Chapter 63
(အရာရှိရောက်လာသည်)
ကောယန် က သူပြောမည့်စကားကို သေချာ စဉ်းစားရင်း
“မစ္စတာ ရှန့်ကျန်း…ဒီအခန်းကနေ ခဏထွက်ပေးပါ.... နောက်မှ လုပ်စရာတစ်ခုခု ရှိရင် ပြန်လာခဲ့ပါ...အခု တခြားအခန်းကို အရင်သွားလိုက်ပါ…မစ္စစုကို အရာရှိဆီကို ခေါ်သွားပေးရပါမယ်”
“အိုး အဆင်ပြေပါတယ်"
ထို့နောက် ရှန့်ကျန်း သည် ကောယန် နောက်သို့ လိုက်သွားခဲ့သည်။ ရှန့်ကျန်း ကို အပြင်လွှတ်လိုက်ပြီးနောက် ကောယန် က One ကိုတစ်ဖန်သွားတွေ့ရပြန်သည်။
"ဆရာ မစ္စစုက သဲလွန်စနည်းနည်းပဲရှိတော့ ရှာလို့မတွေ့ဘူးလို့ ဆိုပါတယ်....သူမက ရာဇ၀တ်ကောင်ကို သွားကြည့်ချင်တယ်တဲ့...ဒါပေမယ့် သူမက ရာဇ၀တ်ကောင်ရဲ့မျက်နှာကိုမကြည့်ဘဲ သူ့လက်တွေကို ကြည့်ဖို့ပဲလိုတယ်လို့ ပြောတယ်”
One ခဏလောက် စဉ်းစားပြီး အသံသြကြီးနှင့်ပြောလိုက်သည်။
"ကောင်းပြီ ငါလည်း လိုက်မယ်”
“ဆရာ...ကျွန်တော်တစ်ယောက်တည်း ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်...ဆရာ ကိုယ်တိုင်လုပ်စရာမလိုဘူး"
ကောယန် က စုမုန့် ကို မယုံကြည်ချင်ကြောင်း ကောယန် ထင်မိသောကြောင့် အမြန်ကတိပေးလိုက်သည်။
“သူမကို ခေါ်လာခဲ့”
ကောယန် သည် One ၏ လျစ်လျူရှုသောအကြည့်ကိုမြင်ပြီး စုမုန့် ကြောက်နေမည်ဟု တွေးမိသည်။One၏ တည်ကြည်ခန့်ငြားပြီး အေးစက်စက်ပုံက စစ်တပ်ထဲမှာရှိသည့် ရဲဘော်အနည်းငယ်သာ ခံနိုင်ရည်ရှိကြ၏။
စုမုန့်သည် တံခါးဝတွင် ကောယန် ၏ အဖြေကို စောင့်ဆိုင်းနေစဉ် ရှန့်ကျန်း မှာ တစ်ဖက်အခန်းမှ နံရံကို မျက်နှာချင်းဆိုင်လျက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ရှန့်ကျန်း ဒီမှာဘာလုပ်နေတာလဲ... အရာရှိကော က ရှင့်ကို တစ်ခုခုခါ်ခိုင်းတာမဟုတ်ဘူးလား"
ထိုအခါ ရှန့်ကျန်းက ပါးစပ်ရှေ့မှာ လက်ညိုး တစ်ချောင်းထောင်ပြကာ ရှူးဆိုသည့် အမူအရာလုပ်ပြရင်း တိုးတိုးလေးပြောသည်။
“လျှို့ဝှက်ချက်ပဲ...ကိုယ် မင်းကို ဒီမှာစောင့်နေမယ်… ပြီးတဲ့အခါ ကိုယ်ကိုလာခေါ်ဖို့ မမေ့နဲ့နော်"
စုမုန့်: “…”
ဒီကောင့်ရဲ့ ဦးနှောက်မှာ တစ်ခုခုချို့ယွင်းနေသလိုမျိုး သူမ ဘာကြောင့် ခံစားရတာလဲ...သူပြောတဲ့စကားတိုင်းကို သူမ ဘာလို့ နားမလည်ရတာလဲ…
"ကျွန်မနဲ့လိုက်ချင်လား"
သူမ သူ့ကိုမေးလိုက်သည်။
"မဟုတ်ရင်လည်း ကျွန်မ တစ်ယောက်တည်းပဲ သွားမယ်"
ရှန့်ကျန်း က မဖြေသဖြင့် စုမုန့် သည် ကလေးတစ်ယောက်ကို ပြောလိုက်သလိုမျိုး ထပ်ပြောလိုက်၏။ထို့ကြောင့် သူမ အလကားနေရင်း အမေဖြစ်လာသလိုပင်။အမေ ဆိုသည့်အတွေးကြောင့် ယခင်ဘဝက သူမ၏သနားစရာ ကလေးငယ်ကို တွေးကြည့်မိကာ ဒေါသလှိုင်းတွေ တဟုန်ထိုး တက်လာပြီး ဝေ့ထင် အပေါ် အမုန်းတရားတွေ နက်ရှိုင်းလာခဲ့သည်။
ထိုစဉ် ကောယန် က အပေါ်ထပ်ကနေ အမြန်ပြေးဆင်းလာပြီး စုမုန့် ကို
"မစ္စစု...မင်းတွေ့ချင်တဲ့လူက ဒီအဆောက်အဦးထဲမှာ မရှိဘူး... ငါ မင်းကို ခေါ်သွားပေးမယ်"
“ကောင်းပြီ”
စုမုန့် သည် ရှန့်ကျန်း ကို ထပ်ကြည့်လိုက်သည်။ သူက နံရံဘက်ကို မျက်နှာမူနေသေးသဖြင့် သူမ သက်ပြင်းဖွဖွချလိုက်သည်။ ထို့နောက် ငတုံးကောင်ကို သူမ ဂရုမစိုက်တော့ဘဲ ကောယန် နှင့်လိုက်သွားခဲ့သည်။ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရှန့်ကျန်း က သူမကို လှမ်းဖမ်းလိုက်ပြီး အကြောင်းပြချက်တစ်ခုပေးလိုက်သည်။
"မဟုတ်ဘူး…ကိုယ် မင်းကိုကူညီမယ်"
ကောယန် ဂရုမစိုက်လိုက်ပေ။ရှန့်ကျန်း သည် စုမုန့် ၏နောက်သို့လိုက်ကာ ပညာသင်သူဖြစ်ကြောင်း သူသိသည်။ ထို့အပြင် ရာဇဝတ်သား၏ မျက်နှာကို ဘယ်သူမှ မမြင်နိုင်သဖြင့် ရှန့်ကျန်း လိုက်ပါကလည်း ပြဿနာဖြစ်မှာမဟုတ်ပေ။
"မစ္စစု...သူ့ကိုတွေ့ရုံနဲ့ သိနိုင်တာ သေချာလား"
လမ်းတစ်လျှောက်တွင် စုမုန့်၏ စွမ်းရည်ကို သူမြင်ခဲ့ရသော်လည်း သူ့စိတ်ထဲမှာ သံသယအချို့ ရှိနေသေးသည်။အကြောင်းမှာ မျက်နှာဖတ်နည်းကို သိသူတွေ အများကြီးရှိနေနိုင်သည်။မျက်နှာဖတ်နည်းက လျှို့ဝှက်ဆန်းကြယ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊လူတစ်ဦး၏ မျက်နှာအသွင်အပြင်သည် နှလုံးသား၏ပုံရိပ်တစ်ခုဆိုသော ဆိုရိုးရှိ၏။ လူတစ်ဦး၏ မျက်နှာအသွင်အပြင်သည် အရာများစွာကို ကိုယ်စားပြုနိုင်တာကြောင့် တချို့အကြောင်းကို သိနေခြင်းမှာ ပုံမှန်ဖြစ်သည်။ ပစ္စည်းရှာဖွေရာတွင် သုံးကြသော အီလက်ထရွန်နစ် ကိရိယာ မရှိ။
"သူမလက်ထဲက သံလိုက်အိမ်မြှောင်က တစ်ကယ်ပဲ စွမ်းသလား...လူတစ်ယောက်မှာ ဒီစွမ်းရည် တကယ်ရှိနေတတ်သလား...ဒါသာ အမှန်ဆိုလျှင် စစ်တပ်ကိုလည်း အဲ့လိုလူတွေကို သုံးခွင့်ပေးမယ်မထင်ဘူး...သူမလို အကြားအမြင်ပညာရှင်တွေက စစ်မြေပြင်မှာ အထောက်အကူဖြစ်မှာ သေချာပါတယ်..."
"လူကိုကြည့်စရာ မလိုဘူး…သူ့လက်ကိုမြင်ရင် ရပါပြီ…စောစောက ကျွန်မတို့ကိုပေးခဲ့တဲ့ သဲလွန်စတွေနဲ့ဆို လုံလောက်ပါပြီ"
စုမုန့် က ပြောလိုက်၏။
"အဲဒါဆို အရမ်းကောင်းတယ်…ငါတစ်ကယ်စိတ်မကောင်းပါဘူး…ဒီစာတမ်းက အရမ်းကို အရေးကြီးလွန်းလို့ အသေးစိတ်အချက်အလက်တွေကို ပြောပြလို့မရဘူး...ပေါက်ကြားလို့မဖြစ်ဘူး"
ကောယန် ပြုံးလိုက်သည်။ထို့နောက် တစ်စုံတစ်ခုကို သတိရသွားကာ စုမုန့် ဘက်လှည့်ကာ
“ဒါပေမယ့် ငါတို့တပ်မှူးကလည်း ရာဇဝတ်သားကို သွားတွေ့မယ်လို့ကြားတယ်...သူက နည်းနည်းတော့ ထူးဆန်းတယ်၊ ဒါကြောင့် သူ့ကို မြင်တဲ့အခါ အရမ်းလန့်နေစရာမလိုဘူး...မင်းက စည်းမကျော်သရွေ့ သူလည်း ဂရုမစိုက်လောက်ပါဘူး”
"ကောင်းပြီ ကျွန်မ နားလည်ပါတယ်… စစ်တပ်ဆိုတာက အရမ်းစည်းကမ်း တင်းကျပ်ပြီး အမှားအယွင်းတွေကို လုံးဝသည်းခံတာမဟုတ်ဘူးလေ...ကျွန်မ သေချာပေါက် စည်းမကျော်ပါဘူး"
စုမုန့် ကတိစကားဆိုလိုက်သည်။
"မင်းရဲ့နားလည်မှုအတွက် ကျေးဇူးတင်ပါတယ်"
ကောယန် သက်ပြင်းချရင်း ပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက် လမ်းလျှောက်လာရင်း စကားစမြည်ပြောဖြစ်ကြသည်။မကြာခင်မှာ ရာဇ၀တ်ကောင်ကို ချုပ်နှောင်ထားသည့် နေရာကို ရောက်လာ၏။ ဤနေရာသည် တပ်မတော်နယ်မြေအတွင်းရှိ အရေးကြီးနေရာဖြစ်သောကြောင့် မဝင်ရောက်မီ စစ်ဆေးခြင်းများ အခါခါ ခံခဲ့ရသည်။ ရာဇ၀တ်ကောင်ကို ချုပ်နှောင်ထားသည့် အခန်းသို့ ရောက်သောအခါတွင် တစ်ကိုယ်လုံး ဖုံးလွှမ်းနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများကိုတောင် မမြင်ရပေ။ သူ၏ အရပ်အမောင်း သွယ်လျပြီး သန်မာသော ခန္ဓာကိုယ်ကြောင့် ယောက်ျားဖြစ်မှန်း စုမုန့် သိလိုက်သည်။
(ရှန့်ကျန်း အနှင်ထုတ်ခံရခြင်း...)
သူက တစ်ကယ်ကို လူထူးဆန်း တစ်ယောက်လိုပင် တစ်ကိုယ်လုံး တစ်နေရာမှမမြင်ရအောင် ဖုံးကာထားသည်။ စုမုန့် စိတ်ထဲမှာ ညည်းညူလိုက်သည်။
'ကောယန် ကြိုပြောထားလို့ပေါ့... မဟုတ်ရင် ဒီလူက ရာဇ၀တ်ကောင်လို့ ငါ ထင်မိမှာ"
“မစ္စစု ရာဇ၀တ်ကောင်က အတွင်းခန်းထဲမှာ…ငါ့နောက်လိုက်ခဲ့"
ထို့နောက် ကောယန် သည် အတွင်းခန်းတံခါးကိုဖွင့်လိုက်ရာ စုမုန့် အလယ်မှာ ထိုင်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရ၏။ ရာဇဝတ်ကောင်သည် ဦးထုပ်နှင့် ထောင်ဝတ်စုံကို ၀တ်ထားသည်။သူ့ကို ထိုင်ခုံမှာ ချုပ်နှောင်ထား၏။
ကောယန် သည် စုမုန့် နောက်သို့လိုက်လာခဲ့သည်။ သူက စုမုန့်၏ လုံခြုံရေးကို ကာကွယ်ပေးရပေမည်။ ဤရာဇ၀တ်ကောင်သည် အလွန်အန္တရာယ်များသည်။ ရှန့်ကျန်း နှင့် One ကလည်း လိုက်လာပြီး စုမုန့် နောက်မှာ ရပ်လိုက်သည်။
ထိုအချိန်တွင် ရာဇဝတ်ကောင် နိုးလာသည်။သူ၏ ဦးခေါင်းကို ဖုံးအုပ်ထားပြီး ခြေလက်များကို သော့ခတ်ထားသဖြင့် တုတ်တုတ်မျှမလှုပ်နိုင်သော်လည်း အနည်းငယ် ရုန်းကန်နေသည်။စုမုန့်သည် ရာဇ၀တ်ကောင်ရှေ့သို့ လျှောက်သွားပြီး သူ့လက်များကို သေချာစောင့်ကြည့်ရန် ငုတ်တုတ်ထိုင်ချလိုက်သည်။ ရှန့်ကျန်း သည် စုမုန့် ဘာလုပ်မည်ကို သိချင်နေသဖြင့် သူမအနားမှာ ထိုင်ချလိုက်သည်။ထို့ကြောင့် နှစ်ယောက်သား အတော်လေး နီးကပ်လျက်ရှိ၏။ ထိုအခါ အနောက်မှာရပ်နေသည့် အရာရှိ One၏ မကျေနပ်ဟန် သက်ပြင်းကြောင့် အားလုံးတုန်လှုပ်သွားကြသည်။
"ရှင့်လက်ကို ခဏပြပါ"
စုမုန့် ပြောလိုက်ပြီးနောက် သူမသည် သံလိုက်အိမ်မြှောင်ကို ရာဇ၀တ်ကောင်၏လက်ပေါ်မှာ တင်လိုက်သည်။ ရာဇဝတ်ကောင်က ခုခံသော်လည်း သူ့ခန္ဓာကိုယ်ကို သေချာချုပ်ထားသောကြောင့် ခုခံနိုင်စွမ်းမရှိဘဲ အသာလေးသာ လူးလွန့်နိုင်သည်။သူ့လက်က ဘာနှင့်ထိမိမှန်း မသိသော်လည်း အေးစက်သည့် အရာတစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးလာ၏။ဤခံစားချက်က သူ့ကို စိတ်မသက်မသာဖြစ်စေ၏။ သူ့ခန္ဓာကိုယ်ကို ချုပ်ထားသော်လည်း သူ့လက်သည် လှုပ်ရှားနိုင်သေးသဖြင့် ထိုအရာကို ဖယ်ထုတ်ရန် ကြိုးစားသည်။
အိမ်မြှောင်က အလွန်လေးတာကြောင့် ရာဇဝတ်ကောင် လွှတ်ချထားမှာစိုး၍ စုမုန့် သူ့လက်ကို ကိုင်ထားပေးရသည်။ဤအရာက သူမ၏ ဝင်ငွေ စီးဝင်လာရာ အရင်းအမြစ် ဖြစ်သည်။ အိမ်မြှောင်ကို အကြာကြီးသုံးပြီးနောက် သူမမှာလည်း သံယောဇဉ်ငြိတွယ်လာခဲ့၏။ထို့အပြင်၊ ဤအရာသည် အချိန်အတော်ကြာပြီးဖြစ်၍ ပိုင်ရှင်ကိုပါ သိလာနိုင်စွမ်းရှိသည်။
ထိုစဉ် ရာဇဝတ်ကောင်က အားသုံး၍ ဖယ်ချဖို့လုပ်လိုက်သောကြောင့် သူမ ကမန်းကတန်း ဖမ်းလိုက်သည်။သူမသည် မူလက ငုတ်တုတ်ထိုင်နေခဲ့သည်ဖြစ်၍ ယခု ရာဇဝတ်ကောင် အနားဆီသို့ လဲကျသွားခဲ့သည်။ ရှန့်ကျန်း သည် သူမဘေးတွင် အမြဲရှိနေသောကြောင့် သူမကို ဆီးဖမ်းပေးလိုက်ကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းရန်ပြင်လိုက်သည်။ သို့သော်လည်း မကြာမီ သူ့လည်ဂုတ်နောက်ဘက်ရှိ အင်္ကျီကော်လံစကို တစ်စုံတစ်ယောက်မှ ဖမ်းဆွဲသွားသည်ကို ခံစားလိုက်ရပြီး ကြောင်တစ်ကောင်လို ဆွဲထုတ်ခံရလေသည်။
Oneက စုမုန့် ကို ရာဇ၀တ်ကောင်ဆီ မရောက်သွားဖို့ ဆီးဖမ်းပေးလာသည်။ထို့နောက် လွှတ်လိုက်ပြီး ဘေးနားသို့ လျှောက်သွားလိုက်သည်။စောစောက သူ့လက်ချက်ကြောင့် ရှန့်ကျန်း ခမျာ နံရံကို တိုက်ရိုက်သွားထိ၍ သူ့ခေါင်းကို ထိသွားသည်။သူ နာကျင်လွန်းသဖြင့် အသံထွက်၍ အော်မိသည်အထိပင်။
ဘေးမှာရပ်နေသည့် ကောယန် က အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ သူ Oneကို တုန်လှုပ်စွာကြည့်လိုက်ပြီး နာကျင်စွာ အော်ဟစ်နေသူ ရှန့်ကျန်း ဆီကို ကူညီရန် လျှောက်သွားခဲ့သည်။
ရှန့်ကျန်း သည်စုမုန့် ကို ကယ်ဖို့ကြိုးစားခဲ့သူပင်။သူမကို ဖမ်းပေးဖို့ Oneက ရှန်းကျန့်ကို ဘာလို့ သွားလုပ်ရတာလဲ...Oneက စုမုန့် ကို ကြိုက်နေလို့လား…
"ဘယ်မှာလဲဆိုတာ ကျွန်မ သိပြီ"
စုမုန့် သည် စောစောက အဖြစ်အပျက်ကို ဂရုမစိုက်ဘဲ သူမ၏ အာရုံသည် သံလိုက်အိမ်မြှောင်ပေါ်တွင်သာ ရှိနေသည်။
"နေရာအတိမကျကို မင်း သိနိုင်လား"
ကောယန် စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်သော်လည်း အောင်မြင်စွာရှာတွေ့လိုလျှင် တိကျသောတည်နေရာကိုပါ သိဖို့လိုအပ်နေသေးသည်။သူတို့ အတော်ကြာရှာနေခဲ့ပြီးဖြစ်၍ အချိန်ထပ်မဖြုန်းချင်တော့ပေ။ဤပြဿနာကို တစ်ချက်တည်း ဖြေရှင်းနိုင်ဖို့သာ မျှော်လင့်မိသည်။
"နေရာက အရမ်းထူးဆန်းတယ်...ရွေ့နေတယ်"
စုမုန့် က သံလိုက်အိမ်မြှောင်ကိုကြည့်ပြီး ပြောလိုက်သည်။
"ရွှေ့နေတယ်... တစ်ယောက်ယောက်က အရင်တွေ့သွားတာ ဖြစ်နိုင်လား"
ကောယန် ၏နှလုံးသည် ချက်ချင်းပင် တင်းမာလာသည်။
“မဟုတ်ဘူး… လှုပ်ရှားမှုရဲ့ အရှိန်က အရမ်းနှေးတယ်… လမ်းလျှောက်တာနဲ့တူတယ်…အရမ်းနှေးတယ်”
စုမုန့် မျက်မှောင်ကြုတ်လိုက်သည်။ ဤခံစားချက်က ထူးဆန်းလွန်း၏။ တစ်ယောက်ယောက်က ရှာမတွေ့ရင် ဘယ်လိုဖြစ်ပြီး ရွေ့သွားနိုင်မှာလဲ…
"ကောင်းပြီ ဒါဆို ငါစီစဉ်ပေးမယ်…"
ကောယန် သည် Oneက ဘာမှ အရိပ်အခြည်မပြသဖြင့် သူသဘောတူပြီး ပြင်ဆင်ဖို့ ချက်ချင်းထွက်သွားတော့သည်။
သူတို့အဆင်သင့်ဖြစ်ဖို့ အချိန်အတော်ကြာ ယူခဲ့ရသည်။ မထွက်ခွာမီ ကောယန်က စုမုန့် နှင့် ရှန့်ကျန်း အတွက် ကျည်ကာအင်္ကျီများ လာပို့စေသည်။ကျည်ကာအင်္ကျီများအပြင် တစ်ဦးစီအတွက် တိုက်ခိုက်ရေးယူနီဖောင်းဝတ်စုံကိုလည်း ပြင်ဆင်ထားခိုင်းသည်။ သူတို့သွားမည့်နေရာက မဖွံ့ဖြိုးသေးသည့် တောအုပ်တစ်ခုပင်။ အဆိပ်ရှိသော အင်းဆက်များနှင့် သားရဲများသာမက ရာဇ၀တ်ကောင်များလည်း ရှိနေနိုင်သည်။
စုမုန့် ထွက်လာသောအခါတွင် စစ်တပ်သုံး SUV ခြောက်စီးမှာ အောက်ထပ်တွင် ပါကင်ထိုးထားသည်ကို တွေ့လိုက်ရ၏။ သူမသည် အဆောက်အဦးထဲတွင် ရှိနေခဲ့ပြီး အပြင်ကို ဂရုမစိုက်မိပေ။ယခု ထွက်လာတော့မှ မိုးရွာနေမှန်း သိလိုက်ရသည်။ မိုးက မစဲသေးသဖြင့် အပြင်ကို ရှင်းလင်းစွာ မြင်ရသော်လည်း မိုးသံက လွန်စွာကျယ်လောင်ခြင်းမရှိပေ။ ထို့ကြောင့် သူမသည် မည်သည့်အသံမျှ မကြားခဲ့ရသည်မှာ အံ့သြစရာမဟုတ်ပေ။
xxxxxxx