Chapter 101
ရှန်းလျိုရှန့်က စွပ်ပြုတ်ရည်ကို ကုန်အောင်သောက်လိုက်ပြီးနောက် ဗိုက်ပြည့်သွားချိန်တွင် ယဲ့ပင်းရန်ကို ကျောက်စိမ်းပြား ပြန်ပေးလိုက်သည်။
ယဲ့ပင်းရန် : " မင်းက အစီအရင်တွေ ဆွဲတတ်တာလား..."
" ငါက နေရာကူးပြောင်းအစီအရင်တွေကိုပဲ သိတာပါ..."
ရှန်းလျိုရှန့်က အစီအရင်နှင့်ပတ်သက်သည်များကို မသိကြောင်းဝန်ခံလိုက်သော်လည်း နေရာကူးပြောင်းအစီအရင်နှင့်ပတ်သက်သော မှတ်ဉာဏ်များက သူ့ခေါင်းထဲတွင် ရေးတေးတေးပေါ်လာသည်။
ထို့နောက်တွင် ရှန်းလျိုရှန့်က ကျန်းမြောင်မြောင်ကိုရှာပြီး အနောက်ဘက်ခြံဝင်းထဲတွင် အစီအရင်ရေးဆွဲရန် တာဝန်ပေးလိုက်သည်။ နေရာကူးပြောင်းအစီအရင်က အသက်ဝင်လာချိန်တွင် ဆူညံသံများစွာ ထွက်ပေါ်လာတတ်သည်။ အတိတ်တွင်မူ ပတ်ဝန်းကျင်မှလူများ၏ အာရုံစိုက်ခံရမည်ကို စိုးရိမ်ခဲ့သော်လည်း ယခုချိန်တွင်မူ ထိုသို့စိုးရိမ်ရန် မလိုလောက်တော့ပေ။
ဓားဂိုဏ်းတပည့်များ မြင်သည့်အခါ အမြန်ပြေးလာပြီး သူတို့ကိုကူညီကြသည်။
ရှန်းလျိုရှန့်က လက်ရန်းကိုမှီပြီး လက်ပိုက်လျက် အခြားသူများကို ကြည့်နေသည်။ ထိုအချိန်တွင် ဝိညာဉ်စွမ်းအင်အချို့က သူ့ဘေးတွင် သိပ်သည်းလာပြီး မက်မွန်ပွင့်မျက်ဝန်းတစ်စုံနှင့် သနားစဖွယ်ကောင်းသော မျက်နှာတစ်ခု ဖြစ်တည်လာသည်။
" ငါ နန်ရှန့်ဆီကနေကြားခဲ့တယ်... မင်း ကူပိုးကောင်အဆိပ်မိထားတယ်ဆို..."
ဟွားကျန်းက သူ့မြေခွေးလက်ဖဝါးကို ရှန်းလျိုရှန့်၏ပခုံးပေါ်တင်လိုက်ပြီး ဒွိဟဖြစ်နေသောလေသံဖြင့် ပြောလိုက်သည်။
" တကယ်တော့ ငါ့ကိုယ်ငါစတေးပြီး မင်းအဆိပ်ပြေအောင် လုပ်ပေးရမယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး..."
ရှန်းလျိုရှန့်က မျက်လုံးများမှေးကျဉ်းလိုက်သည်။ သို့သော် သူ စကားတစ်ခွန်းမှ မပြောရသေးမီတွင် ဟွားကျန်းက တအံ့တဩအော်ဟစ်လိုက်ပြီး သူ့လက်မောင်းကိုဆွဲကာ သူ့နောက်တွင် ပုန်းနေလိုက်သည်။
" စတာပါ... ချယ့်ချယ့် ငါ့ကိုဒဏ်ရာရအောင်လုပ်လိုက်တည်းက ငါ အချောအလှလေးတွေကို မျက်နှာချင်းမဆိုင်ရဲတော့ဘူး..."
ကျိုးရွှမ်လန်က စင်္ကြန်လမ်း၏တစ်ဖက်မှ လျှောက်လာနေသည်။
သူ ဟွားကျန်းကိုတစ်ချက်ကြည့်ပြီးနောက် ရှန်းလျိုရှန့်ကို သူ့ဘက်ပြန်ဆွဲခေါ်လိုက်သည်။
" ရှစ်စွမ်း ကူပိုးကောင်ကို ဖြေရှင်းလို့ရမယ့်နည်းလမ်းကို ကျွန်တော်စဉ်းစားမိပြီ..."
ရှန်းလျိုရှန့်၏ မျက်နှာထက်တွင် ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည့် အမူအရာမျိုးပေါ်လာသည်။ အကယ်၍ ကူပိုးကောင်ငယ်၏ တည်နေရာအတိအကျကိုသိပါက ထိုနေရာကို အပ်ဖြင့်ထိုးဖောက်ပြီး နဂါးသွေးကိုထည့်နိုင်မည်ဖြစ်သည်။ ကျိုးရွှမ်လန် သူ့ကို အခန်းထဲခေါ်သွားသည့်အခါ ဟွားကျန်းက အရှက်မဲ့စွာဖြင့်လိုက်လာပြီး ပြောလိုက်သည်။
" ငါ့ကို အတိုင်ပင်ခံလို့ သဘောထားလိုက်လည်းရတယ်..."
ရှန်းလျိုရှန့်က သူ့ကိုအာရုံစိုက်ရန် ပျင်းရိလွန်းနေ၍ မေးလိုက်သည်။
" ဘာနည်းလမ်းလဲ..."
ကျိုးရွှမ်လန် : " အခြေတည်ဝိညာဉ်ပါ ..."
ရှန်းလျိုရှန့် အံ့အားသင့်သွားမိသည်။ ကျင့်ကြံသူတစ်ယောက်က ဝိညာဉ်အခြေတည်အဆင့်သို့ ရောက်ရှိလာသည့်အခါ ရှေးဦးဝိညာဉ်ကြောင့်ဖြစ်ပေါ်လာသော အခြေတည်ဝိညာဉ်က သူ့သွေးကြောများထဲ သိပ်သည်းလာပေသည်။
၎င်းက ထိုကျင့်ကြံသူ၏ အသေးစားပုံစံလေးနှင့်တူသည်။
အခြေတည်ဝိညာဉ်က ဝိညာဉ်စွမ်းအားကို အသက်သွင်းလိုက်သည့်အခါ ခန္ဓာကိုယ်တစ်ခုလုံးက သလင်းကျောက်သဖွယ်ကြည်လင်လာပြီး အရေပြားအောက်မှ သွေးကြောများနှင့် အရိုးများကိုပါ ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပေသည်။ သို့ဖြစ်၍ အချိန်တန်သည်နှင့် ကူပိုးကောင် ပုန်းကွယ်နေသည့်နေရာကိုပါ သိလာနိုင်သည်။
ရှန်းလျိုရှန့်က စကားတစ်ခွန်းမှမပြောဘဲ မျက်လုံးမှိတ်၍ ခဏစိတ်အာရုံစုစည်းလိုက်သည့်အခါ လက်ဖဝါးအရွယ်ခန့် အခြေတည်ဝိညာဉ်လေးက သူ့လက်ပေါ်ရောက်လာသည်။
သူက ရှန်းလျိုရှန့်နှင့်တစ်ပုံစံတည်း ဝတ်စားထားသော်လည်း ပုံပန်းသွင်ပြင်က အနည်းငယ်ကွဲပြားနေသည်။ အခြေတည်ဝိညာဉ်၏ပုံစံက ရှန်းလျိုရှန့် ကလေးဘဝပြန်ရောက်သွားသကဲ့သို့ မျက်နှာဖြူဖြူလေးတွင် ပါးလေးကဖောင်းနေပြီး နီရဲနေသည့်နှုတ်ခမ်းများနှင့် နက်စွေးကြည်လင်လှသည့် မျက်ဝန်းများရှိသည်။
ရှန်းလျိုရှန့်နှင့် အခြေတည်ဝိညာဉ်(ယွမ်ယင်း) တို့ တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည်။ ရှန်းလျိုရှန့်က သူ့ကိုလက်တစ်ဖက်ပေါ် တင်ထားသောကြောင့် အခြားလက်တစ်ဖက်ဖြင့် အခြေတည်ဝိညာဉ်၏ပခုံးမှ ကူပိုးကောင်ကို စူးစမ်းကြည့်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ယွမ်ယင်း(အခြေတည်ဝိညာဥ်)က မျက်ဆံလှန်လိုက်ပြီး သူ့လက်ပေါ်မှ ခုန်ဆင်းသွားလေသည်။ သူ့ခေါင်းသေးသေးဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်နေပြီးသည့်နောက်တွင် စားပွဲပေါ်တက်ကာ လက်ဖက်ရည်အချို့ကိုရှာပြီး ခေါင်းငုံ့ကာ လက်ဖက်ရည်ကို ထိကြည့်လိုက်သည်။ ထို့နောက် ကြမ်းပေါ်သို့ ပြန်ခုန်ဆင်းသွားပြီး အခန်းထဲမှ လူသုံးယောက်ကိုပတ်၍ ပြေးလွှားနေသည်။
ရှန်းလျိုရှန့်: "..."
တစ်ခုခုတော့မှားနေပြီ...
ထိုမျှ ထူးဆန်းသောအခြေတည်ဝိညာဉ်ကို ဟွားကျန်း ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။
" သူ ဘာတွေလုပ်နေတာလဲ... ယွမ်ယင်းက ခန္ဓာကိုယ်အစစ်ကို နာခံပြီးတော့ အဲခန္ဓာကိုယ်ရဲ့ အတွေးတွေအတိုင်း လိုက်လုပ်ပေးတာမျိုး မဟုတ်ဘူးလား... မင်းရဲ့ယွမ်ယင်းက တစ်ခုခုများ ဖြစ်နေတာလား..."
" ငါလည်းမသိဘူး..."
ရှန်းလျိုရှန့်က ကျိုးရွှမ်လန်ကို လှမ်းကြည့်လိုက်သည်။
" မင်းရဲ့ အခြေတည်ဝိညာဉ်(ယွမ်ယင်း) ကိုရော ထုတ်ကြည့်ပါလား..."
သူ့အခြေတည်ဝိညာဉ်က မည်သို့ဖြစ်နေကြောင်းကို နှိုင်းယှဉ်ကြည့်ရန် လိုအပ်ပေသည်။
ကျိုးရွှမ်လန်က စကားတစ်ခွန်းမှမပြောဘဲ လက်မြှောက်လိုက်သည့်အခါ လက်ဖဝါးအရွယ် အခြေတည်ဝိညာဉ်လေးက ချက်ချင်းပေါ်လာသည်။
ထိုအခြေတည်ဝိညာဉ်လေးက ကျိုးရွှမ်လန်အသေးစားပုံစံလေးပင် ဖြစ်ပေသည်။ သူ့ကိုစားပွဲပေါ် ချထားပေးလိုက်သည့်အခါ နက်စွေးစွေးမျက်လုံးများမှိတ်ပြီး ရုပ်တည်ဖြင့် တရားထိုင်နေ၏။
ဟွားကျန်းက သက်သေရသွားသည့်သဖွယ် အော်ဟစ်တော့သည်။
" ကြည့်လိုက် ကြည့်လိုက် ဒါကမှ ပုံမှန်ယွမ်ယင်းပဲ..."
ရှန်းလျိုရှန့် နေရခက်စွာဖြင့် သူ့နှာဖျားကိုပွတ်လိုက်ပြီး ပြတင်းပေါက်ဘောင်ပေါ်ကို ခုန်တက်သွားကာ ဝိညာဉ်မြက်ပင်ကိုနှုတ်နေသည့်ယွမ်ယင်းကို စိတ်ဝင်တစားကြည့်နေမိသည်။ သူ့ပါးစပ်ကလည်း " ဟေး ဟေး ဟေး " ဟု အဆက်မပြတ်အော်နေသေးသည်။
ရှန်းလျိုရှန့် : "..."
သူ စိတ်အာရုံစုစည်းလိုက်ပြီး ယွမ်ယင်းကို ပြတင်းပေါက်ဘောင်မှတစ်ဆင့် အခန်းထဲပြန်ခေါ်လိုက်သည်။ ယွမ်ယင်းက အေးစက်စက်ကြမ်းပြင်ပေါ် ရုတ်တရက်ကျသွား၍ ဖြူဖွေးနေသောမျက်နှာလေးက စူပုတ်သွား၏။
သို့ရာတွင် အခန်းထဲ၌ သူ့ကဲ့သို့ လူပိစိလေးတစ်ယောက် ထပ်ရှိနေသေးကြောင်း သိလိုက်သောအခါ သူ့အာရုံက ထိုနေရာသို့ ရောက်သွားလေသည်။ သူ လက်ဖက်ရည်စားပွဲပေါ် ခုန်တက်သွားပြီး ကျိုးရွှမ်လန်၏ယွမ်ယင်းရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ခေါင်းကိုရှေ့တိုးပြီးကြည့်နေသည်။
ထို့နောက် သူ့လက်သေးသေးလေးကိုမြှောက်ပြီး တစ်ဖက်လူ၏ပါးပြင်ကို အသာတို့ထိလိုက်သည်။
ရှန်းလျိုရှန့်၏နှလုံးသားထဲ လှုပ်ရှားသွားပြီး သူ့လက်ဖျားတွင် အထိအတွေ့တစ်မျိုးကို ခံစားလိုက်ရသည်။ သူ မျက်လုံးလှန်ကြည့်လိုက်သောအခါ သူ့ကိုလှမ်းကြည့်နေသည့် ကျိုးရွှမ်လန်ကို မြင်လိုက်ရသည်။ သူ လန့်သွားပြီး ချောင်းတစ်ချက်ဟန့်လိုက်သည်။
" ငါ့ရဲ့ယွမ်ယင်းက မလိမ်မာဘူးထင်တယ် စကားလည်း နားမထောင်ဘူး ... ဒါပေမဲ့ မင်းရဲ့ယွမ်ယင်းကတော့ လိမ်မာသားပဲ ငြိမ်ငြိမ်လေး နေနေတယ်..."
သူ့ စကားဆုံးသည်နှင့် ရှန်းလျိုရှန့်၏ယွမ်ယင်းက တင်ပျဉ်ခွေကာ တရားထိုင်နေသည့် ကျိုးရွှမ်လန်၏ယွမ်ယင်းကိုကြည့်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။
" မင်း ငါ့ကို အရေးမလုပ်ဘူးလား စိတ်ဆိုးလာပြီနော်..."
ရှန်းလျိုရှန့်၏မျက်နှာက ရှုံ့မဲ့သွားရသည်။
ထိုယွမ်ယင်းပေါက်စလေးက သူ့ပုံရိပ်ကို ဖျက်ဆီးနေသည်အား မယုံကြည်နိုင်သေးပေ။
ငါဆိုတဲ့ ရှန်းလျိုရှန့်က ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလေ...
ရှန်းလျိုရှန့် သည်းမခံနိုင်တော့၍ အခြားသူကို အကြောင်းအရင်းမရှိ အနိုင်ကျင့်နေသော သူ့ယွမ်ယင်းက်ို ပြန်ခေါ်ရန်ပြင်လိုက်သည်။
ထိုအချိန်တွင် ကျိုးရွှမ်လန်၏ယွမ်ယင်းက မျက်လုံးများ ရုတ်တရက်ပွင့်လာပြီး သူ့မျက်နှာကို ဆက်တိုက်လာတို့နေသည့် လက်ပေါက်စလေးကို ဖမ်းဆွဲလိုက်သည်။ သူ၏ ချောမောသောမျက်နှာလေးက အလွန်လေးနက်တည်ကြည်နေသည်။
ရှန်းလျိုရှန့် ရင်တုန်သွားပြီး ကျိုးရွှမ်လန်ကို တစ်ချက်ကြည့်လိုက်သည်။
ကျိုးရွှမ်လန်ရဲ့ယွမ်ယင်းက ပုံမှန်ပါပဲ... ဒါပေမဲ့ သူက ကျိုးရွှမ်လန်ရဲ့ဆန္ဒအတိုင်း လှုပ်ရှားနေတာလေ...
ငါ့တပည့်က ဒေါသထွက်သွားလို့ ငါ့ကိုရိုက်ပစ်ချင်နေတာများလား...
ရှန်းလျိုရှန့် သူ့ကို အမြန်တားမည်ပြင်သော်လည်း အချိန်မရတော့ပေ။
သူ့မြင်ကွင်းထဲတွင် သူ၏ ဘဝင်မြင့်နေသောယွမ်ယင်းပေါက်စလေးက ကြမ်းပေါ်လဲချခံလိုက်ရသောကြောင့် " အား...နာလိုက်တာ " ဟု အော်နေသည်။
ကျိုးရွှမ်လန်၏ယွမ်ယင်းက အေးစက်စက်မျက်နှာထားဖြင့် သူ့ကို ကြမ်းပေါ်ဖိကပ်ထားပြီး နက်စွေးစွေးမျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များကို မြင်နေရသည်။ သူ ခေါင်းငုံ့လာပြီး ဖြူဖွေးနေသော မျက်နှာဖောင်းဖောင်းလေးကို နမ်းလိုက်လေသည်။
ထို့နောက် ခက်ထန်နေသည့် လေသံဖြင့် ပြောလိုက်၏
" ငါ့ကို ထပ်မနှောင့်ယှက်နဲ့တော့..."
ရှန်းလျိုရှန့်နှင့် ကျိုးရွှမ်လန်တို့ တစ်ချိန်တည်းတွင် အေးခဲတောင့်တင်းသွားပြီး သူတို့မျက်နှာထက်တွင် မယုံကြည်နိုင်သည့် အမူအရာမျိုးဖြစ်လာကာ ဟွားကျန်းသည်လည်း မျက်လုံးအပြူးသားဖြစ်သွားသည်။
အခြေတည်ဝိညာဉ်တွေကရော ဒီလိုလုပ်လို့ရတာလား...
ရှန်းလျိုရှန့်၏ ပါးပြင်ထက်တွင် ညင်သာစွာထိတွေ့မှုကို ခံစားလိုက်ရသောကြောင့် ထိတ်လန့်သွားသည်။ သူ မှင်သက်သွားပြီးနောက် အကြည့်များက ကျိုးရွှမ်လန်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။
နေ့ခင်း လင်းလင်းချင်းချင်းကြီးမှာ ငါ့အခြေတည်ဝိညာဉ်က အနမ်းခံလိုက်ရတာလား...
ကျိုးရွှမ်လန် အမြန်ရှင်းပြလိုက်သည်။
" မ မဟုတ်ဘူးရှစ်စွမ်း... ကျွန်တော် သူ့ကို အချိန်တစ်ခုအထိ မထိန်းချုပ်နိုင်ဖြစ်သွားတာ..."
သူ့ယွမ်ယင်းကို ပြန်ခေါ်ရန် ကြိုးပမ်းသော်လည်း တစ်ဖက်က သူ့အမိန့်များကို မနာခံတော့ဘဲ ရှန်းလျိုရှန့်၏ယွမ်ယင်းကို ဖိကပ်နမ်းရှိုက်နေသည်။
ဘေးနားမှ ဟွားကျန်းမှာမူ ပါးစပ်အဟောင်းသားဖြစ်နေပြီး ယွမ်ယင်းနှစ်ယောက်ကို ကြည့်ပြီးသည့်နောက်ခန္ဓာကိုယ်အစစ်နှစ်ခုကို ကြည့်လိုက်သည်။
" မင်းတို့ရဲ့ယွမ်ယင်းတွေမှာ ကိုယ်ပိုင်အသိစိတ်တွေဖြစ်တည်လာတာ ထင်တယ်..."
ကျင့်ကြံသူတစ်ယောက်မှ အသွင်ပြောင်းဖြစ်တည်လာသောယွမ်ယင်းကို ခန္ဓာကိုယ်အစစ်ကသာ အပြည့်အဝထိန်းချုပ်နိုင်သင့်ပေသည်။ သို့သော် ဤအခြေအနေတွင်မူ ဟွားကျန်းက ဖြစ်နိုင်ချေတစ်ခုကိုသာ တွေးမိသွားသည်။ အခြေတည်ဝိညာဉ်နှင့် လူနှစ်ယောက်၏ ခန္ဓာကိုယ်အကြား ကွာဟမှုအချို့ ရှိနေပြီး အမည်မသိ အကြောင်းရင်းအချို့ကြောင့် အခြေတည်ဝိညာဉ်က မူရင်းခန္ဓာကိုယ်၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားခြင်း ဖြစ်ပေမည်။ သို့ဖြစ်၍ အခြေတည်ဝိညာဉ်က အပြင်ဘက်တွင် သူတို့ ထိန်းချုပ်သည့်အတိုင်းမဟုတ်ဘဲ စိတ်တိုင်းကျ ပြုမူနေခြင်း ဖြစ်ပေမည်။
ကျိုးရွှမ်လန်ကလည်း သူနှင့် အခြေအနေတူမျိုး ဖြစ်နေလိမ့်မည်ဟု ရှန်းလျိုရှန့် မထင်ထားခဲ့ပေ။ သူ အံ့ဩတကြီးဖြစ်နေမိပြီးနောက် လက်ဖက်ရည်စားပွဲပေါ်လုံးထွေးနေသည့် ပေါက်စလေးနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ သူ့ယွမ်ယင်းက ကြမ်းပြင်တွင်ဖိကပ်ခံထားရပြီး မလှုပ်ရှားနိုင်သည်ကို တွေ့သောအခါ အံကြိတ်ထားလိုက်မိသည်။
သူ မင်းကို အနိုင်ကျင့်နေရင် ပြန်အနိုင်ကျင့်သင့်တာပေါ့...
ယွမ်ယင်းက သူ့အတွေးများကို ကြားသွားလား မသိသော်လည်း အောက်တွင်ရောက်နေသည့်ယွမ်ယင်းက နှုတ်ခမ်းစူလာပြီး လက်သေးသေးလေးနှစ်ဖက်ကိုမြှောက်ကာ သူ့အပေါ် အုပ်မိုးထားသည့် ကျိုးရွှမ်လန်၏ယွမ်ယင်းကို တွန်းထုတ်ပစ်လိုက်သည်။
" ဒီလိုမှပေါ့..."
ရှန်းလျိုရှန့် စိတ်အားတက်ကြွသွား၍ အားပါးတရအော်လိုက်မိပြီးနောက် သူ့ပါးစပ်သူ ပြန်ပိတ်ထားကာ သူ့ကိုကြည့်နေသည့် တပည့်ဖြစ်သူကို ပြန်ကြည့်လိုက်သည်။
" တစ်ချက်လောက် တွန်းရုံပဲကို မနာသွားလောက်ပါဘူး..."
သို့ရာတွင် ထိုယွမ်ယင်းပိစိလေးက သူထင်ထားသည့်အတိုင်း ပြုလုပ်နေခြင်း မဟုတ်ဘဲ အခွင့်အရေးယူခံလိုက်ရသည်ကို လုံးဝဒေါသမထွက်ပေ။ သူ အေးအေးလူလူထထိုင်တာ မေးစေ့ကိုပွတ်နေပြီး တရားပြန်ထိုင်နေသော ကျိုးရွှမ်လန်၏ယွမ်ယင်းကို ကြည့်နေသည်။
လေအဝှေ့တွင် ဆံစများက လေနှင့်လွင်သွားပြီး ယွမ်ယင်းပေါက်စလေးက ပျော်ရွှင်စွာဖြင့် ပြုံးလိုက်သည်။
ရှန်းလျိုရှန့် : "..."
ဒါ ငါ့ရဲ့ အခြေတည်ဝိညာဉ်မဟုတ်လောက်ဘူး... ဒါမှမဟုတ် ငါ့ရဲ့ အခြေတည်ဝိညာဉ်က ငတုံးဖြစ်နေတာများလား...
ရှန်းလျိုရှန့်က ဇာမဏီမျက်ဝန်းများဖြင့် အနီးကပ်စိုက်ကြည့်နေပြီး သူ့အတွေးက မှန်ကန်သည်ဟု ထင်လိုက်မိသည်။ သာမန်အခြေတည်ဝိညာဉ်က ခန္ဓာကိုယ်အစစ်နှင့် တစ်ပုံစတည်းပြုမူသော်လည်း ယခုမူ သူ့ယွမ်ယင်းက ကလေးလေးနှင့် တူနေသည်။
မျက်နှာဝိုင်းဝိုင်းလေးက ဖောင်းကားပြီး အသားများဖြင့် ပြည့်နေသေးသည်။
ရှန်းလျိုရှန့် သူ့နားသို့လျှောက်သွားပြီး ပါးပြင်ကို လက်ဖြင့်တို့ထိလိုက်သောအခါ နှင်းတမျှဖြူဖွေးသော မျက်နှာလေးက ချိုင့်ဝင်သွားသည်။
ယွမ်ယင်းက သူ့ကို စောင်းကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်တစ်ချက်ခတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ရှန်းလျိုရှန့်က သူ့ပါးပြင်ကို တို့ထိခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သူ့မျက်လုံးများမှေးကျဉ်းပြီး လက်ပြန်ရုတ်လိုက်သည်။ ယွမ်ယင်းက ချစ်စရာကောင်းလှသော်လည်း သူ့ထံတွင် အရေးကြီးကိစ္စများ ပြုလုပ်ရန်ရှိနေသေးသည်။
သူ့ဝိညာဉ်စွမ်းအားကို လက်ဖဝါးပေါ် စုဝေးလိုက်ပြီး ယွမ်ယင်းကို လက်ညှိုးညွှန်လိုက်ကာ ကူပိုးကောင်၏နေရာကို ဝိညာဉ်စွမ်းအားသုံး၍ ရှာဖွေပေးရန် ရည်ရွယ်လိုက်သည်။
သို့ရာတွင် ဝိညာဉ်စွမ်းအားက ရှန်းလျိုရှန့်၏ယွမ်ယင်းကို မထိမီအချိန်တွင် ကျိုးရွှမ်လန်၏ယွမ်ယင်းက လျှပ်စီးလက်သည့်သဖွယ် ရုတ်တရက်လှုပ်ရှားလာသည်။ ထိုလှုပ်ရှားမှုက အလွန်အမင်းမြန်ဆန်လှပေသည်။ သူက ရှန်းလျိုရှန့်၏ယွမ်ယင်းကို မျက်စိတစ်မှိတ်အတွင်းခေါ်သွားပြီး ပြတင်းပေါက်ဘောင်ပေါ် ခုန်တက်လိုက်သည်။
သူ့ဝတ်ရုံစများက လေနှင့်အတူလွင့်နေပြီး ရှန်းလျိုရှန့်၏ယွမ်ယင်းကို သူ့နောက်တွင်ထား၍ ကာကွယ်ထားသည်။
သူက လက်ဖဝါးသာသာ အရွယ်လေးဖြစ်သော်လည်း ယခုချိန်တွင် သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် ရန်လိုမှုက အခန်းထဲရှိလူအားလုံးကို ထိတ်လန့်သွားစေသည်။ အထူးသဖြင့် သူ့မျ
က်ခုံးများ ပင့်တင်လိုက်ချိန်တွင် နက်စွေးစွေးမျက်ဝန်းများပေါ်လာပြီး နှုတ်ခမ်းပါးများ အနည်းငယ်ဖွင့်ဟလိုက်သည်နှင့် စွမ်းအားကြီးကာ မွန်းကြပ်စေသည့် အော်ရာတစ်မျိုး ပေါ်ထွက်လာလေသည်။