Chapter 104
ကျိုးရွှမ်လန်၏ အကြည့်များက ကျောက်စိမ်းပြားပေါ်သို့ကျရောက်နေသည်။ တစ်ဖက်မှ ရယ်သံတိုးတိုးကို ကြားသောအခါ မျက်မှောင်ကြုတ်ထားရာမှ အနည်းငယ် ပြေလျော့သွား၍ နှုတ်ခမ်းပါးများ တွန့်ကွေးသွားသည်။
"ဒါပေမဲ့ ကျွန်တော်သူ့ကို ပြောပေးဖို့ ကူညီမယ်လို့ ကတိပေးခဲ့တယ်..."
ကျိုးရွှမ်လန်က သူ့စိတ်ထဲမလိုလားသော်ငြား ဆက်ပြောလာသည်။
"သူ နောင်တရနေပြီလို့ ပြောတယ်... ဒါပေမဲ့... ကျွန်တော် တောင်းပန်ပါတယ်..."
ရှန်းလျိုရှန့်က တစ်ဒင်္ဂတိတ်ဆိတ်သွားပြီးနောက် ကျောက်စိမ်းပြားကို ချလိုက်သည်။ ထို့နောက် အိပ်ရာပေါ်သို့ လှဲဲချကာ မျက်စိမှိတ်၍ အတန်ကြာ အနားယူနေလိုက်သည်။
အမည်မသိ အပူတစ်ခုက ခန္ဓာကိုယ်တွင်း၌ မြင့်တက်လာသည်။
ရှန်းလျိုရှန့်က နူးညံသော စောင်ကိုဖွင့်ကာလက်မြှောက်၍ ဝတ်ရုံကိုဆွဲလိုက်သည်။ အတွင်းဝတ်များက လျော့တိလျော့ရဲဖြစ်နေကာ လည်ပင်းအနောက်ဘက်၏ ဖြူဖွေးသော အသားအရည်တွင် အနီရောင်သန်းနေသည်ကို ဖော်ပြနေသည်။
ရှန်းလျိုရှန့်က မျက်လုံးများဖွင့်၍ ထလာကာ လက်ဖက်ရည်ကြမ်းတစ်ခွက်ကို သောက်လိုက်သည်။
အိပ်ရာပေါ်သို့ပြန်သွားချိန်တွင် ခန္ဓာကိုယ်တွင်း အပူမှာ ပို၍ပို၍ ပြင်းထန်လာသည်။ ပိန်ပါးသော ပုံရိပ်လေးက အိပ်ရာပေါ်တွင် လူးလိမ့်နေသည်။ ခဏအကြာတွင် ရှန်းလျိုရှန့်ကလက်များဆန့်ထုတ်ကာ ဆံနွယ်များကို သပ်တင်လိုက်သည်။ ထို့နောက် ဝတ်ရုံဝတ်၍ အပြင်သို့ ထွက်သွားသည်။
ယွမ်ယင်းက ဝိညာဉ်စွမ်းအားစုပြုံလာသည်ကို မခံနိုင်သောကြောင့် ကူပိုးကောင်ကို မရှာဖွေနိုင်ဖြစ်နေသည်။ ထိုကြောင့် အပ်ဖြင့်သွေးဖောက်သည့် နည်းလမ်းကလည်း အလုပ်မဖြစ်ပေ။
အချစ်ပန်းရှိသည့်နေရာတွင် ဒဏ်ရာကျယ်ကျယ်တစ်ခု ပြုလုပ်၍ နဂါးသွေးကို အသားအတွင်းသို့ စီးကျ စိမ့်ဝင်သွားစေရန် ရှန်းလျိုရှန့်တွေးမိသည်။ ဤနည်းလမ်းဖြင့် ပုန်းအောင်းနေသော ကူပိုးကောင်ကို တားမြစ်၍ ငြိမ်သက်စေနိုင်သည်။
ဤတစ်ကြိမ်၌ ကူပိုးကောင်၏ ထကြွမှုက သည်းခံနိုင် လောက်ဖွယ်ဖြစ်၍ ထိုနည်းလမ်းကို ကြိုးစားကြည့်သင့်သည်။
ရှန်းလျိုရှန့်က တံခါးခေါက်၍ ချက်ချင်းဖွင့်ဝင်လာချိန်၌ ကျိုးရွှမ်လန်က သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကာ အနားမယူရသေးပုံပေါ်သည်။ ရှန်းလျိုရှန့်၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျိုးရွှမ်လန်က ပြောလာသည်။
"ကောင်းပါပြီ..."
ရှန်းလျိုရှန့် အချိန်မဖြုန်းတော့ပေ။ တစ်ဖက်လှည့်၍ သူ၏ အနက်ရောင် ဆံနွယ်များကို လက်မြှောက် သိမ်းယူလိုက်ပြီး အနောက်ဘက်ရှိလူ၏ အကြည့်အောက်တွင် သူ၏လည်ဂုတ်ကို ဖော်ပြလိုက်သည်။
နှင်းဖြူရောင် အသားပေါ်တွင် သက်ရှိတစ်ကောင်နှယ် အမှတ်အသားပေါ်နေကာ လိပ်တက်နေသော ပွင့်ဖတ်များက ညအချိန်၌ အနီရောင်တောက်ပနေသည်။
ရှန်းလျိုရှန့်က လက်အစီအရင်တစ်ခုဆွဲလိုက်ကာ ဝိညာဉ်စွမ်းအားကို ဓားထက်ထက်တစ်ခုနှယ် ချက်ချင်းပြောင်းလဲ၍ အသားနှင့် အရေပြားကို ဖောက်စေလိုက်သည်။ ဒဏ်ရာနက်နက်တစ်ခုကျန်ခဲ့ကာ အနီရင့်ရင့် သွေးများက ချက်ချင်းစီးကျလာသည်။
"ရှစ်စွမ်းက ကျွန်တော့်ကိုဆို လုံးဝမယဉ်ကျေးနေဘူးပဲ..."
ကျိုးရွှမ်လန်က မျက်လွှာချ၍ သူ၏လက်ချောင်းထိပ်ကို ဖြတ်ကာ အကျည်းတန်သောဒဏ်ရာပေါ်သို့ ဖိထားလိုက်သည်။ ထို့နောက် ဝိညာဉ်စွမ်းအားအတန်သင့် အသုံးပြု၍ နဂါးသွေးအား ဒဏ်ရာမှတစ်ဆင့် အသားအတွင်းသို့ စီးဝင်စေသည်။
လုပ်ငန်းစဉ်က အလွန်အမင်းနှေးကွေးသော်ငြား ရှန်းလျိုရှန့်က သူ၏ကိုယ်တွင်းအပူ တဖြည်းဖြည်းလျော့နည်းလာကာ ကူပိုးကောင်လည်း ငြိမ်သက်လာကြောင်း ခံစားမိသည်။
ပြီးဆုံးသွားသောအခါ ကျိုးရွှမ်လန်က ရပ်တန့်လိုက်ကာ ဆေးထုတ်၍ ရှေ့ရှိ သွေးစွန်းနေသော ဒဏ်ရာပေါ်တွင် လိမ်းပေးလာသည်။
"နဂါးသွေး ထိုးသွင်းတာက အသုံးဝင်ပေမဲ့ အရမ်းကြာတယ်...ပြီးခဲ့တဲ့တစ်ခေါက်ကလို အခြေအနေမျိုးနဲ့ကြုံရင် ဒါက အဆင်မပြေနိုင်ဘူး..."
ရှန်းလျိုရှန့်က သူ၏ဝတ်ရုံကို ပြန်ဝတ်ဆင်လိုက်သည်။
"ကိစ္စမရှိဘူး...တကယ်လို့ ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်ရင် မင်းလုပ်တဲ့အချိန်ကျ ငါ့ကို ကြိုးချည်ထားလို့ရတယ်..."
ရလဒ်ကနှေးကွေး၍ လုပ်ငန်းစဉ် ခက်ခဲသော်ငြား ဖြေရှင်းချက်တစ်ခုဖြစ်နေသေးသည်။
ရှန်းလျိုရှန့်က စိတ်သက်သာရာရစွာ ကောင်းကင်ပေါ်သို့ကြည့်လိုက်သည်။ သူယခုအချိန် အခန်းပြန်ခဲ့လျှင်ပင် အိပ်ပျော်နိုင်မည် မဟုတ်သဖြင့် ကျွမ့်ယွင်ဆောင်သို့ ပြန်လာခဲ့သည်။ ဓားဂိုဏ်းမှ တပည့်များက နေရာကူးပြောင်းအစီအရင်ကို တစ်ညလုံးတည်ဆောက်နေခဲ့ကြသည်။ အခြေအနေကို ကြည့်ရလျှင် နှစ်နာရီသုံးနာရီအတွင်း ပြီးဆုံးမည်ဖြစ်သည်။
ရှန်းလျိုရှန့်က ဝင်ရောက် ကူညီလိုက်သောကြောင့် အရုဏ်တက်တွင် ဝိညာဉ်ကျောက်တုံးများ ဝန်းရံထားသည့် နေရာကူးပြောင်းအစီအရင်က တောက်ပလာသည်။
ဓားဂိုဏ်းတပည့်များက နေရာကူးပြောင်းအစီအရင်ထဲသို့ ချက်ချင်းဝင်ရောက်ရန် မစောင့်နိုင်တော့ချေ။ ယဲ့ပင်းရန်က ညပေါင်းများစွာ မျက်လုံးမမှိတ်ရသေးသဖြင့် မျက်လုံးများနီရဲနေခဲ့သော်ငြား လုံးဝ ပင်းပန်းနေပုံမပေါ်ပေ။ ဆံနွယ်များကို သပ်သပ်ရပ်ရပ် ချည်နှောင်ထားပြီး ခါးစည်းကြိုးကို ခပ်တင်းတင်းချည်ထားသည်။ ထို့ပြင် နှစ်ပေါင်းများစွာ ဓားလေ့ကျင့်ခဲ့သဖြင့် အရပ်ရှည်ကာ သွယ်လျသော ပုံရိပ်ကို ပိုင်ဆိုင်ထားသည်။
နေရာကူးပြောင်း အစီအရင်သို့ မဝင်ရောက်မီတွင် ယဲ့ပင်းရန်က သတိပေးလာသည်။
"မင်းက နတ်ဆိုးမဟုတ်ဘူး...တကယ်လို့ နတ်ဆိုးနယ်မြေမှာ အကြာကြီးနေရင် မင်းရဲ့ ကျင့်ကြံဆင့် ထိခိုက်လာလိမ့်မယ်..."
ရှန်းလျိုရှန့်က ခေါင်းညိတ်ပြလာသည်။
"ငါ အရေးကြီးကိစ္စ တစ်ခုလုပ်စရာရှိလို့...ပြီးတာနဲ့ ငါသွားမှာပါ..."
ယဲ့ပင်းရန် : "မင်း ကျင့်ကြံရေးလောက ကို ပြန်လာမှာလား..."
ရှန်းလျိုရှန့်က ခဏမျှ ကြက်သေသေနေပြီးနောက်တွင် ပြုံးလာသည်။
" ငါ သေချာပေါက် ပြန်လာချင်တာပေါ့..."
ချင်းလင်ဂိုဏ်းက ဤနေရာ၌ သူ၏ပထမဆုံးအိမ်ဖြစ်သဖြင့် သူအမှတ်တကယ်ပင် နှစ်သက်သည်။ ထို့အပြင် ရှစ်ရှုန်း၊ လင်ဟွားနှင့် အခြားသူများရှိနေသေးသဖြင့် သဘာဝကျစွာပင် သူပြန်သွားချင်သည်။
ယဲ့ပင်းရန်၏ နှုတ်ခမ်းပါးပေါ်တွင် အပြုံးသဲ့သဲ့လေးပေါ်လာသည်။ သူက အနည်းငယ်ပျှော်ရွှင်သွားပုံရသည်။ သို့သော် သူပြုံးနေသည်ကို သတိထားမိသောအခါ တည်ငြိမ်သည့် အမူအရာသို့ ချက်ချင်းပြောင်းလဲလိုက်သည်။ ထို့နောက် နောက်လှည့်၍ နေရာကူးပြောင်းအစီအရင်ထဲသို့ ဝင်ရောက်လိုက်သည်။
အလင်းတစ်ချက်လက်သွားပြီးနောက် ဓားဂိုဏ်းမှ လူများအားလုံး ပျောက်ကွယ်သွား၍ ဝိညာဉ်ကျောက်တုံးအကျိုးများသာ မြေပြင်ပေါ်တွင် ကျန်ခဲ့လေသည်။
ရှန်းလျိုရှန့် ထွက်ခွာရန်ပြင်လိုက်ချိန်တွင် လေပြင်းတစ်ချက်တိုက်ခတ်သွားကာ တိမ်မည်းများက ကောင်းကင်ကို ချက်ချင်းဖုံးအုပ်လာသည်။
"နတ်ဆိုးကြီး..."
ဘေးတွင်ရှိနေသော ကျင်းရှောင်ကျို့က ဖြူဖျော့သွားကာ ထိတ်လန့်နေသည်။
နောက်တစ်ခဏတွင် မိုးကြိုးလျှပ်စီးများပေါက်ကွဲထွက်လာ၍ လုံးဝန်းသောပုံရိပ်တစ်ခုက တိမ်မည်းများကြားမှ ထွက်ပေါ်လာသည်။ မီးခိုးရောင် တောင်ပံတစ်ခုက တစ်ဖျပ်ဖျပ်ခတ်နေ၍ အောက်ရှိ ဝဖြိုးသော ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲထောက်ပံထားရသည်။
"မကောင်းဆိုးဝါ အင်မော်တယ်သခင်ပါလား..."
အောင်းယွဲ့က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
သူက ပါ့ဟွမ်မှ ချီလင်မြို့အထိ ပျံသန်းလာရကာ လမ်းတစ်လျှောက်တွင် အခက်အခဲများကြုံတွေ့ခဲ့ရ၍ အရှက်ရခဲ့သည်။ နောက်ဆုံးတွင် သူပုံရိပ်တစ်ခု တွေ့လိုက်ရပြီးနောက် အံ့သြသွားသည်။ သူ၏ အတောင်ပံများက တဖျပ်ဖျပ်ခတ်နေကာ အနှောင့်အယှက်ဖြစ်စေသည့် အသံကိုထုတ်နေသည်။
သူ၏ ဝဖိုင့်သောကိုယ်ကို ဆွဲယူ၍ မကောင်းဆိုးဝါး အင်မော်တယ်သခင်ဆီသို့ ပျံသန်းလာသည်။
ရှန်းလျိုရှန့်၏ မျက်လုံးများပြူးကျယ်နေကာ ကောင်းကင်ပေါ်ရှိ ပျံသန်းနေသည့် အရာမှာ ဝက်တစ်ကောင်မဟုတ်ကြောင်းသိရှိသွားသည်။
ဘုန်း...
အောင်းယွဲ့က မြေပြင်ပေါ်သို့ အားအင်ကုန်ခမ်းစွာ ပြုတ်ကျသွားပြီး ဘောလုံးတစ်လုံး အသွင်ဖြင့် ရှန်းလျိုရှန့် ၏ခြေထောက်ဆီသို့ လှိမ့်လာလေသည်။
ရှန်းလျိုရှန့်ကခေါင်းငုံ့၍ အောင်းယွဲ့ကို ကောက်ယူလိုက်ကာ လက်အတွင်း၌ ချီမလိုက်သည်။ အလေးချိန်မှာ မယုံကြည်နိုင်ဖွယ်ရာ ဖြစ်နေသည်ကို သိရှိပြီးနောက် တုံ့ဆိုင်းစွာပြောလာသည်။
"ခုနစ်နှစ်ကြာခွဲခွာပြီးတော့ မင်းရဲ့ သူရဲကောင်းဆန်တဲ့ အသွင်အပြင်ကနေ သနားစရာ ဖြစ်သွားတာပဲ..."
အောင်းယွဲ့က ခွေးသေတစ်ကောင်နှယ် လှုပ်ရှားရန် မလိုလားပေ။
ရှန်းလျိုရှန့်က တစ်စုံတစ်ယောက်အား ရေတစ်ခွက်ယူလာရန် ပြော၍ အောင်းယွဲ့၏ ပါးစပ်ဆီသို့ တိုးပေးလိုက်သည်။ အောင်းယွဲ့က ရေအနည်းငယ်သောက်ပြီးနောက် လည်ချောင်းအတွင်းသို့ ရေအေးများစီးဝင်သွားကာ အသက်ပြန်ရှူနိုင်သွားသည်။
"ကျိုးရွှမ်လန် ဘယ်မှာလဲ...ဒီသခင်က သူနဲ့ စာရင်းရှင်းစရာရှိလို့ ဒီကိုရောက်လာတာ..."
လင်ယဲ့နှင့်တိုက်ခိုက်နေသည့် သေရေးရှင်ရေး အခြေအနေတွင် ကျိုးရွှမ်လန်က နောက်လှည့်၍ လေဟာနယ်သို့ ဝင်ရောက်ပျောက်ကွယ်သွား၍ အောင်းယွဲ့ ထိုအချိန်တွင် ကြက်သေသေသွားခဲ့သည်။ ကောင်းကင်ဖီဆန်သည့် မန္တန်မှ ပြန်လည်သက်သာလာပြီးနောက်တွင် ရုတ်တရက်တုန့်ပြန်ကာ တောင့်တင်းနေသည့် လင်ယဲ့ကို လှည့်ကြည့်လိုက်သည်။
အောင်းယွဲ့က သောကရောက်စွာ ညည်းညူ၍ မူလပုံစံသို့ ပြောင်းလဲကာ ချက်ချင်းပင် နောက်လှည့်မကြည့်ပဲ ထွက်ပြေးလာခဲ့ရ၏။ သူအကြင်နာမဲ့စွာ အသတ်ခံရမည်ဟု ထင်ခဲ့သော်ငြား ချီလင်မြို့သို့ အန္တရာယ်ကင်းစွာ ရောက်ရှိမည်ဟု မမျှော်လင့်ထားခဲ့ချေ။
အတန်ကြာ အနားယူပြီးနောက် အောင်းယွဲ့က တစ်ပတ်လှိမ့်၍ ကျောဖြင့် လဲလျောင်းလိုက်သည်။ မီးခိုးရောင်အမွေးများကို လေတစ်ချက်ဝှေ့သည့်အချိန်တွင် အစာအိမ်မှ အသံမြည်လာသည်။
သူက ရှန်းလျိုရှန့်တစ်ယောက် သူ၏ခေါင်းအား ပွတ်သပ်နေသည်ကို မခုခံပဲ ခွင့်ပြုထားသည်။ ကောင်းကင်ဘုံခွေး၏ ဂုဏ်သိက္ခာပျောက်ကွယ်သွားသည်မှာ ကြာမြင့်လှပြီဖြစ်ပြီး သူကအော်ပြောလာသည်။
"မကောင်းဆိုးဝါးအင်မော်တယ်သခင်...စားစရာရှိတဲ့ နေရာဆီ ငါ့ကို ခေါ်သွားပေး..."
ရှန်းလျိုရှန့်က ခဏမျှ တွေးကြည့်ပြီးနောက်ပြောလာသည်။
"ထျန်းရှန့် မျှော်စင်...အဲဒီမှာ အရသာရှိတဲ့ အစားအစာတွေရှိတယ်..."
အောင်းယွဲ့၏ မျက်လုံးများက ရုတ်ချည်းတောက်ပလာကာ တံတွေးမျိုချမိသွားသည်။ သူက မကောင်းဆိုးဝါးအင်မော်တယ်သခင်၏ အရသာခံနိုင်စွမ်းကို ယုံကြည်သည်။ ချက်ချင်းပင် စိတ်မရှည်စွာ မတ်တပ်ရပ်လိုက်ပြီး သူ၏ကိုယ်လုံးဝဝကြီးကို လှုပ်ခါလိုက်သည်။
သူ၏ ခန္ဓာကိုယ်က အဆပေါင်းများစွာ ကြီးထွားလာပေသည်။
"ငါ့ကျောပေါ်တက်လိုက်..."
ရှန်းလျိုရှန့်က ကျောပေါ်သို့ ခုန်တက်လိုက်သည်နှင့် အောင်းယွဲ့က ကောင်းကင်ပေါ်သို့ ထိုးတက်၍ တိမ်များကြား၌ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်။
လေတိုးဝှေ့မှုကြောင့် ဆံနွယ်များက ရှုပ်ထွေးနေ၍ ဇာမဏီမျက်ဝန်းများကို အနည်းငယ်မှေးကျဉ်းထားရသည်။ အဖြူရောင်တိမ်နှင့် မြူများက သူ့ဘေးပတ်လည်တွင် ဝန်းရံနေလျက် အဆုံးမရှိသော တောင်များကိုမြင်တွေ့နေရသည်။ ရှန်းလျိုရှန့်၏ နဖူးတွင် အနက်ရောင်အစင်းကြောင်းများပေါ်လာသည်။
"ဒါ ဘယ်နေရာလဲ..."
"ငါ မထိန်းနိုင်လို့...နည်းနည်းဝေးဝေးရောက်သွားတာ..."
အောင်းယွဲ့က ခြောက်ကပ်ကပ်ရယ်မော၍ တူညီသောလမ်းအတိုင်း ပြန်လှည့်သွားလိုက်သည်။
.....
အဝေးတစ်နေရာရှိတောင်ထိပ်တွင် ပုံရိပ်လေးတစ်ခုပေါ်လာ၏။
အစိမ်းရောင်ဝတ်ဆင်ထားသော အမျိုးသားက ခါးတွင် စာလိပ်ကိုချိတ်ဆွဲထားသည်။ သူ၏မျက်နှာက ကျောက်စိမ်းကဲ့သို့ သိမ်မွေ့နေ၍ မျက်လုံးများက ရေပြင်ကဲ့သို့ ညင်သာနေလျက် နှုတ်ခမ်းပေါ်တွင် အမြဲတစေ အပြုံးတစ်ပွင့်ရှိနေသည်။ ထိုသူကိုကြည့်ရသည်မှာ နွေဦးလေညှင်းနှယ် လူအများအား သူ့နားကပ်ချင်စိတ်ကို ဖြစ်ပေါ်စေသည်။
ထိုသူ၏နောက်ဘက်ရှိ ထင်းရှူးပင်မှ လေတိုးသံကိုကြားနေရသည်။ လင်ယဲ့က သတိကို လျှော့ချလိုက်၍ ကောင်းကင်ဘုံခွေး၏ကျောပေါ်သို့ပါသွားသော လူငယ်လေအား အပြုံးမျက်လုံးများဖြင့် ကြည့်နေသည်။
သူ့ကိုကြည့်ရတာ ဘာမှသိပ်မဖြစ်သွားပုံပဲ....
သူ ပါ့ဟွမ်သို့သွားသည်မှာ ကျိုးရွှမ်လန်ကြောင့် မဟုတ်သော်ငြား တစ်ဖက်လူကရှိနေသဖြင့် သူကလည်းအခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ပေ။
သို့သော် ထိုအချိန်၌ ကျိုးရွှမ်လန်၏အမူအရာက ရုတ်တရက်ပြောင်းလဲသွားသဖြင့် ရှန်းလျိုရှန့်ထံတွင် တစ်စုံတစ်ခုဖြစ်သွားသည်ဟု သူထင်ခဲ့သည်။ ထို့ကြောင့် ကျိုးရွှမ်လန်ကို မတားပဲလွှတ်ပေးလိုက်ခြင်းဖြစ်သည်။
ကောင်းကင်ဘုံခွေးကို သူ ဦးဆောင်သွားခွင့်ပြုခဲ့ပြီး ၎င်းသွားသည့် နောက်သို့ တစ်လမ်းလုံးလိုက်လာခဲ့သည်။
ရှန်းလျိုရှန့်၏ မျက်နှာ အဆင်ပြေနေသည့်ပုံကို ကြည့်ခြင်းဖြင့် ပုံမှန်မဟုတ်သည်များ မရှိခဲ့ပုံရသည်။ လင်ယဲ့က ဝတ်ရုံလက်များကို ခါ၍ ပျောက်ကွယ်သွားလေသည်။
သူ့ထံတွင် တစ်စုံတစ်ခုကို အရေးတကြီးလုပ်ဆောင်ရန်ရှိနေသည်။ ၎င်းကိစ္စ ပြီးဆုံးသွားချိန်တွင် ထိုသူကို သူ၏ဂိုဏ်းသို့ ပြန်လာခေါ်မည်ဖြစ်သည်။
*******
ထျန်းရှန့် မျှော်စင်တွင် အောင်းယွဲ့က စားပွဲအပြည့် အရသာကောင်းများကို ကြည့်ကာ သူ့နှာခေါင်းက လှုပ်ရွလာပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များကျလာမည့် နှယ် ဖြစ်နေသည်။
"ငါ ဒါတွေကို ထပ်မစားရတော့ဘူးလို့ ထင်ထားတာ... မင်းရဲ့ ရှစ်ရှုန်းက ကြောက်စရာကြီး...သူက အထင်ကြီးဖို့ မကောင်းပေမဲ့ သူ့ရဲ့ ကျင့်ကြံဆင့်က မတရားမြင့်နေတာ..."
ရှန်းလျိုရှန့်က တစ်ဒင်္ဂမျှ ကြက်သေသေနေပြီးမှ သတိပြန်ဝင်လာသည်။
ကျိုးရွှမ်လန် ပြောသည့်သူမှာ လင်ယဲ့ဖြစ်ပုံရသည်။
"သူက ကျိုးရွှမ်လန်ကို သတ်ဖို့အတွက် ပါ့ဟွမ်ကို လာတာလား..".
"ငါလည်း အဲလို ထင်ခဲ့တာပဲ..."
အောင်းယွဲ့က ဦးဆောင်၍ ကြက်ခြေထောက်တစ်ချောင်းကို ယူကာ ပါးစပ်ဖြင့် ကိုက်ဝါးလိုက်သည်။
"ဒါပေမဲ့ ကျိုးရွှမ်လန် ပြန်လာတော့ တစ်ခုခုမှားနေတယ်ဆိုတာ သိသွားတာ...လင်ယဲ့က ပါ့ဟွမ်မှာ တစ်ခုခု လာရှာတဲ့ပုံပဲ...ဒါပေမဲ့ ကျိုးရွှမ်လန်ကို မြင်တော့ သူ့ရည်ရွယ်ချက်ကို ယာယီ ပြောင်းလဲလိုက်တာထင်တယ်..."
ရှန်းလျိုရှန့်က မျက်မှောင်ကြုတ်လိုက်သည်။ အောင်းယွဲ့က အရိုးကို ချ၍ မေးလာသည်။
"မင်းပြောတော့ နတ်ဆိုးမြို့တော်ကို စောစောသွားမယ်ဆို...ဘယ်အချိန်လောက် သွားမှာလဲ..."
ရှန်းလျိုရှန့် : "မနက်ဖြန်..."
နတ်ဆိုးမြို့တော်က နတ်ဆိုးနယ်မြေတွင် အစည်ကားဆုံးသော မြို့တော်ကြီးဖြစ်၍ မဟာနတ်ဆိုးဘုရင်၏ ပိုင်နက်ဖြစ်သည်။ မကြာမီကပင် နတ်ဆိုးမြို့တော်က အလွန်အသက်ဝင်နေလျက်ရှိသည်။ နတ်ဆိုးမင်းသမီးယောင်မုန့်ယွဲ့၏ လက်ထပ်မည့်သတင်းက နတ်ဆိုးနယ်မြေတွင် ပျံ့နှံ့နေပြီး လူအများစုက သူမကို ဂုဏ်ပြုရန်လာကြခြင်းဖြစ်သည်။
ရှန်းလျိုရှန့်က စာလိပ်ရှာရန်သွားမည်ဖြစ်ပြီး ၎င်းနှင့် တိုက်ဆိုင်သွားခြင်းသာဖြစ်သည်။
အောင်းယွဲ့က ပြောလာသည်။
"ကောင်းတယ်...ငါလည်းသွားပြီးတော့ နတ်ဆိုးနယ်မြေရဲ့ မင်းသမီးလေးနဲ့ လက်ထပ်ဖို့ ဘယ်သူက ထိုက်တန်လဲ ဆိုတာသွားကြည့်ရမယ်..."
သူ ငယ်စဉ်က ဒဏ်ရာရသည့် အချိန်တွင် ယောင်မုန့်ယွဲ့က ကယ်တင်ခဲ့ဖူးသဖြင့် သူမ၏ ကြင်နာမှုကို သူ အမြဲမှတ်မိနေခဲ့သည်။ စင်စစ်တွင် ယောင်မုန့်ယွဲ့က လက်မထပ်ချင်သော်ငြား ဖိအားပေး လက်ထပ်ခိုင်းသည်ဟု ကြားသဖြင့် နတ်ဆိုးမြို့တော်သို့သွားရန် သူ ချက်ချင်း ဆုံးဖြတ်ခဲ့သည်။
"တကယ်လို့ သူ လက်မထပ်ချင်ဘူးဆိုရင် မဟာနတ်ဆိုးဘုရင်ရဲ့ မျက်စိအောက်ကနေ သူ့ကို တိတ်တိတ်လေး ခေါ်သွားမယ်..."
ရှန်းလျိုရှန့်က မေးစေ့ကိုထိ၍ပြောလာသည်။
"ငါရော အဲလိုလုပ်ချင်လောက်တယ်..."
"မင်းကဘာလို့လဲ..."
အောင်းယွဲ့က စဉ်းစားပြီးနောက် မျက်လုံးပြူးလာသည်။
"ဒါ ဒါက မင်းသမီးကို ကြိုက်နေတယ်လို့ မပြောနဲ့နော်...မင်းက သူ့ကို သတ်မိလိမ့်မယ်..."
"ဟမ်..."
ရှန်းလျိုရှန့်က ခဏမျှ ကြက်သေသေနေသည်။
"ငါ မကြိုက်ပါဘူး..."
အောင်းယွဲ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် ပေါင်တစ်ချောင်းကို ယူကိုက်ကာ သူ၏ထိတ်လန့်မှုကို ဖိနှိပ်လိုက်သည်။
"အဲဒါကောင်းတယ်..."
ဆည်းဆာရောက်ချိန်တွင် ရှန်းလျိုရှန့်က မယုံနိုင်သော အမူအရာဖြင့် ထျန်းရှန့် မျှော်စင်မှထွက်လာသည်။ သူက အစားလွန်နေသော ခွေးလေးကို လက်နှစ်ဖက်ဖြင့် ပိုက်လျက် အိမ်သို့ဖြေးညှင်းစွာပြန်လာလေသည်။
ကျိုးရွှမ်လန်က စာကြည့်ဆောင်တွင် ကိစ္စရပ်များကို ဆွေးနွေးနေဆဲပင်။ သူက နတ်ဆိုးမြို့တော်သို့ ရှန်းလျိုရှန့်နှင့်အတူ လိုက်မည်ဖြစ်၍ လက်အောက်ငယ်သားများအား ကိစ္စရပ်များ လက်လွှဲပေးရန်ရှိနေသဖြင့် ဤအချိန်၌ အလွန် အလုပ်ရှုပ်နေသည်။
ရှန်းလျိုရှန့်က ခဏမျှ စဉ်းစားပြီးနောက် ကျိုးရွှမ်လန်ကို မနှောင့်ယှက်စေရန် အောင်းယွဲ့အား စာကြည့်ဆောင်အပြင်ဘက်တွင် ထားခဲ့လိုက်သည်။
သူ အနောက်ဘက်ခြံဝင်းသို့ သွားကာ သိုလှောင်အိတ်တွင်း၌ အဝတ်အစားများရှိနေသဖြင့် ရေချိုးဆောင်သို့ ဦးတည်လိုက်သည်။ သူ ယမန်နေ့ညက ကောင်းကောင်းအိပ်မပျော်သဖြင့် ရေချိုးပြီးနောက် စောစောအိပ်ရန် စီစဉ်ထားလေသည်။
ရှန်းလျိုရှန့်က အဝတ်အစားများကို ခန်းစီးပေါ်သို့ တင်၍ သိုလှောင်အိတ်ကို ထုတ်ကာ ဘောင်ပေါ်သို့ တင်လိုက်သည်။ ထို့နောက်တွင် လှည့်၍ ရေချိုးကန်အတွင်းသို့ ဝင်လိုက်ချိန်တွင် အဖြူရောင်မြူများက သူ့ကို ဖုံးလွှမ်းသွားသည်။ စိုရွှဲသွားသော အဝတ်များကို ချွတ်၍ ရေချိုးကန် ဘောင်ပေါ်သို့ တင်လိုက်သည်။
ရေချိုးကန်အတွင်းမှ ရေများကနွေးနေ၍ ဝိညာဉ်ဆေးပင် ရနံဖျော့ဖျော့က လွင့်မျောနေသည်။
ရှန်းလျိုရှန့် တစ်ကိုယ်လုံးနွေးထွေးမှုတွင် နစ်မြုပ်နေသည်။ ရေထဲ၌ အတန်ကြာနေပြီးနောက် အိပ်ချင်လာသဖြင့် သူက သမ်းဝေလျက် ထရန်ပြင်လိုက်ချိန်တွင် ပူလောင်မှုတစ်ခုက ခန္ဓာကိုယ်တွင်းမှ ရုတ်ချည်း ထိုးထွက်လာသည်။
ရှန်းလျိုရှန့်က ခဏမျှ ကြက်သေသေနေကာ သူ၏ ခန္ဓာကိုယ်က အနည်းငယ်အားနည်းလာသည်။ ရေထဲမှ လက်မြောက်၍ ခန်းစီးကို မူးဝေစွာကြည့်လျက် အတွင်းဝတ်ကို လှမ်းယူလိုက်သည်။
သူက မတ်တပ်ရပ်လိုက်၍ အတွင်းဝတ်ကို ဦးစွာ ဝတ်ဆင်လိုက်ပြီး ခါးစည်းကြိုးချည်နေချိန်တွင် သူ့လက်ချောင်းများက အနည်းငယ် တုန်ယင်နေသည်။
အနီရောင်အမှတ်အသားများ လည်ဂုတ်မှ ထိုးထွက်လာသည်။
ရှန်းလျိုရှန့်က လက်တစ်ဖက်ကို ဘောင်ပေါ်တင်၍ မျက်လုံးများက အနီရောင်သို့ပြောင်းလဲသွားသည်။ နှုတ်ခမ်းကို ကိုက်လျက် ရေစက်များဖုံးနေသည့် လက်ဖြင့် သိုလှောင်အိတ်ကို လှမ်းဆွဲလိုက်သည်။ အိတ်အတွင်း၌ အတန်ကြာမွှေနှောက်ပြီးနောက်ဆုံး၌ တစ်စုံတစ်ခုကို ဖမ်းမိသွားသည်။
ရှန်းလျိုရှန့်က အသက်ဖျော့ဖျော့ရှူနေ၍ ရေစိုနေသည့် အနက်ရောင်ဆံနွယ်များက ပါးပြင်ဖြူဖြူတွင် ကပ်ငြိနေသည်။လက်ချောင်းများ အနည်းငယ်တင်းကြပ်၍ ဝိညာဉ်စွမ်းအားကို ကျောက်စိမ်းပြားအတွင်းသို့ သွင်းလိုက်သည်။
အစိမ်းရောင် အလင်းတစ်ချက် လက်သွားသည်။
ရှန်းလျိုရှန့်၏ အသံက အနည်းငယ်အက်ကွဲနေသည်။
"ငါ ရေချိုးဆောင်ထဲမှာ...မင်းမြန်မြန်လေးလာနိုင်လား..."
ကူပိုးကောင်က တစ်ကိုယ်လုံးကို အားနည်းစေ၍ သတိအာရုံကို ဝေဝါးလာစေသည်။ သွားကြားမှ ညည်းညူသံကို သူ မထိန်းနိုင်ခဲ့ပေ။ သူ့အသံမှာ တုန်ယင်နေလျက် အသက်ကယ် ကောက်ရိုးမျှင်ကဲ့သို့ အော်လိုက်သည်။
"ကျိုးရွှမ်လန်..."
ကျောက်စိမ်းပြား၏ အခြားတစ်ဖက်က ကြာမြင့်စွာ တိတ်ဆိတ်နေသည်။ သတိမရှိသော ရှန်းလျိုရှန့်ပင် ထူးဆန်းနေကြောင်းသတိထားမိသွားသည်။
သူက ခေါင်းခါလိုက်ချိန်တွင် စိုစွတ်နေသော အနက်ရောင်ဆံနွယ်များက ကျောဘက်တွင် ကပ်ငြိနေသည်။ သူ့မျက်လုံးများက အနည်းငယ်ရှုပ်ထွေးနေကာ ကျောက်စိမ်းပြားကို စိုက်ကြည့်၍ ဆက်ပြောရန်ပြင်လိုက်သည်။
ဘုတ်...
ကျောက်စိမ်းပြားက ကြမ်းပြင်ပေါ်သို့ ကျသွားကာ အစိမ်းရောင်အလင်းက ချက်ချင်းမှိန်ဖျော့သွားသည်။
ရှန်းလျိုရှန့်၏ စိတ်ထဲတွင် တဒုန်းဒုန်းမြည်နေသည်။ 'ဧကရာဇ်' ဟူသည့် စကားလုံးကို ကျောက်စိမ်းပြားပေါ်၌ မြင်လိုက်ရချိန်တွင် ရှုပ်ထွေးနေသည့် အာရုံများက ထိတ်လန့်သွားသဖြင့် အနည်းငယ် အမူးပြေသွားသည်။
သူက ခဏမျှ ရပ်တန့်သွားကာ ရေချိုးကန်အတွင်းသို့ နစ်မြုပ်သွား၍ ထပ်မံမပေါ်လာရန် စဉ်းစားလိုက်သည်။
သို့သော် ခန္ဓာကိုယ်အတွင်းမှ အပူက ပို၍ပို၍ ပြင်းလာသည်။ ရှန်းလျိုရှန့်၏ မျက်လုံးများနီရဲလာလျက် သိုလှောင်အိတ်ကို ထပ်မံမွှေနှောက်ချိန်တွင် ကျောက်စိမ်းပြားတစ်ခုကို ရှာတွေ့သွားသည်။
အလင်းတစ်ချက်လက်သွားကာ အတွင်းမှ အနိမ့်သံတစ်ခု ထွက်လာသည်။.
"ရှစ်စွမ်း...ဘာဖြစ်လို့လဲ..."
ရှန်းလျိုရှန့်က မြေပြင်ပေါ်ရှိ အခြားကျောက်စိ
မ်းပြားတစ်ခုကို ကြည့်လိုက်ရာ ၎င်းက ထပ်မံလင်းလာ၍ လေထဲတွင် ဖြေးညှင်းစွာ မျောနေသည်ကို တွေ့လိုက်ရသည်။ သူ၏အသံ၌ အဆုံးမရှိသော ဝမ်းနည်းမှုများ ပြည့်နှက်သွားသည်။
"ရေချိုးဆောင်ကို လာပြီး ငါ့အလောင်းကိုလာကောက်... မဟုတ်ဘူး...ငါတို့ နှစ်ယောက်လုံးရဲ့ အလောင်း..."