အပိုင်း ၁၀၇
Viewers 23k

Chapter 107




သူ၏အတွေးများကို သိရှိပြီးနောက် ရှန်းလျိုရှန့်က ထိုသူကို တွေ့ရန် မစောင့်နိုင်တော့ချေ။ သို့သော် သူထွက်ခွာချိန်တွင် စိတ်ထဲသို့တစ်စုံတစ်ခု ဝင်ရောက်လာသဖြင့် ရပ်တန့်လိုက်ရသည်။


သု့လက်ကိုဆန့်၍ လည်ဂုတ်ကို ထိကြည့်လိုက်သည်။


နှလုံးသွေးတစ်စက်က သွေးထောင်ချီထက် ပို၍ အဖိုးတန်သည်။ ကူပိုးကောင် သေ၏ မသေ၏ကိုမူ သူမသိသော်ငြား အချစ်ပန်းက သူ၏လည်ပင်းအနောက်ဘက်၌ ရှိနေဆဲပင်ဖြစ်သည်။


ဤအကြောင်းစဉ်းစားမိချိန်တွင် သူ၏စိတ်နှလုံးတွင် ထူးခြားသောခံစားချက်တစ်ခုကို ခံစားမိလာသည်။


အချစ်ပန်းကူပိုးကောင်၏ တိုက်ခိုက်သည့်မြင်ကွင်းမှာ သူ့စိတ်တွင်း၌ မရှင်းမလင်းဖြစ်နေသည်။ သူခပ်ရေးရေးမှတ်မိသည်မှာ ကူပိုးကောင်၏ လှည့်စားမှုကိုခံရပြီးနောက် ကျိုးရွှမ်လန်လည်ပင်းရှိ ပြောင်းပြန်အကြေးခွံကို သူနမ်းမိသွားသည်။


ပြောင်းပြန်အကြေးခွံက နဂါးခန္ဓာကိုယ်တွင် အထိရှလွယ်ဆုံး အစိတ်အပိုင်းဖြစ်သည်။ ဤအခြေအနေသည် ဝတ်လစ်စလစ်ဖြင့် ဖြားယောင်းသကဲ့သို့ပင်ဖြစ်နေခဲ့သော်ငြား ကျိုးရွှမ်လန်က သူ့ကို လုံးဝမထိခဲ့ပေ။ အဖိုးတန်သည့် နှလုံးသွေးကို အသုံးပြု၍ အချစ်ပန်းအဆိပ်သက်သာစေရန်သာ ရွေးချယ်ခဲ့သည်။


ရှန်းလျိုရှန့် စိတ်လှုပ်ရှားရာမှ ငြိမ်သက်သွားပြီး ဆောင်းဦးလေပြည်က သူ့ရှေ့တည့်တည့်မှ သစ်ရွက်ကြွေများကို လှည်းကျင်းသွားသည်အား မြင်တွေ့လိုက်ရသည်။


ကျိုးရွှမ်လန်က သူ့ကို ထိုမျှလောက် စိတ်မဝင်စားခြင်းမဟုတ်လျှင် သူက ဂရုမစိုက်ဟန်ဖြင့်သာ ပြုမူပေလိမ့်မည်။ သို့သော်ငြား သူက စင်စစ် တပည့်ကောင်းတစ်ယောက်ဖြစ်နေဆဲပင်။ ဆရာဖြစ်သူကို လေးစားချစ်ခင်ပြီး ကယ်တင်နိုင်ရန် နှလုံးသွေးကို အသုံးပြုရန်ပင်ဆန္ဒရှိသည်။

ကျိုးရွှမ်လန်က သူနဲ့ အရမ်းလေးနက်တဲ့ ဆရာတပည့်ဆက်ဆံရေးရှိတာပဲ...


ရှန်းလျိုရှန့်၏မျက်လုံးများက မျက်ရည်များပြည့်လာသော်ငြား နှလုံးသားက အေးခဲနေသည်။


နှုတ်ခမ်းပါးများက တဖြည်းဖြည်းမဲ့လာကာ ကြည်လင်သန့်ရှင်းသော စမ်းချောင်းလေးအပေါ်သို့ အကြည့်များရောက်လာသည်။ သူက နှစ်လှမ်းခန့်ရှေ့တိုးကာ ငုပ်တုတ်ထိုင်ချလိုက်သည်။ ထို့နောက် ခေါင်းငုံ့၍ ရေထဲမှ ရောင်ပြန်လာသော ရုပ်သွင်ကို ဂရုတစိုက်ကြည့်လိုက်သည်။


စိတ်ရှုပ်ထွေးနေချိန်တွင် ရှန်းလျိုရှန့်က ကိုယ့်ကိုယ်ကို ပြန်ကြည့်လေ့ရှိသည်။


ရေထဲမှ ပုံရိပ်လေးက စိတ်ပျက်လက်ပျက်ဖြစ်နေပုံရသည်။


ရှန်းလျိုရှန့်က မျက်တောင်ခတ်လိုက်လျှင် ရေပြင်ပေါ်ရှိ ချောမောသောမျက်နှာပေါ်မှ ဇာမဏီမျက်လုံးများက မျက်တောင်ခတ်ပြလေသည်။ သူ၏ညာဘက်ပါးကို ညှစ်ဆွဲလျှင် သူ၏ပုံရိပ်ကလည်း တူညီစွာ လှုပ်ရှားပေလိမ့်မည်။


တစ်ယောက်တည်း အတန်ကြာ ဆော့ကစားပြီးနောက် သူ၏နှုတ်ခမ်းထောင့်များ မြင့်တက်လာသည်။ ယခင်က စိတ်ပျက်မှုများက အဝေးသို့ လွင့်ပါသွားသည်။

ပြဿနာမရှိပါဘူး...


ရှန့်လျိုရှန့်နောက်လိုက်နေတဲ့ လူပေါင်းထောင်ချီရှိတယ်...ကျိုးရွှမ်လန်က ဒီအတိုင်း နဂါးပေါက်စသာသာပဲကို... သူက ဘယ်လိုတောင်ယှဉ်ရဲတာလဲ...


ရှန်းလျိုရှန့် ရယ်မောလိုက်ကာ ခပ်ဖြေးဖြေးလျှောက်သွားသည်။ လမ်းဆုံသို့ရောက်ချိန်တွင် စာကြည့်တိုက်သို့သွားသော ရှုရှင်းချန်နှင့် တိုက်မိလေသည်။

ရှန်းလျိုရှန့်တစ်ယောက် စိတ်အခြေအနေကောင်းမွန်နေသဖြင့် ဦးစွာနှုတ်ဆက်လိုက်သည်။

"တိုက်ဆိုင်လိုက်တာ..."


ရှုရှင်းချန်က ခဏမျှရပ်တန့်သွား၍ ပဟေဠိဖြစ်နေသော အကြည့်နှင့် ရှေ့တွင် ရှိသော လူငယ်လေးအား ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ သူက ကျိုးရွှမ်လန် နှလုံးသွေးဆုံးရှုံးသည့်အကြောင်းကိုသိချိန်၌ အုံ့မှိုင်းနေခဲ့သောအမူအရာ ပျောက်ကွယ်သွာကာ ပြုံးနေသည်ကို မြင်လိုက်ရသည်။ ရှုရှင်းချန်က ထူးဆန်းနေသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလာသည်။

"ခမည်းတော်ကို ရှာနေတာ...နတ်ဆိုးမြို့တော်သွားမယ့်အကြောင်း ဆွေးနွေးမလို့..."


စကားပြောနေစဉ်တွင် တောအုပ်မှ လေပြေတစ်ချက်ဝေ့တိုက်ခတ်နေစဉ် လေထဲ၌ သစ်ရွက်လေးလွင့်မျောလာသည်။ ရှန်းလျိုရှန့်က ဖမ်းဆုပ်လိုက်ကာ ဖြူဝင်းရှည်လျားသော လက်ချောင်းများဖြင့်ခေါက်၍ ပေါ့ပေါ့ပါးပါးမေးလာသည်။

"ဘယ်အချိန်သွားမှာလဲ..."


ရှုရှင်းချန် : "ခမည်းတော်က မနက်ဖြန်လို့ ဆုံးဖြတ်လိုက်တယ်..."


ရှန်းလျိုရှန့်ကလန့်သွားသည်။

"မနက်ဖြန်က အလျင်စလိုဖြစ်မနေဘူးလား..."


ရှုရှင်းချန် "ခင်ဗျား အခုပြန်လာတဲ့အချိန်မှာ ပြောင်းသွားတာ..."


အတန်ကြာတိတ်ဆိတ်သွား၍ သစ်ရွက်ကိုခေါက်နေခြင်းလည်း တဖြည်းဖြည်းရပ်တန့်သွားသည်။


တစ်ခုခုမှားနေသည်ဟု သူရေးတေးတေးခံစားမိနေသည်။


တိယွင်ယွီက အဆောတလျင်နိုင်သောသဲလွန်စများကျန်သည်အထိ စာလိပ်ကို အလွန်အာရုံစိုက်ထားသည်။


စာလိပ်တွင် ချုန်းချီကို စည်းပိတ်သည်အား မှတ်တမ်းတင်ထားသည်။ သို့သော် ၎င်းကိုချိတ်ပိတ်ထားသည်မှာ နှစ်ရာချီနေပြီဖြစ်သည်။ တစ်စုံတစ်ယောက်က နတ်ဆိုးသားရဲများအပေါ် စိတ်ဝင်စားနေခဲ့ပါက တိယွင်ယွီ၏ ကျင့်ကြံဆင့်နှင့်ဆိုလျှင် ချိတ်ပိတ်နိုင်သည် သို့မဟုတ် သတ်ပစ်နိုင်သည်။ ထိုကဲ့သို့ အာရုံစိုက်ရန် မလိုအပ်ပေ။


ရှန်းလျိုရှန့်က မျက်လွှာချလျက် ကြေနေသည့် ကြွပ်ဆတ်ဆတ်ဖြစ်နေသော အဝါရောင် သစ်ရွက်ကို စိုက်ကြည့်နေမိကာ မျက်ခုံးများ အနည်းငယ်ပင့်လိုက်သည်။


ဧကရာဇ်ယွင်ယွီသေဆုံးခြင်းက သုံးလောကကို လှုပ်ခတ်စေခဲ့သော်ငြား ထိုသို့သောသေရေးရှင်ရေး အခြေအနေတွင် ဇာတ်ဆောင်ဇာတ်ပို့များက စုပိုင်ချယ့်အတွက် ယှဉ်ပြိုင်နေကြသဖြင့် မူလဇာတ်ကြောင်းတွင် စာကြောင်းအနည်းငယ်သာရေးသားခဲ့သည်။ တစ်ခုတည်းသောသဲလွန်စမှာ ရှန်းလျိုရှန့်က တိယွင်ယွီ၏ ဇာတာခွင်မှော်လက်နက်ကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။


ရှန်းလျိုရှန့်အမြဲထင်ခဲ့သည်မှာ တိယွင်ယွီ၏ သေဆုံးမှုက မှော်လက်နက် ပျက်ဆီးသွားခြင်းကြောင့်ဟုပင်။ 


မူလရှန်းလျိုရှန့်ကဲ့သို့ သူက မလုပ်ခဲ့သဖြင့် တိယွင်ယွီ အန္တရာယ်ကင်းပြီဟု ထင်ခဲ့သော်ငြား တစ်ခုခုမှားနေပုံရသည်။


နတ်ဆိုးသားရဲများကို ချိတ်ပိတ်ထားသည့်နေရာနှင့် ရှန်းလျိုရှန့်အမေ၏ နာမည်ကို မေ့သွားသည်ဟု တိယွင်ယွီက ပြောခဲ့သည်။ အချိန်အတော်ကြာ မပေါ်လာသည့်သူများကို မေ့သွားသည်ဟုပြောခဲ့သော်ငြား ချိတ်စည်းမပိတ်ရသေးချိန်က ကိစ္စများကိုမူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ အားလပ်ချိန်များတွင် မေးကြည့်သောအခါ တိယွင်ယွီငယ်စဉ်က ရှန်းချီတောင်တွင်လေ့ကျင့်၍ သုံးလောကတွင် အတွေ့အကြုံယူရသည်ဟု ရှင်းလျန်နှင့်ရှင်းချန်က ပြောပြလာသည်။ တိယွင်ယွီက အတွေ့အကြုံယူရသည့် နေရာတိုင်းကို ပြတ်ပြတ်သားသားမှတ်မိနေခဲ့သည်။


နတ်ဆိုးသားရဲများနှင့်တိုက်ခိုက်ရာတွင် ဒဏ်ရာရခဲ့သည်ဟု ရှန်းလျိုရှန့်တစ်ယောက်ထင်ခဲ့သော်ငြား နတ်ဆိုးသားရဲများအကြောင်းပြောသည့် တိယွင်ယွီ၏ လေသံကို ပြန်စဉ်းစားကြည့်လျှင် သူက အလေးအနက်မထားပုံပင်။


တိယွင်ယွီက ချိတ်ပိတ်နေစဉ်တွင် အခြားပြဿနာများကြုံခဲ့ရနိုင်သည်ဟု ရှန်းလျိုရှန့်တွေးလိုက်သည်။

ဒါပေမဲ့ သုံးလောကထိပ်မှာရှိနေတဲ့ သူရဲ့ကျင့်ကြံဆင့်အရ ဆိုရင် ဘယ်လိုပြဿနာမျိုးကြုံခဲ့မှာလဲ...


ရှန်းလျိုရှန့်က ကျိုးကြေနေသော သစ်ရွက်ကို လွှတ်ပစ်ကာ ပြောလာသည်။

"စာကြည့်တိုက်ထဲမှာ ခမည်းတော်အကြောင်းမှတ်တမ်းတင်ထားတဲ့ စာအုပ်တွေရှိလား..."


အဲဒီကနေ သဲလွန်စတွေ့နိုင်တယ်...


ရှုရှင်းချန်က မျက်ခုံးပင့်ကာပြောလာသည်။

"ရှိတာပေါ့..."


ရှန်းလျိုရှန့်က လက်နှစ်ဖက်ဖြင့် အားပါးတရလက်ခုပ်တီးလိုက်သည်။

"ဒီလိုဆိုမှတော့ မင်းခမည်းတော်နဲ့ တွေ့ပြီးရင် ငါ့ကို စာအုပ်နည်းနည်းလောက် တိတ်တိတ်လေးယူလာပေး...ဒါမှ သူ မသိမှာ..."


ရှုရှင်းချန်က သံသယဖြစ်စွာဖြင့် မျက်လုံးများမှေးကျဉ်းလိုက်သည်။

"ခင်ဗျားက ဘာလုပ်မလို့လဲ..."


ရှန်းလျိုရှန့်လည်း ယခုတွင် ရှုပ်ထွေးလျက်ရှိသည်။ သူ ရှုရှင်းချန်ကို မရှင်းပြနိုင်သဖြင့် စကားအနည်းငယ်ပြောကာ စာကြည့်တိုက်သို့ တွန်းပို့လိုက်သည်။


ရှုရှင်းချန်က လေးလံသော တာဝန်ကို ပုခုံးပေါ်တွင်ထမ်း၍ တံခါးမှ ပျောက်ကွယ်သွားသောအခါ ရှန်းလျိုရှန့် အခန်းသို့လှည့်ပြန်လာလိုက်သည်။


အိပ်ခန်းတွင်း၌ တိတ်ဆိတ်နေပြီး ရှန်းလျိုရှန့်က အိပ်ရာဘေးသို့လျှောက်လာ၍ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ မန္တန်အနည်းငယ်ဖြင့် လက်ဝှေ့ရမ်းလိုက်သောအခါ အိပ်ရာအောက်တွင် စကားလုံးများပေါ်လာ။


တိယွင်ယွီက သူ့အား ဝတ္ထုဖတ်ခွင့်မပေးထား၍ ဖမ်းမိခဲ့လျှင် သိမ်းယူခံရမည်ဖြစ်သည်။ သို့သော် တိယွင်ယွီက သူ၏အိပ်ခန်းသို့ တစ်ချိန်လုံးမလာနိုင်သဖြင့် အပျိုတော်များကို စောင့်ကြည့်ခိုင်းထားသည်။ အပျိုတော်များက အခန်းရှင်းသောအခါ ဝတ္ထုစာအုပ်များစွာ ဆွဲထုတ်ကာ ဧကရာဇ်ကို သတင်းပို့ကြသည်။


သို့ဖြစ်၍ အပျိုတော်များရှာမတွေ့စေရန် ရှန်းလျိုရှန့်က စာအုပ်များကို အိပ်ရာအောက်တွင် ဖွက်ထားကာ မန္တန် အနည်းငယ်သုံးလျက် သာမန်မျက်လုံးဖြင့် မမြင်နိုင်ရန် ဖုံးကွယ်ထားခဲ့သည်။


စာအုပ်များကြားတွင် ရှန်းလျိုရှန့် ရှာဖွေမွှေနှောက်ကာ တစ်အုပ်ကိုထုတ်ယူ၍ ဖုန်ခါလိုက်ပြီးနောက် ဖတ်ကြည့်လိုက်သည်။


စာအုပ်မှာ လူတစ်ယောက်ကို လိုက်ရန် ထောင်ချီသောနည်းလမ်းများကို အကျဉ်းချုပ်ထားခြင်း ဖြစ်သည်။ ယခုတွင် အချို့အချက်များကို မေ့နေသဖြင့် ပြန်ဖတ်ရန်လိုအပ်လာသည်။ ယုန်ကို စောင့်ဖမ်းနေသော မုဆိုး၊ ရက်စက်သော ငါးဖမ်းကျွမ်းကျင်သူကဲ့သို့ နည်းလမ်းများ အသုံးပြု၍ တစ်ဖက်လူကို ထောင်ချောက်တွင် ကျရှုံးစေကာ ပိုက်ကွန်အတွင်းမှ မလွတ်မြောက်နိုင် ဖြစ်စေသည်။


ရှန်းလျိုရှန့် နှုတ်ခမ်းထောင့်များမြင့်တက်ကာ စာမျက်နှာများကို ခပ်မြန်မြန်လှန်လှောလိုက်သည်။


ခဏကြာပြီးနောက် စာအုပ်ကို ပိတ်ကာ အနည်းငယ် မျက်လုံးလှိမ့်လိုက်မိသည်။


စာအုပ်တွင်ပြောထားသည်မှာ တစ်ဖက်လူ၏ဘေးတွင် အမြဲတစေရှိနေသင့်သည်။ 

" တကယ်လို့ မင်းတစ်ရက် မပေါ်လာခဲ့ရင် တစ်ဖက်လူက အသားမကျဖြစ်ပြီး အရမ်းနေရခက်နေမှာ "


ရှန်းလျိုရှန့်က ဖြစ်နိုင်သည်ဟု ခံစားရကာ စုတ်သပ်လိုက်သည်။


ကျိုးရွှမ်လန်က မည်သည့်အချိန်တွင် နိုးလာမည်ကို မသိသဖြင့် စောင့်ကြည့်နေရမည်။ သို့မှသာ ကျိုးရွှမ်လန် နိုးနိုးချင်း သူ့ကို ပထမဆုံးမြင်နိုင်မည်ဖြစ်သည်။


အဲဒါ မလှပလွန်းဘူးလား...


ရှန်းလျိုရှန့်က ပြောသည့်အတိုင်းလုပ်ရန် စာအုပ်ကိုချကာ အိပ်ရာပေါ်မှ ခေါင်းအုံးနှင့်စောင်ကိုသယ်၍ အပြင်ထွက်လာလိုက်သည်။ 


ကျိုးရွှမ်လန်၏အခန်းတွင် အိပ်ရာပြင်ဆင်ရန် စီစဉ်ထားသည်။ သို့မှသာ တစ်ဖက်လူက မျက်လုံးဖွင့်ဖွင့်ချင်း သူ့ကို မြင်နိုင်မည်ဖြစ်သည်။


ရှည်လျားသော လျှောက်လမ်းတွင် ရှန်းလျိုရှန့်တစ်ယောက် စောင်နှင့်ခေါင်းအုံးကိုဖက်၍ သံစဉ်ခပ်တိုးတိုးညီးကာ ကျိုးရွှမ်လန်အခန်းဆီသို့ ဖြေးညှင်းစွာ လျှောက်လာသည်။ အစောင့်များက အကူအညီပေးရန် အလျင်အမြန်ပြေးလာကြသည်။


ရှန်းလျိုရှန့်က ခေါင်းခါပြကာပြောလိုက်သည်။

"မလိုပါဘူး..."

ရောက်ခါနီးပြီ...ရှေ့က ထောင့်ချိုးပြီးလို့ နှစ်လှမ်းလောက် လျှောက်ရင် ကျိုးရွှမ်လန်ရဲ့ အခန်းကိုရောက်ပြီ...


ရှန်းလျိုရှန့်၏ မျက်ခုံးများပင့်တက်ကာ ပြုံးနေသည်။ ထိုထောင့်တွင် ပုံရိပ်တစ်ခုကို ဝင်တိုက်မိမည်ဟု မမျှော်လင့်ထားချေ။


သူကတိယွင်ယွီကို တွေ့ချိန်တွင် ထိတ်လန့်သွားသဖြင့် လက်မောင်းအတွင်းမှ ခေါင်းအုံးပင်ပြုတ်ကျသွားသည်။

"ခမည်းတော်က စာကြည့်တိုက်ထဲမှာရှိနေတာ မဟုတ်ဘူးလား..."


တိယွင်ယွီက မျက်လွှာချ၍ မြေပြင်ရှိ ခေါင်းအုံးနှင့် စောင်ကို ကြည့်လိုက်သည်။


"ကိုယ်တော့် ဘဝအကြောင်းကို ဘာလို့စူးစမ်းနေတာလဲ..."


ရှန်းလျိုရှန့်နင်သွားသည်။

ရှုရှင်းချန်က သူ့ကိုအခု ရောင်းစားသွားတာလား...


တိယွင်ယွီက သူတွေးနေသည်အား မြင်ပုံရသည်။

"သူက ငါကိုယ်တော်ရှေ့မှာ မလိမ်ပြောနိုင်ဘူး..."


ရှုရှင်းချန်၏ မျက်လုံးများက အကြည့်ကိုရှောင်ရှားလျက် စိတ်လွတ်စွာ စကားပြောနေသည်။ သူက စာအုပ်စင်ရှိရာသို့ အချိန်တိုင်းလှည့်ကြည့်နေသဖြင့် စကားအနည်းငယ်ပြောရုံဖြင့် ပေါ်သွားခဲ့သည်။


ရှန်းလျိုရှန့် : "....."

သူ အတွက်မှားသွားတယ်...


တိယွင်ယွီက အောက်ငုံ့၍ ခေါင်းအုံးကို လက်ဖြင့် ကောက်ကာ မျက်ခုံးများအနည်းငယ်ပင့်တင်လျက်ပြောလာသည်။

"ဒါတွေနဲ့ ဘယ်သွားမလို့လဲ..."


ရှန်းလျိုရှန့် : "စောင်လှမ်းမလို့..."


ရှန်းလျိုရှန့်ကလှည့်၍ တောက်ပနေသော ကောင်းကင်ကိုကြည့်လိုက်သည်။


"ကျွန်တော်တွေ့ရသလောက် ဒီနေ့ နေအရမ်းသာနေသလားလို့..."


ပြောပြီးသည်နှင့် တိယွင်ယွီ လက်ထဲမှ ခေါင်းအုံးကို အမြန်ပြန်ယူပြီး စောင်ကိုပိုက်လျက် နှစ်လှမ်းသုံးလှမ်းဖြင့် လျှောက်လမ်းကိုထားခဲ့ကာ ကျိုးရွှမ်လန်၏ အခန်းကိုလှည့်မကြည့်နိုင်ဖြစ်လျက် ဖြတ်သွားလိုက်ရသည်။ 


တိယွင်ယွီက သူ၏နောက်ကျောပြင်ကို အတွေးနက်စွာ စိုက်ကြည့်နေခဲ့သည်။


ရှန်းလျိုရှန့်က ရှည်လျားစွာကွေ့ပတ်၍ ကျိုးရွှမ်လန် အခန်းသို့ ပြန်ခိုးဝင်ခဲ့သည်။


တံခါးဖွင့်လိုက်သောအခါ ရေခဲငွေ့များဖုံးလွှမ်းနေလျက် ယခုထိ မနိုးသေးသော အနက်ရောင်နဂါးလေးကို မြင်လိုက်သည်။


ရှန်းလျိုရှန့်က ခေါင်းအုံးကိုချ၍ သူ့အား အတန်ကြာစိုက်ကြည့်နေခဲ့သည်။ ထို့နောက် လက်ဆန့်ထုတ်၍ နဂါးအကြေးခွံများကို ထိလိုက်ချိန်တွင် ရင်းနှီးနေသောခံစားချက်ကို သူထပ်မံခံစားလိုက်ရသည်။


ရှန်းလျိုရှန့်မျက်နှာပေါ်တွင် သံသယများရှိနေခဲ့သည်။ 

သူအရင်က မထိဖူးဘူး...ဒါဆို မူလကိုယ်က ထိဖူးတာများလား...


ရှန်းလျိုရှန့်က အိမ်မက်ဆိုးသားရဲကြောင့် နိုးထခဲ့သော မှတ်ဉာဏ်ကို ပြန်သတိရလိုက်မိသည်။ သူ ထိူ နဂါးဥကို တစ်ကြိမ်ကိုင်ဖူးပေသည်။ သူ့ဆရာ ဖန်ကျုံးချင်၏ အပြောအရဆိုလျှင် သူ၏ ဖူးစာရှင်က ကျိုးရွှမ်လန်ဖြစ်သည်။


ကောင်းကင်ဘုံ၏ ကံကြမ္မာပါဝင်သော သုံးဘဝကျောက်တုံးကမူ ယဲ့ပင်းရန်ဟုပြောခဲ့သည်။


ရှန်းလျိုရှန့်က ခဏမျှတွေးပြီးသောအခါ အပြုံးတစ်ခုနှင့် နှုတ်ခမ်းများ ကွေးညွှတ်သွားသည်။ အမှန်ဖြစ်စေ အမှားဖြစ်စေ ကိစ္စမရှိပေ။ သူ၏အချစ်ကို သူသာလျှင် ဆုံးဖြတ်မည်ဖြစ်သည်။


အခန်းက အလွန်အမင်းတိတ်ဆိတ်နေသည်မှာ အချိန်ကြာကြာအိပ်နေသော အနက်ရောင်နဂါးလေး လှုပ်လာကာ နိုးလာတော့မည့် အချိန်ထိပင် ဖြစ်သည်။


ရှန်းလျိုရှန့်၏ နှလုံးက လှုပ်ရှားနေလျက် ပထမဆုံးတွေ့နိုင်ရန် သူစီစဉ်ထားခဲ့သည်။


ခါးတွင်ချိတ်ဆွဲထားသော ကျောက်စိမ်းပြားကို ဖြုတ်ယူလိုက်သည်။ ၎င်း၌ သူ၏နာမည်ရေးထိုးထားကာ ရွေရောင်အလင်းဖြင့်တောက်ပနေသည်။


ကျောက်စိမ်းပြားကို သေးငယ်စေပြီးနောက် ရှန်းလျိုရှန့်၏ ဖြူသွယ်သောလက်ချောင်းများက အနီရောင်ဝတ်ရုံကို ပတ်ကာ ရေခဲစိုင်ပေါ်ရှိ အနက်ရောင်န

ဂါးလေးဆီသို့ ကြည့်လိုက်သည်။ နှုတ်ခမ်းထောင့်များ မြင့်တက်နေလျက် ခပ်ညစ်ညစ်အပြုံးတစ်ခုကို ဖော်ဆောင်ထားသည်။


"ငါ့ရဲ့ ကျောက်စိမ်းပြားကို ဝတ်ထားလိုက်... ပြီးရင်တော့ မင်းက ငါ့အပိုင်ပဲ..."