အပိုင်း ၁၀၅
Viewers 23k

Chapter 105



ရှန့်ချီတောင် ဧကရာဇ်နန်းတော်တွင်...


ညလင်းပုလဲများကြောင့် အခန်းအတွင်း၌ နေ့အချိန်ကဲ့သို့ လင်းထိန်နေလျက်ရှိသည်။ ကျောက်စိမ်းပြား ကိုင်ထားသော ပုံရိပ်က စာအုပ်စင်ရှေ့တွင် ရပ်နေသည်။ ထိုရှည်သွယ်သောပုံရိပ်က အဖြူရောင်ဝတ်ဆင်ထား၍ ရွှေသရဖူကို ပန်ဆင်ထားသည်။


အခြားတစ်ဖက်မှ လှုပ်ရှားမှုမရှိ၍ သေချင်ယောင်ဆောင်နေကြောင်းကို တွေ့သောအခါ တိယွင်ယွီက မျက်မှောင်ကြုတ်လိုက်သည်။ ကျောက်စိမ်းပြားကို အတန်ကြာစိုက်ကြည့်နေပြီးနောက် ဝတ်ရုံလက်ကိုခါ၍ အခန်းမှ ထွက်လာခဲ့သည်။


သူ နတ်ဆိုးနယ်မြေကို သွားရမယ်...


တံခါးအပြင်ဘက်တွင် ဒုက္ခရောက်နေပုံရသော ပုံရိပ်တစ်ခုက စိတ်မရှည်စွာ မရပ်မနားရှေ့နောက် လျှောက်နေလျက်ရှိသည်။


"ဒီမှာ ဘာလုပ်နေတာလဲ..."


"အမ်..."

ရုတ်တရက် အသံကြားလိုက်ရခြင်းကြောင့် ရှုရှင်းချန်က လှည့်၍ ထိတ်လန့်နေသော အမူအရာဖြင့် တံခါးဘက်သို့ကြည့်လာသည်။ 

"ခမည်း...ခမည်းတော်က အခုထိ အနားမယူရသေးဘူးလား..."


တိယွင်ယွီ : "ကိုယ်တော့်ဆီက ဘာလိုချင်လို့လဲ..."


ရှုရှင်းချန် တံခါးအပြင်ဘက်တွင်ရှိနေသည်မှာ နာရီဝက်ခန့်ကြာမြင့်နေပြီဖြစ်သည်။ အကြိမ်ပေါင်းများစွာ တံခါးခေါက်ရန်ကြိုးစားခဲ့သော်ငြား ယခုအချိန်က ဧကရာဇ်၏အနားယူချိန်ဖြစ်နေသဖြင့် မနှောင့်ယှက်ရဲသောကြောင့် ဒေါသဖြစ်စွာလက်ပြန်ရုတ်ခဲ့ရလေသည်။


ရှုရှင်းချန်က တိယွင်ယွီကို ကြည့်၍ပြောလာသည်။


"ချီလင်မြို့မှာ တစ်ခုခုဖြစ်နေတယ်လို့ ကျွန်တော်ကြားခဲ့တယ်...အဲဒီမှာရှိတဲ့ ဧကရာဇ်နန်းတော်က သူတွေ အဆင်ပြေလားသိချင်လို့ပါ...ကျန်းမြောင်မြောင်တို့ ကျင်းရှောင်ကျို့တို့...အဆင်ပြေကြရဲ့လား..."


သူ နန်းတော်သို့ ပြန်ရောက်သောအခါ ချီလင်မြို့ကြီး ပရမ်းပတာဖြစ်နေသည်ဟု သတင်းပိတ်ဆို့ထားသည့် ကြားမှ အနည်းငယ် ကြားခဲ့ရသည်။


ရှုရှင်းချန်က လူအများစုကို ဆင့်ခေါ်၍ မေးမြန်းသော်လည်း အားလုံးက မင်းသားလေးရှန်း အဆင်ပြေပါသည်ဟူ၍သာ ဖြေကြားခဲ့သည်။ သို့သော် သူအနည်းငယ် စိတ်မသက်မသာ ခံစားနေရဆဲဖြစ်သည်။ နောက်ပိုင်းတွင် ခမည်းတော်၏ဝိညာဉ်တစ်ပိုင်းတစ်စက နတ်ဆိုးနယ်မြေသို့ သွားသည်ဟုသတင်းကြားခဲ့ရသည်။ ဧကရာဇ်က ပို၍ ကောင်းကောင်းသိနိုင်သဖြင့် ဤနေရာသို့ သူလာကာ အတန်ကြာ တုံ့ဆိုင်းနေခြင်းဖြစ်သည်။


ရှုရှင်းချန်က ခမည်းတော်ပြောသမျှကို ယုံကြည်သည်။


သို့ရာတွင် သူမေးလိုက်သောအခါ တစ်ဖက်မှ တည်ငြိမ်စွာပင် "ဘာမှမဖြစ်ဘူး" ဟုပြောလာခဲ့သည့်။ သို့ရာတွင် တိယွင်ယွီ၏ အမူအရာမှာ ထူးဆန်းနေမည်ဟု သူမထင်ထားခဲ့ချေ။


ရှုရှင်းချန်၏ နှလုံးခုန်နှုန်း လွဲချော်သွား၍ အလျင်စလိုမေးလာသည်။

"ကျွန်တော့် အစ်ကိုတော်ဆီမှာ တစ်ခုခုဖြစ်သွားလို့လား..."


တိယွင်ယွီက ပြန်မဖြေပေ။ သူ၏အကြည့်များက ရှုရှင်းချန်အပေါ်သို့ ကျရောက်လာကာ အတန်ကြာစိုက်ကြည့်ပြီးနောက် ရုတ်တရက်ပြောလာသည်။


"မင်း ဧကရာဇ်ဖြစ်ချင်လား..."


ရှုရှင်းချန်၏ အမူအရာက ပြောင်းလဲသွားကာ သူ၏ နှလုံးမှာ ပြင်းပြင်းထန်ထန် ခုန်ပေါက်လာသည်။


သူ ဤပြဿနာကို မည်သို့သောအခါမျှ မတွေးခဲ့ဖူးပေ။


အတိတ်တွင် နန်းတွင်း၌ ဆက်ခံသူတစ်ဉီးတည်းသာရှိသဖြင့် လူတိုင်းက သူသာလျှင် နောက်တက်မည့်ဧကရာဇ် သေချာပေါက်ဖြစ်လာမည်ဟုထင်ခဲ့သည်။ ရှုရှင်းချန်ကိုယ်တိုင်လည်း ထိုသို့ တွေးထင်ခဲ့သည်။


သူ ဧကရာဇ်ဖြစ်ချင်သလား ဟူသည့် မေးခွန်းအတွက်မူ ရှုရှင်းချန် မစဉ်းစားခဲ့ဖူးပေ။ သူဖြစ်သင့်သည် ဟူ၍သာ စဉ်းစားခဲ့သည်။ ထို့နောက် ရှန်းလျိုရှန့်ပေါ်လာခြင်းက ခေါင်းကို ထိုးနှက်ခံလိုက်ရသည့်နှယ်ပင်။ သူပိုင်ဆိုင်သင့်သည့်အရာကို ရှေ့လျှောက် သူ မပိုင်ဆိုင်နိုင်တော့ချေ။


ရှုရှင်းချန်က တိတ်ဆိတ်သွားသည်။


တိယွင်ယွီက လက်များကို နောက်ပစ်၍ ခံစားချက်မဲ့စွာ ပြောလာသည်။


"ဧကရာဇ်ဖြစ်ဖို့ ဘယ်သူက ပိုသင့်တော်တယ်လို့ထင်လဲ...မင်းလား...ရှန်းလျိုရှန့်လား..."


ရှုရှင်းချန်က အတန်ကြာ ကြက်သေသေသွားပြီးနောက်တွင် တုံဆိုင်းစွာ ပြောလာသည်။

"ရှန်းလျိုရှန့်..."


ခမည်းတော်က သူကို ရှန်းလျိုရှန့်ထံမှ သင်ယူသင့်သည်ဟု ပြောခဲ့ဖူးသဖြင့် သူ့ထံတွင် အားနည်းချက်ရှိနေ၍ ဖြစ်မည်။ ရှုရှင်းချန်က စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သူ၏ အမူအရာကလည်း မလိုလားသည့်ပုံဖြစ်နေလျက် မျက်လုံးများတွင် အထီးကျန်မှု တစ်စွန်းတစ်စရှိနေသည်။


တိယွင်ယွီက သူ၏အမူအရာကိုကြည့်၍ မည်သို့မျှ ဝေဖန်ခြင်းမရှိစွာ ပြောလာခဲ့သည်။


"ဘယ်သူက ဧကရာဇ်ဖြစ်ဖြစ် အရေးမကြီးဘူး...သူက သုံးလောကကို ညီတူညီမျှနဲ့ သမာသမတ်ကျကျ ဆက်ဆံရမယ်...ဒီလိုလုပ်နိုင်ဖို့ ကွာခြားမှုဆိုတဲ့စကားလုံးကို ထိန်းချုပ်နိုင်ရမယ်...အဲဒါက လူတိုင်းနဲ့ အရာရာတိုင်းအပေါ်မှာ သက်ရောက်နေတယ်..."


"မင်းရဲ့ အတိုင်းတာကို ဆုံးရှုံးသွားတာနဲ့ အဆုံးမရှိတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်..."


စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် တိယွင်ယွီက အနည်းငယ်စိတ်ရှုပ်ထွေးနေသည့် ရှုရှင်းချန်ကို ချန်ခဲ့၍ တိတ်ဆိတ်နေသောအခန်းမှ အလျင်အမြန်ထွက်လာခဲ့သည်။


ကြယ်မီးအိမ်က ကြမ်းပြင်၏ အလယ်တွင်တည်ရှိနေသည်။ တိယွင်ယွီက လက်ချောင်းများကို ၎င်းအပေါ်သို့ တင်လိုက်သောအခါ မီးစာက မီးတောက်များနှင့် ချက်ချင်းလောင်ကျွမ်းသွားသည်။ ဇာမဏီငှက်မွှေးတစ်ခု ပေါ်လာပြီး ၎င်းပေါ်ရှိအမှတ်အသားများက မီးတောက်များကြားတွင် လှုပ်ယမ်းနေသည်။


တိယွင်ယွီက လက်ကို ဆန့်ထုတ်၍ ၎င်းကို ဆုတ်ကိုင်လိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။


.....


အောင်းယွဲ့က လုံလုံလောက်လောက် စားသောက်ပြီးစီးသဖြင့် လျှောက်လမ်းပေါ်တွင် လဲလျောင်းလျက် လေအေးတစ်ချက် မတိုက်ခတ်သွားမီအချိန်အထိ အေးချမ်းစွာ အိပ်ပျော်နေသည်။ မျက်လုံးများဖွင့်လိုက်ချိန်တွင် အကြောင်းတစ်ချို့ကြောင့် တံခါးပွင့်ဟနေကာ အတွင်းမှမီးရောင်ကြောင့် လျှောက်လမ်းကြမ်းပြင်၌ လင်းထိန်သွားသည်။


လော့ယွီနှင့် အခြားသူများက သူ့ကိုမြင်သည့်အခါ အရှိန်လျှော့ချလိုက်သည်။ သူတို့ကနေရာတွင် မရှိတော့သည့် ကျိုးရွှမ်လန်နောက်သို့ လိုက်နေကြခြင်းဖြစ်သည်။


လူစုကြီးက ကြမ်းပြင်ပေါ်ရှိ ကောင်းကင်ဘုံခွေးကို မြင်သောအခါ တစ်ဒင်္ဂမျှ ကြက်သေသေသွားကြသည်။

"သခင်အောင်းယွဲ့..."


အောင်းယွဲ့ : "သူက ဘယ်နေရာကို ဒီလောက်တောင် အလျင်စလို သွားနေတာလဲ..."


လော့ယွီ : "နတ်ဆိုးဘုရင်မ ...အဟမ်း...ရှန်းလူကြီးမင်းက တစ်ခုခုဖြစ်သွားလို့ပါ..."


*****


ကျိုးရွှမ်လန်၏ ပုံရိပ်က ရေချိုးဆောင်၏ အပြင်တွင်ပေါ်လာသည်။ သူကပိတ်ထားသော တံခါးကို ကြည့်၍ တွန်းဖွင့်ရန် လက်မြောက်လိုက်သည်။ 


ရေငွေ့များ ပျံနှံ့နေ၏။


ညလေညှင်းအေးအေးက အခန်းအတွင်းသို့ တိုက်ခတ်သွား၍ အတွင်းမှ မှိန်ဖျော့သော မွှေးရနံ့ကို သယ်ဆောင်လာသည်။


ကျိုးရွှမ်လန်က လက်ထဲရှိ ကျောက်စိမ်းပြားကို ဆုပ်ကိုင်ထားလျက် မျက်နှာမှာ အနည်းငယ်တောင့်တင်းနေသည်။ ကျောက်စိမ်းပြားမှ ထွက်ပေါ်လာသည့်အသံမှာ ညည်းညူသံတိုတိုးနှင့် ရောနှောနေခဲ့သဖြင့် အချစ်ပန်းကူပိုးကောင်ကြောင့် ဖြစ်မည်ဟုထင်ခဲ့သည်။ သို့သော် ရှစ်စွမ်းက အချို့သော အကြောင်းပြချက်များကြောင့် အလောင်းလာကောက်ရန် ပြောလာသည်။ 


ကျိုးရွှမ်လန် မျက်မှောင်ကြုတ်ကာဝင်လာလိုက်သည်။


ထိုနေရာ၏ အပြင်ခန်းတွင် ရေအေးကန်တစ်ခုရှိကာ ကျောက်စိမ်းရေဘုံပိုင်ခေါင်းမှ သန့်စင်သည့်ရေအေးများ တဖွဲဖွဲကျနေသည်။ သူကတစ်ချက်ကြည့်လိုက်ချိန်တွင် မည်သူမျှ ရှိမနေသဖြင့် အတွင်းခန်းသို့ ဉီးတည်သွားလိုက်သည်။


ပါးလွှာသော ခန်းစီးက တံခါးကြားတွင် လေပြည်ညှင်းကြောင့် ဘယ်ညာ ယိမ်းခါနေသည်။


ကျိုးရွှမ်လန်က လက်တစ်ဖက်ဖြင့် ခန်းစီးကို ဖွင့်ကာ အတွင်းရှိမြင်ကွင်းကို ဖော်ထုတ်လိုက်သည်။


ရေခိုးရေငွေ့များက ရေနွေးကန်အပေါ်တွင် လွင့်မျောနေသည်။ ရေထဲ၌ မည်သူမျှရှိမနေသော်ငြား ရေပြင်ပေါ်တွင် ရေလှိုင်းအချို့ရှိနေသည်။ သိသာစွာပင် ထိုရေလှိုင်းများအားဖြစ်စေသူမှာ မကြာမီအချိန်က ထွက်သွားခဲ့ခြင်းဖြစ်မည်။


ရေကန်ဘောင်ပေါ်တွင် ရေစက်များက တစ်စက်ချင်းစီးကျသွားခဲ့ပုံရသည်။ ၎င်းက ကြီမားနူးညံ့သော ခန်းဆီးဘက်သို့ ဦးတည်နေသည်။


ကြမ်းပြင်ပေါ်ရှိ ပိန်ပါးသော ပုံရိပ်လေးက ခန်းစီးကိုမှီ၍ ထိုင်နေကာ သူ၏အတွင်းဝတ်မှာ စိုစွတ်နေသဖြင့် ခန္ဓာကိုယ်တွင် ကပ်နေသည်။


ရှန်းလျိုရှန့်က သူ၏ဒူးများကို လက်ဖြင့်ပိုက်ထားသည်။ အတွင်းဝတ်မှာလည်း အလျင်စလို ဝတ်ဆင်ခဲ့ရသဖြင့် ရှုပ်ထွေးလျော့ရဲနေကာ တစ်ဝက်ပေါ်နေသော ခြေသလုံးများက ကျောက်စိမ်းကဲ့သို့ ဖြူဝင်းနေသည်။ အေးစက်စက် ကြမ်းပြင်ပေါ်တွင် ခြေဗလာဖြင့်နင်းထား၍ ခြေချောင်းများက အနည်းငယ် ပန်းရောင်သန်းနေခဲ့သည်။


အနက်ရောင်ဆံနွယ်များက ရှုပ်ပွနေကာ အနောက်ဘက်တွင် ဖြန့်ကျဲထားသည်။ သူကထိုင်ချထားသဖြင့် ခါးထိရှည်သော ဆံနွယ်များက ကြမ်းပြင်ပေါ်သို့ ကျနေ၍ ဘေးပတ်လည်တွင် ရေစက်များလမ်းကြောင်းအနေနှင့် ကျန်ခဲ့သည်။


ကျိုးရွှမ်လန်က ခဏမျှ ကြက်သေသေသွားသည်။

"ရှစ်စွမ်း..."


ရှန်းလျိုရှန့်က မတုံ့ပြန်ပေ။ လက်ချောင်းသွယ်သွယ်များက ကျောက်စိမ်းပြားကို ဆုပ်ကိုင်ထားကာ မျက်နှာကို ဒူးများကြားတွင် နစ်မြုပ်ထားသည်။


အနီးကပ်ကြည့်လျှင် ပုံရိပ်လေးမှာ တုန်ယင်နေသည်။


ကျိုးရွှမ်လန်က သတိပြန်ဝင်လာကာ ရှန်းလျိုရှန့်ဆီသို့ ခပ်မြန်မြန် လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်လျက် ရေစက်များနှင့် လက်လေးအား ဆုပ်ကိုင်လိုက်သည်။ ပုံမှန်မဟုတ်သော အပူချိန်ကို သတိထားမိသဖြင့် သူ မျက်မှောင်ကြုတ်လိုက်မိသည်။


သူက ရှန်းလျိုရှန့်၏ အနက်ရောင်ဆံနွယ်များကို ဘေးဖယ်၍ လည်ပင်းအနောက်ဘက်သို့ကြည့်လိုက်သဖြင့် အရေပြားအောက်တွင် နီရဲနေသည်ကို တွေ့လိုက်ရသည်။


ထူးဆန်းသောပုံစံနှင့် အချစ်ပန်းကူပိုးကောင်က သက်ရှိတစ်ကောင်နှယ် ၎င်း၏လိပ်ဝင်နေသော ပွင့်ဖတ်များက ဆန့်ထွက်လာပြီး ကျောက်စိမ်းကဲ့သို့ အသားအရေပေါ်၌ ပွင့်လန်းလာနေသည်။


အသက်ရှူ မှားလောက်အောင် လှတယ်....


ကျိုးရွှမ်လန်က မျက်လွှာချ၍ စိုစွတ်နေသော လည်ဂုတ်ပေါ်သို့ လက်ချောင်းများ တင်လိုက်သည်။ သူ့ နဂါးသွေးများကျဆင်းစေရန် အသားကို ကုတ်ဆွဲလိုက်သည်။


ထိုအချိန်တွင် ရှန်းလျိုရှန့်က ခေါင်းမော့လာသည်။

သိမ်မွေ့နူးညံသော ပါးပြင်လေး ပေါ်လာကာ ကျိုးရွှမ်လန်၏ မျက်လုံးအတွင်းတွင် အလင်းပြန်နေသည်။ တောက်ပသော အလင်းရောင်အောက်တွင် သလင်းကျောက်သဏ္ဍာန် ရေစက်များက အလင်းဖျော့ဖျော့ တောက်ပနေလျက် ဖြူသော မျက်နှာထက်တွင် စီးကျနေသည်။


ထိုသူက ယခုလေးတင် ငိုထားပုံရသည်။ ဇာမဏီမျက်လုံးများက စိုစွတ်ကာ နီရဲနေကာ မျက်လုံးထောင့်တွင် မျက်ရည်စများ ကျန်ရှိနေသည်။ 


ကျိုးရွှမ်လန်က အသက်ရှူမှားသွားကာ ခပ်နှေးနှေးပြောလာသည်။

"ရှစ်စွမ်း...ဘာဖြစ်လို့လဲ..."


ကျိုးရွှမ်လန်က အန်းချင်ကို မေးခဲ့ရာ ကူပိုးကောင်အမေ၏ ထိန်းချုပ်မှု မရှိသော ကူပိုးကောင်ငယ်၏ အပြုအမူများကို မခန့်မှန်းနိုင်ကြောင်းနှင့် မည်သူမျှ ၎င်း၏တုံ့ပြန်မှုကို မဖော်ထုတ်နိုင်ကြောင်း တစ်ဖက်မှ ဖြေကြားလာသည်။


ဤတစ်ကြိမ်၌ ရှန်းလျိုရှန့်၏ အခြေအနေမှာ ယခင်အကြိမ်များနှင့် လုံးလုံးကွားခြားနေသည်။


ကျိုးရွှမ်လန်က အလျင်စလို မလှုပ်ရှားရဲပေ။ သူက ဆောင့်ကြောင့်ထိုင်လျက် ရေစိုနေသဖြင့် ပါးတွင် ကပ်ငြိနေသော ဆံနွယ်များကို နားနောက်သို့ သပ်တင်ပေးလိုက်သည်။ ထို့နောက် လှပသော ဇာမဏီမျက်လုံးများကို ကြည့်ကာ ချော့မြှူနေပုံနှင့် ခေါ်လာသည်။


"ရှစ်စွမ်း..."


ရှန်းလျိုရှန့်က သူ့အား အတန်ကြာ ကြောင်ကြည့်နေခဲ့ပြီးနောက် ရှည်လျားနက်မှောင်သော မျက်တောင်များ လှုပ်ခတ်သွားကာ နိုးကြားလာပုံရသည်။


သူက လက်များဆန့်ထုတ်ကာနီးကပ်နေသော ပုံရိပ်လေးကို ချိတ်တွယ်၍ ရှေ့သို့ မှီတွယ်လာသည်။ သူ၏လက်များက ကျိုးရွှမ်လန်၏ လည်ပင်းတွင် ရစ်ပတ်ထားကာ ခေါင်းအနည်းငယ်နှိမ့်၍ သူ၏ပါးများကို တစ်ဖက်သူ၏ လည်တိုင်ဘေး၌ မြှုပ်နှံထားသည်။


သူ၏ ပုံစံမှာ နာခံနေကာ နှစ်သိမ့်မှုတောင်းခံရန် ကျိုးရွှမ်လန်အား ဖက်ထားပုံရသည်။


ကျိုးရွှမ်လန်၏ ပုံရိပ်မှာ တောင့်တင်းသွားကာ လက်ကိုမြောက်၍ ပျော့ပျောင်းသော ခါးလေးကို ကိုင်လိုက်သည်။ နူးညံသော အထိအတွေ့ကို စိုစွတ်သော အဝတ်အစားများကို ဖြတ်၍ ခံစားနေရသည်။


ရှစ်စွမ်းက သူ၏လက်မောင်းများအတွင်းသို့ ကိုယ့်ကိုယ်ကို ပစ်ဝင်လာကြောင်း အတန်ကြာမှ သတိပြုမိသွားသည်။


ကျိုးရွှမ်လန်၏ လက်ချောင်းများက အနည်းငယ် တင်းကြပ်သွားကာ နှလုံးခုန်သံမှာ ယခင်ကထက် ပို၍ ပြင်းလာသည်။ ရှန်းလျိုရှန့်က စိုစွတ်သော အဝတ်အစားများဝတ်ဆင်ထား၍ အနည်းငယ်အေးစက်နေသည်ဟု ခံစားရသော်ငြား ပူပြင်းသောအော်ရာကို ထုတ်ပေးနေသည်။


တိတ်တဆိတ်ပင် ရှန်းလျိုရှန့်က သူ့အား လွတ်လမ်းမရှိ ရစ်ပတ်ထားခဲ့သည်။

"ရှစ်စွမ်း..."


ကျိုးရွှမ်လန်၏ မျက်လုံးများက နက်မှောင်လာကာ လက်မောင်းအတွင်းရှိသူအား တင်းတင်းကြပ်ကြပ် ဖတ်ထားလိုက်သည်။


ဒါက ရှစ်စွမ်းရဲ့ မူရင်းရည်ရွယ်ချက် မဖြစ်နိုင်ဘူး...ကူပိုးကောင်ဆီကနေ လှည့်စားခံနေရတာ ဖြစ်မယ်...


ကျိုးရွှမ်လန်က လက်သီးတင်းတင်းဆုပ်ထားမိသည်။ ရှန်းလျိုရှန့်ကိုယ်မှ မွှေးရနံဖျော့ဖျော့ကို ရသောအခါ သူ့မျက်လုံးများက ပို၍ပို၍ နက်မှောင်လာသည်။


သူ အသက်ပြင်းပြင်းရှူလိုက်ကာ နိုးထရန်လိုအပ်နေသည့်သူမှာ မိမိသာဖြစ်သည်ဟု ခံစားလိုက်ရသည်။ သူက ရှန်းလျိုရှန့်ကို ချက်ချင်းရင်ခွင်းအတွင်းသို့ ဆွဲသွင်းလိုက်ပြီး ကိုယ်ကိုကိုင်း၍ ချီမလိုက်ကာ အတွင်းခန်းမှာ ထွက်လာသည်။


ပါးလျသော ခန်းစီးက မတင်ခံလိုက်ရကာ ရေအေးကန်တွင် ရေလှိုင်းများပေါ်လာသည်။


ကျိုးရွှမ်လန် လက်မြောက်ကာ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဘုံပိုင်ခေါင်းကိုလှည့်လိုက်သည်။ ထို့နောက် ရေအေးများ ပက်ဖြန်းလာစေလျက် ရေခဲငွေ့များ အတွင်းမှထွက်လာလေသည်။


ရေအေးစီးကြောင်းက ရေကန်အောက်ခြေမှ အထက်သို့ စီးဆင်းနေကာ အရိုးခိုက်လုမတတ် အေးခဲနေ၏။


ကျိုးရွှမ်လန်က ရေအေးထဲတွင် ခဏမျှနေပြီးနောက် သူ၏ အမူအရာမှာ ပြန်လည်တည်ငြိမ်လာသည်။ သူက ရှန်းလျိုရှန့် ရေထဲသို့ မပြုတ်ကျစေရန် ခါးကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်ထားသည်။အခြားလက်တစ်ဖက်ဖြင့် ရှန်းလျိုရှန့် ပုခုံးမှ ဝတ်ရုံအားဆွဲချလိုက်သည်။ ထို့နောက် ဝိညာဉ်စွမ်းအားသုံး၍ ထိုလက်မှသွေးအချို့ထွက်စေလိုက်သည်။


နဂိုရဲနေသော အသားမှာ ပို၍ပင် အံ့သြလောက်ဖွယ် အရောင်ရင့်လာသည်။


ကျိုးရွှမ်လန်က သူ၏ ဝမ်းဗိုက်အောက်ပိုင်းကို ညွှန်ပြ၍ ဖြေးညှင်းစွာ ပြောလာသည်။

"နည်းနည်းတော့ အေးတယ်...ရှစ်စွမ်း သည်းခံပေးပါ..."


သို့သော်ငြား ရှန်းလျိုရှန့်က သူဘာပြောပြောလျစ်လျူရှုကာ သူ၏ရင်ခွင်အတွင်း၌သာ လှုပ်ရှားနေသည်။


ရှန်းလျိုရှန့်၏ခါးကို ရင်ခွင်တွင်းသို့ဆွဲသွင်းလျက် ရေကန်နံရံသို့ တွန်းပို့ကာ အဆက်မပြတ် လှုပ်ရှားမှုများကို ရပ်တန့်ရုံမှလွဲ၍ ကျိုးရွှမ်လန်ထံတွင် ရွေးချယ်စရာမရှိပေ။


နဂါးသွေးက သွေးစွန်းနေသော အသားအတွင်းသို့ ဖြေးညှင်းစွာ ထိုးဖောက်စီးဝင်လာသည်။


ရှန်းလျိုရှန့်က သူ၏ အနောက်ဘက်မှ လှုပ်ရှားမှုများကို လျစ်လျူရှုထားသည်။ အနည်းအေးလာသည်ဟု ခံစားရသောအခါ ကျိုးရွှမ်လန်၏ ဝတ်ရုံကို ဆွဲထားလျက် သူ၏ခန္ဓာတစ်ခုလုံး ကျိုးရွှမ်လန်ပေါ်တွင် ကပ်တွယ်ချင်နေသည်။ သူ၏မျက်နှာတစ်ဝက်မှာ ကျိုးရွှမ်လန်၏ လည်ပင်းတွင် မြုပ်ထားသည်။ ရည်ရွယ်၍ဖြစ်စေ မရည်ရွယ်၍ဖြစ်စေ ပါးစပ်ကို အနည်းငယ်ဖွင့်ကာ ကျိုးရွှမ်လန်၏ လည်တိုင်ဘက်သို့ ရွှေ့၍ လေရှူထုတ်လိုက်သည်။


ကျိုးရွှမ်လန်၏ လည်စေ့မှာ လိမ့်သွားကာ အက်ကွဲနေသော အသံဖြင့်ပြောလာ၏။

"ရှစ်စွမ်း...မလှုပ်နဲ့တော့..." 


ရှန်းလျိုရှန့်က ခေါင်းစောင်း၍ မျက်တောင်များ အနည်းငယ်မြင့်တက်လာကာ ကျိုးရွှမ်လန်၏ လည်ပင်းကို နမ်းလိုက်သည်။


နှုတ်ခမ်း၏ နူးညံသော အထိအတွေ့က ရှင်းသန့်သော လည်တိုင်မှ နားရွက်အနောက်နားထိ တက်လာကာ ဖြည်းဖြည်းချင်းကျီစယ်နေသည်။


ကျိုးရွှမ်လန် တုန့်ပြန်လာနိုင်ချိန်တွင် အနည်းငယ်မခံချိမခံသာ ခံစားနေရသည်။


ရှစ်စွမ်းက ငါ့ကို ဖြားယောင်းနေတယ်...


ချွေးပါးပါးတစ်လွှာက ကျိုးရွှမ်လန်၏ နဖူးပေါ်တွင် ထွက်ပေါ်လာသည်။ သူက ရှန်းလျိုရှန့်၏လည်ပင်းကို လက်တစ်ဖက်ဖြင့် မြဲမံစွာဖိထားလျက် အခြားတစ်ဖက်ဖြင့် ခေါင်းကို ကိုင်ကာ နောက်ထပ်မလှုပ်ရှားနိုင်ရန် တားဆီးလိုက်သည်။


သို့သော်၎င်းဖိနှိပ်မှုမှာ သူ့အပေါ်တွင် လှဲ‌လျောင်းလျက်မျက်လွှာအနည်းငယ် ချထားသော ရှန်းလျိုရှန့်အား တစ်စုံတစ်ခုကို သတိပြုမိသွားစေသည်။ ထို့နောက် ပါးစပ်ကို ရုတ်တရက်ဖွင့်၍ အဖြူရောင်သွားများက ကျိုးရွှမ်လန်၏ဝတ်ရုံကို ကိုက်ဆွဲကာ လျော့ရဲသွားစေခဲ့သည်။


နောက်ခဏတွင် ရှန်းလျိုရှန့်က တစ်ခုခုကိုစိုက်ကြည့်နေကာ ခေါင်းငုံ့၍ ကျိုးရွှမ်လန်အား နူးနူးညံညံနမ်းလာသည်။


ကျိုးရွှမ်လန်က အေးခဲသွားကာ ချက်ချင်းအမူအရာပြောင်းသွားသည်။


နဂါးအကြေးခွံ...


ခါးပေါ်ရှိ ကျိုးရွှမ်လန်၏လက်များကရုတ်တရက်တင်းကြပ်သွားပြီး လည်ပင်းအနောက်ဘက်ရှိလက်များကလည်း ရှန်းလျိုရှန့်ခေါင်းအနောက်မှ ကျောဘက်သို့ ရွေ့လာသည်။ သူ ရှန်းလျိုရှန့်အား ရေကန်နံရံသို့ကပ်၍ ဖိထားလျက် ခေါင်းငုံ့ကာ နှုတ်ခမ်းပါးများကိုသည်းမခံနိုင်စွာနမ်းရှိုက်မိတော့သည်။


ရှန်းလျိုရှန့်၏ နောက်ကျောမှာ ရေကန်နံရံဖြင့်ရိုက်ခတ်မိသွားကာ မေးစေ့ကို ဖမ်းဆွဲ၍အနမ်းခံရချိန်တွင် တုန်ယင်လာလေသည်။


အတန်ငယ်ကြာလာသောအခါ ရှန်းလျိုရှန့်တစ်ယောက် အသက်ရှူကျပ်လာသဖြင့် အလိုလျောက်ပင် စတင်ရုန်းကန်လာသည်။


ရှန်းလျိုရှန့်က လက်များဆန့်ထုတ်၍ ပိတ်ကာထားသောရင်ဘက်အားတွန်းထုတ်သော်ငြား လုံးဝရွေ့မသွားပေ။ နဂါးမျိုးနွယ်စုက အလွန်တဏှာရာဂကြီးကြသည်။ ကျိုးရွှမ်လန်၏ ထိန်းချုပ်အားမည်မျှပင်ကောင်းစေကာမူ ဤကဲ့သို့သောအခြေအနေတွင် ကြည်လင်ရှင်းလင်းသော သတိအာရုံများ မျောပါသွားပြီဖြစ်သည်။


သူက ခေါင်းငုံ့လိုက်ကာ အနီရောင်ဂုတ်ပိုးပေါ်သို့ အသက်ရှူထုတ်လိုက်သည်။ လက်တစ်ဖက်တည်းဖြင့် ရှန်းလျိုရှန့်၏ ဝတ်ရုံကိုဖြည်ကာ ရှည်သွယ်သွယ်လက်ချောင်းများက ဖြူဖျော့နူးညံသောအသားအရေကို ထိတွေ့လာသည်။


သူ့ရင်ခွင်အတွင်းရှိသူမှာ မခုခံသော်ငြား တစ်ချိန်လုံးတုန်ယင်နေလျက် ငိုသံသဲ့သဲ့လေး လည်ချောင်းမှထွက်လာသည်။


ကျိုးရွှမ်လန်၏မျက်လုံးများက ပို၍ပို၍ မှောင်မည်းလာသည်။ နောက်တစ်ဆင့်ထပ်တိုးရန်ပြင်ချိန်တွင် ရေပန်းကဲ့သို့ တဖွဲဖွဲကျနေသော အနီရောင်တောက်တောက် အချစ်ပန်းကို တွေ့လိုက်ရသည်။


ကျိုးရွှမ်လန်တစ်ယောက် အေးခဲသွားကာ ရုတ်တရက် နိုးကြားသွားသည်။ သူ ခဏမျှတိတ်ဆိတ်နေလျက် သူ၏ခေါင်းကို ရှန်းလျိုရှန့်၏ လည်ဂုတ်ပေါ်၌ နစ်မြုပ်စေလိုက်သည်။ နှုတ်ခမ်းပါးများ ရုတ်တရက်ပွင့်လာကာ တစ်ချက်တည်းဖြင့် ကျိုးပျက်နိုင်သည့် အရေပြားကို သွားဖြင့်ခြစ်လိုက်သည်။


သူ၏လျှာထိပ်မှ သွေးတစ်စက်စီးကျစေလိုက်သည်။


ကျိုးရွှမ်လန်၏မျက်နှာက တစ်ဒင်္ဂဖြူဖျော့သွား၍ နဖူးမှ ချွေးများစီးကျလာသည်။


ရှန်းလျိုရှန့်က နာကျင်မှုကြောင့် တုန်ယင်နေလျက် ပြင်းပြင်းထန်ထန် ရုန်းကန်လာသော်လည်း မလွတ်မြောက်နိုင်ဖြစ်နေသည်။ ပူနွေးသောနဂါးသွေးတစ်စက် လုံးဝနစ်မြုပ်သွားသည့်အချိန်မှ တစ်ဖြည်းဖြည်းငြိမ်သက်သွားသည်။


နက်မှောင်ရှည်သွယ်သော မျက်တောင်များက ခပ်ဖြေးဖြေးလှုပ်ရှားသွားကာ မျက်လုံးအမြင်က တစ်ဖြည်းဖြည်း ပြန်လည်ကြည်လင်လာသည်။ ခဏကြာပြီးနောက် မျက်လုံးများမှိတ်ကျ၍ ကျိုးရွှမ်လန်၏ ရင်ခွင်အတွင်းသို့ လဲကျသွားသည်။


ကျိုးရွှမ်လန်၏မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့နေသည်။ သူ ထိုနေရာတွင် မတ်တပ်ရပ်လျက် အတန်ကြာအနားယူပြီးမှသာလျှင် အသက်ပြန်ရှူနိုင်သွားသည်။


ကျိုးရွှမ်လန်တစ်ယောက် ရေကန်အတွင်းမှ အအေးဒဏ်ကို ခံစားမိသောအခါ သူ့ဝတ်ရုံကိုချွတ်၍ တစ်ကိုယ်လုံးစိုနေသော ရှန်းလျိုရှန့်အား ပတ်ပေးကာ ပွေ့ချီလျက် ရေကန်အတွင်းမှ ထွက်လာသည်။


တံခါးအပြင်ဘက်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် လေထုတွင်းရှိ ဝိညာဉ်စွမ်းအင်များ ရုတ်ချည်း တင်းမာသွားသည်။ 


ဧည့်သည်ဖြစ်သူ၏ အဖြူရောင်ဝတ်ရုံနှင့် ရွှေသရဖူမှာ ဝင်းလက်နေလျက် အထွိတ်အထိပ်သော စိတ်စွမ်းအားကို ညအချိန်၌ ထုတ်လွှတ်နေသည်။


များမကြာမီက နှလုံးသွေးဆုံးရှုံးခဲ့သော ကျိုးရွှမ်လန်အတွက်မူ ထိုမျှသောဖိအားကို မခံနိုင်ပေ။ မျက်နှာဖြူဖျော့လာကာ လည်ချောင်းအတွင်းမှ ချိုမြိန်မှုလေးတစ်ခု ဆန်တက်လာသည်။


တိယွင်ယွီက ကျိုးရွှမ်လန်ကို ကြည့်၍ သူ၏စွမ်းအားကိုပြန်သိမ်းလိုက်

ကာ လက်မောင်းအတွင်းမှ ရှန်းလျိုရှန့်ကို ကြည့်လာသည်။


လျှောက်လမ်းတွင် အတန်ကြာတိတ်ဆိတ်နေခဲ့ပြီးနောက် တိယွင်ယွီက လက်မြောက်ကာ မျက်ခုံးများကို ပွတ်သပ်လိုက်သည်။


အလွန်အမင်းစွမ်းအားကြီးမားသူ ဧကရာဇ်မှ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။


"ဟင်း..."