Chapter 97
ဖြောင်း.....
ခြံဝင်းထဲ၌ ဖြောင်းခနဲရိုက်သံထွက်ပေါ်လာပြီး ရှုံးယို့၏ပါးပေါ်တွင် လက်ငါးချောင်းရာ နီရဲနေသည်။
ရှုံးယို့က ရှေ့ရှိ အမျိုးသမီးအား စကားမဆိုပဲစိုက်ကြည့်နေသည်။
"အပြင်မှာရှိနေတဲ့ သွေးနှောတွေက ဝမ်ရမ်ချင် လက်အောက်က ဆိုတာ ရှင်သိပြီးသားမှတ်လား..."
နန်ရှန့်၏ လှပသော မျက်နှာလေးက ဒေါသကြောင့် သွေးရောင်လွှမ်းနေသည်။
သူမက မူလတွင် ရှန်းဖန့်၌ ရှိနေခြင်းဖြစ်သည်။ ဝရုန်းသုန်းကားအသံများကြားသောအခါ အထိတ်တလန့်ဖြင့် အိမ်တော်ကို လာခဲ့ခြင်းဖြစ်ပြီး အချိန် အနည်းငယ်ကြာမှသာ သူမနားလည်သွားသည်။
ရှုံးယို့က သူမလက်ကို ဆုပ်ကိုင်ထားသည်။
"ဒေါသမထွက်ပါနဲ့...ဒီအိမ်တော်ထဲမှာ အန္တရာယ်မရှိပါဘူး..."
"ကျွန်မက ကျွန်မ မလုံခြုံမှာစိုးရိမ်နေလို့လား..."
နန်ရှန့်က သောက ရောက်နေပုံရသည်။
"ရှင်က သူ့ကို ဒီလိုမျိုးလုပ်ဖို့ တိတ်တိတ်လေး ကူညီနေတယ်ပေါ့... ရှင်က ချီလင်မြို့ရဲ့ တပ်မှူးမဟုတ်ဘူးလား...သွေးနှောတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတာကို ဒီအတိုင်းပဲကြည့်နေတော့မှာလား..."
ရှုံးယို့၏ အမူအရာက ပြောင်းလဲသွားသည်။
"မင်းက မြို့ကို ရှုံးစေချင်နေတာပဲ...အဓိပ္ပါယ်မရှိတာ မပြောနဲ့တော့...အရှုံးပေးနေသရွေ့ အသက်ရှင်နိုင်တယ်လို့ မြို့အရှင်က ပြောထားတယ်...ဘယ်သူက အပြစ်မရှိတဲ့သူတွေကို လက်လွတ်စပယ်သတ်ရဲမှာလဲ..."
နန်ရှန့်က စကားထပ်မဆိုတော့ပေ။ ဘေးသို့ လှည့်ကြည့်ပြီးနောက် တစ်မြို့လုံးကို အပေါ်မှခြုံကြည့်နိုင်သော အိမ်တော်၏ စင်မြင့် နေရာသို့ သူ့အား ဆွဲခေါ်လာသည်။
"မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ဦး..."
ရှုံးယို့ကြည့်လိုက်သောအခါ လမ်းထောင့်တွင်ဖြစ်ပျက်နေသည်များကို မြင်လိုက်ရသည်။ အထိတ်တလန့်ပြေးနေသော နတ်ဆိုးငယ်လေးများကို လက်တစ်ဖက်နှင့် သွေးနှောက ပိတ်ရပ်လိုက်သည်။ နတ်ဆိုးငယ်လေးများက တုန်ယင်နေကာ သနားရန် ဒူးထောက်တောင်းပန်နေသည်။
"ကျွန်တော်တို့ အရှုံးပေးပါတယ်...အရှုံးပေးပါတယ်...နတ်ဆိုးဘုရင်ကို သေတဲ့ အထိသစ္စာရှိမယ်လို့ ကျိန်ဆိုပါတယ်...ဘယ်တော့မှ..."
စကားမဆုံးခင်မှာပင် လည်မျိုနင်းခံရ၍ ဓားဖြင့်ခုတ်သတ်ခြင်းခံလိုက်ရသည်။
ထိုသွေးနှောကောင်က သူ၏ကျိုးနေသော လက်တစ်ဖက်ကိုထိ၍ နှာခေါင်းရှုံ့လိုက်သည်။ အခြားသွေးနှောကောင်တစ်ကောင် ချဉ်းကပ်လာသည်ကို မြင်သောအခါ အော်ပြောလိုက်သည်။
"ငါတို့ကို အထင်သေးပြီး သေတဲ့အထိတိုက်ခိုက်နေတာ...ချီလင်မြို့က ဒီလိုခေါင်းမာတဲ့ သူတွေနဲ့ပြည့်နေတယ်ဆိုတာ မယုံနိုင်ဘူး..."
ရှုံးယို့၏ မျက်လုံးများက ဒေါသကြောင့် နီရဲလာသည်။ ထိုသွေးနှောကောင်ကို အော်ဟစ်၍ သတ်ပစ်ချင်လာသော်လည်း နန်ရှန့်က တားလိုက်သည်။
"ချီလင်မြို့မှာ သွေးနှော ဆယ်ယောက်ပေါ်လာဖူးတယ်...ဆယ်ကြိမ်မှာ ကိုးကြိမ်လောက်က မြို့သူမြို့သားတွေရဲ့ ရိုက်နှက်ဆဲဆိုခြင်းကို ခံခဲ့ရတာ...သူတို့နှလုံးသားထဲမှာတော့ သွေးကြွေးရှိနေမှာပဲ...ဝမ်ရမ်ချင်က ဒါကို အမိန့်ပေးခဲ့တယ်လို့ ကျွန်မကြားတယ်...ဒါပေမဲ့ မြို့ထဲမှာ အမိန့်ကို ချိုးဖောက်ဆောင်ရွက်ချင်တဲ့သူတွေ အများကြီးပဲ...တစ်ယောက်ကို သတ်နိုင်ပေမဲ့ ထောင်ချီနေတဲ့ သွေးနှောတွေကို သတ်နိုင်လို့လား..."
ရှုံးယို့ : "ငါမြို့အရှင်ကို ချက်ချင်းသတင်းပို့ရမယ်..."
နန်ရှန့်က အေးစက်စွာ အော်လိုက်သည်။
"ရှင် နိုးထသင့်နေပြီ...ဝမ်ရမ်ချင်က ဒါကိုမခန့်မှန်းနိုင်ဘူးထင်နေတာလား...သူက ဒီအတိုင်း မျက်လုံးပိတ်ပေးထားတာ...အရင်တုန်းက ချီလင်မြို့မှာ တစ်ကြိမ်ပြီးတစ်ကြိမ်ပေါ်လာတဲ့ သွေးနှောကလေးလေးတွေက သေချာတွေးကြည့်ရင် ဝမ်ရမ်ချင်လွှတ်ပေးထားတာဖြစ်နိုင်တယ်...အဲ့ဒါမှ အာဃာတရားကို ငယ်ငယ်ထဲက နှလုံးသားထဲမှာ မျိုးစေ့ချထားလို့ရမှာပေါ့...အဲ့တာတောင် သူက ရှင့်ကိုကယ်ဦးမယ်ထင်နေလား..."
ရှုံးယို့က ခြောက်ခြားသွားသည်။ နန်ရှန့်က သူ့ကို ဖမ်းဆွဲ၍ ပြောလာသည်။
"ချီလင်မြို့ထဲမှာ နတ်ဆိုးဘုရင် နှစ်ပါးရောက်နေတယ်...သူတို့ဆီမှာ ရှင်နဲ့ကျွန်မထက် ပိုကောင်းတဲ့ ဖြေရှင်းနည်းရှိလိမ့်မယ်..."
ရှုံးယို့: "မင်းက သူတို့ကို အကူအညီတောင်းစေချင်တာလား..."
နန်ရှန့်က သူ့ကို ခေါင်းပုတ်ပေးလိုက်သည်။
"ကျွန်မက ရှန်းသခင်လေးကို ကယ်ဖို့နည်းလမ်းရှာစေချင်တာပါ...တကယ်တော့ ကျွန်မရဲ့တစ်ဝမ်းကွဲက သိပ်စိတ်မချရဘူး...အားထားနိုင်တဲ့ တစ်ယောက်တည်းသောသူက နဝမနတ်ဆိုးဘုရင်ပဲ...အင်မော်တယ်ရှန်းကသူ့ရဲ့ အားနည်းချက်ပဲ... သူက အင်မော်တယ်ရှန်းကို တစ်ခုခုဖြစ်သွားမှာ ကြောက်နေတာဖြစ်နိုင်တယ်..."
ရှုံးယို့က ခဏမျှတွေးတော၍ သူမကို အိမ်တော်အပြင်သို့ ခေါ်သွားသည်။
"ငါက မြို့အရှင်နဲ့ မယှဉ်နိုင်ဘူး...အဲ့ဒါကြောင့် ယှဉ်နိုင်တဲ့ တစ်ယောက်ယောက်လိုတယ်..."
.....
ဟွားကျန်းက သွေးများရွှဲလျက်တိုက်ခိုက်နေချိန်တွင် တစ်စုံတစ်ယောက်က တီးတိုးပြောနေသည်ဟု ခံစားရကာ ပြင်းပြင်းထန်ထန် နှာချေသွားသည်။ ၎င်းကိုမြင်သောအခါ သွေးနှောကောင်များက စုပြုံလာကြ၍ မြေပြင်ပေါ်သို့ကျသည်အထိတိုက်ခိုက်လာကြသည်မှာ ကျိုးရွှမ်လန် ရောက်လာသည့် အချိန်ထိပင်ဖြစ်သည်။ ကျိုးရွှမ်လန်က သူ၏ရှေ့သို့ ရောက်လာ၍ ဆွဲထူလိုက်သည်။
ဟွားကျန်းက ကျိုးရွှမ်လန်၏ခြေထောက်အောက်မှ အလောင်းကို ကြည့်ကာ ပြောလာသည်။
"ကျေးဇူးပါ...မင်းသတ်တာ အရမ်းမြန်တာပဲ..."
ကျိုးရွှမ်လန်က သွေးနှောကောင်ကို လက်တစ်ဖက်တည်းဖြင့်သတ်ပစ်ကာ အေးစက်စွာပြောလာသည်။
"မင်းရဲ့နတ်ဆိုးလှေကို လွှတ်တော့..."
ဟွားကျန်းက ကြက်သေသေနေသည်။
"ငါ အတားအဆီးကို လှေနဲ့တိုက်ကြည့်ပြီးသွားပြီ အသုံးမဝင်ဘူး..."
ကျိုးရွှမ်လန် : "ငါ့မှာ နည်းလမ်းရှိတယ်..."
ဟွားကျန်းက မျှော်လင့်ချက်ပြန်ပေါ်လာ၍ လှေကို လွှတ်ကာပြောလာသည်။
"ဒါပေမဲ့ ဒီအတိုင်းထွက်ပြေးမလို့လား...အလှလေးရှန်း...အမ်း ရှန်းလျိုရှန့်ကို ဘယ်လိုလုပ်မှာလဲ..."
ကျိုးရွှမ်လန်က သူ့ကိုကြည့်လာသည်။ မျက်လုံးများနီရဲနေကာ အလွန်အမင်း မျိုသိပ်ထားရသည့် အသံဖြင့်ပြောလာသည်။
"ငါ မှော်အစီအရင်ကို မချိုးဖျက်နိုင်ဘူး...ရှစ်စွမ်းကိုလည်း ရှာလို့မရဘူး..."
သူက သွေးနှောကောင်များနှင့် ရင်ဆိုင်နေရကာ အနားယူချိန်မရှိ အချိန်အတော်ကြာ သတ်ဖြတ်နေခဲ့ရသည်။ ထိုအချိန်အတွင်း ဝိညာဉ်ကျောက်တုံးများအသုံးပြု၍ ရှစ်စွမ်းကို ရှာဖွေခဲ့သော်ငြား အချည်းနှီးပေ။
ဟွားကျန်က ခေါင်းညိတ်၍ နားလည်ဟန်ပြသည်။
"အကောင်းဆုံးကြိုးစား...မင်းတစ်ယောက်ပဲ လွတ်အောင်လုပ်နိုင်မှာ..."
ကျိုးရွှမ်လန်က မည်သည်မျှ မဆိုချေ။ သူက ကျန်ရှိသော သွေးနှောကောင်များကို တားဆီးရန် အကာအကွယ်ဆောက်လိုက်သည်။ ထို့နောက် ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ နတ်ဆိုးလှေပေါ်တက်ကာ ပျောက်ကွယ်သွားလေသည်။
.......
မြို့ဝင်ပေါက်တွင် လှေတစ်စင်းက မြေပေါ်သက်ဆင်းလာသည်။
ဟွားကျန်းက နတ်ဆိုးလှေကို ပြန်သိမ်း၍ အနက်ရောင်မီးတောက်များဝန်းရံနေသည့် ချီလင်မြို့ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ဝမ်ရမ်ချင်က ရှေးဟောင်း မှော်အစီအရင်ကို တည်ဆောက်ထားတာ...ငါရောမင်းရော မချိုးဖျက်နိုင်သလို ရွှေ့လည်းမရွှေ့နိုင်ဘူး ...အခု တစ်ခုတည်းသော နည်းလမ်းက သတင်းမြန်မြန်ဖြန့်ပြီး ကုန်းမြေကသက်ရှိတွေအတွက် တိုက်ခိုက်ဖို့ အကူအညီတောင်းရုံပဲရှိတော့တယ်..."
ဟွားကျန်းတစ်ယောက် စကားပြောပြီးသောအခါ ကျိုးရွှမ်လန်က ခြေချိတ်ထိုင်၍ ဝိညာဉ်ကျောက်တုံးများက ပတ်လည်တွင် ရှုပ်ထွေးသော ပုံစံဖြင့် လွင့်ပျံနေကြသည်ကို တွေ့လိုက်ရသည်။
ဟွားကျန်းက အစီအရင်နှင့်ပတ်သက်၍ မည်သည်မျှ မသိရှိထားချေ။ ဤအစီအရင်မှာ အလွန်သေးငယ်သဖြင့် ဆန်းလော့ဝမ်ဆန်း အစီအရင်နှင့် မယှဉ်နိုင်ဟု ခံစားရလေသည်။ သူက အံအားသင့်စွာပြောလာသည်။
"ဒီဟာက ဆန်းလော့ဝမ်ဆန်းကို ဖျက်ဆီးနိုင်လို့ မပြောနဲ့နော်..."
ကျိုးရွှမ်လန်က နည်းလမ်းကို ဆုပ်ကိုင်ကာ မျက်လုံးဖွင့်လာသည်။
"ဝမ်ရမ်ချင်က အစီအရင်ရဲ့ မျက်လုံးဖြစ်သွားပြီ...ဘယ်မှော်အစီအရင်ကမှ မဖျက်ဆီးနိုင်တော့ဘူး...အရာအားလုံးကို ဖျက်ဆီးချင်တယ်ဆိုရင် တစ်နည်းပဲရှိတော့တယ်..."
"ဘာနည်းလမ်းလဲ..."
ထိုသို့မေးပြီးနောက် အရှေ့ရှိ ခြေချိတ်ထိုင်နေသော ကျိုးရွှမ်လန်က ထူးဆန်းသော အလင်းအချို့ဖြင့်တောက်ပလာသည်။ မြောက်မြားစွာသော ဝိညာဉ်စွမ်းအားများက သူ့အပေါ်တွင် စုစည်းလာသည်။
ဟွားကျန်းက အနည်းငယ် ခြောက်ခြားသွားသည်။ သူစကားပြောရန်ပြင်လိုက်ချိန်တွင် ဝိညာဉ်စွမ်းအားများက သူ့ကို တန့်သွားစေကာ အပေါ်မှ မမြင်နိုင်သော ဖိအားကို ခံစားလိုက်ရသည်။
သူက ခဏမျှ ကြက်သေသေသွားပြီး လေထုထဲသို့ သတိရှိစွာ မော့ကြည့်လိုက်သည်။ နောက်ခဏတွင် သူ၏ပါးစပ်မှာ ကျယ်လောင်စွာ ပွင့်ဟသွားသည်။
အရပ်ရှည်ရှည်ပုံရိပ်တစ်ခုက လေဟာနယ်အပြင်ဘက်တွင် အခြေချလိုက်သည်။ စကားတစ်ခွန်းမှ မဆိုပဲ အုံ့မှိုင်းနေသော မျက်နှာထားဖြင့် ချီလင်မြို့ ကောင်းကင်ပေါ်သို့ တိုက်ရိုက်ပျံသန်းလာသည်။
"ကျိုး...ကျိုးရွှမ်လန်..."
ဟွားကျန်းက အဝေးသို့ ကြည့်ကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
"ဘယ်တစ်ယောက်က အစစ်လဲဟ..."
သူ့ဘေးနားမှကျိုးရွှမ်လန်က နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ဖယ်လိုက်သည်။
"ငါက ကိုယ်ပွား...ဒါပေမဲ့ ငါရဲ့ခွန်အားက အစီအရင်ကို ဖျက်ဆီးဖို့ မလုံလောက်လို့ ပါ့ဟွမ်မှာရှိတဲ့ မူလကိုယ်ကို လှမ်းခေါ်မှရမယ်..."
ဟွားကျန်း၏ မျက်လုံးများပြူးကျယ်သွားသည်။ ပထမတွင် ကိုယ်ပွား၏ နည်းလမ်းကြောင့် ထိတ်လန့်သွားရကာ ဒုတိယတွင် နောက်ပြောလာသည့်စကားလုံးကြောင့်ထိတ်လန့်သွားသည်။
"ပါ့ဟွမ်..."
ပါ့ဟွမ်က တစ်စုံတစ်ယောက်ကို ဒီနေရာထိ ဆွဲခေါ်ကူးပြောင်းတာက ဘယ်လို စွမ်းရည်မျိုးလဲဟ... ရှင်းရှင်းလင်းလင်းပြောရရင် တစ်ခါမှ မကြုံဖူးဘူး...
"အစီအရင်ကို ချိုးဖျက်ဖို့ခက်ခဲနေတာက ကျင့်ကြံဆင့်ကြောင့် မဟုတ်ဘူးမှတ်လား...ပင်မခန္ဓာကိုယ် ရောက်လာရင်တောင် မကူညီနိုင်ဘူး...ဘယ်လိုလုပ်မှာလဲ..."
ကျိုးရွှမ်လန်က ခေါင်းညိတ်ပြကာ စကားလုံးနှစ်လုံးပြောလာသည်။
"ဖျက်ဆီးပစ်မှာ..."
သွေးနှောကောင်တွေကြောင့် နာရီဝက်နီးပါးနှောင့်နှေးသွားပြီ...ရှစ်စွမ်းရဲ့တည်နေရာကိုလည်း မသိရသေးဘူး...ဒီထက်ပိုပြီး နှောင့်နှေးလို့မရတော့ဘူး...
ဟွားကျန်းက မယုံနိုင်ဖြစ်နေသည်။
ရှေးဟောင်းမှော်အစီအရင်ကို ဖျက်ဆီးတာ...သူ့ရဲ့ စွမ်းအားအကုန်သုံးပြီး တိုက်ခိုက်တာတောင်မှ အတားအဆီးက လှုပ်တောင်မလှုပ်ပဲ ကျရှုံးသွားတာကို...ဒါက ဒီအစီအရင်ကို ဖျက်ဆီးနိုင်တဲ့ တစ်ယောက်တည်းသောသူက ဧကရာဇ်ပဲရှိတယ်လို့ပြနေတာပဲလေ...ကျိုးရွှမ်လန်က ဘာကို ယုံကြည်နေတာလဲ...
သူက စိတ်ရှုပ်ထွေးစွာဖြင့်မော့ကြည့်လိုက်သည်။ သူ၏မက်မွန်ပွင့် မျက်လုံးများက အဆုံးစွန်ထိ ပြူးကျယ်သွားကာ မျက်ဆံများပါ တုန်ယင်လာလေသည်။
န နဂါး...
.....
ဝမ်ရမ်ချင်က အသံကြားသွားသောအခါ
ကူပိုးကောင်အမေကို ကာကွယ်ရန် ဘေးသို့ရွှေ့ကာ ရှန်းလျိုရှန့်၏ လက်ဝါးကို ကျောဖြင့်ကာလိုက်သည်။
ရှန်းလျိုရှန့်၏ တိုက်ခိုက်ချက်မှာ ကျရှုံးသွားရကာ သူ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်မှာ ကန့်သတ်ချက်ကို ရောက်ရှိသွားပြီး မျက်နှာက ဖြူဖျော့သွားကာ သူ၏သွေးစွန်းနေသော အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ သူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှု အချို့ကို သတိထားမိသွားကာ ကူပိုးကောင်ကြောင့် ဖြစ်မည်ဟုခန့်မှန်းလိုက်သည်။
ဝမ်ရမ်ချင်က ခဏမျှ ရပ်တန့်ကာ ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်ကို ထိန်းညှိလိုက်သည်။ ထို့နောက်ကူပိုးကောင်အမေကို သူ့လက်ပေါ်သို့ ချက်ချင်းပြန်ထားလိုက်သည်။
တစ်ဆင့်ပဲလိုတော့တယ်...မကြာခင်မှာ...
သူလက်အတွင်းသို့ တစ်ဝက်မျှ ဝင်ရောက်နေသော ကူပိုးကောင်အမေ၏ ခန္ဓာကိုယ်ကို ကြည့်လျက် နှုတ်ခမ်းထောင့်များမြင့်တက်လာသည်။ ထိုအချိန်တွင် စွမ်းအင်ပြည့်ဝနေသည့် ဓားတစ်လက်က သူ့ကို တိုက်ခိုက်လာလေသည်။
နေရာတွင်ရှိနေသော ဝိညာဉ်စွမ်းအားများက ရုတ်ချည်း ကျုံ့ဝင်သွားကာ မြင်ကွင်းရှိ အရာအားလုံးကို တန့်သွားစေသည်။ ထိုကြောင့် ၎င်းဓားဝင်ရောက်လာသည်ကို သတိထားမိသော်ငြား မတားဆီးနိုင်ခဲ့ချေ။
ကူပိုးကောင်အမေက တိုက်ခိုက်ခံရကာ ယူဆောင်သွားခြင်းကို ခံလိုက်ရသည်။
တစ်ချိန်တည်းတွင် ဆေးရေကန်၌ ပုံရိပ်တစ်ခုပေါ်လာလေသည်။ ဝမ်ရမ်ချင်က ကူပိုးကောင်ကို ကြည့်နေချိန်တွင် အဖြူရောင်အဝတ်စလေးဖြတ်သွားကာ ဆေးရေကန်အတွင်းရှိလူကို ခေါ်ထုတ်သွား၏။ အရာအားလုံးက လျှပ်တစ်ပြက်အတွင်းဖြစ်ပွားသွားသည်။
ရှန်းလျိုရှန့် သတိပြန်လည်လာသောအခါ သွေးနံ့များဖုံးလွှမ်းနေသည့် အမည်မသိလမ်းကြားထဲသို့ ရောက်ရှိနေပြီဖြစ်သည်။
သူ ခေါင်းလှည့်၍ ယဲ့ပင်းရန်ကို ကြည့်လိုက်သည်။
"ကျေးဇူးပါပဲ..."
ယဲ့ပင်းရန်၏ပါးများက သွေးများစွန်းနေသည်။ သူ ခေါင်းခပ်ဖွဖွညိတ်ပြ၍ လက်ဖြန့်ကာ ကူပိုးကောင်အမေကို ထုတ်ပြလာသည်။
"ငါ ဒါကိုလည်းယူလာခဲ့တယ်...မင်းအတွက် အသုံးဝင်မယ်ထင်လို့..."
ရှန်းလျိုရှန့်က ခဏမျှ ကြက်သေသေနေကာ ကူပိုးကောင်ကို ယူရန်ပြင်လိုက်ချိန်တွင် ကူပိုးကောင်က ရုတ်တရက် လှုပ်ရှားလာသည်။ ၎င်းက မသေသေးပေ။
၎င်းက လွတ်ထွက်သွားကာ ယဲ့ပင်းရန်၏ လက်ဖဝါးထဲသို့ ချော်ကျသွားလေသည်။
ရှန်းလျိုရှန့်၏ မျက်နှာက ချက်ချင်းပြောင်းလဲသွားကာ တိုက်ခိုက်လိုက်သော်ငြား နှေးကွေးနေဆဲဖြစ်နေသည်။ ယဲ့ပင်းရန်က ခဏမျှ ကြက်သေသေနေပြီးနောက် အလျင်အမြန် တုန့်ပြန်လာကာ ကူပိုးကောင်၏ လှုပ်ရှားမှုကို အာရုံစိုက်လိုက်သည်။
အေးစက်နေသောမျက်လုံးများက နိမ့်ဆင်းသွားကာ လက်ကောက်ဝတ်အထက် တစ်နေရာကို ကြည့်လိုက်သည်။
ယဲ့ပင်းရန်က ကမ္ဘာပေါ်တွင် အချွန်ဆုံးဓားသဖွယ် သူ့လက်တစ်ဖက်ကို ပွတ်ဆွဲလိုက်ပြီး မဆိုင်းမတွပင် သူ့လက်ကောက်ဝတ်ရှိ သွေးစွန်းနေသော အသားအပိုင်းအစကို ခြစ်ထုတ်လိုက်၍ အရိုးများပေါ်လာသည်။
ပုန်းနေသော ကူပိုးကောင်က အသားစနှင့်အတူ မြေပြင်ပေါ်သို့ ကျသွားသည်။ ယဲ့ပင်းရန်က ချက်ချင်းသတ်လိုက်သည်။
ရှန်းလျိုရှန့်၏အကြည့်များက ပြင်းထန်သော ဒဏ်ရာတွင်ရပ်တန့်နေကာ ကြက်သေသေနေသည်။
ယဲ့ပင်းရန်က လက်ကို အောက်ချကာ ဝတ်ရုံလက်ကို ဆွဲချ၍ လက်ကောက်ဝတ်ကို ဖုံးအုပ်လိုက်သည်။
သူ၏ အေးစက်သော မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခုပေါ်လာသည်။ ကြီးမားသော အမှားတစ်ခုကို ရှောင်နိုင်သဖြင့် စိတ်သက်သာရာရသွားသကဲ့သို့ပင်။
"ငါ့ကို ယုံပါ...ဒီလိုမျိုး ဘယ်တော့မှ ထပ်လုပ်မှာ မဟုတ်ဘူး..."
ရှန်းလျိုရှန့်၏ နှလုံးသားတွင် လှိုင်းတံပိုးများနှင့် ပြည့်နှက်နေသည်။ ပါးစပ်ဖွင့်လိုက်သော်လည်း စကားလုံးများက လည်ချောင်းထဲတွင် ပိတ်ဆို့နေသည်။
ထိုအချိန်တွင် အေးစက်စက်အသံတစ်သံကို ကြားလိုက်ရသည်။
"ပြန်ပေး..."
ဝမ်ရမ်ချင်က ရုတ်တရက်ပေါ်လာပြီးနောက် မြေပြင်ပေါ်တွင် သေဆုံးနေသော ကူပိုးကောင်ကို တွေ့သောအခါ သူ၏မျက်နှာမှာ အုံ့မှိုင်းလာလေသည်။ သူက ရှေ့ကို လှမ်းလာကာ ယဲ့ပင်းရန်ကို သတ်ရန် အစီအရင်စွမ်းအားများကို စုစည်းလိုက်သည်။
သူကျင့်ကြံဆင့်ကို ယဲ့ပင်းရန်က မယှဉ်နိုင်ကြောင်း သိသဖြင့် ရှန်းလျိုရှန့်က အရှေ့တွင် ပိတ်ရပ်လိုက်သည်။
ထိုအချိန်တွင် ခြောက်ခြားဖွယ်ရာ ဆူညံသံကျယ်ကြီးတစ်ခု ချီလင်မြို့ ကောင်းကင်ပေါ်မှ ထွက်လာလေသည်။ မြို့တွင်းရှိ လူတိုင်းက ရပ်တန့်သွားကာ အပေါ်သို့ မော့ကြည့်လိုက်ကြသည်။ မွန်းကြပ်ထိတ်လန့်ဖွယ် ဖိအားကြီးတစ်ခုက အတားအဆီးများအပေါ်သို့ ကျရောက်လာ၏။
မှင်ရောင်ဝတ်ရုံနှင့် ပုံရိပ်က ပစ္စည်းတစ်ခုကို ကိုင်ထားကာ အတားအဆီးကို ရိုက်ချလိုက်သည်။
ခဏချင်းပင် လေများတိုက်ခတ်လာ၍ တိမ်များ အရောင်ပြောင်းသွားကာ လျှပ်စီးမိုးကြိုးများထွက်ပေါ်လာသည်။
ဖြောက်...
အတားအဆီး၏ ထိပ်ဖျားပေါ်မှ အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခုပေါ်လာကာ မျက်တောင်တစ်ခတ်အတွင်းပင် ဆုတ်ပြဲသွားသည်။
နောက်တစ်ချက် ရိုက်ခတ်လာချိန်တွင် အတားအဆီးမှာ လုံးဝကွဲထွက်သွားခဲ့သည်။
မြို့တွင်းရှိ မရေတွက်နိုင်သောသူများက ပြန်လည်မွေးဖွားလာရသကဲ့သို့ မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။ မြို့ပြင်တွင် ရပ်နေသော ဟွားကျန်း၏ မျက်နှာတွင်
ထိတ်လန့်မှုနှင့်ပြည့်နှက်နေလေသည်။ အစောက မြင်ခဲ့သည့် မြင်ကွင်းမှ ပြန်လည် မသက်သာသေးပေ။
ကျိုးရွှမ်လန်က... နဂါးဦးချိုကို ဖြတ်လိုက်တယ်...
တကယ်ကြီးလား...အရာအားလုံးကို ဖျက်ဆီးဖို့ ကမ္ဘာပေါ်က အမာကျောဆုံးအရာကို သုံးလိုက်တာဟ...