Chapter 103
ကျိုးရွှမ်လန်၏ယွမ်ယင်းက မြေပြင်ပေါ်ပြန်ဆင်းလာပြီးနောက် ဘေးပတ်ပတ်လည်ကိုကြည့်ကာ သစ်ရွက်ခြောက်ပုံကြီးရှိရာသို့ လျှောက်လာလိုက်သည်။
သူ့ရင်ခွင်ထဲမှယွမ်ယင်းကို သစ်ရွက်ပုံကြီးပေါ် ချထားလိုက်ပြီးနောက် မြေပြင်တွင် တင်ပျဉ်ခွေထိုင်ကာ ခေါင်းလေးကို သူ့ပခုံးထက်တွင် မှီစေလိုက်သည်။ သူ လက်တစ်ဖက်ဖြင့် ပခုံးကိုကိုင်ထားလိုက်ပြီးနောက် မေးထောက်ကာ ထိုင်နေသည်။ သူက မျက်လုံးမပိတ်ဘဲ အနားယူနေပြီး အမှောင်ထဲတွင် ပုန်းနေသူနှစ်ယောက်ကိုကြည့်ကာ သတိကြီးကြီးဖြင့် ကြည့်နေသည်။
ရှန်းလျိုရှန့်နှင့် ကျိုးရွှမ်လန်တို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး အကြံတစ်ခုအတူတူရသွားကာ သူတို့၏ အခြေတည်ဝိညာဉ်(ယွမ်ယင်း)များကို ပြန်ခေါ်ရန် စီစဉ်လိုက်ကြသည်။
သူတို့နှစ်ယောက်လုံးက ယွမ်ယင်းများကို တစ်ကြိမ်မှ အပြင်မထုတ်ခဲ့ဖူးသည့်အပြင် သူတို့ကလည်း ခန္ဓာကိုယ်တွင်းတွင်သာ အေးအေးချမ်းချမ်းဖြင့်နေနေခဲ့၍ မူမမှန်သည့်အရာတစ်ခုကိုမှ မသိရှိခဲ့ခြင်းဖြစ်သည်။ တစ်နေ့လုံး လေ့လာအကဲခတ်ပြီးသည့်နောက်တွင် သူတို့နှစ်ယောက်လုံး၏စိတ်ထဲ၌ သံသယများဝင်ရောက်လာ၍ ထိုယွမ်ယင်းတစ်စုံကို ခွဲထားရန် ဆုံးဖြတ်လိုက်သည်။ သူတို့ကို ပြန်ခေါ်ထားကာ မေးခွန်းအချို့မေးရန်လည်း ဆုံးဖြတ်လိုက်သည်။
ကျိုးရွှမ်လန်က ဦးဆောင်ပြီး ယွမ်ယင်းကို သူ့ခန္ဓာကိုယ်ထဲ ပြန်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။
သူ၏ယွမ်ယင်းက သူတို့နှစ်ယောက်လုံးကို သတိကြီးကြီးဖြင့် စောင့်ကြည့်နေခဲ့ခြင်းဖြစ်ပြီး အမည်မသိ အကြောင်းအရင်းကြောင့် နှစ်ယောက်လုံးကို ရှန်းလျိုရှန့်၏ယွမ်ယင်းအနား လုံးဝကပ်ခွင့်မပြုပေ။ အကယ်၍ ကျိုးရွှမ်လန်က ဦးစွာလှုပ်ရှားပြီး သူ့ကိုပြန်မခေါ်ပါက ရှန်းလျိုရှန့်သူ့ယွမ်ယင်းကို ပြန်ခေါ်ချိန်၌ ကျိန်းသေပေါက် တားဆီးမည်ဖြစ်သည်။
မှီနေသည့်ပခုံးက သူ့ခေါင်းအောက်မှ လွတ်ထွက်သွားသည့်အခါ အိပ်ပျော်နေသော ယွမ်ယင်းပေါက်စလေးက ခေါင်းစောင်းကျလာပြီး သူ့ခန္ဓာကိုယ်က သစ်ရွက်ပုံထဲ လဲကျသွားသည်။
ရှန်းလျိုရှန့်က သူ့ထံလျှောက်လာပြီး လက်တစ်ဖက်ဆန့်ထုတ်ကာ မျက်နှာဖြူဖြူဖွေးဖွေးလေးကို ဖျစ်ညှစ်လိုက်သည်။ သူ့လက်ချောင်းထိပ်ဖျားက အလွန်ခံစားရကောင်းနေသည်။ ညဦးပိုင်းလေကြောင့် မျက်နှာဖောင်းဖောင်းလေးက အေးစက်နေပြီး ချောမွတ်နူးညံ့ကာ ကိုင်၍ကောင်းနေပေသည်။
ရှန်းလျိုရှန့် သူ့ကိုနှိုးလိုက်သည်။
" ဟေး ထတော့လေ..."
ယွမ်ယင်း၏ မျက်တောင်များ တစ်ချက်တုန်ယင်သွားပြီးနောက် ကြောင်စီစီဖြင့် မျက်လုံးများပွင့်လာကာ လရောင်အောက်တွင် ဖြာကျနေသည့် အရိပ်ကိုကြည့်လိုက်သည်။ ရေစီးသံများ ကြားရဆဲဖြစ်နေ၍ သူ အကြောက်အလန့်မရှိဘဲ ရှန်းလျိုရှန့်ဘက်ကို လှည့်လာသည်။
သူ၏ ပါးစပ်နီတာရဲလေးကိုဟ၍ ခပ်တိုးတိုးပြောလိုက်သည်။
" ကျွန်တော် အိပ်ချင်သေးတယ်..."
ရှန်းလျိုရှန့်၏နှုတ်ခမ်းကမဲ့သွား၏။ ရွေးချယ်စရာမရှိတော့၍ သူ့ကိုချီမ'လိုက်ပြီး လက်ဖဝါးပေါ်တင်ကာ ဆက်အိပ်စေလိုက်သည်။ သူ ညကောင်းကင်ယံကိုမော့ကြည့်ပြီးနောက် လရောင်အောက်တွင် အခန်းရှိရာသို့ လျှောက်သွားလိုက်သည်။
ကျိုးရွှမ်လန်လည်း အိပ်ခန်းသို့ပြန်လာပြီး သူ့ယွမ်ယင်းကို ထပ်လွှတ်ပေးလိုက်သည်။
သူ့ရှေ့တွင် ရှန်းလျိုရှန့်၏ယွမ်ယင်းမရှိတော့သောကြောင့် အပြုအမူများက ပိုမိုပွင့်လင်းလာပေသည်။ အပြင်ထွက်လာပြီးသည့်နောက် လက်ဖက်ရည်စားပွဲတွင် တင်ပျဉ်ခွေပြီး တရားထိုင်နေသည်။
ကျိုးရွှမ်လန်က သူ့ဘေးနားတွင်ထိုင်ပြီး သူ့ကို အတန်ကြာအောင် စိုက်ကြည့်နေခဲ့သည်။
အခြေတည်ဝိညာဉ်(ယွမ်ယင်း)က ယွမ်ရှန်ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ယွမ်ရှန်က တာအိုလမ်းစဉ်ကိုလိုက်သူတိုင်းအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ ဝိညာဉ်က အသွင်ပြောင်းလဲနိုင်သော်လည်း ယွမ်ရှန်က ထာဝရစစ်မှန်သော တည်ရှိမှုဖြစ်၍ မပြောင်းမလဲဘဲ အမြဲထာဝက အင်မော်တယ်အဖြစ် တည်ရှိနေနိုင်သည်။
[ Google မှာ ရှာကြည့်တာတော့ ယွမ်ရှန်ရဲ့ တိုက်ရိုက်အဓိပ္ပါယ်က - လေးနက်သိမ်မွေ့တဲ့ အသိဉာဏ် (သို့) ဘဝရဲ့ အခြေခံအဆီအနှစ်၊ ရှေးဦးဝိညာဉ် ပါတဲ့ ]
သူ့ရှေ့တည့်တည့်မှာ အခြေတည်ဝိညာဉ်မှာ သူ့ယွမ်ရှန့်မှ အသွင်ပြောင်းလာခဲ့ခြင်းဖြစ်သော်လည်း သူနှင့် ဆက်ဆံရန်ခက်ခဲနေ၍ အလွန်ထူးဆန်းနေပေသည်။
ကျိုးရွှမ်လန် လက်တစ်ဖက်ဆန့်ထုတ်ပြီး လက်ချောင်းသွယ်သွယ်များဖြင့် ယွမ်ယင်း၏နှဖူးကို ထိလိုက်သည်။ တစ်ဖက်က လုံးဝမလှုပ်ရှားပေ။ သူ့မျက်နှာထက်တွင် နာခံလိုသည့် အမူအရာမရှိသော်လည်း သူ့ကိုဆန့်ကျင်နေခြင်းလည်း မရှိပေ။
သို့သော် ယွမ်ယင်းကို ထိန်းချုပ်ကြည့်ရန် ကြိုးစားသောအခါတွင်မူ သူ့မျက်လုံးများပွင့်လာပြီး ပုန်ကန်လိုသည့် အမူအရာမျိုး ပြသလာသည်။
ကျိုးရွှမ်လန် ခဏစဉ်းစားပြီး မေးလိုက်သည်။
" မင်းဘာလို့ ရှစ်စွမ်းရဲ့ယွမ်ယင်းကို ဝိညာဉ်စွမ်းအားတွေ လွှဲပေးလိုက်တာလဲ..."
ယွမ်ယင်းက မျက်မှောင်ကြုတ်ထားပြီး ဇဝေဇဝါဖြစ်သွားဟန် ပေါ်သည်။
" ရှစ်စွမ်းဆိုတာ ဘယ်သူလဲ..."
ကျိုးရွှမ်လန် : " မင်း ခုနကချီထားတဲ့ ယွမ်ယင်းရဲ့ ခန္ဓာကိုယ်အစစ်ပဲ..."
ယွမ်ယင်းက မျက်မှောင်ကြုတ်လိုက်ပြီး ခဏစဉ်းစားကာ ပြောလိုက်သည်။
" ငါ ဝိညာဉ်စွမ်းအားမလွှဲပြောင်းပေးလိုက်ပါဘူး..."
သူ့ဘယ်ဘက်လက်ကိုမြှောက်လိုက်ပြီး ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်သည့်အခါ သူ့ခန္ဓာကိုယ်တွင် အကြိမ်ရေများစွာ လှည့်ပတ်သွားသည်။ ညာဘက်လက်တွင်လည်း အဖြူဖျော့ဖျော့ အလင်းရောင်တစ်ခု ဖြစ်တည်လာသည်။
" ဒါ အသက်ဓာတ်ပဲ... အဲဒီယွမ်ယင်းမှာက အသက်ဓာတ်မရှိလို့ ငါသူ့ကိုယ်ထဲ ထည့်ပေးခဲ့တာ မဟုတ်ရင် ပျောက်ကွယ်သွားလိမ့်မယ်..."
ကျိုးရွှမ်လန်၏ရင်ထဲ ထိတ်လန့်သွားရသည်။
" ဘာလို့ အဲလိုမျိုးဖြစ်နေတာလဲ..."
ယွမ်ယင်းက ခေါင်းခါပြလိုက်သည်။
" ငါလည်း မသိဘူး..."
ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်ပြီး ခဏအကြာတွင် ထပ်ပြောလိုက်သည်။
" မင်းက ငါလို့ပြောပေမယ့် မင်းရဲ့ အထောက်အထားက ဘာလဲ..."
ယွမ်ယင်း၏ အမူအရာက နားမလည်နိုင်ဖွယ် ဖြစ်နေသည်။
" ငါလည်း မသိဘူး..."
သူ အမှန်တိုင်းပြောနေကြောင်းအာရုံခံမိ၍ ကျိုးရွှမ်လန်က မေးခွန်းပြောင်းလိုက်သည်။
" မင်း ဘာကိုသိထားလဲ..."
" ဝိညာဉ်ကို စောင့်ရှောက်ပေးဖို့ပါ..."
ယွမ်ယင်းက ခဏရပ်သွားပြီး ဆက်ပြောသည်။
" ဝိညာဉ်အသေးလေးတွေကို ဘယ်လိုစောင့်ရှောက်ပေးရမလဲဆိုတာပဲ ငါသိတယ်..."
၎င်းက သူ့ဝိညာဉ်၏အသိစိတ်ဖြစ်သည်။
.....
တစ်ဖက်အခန်းတွင်မူ ယခုမှ နိုးထလာသည့်ယွမ်ယင်းက မပျော်မရွှင်ဖြင့် နှုတ်ခမ်းစူထားပြီး ခေါင်းငုံ့ထားကာ စကားတစ်ခွန်းမှ မပြောတော့ပေ။
ရှန်းလျိုရှန့်က ခဏစဉ်းစားလိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ လတ်လတ်ဆတ်ဆတ်သစ်သီးများထုတ်ကာ လက်တစ်ဖက်တွင် ပန်းသီး အခြားတစ်ဖက်တွင် လိမ္မော်သီးကိုကိုင်ထားကာ သူ့မျက်နှာသေးသေးလေးရှေ့တွင် လှုပ်ယမ်းပြလိုက်သည်။
" အိပ်ရာကနိုးလာတော့ စိတ်ဆိုးနေတယ်ပေါ့လေ... သစ်သီးစားမလား..."
ယွမ်ယင်းက မျက်ခုံးအနည်းငယ်ပင့်ကာ မော့ကြည့်လိုက်ပြီးနောက် သူ့ကိုအာရုံစိုက်လာသည်။
သူ လက်မြှောက်ပြီး လိမ္မော်သီးကိုယူလိုက်သည်။
ရှန်းလျိုရှန့် ပြုံးလိုက်ပြီးနောက် ပန်းသီးကို ပြန်သိမ်းထားကာ သိုလှောင်အိတ်ထဲမှ လတ်လတ်ဆတ်ဆတ်လိမ္မော်သီးတစ်လုံးကိုထုတ်လိုက်သည်။ သူ ပါးစပ်ဟပြီး အသီးကိုကိုက်လိုက်သည်နှင့် ယွမ်ယင်းကလည်း သူနှင့်တစ်ပုံစံတည်းလှုပ်ရှားလိုက်သည်ကို မြင်လိုက်ရသည်။
လိမ္မော်သီးက ယွမ်ယင်းပေါက်စလေးအတွက် ကြီးလွန်းနေသည်။
သူ့လက်နုနုလေးများဖြင့် လိမ္မော်သီးကိုဖက်ထားကာ ခေါင်းငုံ့လိုက်သည်။ ထို့နောက် အရေခွံကိုပင် မခွာဘဲ လျှာသေးသေးလေးကိုထုတ်၍ လိမ္မော်ခွံကို မဝံ့မရဲလျက်ကြည့်ပြီးမှ ပါးစပ်ဟ၍ကိုက်လိုက်သည်။
ရှန်းလျိုရှန့်၏ အမူအရာက ထူးဆန်းသွားသည်။
" ငါမင်းဖို့ အခွံခွာပေးမယ်လေ..."
ယွမ်ယင်းက ခေါင်းခါလိုက်ပြီး လိမ္မော်ခွံကို ကိုက်နေသည်။ ထို့နောက် အနည်းငယ်အရသာခံကြည့်လိုက်ပြီး ပြုံးပြလာသည်။
" ဒီတိုင်းပဲစားမှာ..."
ရှန်းလျိုရှန့် အတွေးများသွားပြီးနောက် ပါးစပ်ဟကာ လိမ္မော်သီးကို ကိုက်လိုက်သည်။
သူ လိမ္မော်သီးစားပါက အခွံခွာလေ့ မရှိပေ။
သူ့ရဲ့မူရင်းအခြေတည်ဝိညာဉ်ကရော ဒီလိုမျိုးအကျင့် ရှိနေတာလား...
သူ ခဏအတွေးလွန်နေပြီးနောက် မေးလိုက်သည်။
" မင်း စောစောတုန်းက ယွမ်ယင်းကိုသိတာလား..ယွမ်ယင်းပေါက်စလေးက လိမ္မော်ခွံကို ခက်ခက်ခဲခဲဖြင့်ကိုင်နေသည်။ ထိုစကားကိုကြားသည်နှင့် မျက်တောင်တစ်ချက်ခတ်ပြီး ပြောလာသည်။
" ကျွန်တော် သူ့ကို မှတ်မိရုံပဲ မှတ်မိတာ..."
ရှန်းလျိုရှန့် မျက်လုံးများမှေးကျဉ်းသွားသည်။
" ဒါဆိုရင် သူ ဘယ်သူလဲ ပြောပြ..."
" မသိဘူး... သူက လူကောင်းဆိုတာပဲ ကျွန်တော်သိတာ..."
သူလး လိမ္မော်သီးကို ခဲရာခက်ဆစ်ဖြင့် ပြန်ချထားလိုက်ပြီး လေထဲတွင် လက်အမူအရာအချို့ လုပ်ပြလိုက်သည်။
" ကျွန်တော် အစတုန်းက ဒီလောက်လေးပဲရှိတာ... နောက်ပိုင်းကျ သူက တစ်ခုချင်းစီပြန်စုပေးလိုက်တော့ ဖြည်းဖြည်းချင်းနဲ့ ဒီလောက်အထိ ဖြစ်လာတာပဲ..."
ရှန်းလျိုရှန့် သူ့ကို ကြာကြာစိုက်ကြည့်နေပြီးမှ ဆိုလိုချင်သည့်အကြောင်းအရာကို ခပ်ရေးရေးနားလည်လာသည်။
သူ့ဝိညာဉ်မှာ တစ်ခါက အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ သော်လည်း ကျိုးရွှမ်လန်က ပြန်စုစည်းထားပေးခဲ့ပြီး သူ့ကိုယ်ပိုင်ဝိညာဉ်နှင့် အတူတူထားကာ စောင့်ရှောက်ပေးထားခဲ့ပေသည်။ သို့ဖြစ်၍ အချိန်အတော်အတန်ကြာမှ မူရင်းအသွင်ကို ပြန်လည်ရရှိလာခြင်းဖြစ်သည်။
ရှန်းလျိုရှန့် မျက်မှောင်ကြုတ်၍ တွေးတောနေစဉ် ယွမ်ယင်းက သူ့ဝတ်ရုံလက်ကိုလာဆွဲပြီး ပြောလိုက်သည်။
" ကျွန်တော်လည်း မေးစရာရှိတယ်..."
ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်သည့်အခါ ယွမ်ယင်းပေါက်စလေးက ခေါင်းစောင်းထားပြီး သူ့ပါးဖောင်းဖောင်းတစ်ဖက်စီကို လက်နှစ်ဖက်ဖြင့် ဖျစ်ညှစ်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
" ကျွန်တော်က ဘာလို့ ဒီလောက် လုံးနေရတာလဲ..."
ရှန်းလျိုရှန့် : " မင်း အရမ်းဝနေလို့ ဖြစ်မှာပေါ့..."
ယွမ်ယင်းက ချက်ကောင်းကိုထိသွားသကဲ့သို့ဖြစ်ပြီး ထိုနေရာတွင် အတောင့်လိုက်ကလေးရပ်နေကာ ခေါင်းငုံ့ပြီး စူပုတ်ထားတော့၏။
သူ့ပုံစံကိုမြင်သည့်အခါ ရှန်းလျိုရှန့် ရယ်လိုက်မိသည်။ ထို့နောက်တွင် လုပ်စရာကိစ္စရှိသေးသည်ကို အမှတ်ရသွား၍ သူ့လက်ဖဝါးထက်တွင် ဝိညာဉ်စွမ်းအားကိုစုစည်းလိုက်ပြီး ယွမ်ယင်းကိုထိရန် ပြင်လိုက်သည်။ ယွမ်ယင်းက ရုတ်တရက် နောက်ပြန်ဆုတ်သွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့လာကာ ကြောက်လန့်လွန်း၍ တစ်ကိုယ်လုံးတုန်ယင်နေသည်။
" နာတယ် နာတယ်..."
ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်ပြီး လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားက လှုပ်ရှားလာ၍ ရှန်းလျိုရှန့် ဝိညာဉ်စွမ်းအားထည့်လိုက်သည့်အခါ တစ်ဖက်မှ အသံတစ်သံ ချက်ချင်းထွက်လာသည်။
" ရှစ်စွမ်းရဲ့ယွမ်ယင်းကို စစ်ဆေးဖို့ ဝိညာဉ်စွမ်းအားမသုံးနဲ့နော်... ယွမ်ယင်းက ပျက်စီးနေတာမို့ အဲဒီစွမ်းအားဒဏ်ကို မခံနိုင်ဘူး အင်အားသက်ရောက်မှုတွေ ရှိနေတယ်..."
ရှန်းလျိုရှန့် ကူကယ်ရာမဲ့စွာဖြင့် မျက်ခုံးကိုပွတ်လိုက်သည်။
" ငါသိပြီ..."
ကဲ အခုတော့ အားလုံး ဇာတ်လမ်းပြတ်ရောပေါ့...
ကူပိုးကောင်ငယ်က ဘယ်နေရာရောက်နေတယ်ဆိုတာကို ရှာမတွေ့တဲ့အပြင် ငါ့ဝိညာဉ်ကလည်း ပျက်စီးနေတယ်ဆိုတာ သိလိုက်ရပြီ...
ခိုကိုးရာမဲ့ဖြစ်နေသော သူ၏ အခြေတည်ဝိညာဉ်ကိုကြည့်ကာ ခန္ဓာကိုယ်ထဲပြန်ထည့်ထားလိုက်သည်။ အခြေတည်ဝိညာဉ်က ပြင်ပတွင် အချိန်ကြာကြာမနေသင့်ဘဲ ချီဓာတ်စီးဆင်းမှုရှိသော ခန္ဓာကိုယ်ထဲနေသည်က သူ့အတွက် သက်တောင့်သက်သာအရှိဆုံးဖြစ်သည်။
ရှန်းလျိုရှန့်က ကျောက်စိမ်းပြားကိုကိုင်၍ မေးလိုက်သည်။
" မင်းရဲ့ယွမ်ယင်းက ဘယ်မှာလဲ ဘာတွေမေးလို့ရထားတာလဲ..."
ကျိုးရွှမ်လန် : " ရှစ်စွမ်းရဲ့ဝိညာဉ်က ဒဏ်ရာရထားတယ်ဆိုတာပဲ ကျွန်တော်သိထားတယ်..."
ရှန်းလျိုရှန့် သူ့နှဖူးကို လက်ဖြင့်ထောက်ထားလိုက်သည်။ ယွမ်ယင်း၏ကိစ္စက အလွန်ဆန်းကြယ်လှသော်လည်း ၎င်းက ကျိုးရွှမ်လန်နှင့်ပတ်သက်နေ၍ သူ့အတွေးများ ရှုပ်ထွေးပြီး သဲလွန်စရှာမရဖြစ်နေသည်။
ခဏအကြာတွင် သူ သက်ပြင်းချလိုက်သည်။
ထားလိုက်ပါတော့ လောလောဆယ်အရေးကြီးဆုံးက အချစ်ကူပိုးကောင်ရဲ့ပြဿနာကို ဖြေရှင်းဖို့ပဲ...
ရှန်းလျိုရှန့် စဉ်းစားနေစဉ်တွင် ကျိုးရွှမ်လန် တီးတိုးပြောနေခြင်းအား ကြားလိုက်ရသည်။
" ဒီညသန်းခေါင်မှာ ကျွန်တော် ဝမ်ရမ်ချင်ကို လွှတ်ပေးလိုက်တော့မယ်... ဒါပေမဲ့ အစီအရင်ရဲ့သက်ရောက်မှုကြောင့် သူ့ကျင့်ကြံဆင့်ကို တော်တော်လေးထိခိုက်ထားတာ... ကံကောင်းရင်တော့ ဆယ်နှစ်ကျော်လောက် အသက်ရှင်ဦးမှာပါ... ကံဆိုးရင်တော့ အသက်ရှင်ဖို့ နှစ်နည်းနည်းလောက်ပဲကျန်မယ်..."
ရှန်းလျိုရှန့် မျက်လွှာချထားပြီး သူ့စကားကို တုံ့ပြန်လိုက်သည်။
ကျိုးရွှမ်လန် ငြိမ်ကျသွားပြီးနောက် တွန့်ဆုတ်နေဟန်ဖြင့် ပြောလိုက်သည်။
" သူ ရှစ်စွမ်းကို တွေ့ချင်နေတယ်... နောက်ဆုံးအနေနဲ့ သူ့မှာပြောစရာကိစ္စတစ်ခုခု ရှိနေတဲ့ပုံပဲ..."
ရှန်းလျိုရှန့် အံ့အားသင့်သွားပြီး သူ့ကုတ်ပိုးကိုထိလိုက်သည်။
သို့သော် သူ ဆုံးဖြတ်ချက်မချ
နိုင်မီမှာပင် ကျောက်စိမ်းပြားတစ်ဖက်က အသံတိုးတိုးဖြင့်ရယ်လိုက်သံကို ကြားလိုက်ရသည်။ ကျိုးရွှမ်လန်၏အသံက အဓိပ္ပါယ်ဖော်ရ ခက်ခဲနေသည်။
" ဒါပေမဲ့ ကျွန်တော်သူ့ကို မရဘူးလို့ ပြောလိုက်တယ်..."