အပိုင်း ၁၀၆
Viewers 23k

Chapter 106




ရှန်းလျိုရှန့် နိုးလာသောအခါ အိပ်ရာပေါ်တွင် လဲလျောင်းလျက် ရှိနေသည်။ ဘေးပတ်လည်သို့ ကြည့်လိုက်ချိန်တွင် ရင်းနှီးနေသော မြင်ကွင်းများဖြစ်သဖြင့် သတိလျှော့ချကာ သက်သောင့်သက်သာ ဖြစ်သွားသည်။


စိတ်အေးသွားသည်နှင့်တစ်ပြိုင်နက် တစ်ခုခုထူးဆန်းနေသည်ကို သူသတိပြုမိသွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဆိုးဆိုးရွားရွား ကိုက်ခဲနာကျင်နေသည်။


ရှန်းလျိုရှန့်က လည်ပင်းဖြူဖြူလေး၏အနောက်ဘက်ရှိ ဒဏ်ရာကို ထိလိုက်သည်။ လက်ချောင်းထိပ်များ၏ ဖိအားနည်းနည်းလေးကပင် သူ့အား နာကျင်မှုကြောင့် နှုတ်ခမ်းကို ဖိကိုက်မိစေသည်။ သူက မျက်ခုံးများကို ပွတ်သပ်ကာ နားရွက်ထိပ်များနီရဲလာသည်။


ပြန်စဉ်းစားကြည့်လျှင် ၎င်းက ကျိုးရွှမ်လန်သူ့အား အနောက်ဘက်မှ ဖက်ထားကာ သူ၏ လည်ဂုတ်ကို ကိုက်လိုက်ခြင်းမှ ကျန်ရှိနေသော အမှတ်အသားဖြစ်လေသည်။


လည်ပင်းအနောက်အပြင် ကျိုးရွှမ်လန်က သူ၏ခါးကို ဆွဲကိုင်၍ အေးစက်တောင့်တင်းနေသည့် ရေကန်နံရံတွင် ဖိထားခဲ့ပုံရသည်။ သူတို့၏ လျှာများက လိမ်ယှက်နေခဲ့ပြီး...


ရှန်းလျိုရှန့် ရှင်းရှင်းလင်းလင်း မမှတ်မိချေ။


သို့သော် ဖြစ်နိုင်ချေရှိသော အကျိုးဆက်များကို တွေးကြည့်မိလျှင် မျက်တောင်များအနည်းငယ် တုန်ယင်သွားရကာ သူ၏အမူအရာမှာ ထိတ်လန့်လာသည်။


ရှန်းလျိုရှန့်က ကိုယ့်ကိုယ်ကို နှစ်သိမ့်ရန် သူ၏ ရင်ဘက်ကိုကိုင်ကာ ခပ်ဖွဖွပုတ်လိုက်သည်။ ထို့နောက် စောင်အောက်သို့လက်ဖြင့် မဝံမရဲစမ်းသပ်လိုက်သည်။


ဇာမဏီမျက်ဝန်းများက ရှုပ်ထွေးနေကာ ခဏအကြာတွင် သူ၏ ချောမောသောမျက်နှာလေးက တုန်လှုပ်သွားသည်။


ခေါင်းငုံ့၍ နူးညံသောစောင်ကိုမကာ ဝတ်ဆင်ထားသည့် အဖြူရောင် အတွင်းဝတ်ကို ကြည့်လာသည်။ လက်ချောင်းများအနည်းငယ်တုန်ယင်နေလျက် ခါးကို အားအနည်းငယ်သုံးကာ ဖိလိုက်သည်။


ခါးသွယ်သွယ်လေးက အားနည်းလာ၍ ကျိန်းစက်နာကျင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး မထိန်းနိုင်စွာ တုန်ယင်လာသည်။


ရှန်းလျိုရှန့်၏ မျက်ဆံများ တုန်လှုပ်သွားသည်။


ဒါ...ဒါက...သူနဲ့ကျိုးရွှမ်လန်နဲ့ ဖြစ်နိုင်ပါ့မလား...


ရှန်းလျိုရှန့်၏ ပါးဖြူဖြူလေးများက မျက်လုံးဖြင့်မြင်နိုင်သည်အထိ အနီရောင်ပြောင်းလာသည်။ အိပ်ရာပေါ်သို့ ပြန်လဲချကာ စောင်ဖြင့် ကိုယ့်ကိုယ်ကို ဖုံးထားလိုက်သည်။ သူ၏ခေါင်းကို တုံ့ဆိုင်းမှုမရှိ မြုပ်ထား၍ စိတ်ငြိမ်သွားစေရန် ကြိုးပမ်းလိုက်သည်။


ထိုအချိန်တွင် ရင်းနှီးနေသော အသံတစ်ခုက ဘေးမှ ထွက်ပေါ်လာသည်။


သူက စိတ်ရှုပ်ထွေးမှုအပြည့်နှင့် ဆွံ့အနေပုံရသည်။

"ခင်ဗျား ဘာလုပ်နေတာလဲ..."


ရှန်းလျိုရှန့်က ကြောင်သွားကာ ဘေးသို့ လှည့်ကြည့်လိုက်သည်။ ခရမ်းရောင်ဝတ်ရုံနှင့်အမျိုးသား၏ ရွှေရောင်သရဖူက တောက်ပနေပြီး ထိုသူက မျက်လုံးများမှေးကျဉ်းလျက်ကြည့်နေသည်။ ရှန်းလျိုရှန့်က ခဏမျှရပ်တန့်သွား၍ အံ့သြတကြီးပြောလာသည်။


"မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ..."


ရှုရှင်းချန်မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါက ဘာလေသံလဲ...ခမည်းတော်ရဲ့ညွှန်ကြားချက်ကြောင့်သာမဟုတ်ရင် ကျွန်တော်လည်းခင်ဗျားကို ဂရုမစိုက်ပါဘူး..."


ညနက်လာကာ လေအေးများက ဖွင့်ထားသောပြတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့ ဝင်ရောက်လာသည်။


ရှုရှင်းချန်က ပြတင်းပေါက်ဆီသို့ မပျော်မရွှင်လျှောက်လာကာ ပိတ်လိုက်သည်။ ထို့နောက် လှည့်၍ လက်ဖက်ရည်တစ်ခွက် ငှဲ့ကာ အိပ်ရာပေါ်တွင် ကြက်သေသေနေသော လူငယ်လေးဆီသို့ ပြန်လှည့်လာသည်။


နိုးလာပြီးနောက်တွင် သူကအလွန်ထူးဆန်းစွာပြုမူနေသည်။ လည်ဂုတ်ကို ထိကြည့်ကာ ခါးကို ဖိညှစ်ကြည့်နေသည်။ ခဏကြာပြီးချိန်တွင် ပါးများက ခရမ်းချဉ်သီးသဖွယ် နီရဲလာသည်။


အထူးသဖြင့် ငါ သူ့ဘေးမှာရှိနေတာကိုတောင် ရှန်းလျိုရှန့်က လုံးဝ လျစ်လျူရှူထားတယ်...


"ရေသောက်လိုက် ပြီးရင် ထတော့..."


ရှန်းလျိုရှန့်က မျက်တောင်ခတ်လိုက်ကာ လက်ဖက်ရည်ခွက်ကိုယူ၍ ဘေးပတ်လည်သို့ ကြည့်ပြီးနောက် နန်းတွင်းမှ အိပ်ခန်းအတွင်းသို့ ရောက်ရှိနေကြောင်း သတိပြုမိသွားသည်။ သူကလက်ဖက်ရည်တစ်ငုံသောက်၍ လည်ချောင်းများကို စိုစွတ်စေလိုက်သည်။


"ငါ ဘာလို့ ဒီကိုရောက်နေတာလဲ..."


ရှုရှင်းချန် : "ခမည်းတော်က နတ်ဆိုးနယ်မြေကို သွားပြီး ခင်ဗျားတို့ကိုပြန်ခေါ်လာတာ..."


ရှန်းလျိုရှန့်က အသံကူးပြောင်းကျောက်စိမ်းပြားအကြောင်းတွေးမိသွားကာ မျက်နှာပေါ်တွင် ရှက်ရွံ့နေပုံပေါ်လာသည်။ သူက "ခင်ဗျားတို့" ဟူသော စကားလုံးကို သတိထားမိသွားကာငုံ့ကြည့်လာသည်။ သူ၏ပါးများ ပူလောင်နေသည်။


"ကျိုးရွှမ်လန်ကရော ဘယ်မှာလဲ..."


သူ၏ခါးက အနည်းငယ်ကိုက်ခဲနာကျင်နေကာ ပုံမှန်ဟုတ်ပုံမရပေ။


မှတ်ဉာဏ်အပိုင်းအစများထဲတွင် ကျိုးရွှမ်လန်ကို ဖက်ထား၍ နမ်းကာ တတိတိကိုက်ဝါးနေခဲ့သည်။ ထိုအချိန်တွင် သူက ရမ္မက်များကြောင့် လောင်ကျွမ်းနေလျက် ကျိုးရွှမ်လန်နှင့် ထိုသို့ပြုလုပ်ရန် သူ၏ကျင့်ကြံဆင့်ကို မှီခိုထားပုံရသည်။ အဆုံးတွင် အချို့သော အကြောင်းပြချက်များကြောင့် ဤကဲ့သို့ အဆုံးသတ်သွားရသည်။


ရှန်းလျိုရှန့်က အနက်ရောင်ဆံပင်များကို ကုတ်ဆွဲလိုက်သည်။ သူ၏ ပါးများနီရဲနေလျက် ဆုံးရှုံးသွားသော အမူအရာပေါ်လာသည်။


ရှုရှင်းချန်က သူ၏နဖူးကို လက်ဖြင့်အုပ်လျက် နောက်ဆုံးတွင် အကူအညီမဲ့စွာပြောလာသည်။


"ခင်ဗျားရူးနေတာလား...ဒါမှမဟုတ် အတွင်းဒဏ်ရာရနေတာလား...နှလုံးသွေးဆုံးရှုံးသွားတဲ့ ကျိုးရွှမ်လန်တောင် ဒီလောက်ဖြစ်မနေဘူး..."


ရှန်းလျိုရှန့် ရပ်တန့်သွားကာ မျက်လုံးများပြူးသွားသည်။


.....


တိယွင်ယွီက နှစ်ယောက်လုံးကို နန်းတွင်းသို့ ပြန်ခေါ်လာခဲ့သည်။ ကျိုးရွှမ်လန်က အနည်းငယ်တောင့်ခံပြီးနောက် မေ့လဲသွားလေသည်။


သူက လင်ယဲ့နှင့် တိုက်ခိုက်သည့် အချိန်တွင် ဒဏ်ရာရသွားခဲ့သော်လည်း လေဟာနယ်ကို ဖြတ်ကာ ချီလင်မြို့သို့ အလျင်စလိုလာခဲ့ရသည်။ ထို့နောက် အစီအရင်ကို ဖျက်ဆီးရန် နဂါးဦးချိုကို ချိုးဖျက်ခဲ့ကာ အချစ်ပန်းကူပိုးကောင်အတွက် သူ၏သွေးကို အသုံးပြုခဲ့သည်။ နတ်ဆိုးမျိုးနွယ်က သန်မာသောကုသရေးစွမ်းအား ရှိသော်ငြား ကျိုးရွှမ်လန်၏ ခန္ဓာကိုယ်က မတောင့်ခံနိုင်တော့ချေ။


ရှန်းလျိုရှန့်ရောက်သောအခါ သူကရေခဲစိုင်ပေါ်တွင် လဲလျောင်းနေလျက် မနိုးသေးပေ။


ရှန်းလျိုရှန့်က မျက်လွှာချထား၍ ကြာမြင့်စွာ စကားမပြောလာပေ။


ရေခဲစိုင်က ကြည်လင်နေ၍ ရေခဲ့ငွေ့များ ထုတ်လွှတ်နေကာ လေးထောင့်ပုံစံရှိ၏။ စိုစွတ်နေသည့် ဝိညာဉ်စွမ်းအားများကို စက်ကွင်းသဖွယ်ထုတ်ပေးသော ဇန်ဝိညာဉ်ရေခဲက ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည်။

 

အလွန်ရှားပါးကာ လက်ဖဝါးတစ်ခုစာအရွယ်ကပင် အဖိုးမဖြတ်နိုင်ပေ။


ရေခဲစိုင်ပေါ်တွင် သေးငယ်သော အနက်ရောင် နဂါးတစ်ကောင်က ခွေနေပြီး ခေါင်းအနည်းငယ်စောင်းလျက် သု့အသက်ရှူသံက တိုးလျနေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် နဂါးအကြေးခွံများ ဖုံးလွှမ်းနေကာ ရေခဲငွေ့များထူထဲစွာဖုံးအုပ်နေသည်။


မျက်လုံးများက တင်းတင်းကြပ်ကြပ်မှိတ်ထားကာ ဦးခေါင်းပေါ်တွင် နဂါးဦးချိုတစ်ခုသာ တည်ရှိနေသည်။


ရှန်းလျိုရှန့်၏ နှလုံးသားက အနည်းငယ် တုန်ယင်နေသည်။ ရှေ့သို့ တစ်လှမ်းတိုးကာ နဂါးဦးချိုကို ထိတွေ့ရန် လက်မြှောက်လိုက်သည်။ မာကြော၍ ရှုပ်ထွေးနေသည့် အစင်းကြောင်းများကို သူ့လက်ချောင်းထိပ်များမှတစ်ဆင့် ခံစားရသည်။


ရှန်းလျိုရှန့်၏ စိတ်ထဲတွင် မတူညီသော ခံစားချက်ကို ခံစားလိုက်ရသည်။


ဘေးပတ်လည်တွင် တိတ်ဆိတ်နေလျက်ရှိသည်။ သူက အနက်ရောင်နဂါးလေးကို အတန်ကြာစိုက်ကြည့်နေပြီးနောက် တိုးတိုးလေးပြောလာသည်။


" ဒီလိုဖြစ်ဖို့ ထိုက်တန်ရဲ့လား..."


မူလဇာတ်ကြောင်းတွင် ကျိုးရွှမ်လန်က ကျင့်ကြံရေးလောကကို ကယ်တင်၍ သုံးလောကစစ်ပွဲတွင် မရပ်တန့်နိုင်သော နတ်ဆိုးလောကကို တွန်းလှန်ခဲ့သည်။ ထို့နောက် နတ်ဆိုးများက အရှုံးပေးသွားကြသဖြင့် လူထောင်ပေါင်းများစွာက သူ့ကိုလေးစားကာ သုံးလောကအရှင်သခင်ဟု ခေါ်ဆိုခဲ့ကြသည်။


ကျိုးရွှမ်လန်အကြောင်းကို မခြွင်းမချန်သိသည်ဟု ရှန်းလျိုရှန့်ထင်ခဲ့သော်ငြား ဤနေရာသို့ရောက်သောအခါ မူလဇာတ်ကြောင်း၌ မပေါ်လာခဲ့သော ဗီလိန် အနက်ရောင်နဂါးမှာ စင်စစ်ကျိုးရွှမ်လန်သာ ဖြစ်နေလေသည်။


ဤအချက်ကိုကြည့်လျှင် မူလဇာတ်ကြောင်းနှင့် ပတ်သတ်သမျှက မှားယွင်းနေသည်။


သူ၏ရှေ့တွင်ရှိသော ကျိုးရွှမ်လန်မှာ ဆန်းကြယ်သောအရှင်သခင်လည်းမဟုတ် ဗီလိန်လည်းမဟုတ်သည့် သူ၏ တပည့်သာဖြစ်သည်။


တဇွတ်ထိုးဆန်တဲ့ အနက်ရောင်နဂါးလေးပါလား...


အနောက်မှ ခြေသံများကြားရသဖြင့် ရှန်းလျိုရှန့် လှည့်ကြည့်လိုက်သောအခါ ဇာမဏီငှက်နှင့် မီးတောက်ပုံစံ ထိုးထားသော ဝတ်ရုံဝတ်ဆင်ထား၍ ရွှေသရဖူဆောင်းထားသည့် ဧကရာဇ်ယွင်ယွီကို တွေ့လိုက်ရသည်။ 


တိယွင်ယွီက ရေခဲစိုင်ပေါ်ရှိ အနက်ရောင်အရိပ်လေးကို တစ်ချက်သာကြည့်၍ သူ၏အကြည့်များက ရှန်းလျိုရှန့်ထံသို့ ကျရောက်လာသည်။ သူကတစ်ခုခုကို မြင်သွားသကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။


"သူက ဒဏ်ရာရနေရုံပဲ...ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်အစစ်က ပိုပြီးမြန်မြန် ကုသနိုင်တယ်...ကိုယ်တော်နဲ့လိုက်ခဲ့..."


စာကြည့်တိုက် အပေါ်ဆုံးအထပ်တွင် တိယွင်ယွီက စာလိပ်ကို ထုတ်ယူ၍ ရှန်းလျိုရှန့်ကို ပေးလာသည်။ 

"အရင်ဖတ်ကြည့်..."


ရှန်းလျိုရှန့်က ရှုပ်ထွေးစွာကြည့်လာ၍ စာလပ်ကို ဖတ်ရန် ဖွင့်လိုက်သည်။ အမွှေးတိုင်တစ်ဝက်ခန့်ကြာချိန်တွင် သူ့မျက်နှာပေါ်မှ အမူအရာမှာ မခန့်မှန်းနိုင်ဖြစ်လာပြီး စာလိပ်ကို ပိတ်၍ မေးလာသည်။ 


"ဧကရာဇ်က ဘာကို ပြောချင်တာများလဲ..."


မှတ်တမ်းများအရ လွန်ခဲ့သောနှစ်လေးရာက ဖြစ်ပွားခဲ့သော ကပ်ဘေးကြီးမှာ နတ်ဆိုးသားရဲများပေါ်ထွန်းလာမှုကြောင့်ဖြစ်သည်။


ကောလဟာလများနှင့်ယှဉ်လျှင် မှတ်တမ်းများကပို၍ အသေးစိတ်ကျသည်။ အရှေ့ပိုင်းကျတ်တီးမြေတွင် နတ်ဆိုးသားရဲကြီးလေးကောင် ထွက်ပေါ်လာပြီး သုံးလောကကို ဖျက်ဆီးခဲ့သည်။ သို့သော် အရှေ့ပိုင်းကျတ်တီးမြေ၌ နက်မှောင်နေသည့်အပေါ်တွင် ရွှေရောင်အမှတ်အသားများ တောက်ပနေသည့် တစ်ခုတည်းသော အရာသာကျန်ရစ်ခဲ့သည်။ ၎င်း၌ သမိုင်းမတိုင်မီခေတ်၏ ခြေရာလက်ရာများ ကျန်ရှိနေကာ ကြောက်မက်ဖွယ် ဖိအားရှိသည်။


"အဲဒါက နတ်ဆိုးသားရဲနဲ့အတူ ပေါ်လာတဲ့ နဂါးဥဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး..."


တိယွင်ယွီက သူ၏လက်များကို နောက်သို့ပို့ထားသည်။

" အဲဒါက ကျိုးရွှမ်လန်ပဲဆိုတာ သိသာနေတာပဲ..."


ရှန်းလျိုရှန့် : "အဲဒါဘာဖြစ်လဲ...သူက ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးသားရဲမှမဟုတ်တာ...သူကလောကကြီးကို အန္တရာယ်မဖြစ်စေပါဘူး..."


တိယွင်ယွီက အသံတိုးတိုးဖြင့်ပြောလာသည်။

"ဒါပေမဲ့ အဲဒီနတ်ဆိုးသားရဲတွေလိုပဲ သူလည်းသမိုင်းမတိုင်မီခေတ်က သက်ရှိပဲ...သူက လွန်ခဲ့တဲ့ နှစ်တစ်သောင်းခန့်က မျိုးသုဉ်းသွားရမှာကို မသိနိုင်တဲ့အကြောင်းတစ်ချို့ကြောင့် လွန်ခဲ့တဲ့နှစ်တစ်ရာလောက်ကျတော့ လောကကြီးထဲ ပြန်ပေါ်လာတယ်..."


ရှန်းလျိုရှန့်က စာလိပ်ကို ဖိညှစ်လိုက်သည်။

"သူက မပေါ်လာသင့်ဘူးလို့ ဧကရာဇ်က ပြောချင်တာလား..."


တိယွင်ယွီ : "သမိုင်းမတိုင်မီခေတ်ထဲက လွှမ်းမိုးနိုင်စွမ်းရှိတဲ့ နဂါးတစ်ကောင်အနေနဲ့ဆိုရင် သူ့ကို အချိန်ပေးလိုက်တာနဲ့ သူ့ရဲ့ကျင့်ကြံဆင့်က မတားဆီးနိုင်တော့ဘူး...ကုန်းမြေတစ်ခုလုံးက သူ့လက်ထဲကျရောက်သွားပြီး သေခြင်းရှင်ခြင်းအကုန်လုံးကို သူကပဲဆုံးဖြတ်သွားနိုင်လိမ့်မယ်...ကောင်းကင်ဘုံက ဒီလိုမျိုး ဖြစ်ခွင့်ပေးမှာမဟုတ်ဘူး...သူ့ကို သေချာပေါက်သတ်ပစ်ရမယ်..."


ရှန်းလျိုရှန့်က မျက်မှောင်ကြုတ်ကာ လေးလေးနက်နက်တွေးတောကာ တိယွင်ယွီအားကြည့်လာသည်။


"ခမည်းတော်ကရော..."


ကောင်းကင်ဘုံက ကျိုးရွှမ်လန်ကို သတ်ရန် မည်သို့စီစဉ်ထားသည်ကို မသိသော်ငြား ယခုတွင် တိယွင်ယွီတစ်ဦးသာလျှင် ထိုကဲ့သို့သော စွမ်းရည်ရှိသည်။


သူက လွန်ခဲ့သော နှစ်ရာပေါင်းများစွာက နတ်ဆိုးသားရဲ နှစ်ကောင်ကို သတ်ကာ နှစ်ကောင်ကို ချိတ်ပိတ်ခဲ့သည်။ သူက ကျင့်ကြံဆင့်မှာ သုံးလောကကို ကျော်လွန်နေကာ ကြောက်မက်ဖွယ်အဆင့်ကို ဝင်ရောက်နေပြီဖြစ်သည်။


တိယွင်ယွီ၏မျက်ခုံးများက အနည်းငယ် လှုပ်ရှားသွားကာ စကားပြောရန်ပြင်လိုက်သည်။ သို့သော် ရှန်းလျိုရှန့်၏ ဇာမဏီမျက်ဝန်းများက မျက်ရည်အချို့ကို ထိန်းကာ ပုတ်ခတ်ပုတ်ခတ်လုပ်၍ လက်ကိုမြှောက်လာသည်။


"ကျွန်တော့်တပည့်ပုံစံအစစ်က အရမ်းကိုသေးတာပဲ...သူက အားနည်းပြီး သနားဖို့ကောင်းတယ်...တစ်ချက်ရိုက်လိုက်တာနဲ့ အသတ်ခံရလိမ့်မယ်...သန့်စင်တဲ့ စွမ်းအားနဲ့ ဧကရာဇ်က သေချာပေါက် အနက်ရောင်နဂါးလေးနဲ့ ငြင်းခုံမှာမဟုတ်ပါဘူး..."


"နဂါးတစ်ကောင်ရဲ့ အသက်နဲ့ယှဉ်ရင် ကျွန်တော့်တပည့်က အရွယ်တောင်မရောက်သေးပါဘူး...


ရှန်းလျိုရှန့်က သူ့လက်ကိုမြောက်ကာ တိယွင်ယွီ၏ ဝတ်ရုံလက်ကို ဖြူသွယ်သော လက်ချောင်းများဖြင့် ဖမ်းဆွဲလာသည်။


"ခမည်းတော်က အရမ်းတောက်ပပြီး ကျက်သရေရှိတယ်...သူက သေချာပေါက် နဂါးငယ်လေးကို အနိုင်မကျင့်ပါဘူး...ဟုတ်တယ်မလား..."


တိယွင်ယွီ : "....."


သူက အကြည့်များနှိမ့်ချကာ သူ၏ဝတ်ရုံလက်ကို ဆွဲ၍ လှုပ်ခါရဲသော လူငယ်လေးအားကြည့်လိုက်သည်။ အတန်ကြာတိတ်ဆိတ်နေပြီးနောက် တောင့်တင်းနေသော အသံဖြင့်ပြောလာသည်။


"လွှတ်လိုက်..."


ရှန်းလျိုရှန့်က လက်ကို ချက်ချင်းလွှတ်ကာ အသံတိုးတိုးဖြင့် သတိပေးလာသည်။

"ခမည်းတော် သဘောမတူရသေးဘူး..."


ထိုသို့ပြောပြီးနောက် ရှန်းလျိုရှန့်က သူ၏ရင်ဘက်ကို ကိုင်ကာ နှစ်ခါမျှချောင်းဆိုးလာသည်။


"ခမည်းတော် ဂရုပြုပေးပါဦး...ကျွန်တော့်ရဲ့ကလေးက အခုတလော နေမကောင်းသေးဘူး...ကျွန်တော်က ကောင်းပြီနဲ့ မှန်တယ်ဆိုတဲ့ အတည်ပြုချက်ပဲ လက်ခံနိုင်တယ်...ဘယ်မကောင်းတဲ့ဟာမှ လက်မခံနိုင်ဘူး..."


တိယွင်ယွီ : "..."


ရှန်းလျိုရှန့်က သူ့ဘဝ၏ အဆိုးရွားဆုံးသော သရုပ်ဆောင်စွမ်းရည်များ အသုံးချကာ တိယွင်ယွီကို တွန်းအားပေးနေသည်။ တိယွင်ယွီက လက်မြှောက်ကာ ရှန်းလျိုရှန့်၏ နဖူးကို သူ၏လက်ချောင်းရှည်များဖြင့် သည်းမခံနိုင်စွာ တောက်လိုက်သည်။


ဤအကြိမ်၌ နာကျင်မှုက အလွန်ကြီးမားနေသဖြင့် ရှန်းလျိုရှန့်၏မျက်လုံးများနီရဲကာ မျက်ရည်များနှင့်ပြည့်နှက်လာသည်။


တိယွင်ယွီက သူ့ကိုကြည့်လိုက်သည်။

"ဒါမှ မှန်မှာပေါ့...မင်းငိုချင်ရင် ပိုပြီးလေးနက်ရမယ်လေ..."


ရှန်းလျိုရှန့်မျက်လုံးများက ပြူးကျယ်သွားကာ မယုံနိုင်ဖြစ်နေသည်။ ထို့နောက် တိယွင်ယွီဆက်ပြောလာသည်ကို ကြားလိုက်သည်။


"တကယ်လို့ ငါကိုယ်တော်အရှေ့မှာ မျက်ရည်ကျမယ်ဆိုရင် အကျိုးဆက်က ပိုပြီးကောင်းလိမ့်မယ်..."


ရှန်းလျိုရှန့် : "....."

တကယ်ကြီးလား...


ရှန်းလျိုရှန့်က နှုတ်ခမ်းကို အနည်းငယ်မဲ့၍ စာလိပ်ကို စာပွဲးပေါ်သို့ တင်ကာ အံကြိတ်လျက် ထွက်လာခဲ့သည်။


တိယွင်ယွီက မျက်လုံးများတောက်ပနေလျက် စိတ်တိုနေသောပုံရိပ်လေး ပျောက်ကွယ်သည်အထိစောင့်ကြည့်ကာ ရယ်မောလာသည်။ စာလိပ်ကို အလျင်မလိုစွာ ကောက်ယူ၍ သူ့နေရာတွင် ပြန်ထားလိုက်သည်။


စာကြည့်တိုက်မှ ထွက်ခွာလာပြီးနောက် ရှန်လျိုရှန့်က နောက်ပြန်လှည့်ကြည့်လာသည်။


တိယွင်ယွီက ဇန်ဝိညာဉ်ရေခဲကို ထုတ်လာတည်းက အချိန်တစ်ခုအထိ ကျိုးရွှမ်လန်ကို သတ်ရန်ရည်ရွယ်ချက် မရှိလောက်ပေ။ ရှန်းလျိုရှန့်က အနာဂတ်အတွက် စိုးရိမ်နေသဖြင့် တိယွင်ယွီ၏သဘောထားကို စမ်းသပ်ချင်ခဲ့ခြင်းဖြစ်သည်။


"မြေခွေးတွေတောင် နှစ်ထောင်ချီကြာတဲ့အထိ ဒီလောက်ကောက်ကျစ်မှာမဟုတ်ဘူး..."


ရှန်းလျိုရှန့်က တတွတ်တွတ်ရေရွတ်လျက် တပည့်ဖြစ်သူဆီပြန်သွားရန် လှည့်လာသည်။ သို့သော် လမ်းတစ်ဝက်ရောက်ချိန်၌ လမ်းနှစ်ခွတွင် ရပ်တန့်လိုက်မိသည်။


သူက ခေါင်းလှည့်၍ ဟောင်းနွမ်းနေသော သစ်သားပြားပေါ်တွင် ထွင်းထားသည့် 'သုံးဘဝကျောက်တုံး' ကို စိုက်ကြည့်နေသည်။ ခဏမျှတုံ့ဆိုင်းနေလျက် ဘေးပတ်လည်သို့ကြည့်လိုက်သည်။ မည်သူမျှမရှိသည်ကို တွေ့သောအခါ တိတ်တဆိတ်ပင် သစ်တောအတွင်းသို့ လမ်းကြောင်းအတိုင်း ဝင်သွားလေသည်။


ဆန်းရှန့်ကျောက်တုံး(သုံးဘဝကျောက်တုံး)က အချစ်ကို တိုင်းတာသည့် ကိရိယာဖြစ်သည်။ လောကကြီးတွင် သုံးခုသာရှိ၍ အင်ပါယာနန်းတော်တွင်တစ်ခု၊ ချင်းလင်ဂိုဏ်းတွင်တစ်ခု၊ နတ်ဆိုးမြို့တော်တွင် တစ်ခု ရှိပေသည်။


ရှန်းလျိုရှန့်က ဤအကြောင်းကို ယခင်အချိန်တည်းက သိရှိထားသည်။ ၎င်းတွင် ကောင်းကင်ဘုံ၏ စွမ်းအားရှိကာ ကံကြမ္မာကို စမ်းသပ်နိုင်သည်ဟု သူကြားဖူးသည်။ အတိတ်တွင် ဤအကြောင်းနှင့်ပတ်သတ်၍ စိတ်မဝင်စားခဲ့သော်ငြား ယခုအချိန်၌ ဆန်းရှန့်ကျောက်တုံးဆီသို့ မတတ်နိုင်လျက် လျှောက်သွားမိသည်။


သူ စိတ်ရှုပ်ထွေးနေခဲ့သည်။


ကြည်လင်နေသော စမ်းချောင်းအလယ်တွင် အနက်ရောင်ကျောက်တုံးတစ်ခုရှိနေသည်။


ရှန်းလျိုရှန့်က ချဉ်းကပ်လာကာ ကျောက်တုံးကိုဖိရန် လက်ဆန့်ထုတ်လိုက်ချိန်တွင် အလင်းတန်းတစ်ခုက သူ့ကို ချက်ချင်းလွှမ်းခြုံသွားသည်။


အလင်းရောင်မှိန်သွားသောအခါ ရှန်းလျိုရှန့် မျက်တောင်ခတ်လိုက်မိသည်။ သူ၏မျက်လုံးများက မျှော်လင့်စောင့်စား၍ စိတ်လှုပ်ရှားနေလျက် ၎င်းကျောက်တုံးကိုစိုက်ကြည့်နေမိသည်။


စာကြောင်းတစ်ကြောင်းက အပြည့်အစုံပေါ်လာသည်။


ယဲ့ပင်းရန်...


ဆန်းရှန့်ကျောက်တုံးပေါ်တွင် ယဲ့ပင်းရန်က ပေါ်လာသည်။


ကောင်းကင်တော်ရဲ့အလိုအရ သူနဲ့ရေစက်ပါလာတဲ့သူက ယဲ့ပင်းရန်ပေါ့...


ရှန်းလျိုရှန့်က ခဏမျှ ရပ်တန့်သွားကာ လက်များရုတ်လိုက်သည်။ နှုတ်ခမ်းထောင့်များ ရုတ်တရက်မြင့်တက်သွားကာတောက်ပသော အပြုံးက သူ၏ ချောမောသော မျက်နှာပေါ်တွင်ပေါ်လာသည်။


ဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးပါဘူး...


အနက်ရောင်ကျောက်တုံးကို ဖိလိုက်သည့်အချိန်တွင် သူ၏စိတ်အတွင်း၌ အမည်တစ်ခုပေါ်လာခဲ့ပြီးဖြစ်သည်။


ရှန်းလျိုရှ

န့်က ရယ်မောလိုက်ကာ လက်မြှောက်၍ ဆန်းရှန့်ကျောက်တုံးကို ပုတ်လိုက်သည်။


"ကျေးဇူးပဲ...မင်းကခွင့်မပြုပေမဲ့ပေါ့..."


ဆန်းရှန့်ကျောက်တုံးက ဘယ်သူနဲ့ သတ်မှတ်ထား သတ်မှတ်ထား ကိစ္စမရှိဘူး...သူ့နှလုံးသားထဲမှာ လူတစ်ယောက်ရှိနေပြီးသားပဲကို...