အပိုင်း ၉၉
Viewers 23k

Chapter 99




လေပွေတစ်ချက် ဝေ့ဝဲတိုက်ခတ်လာသောကြောင့် မက်မန်းပွင့်များက တောထဲကြွေကျကုန်သည်။


သလင်းကျောက်သဖွယ် ကြည်လင်လှသည့်ရေကန်ပေါ် မက်မန်းပွင့်ဖတ်များ ကျသွားစဉ်တွင် ရေမျက်နှာပြင်ပေါ်၌ လှိုင်းဂယက်များထလာပြီး ကျွတ်သွားသော ခါးပတ်နားတွင် ပွင့်ဖတ်များ လွင့်မျောနေသည်။


ရှန်းလျိုရှန့် ရေကန်နံရံကို မျက်နှာမူထားပြီး လက်နှစ်ဖက်က ကန်စပ်တွင်ထောက်ထားကာ ခေါင်းကိုငုံ့ထားသည်။ သူ့လှုပ်ရှားမှုများက အစောပိုင်းကနှင့်တူသော်လည်း အခြားလက်တစ်ဖက်က ရေထဲရှိမနေဘဲ ကန်စပ်ကိုထောက်ထားပေသည်။


သူ့လက်ဖျားများကို ဖိညှစ်ထားသောကြောင့် ဖြူဖွေးလာပြီး တဆတ်ဆတ်တုန်ယင်နေ၏။ 


" မဖြစ်ဘူး မဖြစ်ဘူး မလုပ်ပါနဲ့... အမ်း..."


ရှန်းလျိုရှန့် ရုတ်တရက် သူ့နှုတ်ခမ်းကိုကိုက်ထားလိုက်ပြီး ဇာမဏီမျက်ဝန်းများကို မှေးကျဉ်းကာ မျက်တောင်ရှည်များက ထိတ်လန့်တကြားဖြင့် တဆတ်ဆတ်တုန်ယင်နေသည်။ ဆံစအချို့က သူ့နားရွက်နောက်မှ လျော့ရိလျော့ရဲဖြင့်ထွက်လာကာ ချွေးအနည်းငယ်စိုစွတ်နေသည့် ပါးပြင်ကို ပွတ်တိုက်မိသွားသည်။


သူ့ကိုအုပ်မိုးထားသူက ပိုမိုနီးကပ်လာပြီး ခါးကို လက်တစ်ဖက်ဖြင့်ပွေ့ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။


" အချစ်ပန်းကူပိုးကောင်က လောကထဲမှာ အန္တရာယ်အများဆုံး အဆိပ်သုံးမျိုးထဲက တစ်မျိုးပဲ... အသေးအမွှားလို့ မတွေးလိုက်နဲ့နော် ရှစ်စွမ်း... တခြားနေရာကို စိတ်လွင့်မနေဘဲ အာရုံစိုက်ထားလိုက်ပါ၊ ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်အောင်ထားပြီး ကျန်တဲ့ကိစ္စကို ကျွန်တော်နဲ့လွှဲထားလိုက်..."


ရှန်းလျိုရှန့် မနည်းအံကြိတ်ထားရသောကြောင့် စကားမပြောနိုင်၍ ခေါင်းတွင်တွင်ခါနေရုံသာ တတ်နိုင်သည်။


ရေထဲရောက်လာသည့် လက်တစ်ဖက်ကို ဟန့်တားရန်ကြိုးပမ်းသော်လည်း သူ့လက်ကောက်ဝတ်မှ ဆွဲယူခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ကျိုးရွှမ်လန်၏အသံက တိုးညှင်း၍ ဩရှရှဖြစ်လာကာ ညအမှောင်ထုနှင့် ရောစပ်သွား၍ အနည်းငယ်အန္တရာယ်များသည့်ပုံစံ ဖြစ်လာသည်။


" ရှစ်စွမ်း မလှုပ်ပါနဲ့..."


ရှန်းလျိုရှန့်၏ကျောပြင်ကို တောင့်တင်းသန်မာသော ရင်အုပ်တစ်ခုက ဖိကပ်လာသည်။ ထိုစကားများကြား၍ အံ့အားသင့်သွားစဉ် သူ့ခန္ဓာကိုယ်က တောင့်တင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ တစ်ခဏတွင်းချင်း မျက်လုံးအပြူးသားဖြစ်သွားသော်လည်း ရုန်းကန်နေသည်ကို ရပ်တန့်လိုက်သည်။


ရင်ခွင်ထဲမှလူက ရုတ်တရက် ရိုးသားဟန်ပြလာ၍ ကျိုးရွှမ်လန်၏မျက်ဝန်းထဲမှ အမှောင်ထုက လျော့ကျမသွားဘဲ တဖြည်းဖြည်းတိုးပွားကာ ရှန်းလျိုရှန့်၏ခန္ဓာကိုယ်ကို တစ်လက်မ မကျန် စူးစမ်းကြည့်ရှု့နေသည်။


ရှည်လျားနူးညံ့သော ဆံနွယ်များက ဖရိုဖရဲဖြစ်ကာ ပခုံးပေါ် ဖြာကျနေပေသည်။ သူ ခေါင်းငုံ့ထားသောကြောင့် ထိရှလွယ်သော ‌ဂုတ်သားဖြူဖြူလေးကို အတိုင်းသာမြင်နေရသည်။ ထိုနေရာမှ သွေးရောင်အမှတ်အသားတစ်ခုက ကျောက်စိမ်းသဖွယ်ဖြူဖွေးလှသည့် အသားအရည်ပေါ်တွင် တောက်ပနေသည်။


ကျိုးရွှမ်လန်၏လှုပ်ရှားမှုများ မြန်ဆန်လာသည်နှင့်အမျှ ရှန်းလျိုရှန့် အော်ညည်းလိုက်မိသောအခါ သူ့မျက်လုံးက အနီရောင်တောက်ပလာပြီး အလွန်မောပန်းနွမ်းလျသွားဟန်ဖြင့် အမောတကော ပင့်သက်ရှိုက်နေရသည်။ ရေထဲတွင်ရှိနေသော သူ့ခန္ဓာကိုယ်တစ်ခုလုံး မတည်မငြိမ်ဖြစ်နေပေသည်။ အကယ်၍ သူ့ခါးကိုသာ ပွေ့ဖက်ထားခြင်းမရှိပါက ရေကန်အောက်ခြေထဲသို့ အချိန်မရွေး နစ်မြုပ်သွားနိုင်သည်။


သူ့ဂုတ်ပိုးပေါ်တွင် ချွေးအလွှာပါးတစ်ထပ်ဖြစ်ပေါ်လာပြီး မက်မန်းပွင့်ဖတ်တစ်ခု ကျလာလေသည်။


အနီရောင်ပွင့်ဖက်နှင့် ကျောက်စိမ်းရောင်အသားအရည်က အလွန် လိုက်ဖက်ညီလှသည်။


ကျိုးရွှမ်လန် ခေါင်းအသာငုံ့လိုက်ပြီး ထိုပန်းပွင့်ဖတ်ပေါ်မှတစ်ဆင့် သူ့ကဂုတ်သားဖွေးဖွေးလေးကို တိတ်ဆိတ်စွာ အနမ်းခြွေလိုက်သည်။


ဤအခိုက်အတန့်တွင် ရှန်းလျိုရှန့်၏စိတ်အခြေအနေက ကမောက်ကမဖြစ်နေ၍ အပြင်လောကကို အာရုံခံစားနိုင်စွမ်းလည်း မရှိတော့ပေ။ သူ၏ထိုင်းမှိုင်းနေသောအသိစိတ်ထဲတွင် ကျိုးရွှမ်လန်က ကိစ္စအားလုံးပြီးစီးသည်နှင့် အတွင်းဝတ်ရုံနှင့် အဝတ်အစားများ ပြန်ဝတ်ပေးကာ ရေထဲမှ ပွေ့ချီလာပြီး သူ့အခန်းသို့ပြန်ခေါ်လာခဲ့သည်ကိုသာ ရေးတေးတေး မှတ်မိနေတော့သည်။


ရေများစိုရွှဲနေသည့် ရှန်းလျိုရှန့်ကို မန္တန်အချို့သုံး၍ ခြောက်သွေ့အောင် ပြုလုပ်ပေးလိုက်ပြီးသည့်နောက်တွင် ကျိုးရွှမ်လန်က သူ့ကိုအိပ်ရာပေါ် တင်ပေးလိုက်သည်။ အိပ်ရာပေါ်ရောက်သည်နှင့် ရှန်းလျိုရှန့်က စောင်ကိုမျက်နှာအထိလုံအောင်ဆွဲခြုံလိုက်ပြီး စောင်ပုံထဲမှ ထွက်မလာတော့ပေ။ 


ကျိုးရွှမ်လန် ခပ်တိုးတိုး ရယ်လိုက်မိသည်။


စောင်အောက်ထဲပုန်းနေသော ရှန်းလျိုရှန့်က ရယ်သံကိုကြားသည်နှင့် မျက်နှာတစ်ပြင်လုံးနီရဲလာပြီး အိပ်ရာထဲ တွင်းတစ်တွင်းတူးကာ ဝင်သွားချင်စိတ် ဖြစ်လာမိသည်။


ခဏအကြာတွင် အခန်းထဲ၌ ဩရှရှ အသံတစ်သံ ပေါ်ထွက်လာသည်။

" ကျွန်တော် အပြင်ခဏသွားလိုက်ဦးမယ်..."


စောင်အောက်မှ ခေါင်းလုံးလုံးလေးက လှုပ်ရှားလာသည်။

" အင်း..."


ကျိုးရွှမ်လန်၏ အကြည့်များ မှေးမှိန်သွားပြီး တစ်ဖက်သို့လှည့်ကာ အခန်းထဲမှ အမြန်ထွက်၍ တံခါးပိတ်လိုက်သည်။


အခန်းက တိတ်ဆိတ်ငြိမ်သက်သွားသည့်အခါတွင်မှ ရှန်းလျိုရှန့်က သတိကြီးကြီးဖြင့် စောင်ကြားထဲမှ ခေါင်းပြူထွက်လာသည်။ အခန်းထဲတွင် ကျိုးရွှမ်လန် မရှိတော့သည်မှာ သေချာကြောင်းကို ကန့်လန့်ကာမှတစ်ဆင့် ကျော်ကြည့်ကာ အတည်ပြုလိုက်လေ၏။


သူ ခေါင်းမော့လိုက်ပြီး နီရဲနေဆဲဖြစ်နေသည့် ပါးပြင်ကိုလက်ဖြင့်အုပ်ထားတာ နူးညံ့ပျော့ပျောင်းလှသောအိပ်ရာပေါ် လူးလှိမ့်နေ၏။


အား အား အား အား အားးး ...


ဘဝမှာ ပထမဆုံး ခံစားဖူးတဲ့ ကြက်သီးထလောက်စရာ ခံစားချက်ကြီးပဲ ပြီးတော့ အဲ့ထက်ပိုကြောက်စရာကောင်းတာက...


ရှန်းလျိုရှန့်၏ မျက်နှာက အလွန်အမင်းနီရဲနေသည်။ သူ့စိတ်ထဲဝန်ခံရန် ခက်ခဲလှသော်လည်း ဤခံစားချက်က အလွန်သက်တောင့်သက်သာရှိလှသည်။ ပြီးဆုံးသွားချိန်၌ သူ ငိုချလုနီးပါးပင် ဖြစ်သွားရသည်။


ရေကန်ကိုဖြတ်သန်းလာသော နွေဦးလေပြည်က သူ့နှလုံးသားကိုပါ ဖြတ်သန်းတိုက်ခတ်သွားသကဲ့သို့ခံစားလိုက်ရပေသည်။


ငါတော့သွားပြီ... နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့ ဆရာတစ်ယောက်ရဲ့ ကြီးကျယ်မြင့်မြတ်မှုတွေ တစ်ရက်တည်းနဲ့ ဖျက်ဆီးခံလိုက်ရပြီ... ငါ အခုကစပြီး ကျိုးရွှမ်လန်ရဲ့ရှေ့မှာ ဘယ်လိုနေရတော့မလဲ...


နတ်ဘုရားဝတ်ရုံ... ရှုရှင်းချန်ရဲ့ နတ်ဘုရားဝတ်ရုံက တကယ်ကြီး အသုံးမကျတာပဲ...(🤣)


ငါကိုယ်တိုင် စိတ်မပါဘဲနဲ့... ဘာလို့ နတ်ဘုရားဝတ်ရုံက စိတ်မရှည်လက်မရှည်နဲ့ ကျွတ်ကျသွားရတာလဲ...


ကျိုးရွှမ်လန်ကတော့ ငါ့ကိုသိက္ခာမရှိတဲ့သူလို့ မထင်သွားလောက်ပါဘူးနော်...


ရှန်းလျိုရှန့် တိတ်ဆိတ်စွာဖြင့် စိတ်ညစ်ညူးနေမိသည်။


သူ၏ ရှုပ်ပွနေသောဆံပင်များကို ဆွဲဖွလိုက်ပြီး ဝတ်ရုံကို ပခုံးမှဆွဲချွတ်လိုက်ကာ အဓိကလက်သည်ဖြစ်သည့် သူ့ကုတ်ပိုးနေရာကို လက်ချောင်းများဖြင့် စမ်းကြည့်လိုက်သည်။


မီးတောက်မတတ် ခံစားချက်ကြီးက ပျောက်ကွယ်သွားသော်လည်း ကူပိုးကောင်က အသက်ရှင်နေဆဲဖြစ်၍ နောက်တစ်ကြိမ် ဤသို့ထပ်ဖြစ်မည်ဆိုပါက ပြဿနာတက်မည်ဖြစ်သည်။


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်ပြီး ထိုအကြောင်းကို တွေးတောနေစဉ်တွင် သိုလှောင်အိတ်က လှုပ်ခါလာသည်။ အစိမ်းရောင်တောက်ပနေသည့် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည့်အခါ တည်ကြည်သောအသံတစ်သံ ထွက်ပေါ်လာသည်။


တိယွင်ယွီ : " ကိုယ်တော် မြို့ထဲက သွေးနှောတွေကို ခေါ်သွားပြီ..."


ရှန်းလျိုရှန့် ခဏတာ ငြိမ်သက်သွားပြီးနောက် ပြောလာသည်။

" သိပါပြီ..."


တိယွင်ယွီ၏ခန္ဓာကိုယ်အစစ်က နန်းတွင်းတွင် ရှိနေခြင်းဖြစ်ပြီး ချီလင်မြို့သို့ရောက်လာသည်က သူ့ဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး ရှန်းလျိုရှန့်၏ ကျောက်စိမ်းပြားတွင် ကပ်တွယ်နေသည့်ဝိညာဉ်နှင့် တူညီပေသည်။


" ဧကရာဇ် မြို့ထဲမှာဖြစ်နေတဲ့ လျှို့ဝှက်အကြောင်းတွေကို သိပြီးသွားပါပြီလား..."


" ရှင်းချန် ချီလင်မြို့မှာ မြင်ခဲ့တဲ့အကြောင်းတွေ ပြောပြတာနဲ့ ကိုယ်တော်လည်း မှန်းကြည့်လိုက်တာ... လျှို့ဝှက်ကိစ္စတွေကိုတော့ မသိခဲ့‌ရသေးပါဘူး မဟုတ်ရင်..."

တိယွင်ယွီ စကားပြောနေရာမှ ခဏရပ်သွားပြီးနောက် မေးလိုက်သည်။

" မင်း အဆင်ပြေရဲ့လား..."


ရှန်းလျိုရှန့်က ကုတ်ပိုးကိုပွတ်နေသည့်လက်ကို ပြန်ရုတ်လိုက်သည်။

" ဘာမှမဖြစ်ပါဘူး..."


သူက ထပ်မေးလိုက်သည်။

" သူတို့ဆန္ဒနဲ့လိုက်လာအောင် ဧကရာဇ် ဘာများပြောလိုက်တာလဲ..."


သူတို့အားလုံး ဝမ်ရမ်ချင်ကို သစ္စာဖောက်ရန်က မဖြစ်နိုင်သည့်အပြင် သူတို့စိတ်ထဲ စွဲနေသော စွဲလန်းမှုကိုလည်း ဖျောက်ဖျက်ပစ်ရန် ခက်ခဲလှသည်။ ဧကရာဇ် ဖြစ်နေလျှင်ပင် ထိုလူများက လက်စားချေရန်ကိုစွန့်လွှတ်ပြီး သူ့နောက်လိုက်လာရန် အလွန်ခက်ခဲပေသည်။


တိယွင်ယွီ : " ကိုယ်တော်မဟုတ်ဘူး ဝမ်ရမ်ချင်ပါ..."


အစီအရင်ပြိုကွဲသွားသည်နှင့် ဝမ်ရမ်ချင်က သူ ရှုံးသွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူ ရှုံးသွားခဲ့ပြီဖြစ်သောကြောင့် အပြင်းအထန် ရုန်းကန်မနေတော့ဘဲ ဧကရာဇ်ပေါ်လာချိန်တွင် သူ့လက်အောက်ငယ်သားများအား မည်သည့်အရာမှ တွေးတောမနေဘဲ ဧကရာဇ်၏အမိန့်ကိုသာ နာခံရန် ပန်ကြားခဲ့သည်။


သူ့နောက်ဆက်လိုက်မည်ဆိုပါက အားလုံးအတွက် သေလမ်းကိုသာ ဦးတည်နေသည်ကို သူသိသောကြောင့်ဖြစ်သည်။


ဧကရာဇ်က သက်ရှိအားလုံးကို ကရုဏာထားသူဖြစ်ပြီး သူ ဤကိစ္စတွင် ဝင်ပါသည်ဟူတည်းက တစ်ခုခုကို ပြောင်းလဲနိုင်သောကြောင့် ဖြစ်ပေသည်။


ဝမ်ရမ်ချင်က ဝမ်းနည်းသွားပုံရသော်လည်း အနည်းငယ် စိတ်အေးသွားဟန် ပြသလာသည်။ 

" ငါ မမြင်နိုင်ခဲ့တဲ့အရာတွေကို တစ်နေ့ကျရင် မင်းငါ့အစား မြင်နိုင်ဖို့ မျှော်လင့်ပါတယ်..."


ရှန်းလျိုရှန့်၏ အမူအရာက ခန့်မှန်းရခက်နေသည်။ ရှောင်းချီ၏ပုံစံကို သူ့မျက်လုံးထဲ မြင်ယောင်မိသော်လည်း အောင်မြင်လုဆဲဆဲဖြစ်ခဲ့သည့် ကူပိုးကောင်အကြောင်း တွေးမိသောအခါ သူ့ခန္ဓာကိုယ်ကို ရေအေးများဖြင့် လောင်းချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ကြက်သီးထလာမိသည်။


တိယွင်ယွီ : " ကိုယ်တော်က မြို့ထဲက သွေးနှောတွေကိုပဲ တာဝန်ယူရတာ... ကျန်တဲ့ကိစ္စတွေတော့ ကျိုးရွှမ်လန် သဘောရှိတဲ့အတိုင်းစီမံဖို့ ထားခဲ့တယ်..."


ရှန်းလျိုရှန့် : " ဘယ်လို..."


တိယွင်ယွီ : " ဝမ်ရမ်ချင်က လုံးဝအဆုံးသတ်သွားခဲ့ပြီဆိုတော့ ချီလင်မြို့ကလည်း မြို့အရှင်ပြောင်းရတော့မယ်လေ... ကျိုးရွှမ်လန်က ဒီလိုအခွင့်အရေးကို လက်လွှတ်ခံပြီးတော့ သတ္တမနတ်ဆိုးဘုရင်ရဲ့ ပိုင်နက်ကို သူ့အိတ်ကပ်ထဲ မထည့်ဘူးလို့များ ထင်နေတာလား..."


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခဏစဉ်းစားပြီးသည့်အခါ သူ့အတွေးများ ရှင်းလင်းသွားရသည်။


ဝမ်ရမ်ချင်၏လုပ်ရပ်အကြောင်း သုံးလောကလုံးတွင် ပျံ့နှံ့သွားခဲ့ပြီဖြစ်ကာ သွေးနှောများမှလွဲ၍ သူ့ကိုနားလည်ပေးနိုင်သူ မရှိတော့ချေ။ ချီလင်မြို့မှ နတ်ဆိုးများကလည်း သူ့ကို ရင်ထဲအသည်းထဲမှ လှိုက်နေအောင် မုန်းတီးနေကြပြီဖြစ်၍ ဘုရင်အဖြစ် ထောက်ခံကြတော့မည်မဟုတ်ပေ။ သို့ရာတွင် မြို့က အရှင်သခင်မရှိဘဲ တစ်ရက်မှ‌နေ၍ မရပေ။ ထိုသို့ မြို့အရှင်နေရာ လစ်ဟင်းနေပါက ပတ်ဝန်းကျင်မှ နတ်ဆိုးဘုရင်များ၏ နှောင့်ယှက်ဖျက်ဆီးခံရနိုင်သည်။ သို့ဖြစ်၍ နတ်ဆိုးဘုရင်တစ်ယောက်က နယ်မြေပိုင်ဆိုင်မှုကို ခွဲဝေယူပြီး မြို့ကို သူ့အကာအကွယ်အောက် ထည့်သွင်းထားရမည်ဖြစ်သည်။ 


ထိုသို့ပြုလုပ်ရန်အတွက်မူ နဝမနတ်ဆိုးဘုရင်က အသင့်တော်ဆုံးဖြစ်သည်။


အခြားအရာများကို မကြည့်လျှင်ပင် ကျိုးရွှမ်လန် အနက်ရောင်မီးတောက်အစီအရင်ကို ဖျက်ဆီးနိုင်ခဲ့ခြင်းက အားလုံးကို ထိတ်လန့်စေခဲ့သည်။


နတ်ဆိုးမျိုးနွယ်က သန်မာကြံ့ခိုင်မှုကို လိုလားကြသူများဖြစ်၍ မြောက်များစွာသောလူများက သူ့ထံတွင် အညံ့ခံမည်မှာ တွေးရန်ပင်မလိုချေ။


" ဝမ်ရမ်ချင်က အခုသူ့လက်ထဲမှာ... သူ့ကို ဘာလုပ်မယ်ဆိုတာတော့ မင်းနဲ့ပဲဆိုင်တယ်..."


တိယွင်ယွီက ခဏရပ်ပြီး ဆက်ပြောလိုက်သည်။

" မင်း နန်းတွင်းကိုပြန်လာပြီး ကျိုးရွှမ်လန်ကိုပါ တူတူခေါ်လာမယ်ဆိုလည်း ပြဿနာ မရှိပါဘူး..."


ထိုစကားများက အနည်းငယ်လေးနက်သည်ဟု ရှန်းလျိုရှန့်ထင်လိုက်မိ၍ ရှုရှင်းချန်က တစ်စုံတစ်ရာပြောထားလားဟု မေးတော့မည့်အချိန်တွင် သူ့လက်ထဲမှ ကျောက်စိမ်းပြားက ရုတ်တရက် အရောင်မှိန်သွားသည်။


ရှန်းလျိုရှန့်က ကျောက်စိမ်းပြားကို သိုလှောင်အိတ်ထဲ ပြန်ထည့်လိုက်ပြီး ကန့်လန့်ကာကိုမ'ကာ ထလာလိုက်သည်။ 


တံခါးဖွင့်လိုက်သည့်အခါ အဝတ်အစား ရိုးရိုးဗြောင်ကိုသာ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်အား တွေ့လိုက်ရသည်။ သူမက အလွန်လှပသော်လည်း မျက်ခုံးများက အေးစက်နေကာ အနီရောင်နှုတ်ခမ်းများထက်တွင် နှစ်ပေါင်းများစွာအေးစက်မှုကို စုပြုံထားခဲ့ပုံရသည်။ သူမက ဆူးများဖြင့်ပြည့်နေသည့် ပန်းတစ်ပွင့်သဖွယ် စင်္ကြန်လမ်း၌ ရပ်နေသည်။


" သခင်လေးရဲ့ကိုယ်ထဲက ကူပိုးကောင်ရဲ့အဆိပ်ကိုဖြေဖို့ ကျွန်မမှာ နည်းလမ်းရှိပါတယ်..."


ရှန်းလျိုရှန့် လန့်သွားပြီး ထိုအမျိုးသမီးက မည်သူမည်ဝါဖြစ်ကြောင်း မေးတော့မည့်အချိန်တွင် တစ်ဖက်လူက ပြုံးပြလာသည်။

" သခင်လေးကို အဆိပ်ခတ်ခဲ့တဲ့သူက ဒီက အန်းချင်ကိုယ်တိုင်ပါပဲ..."


ရှန်းလျိုရှန့်၏ မျက်လုံးများ အနည်းငယ်မှေးကျဉ်းသွားသည်။ သူ ဆေးရေကန်ထဲမှ ပြန်ထလာချိန်တွင် ဒဏ်ရာအပြင်းအထန်ရထားသောကြောင့် အဆိပ်ခတ်ခံရချိန်က မှတ်ဉာဏ်များ မရှိတော့ပေ။ 

" ခင်ဗျားဘာလို့ ရုတ်တရက်စိတ်ပြောင်းသွားပြီး ကျွန်တော့်ကို လာကူညီတာလဲ... ဘယ်လိုအပေးအယူများ လုပ်မလို့လဲ..."


အန်းချင်က အတန်ကြာအောင် ငြိမ်သက်သွားပြီးမှ ပြောလာသည်။

" သူ့ကို အသက်ရှင်ခွင့်ပေးပါ..."


" နဝမနတ်ဆိုးဘုရင် ချီလင်မြို့ကို သိမ်းပြီးပြီဆိုရင် အရင် မြို့အရှင် ဒီလောကထဲရှိနေတာကို ခွင့်ပြုတော့မှာ မဟုတ်ပါဘူး... ဒါပေမဲ့ သခင်လေးက သူ့ကိုဖြောင်းဖြပေးနိုင်တယ်ဆိုတာ ကျွန်မ သိပါတယ်... အနာဂတ်မှာ ဝမ်ရမ်ချင်က ဒီလောကထဲက ဘယ်သူ့ရှေ့မှာမှ မပေါ်လာစေရဘူးလို့ ကျွန်မ ကတိပေးပါတယ်..."


အန်းချင်က ဤတစ်လျှောက်လုံးတွင် ခက်ခဲကြမ်းတမ်းသည့် အ‌ခြေအနေများကို ရင်ဆိုင်ခဲ့ရသော်လည်း ယခုအချိန်တွင် သူမအသံက နူးညံ့ပျော့ပျောင်းနေသည်။

" အပြင်လောကမှာ ဝမ်ရမ်ချင်ကို သေစေချင်နေတဲ့သူတွေ အများကြီးရှိပါတယ်... သူသေသွားပြီလို့ လူတွေကို အယုံသွင်းပြီး နဝမနတ်ဆိုးဘုရင် အခက်မတွေ့အောင် ကျွန်မလုပ်ပေးပါ့မယ်..."


ရှန်းလျိုရှန့်က သူ့ရှေ့မှ အမျိုးသမီးကို စိုက်ကြည့်နေလိုက်သည်။

" ခင်ဗျား နောင်တရနေပြီလား..."


သူ့မိခင်က သူ့ကို အဘယ့်ကြောင့်သဘောမကျတော့ကြောင်းကို သူ နားမလည်ဟု ရှောင်းချီတစ်ခါက ပြောခဲ့ဖူးသည်ကို သူ သတိရသည်။ သူ့မျက်နှာပေါ်မှ သွေးများကလည်း သူ့အမေကြောင့်ဖြစ်လာခဲ့ရခြင်းဖြစ်ကာ ရိုက်နှက်ထားသည့်အရာများကလည်း အမေကြောင့် ဖြစ်လာခဲ့ခြင်းဟုဆိုသော်လည်း သွေးနှော‌နတ်ဆိုးလေးက ထိုလူကို အမေဟု ဆက်လက်ခေါ်ခဲ့သည်။


အန်းချင်က အေးစက်စက်ဖြင့် ပြောလာသည်။

" ကျွန်မက လုပ်စရာရှိတဲ့ကိစ္စကိုပဲ လုပ်တာပါ... နောင်တရနေစရာလည်း မလိုဘူး... ဝမ်ရမ်တုကလည်း ကူပိုးကောင်ကြောင့် ကျွန်မနဲ့ ချစ်ကြိုက်သွားခဲ့ပြီး တခြားမိန်းမကိုရှာဖို့ ကြောက်လန့်ခဲ့တာ... ဒါပေမဲ့ သူကတော့ ကူပိုးကောင်ငယ်ရဲ့အဆိပ်ကနေ လွတ်နိုင်ခဲ့ပါတယ်... တကယ့်ကို နတ်ဆိုးကောင်ပဲ..."


ရှန်းလျိုရှန့် မျက်လုံးများမှေးကျဉ်းသွားစဉ် အန်းချင်က ဆက်ပြောလာသည်။

" ကျွန်မ ဒီကိုလာတာ တောင်းပန်ဖို့မဟုတ်ဘူး အပေးအယူလုပ်ဖို့ပါ..."


" အချစ်ပန်းကူပိုးကောင်တွေမှာ ကူပိုးကောင်ငယ်က ကူပိုးကောင်အမေကိုပဲ တုံ့ပြန်တယ်... ပိုးကောင်အမေကြောင့်ပဲ တည်ငြိမ်သွားနိုင်တယ်... ဒါပေမဲ့အခု ကူပိုးကောင်အမေက သေသွားပြီဆိုတော့ သခင်လေးရဲ့ကိုယ်ထဲက ကူပိုးကောင်ငယ်က ဦးတည်ချက်မဲ့ပြီး သွားချင်တဲ့နေရာကိုသွားနေမှာ တစ်ကြိမ်ထက်တစ်ကြိမ် တဖြည်းဖြည်းပိုဆိုးလာလိမ့်မယ်..."


ရှန်းလျိုရှန့် ထိတ်လန့်သွားရသည်။

အရင်‌ထက်တောင် ပိုဆိုးလာဦးမယ် ဆိုပါလား...


အန်းချင်က သူ့ကိုကြည့်နေသည်။

" ကူပိုးကောင်အမေသေသွားတာက ကောင်းကျိုးတစ်ခုတော့ ရှိပါတယ်... ကူပိုးကောင်ငယ်က အမေမရှိဘဲလည်း ငြိမ်ငြိမ်နေနိုင်တယ်..."


ရှန်းလျိုရှန့် : " ဘယ်လိုမျိုးလဲ..."


အန်းချင် : " တခြားလူတွေနဲ့ အတူအိပ်ရမှာပေါ့... ကူပိုးကောင်ငယ် ကြီးလာတဲ့အချိန်ဆို သခင်လေး နေ့ညမရွေး တခြားလူနဲ့အတူတူနေမှဖြစ်မယ် မဟုတ်ရင် ရင်ထဲက တောင့်တစိတ်ကို ဖြေဖျောက်ဖို့ခက်တယ်...အရမ်းမွန်းကြပ်ပြီး သေသွားလိမ့်မယ်..."


ရှန်းလျိုရှန့် : "..."


သူ့မျက်နှာက စိတ်ပျက်လက်ပျက်ဖြစ်သွားသော်လည်း ကံကောင်းသည်မှာ အန်းချင်က ဆက်ပြောလာသည်။

" ဒါပေမဲ့ ဒီနေ့မှာတော့ တခြားနည်းလမ်းတစ်ခုရှိတယ်ဆိုတာ ကျွန်မရှာတွေ့ခဲ့တယ်..."


ရှန်းလျိုရှန့် : " ပြောပါဦး..."


အန်းချင် : " ဒါဆိုရင်တော့ အပေးအယူဖြစ်ပြီလို့ သတ်မှတ်လိုက်ပါ့မယ်..."


ရှန်းလျိုရှန့် : " ကျွန်တော် အကောင်းဆုံးကြိုးစားပေးပါ့မယ်..."


အန်းချင်က စိတ်အေးလက်အေးဖြစ်ကာ သက်ပြင်းရှည်ကြီးချလိုက်ပြီးနောက် စကားသုံးလုံးကို ရေရွတ်လိုက်သည်။

" နဂါးသွေး..."


ရှန်းလျိုရှန့်၏ အမူအရာက ပြောင်းလဲသွားပြီး သူ့အကြည့်များထဲမှ အဓိပ္ပါယ်က မရှင်းမလင်းဖြစ်လာသည်။

" ခင်ဗျား ဘယ်လိုသိတာလဲ..."


ကျိုးရွှမ်လန်က အမှန်တွင် နဂါးစစ်စစ်ဖြစ်သည်ဟူသောသတင်းက မပျံ့နှံ့သေးသည့်အပြင် နတ်ဆိုးလောကမှ အများစုလည်း မသိကြသေးချေ။


အန်းချင် : " ဒီနေ့ မြို့ပြင်မှာ နဝမနတ်ဆိုးဘုရင်က အစီအရင်ကိုဖျက်ဆီးဖို့ သူ့နဂါးဦးချိုကို ဖြတ်ပစ်ခဲ့တာ ကျွန်မမြင်ခဲ့တယ်..."


" ဘာပြောလိုက်တာလဲ..."


ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြစ်သွားပြီး ညလေ‌ပြင်းတစ်ချက်အဝှေ့တွင် သူ့လက်ချောင်းများပါ အေးစက်လာသည်။

" နဂါးဦးချိုကိုလား..."


အန်းချင် ခေါင်းညိတ်ပြလိုက်သည်။

" ရှေးဟောင်းအစီအရင်ဆိုတာမျိုးက ဖျက်ဆီးဖို့ တော်တော်ခက်တယ်လေ...ဝမ်ရမ်ချင်က သူ့ကို နဂါးဖြစ်နေမယ်လို့ မထင်ထားတဲ့အပြင် ဒီလောက်အထိ လုပ်မယ် မထင်ထားတော့ ရှုံးသွားတာပေါ့..."


" သူက သခင်လေးအတွက်‌ နဂါးဦးချိုကိုတောင် အရေးမထားဘဲ ဖြတ်ပစ်နိုင်တယ်ဆိုမှတော့ နဂါးသွေးကိုတောင်းဖို့လည်း မခက်လောက်ပါဘူး... ဒါပေမဲ့ တစ်ခုတော့ရှိတယ် အဲ့သွေးကိုသောက်ဖို့တော့ အကြံမပေးဘူး... သက်ရောက်မှုက တော်တော်မှေးတယ်ဆိုတော့ အရမ်းဖြုန်းတီးရာရောက်သွားလိမ့်မယ်... နဂါးသွေးတစ်ပန်းကန်လုံးသောက်ရင်တောင် ကူပိုးကောင်ငယ်ကို နည်းနည်းခြိမ်းခြောက်သလိုပဲဖြစ်နေမှာ..."


အန်းချင်က အမူအရာမဲ့စွာဖြင့် ဆက်ပြောနေသည်။

" ကူပိုးကောင်ငယ်က အချစ်ပန်းရဲ့အောက်မှာ ပုန်းနေတာဆိုတော့ နဂါးသွေးက သူနဲ့နီးတဲ့နေရာကိုရောက်လေ ကောင်းလေပဲ... နဂါးသွေးက မကောင်းတဲ့အရာတွေအားလုံးကို ဖိနှိပ်နိုင်တာဆိုတော့ သူ့နားရောက်လာရင် လှုပ်ရှားဖို့တောင် ကြောက်နေလိမ့်မယ်... နဂါးသွေးက သူ့နားကို ခဏခဏရောက်လာရင်

ကူပိုးကောင်ငယ်က သူ့ကိုယ်သူ ဖျက်ဆီးပစ်လိုက်လိမ့်မယ်..."


ရှန်းလျိုရှန့်၏ မျက်တောင်များတုန်ယင်နေပြီး စကားမပြောနိုင်ဖြစ်သွားရသည်။ သူ အသိစိတ်ပြန်မဝင်မီတွင် အန်းချင်က "သခင်လေးအလှည့်ရောက်ပြီ" ဟုပြောကာ ထွက်သွားခဲ့သည်။