Chapter 64
( အတူတကွ အလုပ်လုပ်ကြခြင်း )
ယခုအချိန်ကြီးမှာ တခြားရုတ်တရက်အခြေအနေတွေကို မပြောနှင့်၊ ရာသီဥတုတစ်ခုတည်းကပင် အန္တရာယ်များနေေလပြီ။ အဘယ်ကြောင့်ဆိုသော်စုမုန့်၏ လေ့လာချက်အရ ညဘက်တွင် မိုးသက်မုန်တိုင်း ကျရောက်လိမ့်မည်။ ထို့အပြင် သူမ အမြဲလိုလို စိတ်ရှုပ်နေရသဖြင့် ဘာဆက်ဖြစ်မည် ဆိုသည်ကို မခန့်မှန်းနိုင်ပေ။ သူမနှင့် ဆက်နွယ်နေသမျှပတ်ဝန်းကျင်မှာ ပြာရီမှုံမှိုင်းနေသောကြောင့် ဘာကိုမှ မမြင်နိုင်ပေ။
"မစ္စစု၊ မင်း ဒီကားကို ငါနဲ့စီးရမယ်"
ကောယန် သည် စုမုန့် နှင့် ရှန့်ကျန်း ကို ခေါ်ဆောင်ရန် သူကသာ အသင့်တော်ဆုံးဖြစ်သည်။ စုမုန့် ကားပေါ်တက်ခါနီးမှာ One က ဘေးကနေ လျှောက်သွားကာ သူမကို လက်ညှိုးထိုးပြပြီး
"မင်းက ကိုယ်နဲ့ အတူလာစီး"
သူသည် ဤနေရာ၌ အဆင့်အမြင့်ဆုံး အရာရှိဖြစ်သဖြင့် စုမုန့် သည် သူမအား သတင်းအချက်အလက်များ ပိုမိုရရှိစေရန် သူနှင့်အတူ လိုက်လာဖို့ ပြောခြင်းဖြစ်ကြောင်း စုမုန့် တွေးမိသည်။ထို့ကြောင့် သူမ ခေါင်းညိတ်ပြီး One နှင့်အတူ ဒုတိယကားဆီသို့ လိုက်သွားခဲ့သည်။သူမ ကားထဲဝင်ခါနီးမှာ ရှန့်ကျန်း လည်း သူမနောက်ကို လိုက်လာ၏။
"ဆရာမ စောင့်ဦး…ကိုယ် မင်းနဲ့ထိုင်မယ်!"
ရှန့်ကျန်း သည် စုမုန့် သူ့ကို ထားခဲ့မှာ ကြောက်သဖြင့် အတင်းပြေးလွှားပြီး သူမနှင့်အတူ ကားပေါ်တက်ဟန်ပြင်လိုက်၏။ထိုအခါ Oneက လက်မြန်ေခြမြန်ပင် ကားတံခါးကို ပြင်းပြင်းထန်ထန် ပိတ်လိုက်သည်။သူ ရှန့်ကျန်း ကို ဝင်ခွင့်မပေးပေ။
"တံခါးဖွင့်ပါဦး.…ကျွန်တော်လည်း ဒီကားထဲ ဝင်လို့မရဘူးလား"
ရှန့်ကျန်းက အပြင်ဘက်မှန်ကိုခေါက်လိုက်ပြီး စုမုန့်အား တံခါးဖွင့်ပေးဖို့ အချက်ပြလိုက်သည်။
"ဆရာ သူက ကျွန်မရဲ့ အဖော်ပါ"
စုမုန့် က ရှင်းပြသည်။ထိုအခါ Oneကအနက်ရောင်မှန်သားကို အတွင်းဘက်ထဲမှ တင်လိုက်သည်။ယခုဆို အပြင်လောကနှင့်ဤကားထဲမှာ လုံးဝ အဆက်ပြတ်သွားရလေပြီ။ဤကား၏ အသံလုံစနစ်က တစ်ကယ် အံမခန်းပင်။
“သူက စစ်တပ်က မဟုတ်ဘူး”
One က အေးစက်စွာပြောပြီး ဆက်မပြောတော့။
ရှန့်ကျန်းက စစ်တပ်က မဟုတ်ဘူး ဆိုပါလား...
စုမုန့် အံ့သြသွားသည်။ သူမ Oneကို သံသယစိတ်ဖြင့် ကြည့်လိုက်သည်။ သို့သော် သူမသည်လည်း စစ်တပ်မှမဟုတ်သဖြင့် ရှန့်ကျန်းကိုလည်း တက်လာခိုင်းသင့်သည်။ သို့သော် One က မတုံ့ပြန်သဖြင့် သူမ လက်လျှော့လိုက်၏။ထို့နောက် သူမ ရှန့်ကျန်းကို ကားနောက်ကနေ တက်လာဖို့ လက်ဟန်ပြလိုက်သည်။သို့သော် ကံမကောင်းစွာပဲ သူ မမြင်နိုင်ပေ။ကား၏ အပြင်ဘက်မှ အပြင်ကို မြင်နိုင်သော်လည်း အတွင်းပိုင်းကို အပြင်ဘက်မှ မမြင်နိုင်။
One သည် အလွန်အေးစက်လျက်ရှိသည်။စုမုန့် ဘယ်လိုပြောပြော တုံ့ပြန်မှုမရှိ။ ကံကောင်းစွာနှင့်၊ကောယန် ရောက်လာပြီး ရှန့်ကျန်းကို ခေါ်သွားသည်။
"မစ္စတာရှန့်..ဒါ ငါတို့တပ်မှူးရဲ့ကားပါ… စစ်တပ်ကမဟုတ်တဲ့လူတွေ ခေါ်လို့မရဘူး...မင်းက ငါ့ကားနဲ့လိုက်လာတာ ပိုကောင်းတယ်"
ကောယန် သည် အပြင်ပန်းက ချောချောမွေ့မွေ့ ဖြစ်အောင် ကြိုးစားခဲ့သော်လည်း အမှန်တစ်ကယ်တွင် သူသည် One ၏ကားအပြင်ဘက်ကို အံ့အားသင့်စွာ ကြည့်နေမိလေသည်။One ၏ကားသည် ရဲဘော်ရဲဘက်များသာ စီးနိုင်သော ကားဖြစ်သည်။ ကျန်လူများကို မည်သည့်အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ထိုကားထဲတွင် စီးခွင့်မပြု။ နောက်ဆုံးအကြိမ်တွင် ခေါင်းဆောင်တစ်ဦး လာရောက်စုံစမ်းသောအခါ၌ပင် သူ့ကားထဲသို့ ဝင်ခွင့်မပြုခဲ့ပေ။ သို့သော် စုမုန့် သည် သူ့ကားထဲသို့ ဝင်သွားခဲ့ခြင်းမှာ တစ်ကယ့်ကို အံ့ဖွယ်ထူးဆန်းပင်။
"အိုး…ဒါဆို ကောင်းပြီ”
ရှန့်ကျန်း စကားများများစားစား မပြောသလို၊ ကောယန် ကလည်း နာခံစွာ လိုက်သွားခဲ့သည်။ အားလုံးအဆင်သင့်ဖြစ်ပြီးနောက် ကားများ စတင်ထွက်ခွာလာခဲ့သည်။မိုးက ပိုပိုသည်းလာ၏။ကားများ စစ်တပ်မှ ထွက်ခွာပြီး လမ်းမကြီးပေါ်သို့ မောင်းနှင်လာစဉ် ကောင်းကင်တွင် ရုတ်တရက် လျှပ်စီးများလက်ကာ မိုးကြိုးပစ်သံများ ကြားရလာ၏။
စုမုန့် သည် ဤရာသီဥတုမျိုးမှာ ဘယ်လိုအရာမျိုးအား ရှာတွေ့မလဲဆိုသည်ကို စိတ်ထဲပင် မရှိတော့။ပစ္စည်းတည်နေရာကို ဆုံးဖြတ်ရမခက်သော်လည်း၊ ရှာဖို့ မဆိုထားနှင့်၊ဤရာသီဥတုမျိုးမှာ လမ်းလျှောက်ဖို့တောင် ခက်ခက်ခဲခဲပင်။သူမ ဘေးနားကလူကို လှည့်ကြည့်လိုက်သည်။ ထိုလူသည် အရာရှိတစ်ဦးမဟုတ်သောကြောင့် သူမလည်း ပူပန်နေစရာ မလိုပေ။ အပြင်ဘက်က မိုးသက်မုန်တိုင်းကို ကြည့်လိုက်ရင်း သူမ ပြတင်းပေါက်ကို မှီ၍ မျက်လုံးမှိတ်ကာသာ အနားယူနေလိုက်၏။ နောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်၏။
စုမုန့် အနားယူရန် မျက်လုံးမှိတ်လိုက်သောအခါ မူလမျက်လုံးမှိတ်ထားခဲ့သော One က ရုတ်တရက် မျက်လုံးပွင့်လာပြီး သူမဘက်ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်မှန်အောက်မှာ ဝှက်ထားသည့် အကြည့်တွေက နက်နဲလျှို့ဝှက်သော အဓိပ္ပါယ်တွေ ပြည့်နှက်နေပြီး မတူညီသည့် စိတ်ခံစားမှုတို့ ရှိနေလေသည်။ တစ်ယောက်နှင့်တစ်ယောက် မတွေ့ရစဉ်အတွင်း သူမကောင်းကောင်းနေနေပုံရသည်။ သူမသည် အဘိုးလု ကိုပင် သိနေသည်။
"ဒါ သူမလိုချင်တဲ့ဘဝပဲလား…အလုပ်တွေ လုပ်ပြီး ဝင်ငွေရှာဖို့ ကိုယ်ပိုင်အရည်အချင်းကို အားကိုးနေသလား… အန္တရာယ်ရှိရင်တောင် သူမ ဂရုမစိုက်ဘူးလေ… သူမ ဘေးက ထူးဆန်းတဲ့လူတစ်ယောက်ကိုတောင် စိတ်မ၀င်စားဘူးပဲ...."
ရှန့်ကျန်း အကြောင်းကို တွေးလိုက်ရာ One ၏ အကြည့်တွေက တဖြည်းဖြည်း မည်းမှောင်လာရ၏။
"ဟတ်ချိုး"
စုမုန့် သည် အအေးမိနေပုံရသည်။ သူမ နှာချေပြီး မျက်မှောင်ကြုတ်ထားကာ ဘောလုံးတစ်လုံးထဲသို့ လုံးလုံးကလေးဖြစ်နေ၏။ သူမ တစ်ကယ်ပင် ပင်ပန်းနေပုံရပြီး အိပ်ရာက မထနိုင်တော့ေပ။ အပြင်မှာ မိုးရွာနေသဖြင့် အတွင်းထဲကလည်း အတော်ပင် အေးခဲနေလေသည်။
"အပူပေးစက်ဖွင့်လိုက်"
One က ဒရိုင်ဘာကို ပြောလိုက်သည်။
(Deja Vu...)
ဒရိုင်ဘာက လေပူပေးစက်ကိုဖွင့်ပြီးနောက် စုမုန့် ၏ ခန္ဓာကိုယ်သည် ပျော့ခွေသွားခဲ့သည်။ သူမ တစ်ကယ်ပင် ပင်ပန်းနေပုံရပြီး မနိုးလာတော့ေပ။
ရုတ်တရတ် နူးညံ့သိမ်မွေ့သော မျက်နှာထားဖြစ်သွားသည့် Oneကို ဒရိုင်ဘာက နောက်ကြည့်မှန်မှ စိုက်ကြည့်နေသည်။အရာရှိက ဘယ်သူ့ကိုမှ ဂရုစိုက်တတ်သူမဟုတ်ပေ။ သို့သော် သူ One နှင့် အကြည့်ချင်းဆုံသွားရကာ အေးစက်သောအကြည့်များကို ခံစားနိုင်သည်။ ဒရိုင်ဘာသည် အလွန်ကြောက်လန့်သဖြင့် အကြည့်ကို အမြန်လွှဲကာ ဆက်မောင်းနှင်ရန် အာရုံစိုက်လိုက်သည်။
ကားများသည် တောင်ပေါ်သို့ တစ်လျှောက်လုံး မောင်းလာခဲ့သည်။ အစက လမ်းတစ်ခုရှိသေး သော်လည်း ဆက်မောင်းလာလိုက်သော် လမ်းဟူ၍မည်မည်ရရ မတွေ့ရတော့သလို၊ တောများထူထပ်လာရ၏။ယနေ့ မိုးရွာထားသဖြင့် လမ်းက ရွှံ့တွေနစ်နေကာ မောင်းရခက်နေတော့သည်။ဆင်မောင်းပါက ကားများ နစ်သွားနိုင်၏။
"ဆရာ ရှေ့ဆက်လို့မရတော့ဘူး"
ဒရိုင်ဘာက ကားကိုရပ်ကာ One ကို သတင်းပို့လိုက်သည်။
“ကောင်းပြီ၊ ဒါဆို ငါတို့ ခြေလျင်သွားရမယ်လို့ တခြားသူတွေကို ပြောပြလိုက်”
ဤသစ်တောသည် အလွန်ကြီးမားပြီး တောကြီးမျက်မည်းနိုင်လှသည်။ စာရွက်စာတမ်းများကို သူခိုးဝှက်ထားရန် အသင့်တော်ဆုံးနေရာဖြစ်သည်။ သို့သော် အကောင်းနှင့်အဆိုး နှစ်မျိုးလုံးရှိခဲ့သည်။ ရန်သူကိုလည်း ရှာရခက်သလို ကိုယ့်လူကိုလည်း ရှာရခက်နိုင်၏။ ဤစစ်ဆင်ရေးအတွက် တောင်တက်လမ်း၏အန္တရာယ်များကို အာရုံစိုက်ရခြင်းအပြင် ရန်သူတပ်များကိုပါ အာရုံစိုက်ရမည်ဖြစ်သည်။
ကားက ရုတ်တရက် ရပ်သွားသဖြင့် စုမုန့် သည် ပြတင်းပေါက်ကို မှီ၍အိပ်နေရာမီ အရှန်လွန်ကာ ရှေ့သို့ ငိုက်ကျသွားသည်။သူမ ခေါင်းက အောက်ငိုက်ကျလုနီးပါးဖြစ်သွားရာ Oneက သူမကို အမြန်ဆွဲယူလိုက်သည်။ ထိုအခါမှ သူမ ချက်ချင်း နိုးလာပြီး ဒရိုင်ဘာနှင့် One တို့အကြား စကားပြောသံကို ကြားလိုက်ရသည်။
"ကျေးဇူးတင်ပါတယ်"
သူမ Oneကို ကျေးဇူးတင်စကားဆိုလိုက်၏။Oneက ခေါင်းခါပြပြီး ပြန်မဖြေတာကြောင့် သူမ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ဤလူက အလွန်အေးစက်နေသဖြင့် အဆင့်မြင့် အရာရှိကြီးများအတိုင်း ဖြစ်သည်။
"ဘယ်ကိုကြည့်ရမှာလဲ"
သူက သူမကိုကြည့်ပြီး မေးလိုက်သည်။သူ့အသံက အက်ကွဲကြမ်းရှနေတာကြောင့် သူမ မျက်မှောင်ကြုတ်လိုက်မိသည်။ထိုအခါမှ ဤအေးစက်စက်ကောင်မှာ အတော်တာဝန်သိတတ်သူဟု တွေးမိ၏။ သူ အအေးမိနေသော်လည်း မစ်ရှင်ကြောင့် တာဝန်ကိုလစ်ဟမခံပေ။
"ဒီတည်နေရာကို အတည်ပြုပါရစေ…ဒီနေရာရဲ့ မြေပုံရှိလား...ကျွန်မ အမှတ်အသားလုပ်ရမယ် မဟုတ်ရင် လမ်းပျောက်သွားလိမ့်မယ်”
စုမုန့် က မေးမြန်းလိုက်သည်။ သူတို့နှစ်ယောက် စကားပြောနေချိန်မှာ ကောယန် က ကားပြတင်းပေါက်ကို လာခေါက်သည်။
"မစ္စစု...ဒီဝတ်စုံက မင်းအတွက်ပါ... မိန်းကလေး ဝတ်မရှိတာတော့ အားနာပါတယ်…ဒါက အသေးဆုံးဆိုဒ်ပဲ…အပြင်မထွက်ခင် ဝတ်လိုက်ပါ"
One က ကားတံခါးကိုဖွင့်လိုက်ရာ ကောယန် သည် စုမုန့် ကို အဝတ်တစ်ထည်ပေးလိုက်သည်။
"ဒါက"
စုမုန့် အထုပ်ကိုဖွင့်ပြီး အဝတ်ထူထူကြီးတစ်စုံကို ကြည့်လိုက်သည်။ခဏလေး ကိုင်ထားရင်းနှင့်ပင် ညောင်းလာရလေသည်။
“ဒါက တိုက်ပွဲဝတ်စုံပါ…လူကိုအတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တယ်...ညဘက်ဆို တောထဲမှာ အန္တရာယ်ရှိတယ်...အခု မိုးကလည်း ရွာနေတာဆိုတော့ ပိုတောင် အန္တရာယ်များသေးတယ်”
ကောယန်က စုမုန့် ကို ရှင်းပြလေသည်။
စုမုန့် က အဝတ်အစားကို ဘေးဖယ်ထားပြီး
"နေရာကို အရင်မှတ်သားထားမယ်... ပြီးရင်ဝတ်မယ်"
ဒရိုင်ဘာပေးသော မြေပုံကိုယူပြီးတည်နေရာကို ဆုံးဖြတ်ရန် သံလိုက်အိမ်မြှောင်ကို အသုံးပြု၍ မြေပုံပေါ်တွင် မှတ်သားခဲ့သည်။ ထို့နောက် သူမသည် စောစောက ဝတ်စုံကို ကောက်ကာ စတင်ဝတ်ဆင်ခဲ့သည်။ ရှန့်ကျန်း လည်း ဝတ်စုံကို ဝတ်လာပြီး စုမုန့် ကို ရှာဖို့ လာခဲ့၏။
"ဒါကို ဘယ်လိုဝတ်ရမလဲဆိုတာ မသိဘူးလား…လာ၊ လာ၊ ကိုယ် မင်းကို ကူညီပါရစေ"
ထိုသို့ပြောပြီးနောက် စုမုန့် ကိုကူညီရန် ရောက်လာသည်။ဝတ်စုံကဝတ်ရတာ တစ်ကယ်ခက်လှသည်။ ဝှက်ထားသော ခလုတ်များစွာ ရှိသည်။ စုမုန့် ယခုလိုအဝတ်အစားမျိုးအား တစ်ခါမှ မမြင်ဖူးချေ။သူမ
တည်နေရာကို တွက်ချက်နေစဉ်တွင် ထိုထူးဆန်းသော အရာရှိသည်လည်း အဝတ်အစားများ ဝတ်ထားပြီးဖြစ်သည်။ အနီးနားတွင် မည်သူမျှ မရှိသောကြောင့် ဝတ်စုံအား ဘယ်လိုဝတ်ရမှန်း မသိဖြစ်နေစဉ် ရှန့်ကျန်း ရောက်လာခြင်းဖြစ်သည်။ထို့ကြောင့် သူမသည် ကားတံခါးဝတွင် ထိုင်လိုက်ရာ ရှန့်ကျန်း က ဝတ်စုံအား ကြယ်သီးတပ်ရန် ကူညီပေးသည်။ ရှန့်ကျန်း ၏ မျက်နှာသည် ဂုဏ်ယူမှုအပြည့်ရှိနေသည်။ နောက်ဆုံးတွင် သူသည် စုမုန့် ထက် သာလွန်သောအရာတစ်ခု ရှိလာသည်။သို့သော် စုမုန့် ကိုထိခါနီးတွင် ရှန့်ကျန်း ၏ကော်လံကို Oneမှ ဖမ်းဆုပ်ထားသည်။သူ ချက်ချင်း အခြေအေနမဟန်မှန်းသိကာ
ဘေးနားကို လှဲချလိုက်သည်။သို့သော် ယခင်တစ်ခါကလို မပြင်းထန်သဖြင့် သူ လဲမကျသွားဘဲ ခြေလှမ်းအနည်းငယ်သာ နောက်ပြန်ဆုတ်သွားခဲ့သည်။ ချက်ချင်းပင်၊ Oneက စုမုန့် ကိုယ်ပေါ်ရှိ ကြယ်သီးများကို တစ်လုံးပြီးတစ်လုံး ကူတပ်ပေးသည်။ အားလုံးပြီးသွားသည့်အခါ သူက သူမကို ကားထဲက ကူထစေပြီး မတ်တပ်ရပ်ခိုင်း၏။ သူမ အဝတ်အစားတွေက လေးလံလွန်းပြီး မြေပြင်က ချောလွန်းနေသဖြင့် တစ်ယောက်တည်းဆင်းလာလျှင် သူမ အလွယ်တကူ ချော်လဲသွားနိုင်သည်။
ရုတ်တရက် နူးညံ့သိမ်မွေ့သွားသော အရာရှိကို ကြည့်လိုက်ကာ စုမုန့် အနည်းငယ် စိတ်ရှုပ်သွားရသည်။
ကောယန် အမြင်မှကြည့်လိုက်လျှင် သူမတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် အလွန်ရင်းနှီးနေကြသည် ထို့အပြင် One၏လက်တစ်ဖက်က စုမုန့် ခါးပေါ်မှာ တင်ထားသလိုမျိုး ဖြစ်နေလေသည်။
( လိမ့်ကျသွားခြင်း...)
ကောယန် ဤမြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။ သူ့တပ်မှူးက အမြဲတမ်း အေးစက်ပြီး မည်သူ့ကိုမှ ညင်သာစွာ ဆက်ဆံသည်ကို တစ်ခါမှ မတွေ့ဖူးပေ။
စုမုန့် ကိုကျမှ သူဘာလို့ တစ်မျိုးဖြစ်နေရတာလဲ… စုမုန့် ကို သူ သဘောကျတာ ဖြစ်နိုင်သလား…
ထိုသို့စဉ်းစားရင်း ကောယန် ပြဿနာတစ်ခုကို သတိထားမိလိုက်သည်။တပ်မှူးမှာ ချစ်သူရည်းစား ဇနီးရှိမရှိကို သူ တစ်ခါမှ မကြားဖူးပေ။
သူက လူလွတ်ဖြစ်နေတုန်းမို့ စုမုန့် ကို ချစ်နေတာများလား…
သူ အတွေးမဆုံးခင် အမြန်ငြင်းပယ်လိုက်သည်။ Oneမှာ နှလုံးသားမရှိပေ။ သူ့မှာ တစ်ကယ် နှလုံးသားရှိသည်ဆိုလျှင် သူ့ ရဲဘော်တွေကို ထိုမျှအေးစက်မှာ မဟုတ်။ ထို့အပြင် သူနှင့် အဆက်အသွယ်ရှိသူကလည်း သူ့ပတ်ဝန်းကျင်မှာ မိန်းမဆို၍ ဘယ်မိန်းမမှ ဆက်နွှယ်နေသည်ကို မမြင်ဖူးပေ။
ကောယန် က One ကို ဆက်ကြည့်လိုက်၏။သူတို့နှစ်ဦးကြားတွင် တစ်ခုခုဖြစ်ပျက်လာမည်ဟု မူလက သူထင်ခဲ့သော်လည်း မကြာမီတွင် Oneက လှည့်ထွက်သွားသည်။ စုမုန့် အဝတ်အစားဝတ်ရာမှာ ကူညီဖို့ ရှန့်ကျန်း ကို သူ ဘေးဖယ်ထားလိုက်ခြင်းပင်။ ကြည့်စရာ ဘာမှမကျန်တော့သည့်အတွက် ကောယန် အကြည့်ကို ဖယ်လိုက်၏။
သို့သော် စုမုန့် တစ်ခုခုမှားနေပြီဟု ခံစားမိသည်။ အကြောင်းတစ်ခုခုကြောင့် တစ်ကိုယ်လုံးကို တင်းတင်းကြပ်ကြပ် ဖုံးအုပ်ထားသည့် Oneနှင့် ရင်ဆိုင်ရသည့်အခါ သူမ စိတ်ထဲမှာ ထူးဆန်းသော ခံစားချက်တစ်ခု ခံစားခဲ့ရသည်။ဤခံစားချက်က ဘယ်ကလာမှန်းမသိသော်လည်း သူမ ထိုအကြောင်းကို သိပ်ပြီး မစဉ်းစားခဲ့ပေ။ ပြီးသည်နှင့် သူမသည် အုပ်စုကြီး၏ အလယ်သို့ လျှောက်သွားသည်။
ရှန့်ကျန်း အံ့သြနေဆဲပင်။ အရာရှိက သူ့အရည်အချင်းကို မယုံကြည်ဘူးဟု ထင်မိသဖြင့် သူ့ကိုယ်သူ ရေရွတ်မိသည်က…
“ ကျွန်တော် ဒီဝတ်စုံကို ဘယ်လိုဝတ်ရမယ်ဆိုတာ ကျွန်တော် သိပါတယ်…ကျွန်တော့်ကို ဘာလို့ မယုံတာလဲ…”
ထိုအခါ ကောယန် က သက်ပြင်းတစ်ချက်ချကာ နှစ်သိမ့်ပေးရလေသည်။
“မင်းကို မယုံတာမဟုတ်ဘူး… တိုက်ပွဲဝတ်စုံ ဝတ်ရတာက အဆင်မပြေတဲ့သူက ပိုများပါတယ်...မင်းကိုယ်တိုင်ရော တခြားသူတွေအတွက်ပါ ဝတ်ရတာ မတူပါဘူး....အရာရှိက မစ္စစုမုန့်ကို စေတနာနဲ့ပါ"
"ဟုတ်လား"
ရှန့်ကျန်း သည် သူ့စကားကို အမှန်တစ်ကယ် ယုံကြည်နေပုံရသည်။
"ဟုတ်တယ်"
မကြာမီ အားလုံးအဆင်သင့်ဖြစ်ပြီးနောက် တောထဲသို့ လျှောက်သွားကြသည်။အပြင်မှာ သိပ်မခံစားရသော်လည်း တောထဲကိုဝင်ပြီး ခပ်လှမ်းလှမ်းက တောထဲကို လျှောက်သွားလိုက်သည်နှင့် အတွင်းနှင့်အပြင်က ကွာဟချက်က ချက်ချင်း ပေါ်လာရ၏။ဤတော၏ နေရာတိုင်းမှာ ဆူးပင်တွေရှိပြီး မိုးရွာနေသဖြင့် မြေပြင်ကလည်း ချောနေသဖြင့် စုမုန့် အလွန်ဂရုတစိုက် သေချာလျှောက်နေရသည်။
ယခုအချိန်တွင် အကာအကွယ်အဝတ်အစားများကြောင့် မိုးဒဏ်နှင့် နွေးထွေးမှုကိုလည်း ပေးနိုင်ပြီး ဆူးပင်များကိုပါ ကာကွယ်ပေးနိုင်သည်။ ဝတ်ရတာ လေးလံလွန်းခြင်းမှလွဲ၍ အခြား ချို့ယွင်းချက် မရှိ။
စစ်သားများမှာ နေ့တိုင်းထရိန်နင်ရှိ၍ သူတို့အတွက်က သေးငယ်သည့် ပြဿနာတစ်ခုပင်။ ပုံမှန်လေ့ကျင့်ရေးက ယခုထက် ပိုခက်ခဲသည်။သို့သော် စုမုန့် ကမူ ထိုကဲ့သို့ ခံနိုင်ရည် မရှိခဲ့ပေ။ သူမ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် မောပန်းနွမ်းနယ်ကာ နောက်သို့တဖြည်းဖြည်း ကျန်နေရစ်သည်။ သူမသည် အုပ်စုရှေ့မှ လျှောက်လာနေစဉ် နောက်သို့ ဖြည်းဖြည်းချင်း ရောက်ရှိသွားသည်။ လူတိုင်းက သူမကို အာရုံစိုက်နေကြသဖြင့် အဖွဲ့နှင့်မျက်ခြည်မပြတ်အောင်လိုက်နိုင်သရွေ့ အဆင်ပြေပေသည်။
စုမုန့် နောက်ကျန်နေသည်ကို ရှန့်ကျန်း မြင်လိုက်ရာ၊ သူကလည်း အရှိန်လျှော့ပြီး သူမနှင့် အတူတူ လျှောက်လေသည်။
"မင်း အဆင်ပြေရဲ့လား…အရမ်း မောရင်ခဏလောက် အနားယူလိုက်ပါလား...ကိုယ်တို့က စစ်သားမဟုတ်ဘူးလေ... ဒါကြောင့် ခံနိုင်ရည်က သူတို့လောက်မကောင်းဘူး"
ရှန့်ကျန်းက သူမ အခြေအနေမှာ တစ်ကယ်မကောင်းမွန်ဖြစ်နေတာကြောင့် စိုးရိမ်ကာ အကြံပေးခဲ့သည်။
စုမုန့်သည် သူမကြောင့် တခြားသူတွေကို မထိခိုက်စေချင်ပေ။ယခုလာရင်းကိစ္စကလည်း အရေးကြီးနေပြီမို့ သူမ သည်းခံထားခဲ့သည်။ ထို့ကြောင့် သူမ ပင်ပန်းနေသည့်ကြားမှပင် ခေါင်းယမ်းလိုက်သည်။ထိုအခါ ရှန့်ကျန်း ကလည်း သူမကို ဘာမှထက်မပြောဘဲ သူမနှင့်သာ လမ်းအတူလျှောက်ခဲ့သည်။
အဆုံးတွင် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် စုမုန့် ချော်လဲသွားရသည်။ ထိုအခါ သူမ၏ ခန္ဓာကိုယ်သည် အထိန်းအကွပ်မရှိ တစ်ဖက်သို့ ပြုတ်ကျသွားသည်။ဤနေရာလေးသည် ကုန်းစောင်းအသေးလေး ရှိရာနေရာတစ်ခုဖြစ်သည်။ ထို့အပြင် သူမ၏ အားအင်များမှ။ ကုန်ဆုံးနေပြီဖြစ်၍ သူမ သုံးလေးပတ် လိမ့်ကျသွား၏။ ခေါင်းထဲမှာလည်း ကြယ်တွေလတွေကို မြင်ရသလိုပင် မူးပြာနောက်ကျိသွားရ၏။
ဆူးကိုင်းခက် တစ်စွန်းတစ်စသည် သူမခန္ဓာကိုယ်ပေါ်ကျလာသည်။ ကံကောင်းထောက်မစွာပင်၊ ဒဏ်ရာမရအောင် ကာကွယ်ပေးသည့် တိုက်ပွဲဝတ်စုံကို ၀တ်ဆင်ထား၍ ခံနိုင်ရည်ရှိသည်။ အတော်လေး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သော်လည်း မိုးသံက ပိုကျယ်လောင်လာပြီး မိုးခြိမ်းသံကလည်း ရံဖန်ရံခါ ထွက်ပေါ်လာသည်။ ရှေ့က လမ်းလျှောက်သွားသည့်လူတွေက မကြားကြပေ။ အဖွဲ့၏အဆုံးကလျှောက်လာသူ စစ်သားအနည်းငယ်မျှသာ သတိပြုမိပြီး စုမုန့် ကိုရှာဖွေရန် အမြန်ဆင်းလာကြသည်။
ရှန့်ကျန်း လည်း ထိုအခါမှ သတိထားမိကာ သူမ ကျသွားသည့်နေရာကို ပြေးသွားခဲ့သည်။ သို့သော် သူလည်း ယောင်ချာချာနှင့် မြန်မြန်မလျှောက်လာနိုင်ချေ။
အနောက်ဘက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသောအသံကို မိုးသံကြောင့် ကောယန် သည် သတိမထားမိဘဲ ရှေ့သို့ ဆက်လှမ်းနေဆဲဖြစ်သည်။ သို့သော် သူ့ဘေးမှ လျှောက်လာနေသော Oneက ရုတ်တရက် ရပ်ကာ လှည့်ကြည့်လိုက်သည်။
xxxxxx