Chapter 98
အနက်ရောင်မီးတောက်များ လွင့်ပြယ်သွားပြီး အပြာရောင်မီးခိုးများအဖြစ် ပြောင်းလဲပျောက်ကွယ်သွားလေသည်။
ကျိုးရွှမ်လန်က လူငယ်လေးကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားပြီး သူ့နှဖူးထက်မှ သွေးများတတောက်တောက်စီးကျနေကာ နှလုံးခုန်သံများက မမှန်ကန်သေးပေ။
" ရှစ်စွမ်း တစ်ခုခု ဖြစ်သွားသေးလား... ကျွန်တော် နောက်ကျသွားတယ်..."
သူနှင့်လင်ယဲ့က အပြင်းအထန်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက်လုံး ဒဏ်ရာအပြင်းအထန် ရခဲ့ပေသည်။ သို့သော် အကြောင်းအရင်းအချို့ကြောင့် လင်ယဲ့က သူ့ထက်ပိုမိုမြန်ဆန်စွာ ပြန်ကောင်းလာခဲ့ပြီး မကြာမီ သူ့ကိုသတ်ရန် ရောက်လာခဲ့ပြန်သည်။ မကြာမီအချိန်တွင် ချီလင်မြို့ရှိကိုယ်ပွားက သူ့ကိုလှမ်းအကြောင်းကြားပြီး ဤနေရာသို့ အရောက်လာခိုင်းခဲ့သည်။ ကံကောင်းသည်မှာ လင်ယဲ့က သူ့ကိုသတ်ချင်နေသော်လည်း တွန့်ဆုတ်နေခဲ့သောကြောင့် မန္တန်ကို မဟန့်တားနိုင်ခင် သူ ဤနေရာသို့ အောင်အောင်မြင်မြင်ရောက်လာခဲ့ခြင်းဖြစ်သည်။
ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ရင်ခွင်ထဲမှထွက်ကာ နှဖူးကိုမော့ကြည့်လိုက်သည်။ နှဖူးတွင် ဒဏ်ရာမရှိသော်လည်း သွေးများစီးကျနေလေသည်။
သွေးများက ကျိုးရွှမ်လန်၏မျက်နှာဘေးမှတစ်ဆင့် မေးစေ့ထိ စီးကျနေသည်ကိုမြင်သောအခါ သူ့လက်ဖြင့် သွေးများကို ခပ်ဖွဖွထိလိုက်သည်။
" ဘာတွေဖြစ်သွားတာလဲ... သွေးတွေအများကြီးထွက်နေတယ်..."
ကျိုးရွှမ်လန်က သွေးများကိုသုတ်လိုက်ပြီး ခဏအကြာတွင် ရှန်းလျိုရှန့်၏ကိုယ်မှ ဝိညာဉ်စွမ်းအင်က ကုန်ခမ်းလုနီးပါးဖြစ်နေသည်ကို သတိထားမိသွားသည်။ သူ့နှလုံးသားက အောက်ခြေအထိ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ဖက်သို့လှည့်ကာ ဝမ်ရမ်ချင်ကိုကြည့်လိုက်သည်။
အစီအရင် ပျက်စီးသွားသောကြောင့် ဝမ်ရမ်ချင်၏ခန္ဓာကိုယ်ကို သေလုမျောပါးထိခိုက်သွားစေခဲ့သည်။ သူ အန်ထုတ်လိုက်သည့်သွေးများထဲတွင် ကိုယ်တွင်းအင်္ဂါများလည်း ပါဝင်လာ၏။ သူ့ပါးစပ်ကိုအုပ်ထားချိန်တွင် လက်ချောင်းများအကြားမှ သွေးများစီးကျလာ၍ လက်ကိုစွန်းပေသွားတော့သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးလှုပ်ခါပြီး မတည်မငြိမ်ဖြစ်နေ၏။
ကျိုးရွှမ်လန်က သတ်ဖြတ်လိုစိတ်ပြည့်နေသောအကြည့်ဖြင့် ရှေ့တစ်လှမ်းတိုးလိုက်သည်။ ထိုအခိုက်အတန့်တွင် သွေးနှောများက ဝမ်ရမ်ချင်၏ရှေ့တွင်ရပ်လိုက်ကြသည်။ သူ့ထံမှဖိအားကြောင့် သူတို့မျက်နှာထက်တွင် ကြောက်ရွံ့မှုများဖြစ်ပေါ်လာသော်လည်း နောက်မဆုတ်ကြပေ။
ကျိုးရွှမ်လန်၏ နှုတ်ခမ်းထောင့်များတွန့်ကွေးကာ အေးစက်စက်ပြုံးလိုက်ပြီး သူ၏သတ်ဖြတ်လိုစိတ်က ပိုမိုပြင်းထန်လာသည်
ရှန်းလျိုရှန့်က သူ့ကိုအမြန်လှမ်းဆွဲထားလိုက်ပြီး စိတ်ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းခါပြလိုက်သည်။
ထိုသွေးနှောများက ဝမ်ရမ်ချင်ကို နတ်ဘုရားအဖြစ်သတ်မှတ်ထားကြသောကြောင့် သူ့အတွက် သူတို့အသက်ကို စတေးနိုင်ကြသည်။ အကယ်၍ ကျိုးရွှမ်လန် သူ့ကိုသတ်ပစ်မည်ဆိုပါက သွေးနှောများအားလုံးက သူ့ရှေ့တွင် ကျိန်းသေပေါက် ကာဆီးထားမည်ဖြစ်သောကြောင့် သွေးချောင်းစီးကုန်လိမ့်မည်။
ကျိုးရွှမ်လန်က သူတွေးနေသည်ကိုသိသောအခါ သက်ပြင်းချလိုက်သည်။
" ကျွန်တော့်မှာ တခြားနည်းလမ်း မရှိဘူး..."
သူသာမက ဝမ်ရမ်ချင်ကလည်း နတ်ဆိုးဘုရင်ဖြစ်နေသည်။ သို့ဖြစ်၍ ထိုသွေးနှောများ လက်နက်ချရန်က ကောင်းကင်ဘုံသို့တက်သည့်နည်းတူ ခက်ခဲလှပေသည်။ သူတို့ လက်နက်မချပါက ကျိုးရွှမ်လန်၏အမိန့်ကို နာခံမည်လည်းမဟုတ်ပေ။ အကယ်၍ ဝမ်ရမ်ချင် သေသွားခဲ့လျှင်ပင် ထိုလူများက သူ့အကြံအစည်ကို အမွေဆက်ခံပြီး လူသားနှင့် နတ်ဆိုးမျိုးနွယ်များကို လက်စားချေမည်ဖြစ်သည်။ သူတို့၏ အလုံးစုံဖျက်ဆီးမှုကြီး ဖြစ်ပေါ်လာရန် အချိန်တစ်ခုသာ လိုအပ်ပေသည်။
ရှန်းလျိုရှန့် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
" အနာဂတ်မှာ သူတို့ နတ်ဆိုးလောကထဲ မပုန်းမကွယ်ဘဲနေနိုင်ဖို့ နတ်ဆေးတစ်မျိုးရှိတယ်လို့ ပြောလိုက်ရင်ရော..."
ကျိုးရွှမ်လန်က သူ့ကိုကြည့်လိုက်သည်။
" ဝမ်ရမ်ချက်ဘက်မှာလည်း နတ်ဆေးဆရာတွေ ရှိနေတာပဲ..."
ရှန်းလျိုရှန့် ကူကယ်ရာမဲ့သွားမိသည်။ ဤသွေးနှောများက ဝမ်ရမ်ချင်ကိုသာ အသိအမှတ်ပြုထားကြခြင်းဖြစ်၍ သူတို့ကိုကြားထဲမှ ဖျောင်းဖျပေးနိုင်သူတစ်ယောက် ပေါ်လာခဲ့လျှင် ပိုကောင်းပေမည်။
သူ မျက်မှောင်ကြုတ်နေမိစဉ်တွင် သူ့ခန္ဓာကိုယ်ဘေးပတ်ပတ်လည်မှ ဝိညာဉ်စွမ်းအင်က အဆပေါင်းများစွာ များပြားလာသည်။
သူ တအံ့တဩဖြင့် ခေါင်းမော့ကြည့်လိုက်သည်။
လေထုအလယ်တွင် အဖြူရောင်ဝတ်ရုံ၊ ရွှေရောင်သရဖူနှင့် ပုံရိပ်တစ်ခုပေါ်လာလေသည်။ သူ့ဘေးတွင် မီးလျှံဇာမဏီတစ်ကောင်ရှိနေပြီး ကြီးမြတ်အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။ တစ်ညလုံး ဖရိုဖရဲဖြစ်နေခဲ့သောချီလင်မြို့က ရုတ်ချည်း တိတ်ဆိတ်ငြိမ်သက်သွားပြီး မြို့ပြင်ဘက်သို့ ထွက်ပြေးနေကြသည့် နတ်ဆိုးများပါ ရပ်တန့်ကုန်ကြသည်။
လောကသုံးခုလုံးမှလူများက ဧကရာဇ်ယွင်ယွီကို မော့ကြည့်လိုက်ကြသည်။
" ဧကရာဇ်လား..."
ရှန်းလျိုရှန့် မျက်တောင်ခတ်လိုက်မိသည်။
တော်တော်လေး တိုက်ဆိုင်သွားတာလား ဒါမှမဟုတ် အစတည်းက အဲ့လိုဖြစ်မယ်လို့ တွက်ချက်ထားခဲ့တာများလား...
သူ ဘေးနားလှည့်ပြီး အခြားသောနတ်ဆိုးများ၏တုံ့ပြန်ချက်ကို ကြည့်မည်အပြုတွင် ယဲ့ပင်းရန်လည်း ပျောက်ကွယ်သွားကြောင်း သိလိုက်ရသည်။ သူခဏစဉ်းစားကြည့်နေပြီးနောက်တွင် ဓားဂိုဏ်းသားများကို သွားရောက်ကယ်တင်ခြင်းဖြစ်သည်ဟုသာ မှန်းဆလိုက်သည်။
ဓားဂိုဏ်းသားများက အလွန်များပြားလှပြီး သူတို့၏အော်ရာများကလည်း မပျောက်ကွယ်ကြသေးပေ။ နတ်ဆိုးများ၏ သားရဲတွင်းထဲ ရောက်နေသည်မှာ သူတို့အတွက် အလွန်အန္တရာယ်များလှ၏။ ပြဿနာများ ကင်းရှင်းသွားပါက ဓားဂိုဏ်းသားများကို ကျွမ့်ယွင်အဆောင်သို့ ခေါ်လာခိုင်းရပေမည်။
ရှန်းလျိုရှန့် အကြည့်ကိုပြန်ရုတ်သိမ်းလိုက်သည်။
ထိုသွေးနှောများ၏ လေးစားကြောက်ရွံ့သော အကြည့်များက နတ်ဆိုးများနှင့် ထပ်တူပင်ဖြစ်သည်။ အကယ်၍ ဧကရာဇ်ယွင်ယွီက သူတို့ကို ဉာဏ်အလင်းပွင့်သွားအောင် ပြုလုပ်ပေးနိုင်ပါက အခြေအနေ အနည်းငယ် ပြောင်းလဲသွားနိုင်သည်။
ထိုအကြောင်းတွေးမိသောအခါ သူ စိတ်အေးလက်အေးဖြစ်သွားမိသည်။
ထိုအချိန်တွင် သူ့လည်ပင်းနောက်က ပူနွေးလာပြီး ကူပိုးကောင်က တဖြည်းဖြည်းလှုပ်ရှားလာလေသည်။
ရှန်းလျိုရှန့်၏ မျက်တောင်ရှည်များ အနည်းငယ်လှုပ်ခါသွားပြီး လက်ချောင်းများ အလိုလိုဆုပ်ထားလိုက်မိသည်။ သူ့အမူအရာက တဖြည်းဖြည်းထူးဆန်းလာပြီး သူ့ကုတ်ပိုးနေရာက နီရဲတွတ်လာကာ နားရွက်နောက်နားအထိ ရောက်လာသည်။
သူ့ခန္ဓာကိုယ်တွင် ထူးဆန်းသည့်ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာပြီး စိတ်ထဲတွင် ဆိုးရွားသည့်အရာတစ်ခုခု ဖြစ်လာတော့မည်ဟု ထင်လိုက်မိသည်။
ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သည့်အခါ အားလုံးက ကောင်းကင်ပေါ်မှ ပုံရိပ်ကို မော့ကြည့်နေကြပြီး သူ့ကိုအာရုံမစိုက်ကြပေ။
ရှန်းလျိုရှန့် အမြန်နောက်ဆုတ်ပြီးထွက်သွားရန် ပြင်လိုက်သော်လည်း သူ့လက်ကိုဖမ်းဆွဲခံလိုက်ရသည်။
" ရှစ်စွမ်း ဘယ်သွားမလို့လဲ..."
ကျိုးရွှမ်လန်က လေထုအလယ်ရှိ ဧကရာဇ်ယွင်ယွီကို မဖော်ညွှန်းပြနိုင်သည့် အမူအရာမျိုးဖြင့် စိုက်ကြည့်နေသော်လည်း ရှန်းလျိုရှန့်လှုပ်ရှားလိုက်သည်နှင့် သတိထားမိပြီး ပြန်ဆွဲထားလိုက်သည်။ သူ လှည့်ကြည့်လိုက်သောအခါ ကြောက်လန့်နေသည့် ဇာမဏီမျက်ဝန်းတစ်စုံကို မြင်လိုက်ရ၍ မျက်မှောင်ကြုတ်သွားမိသည်။
" ရှစ်စွမ်း ဘာဖြစ်လို့လဲ..."
ရှန်းလျိုရှန့်က တစ်ခုခုမှားနေကြောင်းမသိစေရန် ခေါင်းငုံ့ထားပြီး သူ့ကိုအကြည့်လွှဲလိုက်သည်။ သူ့နှလုံးသားထဲတွင် ကမောက်ကမဖြစ်နေသည်ကို မနည်းကြိုးစား၍ ဖုံးကွယ်ထားလိုက်ပေသည်။
" ငါ ကိစ္စတစ်ခု လုပ်စရာရှိသေးတာ သတိရသွားလို့ပါ... မင်း ဒီမှာပဲနေလေ ငါ ပြီးတာနဲ့ ပြန်လာခဲ့မယ်..."
ကျိုးရွှမ်လန် : " ရှစ်စွမ်းရဲ့မျက်နှာက ဘာလို့နီရဲနေတာလဲ..."
" ငါ ဒဏ်ရာရထားလို့လေ..."
ရှန်းလျိုရှန့်က ဟန်ဆောင်၍ချောင်းဆိုးပြလိုက်ပြီးနောက် သူ့အသံက အက်ရှရှဖြစ်လာသည်။
" ငါ ဒဏ်ရာအကြီးကြီးတစ်ခုရထားလို့ ကျွမ့်ယွင်အဆောင်ကိုပြန်ပြီး ခဏနားမှဖြစ်မယ်..."
စကားဆုံးသည်နှင့် ကျိုးရွှမ်လန်၏လက်ကို ခါချလိုက်ပြီး တစ်ဖက်သို့လှည့်ကာ အမြန်ထွက်သွားတော့သည်။
သို့ရာတွင် ခြေနှစ်လှမ်းခန့်သာ လျှောက်ပြီးချိန်၌ သူ့နောက်မှ လေပွေတစ်ခုတိုက်ခတ်လာပြီး လက်သွယ်သွယ်တစ်ဖက်က သူ့ခါးကို ရစ်ပတ်လိုက်သည်။ ကျိုးရွှမ်လန်က သူ့ကို ဒူးခေါက်ကွေးမှမ'၍ ပွေ့ချီလိုက်ခြင်းပင်။
ရှန်းလျိုရှန့် : " ဟင်..."
လေထဲသို့ ရုတ်တရက်ရောက်သွား၍ သူ ရင်တုန်သွားပြီး လက်နှစ်ဖက်ကို ကျိုးရွှမ်လန်၏လည်ပင်းတွင် အလိုလိုဖက်တွယ်လိုက်မိသည်။ သူ့အကြည့်များက ချွန်ထက်လှသည့် မေးရိုးအပေါ်ကျရောက်နေပြီးနောက် ခေါင်းမော့လိုက်ချိန်တွင် မမျှော်လင့်ဘဲ နတ်စွေးစွေးမျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံသွားသည်။
ကျိုးရွှမ်လန် : " ကျွန်တော် ရှစ်စွမ်းကို ကျွမ့်ယွင်အဆောင်ထိ ချီသွားပေးမယ်..."
ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြစ်သွားသည်။
" ငါ့ဘာသာသွားလည်းရပါတယ် မင်း ငါ့ကို ချီစရာ မလိုဘူး..."
ညကောင်းကင်ယံတွင် ကြယ်နှင့်လများ မရှိနေဘဲ အေးစက်စက်ညလေပြင်းက သူ့ပါးပြင်ကို ဖြတ်သန်းတိုက်ခတ်နေသည်။ သို့ရာတွင် သူ့စိတ်ထဲ အလွန်ပူနေ၏။ အထူးသဖြင့် ကျိုးရွှမ်လန်၏ ဝင်လေထွက်လေများက သူနှင့်ထိခတ်လာချိန်တွင် ပိုဆိုးလာသည်။
ရှန်းလျိုရှန့်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာပြီး အိုးပူပေါ်မှ ပုရွက်ဆိတ်တစ်ကောင်သဖွယ် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။
" ငါ့ကိုမစိုးရိမ်ပါနဲ့... ခမည်းတော်က ဒီမှာရှိနေတယ်ဆိုပေမယ့် မင်း ဒီမှာနေပြီး အခြေအနေတွေကို ထိန်းချုပ်တာ ပိုကောင်းမယ်ထင်တယ်..."
သူ အသည်းအသန် ရုန်းကန်နေလျက် ပြောလိုက်သည်။
မမျှော်လင့်ထားသည်မှာ သူ စတင်ရုန်းကန်သည်နှင့် သူ့ခါးကိုဖက်ထားသည့်လက်က ပိုမိုတင်းကြပ်လာသည်။
အရိုးအဆစ်များဖြင့် တောင့်တင်းနေသည့်လက်ချောင်းများက အဝတ်တစ်လွှာခြားထားသော်လည်း ထိုလက်ချောင်းများထဲမှ နွေးထွေးမှုနှင့် ခွန်အားကို ရှင်းရှင်းလင်းလင်းခံစားနေရသည်။
ရှန်းလျိုရှန့် ရုန်းကန်နေသည်ကို ရပ်တန့်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။
ကျိုးရွှမ်လန်က သူ ထူးဆန်းနေသည်ကို သတိပြုမိ၍ သူ့မျက်နှာထက်တွင် သင်္ကာမကင်းအမူအရာမျိုး ပေါ်လာပြီး ကျွမ့်ယွင်အမြန်သွားနေလျက် ပြောလိုက်သည်။
" ကျွန်တော့်ကိုယ်ပွားရှိနေပါတယ် အရမ်းမစိုးရိမ်ပါနဲ့ ရှစ်စွမ်း..."
ရှန်းလျိုရှန့် : .....
သူ လှမ်းကြည့်လိုက်သောအခါ လူအုပ်ထဲတွက် နောက်ထပ် ကျိုးရွှမ်လန်တစ်ယောက်ကို တွေ့လိုက်ရသည်။
ကိုယ်ပွားက ပင်မခန္ဓာကိုယ်ရဲ့စကားကို နားထောင်နေတုန်းပဲပေါ့...
ရှန်းလျိုရှန့်၏နှလုံးသားထဲ လေအေးတစ်ချက်တိုက်ခတ်လာပြီး လက်ချောင်းဖြူသွယ်သွယ်များ ကွေးလိုက်မိသည်။ သူ အချိန်မရတော့၍ အသံတိုးတိုးဖြင့်သာ မပီမသပြောလိုက်သည်။
" ကျွမ့်ယွင်အဆောင်ကို မသွားနဲ့တော့..."
အသံတိုးတိုးလေးကိုကြား၍ ကျိုးရွှမ်လန်၏ခြေလှမ်းများ ရပ်တန့်သွားရသည်။
" ရေကန်တစ်ကန်ရှာပြီးတော့ ငါ့ကိုပစ်ချလိုက်ပါ..."
စကားဆုံးသည်နှင့် ရှန်းလျိုရှန့်က သူ့ပါးစပ်ကိုအမြန်အုပ်ထားလိုက်သည်။
" ငါ့ကို ဘာမှမမေးနဲ့တော့ မြန်မြန်လုပ်..."
ကျိုးရွှမ်လန် ခဏစဉ်းစားလိုက်ပြီးနောက် ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားကာ တိတ်ဆိတ်ငြိမ်သက်နေသည့် နေရာတစ်ခုသို့ ခြေလှမ်းကျဲများဖြင့် လျှောက်လာလိုက်သည်။
ခဏတာအတွင်းမှာပင် ညအမှောင်ထုထဲ၌ အဖြူရောင်မြူများဝေ့နေသည့် မက်မန်းတောအုပ်တစ်ခု ပေါ်လာသည်။ အနားသို့မရောက်မီမှာပင် လေပြည်နှင့်အတူ မက်မန်းပင်နံ့များ ရလာ၏။
ရှန်းလျိုရှန့် ထိုအနံ့ရသည့်အခါ ခေါင်းထောင်လာပြီး ကျိုးရွှမ်လန်ပြောသည်ကို ကြားလိုက်ရသည်။
" ဒီမက်မန်းတောထဲက ရေကန်က တောင်တွေကြားထဲမှာရှိတဲ့ ဝိညာဉ်စမ်းချောင်းကနေ စီးလာတာ... အဲဒီရေက သန့်ရှင်းပြီး အေးမြနေတဲ့အပြင် ရောဂါကုသနိုင်တယ်... ရှစ်စွမ်း အဲ့လောက်ဆို ကျေနပ်တယ်မလား..."
ရှန်းလျိုရှန့် အားတက်သရော ခေါင်းညိတ်လိုက်ပြီး ရေကန်ထဲကို ချက်ချင်းခုန်ချပစ်ချင်စိတ် ဖြစ်ပေါ်လာသည်။
ကျိုးရွှမ်လန်က သူ အလျင်စလိုဖြစ်နေသည်ကို သတိထားမိသောကြောင့် ခေါင်းငုံ့လိုက်ပြီး လည်ပင်းသားဖြူဖြူလေးကို ငုံ့ကြည့်လိုက်သည်။ ကုတ်ပိုးပေါ်တွင် ပန်းရောင်ရင့်ရင့်အရာများကိုမြင်လိုက်သည့်အခါ သူ့အကြည့်များ အေးစက်သွားတော့သည်။
" ငါ့ကို အမြန်အောက်ချပေးပါလား..."
ရှန်းလျိုရှန့်က ရေကန်ကိုမြင်သည်နှင့် သူ့ရင်ခွင်ထဲမှ ထွက်သွားရန် ပြင်လိုက်သည်။
ဗွမ်း...
အနီရောင်မက်မန်းပွင့်ဖတ်များ လွင့်မျောနေသော ကန်ရေပြင်တွင် လှိုင်းဂယက်များထလာပြီး အေးစက်စက်ရေများက ရှန်းလျိုရှန့်၏ခန္ဓာကိုယ်တစ်ခုလုံးကို စိုရွှဲသွားစေသည်။ သူ အေးစက်မှုကြောင့် ဆတ်ခနဲတုန်ယင်သွားသော်လည်း သူ့နှလုံးသားထဲမှ ရုတ်တရက်မြင့်တက်လာသည့် တောင့်တမှုမီးတောက်ကို ငြှိမ်းသတ်နိုင်သွားသည်။
သူ လေအေးများကို တဖြည်းဖြည်းရှုထုတ်နေပြီး ရေစက်များတွဲလွဲခိုနေသည့် မျက်တောင်ရှည်များကို တဖျတ်ဖျတ်ခတ်နေမိသည်။
ထိုအချိန်တွင် ရေကန်စပ်၌ တစ်စုံတစ်ယောက်ရှိနေသည်ကို ရုတ်တရက် သတိရသွားသည်။ မော့ကြည့်လိုက်သည့်အခါ တစ်ခုခုပြောရန် တွန့်ဆုတ်နေပုံရသည့် သူ့တပည့်ကို မြင်လိုက်၍ လက်ယမ်းပြလိုက်သည်။
" ငါ ရေချိုးချင်နေလို့ မင်း အရင်သွားနှင့်ပါလား..."
ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်မိသည်။
ခုနတုန်းကတော့ နေမကောင်းလို့ နားချင်တယ်ပြောပြီး အခုကျတော့ ရေချိုးချင်တယ်တဲ့လား...
သူ့အပြုအမူတွေ ထူးဆန်းနေတာပဲ...
သူ ရေကန်စပ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရှန်းလျိုရှန့်၏ ရေစိုနေသည့်နှဖူးပြင်ပေါ် လက်တင်လိုက်သည်။
" ရှစ်စွမ်း ဘာများဖြစ်နေတာလဲ..."
ရှန်းလျိုရှန့်၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရသည်။ သူ့နှဖူးကို တစ်ချက်ထိတွေ့လိုက်ရုံဖြင့် အစောပိုင်းက သေစေနိုင်လောက်သော ခံစားချက်ကြီးက တစ်ဖန်ပြန်လည်ရောက်ရှိလာသည်။ သူ ရေထဲကို ဒယိမ်းဒယိုင်ဖြင့် နောက်ပြန်ဆုတ်သွားပြီး ကျိုးရွှမ်လန်၏ အထိအတွေ့မှ လွတ်မြောက်အောင် ပြုလုပ်လိုက်သည်။
" ငါ အဆင်ပြေပါတယ် မင်း အရင်သွားနှင့်လေ တစ်ခုခုလိုတယ်ဆိုရင် လှမ်းခေါ်လိုက်မယ်..."
ကျိုးရွှမ်လန်၏ မျက်ခုံးများ အနည်းငယ်လှုပ်သွားပြီး လက်ကို တဖြည်းဖြည်းပြန်ရုတ်လိုက်သည်။
ရှန်းလျိုရှန့်က သူထွက်သွားသည်ကိုကြည့်ပြီး တင်းမာမှုများ ပြေလျော့သွားသော်လည်း သူ့ကုတ်ပိုးမှ အပူက ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ခဏတွင်းချင်းပျံ့နှံ့သွားသည်။
သူ အသက်ဖြည်းဖြည်းရှုလိုက်ပြီး ရေအေးအေးအပေါ် အားကိုးနေခြင်းက အသုံးမဝင်ကြောင်း သိလိုက်သည့်အခါ ရီဝေဝေမျက်လုံးများဖြင့် ဘေးဘယ်ညာကို လှည့်ကြည့်လိုက်သည်။
မက်မန်းပင်များက ဘေးပတ်ပတ်လည်ဝိုင်းနေ၍ သဘာဝအရံအတားတစ်ခုသဖွယ်ဖြစ်နေပြီး ညအချိန်ကို ပိုမိုတိတ်ဆိတ်အောင် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေသည်။
ရေထဲမှ ပုံရိပ်လေးက အနည်းငယ်တုန်ယင်သွားပြီး အချိန်အတန်ကြာအောင် တွန့်ဆုတ်နေပြီးသည့်နောက်တွင် ရေကန်ဘေးနားမှ အေးစက်စက်ကျောက်တုံးကိုမှီကာ ရေအောက်မှ သူ့လက်များကို တိတ်တဆိတ်လှုပ်ရှားလိုက်သည်။
ဇာမဏီမျက်ဝန်းတစ်စုံက ဘေးပတ်ဝန်းကျင်ကို သတိကြီးကြီးထား၍ ကြည့်နေသည်။
အာ့...
ကူပိုးကောင်ကို လိင်စိတ်ကြွဆေးအဖြစ်လည်း လူသိများပေသည်။
ညအချိန်က တဖြည်းဖြည်းကုန်ဆုံးလာပြီး အချိန်အနည်းငယ်အတွင်းတွင် ရေကန်ထဲမှပုံရိပ်လေးက တုန်ယင်နေခြင်း မရပ်တန့်တော့ပေ။ သူ့လက်တစ်ဖက်က ရေကန်ဘောင်ကိုထောက်ထားပြီး မျက်နှာတစ်ဝက်သာပေါ်တော့သည့်အထိ ခေါင်းငုံ့ထားကာ သည်းမခံနိုင်တော့သဖွယ် အံကြိတ်ထားသည်။
အသံတစ်ချက်ထွက်သွားမိသည်နှင့် ရှန်းလျိုရှန့် အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။
တော်တော်တုံးအတာပဲ...
စိတ်ကြွဆေး၏အစွမ်းက အလွန်အားမပြင်းလှပေ။ သို့ရာတွင် သူမည်မျှ ဖြေလျှော့သည်ဖြစ်စေ အသုံးမဝင်နိုင်အောင်ဖြစ်နေသည်။ အကယ်၍ ထိုအပူကို မဖြေရှင်းပါက မွန်းကြပ်ပြီး သေဆုံးသွားနိုင်ပေသည်။
လေပြင်းတစ်ချက်တိုက်ခတ်လာပြီး သစ်တောထဲတွင် တရှပ်ရှပ်အသံများမြည်လာသည်။
သွေးသဖွယ်နီရဲနေသည့် မက်မန်းပွင့်များက နူးညံ့သည့် အနက်ရောင်ဆံနွယ်လေးပေါ် ကြွေကျနေပြီး နှဖူးပြင်တွင်လည်း ဇောချွေးများပြန်နေသည်။ ရေကန်ထဲမှ သွယ်လျလျခြေတံများကလည်း တဖြည်းဖြည်းပျော့ခွေလာပြီး ရေကန်စပ်ကိုထောက်ထားသည့် လက်တစ်ဖက်က မတည်မငြိမ် ဖြစ်လာသည်။
သူ ပင့်သက်ရှိုက်လိုက်ပြီး စိတ်မရှည်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
သူ ခဏတာငေးငိုင်နေမိစဉ်တွင် ရေကန်စပ်မှ ဩရှရှအသံတစ်သံ ကြားလိုက်ရသည်။
" ရှစ်စွမ်း..."
ရှန်းလျိုရှန့် တောင့်တင်းအေးခဲသွားပြီး ခေါင်းအမြန်မော့ကြည့်ကာ အဝတ်များအမြန်ဝတ်လိုက်ပြီး သူ့မျက်နှာထက်တွင်လည်း ကပျာကယာဖြစ်သွားသည့် အမူအရာမျိုး ပေါ်လာသည်။
ကျိုးရွှမ်လန်၏အကြည့်က ရေစိုနေသည့် ဇာမဏီမျက်ဝန်းတစ်စုံအပေါ်တွင်ရှိနေပြီး သူ့မျက်လုံးများက အရောင်မှေးမှိန်နေသည်။
သူ မက်မန်းပွင့်ရေကန်မှ ထွက်သွားပြီး မကြာမီတွင် ရှန်းလျိုရှန့်၏အမူအရာကို ပြန်သတိရသွားသောကြောင့် တောအပြင်ဘက်တွင် ငြိမ်သက်စွာဆောင့်ဆိုင်းနေခဲ့သော်လည်း အချိန်အလွန်ကြာမြင့်လာ၍ စိတ်မသက်မသာဖြစ်ပြီး ပြန်လာခဲ့ခြင်းဖြစ်သည်။
ရှစ်စွမ်းက ခေါင်းငိုက်စိုက်ချထားကာ အာရုံစိုက်လွန်းနေ၍ သူ ရောက်လာသည်ကို မသိလိုက်ပေ။
ရှန်းလျိုရှန့်၏ မျက်နှာတစ်ပြင်လုံး နီရဲတက်လာသည်။
" အ အထင်မလွဲပါနဲ့ ... ငါ အချစ်ပန်းကူပိုးကောင်ရဲ့အဆိပ်မိသွားလို့ မထိန်းနိုင်ဖြစ်သွားတာပါ..."
ကျိုးရွှမ်လန်၏ အမူအရာက ပြောင်းလဲသွားပြီး ကူပိုးကောင်ဖြစ်ကြောင်း ရှင်းလင်းစွာ သဘောပေါက်သွားခဲ့သည်။ သူ ခဏစဉ်းစားလိုက်ပြီးနောက် မှန်းဆချက်တစ်ခု ပြုလုပ်တာ သူ့မျက်နှာတစ်ခုလုံး မည်းမှောင်လာသည်။
" ဝမ်ရမ်ချင်လုပ်တာပဲ... ကူပိုးကောင်အမေကရော ဘယ်ရောက်သွားတာလဲ..."
ရှန်းလျိုရှန့် : " သေသွားပြီ..."
ကျိုးရွှမ်လန်၏ အမူအရာက အနည်းငယ်ပျော့ပျောင်းသွားပြီးနောက် ခဏတာငြိမ်သက်သွားသည်။ ထို့နောက် ရွှေအိုရောင်ခါးပတ်ကိုချွတ်ကာ မြေကြီးပေါ် လွင့်ပစ်လိုက်ပြီး အပြင်ဝတ်ရုံကို ဆွဲချွတ်ကာ ကာရေကန်ထဲဆင်းလာသည်။
" ဟင်..."
ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြစ်သွားပြီး ဘေးနားအမြန်ကပ်လိုက်သော်လည်း တံတောင်ဆစ်မှ ပြန်ဆောင့်ဆွဲခံလိုက်ရသည်။ ကျိုးရွှမ်လန်က သူ့ကို ရေကန်အစွန်းတွင်ဖိကပ်ပြီး အုပ်မိုးထားလိုက်လေသည်။
" ကျွန်တော် ရှစ်စွမ်းကို ကူညီပေးမယ်..."
ရှန်းလျိုရှန့် ကြောက်လန့်တကြားဖြစ်သွားသည်။
" မလုပ်နဲ့ ငါ မင်းရဲ့ အကူအညီမလိုဘူး..."
ထို့နောက်တွင် သူ နက်စွေးစွေးမျက်ဝန်းများဖြင့် အကြည့်ချင်းဆုံသွားသည်။
" ကျွန်တော် ကူပိုးကောင်အကြောင်းကို နည်းနည်းတော့သိပါတယ် အဲဒါက ကိုယ်တိုင်ဖြေလျှော့လို့မရဘူး... ကျွန်တော် ရှစ်စွမ်းကို မကူညီရင် ဘယ်သူကူညီမှာလဲ..."
" ဘယ်သူမှ မကူညီလည်းရတယ်..."
ရှန်းလျိုရှန့်က နွေးထွေးသောရင်ခွင်ထဲ ဖမ်းချုပ်ခံထားရပြီး သူ့ကျောပြင်က ရေကန်စပ်နှင့်ထိနေသည်။ သူ ဘေးဘယ်ညာလှည့်ပြီး ရုန်းကန်နေသောကြောင့် မူးဝေစပြုလာသည်။
" ငါ အဲ့လိုလုပ်လို့မဖြစ်ဘူး မလုပ်နိုင်ဘူး..."
ကျိုးရွှမ်လန်ကို ဒီလိုကိစ္စမျိုး ကူညီခိုင်းရမယ်တဲ့လား...
ရှန်းလျိုရှန့်၏မျက်နှာက နီရဲတွတ်လာပြီး နောက်ဆက်တွဲကိစ္စများကို တွေးတောနေစဉ် သူ့စိတ်ထဲ အတွေးတစ်ခုရောက်လာသောကြောင့် ချက်ချင်းငြိမ်ကျသွားသည်။
နတ်ဘုရားဝတ်ရုံ... ဟုတ်သားပဲ ငါ့ကိုယ်ပေါ် နတ်ဘုရားဝတ်ရုံရှိတာပဲ...
သူ၏ အက်ရှရှဖြစ်နေသည့်အသံကိုမြှင့်ကာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
" အသုံးမဝင်ဘူး... ငါ နတ်ဘုရားဝတ်ရုံ ဝတ်ထားသရွေ့ မင်း ငါ့အဝတ်အစားတွေကို ဖြဲပစ်လို့မရဘူး..."
သူ့စကားဆုံးသည်နှင့် ကျိုးရွှမ်လန် မျက်ခုံးအသာပင့်လိုက်သည်ကို သူတွေ့လိုက်ရသည်။ သူ့လက်ချောင်းများက ရှန်းလျိုရှန့်၏ခါးပေါ်ရောက်နေကာ အဓိပ္ပါယ်မဖော်နိုင်သည့်အမူအရာဖြင့် ရယ်မောလိုက်သည်။
" ဒါပေမဲ့
အဝတ်အစားတွေရော ခါးပတ်ရောက သူ့ဘာသာကျွတ်သွားပြီလေ ရှစ်စွမ်း..."
ရှန်းလျိုရှန့် မယုံကြည်နိုင်ဖြစ်သွားပြီး ခေါင်းငုံ့ကြည့်လိုက်သည့်အခါ မျက်လုံးအပြူးသား ဖြစ်သွားရသည်။
" ဟမ်..."
နတ်ဘုရားဝတ်ရုံ... နတ်ဘုရားဝတ်ရုံ... ဟေး ထလာတော့လေ...
ငါ့ကိုအဲ့လိုမလုပ်နဲ့လေ...