အပိုင်း ၁၀၂
Viewers 23k

Chapter 102




ကျင့်ကြံဆင့်က နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရှိနေပြီးဖြစ်သော ရှန်းလျိုရှန့်ပင် ကြောက်လန့်သွားရသည်။ သူ့ဘေးတွင် ရှိနေသော ဟွားကျန်းကလည်း အမူအရာပြောင်းလဲသွားသည်။ ကျိုးရွှမ်လန် တစ်ယောက်တည်းသာ အမူအရာပြောင်းလဲမသွားခြင်းဖြစ်ပြီး သူ့ယွမ်ယင်းကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။


" သူ့ကို ဘယ်သူမှထိခွင့်မပြုဘူး..."


အသံတိုးတိုးလေးတစ်သံ အခန်းထဲ ထွက်ပေါ်လာသည်နှင့် အခန်းထဲမှလူအားလုံး၏ရင်ထဲ မိုးခြိမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။


ရှန်းလျိုရှန့်၏‌စိတ်ထဲတွင်လည်း "ဘန်း" ခနဲအသံကျယ်ကြီးထွက်ပေါ်လာပြီး အေးစက်စက်အမူအရာနှင့် ယွမ်ယင်းပေါက်စလေးကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။


ထိုစကားက မူရင်းဝတ္ထု၏နောက်ပိုင်းအခန်းများတွင် ကျိုးရွှမ်လန် မကြာခဏအသုံးပြုလေ့ရှိ‌သော နာမည်ကြီးစကားဖြစ်သည်။ 


ရှန်းလျိုရှန့် ကျိုးရွှမ်လန်ကို မသိမသာလှည့်ကြည့်လိုက်သည်။


ကျိုးရွှမ်လန်၏ မျက်နှာထားက မပျော်မရွှင်ဖြစ်နေပုံရပြီး ခြေလှမ်းကျဲများဖြင့်လျှောက်လာ၍ သူ့ရှေ့တွင် တည်ငြိမ်စွာရပ်လိုက်သည်။ ထို့နောက် ပြတင်းပေါက်ဘောင်ပေါ်မှ ရန်လိုနေသည့်ယွမ်ယင်းကိုကြည့်ပြီး အေးစက်စက်အသံဖြင့် ပြောလိုက်သည်။


" မင်းဘယ်သူ့ကို လေသံမာမာနဲ့ ပြောနေတာလဲ..."


ယွမ်ယင်းက ကျိုးရွှမ်လန်ကို မော့ကြည့်လာသည်။

" ဘာပဲဖြစ်ဖြစ် သူ့ကိုလာမထိနဲ့..."


ကျိုးရွှမ်လန်၏ယွမ်ယင်းက သစ်ကိုင်းခြောက်တစ်ခုကိုကောက်ပြီး ပြတင်းပေါက်ဘောင်နားတွင် မျဉ်းတစ်ကြောင်းဆွဲလိုက်ပြီး သူ့နောက်မှ ရှန်းလျိုရှန့်၏ယွမ်ယင်းကို လှည့်ပြောလိုက်သည်။


" မင်းလည်း ဒီမျဉ်းကို မကျော်သွားနဲ့..."


စကားဆုံးသည်နှင့် ထိုနေရာတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး တရားထိုင်ရမည့်အခွင့်အရေးကို လက်လွှတ်မခံတော့ပေ။ 


အခန်းထဲတွင် ခဏတာ ငြိမ်သက်သွားပြီးသည့်နောက် ဟွားကျန်းက ဦးစွာ စကားပြောလာသည်။

" ငါ အရင်ပြန်နှင့်တော့မယ်... ဘာတွေဖြစ်နေမှန်းမသိတော့ဘူးဆိုတော့ မင်းတို့ပဲ ဆက်လုပ်လိုက်တော့..."


တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို ဟွားကျန်းသိပေသည်။ ရှန်းလျိုရှန့်၏အခြေတည်ဝိညာဉ်က ပုံမှန်မဟုတ်သော်လည်း ကျိုးရွှမ်လန်၏ဝိညာဉ်က ပိုထူးဆန်းနေသည်။ ထိုကဲ့သို့သေးငယ်လှသည့် အခြေတည်ဝိညာဉ်ထံမှ ဖိအားကပင် သူ့ဒူးများကိုပျော့ခွေလာစေ၍ ဤကိစ္စက တစ်ခုခုထူးဆန်းနေပေသည်။


လျှို့ဝှက်ချက်ကြီး တစ်ခုခုတော့ ရှိလိမ့်မယ်ထင်တယ်...


ဟွားကျန်းက စပ်စုချင်စိတ်မရှိဘဲ ဉာဏ်ရှိရှိဖြင့် သူ့ကိုယ်သူသာ ကာကွယ်လိုခြင်းဖြစ်၍ တွန့်ဆုတ်ခြင်းမရှိဘဲ ထွက်ခွာသွားလိုက်၏။


တံခါးပိတ်သွားပြီးသည်အထိ ကျိုးရွှမ်လန်က ငြိမ်သက်နေပြီး ခဏအကြာမှ ပြောလာသည်။

" ကျွန်တော် ယွမ်ယင်းကို ပြန်ခေါ်လိုက်တော့မယ်..."


ရှန်းလျိုရှန့် : " သူတို့ကို ထူးဆန်းတယ်မထင်ဘူးလား... နည်းနည်းလောက် ထပ်လေ့လာကြည့်ရအောင်..."


ရှန်းလျိုရှန့်၏စိတ်ထဲတွင် သံသယများဖြင့် ပြည့်နေသည်။ 


တကယ်လို့သူသာ မူလကျိုးရွှမ်လန်ဆိုရင် ဘာလို့ ငါ့ရဲ့ယွမ်ယင်းကို ကာကွယ်ပေးနေတာလဲ... ဝတ္ထုထဲမှာ"ရှန်းလျိုရှန့်" က ပြန်လမ်းမရှိတဲ့ သေလမ်းပေါ်မှာ ‌ရှိနေခဲ့တာလေ... သူ့အချစ်ပြိုင်ဘက် စုပိုင်ချယ့်ကို ရှင်းထုတ်ပစ်ဖို့လုပ်ရင်း ဝတ္ထုရဲ့ဒုတိယတစ်ဝက်မှာ သေခဲ့ရတာလေ...


တကယ်လို့ ဝတ္ထုထဲမှ လျှို့ဝှက်ဆန်းကြယ်တဲ့သူတစ်ယောက် ပါလာရင်တောင်မှ ဘယ်လိုပဲတွေးတွေး အခြေအနေတွေကို ဒီလိုပြောင်းလဲပစ်လိုက်ဖို့ ဖြစ်နိုင်မယ်မထင်ဘူး...


ရှန်းလျိုရှန့် : " ငါ ဒီလျှို့ဝှက်ချက်ကို သေချာစုံစမ်းမှဖြစ်မယ်..."


သူက လျှို့ဝှက်ချက်ကိုစုံစမ်းမည်ဟု ဆိုသော်လည်း အမှန်တွင် အခန်းထဲထိုင်ပြီး လက်ဖက်ရည်ကြမ်းသောက်ကာ ပြတင်းပေါက်ဘောင်ပေါ်ရှိ ပုံရိပ်ငယ်လေးနှစ်ခုကို စောင့်ကြည့်နေရုံသာဖြစ်သည်။


ကျိုးရွှမ်လန်၏ ယွမ်ယင်းက လှုပ်ရှားမှုကင်းမဲ့စွာဖြင့် တရားထိုင်နေဆဲဖြစ်သည်။ သူ့ဘေးနားမှ ဝိညာဉ်စွမ်းအင်က သူ့ခန္ဓာကိုယ်ရှိရာသို့ တစ်ဟုန်ထိုး ရွေ့လျားနေပြီး တစ်ကိုယ်လုံးကို သိပ်သည်းစွာလွှမ်းခြုံထားသည်။


သို့ရာတွင် သူက မျက်မှောင်ကြုတ်ထားပြီး ဝိညာဉ်စွမ်းအင်သိပ်သည်းမှုနှင့်ပတ်သက်၍ မကျေနပ်သည့်ပုံ ဖြစ်နေသည်။


တစ်ဖက်တွင်မူ ရှန်းလျိုရှန့်၏ယွမ်ယင်းက သူ့ဘေးနားရှိ ပြတင်းပေါက်ဘောင်ဘေးတွင် မှီနေသည်။ သူက လက်တစ်ဖက်ဖြင့် မေးထောက်ထားပြီးနောက် ကျိုးရွှမ်လန်၏ယွမ်ယင်းကိုကြည့်ကာ ပျင်းရိစွာဖြင့် သမ်းဝေလိုက်သည်။ အောက်ထပ်ရှိလမ်းပေါ်မှ ဆူဆူညံညံအသံများကြားသည့်အခါ မျက်ခုံးပင့်လိုက်ပြီး ခေါင်းမော့ကြည့်လာလေသည်။


သူ မြင်လိုက်ရသည့်အရာကို မသိသည့်အခါ တရားထိုင်နေသည့်ယွမ်ယင်းနားကို အမြန်လျှောက်သွားလိုက်သည်။


သူ့လက်တစ်ဖက်ဖြင့် ဘယ်ဘက်ပခုံးကို လှမ်းပုတ်လိုက်သော်လည်း တစ်ဖက်က သူ့ကိုလျစ်လျူရှု့ထားသည်။ ညာဘက်ပခုံးကို လှမ်းပုတ်လိုက်သည့်အခါတွင်လည်း လျစ်လျူရှု့ခဲရမြဲဖြစ်သည်။


ရှန်းလျိုရှန့်၏ယွမ်ယင်းက မကျေမနပ်ဖြင့် နှုတ်ခမ်းစူထားလိုက်ပြီး ပြတင်းပေါက်ဘောင်သို့ ပြန်ရောက်သွားသည်။


ရှန်းလျိုရှန့်က စိတ်ထဲမှ ပြောလိုက်သည်။

ဟိုဘက်ကိုကျော်သွားလေ...


မင်း ဘာတွေကြောက်နေတာလဲ... ယွမ်ယင်းဖြစ်ပြီး ဒီလောက်တောင် ကြောက်တတ်ရလား...


သူ၏စွမ်းအားကြီးသောအတွေးကို သတိပြုမိသွားသော ယွမ်ယင်းက ရှန်းလျိုရှန့်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြတင်းပေါက်ဘောင်ကို ခြေတစ်ဖက်ကျော်ကာ အခြားတစ်ဖက်ကိုပါ ထပ်မြှောက်လိုက်သည်။


ကျိုးရွှမ်လန်၏ယွမ်ယင်း မျက်လုံးများက မီးထတောက်နေသကဲ့သို့ ဖြစ်လာပြီး အလွန်ဒေါသထွက်လွန်း၍ သူ့ရှေ့မှ အကောင်ပေါက်လေးကို အစိမ်းလိုက် ဝါးစားပစ်ချင်စိတ် ပေါ်လာသည်။


ထို့နောက် ဝတ်ရုံလက်တစ်ဖက်ကိုခါပြီး ပြတင်းပေါက်ဘောင်မှတစ်ဆင့် အပြင်ဘက်သို့ ခုန်ထွက်သွားလေသည်။


ရှန်းလျိုရှန့်၏အမူအရာက ပြောင်းလဲသွားပြီး လှုပ်ရှားတော့မည့်အချိန်တွင် ကျိုးရွှမ်လန်က သူ့ကိုပြန်ဆွဲထားလိုက်သည်။


" ထားလိုက်ပါ သူ လမ်းမပျောက်လောက်ပါဘူး..."


ခဏအကြာတွင် ကျိုးရွှမ်လန်၏ယွမ်ယင်း ပြန်ရောက်လာသည်။


အကောင်ပေါက်စလေးက ပြတင်းပေါက်ပေါ် ပြန်တက်လာပြီး သူ့အရပ်ထက်မြင့်သည့် သကြားလုံးချောင်းတစ်ချောင်းကိုပါ ယူလာ၏။


သစ်သားချောင်းကို သူ့လက်နှစ်ဖက်လုံးဖြင့်ကိုင်ထားပြီး ရှန်းလျိုရှန့်၏ယွမ်ယင်းခေါင်းကို အသာခေါက်လိုက်သည်။ သူ၏ မပျော်မရွှင်ဖြစ်သွားသော အမူအရာက အနည်းငယ်ပျော့ပျောင်းသွားပြီး တစ်ဖက်လူကို သကြားလုံးချောင်း ပေးလိုက်သည်။


ထို့နောက် မာမာထန်ထန်ဖြင့် ပြောလိုက်သည်။

" မင်းက ဝိညာဉ်လေ ဘယ်လိုလုပ် စားလို့ရမှာလဲ... အဲ့လိုအသေးအဖွဲ့ကိစ္စလေးကြောင့်နဲ့ ငါ့ကို ထပ်မနှောင့်ယှက်နဲ့တော့..."


ရှန်းလျိုရှန့်၏ယွမ်ယင်းက သကြားလုံးချောင်းကိုပိုက်ထားလျက် ပြောလာသည်။

" မင်း မစားချင်ရင်လည်း နည်းနည်းတော့ အရသာခံကြည့်လေ..."


ထို့နောက် ခေါင်းငုံ့ပြီး သကြားလုံးကို လျှာဖြင့်အနည်းငယ်တို့ကြည့်လိုက်သောအခါ မျက်လုံးများအရောင်လက်လာသည်။


" အရသာရှိတယ် စားကြည့်ပါလား..."


သူက ပြောပြောဆိုဆိုနှင့် ကျိုးရွှမ်လန်၏ယွမ်ယင်းဘက်ကို သကြားလုံးချောင်းအား တိုးပေးသော်လည်း တစ်ဖက်က ရှောင်လိုက်သည်။


သူက သကြားလုံးချောင်းကို ရွံရှာဟန်ဖြင့် ရှောင်ဖယ်လိုက်သော်လည်း ရှန်းလျိုရှန့်ယွမ်ယင်း၏နှုတ်ခမ်းကို လျှာဖြင့်လာလျက်ပြီး တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။


" တကယ် ကောင်းဝာာပဲ..."


ဖြစ်စဉ်တစ်ခုလုံးကို စဆုံးမြင်လိုက်ရသည့် အခန်းထဲမှ လူနှစ်ယောက်လုံးမှာ တစ်ကိုယ်လုံး အေးခဲတောင့်တင်သွားသည်။ ရှန်းလျိုရှန့်က ဦးစွာပြောလိုက်သည်။


" ငါ တစ်ခုခုလုပ်စရာရှိသေးတာ အခုမှ ရုတ်တရက်ကြီး သတိရသွားလို့ အပြင်သွားလိုက်ဦးမယ်..."


စကားဆုံးသည်နှင့် ထွက်သွားရန် ပြင်လိုက်သော်လည်း ကျိုးရွှမ်လန်က သူ့ကိုဟန့်တားလိုက်သည်။


" ရှစ်စွမ်း ခဏလေးနေပါဦး သူ နေရာပြောင်းချင်နေတာထင်တယ်..."


ရှန်းလျိုရှန့် ရပ်တန့်သွားပြီး လှမ်းကြည့်လိုက်သောအခါ သူ့ယွမ်ယင်းက သကြားလုံးချောင်းကိုထားခဲ့တာ ပြတင်းပေါက်ဘောင်ပေါ်မှ ခုန်ဆင်းသွားသည်။


သူတို့နှစ်ယောက်က ပြေးတမ်းလိုက်တမ်း ကစားနေသည်နှင့်ပင် တူနေသည်။


ခဏအကြာတွင် သူတို့ခြံဝင်းထဲမှ မက်မန်းပင်အောက်သို့ ရောက်ရှိသွားသည်။ မက်မန်းပင်ကိုမြင်သည့်အခါ ယမန်နေ့ညက မှတ်ဉာဏ်များကို ပြန်သတိရသွား၍ ရှန်းလျိုရှန့်က အနည်းငယ် မျက်နှာပူလာပြီး လက်တစ်ဖက်ဖြင့် ပွတ်နေလိုက်သည်။


ကျိုးရွှမ်လန် မျက်မှောင်ကြုတ်သွားသည်။

" ကူပိုးကောင်က လှုပ်ရှားလာလို့လား ရှစ်စွမ်း..."


ရှန်းလျိုရှန့် ခေါင်းခါလိုက်သည်။

" မဟုတ်ပါဘူး..."


ရေကန်နံဘေးတွင် တင်ပျဉ်ခွေထိုင်နေသည့်ယွမ်ယင်းကို သူတစ်ချက်ကြည့်လိုက်သည်။ သူ့ဘေးပတ်ပတ်လည်တွင် သိပ်သည်းနေသော ဝိညာဉ်စွမ်းအင်က ယခင်ကထက် အဆပေါင်းများစွာ သိပ်သည်းနေသည်။ သူ ခြံဝင်းထဲ ဆင်းသွားရခြင်းမှာ ထိုနေရာတွင် ဝိညာဉ်စွမ်းအင်ကြွယ်ဝသောကြောင့်ဖြစ်ဟန်ပင်။ 


ရှန်းလျိုရှန့်၏ယွမ်ယင်းက ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သော‌အခါ နေရာအနှံ့ ပြန့်ကျဲနေသည့် မက်မန်းပွင့်များကိုမြင်လိုက်ရ၍ လျှောက်ကြည့်နေမိသည်။


ပတ်ဝန်းကျင်နှင့် အသားကျသွားသည့်အခါ မက်မန်းပင်ပေါ်တက်သွားပြီး သစ်ကိုင်းများနှင့် သစ်ရွက်များအကြား ခေါက်တုံ့ခေါက်ပြန် လျှောက်နေလေသည်။


ခဏအကြာတွင် ရေကန်ဘေး၌ အေးအေးချမ်းချမ်းတရားထိုင်နေသောယွမ်ယင်း၏ခေါင်းပေါ်သို့ မက်မန်းပွင့်များ ကျလာ၏။


ခံ့ညားသော မျက်နှာသေးသေးလေးက ချက်ချင်းမဲမှောင်သွားတော့သည်။


ပတ်ဝန်းကျင်တွင် လေတိုက်ခတ်ခြင်းမရှိ ရှန်းလျိုရှန့်၏ယွမ်ယင်းသာ သစ်ပင်ပေါ်၌ ရှိနေပေသည်။ သူက ခေါင်းငုံ့ပြီး သူ့ခန္ဓာကိုယ်သေးသေးလေးကို ပုန်းကွယ်နေရန် ကြိုးစားလိုက်သည်။ သစ်ရွက်များအကြား ပုန်းနေပြီးသည့်နောက် ရေကန်ဘေးတွင်ရှိနေသော ပုံရိပ်လေးကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေလိုက်သည်။


သို့သော် တစ်ဖက်လူက မျက်မှောင်သာကြုတ်ထားပြီး လှုပ်ရှားမှုမရှိသည်ကို သူ မြင်လိုက်ရသည်။


သူက ထိုသို့ဖြစ်နေခြင်းကို မကျေနပ်သည့်အတွက် စကားတစ်ခွန်းမှမပြောဘဲ ရေကန်ဘေးတွင်ထိုင်နေသော ပုံရိပ်ငယ်လေးရှိသည့်နေရာတည့်တည့်သို့ မက်မန်းပွင့်များ ပစ်ချလိုက်ပြန်သည်။


ဤတစ်ကြိမ်တွင်မူ ကျိုးရွှမ်လန်၏ယွမ်ယင်းက မျက်လုံးများ ရုတ်တရက်ပွင့်လာပြီး သစ်ပင်ပေါ်လှမ်းကြည့်လိုက်သည်။ ပြဿနာကောင်ပေါက်စလေးက သစ်ပင်ပေါ်ပုန်းနေပြီး ငှက်ကလေးတစ်ကောင်သဖွယ် ကြောက်နေသည်ကို တွေ့လိုက်ရသည်။


ကျိုးရွှမ်လန်၏ယွမ်ယင်းက အေးစက်စက်ဖြင့် နှာမှုတ်လိုက်ပြီး မျက်လုံးများ ပြန်မှိတ်လိုက်ပြန်သည်။


သို့သော် မကြာမီတွင် မွှေးပျံ့သောရနံ့ဖြင့် မက်မန်းပွင့်ဖတ်က သူ့ခေါင်းပေါ်တည့်တည့် ကျလာပြန်သည်။


ကျိုးရွှမ်လန်၏ယွမ်ယင်းက အလွန်အမင်း ဒေါသထွက်နေပြီဖြစ်သည်။ သစ်ကိုင်းသစ်ခက်များအကြား ခုန်ပေါက်နေသည့်ပေါက်စလေးကို စူးစူးရဲရဲစိုက်ကြည့်နေလိုက်ပြီးနောက် သူ့လက်တစ်ဖက်ကိုမြှောက်ပြီး ဝိညာဉ်စွမ်းအားကို အသုံးချလိုက်သည်။ အကာအကွယ်ဖြစ်သော အစိုင်အခဲအလွှာတစ်ခုက သူ့ဘေးနားပတ်ပတ်လည်တွင် ပေါ်လာသည်။


" ပွင့်ဖတ်တွေ ပစ်ချမယ်ဆိုရင် အောက်ကိုသေချာကြည့်လေ..."


သစ်ပင်ပေါ်မှ ယွမ်ယင်းပေါက်စလေးမှာ ပျော်ရွှင်မှုက ရုတ်တရက် ပျောက်ဆုံးသွားရသည်။


သို့ရာတွင် မကြာမီ မျက်ဆံလှန်လိုက်ပြီး ခန္ဓာကိုယ်အနေအထားကို ပြန်ပြင်ကာ မက်မန်းပင်ပေါ်တွင် တက်လိုက်ဆင်းလိုက်ဖြင့် အလုပ်ရှုပ်နေပြန်သည်။


အချိန်အတန်ကြာသောအခါ သူ့ယွမ်ယင်းက သစ်ကိုင်းပေါ်မှဆင်းလာသည်ကို ရှန်းလျိုရှန့် မြင်လိုက်ရသည်။ သူ့ဆံပင်စည်းကြိုးက ပြေသွား၍ အနက်ရောင်ဆံပင်များက မျက်နှာပေါ် ဖြာကျနေပြီး အဝတ်အစားများတွင် ဖုန်များပေနေသည်။


သူ ရေကန်အစွန်းသို့ နှစ်လှမ်းသုံးလှမ်းခန့် ကပ်သွားပြီး အကာအကွယ်ကို လက်ဖြင့်ခေါက်လိုက်သော်လည်း အတွင်းမှလူက မကြားချင်ယောင်ဆောင်နေသည်။


သူ ခဏကြာသည်အထိ ခေါက်နေသော်လည်း တစ်ဖက်လူက သူ့ကိုလျစ်လျူရှု့ထားဆဲဖြစ်သည်ကို သိလိုက်သည်။ သူ ခေါင်းငုံ့လိုက်ပြီး နှုတ်ခမ်းစူကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။


" မျက်လုံးဖွင့်ပြီး ငါ့ကိုကြည့်ပါဦး..."


အကာအကွယ်ထဲမှယွမ်ယင်းက မျက်ခုံးများတွန့်ချိုးသွားသော်လည်း မျက်လုံးဖွင့်ကြည့်လိုက်သည်။


သူ့ရှေ့တည့်တည့်မှလူက ဆံပင်များရှုပ်ပွနေပြီး သစ်ပင်ပေါ်မှ ခုန်ဆင်းလာ၍ ဖုန်များပေနေသည်ကို တွေ့လိုက်ရသောအခါ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။


" ဆံပင်ပြန်စည်းထား..."


ရှန်းလျိုရှန့်၏ယွမ်ယင်းက "အင်း"ဟု အသံရှည်ဆွဲကာ ပြော၍ ခေါင်းညိတ်ပြကာ လက်မြှောက်လိုက်သည်။ ဝတ်ရုံလက်က အောက်သို့လျှောကျသွားသည့်အခါ ကျောက်စိမ်းသဖွယ်ဖြူဖွေးလှသော လက်နှစ်ဖက်ပေါ်လာပြီး လက်နှစ်ဖက်ကို ခေါင်းနောက်ပို့လိုက်သည်။


ရှန်းလျိုရှန့်၏ယွမ်ယင်း : " မမှီဘူး..."


အဝေးမှကြည့်နေသည့် ရှန်းလျိုရှန့်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။ 


ကျိုးရွှမ်လန်၏ယွမ်ယင်းက သတိပြုမိပြီး အဝေးမှ သူတို့နှစ်ယောက်ကို စိုက်ကြည့်နေလိုက်သည်။ ထို့နောက် အကာအကွယ်ကို ပြန်ရုတ်သိမ်းလိုက်ပြီး မတ်တပ်ထရပ်ကာ စိတ်ဓာတ်ကျနေသော ယွမ်ယင်းရှေ့သို့ ရောက်လာတော့သည်။ ထို့နောက် နူးညံ့သော ဆံနွယ်နက်များကို လက်တစ်ဖြင့်စုထားပြီး အခြားလက်တစ်ဖက်ဖြင့် ဆံပင်ကို စည်းနှောင်ထားလိုက်သည်။


ခဏအကြာတွင် အလွန်ရွဲ့စောင်းနေသော မြင်းမြီးပုံစံဆံပင်ရှည် ပေါ်လာ၏။


ရှန်းလျိုရှန့်၏ယွမ်ယင်း : " ရပြီလား..."


ကျိုးရွှမ်လန်၏ယွမ်ယင်းက ဆံပင်ကို ချက်ချင်းပြန်ဖြည်လိုက်ပြီး တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။


" မပူပါနဲ့ ငါမင်းကို သေချာစည်းပေးနေတယ်..."


ခဏအကြာတွင်...


ရှန်းလျိုရှန့်၏ယွမ်ယင်း : " ရပြီလား... "


ကျိုးရွှမ်လန်၏ယွမ်ယင်းက ခဏတာငြိမ်သက်နေပြီးနောက် အနီရောင်ခေါင်းစည်းကြိုးလေးကို ပြန်ဖြည်ချလိုက်၍ ဆံပင်များဖြာကျလာပြန်သည်။


" မင်းက ဆံပင်မစည်းထားရင် ပိုချစ်ဖို့ကောင်းတယ်လို့ထင်တယ်..."


သူ့ရှေ့မှယွမ်ယင်းက သင်္ကာမကင်းဖြင့် မျက်လုံးကိုမှေးကျဉ်းလိုက်သည်။


ခဏကြာသောအခါ ခြေလှမ်းသေးသေးလေးများဖြင့် ရေကန်အစွန်းကိုလျှောက်သွားလေသည်။ သူက ခေါင်းငုံ့ပြီး ကန်ရေပြင်တွင် ရောင်ပြန်ဟပ်နေသော သူ့ပုံရိပ်ကို ကြည့်နေခြင်းဖြစ်သည်။ မမျှော်လင့်ထားသည်မှာ သူ့ခေါင်းကိုဆန့်လိုက်ရုံဖြင့် ခန္ဓာကိုယ်က ဟန်ချက်မညီဖြစ်သွားရသည်။


ထို့နောက် "ဗွမ်း" ခနဲဖြင့် ရေကန်ထဲ ဇောက်ထိုးကျသွားတော့သည်။


အဝေးတစ်နေရာမှ ရှန်းလျိုရှန့်၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားပြီး ခဏခန့် အသက်ရှုကြပ်သွားသည်။ ကံကောင်းသည်မှာ ကျိုးရွှမ်လန်၏ယွမ်ယင်းက အလျင်အမြန်တုံ့ပြန်လာပြီး ရေကန်ထဲအမြန်ခုန်ချကာ ရေစိုနေသည့်ပုံရိပ်လေးကို ကယ်ထုတ်လာသည်။


ရှန်းလျိုရှန့်၏ယွမ်ယင်းက ပါးစပ်ထဲမှ ရေများအန်ထုတ်လာပြီး အုံ့မှိုင်းနေသည့် မျက်ဝန်းတစ်စုံနှင့် တွေ့သောအခါ ခဏတာအံ့အားသင့်သွားသည်။


" မတော်တဆဖြစ်တာပါ..."


သူက အင်္ကျီထဲမှ ပန်းပွင့်လက်ကောက်များစွာထုတ်လာပြီး တစ်ဖက်လူကို အာရုံလွှဲရန် ကြိုးစားလိုက်သည်။


" ငါ စောစောက မင်းကိုပေးဖို့ မေ့သွားတာ..."


ကျိုးရွှမ်လန်၏ယွမ်ယင်း မျက်လွှာချကြည့်လိုက်သောအခါ အနီရောင်မက်မန်းပွင့်များကို စုချည်ပြီးပြုလုပ်ထားသော လက်ကောက်လေးကိုမြင်လိုက်ရသည်။


သူက စကားတစ်ခွန်းမှမပြောဘဲ လက်ခံလိုက်ပြီးနောက် ရေများစိုရွှဲနေသည့်ယွမ်ယင်းကို ဝိညာဥ်စွမ်းအင်သုံး၍ ခြောက်သွေ့အောင် လုပ်ပေးလိုက်သည်။ ထို့နောက် ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ အချိန်နောက်ကျနေပြီဟုထင်၍ သူတို့ရှေ့မှလူနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။


တစ်ဖက်မှယွမ်ယင်းက သတိကြီးကြီးဖြင့် နောက်ပြန်ဆုတ်လိုက်သည်။


" ငါမင်းကို လက်ဆောင်ပေးမယ်လေ..."


" ငါ့ဝိညာဉ်ကိုပြန်စုချင်သေးတယ် အဲဒီအချိန်မှာ အနှောင့်ယှက်ခံရလို့ မဖြစ်ဘူး..."


စကားဆုံးသည်နှင့် သူက ထွက်ပြေးရန်ကြိုးစားနေသော ရှန်းလျိုရှန့်၏ယွမ်ယင်းကိုလှမ်းဆွဲကာ သစ်ပင်ပေါ်ခုန်တက်လိုက်ပြီး လက်ကောက်ဝတ်နှစ်ဖက်ကို ခေါင်းစည်းကြိုးအနီဖြင့်ချည်ပြီးနောက် သစ်ပင်ထိပ်ဖျားတွင် ပတ်ထားလိုက်သည်။


" ဒီနေရာမှာပဲ လိမ်လိမ်မာမာနေ... ဝိညာဉ်စုစည်းတာပြီးရင် ကြိုးပြန်ဖြည်ပေးမယ်..."


ရှန်းလျိုရှန့်၏ယွမ်ယင်းက စိတ်ဓာတ်ကျစွာဖြင့် ဆူဆူညံညံအသံများပြုလုပ်နေသည်။ သူ မလွတ်နိုင်ကြောင်းသိသည့်အခါ ဒေါသတကြီးဖြင့် ခေါင်းစည်းကြိုးကို ကိုက်ဆွဲတော့သည်။ ကျိုးရွှမ်လန်၏ယွမ်ယင်းကို မျက်လုံးထဲ မမြင်ရတော့သည့်အခါ သူ့မျက်နှာက တဖြည်းဖြည်းစူပုတ်လာသည်။


ရေကန်ဘေးနားမှပုံရိပ်က ငြိမ်သက်နေဆဲဖြစ်သည်။


အဝေးမှလှမ်းကြည့်နေသည့် ရှန်းလျိုရှန့်က ဇာမဏီမျက်ဝန်းများကိုာမှေးကျဉ်းလိုက်ပြီး သူ့ဘေးနားမှလူကို အဓိပ္ပါယ်ပါပါဖြင့် ကြည့်လိုက်သည်။


" မင်းက ငါ့ကိုကြိုးနဲ့ချည်ထားရတာမျိုး သဘောကျတာလား..."


ကျိုးရွှမ်လန် : " ကျွန်တော် မလုပ်ရဲပါဘူး..."

 

ရှန်းလျိုရှန့်ရယ်လိုက်ပြီး မေးစေ့ကိုပွတ်ကာ ရေကန်နားသို့ လှမ်းကြည့်လိုက်သည်။


" ကြည့်ရတာ ငါတို့ရဲ့ယွမ်ယင်းတွေက အချင်းချင်းသိကြတာထင်တယ်..."


သူတို့လုပ်သမျှ အပြုအမူတွေက ရင်းနှီးနေတဲ့သူတွေလိုပဲ...


ကျိုးရွှမ်လန် ခေါင်းညိတ်ပြလိုက်သည်။

" ရှစ်စွမ်းရဲ့ယွမ်ယင်းကတော့ တစ်ခုခုမှားနေပြီထင်တယ်..."


ရှန်းလျိုရှန့် : " မင်းရဲ့ယွမ်ယင်းကလည်း တစ်ခုခုမှားနေတဲ့ပုံပဲ..."စကားဆုံးသည်နှင့် သူတို့နှစ်ယောက်လုံး တစ်ချိန်တည်းတွင် ငြိမ်ကျသွားပြီး မက်မန်းပင်နှင့် ရေကန်ကို လှမ်းကြည့်လိုက်ကြသည်။


ညအချိန်ရောက်လာသည့်အခါ တောက်ပ‌သည့်လမင်းကြီး ကောင်းကင်ယံသို့ရောက်ရှိလာပြီး နောက်ဆုံးတွင် ရေကန်ဘေးမှ ယွမ်ယင်းက လှုပ်ရှားလာပြီး သစ်ပင်ထိပ်ဖျားသို့ ရောက်လာသည်။


သစ်ကိုင်းပေါ်တွင်ရှိသည့် ပုံရိပ်လေးများ မျက်တောင်များအောက်သို့စင်းကျလျက် အိပ်ငိုက်နေပြီး ဖြူဖွေးသောမျက်နှာလေးက တစ်ဖက်သို့စောင်းနေ၍ အသက်ရှုသံမှန်မှန်ထွက်ပေါ်နေသည်။


ကျိုးရွှမ်လန်၏ယွမ်ယင်းက သူ့ကိုကြိုးဖြည်ပေးလိုက်ပြီး လက်ကောက်ဝတ်မှ နီရဲနေသောအရာများကို ပွတ်ပေးလိုက်သည်။ ထို့နောက် သူ့ကိုထိုင်ချစေလိုက်ကာ နှဖူးနား တဖြည်းဖြည်းကပ်သွားပြီး နှဖူးချင်းအသာထိကပ်လိုက်သည်။


ခဏအကြာတွင် သူ့ခန္ဓာကိုယ်မှ အဖြူရောင်အလင်း လက်တစ်ဆုပ်စာထွက်ပေါ်လာပြီး ရှန်းလျိုရှန့်ယွမ်ယင်း၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။


တစ်ချိန်တည်းမှာပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သော မက်မန်းပင်တောအုပ်တစ်ခုလုံး ကြွယ်ဝသောဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်သွားတော့၏။ 


ရှန်းလျိုရှန့်၏နှဖူးပြင်တွင် အနည်းငယ်နွေးထွေးသွားပြီးနောက် သူ့စိတ်ထဲ တအံ့တဩဖြစ်သွားရသည်။ ထို့နောက်တွင် ကျိုးရွှမ်လန်၏ယွမ်ယင်းက သူတစ်နေ့တာစုဆောင်းခဲ့သော ဝိညာဉ်စွမ်းအင်ကို သူ့ယွမ်ယင်းထဲ လွှဲပြောင်းပေးနေကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။


ဒါ ငါ့ဝိညာဉ်ကို အာဟာရဖြည့်ပေးနေသလိုပဲ...


အချိ

န်အတန်ကြာသောအခါ ဝိညာဉ်စွမ်းအင်များ လွှဲပြောင်းပေးပြီးသွား၍ သစ်ပင်ထိပ်ဖျား၌ရှိနေသော ကျိုးရွှမ်လန်၏ယွမ်ယင်းက ရှန်းလျိုရှန့်၏ယွမ်ယင်းကို ပွေ့ချီလိုက်သည်။


လရောင်အောက်တွင် သူက သစ်ပင်ထက်မှ ခုန်ဆင်းလာသည်။


" ငါမင်းရဲ့ဝိညာဉ်ကို ကျိန်းသေပေါက် ပြန်ယူပေးမယ်..."