အပိုင်း ၁၀၀
Viewers 23k

Chapter 100




သူ အခန်းထဲပြန်ဝင်လာပြီး ခဏအကြာတွင် ကျိုးရွှမ်လန်က တံခါးနား၌ ပေါ်လာလေသည်။


ကျိုးရွှမ်လန် အဝတ်အစားများလဲပြီး ပြန်ဝင်လာချိန်၌ ရှန်းလျိုရှန့် မှင်သက်ငေးငိုင်နေသည့်အခါ ရှစ်စွမ်းဟု မဝံ့မရဲခေါ်လိုက်၏။


ရှန်းလျိုရှန့်က သူ့နားသို့လျှောက်လာပြီး လက်တစ်ဖက်ဆန့်ကာ စကားတစ်လုံးမှမပြောဘဲ အစောပိုင်းက သွေးထွက်နေခဲ့သည့်နှဖူးနေရာကို ထိကြည့်လိုက်သည်။


ကျိုးရွှမ်လန် အံ့အားသင့်သွားပြီး မျက်မှောင်တစ်ချက်ကြုတ်ကာ ဘေးဘယ်ညာသို့ ကြည့်လိုက်သည်။

" တစ်ယောက်ယောက် ဒီကိုလာသွားတာလား..."


" အန်းချင်ဆိုတဲ့အမျိုးသမီး လာသွားတာ... သူက ဝမ်ရမ်ချင်ရဲ့မယ်တော်လို့ ငါကြားတာပဲ..."


ကျိုးရွှမ်လန်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး ဒေါသထွက်သွားဟန်ဖြင့် မျက်ခုံးများတွန့်လိုက်သည်။


" အဲဒီမြောင်မျိုးနွယ် အမျိုးသမီးက ရှစ်စွမ်းကို အဆိပ်ခတ်ခဲ့တာ... သူ ထွက်ပြေးသွားပြီလို့ ထင်နေတာကို ဒီအထိ လာရဲဦးမယ် မထင်ထားမိဘူး... ကျွန်တော် သူ့ကိုသွားဖမ်းမယ်..."


ရှန်းလျိုရှန့် သူ့ဝတ်ရုံလက်ကို လှမ်းဆွဲလိုက်သည်။

" မလိုတော့ပါဘူး..."


ထို့နောက် သူ ကျိုးရွှမ်လန်၏နှဖူးကိုကြည့်ပြီး မေးလိုက်သည်။

" အရမ်းနာသွားလား..."


ကျိုးရွှမ်လန်၏မျက်နှာထက်မှ ဒေါသအရိပ်အယောင်များ ချက်ချင်းပျောက်ကွယ်သွားပြီး နှုတ်ခမ်းကိုတွန့်ကွေးကာ ကျေနပ်အားရဟန်ဖြင့် ပြုံးလိုက်သည်။ သူ မနာကြောင်း ပြောတော့မည်အချိန်၌ တစ်စုံတစ်ခုကို သတိရသွားသောကြောင့် ချက်ချင်းစကားပြောင်းလိုက်သည်။


" နာတယ်..."


ကျိုးရွှမ်လန် ခေါင်းငုံ့လိုက်ပြီး နှဖူးကို သူ့လက်ချောင်းရှည်များဖြင့်အသာထိကာ ပြောလိုက်သည်။

" ရှစ်စွမ်း ကျွန်တော့်ကို..."


ထိတွေ့စေချင်တယ်...


သို့ရာတွင် ကျိုးရွှမ်လန်က ထိုစကားများကို မပြောနိုင်သောကြောင့် နှဖူးကိုသာ လက်ချောင်းများဖြင့်ထိနေပြီး ရှစ်စွမ်းက သူဆိုလိုချင်သည်ကို သဘောပေါက်ရန် မျှော်လင့်နေမိသည်။


ရှန်းလျိုရှန့် အံ့အားသင့်သွားမိပြီးနောက် ရယ်လိုက်သည်။


" မင်းဘာလို့ ကလေးလေးလို လုပ်နေတာလဲ..."


ကျိုးရွှမ်လန်က ခေါင်းမော့ပြီး သူ့ကိုတောင်းဆိုတော့မည့်အချိန်၌ သူ့နှဖူးပြင်ပေါ်သို့ အသက်ရှုသံနွေးနွေးလေး ကျရောက်လာသည်။ နူးညံ့နွေးထွေးသော နှုတ်ခမ်းတစ်စုံက သူ့နှဖူးကို အသာထိတွေ့သွားသောကြောင့် သတိလက်လွတ်ဖြစ်ကာ သူ့နှလုံးသားထဲ ယားကျိကျိဖြစ်သွားရသည်။


ကျိုးရွှမ်လန် လန့်သွား၍ ထိုနေရာတွင်ပင် အေးခဲတောင့်တင်းသွားရသည်။


နမ်းပြီးသည့်နောက် ရှန်းလျိုရှန့်၏နားရွက်များ နီရဲလာသည်။

" မနာတော့ဘူးမလား..."


ငါဘာလို့ ရုတ်တရက်ကြီး သူ့ကိုအီစီကလီ သွားလုပ်မိတာပါလိမ့်...


ကျိုးရွှမ်လန် အံ့အားသင့်သွားပြီး သူ့ရင်ထဲမှ ယားကျိကျိခံစားချက်မျိုး ပျောက်ကွယ်သွားသည့်အခါ ပါးပြင်က အနည်းငယ်နီရဲနေသည့်လူကို လှမ်းကြည့်လိုက်မိသည်။


ရှန်းလျိုရှန့်က မျက်တောင်တဖျတ်ဖျတ်ခတ်နေပြီး နှုတ်ခမ်းများ တင်းတင်းစေ့ထားပေသည်။ သူ့ဘက်က နမ်းလိုက်သောကြောင့် စိတ်ထဲရှက်ရွံ့သွားပြီး ဦးစွာစကားပြောလာသည်။


" မင်း အသက်ဘယ်လောက်ရှိပြီလဲ ခုထိကလေးလုပ်နေတုန်းလား... ဒီတစ်ခါပဲရမယ်နော် နောက်တစ်ခါ မရတော့ဘူး..."


ကျိုးရွှမ်လန် နှုတ်ခမ်းများတွန့်ကွေးသွားပြီး မပြုံးဘဲမနေနိုင်တော့ပေ။

" ကောင်းပါပြီ..."


ရှန်းလျိုရှန့် သိုလှောင်အိတ်ကိုဖြည်ပြီး အတွင်းထဲ မွှေနှောက်ရှာဖွေနေသည်။ အချိန်အတန်ကြာပြီးနောက် နန်းတွင်းမှ ရလာခဲ့သော နတ်ဆေးကိုတွေ့သည့်အခါ အမြန်ထုတ်ယူပြီး ကျိုးရွှမ်လန်၏နှဖူးပြင်ထက်တွင် အသာလိမ်းပေးလိုက်သည်။


" ကျွန်တော့်ရဲ့ ပြန်လည်ကုသနိုင်စွမ်းက တော်တော်လေးအားပြင်းပါတယ် ရှစ်စွမ်း မစိုးရိမ်ပါနဲ့... ဆယ်စုနှစ်နည်းနည်း ဒါမှမဟုတ် နှစ်တစ်ရာလောက်နေရင် ဦးချိုပြန်ထွက်လာမှာပါ..."


ရှန်းလျိုရှန့် နှုတ်ခမ်းစေ့ထားပြီး စကားတစ်ခွန်းမှ မပြောပေ။ ကျင့်ကြံသူတစ်ယောက်၏ဘဝက အလွန်ကြာမြင့်ပေသည်။ အကယ်၍ ကျင့်ကြံဆင့်က ဆက်လက်တိုးတက်နေမည်ဆိုပါက ဆယ်နှစ် သို့မဟုတ် နှစ်တစ်ရာဟူသောအချိန်က အလွန်မကြာမြင့်သော်လည်း သူ့စိတ်ထဲတွင်မူ အလွန်ကြာလှသည်ဟု ခံစားရသည်။

အဲဒီအချိန်ရောက်ရင် ဘာတွေဖြစ်နေမယ်ဆိုတာ ဘယ်သူသိမှာလဲ...


ဒါပေမဲ့ အရင်လိုပြန်ကောင်းလာနိုင်တယ်ဆိုတော့ တော်ပါသေးတယ်...


ရှန်းလျိုရှန့် ပိုးပဝါကိုထုတ်လိုက်ပြီး သူ့လက်မှဆေးများသုတ်နေစဉ် ကျိုးရွှမ်လန်ပြောသည်ကို ကြားလိုက်ရသည်။

" အချစ်ပန်းကူပိုးကောင်ကို ဘယ်လိုဖယ်ထုတ်ပစ်ရမလဲဆိုတာ ရှစ်စွမ်းသိလား..."


အန်းချင် ဤနေရာသို့ရောက်လာသည်မှာ ဝမ်ရမ်ချင်ကြောင့်သာဖြစ်ပြီး ကူပိုးကောင်အဆိပ်ဖြေနည်းက သူမ အပေးအယူလုပ်နိုင်သည့် တစ်ခုတည်းသောအရာဖြစ်သည်။


ဝမ်ရမ်ချင်က အစီအရင်ပျက်စီးမှုကြောင့် ဒဏ်ရာအပြင်းအထန်ရသွားခဲ့ရသည်။ အကယ်၍ အသက်ရှင်နိုင်ဦးမည်ဆိုလျှင်ပင် အနာဂတ်တွင် လက်ရှိကျင့်ကြံဆင့်၏ ထက်ဝက်ခန့်သို့ပင် ရောက်ရှိလာနိုင်တော့မည် မဟုတ်ပေ။ သူက ခြိမ်းခြောက်နိုင်ဖွယ်ရာ မဟုတ်တော့သော်လည်း သူ့ကဲ့သို့လူမျိုးကို အခွင့်အရေးနောက်တစ်ကြိမ်ပေးမိပါက ပြဿနာများအဆုံးသတ်တော့မည် မဟုတ်ပေ။ 


ကျိုးရွှမ်လန်က ဤပြဿနာ၏အရင်းမြစ်ကို ရှင်းထုတ်ပစ်ရန် ကြံရွယ်ထားပြီး လူသတ်လိုစိတ်များဖြင့် ပြည့်နေသော်လည်း သူ့ရှစ်စွမ်း၏ကိုယ်ထဲမှ ကူပိုးကောင်နှင့် ပတ်သက်လာသည့်အခါ သူ့ရှစ်စွမ်းက ပိုအရေးကြီးသွားရသည်။


" ကူပိုးကောင်အဆိပ်ဖြေနည်းကို ပြောပြမယ်ဆိုရင် ဝမ်ရမ်ချင်ကို လွှတ်ပေးလိုက်ပါ..."


ရှန်းလျိုရှန့်က တဲ့တိုးသာပြောလိုက်သည်။

" သူက နဂါးသွေးနဲ့ ကုနိုင်တယ်လို့ပြောတယ်... ကူပိုးကောင်က နဂါးသွေးကို ကြောက်တယ်တဲ့..."


သူ လက်မြှောက်ပြီး လက်ညှိုးနှင့်လက်မကို ဖိကပ်ပြလိုက်သည်။

" ကူပိုးကောင် လှုပ်ရှားလာတဲ့အချိန်ဆို ငါ့ကို မင်းရဲ့သွေးနည်းနည်းလောက် ပေးလို့ရမလား..."


‌နဂါးသွေးကိုသောက်ခြင်းက သဘာဝရင်းမြစ်များကို ဖြုန်းတီးခြင်းဖြစ်၍ ‌မိုးကြိုးပစ်ခံရနိုင်ပေသည်။ ထိုအကြောင်းကိုတွေးမိသော ရှန်းလျိုရှန့်က သူ့ဂုတ်ပိုးနေရာကို အပ်ဖြင့်ထိုးပြီး နဂါးသွေးကိုထည့်ရန် တွေးထားခဲ့သည်။ ကူပိုးကောင်က နဂါးသွေး၏အနံ့ကိုရပြီး လှုပ်ရှားရဲတော့မည်မဟုတ်ပေ။ 


ကျိုးရွှမ်လန်က သူ့အကြံကို စိတ်လှုပ်ရှားစွာဖြင့် နားထောင်နေသည်။

" အပ်ထဲထည့်လို့ရတဲ့ သွေးပမာဏက တော်တော်နည်းတယ်... ကူပိုးကောင်ရှိတဲ့ နေရာတည့်တည့်ကို မရောက်သွားရင် သူ့ကိုခြောက်သလိုဖြစ်မှာ မဟုတ်ဘူး..."


ရှန်းလျိုရှန့်က သူ့ဂုတ်ပိုးကို ထိကြည့်လိုက်ပြီး သူပြောသည်ကို သဘောမတူဟန်ဖြင့် ပြုံးလိုက်သည်။

" ရှင်းပါတယ်... ကူပိုးကောင်ငယ်က အချစ်ပန်းရဲ့အောက်မှာ ပုန်းနေတတ်တယ်မလား... ငါ အပ်နဲ့ တစ်ကိုယ်လုံးကနေရာအနှံ့ကို လိုက်ထိုးမယ်လေ... တစ်နေရာကိုတော့ထိသွားမှာပဲ..."


ကျိုးရွှမ်လန် : " ရှစ်စွမ်းတော့ ဖြူကောင်လိုမျိုး ဖြစ်သွားတော့မှာပဲ..."


ရှန်းလျိုရှန့် နင်သွားပြီး ကူကယ်ရာမဲ့စွာဖြင့် နှာခေါင်းဖျားကိုပွတ်ကာ စိတ်ဓာတ်ကျသွားဟန်ဖြင့် ပြောလိုက်သည်။


" ဒါဆိုရင်တော့ ငါ ထပ်ပြီးစဉ်းစားကြည့်ပါဦးမယ်..."


ကံကောင်းသည်မှာ ကူပိုးကောင်ငယ်က လတ်တလောတွင် ထကြွသောင်းကျန်းပြီးဖြစ်၍ အချိန်တစ်ခုအထိ လှုပ်ရှားလာဦးမည် မဟုတ်သောကြောင့် ရှန်းလျိုရှန့် စိတ်အေးလက်အေး နေနိုင်သေးသည်။ ဓားဂိုဏ်းသားများအကြောင်း တွေးမိသွားသောကြောင့် သူ အခန်းပြင်ထွက်၍ သူတို့ကိုသွားရှာသည်။ ကျိုးရွှမ်လန်က ချီလင်မြို့ရှိ တောင်ပုံရာပုံဖြစ်နေသော ကိစ္စများကို ဖြေရှင်းရဦးမည်ဖြစ်၍ သူနှင့်မလိုက်လာခဲ့ပေ။ 


....


ဓားဂိုဏ်းသားများက လမ်းထောင့်တစ်နေရာတွင် ရှိနေကြသည်။


ယဲ့ပင်းရန်မှလွဲ၍ အခြားဂိုဏ်းသားများ၏ လူသားအော်ရာကို မဖုံးကွယ်ထားကြပေ။ သွားလာလှုပ်ရှားနေကြသည့်နတ်ဆိုးများက သူတို့ကို ကျင့်ကြံရေးလောကမှ လူသားများဖြစ်ကြောင်းသိ၍ အဓိပ္ပါယ်ဖော်မရသော အကြည့်မျိုးဖြင့် ကြည့်နေကြသည်။ သို့ရာတွင် သူတို့ကိုယ်တိုင်ကလည်း လောလောလတ်လတ်တွင် ကပ်ဘေးကြီးကို ကျော်ဖြတ်ထားရခြင်းဖြစ်၍ မည်သူမှ ဘာမှမပြောကြပေ။


ယဲ့ပင်းရန်က နေရာအကာအကွယ်အစီအရင်တစ်ခုကိုဖန်တီးလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို အေးစက်စက်မျက်လုံးများဖြင့် ကြည့်နေသည်။


ချီလင်မြို့က နတ်ဆိုးနယ်မြေ၏အလယ်တွင် တည်ရှိခြင်းဖြစ်သည်။ ကျင့်ကြံရေးလောကသို့ပြန်ရန်အတွက် နယ်ဆိုးနယ်မြေအများစုကို ကျော်ဖြတ်ရဦးမည်ဖြစ်သည်။ သူတစ်ယောက်တည်းဆိုလျှင် ရှင်သန်နိုင်သော်လည်း တပည့်အုပ်စုကိုခေါ်၍ ဘေးကင်းစွာပြန်ရန်က ကောင်းကင်ဘုံကိုတက်သည့်သဖွယ် ခက်ခဲလှပေသည်။


ယဲ့ပင်းရန် မျက်မှောင်ကြုတ်လိုက်ချိန်တွင် လူတစ်ယောက်က သူ့မြင်ကွင်းထဲ ရောက်လာသည်။ ထိုလူကိုမြင်သည်နှင့် သူ့မျက်လုံးများအရောင်လက်လာပြီး နွေးထွေးစွာဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။


ဓားဂိုဏ်းမှတပည့်များမှာမူ နတ်ဆိုးတို့၏သားရဲတွင်းမှ ထွက်လာခြင်းဖြစ်၍ အားလုံး၏မျက်နှာများ ဖြူဖျော့နေသည်။ သူတို့စိတ်ထဲတွင် အချိန်မရွေး ဆုတ်ဖြဲပြီးသတ်ပစ်ခံရနိုင်သည်ဟူသော ကြောက်ရွံ့မှုကြီး ရှိနေ၍ တစ်ယောက်ယောက်အနားကပ်လာသည်နှင့် ကြောက်လန့်နေကြသည်။ ယဲ့ပင်းရန်က အကာအကွယ်ထဲမှ ထွက်သွားသည်ကိုမြင်သည်နှင့် သူတို့အားလုံး သူ့နောက်တွင် ပုန်းနေလိုက်ကြသည်။


" ဘယ်သူလဲ သူက ဒီနေရာမှာ ဘာလာလုပ်နေတာလဲ..."


တစ်စုံတစ်ယောက်ကလည်း ပျာယာခတ်နေလျက် ပြောလိုက်သည်။

" သူ့ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ ပုံတူတွေထဲက တစ်ယောက်ယောက်များလား..."


အားလုံး တအံ့တဩဖြစ်ကုန်ပြီး လာရောက်သူကို အကြိမ်အနည်းငယ်ခန့် ကြည့်လိုက်ကြသည်။


ထိုလူငယ်လေးက ပိန်ပိန်သွယ်သွယ်ဖြစ်ပြီး အနက်ရောင်ဆံနွယ်များကို အဖြူရောင်ပိုးထည်စဖြင့် စည်းနှောင်ထားသည်။ သူ့မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီက ကျက်သရေရှိကာ မျက်စိအေးစေပြီး အသားရည်ကလည်း ကျောက်စိမ်းသဖွယ် ဖြူဖွေးလှပေသည်။ သူ ပြုံးလိုက်ချိန်တွင် မျက်လုံးထောင့်စွန်းများက အနည်းငယ်ကော့ညွတ်သွား၍ တောက်ပနေသည်နှင့်ပင် တူသည်။


တစ်ယောက်ယောက်က အံ့ဩတကြီးအော်ပြောလိုက်သည်။

" ဒါ ချင်းလင်ဂိုဏ်းက အင်မော်တယ်ရှန်းပဲ..."


ရှန်းလျိုရှန့် ကြောင်အသွားမိပြီး မျက်ခုံးအသာပင့်ကာ ဓားဂိုဏ်မှ တပည့်ငယ်လေးများကို ကြည့်နေလိုက်သည်။


လွန်ခဲ့သော ခုနစ်နှစ်ခန့်က ထိုတပည့်လေးများမှာ အသက်ဆယ်နှစ်ပင်ပြည့်ဦးမည် မဟုတ်သော်လည်း သူ့ကိုမှတ်မိနေကြသေးပေသည်။ သူတို့က ထိုစဉ်အချိန်တွင် ကျင့်ကြံရေးလောကသို့ မဝင်ရောက်သေးသော်လည်း ကျင့်ကြံရေးလောက၏ဒဏ္ဍာရီများကို သိရှိနေခဲ့ပုံပေါ်သည်။


ရှန်းလျိုရှန့်က လက်နောက်ပစ်ထားပြီး မေးငေါ့ကာ နှုတ်ခမ်းများတွန့်ကွေး၍ ပြောလိုက်သည်။

" ဟုတ်တယ် ငါက သူ..."


" ဘာ သူက ငါတို့ဓားဂိုဏ်းရဲ့ ကျောက်တိုင်သုံးခုလုံးနဲ့ ပတ်သက်ခဲ့တယ်ဆိုတဲ့လူလား..."


" ငါကြားဖူးတာတော့ ရှစ်ရှု့က သူ့ကိုနှစ်ပေါင်းများစွာ ရှာနေခဲ့တာတဲ့..."


" သူက ဓားသခင်နောက်က တကောက်ကောက်လိုက်ခဲ့တာ နှစ်တော်တော်လေးကြာတယ်ဆို..."


" ကျောက်ရှစ်ရှုန်းကလည်း သူ့‌အကြောင်းကို နှစ်ပေါင်းများစွာ တွေးနေခဲ့တာတဲ့..."


" ငါ သူ့ကို သဘောမကျဘူး သူက နတ်ဆိုးတပည့်တစ်ယောက်အတွက်နဲ့ ငါတို့ဂိုဏ်းကို တိုက်ခိုက်မလို့လုပ်ခဲ့တာ..."


ရှန်းလျိုရှန့် : "..."


" ပါးစပ်ပိတ်ထားကြစမ်း..."

ယဲ့ပင်းရန်၏ ရေခဲတမျှအေးစက်သောအသံ ထွက်ပေါ်လာသည်။


သူတို့၏ဆွေးနွေးပွဲက ချက်ချင်းရပ်တန့်သွားရသည်။


ယဲ့ပင်းရန်က ရှန်းလျိုရှန့်ကိုကြည့်၍ ပြောလိုက်သည်။

" တောင်းပန်ပါတယ် ငါ့တပည့်တွေက ကျင့်ဝတ်အကြောင်း နားမလည်ကြဘူး... ပြန်ရောက်တာနဲ့ အပြစ်ပေးလိုက်ပါ့မယ်..."


" ရပါတယ် ကိစ္စမရှိပါဘူး..."


ရှန်းလျိုရှန့်က ဓားကိုင်ထားသော သူ၏လက်ကောက်ဝတ်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုနေရာတွင် သွေးစများစွန်းပေလျက် ရှိနေသေးကာ ကုသမှုမခံယူရသေးပုံပေါ်၍ သူ့အိတ်ထဲမှ ကျောက်စိမ်းပုလင်းကိုထုတ်ကာ ပေးလိုက်သည်။


" ဆေးလိမ်းလိုက်ပါဦး..."


ယဲ့ပင်းရန်က ခေါင်းခါပြီး သူ့ကိုငြင်းဆန်မည်အပြုတွင် အင်္ကျီလက်က လိပ်တင်ခံလိုက်ရသည်။


ရှန်းလျိုရှန့်က ဆေးပုလင်းကို လက်တစ်ဖက်ဖြင့်ဖွင့်ပြီး ယဲ့ပင်းရန်၏လက်ကိုကိုင်ကာ ကြောက်စရာကောင်းနေသည့် ဒဏ်ရာပေါ်သို့ ဝိညာဉ်ဆေးရည်ကို လောင်းချလိုက်သည်။


" ဒဏ်ရာက တောင့်ခံထားနိုင်သေးပေမယ့် အမြန်ကုရင်လည်းရတာကို ဘာလို့ ဒီတိုင်းထားထားတာလဲ..."


ယဲ့ပင်းရန်က တုန်ယင်နေသည့် မျက်တောင်ရှည်များကိုတစ်ချက်ကြည့်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။


ရှန်းလျိုရှန့် ဝိညာဉ်ဆေးရည်များကို လိမ်းပေးပြီးသည့်နောက်တွင် ယဲ့ပင်းရန်က လက်ပြန်ရုတ်လိုက်ပြီး ‌ခံစားချက်မရှိသောလေသံဖြင့် ပြောလိုက်သည်။


" ကျေးဇူးတင်ပါတယ်..."


" ဘာလို့ အရမ်းယဉ်ကျေးနေတာလဲ ငါက မင်းကို ကျေးဇူးတင်ချင်ရုံပါ..."


ရှန်းလျိုရှန့်က မျက်ခုံးပင့်ပြီး ပြုံးပြလိုက်သည်။

" မင်း ဒီနေ့ ငါ့ကိုကူညီခဲ့တာတွေအတွက် ကျေးဇူးပြန်ဆပ်ပါ့မယ်..."


ယဲ့ပင်းရန် : " အဲဒါ ရှုံးယို့ဆိုတဲ့လူပါ... ပြီးတော့ သူ့ဘေးနားက ကောင်မလေးက ငါ့ကိုရှာတွေ့ပြီး မင်း ရှိနေတဲ့နေရာကို ပြောပြခဲ့တာ..."


ရှန်းလျိုရှန့် တအံ့တဩဖြစ်သွားပြီး အနောက်မှ တပည့်များကို လှည့်ကြည့်လိုက်သည်။


" ငါနဲ့အတူ ကျွမ့်ယွင်အဆောင်ကို လိုက်ခဲ့ပါ ပြီးမှ အစီအစဉ်ဆွဲကြတာပေါ့..."


ကျင့်ကြံသူတစ်အုပ်စု နတ်ဆိုးနယ်မြေထဲတွင် ပွင့်လင်းမြင်သာစွာ ရှိနေခြင်းက ဓားသွားပေါ် လမ်းလျှောက်နေရသည်နှင့် တူပေသည်။


ယဲ့ပင်းရန် ခဏစဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။


ကျွမ့်ယွင်အဆောင်ကို ထိခိုက်ပျက်စီးမှုမရှိခဲ့သောကြောင့် ကျင်းရှောင်ကျို့နှင့် အခြားလူများက ဘေးကင်းကြသည်။ ယခုအချိန်၌ သူတို့ ပုံမှန်အလုပ်ကိစ္စများ ဆောင်ရွက်နေကြစဉ် တံခါးဝ၌ လူအုပ်ကြီးကို မြင်လိုက်ရ၍ လန့်သွားကြသည်။


" မင်းသားလေး..."


ကျင်းရှောင်ကျို့က သူတို့ကို ဦးစွာ လာရောက်နှုတ်ဆက်ပြီး အားလုံးကိုကြည့်နေသည်။


" သူတို့အားလုံးက ဓားဂိုဏ်းက တပည့်တွေလေ..."

ရှန်းလျိုရှန့် လှည့်ကြည့်လိုက်သောအခါ သူတို့မျက်နှာများထက်မှ ထိတ်လန့်တကြားဖြစ်နေသည့် အမူအရာများကို တွေ့လိုက်ရသည်။ သူ့မေးစေ့ကိုပွတ်ပြီး ကျင်းရှောင်ကျို့ကို ပြောလိုက်သည်။


" စားဖိုမှူးကို ခေါက်ဆွဲချက်ခိုင်းလိုက်ပါ..."


တပည့်တစ်ယောက်က ပြောလာသည်။

" အင်မော်တယ်အရှင် ကျွန်တော်တို့က အစားမစားဘဲ ကျင့်ကြံကြတဲ့သူတွေပါ..."


" အဲလိုဆိုရင်တောင် ခေါက်ဆွဲတစ်ပွဲတော့ စားလို့ရပါတယ် ဘာမှမဖြစ်ပါဘူး..."


ရှန်းလျိုရှန့် ရယ်မောလိုက်သည်။

" ဒီနေရာက ငါ့ရဲ့ပိုင်နက်ဆိုတော့ ကြောက်စရာမလိုပါဘူး... ခေါက်ဆွဲစားပြီးတော့ နေ့တစ်ဝက်လောက် အနားယူလိုက်... ပြီးရင် ဂိုဏ်းကိုပြန်ဖို့နည်းလမ်းစဉ်းစားကြမယ်..."


တပည့်များအားလုံးက သူ့ကိုကြည့်လိုက်ကြပြီး ကြောက်လန့်မှုများ မသိမသာလျော့ပါးသွားကြပုံပေါ်သည်။


ခဏအကြာတွင် ခေါက်ဆွဲပူပူလေးများ ရောက်လာသည်။ ရနံ့က အလွန်မွှေးကြိုင်လွန်းသောကြောင့် အစောပိုင်းက စားချင်စိတ်မရှိခဲ့သောတပည့်များက တူများကိုင်ပြီး စတင်စားသောက်ကြတော့သည်။ ခေါက်ဆွဲက ခံတွင်းထဲဝင်ရောက်သွားသည်နှင့် အပူလှိုင်းတစ်ခုက နှလုံးသားထဲဝင်ရောက်သွားပြီး ပြန်လည်မွေးဖွားလာသကဲ့သို့ ဝမ်းမြောက်ဝမ်းသာမှုတစ်မျိုးကို ခံစားလိုက်ရသည်။


ငယ်ရွယ်သေးသည့်တပည့်လေးအချို့က စားနေစဉ်တွင် မျက်ရည်သုတ်နေကြသည်။


ရှန်းလျိုရှန့်က ပန်းကန်တစ်လုံးကိုယူ၍ ယဲ့ပင်းရန်ရှိရာသို့ လျှောက်လာသည်။ သူ စကားပြောတော့မည့်အချိန်တွင် တစ်ဖက်လူက စပြောလာသည်။


" ကျေးဇူးတင်ပါတယ် ငါ့ဖို့ မလိုတော့ပါဘူး..."


ရှန်းလျိုရှန့် အံ့ဩသွားပြီးနောက် ရယ်လိုက်မိသည်။


ယဲ့ပင်းရန်က ကျိန်းသေပေါက်မစားကြောင်းသူသိပေသည်။ ဤပန်းကန်က သူကိုယ်တိုင်အတွက်ဖြစ်ကာ ယဲ့ပင်းရန်ရှေ့သို့ရောက်လာသည်မှာလည်း သူ့ကိုစကားပြောစရာရှိ၍ဖြစ်သည်။


ရှန်းလျိုရှန့် ချောင်းဟန့်လိုက်သည်။

" ဒါဆိုရင်လည်း ငါ့ဘာသာပဲ စားတော့မယ်..."


ထို့နောက် သူ ယဲ့ပင်းရန်နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်ပြီး ပန်းကန်ထဲမှ အမဲသားကို ပါးစပ်ထဲထည့်လိုက်သည်။


" ဓားဂိုဏ်းသားတွေထဲမှာ နေရာကူးပြောင်းအစီအရင်ကို ပြန်လိုဆွဲရမယ်ဆိုတာ သိတဲ့သူပါလား..."


ယဲ့ပင်းရန် : " မင်းက နေရာကူးပြောင်းအစီအရင်သုံးဖို့ ပြောချင်တာလား..."


သူက နေရာကူးပြောင်းအစီအရင်ကို သုံးရမည်ဟု မမျှော်လင့်ထားသည် မဟုတ်ချေ။ သို့ရာတွင် ဓားဂိုဏ်းနှင့် နတ်ဆိုးလောက၏ အကွာအဝေးကို တွက်ဆကြည့်ပါက ထောင်နှင့်ချီသော ဝိညာဉ်ကျောက်တုံးများ ကုန်မည်ဖြစ်၍ အစီအရင်ကို မည်သို့ပြုလုပ်ရမည်မသိ ဖြစ်နေခြင်းပင်။ 


ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်လိုက်သည်။

" ဒါက လွယ်ပါတယ်..."


သူက

ယဲ့ပင်းရန်ထံမှ ကျောက်စိမ်းပြားတောင်း၍ ‌ဓားဂိုဏ်းနှင့် ဆက်သွယ်ကာ ဂိုဏ်းထဲမှ အစီအရင်ရေးဆွဲသူတစ်ယောက်ကို အစီအရင်အမျိုးအစား သတ်မှတ်ခိုင်းခဲ့သည်။ သူတို့နှစ်ဖက်လုံး အစီအရင် တစ်ချိန်တည်းရေးဆွဲရန် နှစ်ရက်သုံးရက်ခန့် ကြာမြင့်မည်ဖြစ်သည်။