည်းနည်းသက်သာလာခဲ့ကာ နောက်ထပ် ကလေးထပ်လိုချင်လာသည်။ သို့သော် သူတို့ မည်မျှပင်ကြိုးစားသော်ငြား မအောင်မြင်နိုင်ခဲ့ပေ။ဆေးရုံပေါင်းစုံ သွားကြည့်ကာ


စစ်ဆေးခဲ့သော်လည်းအားလုံးကောင်းမွန်နေလျက်နှင့် ကလေးမမွေးနိုင်ခဲ့ပေ။


( လူတစ်ဦး၏ဘဝ...)


နောက်ပိုင်းတွင် သူတို့နှစ်ဦးသည် မိဘမဲ့ဂေဟာရှိ ကလေးများတွင် မိဘမရှိသဖြင့် ဆွေးနွေးခဲ့ကြသည်။ ကလေးမွေးစားဖို့အတွက် လုံလောက်သည့် ပြင်ဆင်မှုတွေ လုပ်ခဲ့သည်။ မိဘမဲ့ဂေဟာမှာ သူတို့သဘောကျသော ကလေးတစ်ယောက် ရှိသည်။ ထိုကလေးကို အိမ်ခေါ်လာခါနီးမှာ ကလေးက ဖျားပြီး ဆုံးသွားခဲ့၏။ သူသည် စစ်သားဖြစ်ပြီး သိပ္ပံပညာကိုသာ ယုံကြည်သူဖြစ်၍ ကံကြမ္မာဆိုသည့်ကိစ္စကို လုံးဝမစဉ်းစားခဲ့ပေ။ တိုက်ဆိုင်မှုတစ်ခုဟုသာ သူထင်ခဲ့သည်။နောက်ပိုင်းတွင် သူသည် အလုပ်များလွန်းသောကြောင့် ကလေးမွေးစားမည့်ကိစ္စကို ဆက်မလုပ်တော့‌ေပ။ ယခုတော့ အားလုံးက တိုက်ဆိုင်မှုမဟုတ်သလိုမျိုး ထင်ရသည်။  


"သူ့ကံကြမ္မာဆိုးကြောင့်လား…ဒီလိုဆိုရင် မွေးစားမယ့်ကလေးက သူ့ကြောင့် သေသွားတာလား..."


ထိုသို့ သူတွေးလိုက်မိသည့်အခါ၊ သူ့နှလုံးသားထဲကို အပြစ်ရှိစိတ်များ တိုးဝင်လာပြီး ကောယန် မျက်နှာပို၍ ပျက်ယွင်းသွားရသည်။


ထိုအခါ စုမုန့်က ကောယန်၏ အတွေးများကို မြင်ပြီး သူ့ကို နှစ်သိမ့်ပေးလိုက်သည်။


 " အရာရှိကော…ရှင် ဒီကိစ္စအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်စရာ မလိုဘူး…ကလေးသေဆုံးမှုက ရှင်နဲ့မဆိုင်ပါဘူး…သူ့မိဘတွေရဲ့ အပြစ်က ကလေးကို ပြန်ပေးတယ်လို့ မှတ်ထားပါ...ကလေးက အရမ်းငယ်သေးတာတော့ သနားစရာပဲ...သူဘာမှမသိသေးပေမယ့် သူ့မိဘတွေရဲ့ဝဋ်ကြွေးကို ဆပ်ရတာပါပဲ”


စုမုန့် ၏ နှစ်သိမ့်မှုကို ခံရပြီးနောက်တွင်လည်း ကောယန် ၏ စိတ်သည် ပြေလျော့သွားခြင်းမရှိပေ။မည်သို့ပင်ဆိုစေ၊သူ့စိတ်ထဲမှာ ကလေးလေးက အပြစ်ကင်းသည်။


ရှန့်ကျန်း သည် စုမုန့် ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ ကောယန် ၏ ကံကြမ္မာက မကောင်းမှန်း သူမြင်နိုင်သော်လည်း စုမုန့် လောက်တော့ သေချာမသိသေးပေ။ စုမုန့် သည် ထိုကဲ့သို့ လျှို့ဝှက်ကိစ္စများကိုပင် မြင်နိုင်သူဖြစ်သည်။


 "အဖြေရှိသလား"  


ကောယန် ကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ သူ စုမုန့် ကို စတင်ယုံကြည်နေပြီဖြစ်သည်။


"ရှိတယ်၊ ဒါပေမယ့် အရမ်းခက်တယ်” 


စုမုန့် က ပြောသည်။


 "ငွေနဲ့ဆို ဘယ်လောက်လိုလဲ"  


ကောယန် အတွက်ကတော့ ပိုက်ဆံပိုသုံးခြင်းက သူ့လို အနေအထားမျိုးနှင့်ဆို အသေးအမွှားကိစ္စပင်ဖြစ်ပေသည်။


 သို့သော် စုမုန့် က ခေါင်းခါပြီး


 “ပိုက်ဆံမလိုပါဘူး....ရှင့်ဘက်က အဖြေကို အကောင်အထည်ဖော်မလား ဆိုတာ မဆုံးဖြတ်ခင် ကျွန်မ စကားကို အရင်နားထောင်ကြည့်ပါ...ရှင့်ရဲ့ ကံကြမ္မာက တစ်ကယ်ကို ဆိုးဝါးတယ်....ရှင်ရဲ့ ငယ်ဘဝတုန်းကသာ စစ်တပ်ထဲ မ၀င်ခဲ့ဘူး ဒါမှမဟုတ် ကောင်းမှုကုသိုလ်တွေ မလုပ်ခဲ့ရင် ရှင့်အတွက် မကောင်းတာတွေ ဖြစ်လာလိမ့်မယ်...ဒါပေမယ့် ရှင်က ရှင့်ကံကို ပြောင်းလဲပစ်နိုင်အောင်အထိ ဇွဲနပဲကြီးတယ်...ကြိုးစားတယ်...ဒီတော့ ကံကိုတောာင် ရှင် နိုင်လိုက်တာပေါ့..ရှင့်မိသားစုနဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ ရှင် စစ်တပ်ထဲဝင်ခဲ့တယ်...ရှင့်ဘဝရဲ့သက်တမ်းတစ်ဝက်လောက်အထိ ကောင်းတာတွေလုပ်ပြီးပြီ ဆိုတော့ ရှင့်ကံကြမ္မာက ပိုကောင်းလာပါပြီ"


 “အရင်က ရှင့်ကံအတိုင်းဆို ရှင် ကလေးမရနိုင်ဘူး… ဒါပေမယ့် ရှင့်ကံကြမ္မာ အပြောင်းအလဲကြောင့် ရှင့်မှာ သားတစ်ယောက်ရှိလာတယ်…ဒါပေမယ့် ရှင့်ရဲ့သားက နည်းနည်းတော့ ကံဆိုးသွားခဲ့တယ်”


 “အခု ရှင့်ကံကြမ္မာကို ပြောင်းလဲချင်ရင် နည်းလမ်းတစ်ခုပဲ ရှိတယ်...ရှင့်ရဲ့ဘဝကို တခြားတစ်ယောက်နဲ့ လဲလှယ်လိုက်ပါ"


 "ငါ့ဘဝကို လဲလှယ်ရမယ်ဟုတ်လား…ဘာကိုဆိုလိုတာလဲ"  


ကောယန် စုမုန့် ပြောတာကို နားမလည်ပေ။


 ဘေးနားရှိ ရှန့်ကျန်း သည် နောက်ဆုံးတွင် သူသိထားသည့် အကြောင်းတစ်ခုကို ကြားလိုက်ရ၍ ကြားဖြတ်ကာရှင်းပြလိုက်၏။  


"ဘဝလဲလှယ်တယ်ဆိုတာ စားဖို့သောက်ဖို့အတွက် ပိုက်ဆံနဲ့ပစ္စည်းပေးဝယ်ရသလိုမျိုး တခြားသူ့ဘဝနဲ့ ခင်ဗျားဘဝကို လဲတာကိုပြောတာ"


 "ရှင် နှစ်သက်တဲ့ကံကြမ္မာကို ရွေးချယ်.ပြီးရင် မှော်အစီအရင်ကို အသုံးပြုပြီး အဲဒီလူနဲ့ ဖလှယ်ရာမှာ ကူညီပေးမယ့် ဖုန်းရွှေပညာရှင်ကိုရှာလိုက်ပါ...ဒါဆိုရင် ရှင့်ရဲ့ကံကြမ္မာက ပြောင်းလဲသွားပြီး အဲဒီလူက အခုရှင့်ရဲ့ လက်ရှိကံကြမ္မာကို ရလိမ့်မယ်"


 "ဟုတ်တယ်မလား...ဆရာမ"


 ရှန့်ကျန်း က ထိုသို့ပြောပြီးနောက်၊ စာလိုက်ပြောနိုင်သည့် မူလတန်းကျောင်းသားတစ်ယောက်ကဲ့သို့ စုမုန့်ကို ပြုံးပြလိုက်သည်။


 "မင်းတို့ အတည်ပြောနေတာလား"

  

ရှန့်ကျန်း ၏ရှင်းပြချက်အပြီးတွင် ကောယန် နားလည်သွားပြီး သူ့မျက်နှာမှာ မည်းမှောင်သွားသည်။


"ဟုတ်ပါတယ်..အဖြေကို ပြောပြတာပါ...ရှင် လုပ်ချင်တယ်၊မလုပ်ချင်ဘူးဆိုတာက ရှင့်အပေါ်မှာမူတည်ပါတယ်.. ဘဝဖလှယ်ရတာ လွယ်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေတယ်"


 “ဒါဟာ ဖုန်းရွှေမှာ အရမ်းခက်ခဲတဲ့ မှော်ပညာတစ်ခုလို့ ယူဆထားပြီးသားပါ… လက်တွေ့ဘဝမှာ ဖလှယ်တဲ့‌ မှော်အစီအရင်ကို ကျွန်မလည်း တစ်ခါမှမမြင်ဖူးတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေအကြောင်း သိပ်မသိပါဘူး…ကောင်းကင်ကို အံတုပြီးမှ ဘဝချင်းလဲရတာဆိုတော့ ဆိုးကျိုးတွေရှိမှန်းပဲ သိပါတယ်"


ကောယန် သည် ဤစကားကိုကြားပြီးနောက် တခြားဘာမျှ မပြောတော့ပေ။  စုမုန့် လည်း ဘာမှပြန်မပြောဘဲ ငြိမ်ငြိမ်လေးသာကြည့်နေသည်။တကယ်တော့ သူမသည် ထိုမှော်အစီအရင်နှင့်မန္တန်များကို သိသော်လည်း။လူတွေကို အကျိုးမဖြစ်စေသည့်အတွက် ထုတ်မပြောဖြစ်ပေ။ ဘဝချင်း လဲလှယ်ခြင်းသည် ကောင်းမွန်သော ဘဝတစ်ခုကို လဲလှယ်ခြင်းဖြစ်သော်လည်း မိမိ၏ ဆိုးသောဘဝကို တခြားသူအား ပေးရခြင်းလည်း ဖြစ်ပေသည်။မည်သို့ပင် ဆိုစေ၊ ကောင်းကင်ဘုံကို အံတုသည့် လုပ်ရပ်မျိုးဖြစ်၍ သူမ အသက်မပြည့်သေးဘဲ မသေချင်သေးပေ။ သူမ သိထားသည့်ကိစ္စကို ပြောပြခြင်းဖြစ်ကာ  ကောယန် လိုက်လုပ်မှာမဟုတ်ကြောင်း သူမယုံကြည်မိ၏။


ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကောယန် သည် စုမုန့် နှင့် ဘဝဖလှယ်ခြင်းဆိုင်ရာ ခေါင်းစဉ်ကို ဆက်လက်မဆွေးနွေးတော့ပေ။သူက အချိန်ကိုကြည့်ပြီး စိုးရိမ်တကြီးနှင့်


“အိုး၊ အချိန်မမီတော့ဘူး...မင်းတို့နှစ်ယောက် ထိုင်ခုံခါးပတ်ကို ပတ်ထားကြ"


 "ဘယ်လို"  


ရှန့်ကျန်း မေးသော်လည်း ကောယန် က သူ့အား ရှင်းပြချက်မပေးပေ။သူ ကားကိုမြို့လယ်ခေါင်မှ မောင်းထွက်လိုက်သည်။


ရှန့်ကျန်း နှင့် စုမုန့် တို့သည် ကားထိုင်ကို မှီ၍မနေချိန်မှာ  ကားက ရုတ်တရက် အရှိန်ပြင်းလာလျှင် နှစ်ယောက်လုံး ထိုင်ခုံဆီ ကျောနှင့်ကပ်လျက်ဖြစ်သွားကြ၏။ ဤကားက လမ်းအကြမ်းသုံး တာရာဘီးမြင့်ကားမျိုးဖြစ်၍ ရိုလာကိုစတာစီးနေရသလို ခံစားရသည်။ လမ်းနှစ်ဘက်ရှိ ရှုခင်းများသည် မျဉ်းတစ်ကြောင်းထဲလို အမြန်ဖြတ်ပြေးနေကြသည်။ ရှန့်ကျန်း ၏ နှလုံးခုန်နှုန်းသည် တိုးလာကာ 


"မြန်လွန်းတယ်၊ မြန်လွန်းတယ်..."



xxxxxxxx