Chapter 96
ချီလင်မြို့၏နေရာတိုင်းတွင် ဝရုန်းသုန်းကားဖြစ်နေသော်လည်း သတ္တမနတ်ဆိုးဘုရင်၏ အိပ်ဆောင်သာလျှင် လုံခြုံတိတ်ဆိတ်နေသည်။ ၎င်းက ချီလင်မြို့အတွင်းရှိ တစ်ခုတည်းသောသန့်စင်သည့်နယ်မြေဖြစ်လာသည်။
ရှုံးယို့က တံခါးအဝတွင် မတ်တပ်ရပ်စောင့်နေ၏။ အပြင်သို့ထွက်၍ ကြည့်ချင်သော်ငြား ထိုသွေးနှောများက ယခုချိန်တွင် မိမိအား ရန်သူကဲ့သို့ ဆက်ဆံလိမ့်မည်ဖြစ်၍ အိမ်ထဲတွင်နေသည်က ပိုကောင်းလေသည်။
ခဏကြာပြီးနောက် ဝမ်ရမ်ချင်က လူတစ်ယောက်ကို ပွေ့ချီကာပြန်လာသည်ကို တွေ့လိုက်ရသည်။
ထိုသူ၏ ခေါင်းမှာ အနည်းငယ်စောင်းနေ၍ မျက်နှာမှာဖြူဖျော့နေသည်။ နှုတ်ခမ်းပါးသည်လည်း သွေးများကြောင့် အနီရောင်စွန်းထင်းနေသည်။ ထိုသူ၏ ခါးပေါ်ရှိ လက်များမှာ လက်ကောက်ဝတ်မှ သွေးများဖြင့် ရွှဲစိုနေပြီး ခံစားချက်မဲ့သောအမူအရာရှိနေလျက် သတိလစ်မေ့မျောနေပုံရသည်။
ရှုံးယို့ ထိတ်လန့်သွားသည်။
"ဘယ်သူက အင်မော်တယ်ရှန်းကို ထိခိုက်အောင် လုပ်လိုက်တာလဲ..."
ဝမ်ရမ်ချင်က ခံစားချက်မဲ့စွာပြောလာသည်။
"ငါလုပ်လိုက်တာ..."
ရှုံးယို့တစ်ယောက် နေရာတွင် တောင့်ခဲသွားပြီး ဝမ်ရမ်ချင်က လူကိုအခန်းတွင်းသို့ သယ်သွားသည်အထိ သူ မတုံ့ပြန်နိုင်ခဲ့ပေ။
ဘယ်လိုဖြစ်လို့များ...
အခန်းထဲတွင် တစ်စုံတစ်ယောက်ရှိနှင့်နေသည်။ အပြင်းအထန်ဒဏ်ရာရ၍ မှိန်ဖျော့နေသော ရှန့်လျိုရှန့်ကို မြင်သောအခါ ထိုအမျိုးသမီး၏ နှုတ်ခမ်းများက အနည်းငယ်တွန့်ကွေးသွားသည်။
"မင်းက ဒီလိုမျိုးကို ကြိုက်တာလား...အရမ်းကြမ်းတာပဲ..."
"အဓိပ္ပါယ်မရှိတာ မပြောနဲ့...ကျွန်တော် အချိန်သိပ်မရဘူး..."
ဝမ်ရမ်ချင်က ရှန်းလျိုရှန့်ကို ခုတင်ပေါ်တင်၍ အေးစက်စွာ ပြောလာသည်။
"ကူပိုးကောင် ယူလာခဲ့..."
"ငါ့သားဖြစ်နေတာ မအံသြတော့ဘူး...လူတွေကို ရယူတဲ့ နည်းလမ်းကအစ အတူတူပဲ..."
အန်းချင်က လက်ဖြန့်၍ ကူပိုးကောင်အကြီးနှင့် အငယ်နှစ်ကောင်ကို ထုတ်လာသည်။
သူမက ဝမ်ရမ်တုကို မြင်မြင်ချင်းချစ်မိသွားခဲ့၍ သူရှိရာ နတ်ဆိုးနယ်မြေသို့ လိုက်ကာ မြောင်ဂိုဏ်းကိုထားခဲ့ရန်ပင် မတုံ့ဆိုင်းခဲ့ပေ။ ထိုသူက သူမအား အချစ်ကိုမပေးအပ်ခဲ့သောကြောင့် ထိုသူ့အား ကူပိုးကောင်ကို လက်ဆောင်ပေးရန် လှည့်ကွက်သုံးခဲ့သည်။ ပိုးကောင်က သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သော်လည်း နှလုံးသားကို မထိန်းချုပ်နိုင်ခဲ့ပေ။
ဝမ်ရမ်ချင်ကို လွယ်ထားရသဖြင့် အခွင့်အရေးအနည်းငယ်လွတ်သွားသော်ငြား မွေးဖွားပြီးနောက်တွင် ဝမ်ရမ်တု၏ ချစ်လှစွာသော မိဖုရားအနေဖြင့် သူမ ပျော်ရွှင်စွာနေထိုင်နိုင်ခဲ့သည်။
ကံမကောင်းစွာနဲ့ သူ့သားကတော့ အရမ်းရက်စက်တယ်...
အန်းချင်က အိပ်ရာ အစွန်းတွင်ထိုင်ကာ ကူပိုးကောင်ငယ်ကို လွှတ်ပေးလိုက်သည်။
ပိုးကောင်က အိပ်ရာပေါ်ရှိ လူငယ်လေး၏ လက်ချောင်းထိပ်များမှတစ်ဆင့် တွားတက်လာလေသည်။
"ကောင်းပြီ...ငါမင်းကို ကူပိုးကောင်နဲ့ ကူညီပြီးသွားပြီ...ဝမ်ရမ်တုကို လွှတ်ပေးတော့..."
"အဖေနဲ့အမေရဲ့ အချစ်က အရမ်းနက်ရှိုင်းတာပဲ...ကျွန်တော် သေချာပေါက် ဖြည့်ဆည်းပေးရမှာပေါ့..."
ဝမ်ရမ်ချင်က အိပ်ရာဘေးတွင်ထိုင်၍ ရှန်းလျိုရှန့်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ဝိညာဉ်စွမ်းအင်ဖြင့် ခဏကြာ ထိုးဖောက်ပြီးနောက်တွင် မျက်မှောင်ကြုတ်၍ ပြောလာသည်။
"ကူပိုးကောင်ကို မြန်မြန်သွားခိုင်းလိုက်...ကျွန်တော်သူ့ကို ကုသဖို့ ဆေးရည်ကန်ထဲ ပို့ပေးရဦးမယ်..."
အန်းချင်က ရယ်မောလာသော်လည်း မျက်လုံးများက နားလည်ရခက်နေသည်။ အန်းချင်၏ ခံစားချက်ကြောင့် ရှန်းလျိုရှန့် လက်ချောင်းထိပ်များတွင် တွားတက်နေသော ကူပိုးကောင်မှာ ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။
ဝမ်ရမ်ချင်၏ မျက်နှာက နစ်မြုပ်သွားသည်။
"တကယ်လို့ ခင်ဗျား ပြန်ထုတ်မယ်ဆိုရင် ကျွန်တော် ဝမ်ရမ်တုကို လောကကြီးကနေ ချက်ချင်း ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်..."
အန်းချင်က ခဏမျှ တိတ်ဆိတ်နေပြီးနောက်တွင် ပြောလာသည်။
"မင်းသူ့ကို တကယ်ချစ်ရင် ဒီလိုနည်းလမ်းမျိုး မသုံးပါနဲ့လား...ကူပိုးကောင်က လူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ပေမဲ့ နှလုံးသားကိုတော့ မထိန်းချုပ်နိုင်ဘူး...အဆုံးကျရင် မင်း ငါ့လို ဖြစ်လာ..."
"ခင်ဗျားပြောစရာ မလိုပါဘူး..."
ဝမ်ရမ်ချင်၏ မျက်လုံးများက အေးစက်နေကာ နှုတ်ခမ်းထောင့်များကွေး၍ သရော်ပြုံးပြုံးလိုက်သည်။
"ဒီအချိန်ကျမှ မိခင်ကောင်း လုပ်ချင်နေတာလား...အဲ့ဒါက ကျွန်တော့်ကို စိတ်ရှုပ်စေရုံကလွဲလို့ ဘာမှ ဖြစ်မလာဘူး...ခင်ဗျားလုပ်ရမှာက အဆိပ်ကို အသက်သွင်းပေးရုံပဲ...ပြီးတော့ ဝမ်ရမ်တုနဲ့ ခင်ဗျားကို ဘေးကင်းကင်းနဲ့ လွှတ်ပေးမယ်...ပြီးရင် တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ထပ်မတွေ့ကြတော့ဘူး...မဟုတ်ရင် ကျွန်တော် ခင်ဗျားကို ဘယ်အချိန်တွေ့တွေ့ တွေ့တဲ့အချိန်တိုင်းသတ်ပစ်မယ်..."
အန်းချင်၏ လက်ချောင်းများကွေးညွှတ်သွားကာ ကူပိုးကောင်ကို တိတ်တဆိတ်အသက်သွင်းလိုက်သည်။ ၎င်းကူပိုးကောင်မှာ ရှန်းလျိုရှန့်၏ လက်ချောင်းထိပ်များကို ဖြတ်၍ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလေသည်။
"ကူပိုးကောင်ပေါက်လေး ခန္ဓာကိုယ်မှာ အမြစ်တွယ်ဖို့ နာရီဝက် စောင့်ရမယ်...အောင်မြင်သွားရင် လည်ပင်းအနောက်မှာ အစီအရင်ပုံစံပေါ်လာလိမ့်မယ်...အဲ့ဒီအချိန်ကျရင် ကူပိုးကောင်အမေက နိုးလာလိမ့်မယ်...ကူပိုးကောင်အမေကို ခန္ဓာကိုယ်ပေါ်တင်ထားရင် သူဘာသာသူ ခန္ဓာကိုယ်ထဲ ဝင်လာလိမ့်မယ်..."
ဝမ်ရမ်ချင်က ကူပိုးကောင်အမေကိုယူ၍ ခုတင်ပေါ်တွင် ဖြေးညှင်းစွာ အသက်ရှူနေသော လူငယ်လေးအား ပွေ့ချီလိုက်သည်။ ထို့နောက်စကားတစ်ခွန်းပြောကာ နောက်လှည့်ကြည့်ခြင်းမရှိ ထွက်ခွာသွားသည်။
"ကျွန်တော် ခင်ဗျားကို ဝမ်ရမ်တုဆီ အရင်ပို့ပေးမယ်...သူက သေခါနီးနေပြီ...ခင်ဗျားကိုယ်ခင်ဗျားသာကယ်တော့..."
အန်းချင် မတ်တပ်ရပ်လိုက်သောအခါ ဝတ်ရုံလက်ခေါက်မှ ညိုးခြောက်နေသော ကျိုင်းပွင့်ခိုင်များက ရုတ်တရက်ပြုတ်ကျလာသည်။ သူမက ငုံ့ကြည့်လိုက်ပြီးနောက် တဒင်္ဂမျှ ကြက်သေသေသွားသည်။ ထိုပန်းကို ကောက်ရန်ငုံ့လိုက်သော်ငြား မတားနိုင်ခင်တွင် ပျောက်ကွယ်သွားလေသည်။
ဝမ်ရမ်ချင်က ဝိညာဉ်ဆေးပင်များကို ရေထဲသို့ထည့်ကာ ရှန်းလျိုရှန့်အား ထိုရေကန်တွင်းသို့ ထည့်လိုက်သည်နှင့် အနီရောင်သွေးများက ရေထဲတွင် ပျံနှံသွားသည်။
ဒဏ်ရာမှ စူးရှသော ့သည်။ မျက်တောင်များတုန်ယင်နေကာ နိုးလာမည့်ပုံပေါ်နေသည်။
"မင်း ဘာလုပ်လိုက်တာလဲ..."
သတိပြန်လည်လာသည့်နောက်တွင် ခန္ဓာအတွင်း၌ တစ်စုံတစ်ခု တွားသွားနေသည်ကို ခံစားမိနေသည်။ မျက်နှာပေါ်တွင်လည်း ဆီးနှင်းများဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေသည်။
ဝမ်ရမ်ချင် : "ငါ ဒီဆေးရည်ကန်ထဲကို ရှားပါးပြီး အဖိုးတန်တဲ့ ဆေးပင်တွေပဲ ထည့်ထားတာ...ဒဏ်ရာက သက်သာလား..."
ရှန်းလျိုရှန့်က မဖြေပေ။
"အဲ့ဒါက အချစ်ပန်းကူပိုးကောင်လား..."
ရှန်းလျိုရှန့် ၎င်းကို မကြားဖူးသော်ငြား ကြားရသည့်အချိန်တွင်လည်း ကောင်းသည့်အရာဖြစ်ပုံမရပေ။ သူပါးစပ်ဖွင့်လိုက်ချိန်တွင် နှလုံးကနာကျင်လာပြီး သူ၏ပါးများက နှင်းသဖွယ် ဖြူဖျော့လာသည်။
ဝမ်ရမ်ချင်၏ အမူအရာက ပြောင်းလဲသွားလေသည်။ သူက ရှန်းလျိုရှန့်၏ ပုခုံးကို ကိုင်၍ စကားပြောရန်ပြင်လိုက်သော်ငြား အက်ကွဲသောအသံဖြင့် တွန်းဖယ်ခြင်းကို ခံလိုက်ရသည်။
ဝမ်ရမ်ချင်က ကြက်သေသေသွားသည်။
"မင်း ငါ့ကို မုန်းနေတယ်...ဘာလို့လဲ..."
ရှန်းလျိုရှန့်၏ မျက်လုံးများက မခြားနားသွားပေ။
ဝမ်ရမ်ချင်က သူ့ပုခုံးကို တင်းကျပ်စွာဖိထား၍ ပြောလာသည်။
"အဲ့ဒီ ပြဿနာကောင်တွေ ဖန်တီးထားလို့လား...ဘယ်သူမှ နားမလည်ရင်နေ မင်းကတော့မရဘူး...မင်းကတော့ ငါ့ကို နားလည်ပေးရမယ်..."
ဝမ်ရမ်ချင် စိတ်လှုပ်ရှားလာလေသည်။
"သွေးနှောတွေက သုံးလောကမှာ ပုရွက်ဆိတ်တွေလိုပဲ...ငါသာ ဘာမှမလုပ်ဘူးဆိုရင် သူတို့ကို ဘယ်သူက ကူညီမှာလဲ...ဘယ်သူမှ...ဘယ်သူကမှ ကူညီမှာ မဟုတ်ဘူး...ငါက အခြားသူတွေကို ငါ့လိုမျိုး မကြုံတွေ့စေချင်ရုံပဲ...ငါက ဒီလောကကြီးမှာ သွေးနှောတွေအတွက် နေရာတစ်နေရာလောက် လိုချင်ရုံပါပဲ...မင်းနားလည်မပေးနိုင်ဘူးလား...ငါ့ကျမှဘာလို့လဲ..."
ရှန်းလျိုရှန့် : "သွေးနှောထောင်ချီကို တွန်းအားပေးဖန်တီးနေတဲ့ အကြောင်းပြချက်က အဲ့ဒါလား..."
"စတေးရတာတွေတော့ ရှိမှာပဲလေ..."
ဝမ်ရမ်ချင်က လက်သီးဆုပ်ထားကာ လက်သည်းများက လက်ဖဝါးအတွင်းသို့ စိုက်ဝင်နေသည်။
"မင်းသိလား...ငါဖမ်းထားတဲ့ လူတွေနဲ့ နတ်ဆိုးတွေကို သူတို့တာဝန်ပြီးဆုံးတာနဲ့မသတ်ပဲ အကုန်လုံးကို ပြန်လွှတ်ပေးတယ်..."
ရှန်းလျိုရှန့် မျက်လုံးများပြူးသွားသည်။
ဒါဆိုရင် ဝမ်ရမ်ချင်ကို ဘာလို့ ဘယ်သူမှ မဖော်ထုတ်ကြတာလဲ...
ဝမ်ရမ်ချင်က သူ့အမူအရာကို တွေ့သောအခါ ရယ်မောလာသည်။
"မယုံနိုင်စရာ ကောင်းတယ်မလား...ဒါပေမဲ့ အဲ့ဒါက အမှန်ပဲ...သူတို့ဆီမှာ သွေးနှောကလေးရှိတယ်ဆိုတာ မသိစေချင်လို့ ပါးစပ်ပိတ်နေကြတာ..."
ဝမ်ရမ်ချင်၏ မျက်နှာတွင် အပြုံးတစ်ခုနှင့်အတူ အေးစက်လာသည်။
" ဒါသူတို့ သွေးသားပဲမဟုတ်ဘူးလား...ဘာလို့လွယ်လွယ်လေး စွန့်ပစ်နိုင်ကြတာလဲ..."
ဝမ်ရမ်ချင်၏ အကြည့်များက ရှန်းလျိုရှန့်ထံသို့ကျရောက်လာသည်။ သူ၏လေသံမှာ အနည်းငယ်ပြောင်းလဲသွား၍ တုံဆိုင်းနေပုံပေါ်သည်။
"မင်းသိလား ငါဘာလို့ မနက်ပိုင်းအိပ်ရတာကို စွဲလမ်းနေလဲဆိုတာ...ငါငယ်ငယ်တုန်းက မှောင်မည်းနေတဲ့ ထောင်ထဲကို စမ်းသပ်ခံဖို့ ခေါ်သွားခံရဖူးတယ်...အဲ့ဒီအချိန်လေးပဲ သူက ငါ့ကို အနားယူချိန်ပေးတာ...ငါလူတွေကို သတ်ပြီးတာတောင်မှပဲ အဲ့အကျင့်ကို မပြောင်းနိုင်သေးဘူး..."
"သိသိသာသာကိုပဲ ငါ အဲ့ဒီမှောင်မည်းပြီးမှုန်မှိုင်းစိုစွတ်နေတဲ့ ထောင်ထဲကနေ ထွက်လာနိုင်ပေမဲ့ အိမ်မက်ထဲမှာရှိနေသလိုပဲ...အကုန်လုံးက အိမ်မက်ဖြစ်နေပြီးတော့...လက်တွေ့မှာ ငါက အဲ့ဒီထောင်ထဲမှာ မျှော်လင့်ချက်မဲ့စွာ ငိုကြွေးနေရတုန်းဖြစ်နေမှာ..."
"ဘယ်သူမှ ငါ့ကိုလာမကယ်ဘူး..."
"နတ်ဆိုးတွေက ရှာမတွေ့ခင်အထိ..."
"ရှောင်းချီလား..."
ဝမ်ရမ်ချင်က ရှောင်းချီဖြစ်သည်ကို ရှန်းလျိုရှန့် ခန့်မှန်းမိလာသည်။ သူ့ရဲ့အတွင်းနတ်ဆိုးက အသွင်ပြောင်းနိုင်မည်ဟု မထင်ထားခဲ့ပေ။
"သူက မင်းကို အရမ်းသဘောကျတာ...ဒါပေမဲ့ ငါကတော့မတူဘူး..."
ဝမ်ရမ်ချင်က ရှုပ်ထွေးနေသော အမူအရာဖြင့် ပြောလာသည်။
"ငါက သူမဟုတ်တဲ့အတွက် ဘယ်သူ့ကို ကြိုက်ကြိုက် မကြိုက်ကြိုက် အရေးမပါဘူး...ငါက အရမ်း အထီးကျန်နေပြီး မနာလိုတတ်တဲ့ နှလုံးသားရှိနေရုံပဲ..."
သူက ရှန်းလျိုရှန့်ကို ကြည့်လာသည်။
"ငါနဲ့ ကျိုးရွှမ်လန်က အတူတူပဲ...ဒါပေမဲ့ သူက ဘာလို့ကံကောင်းနေရတာလဲ...သူ့ရဲ့ဘေးမှာ မင်းရှိတယ်...ငါ့မှာကျ ဘာမှမရှိဘူး..."
ရှန်းလျိုရှန့် :"သူက မင်းနဲ့မတူဘူး..."
ဝမ်ရမ်ချင်က နှာခေါင်းရှုံ့သည်။
"သူက ငါ့လိုမျိုး မျှော်လင့်ချက်ပျက်သုဉ်းတာမျိုး မကြုံဖူးသေးလို့...မဟုတ်ရင် သူက ငါ့ထက်ပို ရူးဦးမှာ...မဟုတ်သေးဘူး..."
ဝမ်ရမ်ချင်၏ အမူအရာမှာ နားလည်ရခက်နေသည်။ ထို့နောက် သူက ပျော်ရွှင်စွာပြုံးလာသည်။
"အခု ငါက မင်းကို လုယူလိုက်ပြီဆိုတော့ သူရူးနေပြီထင်တယ်...သူ ငါ့လူတွေကိုသတ်ရင်း ပင်ပန်းနေပြီလားမသိဘူး...ပင်ပန်းနေပြီဆိုရင် သူသေဖို့ မဝေးတော့ဘူး..."
ရှန်းလျိုရှန့်က တစ်ခွန်းမျှ မဆိုပေ။ သို့သော် ဝိညာဉ်စွမ်းအားများကို ခန္ဓာကိုယ်တွင် တိတ်တဆိတ်စု၍ မြန်နိုင်သမျှ မြန်မြန် သက်သာစေရန် ပြုလုပ်နေသည်။
ထိုအချိန်တွင် ဝမ်ရမ်ချင်က လည်ပင်း အနောက်ဘက်တွင် လက်ကိုတင်လိုက်သည်။ တစ်ဖက်က အနက်ရောင် ဆံနွယ်ပျော့များကို ကိုင်ဆောင်ထားကာ နောက်တစ်ဖက်က ကြိုးကို ဖြည်ချလိုက်သည်။ ထို့နောက် သူ၏ အကြည့်များက ဖြူဖွေးသော လည်ဂုတ်ဆီသို့ ကျရောက်နေသည်။
"အချိန်ကျခါနီးနေပြီ..."
ရှန်းလျိုရှန့် ကိုယ်ပေါ်မှ အဝတ်အစားမျာက ဆွဲမရနိုင်စွာ ခန္ဓာတွင် ကျောက်တုံးကဲ့သို့ ကပ်နေမည်ဟု ဝမ်ရမ်ချင် မမျှော်လင့်ထားမိချေ။
အချိန်ကိုက်ပင် သေးငယ်သော မန္တန်ကို အစပျိုးလိုက်ချိန်၌ ဆေးရေကန်အပေါ်မှ သက်တန့်ကဲ့သို့ အရှိန်အဟုန်နှင့် ခက်ထန်ပြင်းပြနေသော အသံကို ကြားလိုက်ရသည်။
"ငါမရှိတုန်း နတ်ဆိုးဘုရင်ငယ်လေးက အောင်မြင်နိုင်မယ်လို့မထင်နဲ့...အခု ငါ့ကိုယ်ပေါ်ကနေ လက်တွေဖယ်လိုက်..."
"လွှတ်စမ်း...လွှတ်စမ်း...လွှတ်..."
ဆေးရေကန် အပေါ်တွင် စကားလုံးနှစ်လုံးကိုသာ အထပ်ထပ်ရေရွတ်နေ၏။ ဝတ်ရုံအနားစကို ကိုင်ထားသော လက်က ပြေလျော့သွားသောအခါ ထိုအသံလည်း ရုတ်ချည်း ရပ်တန့်သွားသည်။
ဝမ်ရမ်ချင်က ခဏမျှတိတ်ဆိတ်နေသည်။
"အဲဒါဘာကြီးလဲ..."
သူ၏ ဝိညာဉ်စွမ်းအားအသုံးပြု၍ မရသလို အနက်ရောင်မီးတောက်ပင် ထိုအဝတ်ကို မချွတ်နိုင်ချေ။ တကျည်ကျည်မြည်နေသော ထိုအသံမှာလည်း စိတ်အနှောင့်အယှက်ဖြစ်စရာပင်။
ရှန်းလျိုရှန့်က ဆူညံသံကြောင့် အနည်းငယ်မူးနောက်နေပြီး အနေအထားပြန်ထိန်းပြီးသောအခါ ခန့်မှန်းပြောလာသည်။
"မင်းအတွက်ရော လူတိုင်းအတွက်ပါ ငါ့အဝတ်အစားကို လာမထိတာ ပိုကောင်းမယ်ထင်တယ်..."
၎င်းက ရှန်းယယ်ဖြစ်ကြောင်း ဝမ်ရမ်ချင်က သတိပြုမိသွားသည်။
သူ မျက်မှောင်ကြုတ်လိုက်ကာ ဆေးရေကန်အပြင်သို့ ခုန်ထွက်လိုက်သည်။ ထို့နောက် လက်ချောင်းများကို ရှန်းလျိုရှန့်၏ လည်ပင်းနှင့် ပုခုံးများထံသို့ ထပ်မံအခြေချ၍ ကော်လာကို ဆွဲဖွင့်ရန်ကြိုးစားလိုက်သည်။ ထိုအချိန်တွင် လက်သည်းနှင့် အစွယ်သံများကြားလာရ၏။ မန္တန်၏ တည်နေရာကို ရှာတွေ့ပြီးနောက် ဝမ်ရမ်ချင်က တစ်ချက်တည်းဖြင့် ချေမွလိုက်သည်။
အသံမကြားရတော့၍ ဝမ်ရမ်ချင်၏မျက်နှာက အနည်းငယ်ပျော့ပျောင်းလာသည်။
နတ်ဘုရားဝတ်ရုံက ပိုင်ရှင်၏ ဆန္ဒကို လိုက်နာသည်။ လှည့်စားညို့ယူနိုင်သရွေ့ အဝတ်အစားမချွတ်နိုင်သည်ကို စိတ်ပူရန်မလိုပေ။ သို့သော် ထိုခဏတွင် အချစ်ပန်းကူပိုးကောင်ကို မစမ်းသပ်နိုင်သဖြင့် အနည်းငယ်စိတ်ရှုပ်ရသည်။
ဝမ်ရမ်ချင်က အနားကပ်လာကာ တွန်းဖယ်ရန် ကြိုးပမ်းနေသော ရှန်းလျိုရှန့်၏ လက်ကို ငုံ့ကြည့်လာပြီး ဖြူဖျော့ပိန်ပါးသော ခါးလေးကို နံရံတွင် အလွယ်တကူ ဖိထားလိုက်၏။ သူ ထိုဇာမဏီမျက်လုံးများကို အေးစက်နေသောအမူအရာဖြင့်ကြည့်ကာ ပြောလာသည်။
"မင်းကိုယ်မင်း ပြန်သက်သာအောင် လုပ်နေတဲ့ အဲ့ဒီ့ဝိညာဉ်စွမ်းအားလေးက ငါ့ကို မယှဉ်နိုင်ဘူး...နာခံစမ်းပါ...မလှုပ်နဲ့ ...ငါကူပိုးကောင်ကို စစ်ကြည့်လိုက်ဦးမယ်..."
ဝမ်ရမ်ချင်က ရှန်းလျိုရှန့် လည်ပင်းဆီသို့ ခေါင်းငုံ့ကြည့်လိုက်သည်။ သူ၏အကြည့်များက မဖုံးအုပ်ထားသော လည်ပင်းတစ်နေရာသို့ ကျရောက်လာသည်။
ပုံမှန်မဟုတ်စွာ ဖြူဖွေးနေသော အသားအရေပေါ်သို့ ပူနွေးသော အသက်ရှူငွေ့က ဖြတ်သန်းသွားပြီး ချက်ချင်းဆိုသလိုပင် သာမန်မျက်စိဖြင့်မြင်နိုင်သော အနီဖျော့ဖျော့လေးအဖြစ်သို့ပြောင်းလဲသွားသည်။ အနည်းငယ်တောက်ပနေသော အနီရောင်ဖျော့ဖျော့ အစက်အပြောက်များ တိတ်တဆိတ်ပင် ထွက်ပေါ်လာသည်။
ရှန်းလျိုရှန့်၏ ခန္ဓာကိုယ်မှာ တောင့်ခဲသွားပြီး သူ့နားတွင် ရယ်သံတိုးတိုးကို ကြားလိုက်ရသည်။
"အဲ့ဒါက အလုပ်လုပ်ပုံပဲ..."
ဝမ်ရမ်ချင်၏ စိုစွတ်နေသော လက်ချောင်းထိပ်များက လည်တိုင်ပေါ်သို့ နေရာချလိုက်သည်။ သူက လက်ဖဝါးအောက်မှ ပုံမှန်မဟုတ်သော ပူပြင်းမှုကို သတိထားမိလိုက်ရာ ကြည်နူးမှုကြောင့် သူ၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်လာလေသည်။
"ခံစားလို့ကောင်းတယ်မှတ်လား...အဆိပ် အမြစ်တွယ်သွားတာနဲ့ မင်းအဲဒါကို စွဲလမ်းသွားလိမ့်မယ်..."
ထိုသို့ပြောပြီးနောက် ဝမ်ရမ်ချင်က သူနှင့် အနည်းငယ်ခွာ၍ ကူပိုးကောင်အမေကို ထုတ်ယူလိုက်သည်။
ကူပိုးကောင်အမေ၏ ခေါင်းက အနည်းငယ်လှုပ်ရှားလာကာ တဖြည်းဖြည်းနိုးလာသည်။
ဝမ်ရမ်ချင်က ၎င်းကို သူ့လက်ပေါ်သို့ တင်ရန်ပြင်လိုက်ချိန်တွင် တစ်ကိုယ်လုံးပြင်းပြင်းထန်ထန် တုန်ခါလာသည်။ သူ မျက်နှာ ဖြူဖျော့လာ၍ သွေးအန်လိုက်ကာ ထိုသွေးများက ဆေးရေကန်အတွင်းသို့ ပက်ဖျန်းသွားသည်။
ခန္ဓာတစ်ခုလုံး ဆုတ်ဖြဲခံနေရသည့် နာကျင်မှုမျိုးပင်။ လက်တစ်ဖက်ဖြင့် ရေကန်နံရံကို ဖိကိုင်ထားကာ သွေးကြောများ ထိုးထောင်နေသည်။
ရှန်းလျိုရှန့်အမူအရာက ပြောင်းလဲသွားကာ ရေးတေးတေး ခန့်မှန်းမိလာသည်။
သူ့ခန္ဓာကိုယ်ကို အစီအရင်၏ မျက်လုံးအဖြစ်သို့ ပြောင်းခြင်းအားဖြင့် အစီအရင်ကို ထိန်းချုပ်နိုင်သော်ငြား သူရင်ဆိုင်နေရသည့်ကိစ္စမှာ မသေးငယ်ချေ။ ဝမ်ရမ်ချင်က တုန့်ပြန်ခံနေရခြင်းဖြစ်နိုင်သည်။ ဝိညာဉ်စွမ်းအားက သူ့ကိုယ်ထဲတွင် တိုက်စားနေကာ နာကျင်နေခြင်းဖြစ်မည်။
ဒါက အခွင့်အရေးပဲ...
ရှန်းလျိုရှန့်၏ အကြည့်က ကူပိုးကောင်အမေဆီသို့ကျရောက်နေသည်။
ဝမ်ရမ်ချင်က ဒါကို အရမ်းဂရုစိုက်နေမှတော့ သတ်မှရမှာပေါ့...
ရှန်းလျိုရှန့်က ဝိညာဉ်စွ
မ်းအားကို ခန္ဓာကိုယ်အတွင်းရွေ့လျားစေကာ လက်တွင်စုစည်းလိုက်သည်။ သူ့ဝိညာဉ်စွမ်းအားက အားနည်းသော်ငြား ပိုးမွှားတစ်ကောင်ကို သတ်နိုင်ရန် လုံလောက်ပေသည်။ ဝမ်ရမ်ချင် ပြန်မသက်သာမီတွင် သူက ကူပိုးကောင်ကို တိုက်ခိုက်လိုက်သည်။
.....