အပိုင်း ၆၂
Viewers 7k

Chapter 62

(လျှို့ဝှက်စာရွက်စာတမ်း)


စုမုန့် ၏စကားသည် ကောယန်  အရှိုက်ကို ထိမိသွားသည်ဟု ရှန့်ကျန်း တွေးမိသောကြောင့် သူ စိတ်ပူစွာဖြင့် မေးလိုက်သည်။


 “အရာရှိကော...ဖြေးဖြေး...ဒီလိုကိစ္စမျိုးအတွက် စိတ်မပူပါနဲ့..ကျွန်တော့်ဆရာမက အဲဒါကို ဖြေရှင်းဖို့ နည်းလမ်းရှာမှာပါ"


စုမုန့် သူ့ကို စိုက်ကြည့်နေလိုက််သည်။ ယခုလို သူမကို လာမြှောက်နေသော်လည်း သူမ လုပ်နိုင်မည်ဟု အာမမခံနိုင်ပေ။


 “စိတ်မပူပါနဲ့…ဒီလမ်းက အမြန်နှုန်း ကန့်သတ်ချက် မရှိဘူး၊ ကားတွေလည်း မရှိဘူးဆိုတော့ ဘာအန္တရာယ်မှ ရှိလာမှာ မဟုတ်ဘူး... အချိန်က နီးနေပြီ...မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်” 


ကောယန် က ရှန့်ကျန်း ကို နှစ်သိမ့်စကားဆိုလိုက်သည်။ စစ်သားတစ်ယောက်သည် မည်သို့ သော အခြေအနေတွင်ဖြစ်စေ စိတ်နေသဘောထားက ယိမ်းယိုင်လှုပ်ရှားခြင်းမျိုးမဖြစ်ရပေ။ယခုလည်း စုမုန့် စကားကြောင့် သူ အရှိန်တင်ခြင်းမဟုတ်သဖြင့် ရှန့်ကျန်း စိုးရိမ်နေစရာမလိုအပ်ပေ။ ကံကောင်းစွာပင်၊လမ်းတစ်လျှောက်လုံး ဘေးကင်းခဲ့ကာ စစ်ဆေးရေးဂိတ် များစွာကိုဖြတ်သန်းပြီးနောက် 3နာရီမထိုးမီ စစ်တပ်လေဆိပ်သို့ ရောက်ရှိခဲ့သည်။ လေဆိပ်မှာ ရဟတ်ယာဉ် အများအပြား ရပ်နားထားပြီး စစ်သားများ အတန်းအနည်းစု စီထား၍ဘေးမှာ ရပ်နေကြသည်။


 "ဗိုလ်ချုပ်ကော" 


စစ်သားတစ်ယောက်က ကောယန် ကို အလေးပြုပြီး လာနှုတ်ဆက်သည်။


 “ငါတို့ မစ္စစုမုန့် ကို ခေါ်လာပြီဆိုတဲ့အကြောင်း အရာရှိကို ပြောလိုက်...သူမက လက်ထောက် တစ်ယောက်လည်း ပါလာတယ်…ကဲ အခု  ငါတို့ချက်ချင်း စထွက်လိုက်မယ်” 


ကောယန် က ညွှန်ကြားသည်။


 “ဟုတ်ကဲ့"  


စစ်သားက အလေးပြုပြီးနောက် စုမုန့် နှင့် အခြားနှစ်ယောက်ကို လေယာဉ်ဆီသို့ ဦးတည် ခေါ်ဆောင်သွားခဲ့သည်။


 “ဒါက ရဟတ်ယာဉ်ကြီးပဲ...အရင်က ငါ လေယာဉ်ပေါ်မှာတောင် မထိုင်ဖူးဘူး...အခုဆို စစ်တပ်ပိုင် ရဟတ်ယာဉ်ကြီးကို စီးရတော့မှာပါလား...အရမ်းမိုက်တယ်!” 


ရှန့်ကျန်း ပြုံးပြီး စုမုန့် အနားမှာနေကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ စုမုန့် သည် မျက်လုံးများကို မှေးစင်းထားပြီး မကြားချင်ယောင်ဆောင်နေလေသည်။ ရှန့်ကျန်း သည် အသစ်အဆန်းကိုတွေ့တိုင်း စိတ်လှုပ်ရှားနေတတ်၍ သူ့ကို ဘာမှဝင်ပြောလိုစိတ်မရှိပေ။ ကံကောင်းစွာပင်၊ စစ်သားများသည် ကောင်းမွန်စွာ လေ့ကျင့်ထားသူများဖြစ်၍ အရယ်အပြုံးနည်းပါးကြသည်။သူတို့အားလုံး ရှေ့ကိုကြည့်ကာ ရှန့်ကျန်း ကို ဂရုမစိုက်ကြချေ။


 နှစ်နာရီကြာ ပျံသန်းပြီးနောက် နောက်ဆုံးတွင် သူတို့၏ ဦးတည်ရာသို့ ရောက်ရှိခဲ့သည်။ ကောင်းကင်ကြီးက မှောင်မဲနေပြီး လေတိုးသံက တဖျပ်ဖျပ်ကြားနေရသဖြင့် ခြောက်ခြားဖွယ်အတိပင်။ 


စုမုန့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။မကြာမီ မိုးသည်းထန်စွာရွာမည်ဟု သူမခံစားလိုက်ရသည်။ဤညကတော့ အေးချမ်းမှာ မဟုတ်ပေ။


"မစ္စ စုမုန့်... မင်းအရင်အနားယူသင့်တယ်...ဒီည ငါတို့ လှုပ်ရှားရမယ်မလား" 


ကောယန် က စုမုန့် ကို အဆောက်အဦးငယ်လေးတစ်ခုဆီ ခေါ်သွားသည်။ စုမုန့် စိတ်ထဲမှာ အလွန်သိချင်သော်လည်း သူမ မေးမနေတော့‌ပေ။စစ်ရေး လျှို့ဝှက်ချက်များနှင့် ပတ်သက်နေမှန်း သေချာသဖြင့် သူမ ဘာရှာရမလဲဆိုသည်ကိုသာ မေးဖို့လို၏။


ကောယန် သည် စုမုန့် နှင့် ရှန့်ကျန်း ကို အခန်းငယ်တစ်ခုထဲသို့ ခေါ်သွားခဲ့သည်။ အခန်းက အလွန်ကျဥ်းပြီး ဆိုဖာတစ်လုံးနှင့်စားပွဲတစ်လုံးသာ ရှိသည်။ဘေးမှာ စာအုပ်စင်ရှိသဖြင့် စာဖတ်ရှုလေ့လာရာ နေရာဖြစ်နိုင်သည်။


 "မစ္စ …ညစာစားဖို့ အချိန်တန်ရင် ခေါ်လိုက်မယ်…ညစာစားပြီးရင် အသင့်ပြင်ကြရအောင်"  


ကောယန် က ရေနှစ်ခွက်ကို ခွက်ထဲထည့်‌ပြီး စုမုန့် နှင့် ရှန့်ကျန်း ကို ပေးလိုက်၏။


 " ကျွန်မက ဘာကို ရှာပေးရမှာလဲ…လျှို့ဝှက်ထားတဲ့ပစ္စည်းဆိုတာက သေချာသိပါတယ်…ဒါပေမယ့် သဲလွန်စအချို့လိုတယ်....အကြမ်းဖျင်းပြောပြရင် ရတယ်လေ… ဥပမာ၊ ဖိုင် သို့မဟုတ် မန်မိုရီကတ်ပဲဖြစ်ဖြစ် ရှာမယ်ဆိုရင် ဘယ်တုန်းက ပျောက်သွားတာလဲ…ဒါမှမဟုတ် မပျောက်ခင်မှာ လူတစ်ယောက်က ထိတွေ့ဖူးလား"


စုမုန့် က မေးလိုက်သည်။ကောယန် တွေးလိုက်မိသည်။ဤကိစ္စသည် လျှို့ဝှက်ကိစ္စဖြစ်သော်လည်း ၎င်းကိုရှာဖွေရန် စုမုန့် ၏အကူအညီကို လိုအပ်သောကြောင့် ပစ္စည်း၏ အချက်အလက်အချို့ကို ပြောပြရမည်ဖြစ်သည်။


 “USB drive ပါတဲ့ စာရွက်စာတမ်းတစ်ခုပါပဲ... ငါတို့ထဲမှာ သူလျှိုတစ်ယောက် ပေါ်လာတယ်…သူ ခိုးပြီးချင်း ငါတို့လူတွေက ဖမ်းနိုင်လိုက်တယ်...သူကတော့ စာရွက်ကို ဘယ်မှာဝှက်ထားတယ်ဆိုတာကို ပြောမပြဘူး"


 “အဲဒီကောင်က အရမ်းခေါင်းမာတယ်… ဘယ်လောက်ပဲ ကြိုးစားကြိုးစား ငါတို့ ရှာမတွေ့ဘူး…သေချာတာတစ်ခုက စာရွက်စာတမ်းပျောက်ဆုံးနေတဲ့အချိန် ချက်ချင်းဆိုသလို အနီးနားပတ်ဝန်းကျင်ကို ပိုက်စိပ်တိုက်ရှာတာတောင် မတွေ့ခဲ့ဘူး" 


 “အချိန်က ဇွန်လ ၁၅ ရက်ဖြစ်နိုင်တယ်.…ဒီရက်ပိုင်းအတွင်း ရှာဖွေခဲ့တာလည်း ဘာမှမတွေ့ခဲ့ဘူး…အခက်ခဲဆုံးအချက်က ရန်သူကလည်း လျှို့ဝှက်စာရွက်စာတမ်းကို ရှာနေတယ်…ဒီစာတမ်းက ငါတို့ရဲဘော်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ သက်ဆိုင်တယ်…အရမ်းအရေးကြီးတယ်…ရန်သူလက်ထဲမှာ ဆုံးရတာထက် ဒီတိုင်း ဆုံးရှုံးရတာက ပိုမြတ်တယ်လို့ ငါတို့တွေးမိတယ်...ဒီအချက်တွေဆို လုံလောက်ပြီလား"


ကောယန် က စုမုန့် အား တတ်နိုင်သမျှ သဲလွန်စများကို ပြောပြဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။


 "ကျွန်မ မစ်ရှင်ပြီးမြောက်အောင် အစွမ်းကုန်ကြိုးစားပါ့မယ်”


စုမုန့် က ကောယန် ကို ကတိပေးလိုက်သည်။ထို့နောက် သူမသည် ဆိုဖာပေါ်တွင်ထိုင်ကာ သူမ၏အိတ်ထဲမှ လိုအပ်သောပစ္စည်းများနှင့် အိမ်မြှောင်ကို ထုတ်ယူလိုက်သည်။သဲလွန်စတွေများလေလေ၊ ရှာရလွယ်လေလေပင်။ သို့သော် ယခုတစ်ကြိမ်တွင် သဲလွန်စအနည်းငယ်သာ ရှိသဖြင့် အားထုတ်မှု အနည်းငယ် လိုကောင်းလိုလိမ့်မည်။


စုမုန့် တည်နေရာကို ရှာဖွေနေစဉ် ကောယန် သည် ရုတ်တရက် မက်ဆေ့ခ်ျတစ်ခု ရရှိခဲ့သည်။ သူ မက်ဆေ့ချ်ကိုကြည့်ပြီး သူ့မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားသည်။


 "ဒါဆို တစ်ခုခုရှိရင် ငါ့ကို ဖုန်းဆက်လိုက်ပါ... ငါ့မှာ အရင်လုပ်ရမယ့် ကိစ္စတွေရှိနေသေးတယ်"


 “ကောင်းပြီ”  


စုမုန့် က ခေါင်းညိတ်ပြီး သံလိုက်အိမ်မြှောင်ကိုဆက်ကြည့်ရင်း ဆက်ပြောလိုက်သည်။သူမ စိတ်ထဲတွင် ကောယန် ထွက်သွားရခြင်း၏ အကြောင်းရင်းကို သိပ်ပြီးမစဉ်းစားခဲ့ပေ။ကောယန် သည် ရာထူးကြီးသူဖြစ်ပုံရသောကြောင့် ကိစ္စများစွာ လုပ်ရမည်ဟုသာ တွေးမိသည်။


(သူထောင်ကျနေသလို ခံစားရသည်...)


ကောယန် မထွက်သွားခင်မှာ တံခါးအပြင်ဘက်တွင် စောင့်ဖို့ စစ်သားနှစ်ယောက်ကို ခေါ်ထားကာ စုမုန့် ခေါ်လျှင် လှမ်းအကြောင်းကြားခိုင်းထားသည်။တစ်ချိန်တည်းမှာပင် သူသည် စုမုန့် နှင့် ရှန့်ကျန်း ကို စောင့်ကြည့်နေနိုင်သည်။စစ်သားနှစ်ယောက်သည် လေးနက်သော အမူအရာများ ရှိကာ ကင်းစောင့်အဖြစ် တံခါးတစ်ဖက်စီတွင် ရပ်နေကြ၏။ ရှန့်ကျန်း သူတို့ကိုကြည့်ရင်း ဖိအားကြီးသလို ခံစားလိုက်ရ၍ တံခါးအပြင်ဘက်ရှိ စစ်သားနှစ်ယောက်ကို ကြည့်လိုက်ပြီး 


“ကိုယ်တို့က ရာဇ၀တ်ကောင်တွေနဲ့များ တူနေလို့လား...တို့ အခုထွက်သွားရင် သူတို့နှစ်ယောက် ဘာလုပ်မယ် ထင်လဲ"


စုမုန့် သူ့ကို မျက်စောင်းထိုးလိုက်သည်။ ရှန့်ကျန်း ၏ ဦးနှောက်သည် အခြားသူများနှင့် အမြဲမတူညီတတ်ပေ။အရင်က သူကံမကောင်းခဲ့တာလည်း မဆန်းပေ။သေချာသည်က သူ၏စူးစမ်းလိုစိတ်ကြောင့်ဖြစ်နိုင်သည်။


 “ကြိုးစားထား"


သူမ အေးစက်စွာပြောလိုက်သည်။သူမက ပေါ့ပေါ့ပါးပါးသာ ဆိုခြင်း ဖြစ်သော်လည်း ရှန့်ကျန်း အလေးအနက်ထားပြီး အပြင်ဘက်ကို ထွက်လာခဲ့သည်။


စုမုန့် : “…”


ထို့နောက် သူ့အား စစ်သားတစ်ယောက်က "ဘာကိစ္စရှိလို့လဲ" ဟု အေးစက်စွာမေးသောအခါ သူ အရေးမစိုက်စွာပင် တံခါးဆီသို့ လျှောက်သွားခဲ့သည်။


 "ငါက လမ်းလျှောက်နေတာ...မင်းငါ့ကို စိတ်ပူစရာမလိုဘူး…ငါ အပြင်ထွက်ကြည့်ချင်တယ်”


 ပြောပြောဆိုဆို သူ ဆက်ပြီး လမ်းလျှောက်ထွက်လာခဲ့၏။ထို့ကြောင့် စုမုန့် ကိုကြည့်ဖို့ နောက်မှာတစ်ယောက်သာ ကျန်ခဲ့ပြီး သူ့ဘေးက တစ်ယောက်ကပ်လိုက်လာသည်။


 “မင်း စစ်တပ်ထဲကို သွားလည်ချင်ရင် ငါ လိုက်ပို့ပေးနိုင်တယ်…ပြီးတော့ စစ်သားမဟုတ်သူတွေ မလည်ပတ်နိုင်တဲ့ နေရာတွေလည်း ရှိတယ်” 


ရှန့်ကျန်း အနားရှိ စစ်သားက ရှင်းပြသည်။ ရှန့်ကျန်း သည် သူ့ဘေးနားရှိ စစ်သားကို ကြည့်လိုက်သည်။ဤစစ်သားသည် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး လေးနက်သော မျက်နှာထားရှိသည်။ ထိုသူနှင့်ယှဉ်လျှင် သူကိုယ်သူ အကျဉ်းသား တစ်ယောက်လိုမျိုး ခံစားမိသည်။ထိုဖိနှိပ်ခံရသောခံစားချက်က သူ့ကို နှိပ်စက်ထားပြီးဖြစ်ကာ နောက်ဆုံးတွင် သူ အပြင်ထွက်ချင်စိတ်ကို ဖျောက်ပစ်လိုက်သည်။ 


ကောယန် သည် အမိန့်ကို လက်ခံရရှိပြီးနောက် အပေါ်ထပ်သို့ အမြန်တက်ကာ အစည်းအဝေးခန်းထဲသို့ ၀င်သွားခဲ့သည်။ အရပ်ရှည်ရှည်နှင့် ပိန်ပါး သွယ်လျသော အမျိုးသားတစ်ဦးသည် ထောက်လှမ်းရေးကင်မရာရှေ့တွင် ရပ်နေသည်။ သူသည် ပခုံးပြင်ကကျယ်ပြီး ခန္ဓာကိုယ်အချိုးအစားက ပြီးပြည့်စုံ၏။ သူ့ကျောပြင်ကိုကြည့်ရုံဖြင့် ကောယန် သည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော လူသတ်ချင်စိတ်အငွေ့အသက်ကို ခံစားနိုင်သည်။ ထို့ကြောင့် သူ့စိတ်ထဲက ဖိအားမှာလည်း ပိုပြင်းထန်လာသလို ခံစားရသည်။


 “အရာရှိ One…စုမုန့် ရောက်လာပြီး ပြင်ဆင်မှုတွေ လုပ်နေပါတယ်” 


ကောယန် သူ့ရှေ့ကလူကို သတင်းပို့လိုက်သည်။ ထိုလူ၏ကုဒ်အမည်မှာ တစ်(One) ဖြစ်သည်။သူတို့နှစ်ဦးသည် ဆရာတပည့် ဆက်ဆံရေးရှိပြီး တစ်ယောက်နှင့်တစ်ယောက် မကြာခဏ ဆက်သွယ်ကြသော်လည်း သူ၏မျက်နှာကို မမြင်ဖူးပေ။ ထိုလူသည် သူ့စကားကြားသောအခါ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ သူသည် အနက်ရောင်ကိုသာ ၀တ်ထားဆဲဖြစ်ကာ mask တပ်ထားပြီး ဦးထုပ်လည်းဆောင်းထား၏။


ကောယန် သည် ထိုလူကို အကြိမ်အနည်းငယ်သာ မြင်ဖူးသည်။ကြီးကြီးမားမား ကိစ္စတစ်ခုခု ဖြစ်လျှင် သူ ရောက်လာတတ်သည်။သူက အမြဲတမ်း လက်နက်အပြည့်နှင့် အရာအရာတိုင်းကို ကြည့်နေပုံရပြီး သူ့မျက်နှာအစစ်ကို စစ်တပ်က လူတော်တော်များများ မမြင်ဖူးကြပေ။


 "ဆရာမ ဘာတွေမြင်ရသလဲ"


ကောယန် ပြောပြီးသည်နှင့် ထောက်လှမ်းရေးကင်မရာကနေ အသံတစ်ခုထွက်လာ၍ သူတို့ တစ်ချက်လှည့်ကြည့်လိုက်ရာ ရှန့်ကျန်း က စုမုန့် ဘေးမှာ မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။သူတို့နှစ်ယောက်သည် စားပွဲပေါ်ရှိ သံလိုက်အိမ်မြှောင်ကို ကြည့်ကာ အချင်းချင်း ဆွေးနွေးနေကြသည်။


 "ဆရာမ"


စုမုန့်က တုံ့ပြန်မှုမရှိသည်ကို ကောယန် ကမြင်သောကြောင့် ထပ်အော်လိုက်သည်။ သို့သော်၊ ထောက်လှမ်းရေးကင်မရာကို တစ်စုံတစ်ယောက်က စူးရဲစွာ စိုက်ကြည့်နေ၏။သူ လက်သီးကို ဆုပ်ထားပြီး သူ့ကိုယ်ပေါ်မှာလည်း ထူထဲသော ရောင်ဝါများထွက်နေသယောင်ပင်။ ကောယန် တုန်လှုပ်နေရတော့သည်။


 ဘာတွေဖြစ်နေတာလဲ...သူဘာလို့ ရုတ်တရက် နွေရာသီကြီးမှာ အေးစက်သွားတာလဲ....


သို့သော် ရှန့်ကျန်း ကမူ ဘာမှမသိလိုက်ပေ။သူသည် စုမုန့် ကိုနှောင့်ယှက်နေဆဲဖြစ်သည်။အရည်အချင်းအများကြီးမရှိသော်ငြား သင်ယူချင်စိတ်ပြင်းပြသူပင်။


 “အဲဒီလူကို တခြားအခန်းကို ခေါ်သွားပါ” 


Oneက အကြာကြီးကြည့်ပြီးနောက် အသံနက်ကြီးဖြင့် ပြောလိုက်သည်။


 "ဟင်"  


ကောယန် သည် One၏ စကားကိုကြားသောအခါ အံ့အားသင့်သွားသည်။ သူ့နားကိုပင် မယုံနိုင်တော့‌ေပ။ 


"ရှန့်ကျန်း ကို ဘာလို့ တခြားအခန်းကို ခေါ်သွားခိုင်းတာလဲ…သူက စုမုန့် ကို တစ်ခုခုပြောမှာလား…"


သူ့စိတ်ထဲတွင် နားမလည်သော်လည်း စစ်သားများသည် အမိန့်အတိုင်းလုပ်တတ်ကြသည်။ ထို့ကြောင့် ကောယန် သည် အမိန့်ကို လက်ခံလိုက်ရ၏။သူ အခန်းထဲပြန်သွားသောအခါ ရှန့်ကျန်းသည် စုမုန့် ဘေးတွင်ထိုင်ကာ သူမကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။


 "မစ္စစု၊တွေ့နိုင်မယ်လို့ထင်သလား"  


ကောယန် က မေးသည်။


"ဟင့်အင်း… သဲလွန်စတွေက အရမ်းနည်းတယ်…ဖြစ်နိုင်ရင် သူခိုးကို တွေ့ချင်တယ်”  


စုမုန့် သည် သံလိုက်အိမ်မြှောင်ကို ချလိုက်ပြီး ကောယန် ကိုမော့ကြည့်လိုက်သည်။ သူပေးခဲ့သည့် သဲလွန်စတွေက နည်းပါးလွန်းသဖြင့် သူမ၏ဆရာတောင်မှ ရှာမတွေ့နိုင်ပေ။ သို့သော် သူခိုးနှင့်တွေ့လျှင် လုံလောက်သည်။


"ငါက ဆုံးဖြတ်ချက်ချလို့မရဘူး…ငါ့အထက်လူကြီးနဲ့ တိုင်ပင်ရဦးမယ်"


 “ကောင်းပြီလေ”


ရာဇ၀တ်ကောင်ကို တွေ့ချင်လျှင် သူ့အထက်လူကြီး၏ သဘောတူညီချက်ကို ရယူရန် လိုအပ်သည်။ ထို့ကြောင့် သူ အပြင်မထွက်ခင်မှာ ရှန့်ကျန်း ကို ခေါ်လာလိုက်၏။ ရှန့်ကျန်း သည် သူ့အတွက် လျှို့ဝှက်တာဝန်ရှိနေသည်ဟု ထင်ကာ စိတ်လှုပ်ရှားနေမိသည်။သူ  ကောယန် နောက်ကို လိုက်သွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။


 "ကျွန်တော့်ကို လျှို့ဝှက်တာဝန်တစ်ခု ပေးမှာလား...ကျွန်တော်က Bossလောက် အစွမ်းမထက်ပေမယ့် မခေပါဘူး"


ကောယန် သည် စိတ်အားထက်သန်နေသော ရှန့်ကျန်း ကို ကြည့်လိုက်သည်။ One ခုနကပြောခဲ့သည့် အဓိပ္ပါယ်ကို သူ နားမလည်ပေ။


" Oneက လျှို့ဝှက်ချက်ကို ရှန့်ကျန်းကို ပေးမသိချင်နေတာမလား…"


သို့သော် ရှန့်ကျန်း သည် စုမုန့် ၏လက်ထောက်ဖြစ်သည်။သူကလည်း One၏ အမိန့်ကိုသာ လိုက်နာရသည်ဖြစ်၍ မလွှဲသာတော့ပေ။




xxxxxx