Chapter 108
ရှန်းလျိုရှန့်က အနက်ရောင်နဂါးလေး၏ ခေါင်းကိုမ'၍ အတန်ကြာ ဟိုဟိုသည်သည်လှုပ်ရှားနေပြီးနောက် အဆုံး၌ လည်ပင်းတွင် ချည်ထားနိုင်ခဲ့သည်။
အနီးကပ်ကြည့်သောအခါ မလိုက်ဖက်ဟု သူ ခံစားလိုက်ရသည်။
လူပုံစံဖြစ်ခဲ့လျှင် ကျောက်စိမ်းပြားက ခါးတွင် ချည်နှောင်ရမည်ဖြစ်ပြီး လည်ပင်းတွင်ဝတ်ဆင်သည်က မသင့်တော်ချေ။ ရှန်းလျိုရှန့်၏လက်ချောင်းများက ကျိုးရွှမ်လန်၏ ခန္ဓာကိုယ်ပေါ်တွင် လှည့်လည်နေကာ နောက်ဆုံးတွင် နဂါးဦးချိုပေါ်၌ ကျဆင်းသွားသည်။
ကျောက်စိမ်းပြားကို လက်ချောင်းထိပ်အရွယ်အစားထိ လျှော့ချ၍ နဂါးဦးချိုတွင် ဂရုတစိုက် ချည်နှောင်လိုက်သည်။
ကျောက်စိမ်းပြားလက်ဆောင်ပေးခြင်းက အချစ်ကို ဖော်ပြခြင်းဖြစ်သည်။ ကျိုးရွှမ်လန် နိုးလာသည်နှင့် ချက်ချင်းရှာတွေ့သွားမည်ဖြစ်ကာ သူ၏တုန့်ပြန်ချက်ကိုကြည့်၍ ခံစားချက်ကို သိနိုင်မည်ဖြစ်သည်။
ရှန်းလျိုရှန့်က နှုတ်ခမ်းများကွေးညွှတ်ကာ နဂါးချို၌ ချိတ်ဆွဲထားသော ကျောက်စိမ်းပြားကို လက်ထိပ်ဖြင့်တောက်လိုက်သည်။
ခဏကြာစိုက်ကြည့်နေပြီးနောက် ရှန်းလျိုရှန့်၏ နှုတ်ခမ်းပေါ်မှ အပြုံးက တဖြည်းဖြည်းပျောက်ကွယ်လာသည်။ အကယ်၍ ကျိုးရွှမ်လန် သူ့ကိုမကြိုက်ပါက ကျောက်စိမ်းပြားပေးခြင်း၏ အဓိပ္ပါယ်ကို သိလျှင် ထိတ်လန့်သွားကာ ပါ့ဟွမ်တွင် ပုန်းနေ၍ သူ့ကိုတွေ့မည်မဟုတ်ပေ။
ရှန်းလျိုရှန့်က များပြားလှသည့် အစားအစာများ စားရသည်ကိုကြိုက်၍ များပြားလှသည့် ကိစ္စများ ပြုလုပ်ရသည်ကို ကြိုက်သည်။ သို့သော် သူ့အတွက် လူတစ်ယောက်ကိုကြိုက်မိသည်က ပထမဆုံးအကြိမ်ဖြစ်သည်။
သူက တစ်ခဏမျှ သောကရောက်နေခဲ့သည်။
သူနှစ်သက်သည့် တစ်စုံတစ်ယောက်ကို တွေ့ခဲ့လျှင် အရှုပ်အထွေးကို ဖြတ်တောက်ရန် အကောင်းဆုံးနည်းမှာ သူ၏အချစ်ကို အားအပြည့်နှင့်ဖော်ပြ၍ ထိုသူကို အရယူမည်ဟု သူတွေးခဲ့ဖူးသည်။
သို့သော် ယခုအချိန်တွင် သူနှင့် အလွန်နီးကပ်နေလျှင်ပင် အလျင်စလို မလှုပ်ရှားရဲပေ။ သူ မရှိခဲ့လျှင်ဟူ၍ စိုးရိမ်နေမိသည်။ ထိုသူ့ကို ကြောက်ရွံ့စေကာ သူ့နောက်လိုက်မည့် အခွင်းအရေးပင်မပေးမည်ကို စိုးရိမ်လာမိသည်။
ရှန်းလျိုရှန့်က ခဏမျှတုံ့ဆိုင်းနေကာ ခေါင်းငုံ့၍ နဂါးဦးချိုမှ ကျောက်စိမ်းပြားကို ဖြုတ်လိုက်သည်။ သူ့တစ်ကိုယ်လုံး စိတ်ပျက်လက်ပျက်ဖြစ်နေသည်။
သူက ရေခဲစိုင်ပေါ်မှ အနက်ရောင်နဂါးလေးကိုစိုက်ကြည့်နေမိသည်။ ထိုနဂါးလေး မနိုးခင်တွင် နဂါးဦးခေါင်းအား သူ၏ဖြူသွယ်သော လက်ချောင်းများဖြင့် မနေနိုင်မထိုင်နိုင် ထိကြည့်မိသည်။
"တစ်ခြားလူတွေရဲ့ တပည့်တွေက မင်းလိုမျိုးပဲ လိမ္မာကြတယ်...ဆရာဖြစ်သူက လောဘတကြီးသောက်စားနေချိန်ကျရင် လမ်းတစ်ဝက်မှာ နာနာခံခံနဲ့ ရပ်စောင့်နေကြတယ်...မင်းရော စောင့်နေမှာလား..."
ချင်းလင်ဂိုဏ်း၌ ရှိနေစဉ်တွင် ရှန်းလျိုရှန့်က မည်သည်မျှ လုပ်စရာမရှိနေသဖြင့် လင်ဟွားထံသို့မကြာခဏသွားကာ သောက်စား၍ စကားပြောလေ့ရှိခဲ့သည်။
သောက်ပြီးချိန်တွင် ညဘက်နောက်ကျသွားလေ့ရှိသည်။ ဝိုင်နံ့များစွဲလျက် ပြန်လာချိန်တိုင်းတွင် အရပ်ရှည်၍ဖြောင့်မတ်သော လူငယ်လေးက အမြဲတစေရှိနေခဲ့သည်။ မိုးရွာသည်ဖြစ်စေ လေတိုက်သည်ဖြစ်စေ တောင်တက်လမ်း၏ လမ်းတစ်ဝက်ရှိ မက်မွန်ပွင့်များဝေနေသည့် တောအုပ်တွင် ထိုလူငယ်လေးက စောင့်ဆိုင်းနေခဲ့သည်။
ရှန်းလျိုရှန့်က စောင့်ရန်မလိုဟုပြောခဲ့သော်ငြား ကျိုးရွှမ်လန်က နားကန်းနေသည့်နှယ် ဖြစ်နေသဖြင့် ခွင့်ပြုပေးခဲ့ရသည်။ ထို့အပြင် ရှန်းလျိုရှန့်က မူလကမ္ဘာတွင် အမြဲတစ်ယောက်တည်းသာဖြစ်နေခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်က သူ့ကို စောင့်ဆိုင်းနေကာ အိမ်ပြန်ပို့ပေးသည်ကို ကြုံတွေ့ခဲ့ရသည်။ အပေါ်ယံတွင် မဖော်ပြခဲ့သော်ငြား နှလုံးသားထဲတွင် အလွန်ပျော်ရွှင်နေခဲ့သည်။
ထိုအချိန်တွင် ရှန်းလျိုရှန့်တစ်ယောက် တွေးခဲ့သည်မှာ 'ကျိုးရွှမ်လန်က ဘာလို့အရမ်းကောင်းနေတာလဲ...' ဟူ၍သာဖြစ်သည်။
ယခု သူမေးလာသည့်အချိန်တွင် နှမျောစရာကောင်းစွာ ကျိုးရွှမ်လန်က မဖြေနိုင်ပေ။ သူက ရေခဲစိုင်ပေါ်တွင် အမူအရာမဲ့စွာ လဲလျောင်းနေလျက် နှလုံးသွေးဆုံးရှုံးကာ ပြင်းပြင်းထန်ထန်ဒဏ်ရာရနေသည်။ နိုးလာမည့် အရိပ်အယောင်များပြလာသော်ငြား အချိန်မတိုင်သေးပုံရသည်။
ရှန်းလျိုရှန့်က သူကို အတန်ကြာကြည့်နေပြီးနောက် ဝမ်းနည်းလာမိသည်။ ပြန့်ကျဲနေသော အနက်ရောင်ဆံနွယ်များကို သပ်တင်ပေးကာ သူ၏အကြည့်များက နဂါးလေး၏အရှေ့အနောက် လှည့်လည်နေလျက် မည်သည့်အချိန်တွင် နိုးလာမည်ကို မသိနိုင်ချေ။
နဂါးလေး၏ကျောပေါ်ရှိ သေးငယ်သော အမာရွတ်ကို ရိပ်ခနဲတွေ့မိလိုက်သောအခါ ရှန်းလျိုရှန့်၏မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
သူခေါင်းငုံ့ကာ အနီးကပ်ကြည့်လိုက်သည်။ ၎င်းက အမာရွတ်အဟောင်းဖြစ်ပုံရသည်။ နဂါးတစ်ကောင်တွင် သန်မာသော ပြန်လည်ကုသနိုင်စွမ်းရှိသော်ငြား ၎င်းက မပျောက်ကွယ်သွားသဖြင့် ဒဏ်ရာရရှိချိန်တွင် မည်မျှပြင်းထန်ကြောင်း သိနိုင်သည်။
ရှန်းလျိုရှန့်က အတန်ကြာတိတ်ဆိတ်နေခဲ့သည်။
သူ၏မသိစိတ်တွင် ကျိုးရွှမ်လန်အား မူလဇာတ်ကြောင်း၏ စွမ်းအားကြီးကာဆန်းကြယ်သည့် အရှင်သခင်အဖြစ် အမြဲတစေတွေးတောခဲ့သည်။ ဤလောကတွင် ကံအကောင်းဆုံးဖြစ်ကာ လိုချင်သည့်အရာမှန်သမျှရနိုင်သည်ဟု တွေးထင်ခဲ့သည်။
သို့သော်ဤအချိန်တွင် ကျိုးရွှမ်လန်က ကြီးမားသော စွမ်းအားဖြင့် မွေးဖွားလာခဲ့ကြောင်း သူရုတ်တရက် သတိပြုမိသွားသည်။ ဓားဂိုဏ်းမှကယ်တင်ခံရသည့်အချိန်တွင်ဖြစ်စေ၊ နဂါးဦးချိုကို ချိုး၍ အစီအရင်ကိုဖျက်ဆီးသည့် အချိန်၌ ဖြစ်စေ၊ နှလုံးသွေးဖြင့်အဆိပ်ကို ဖိနှပ်သည့်အချိန်၌ဖြစ်စေ အချိန်တိုင်းလိုလို အလွန်အမင်း စိုးရိမ်ကာ အကောင်းဆုံးကြိုးစားခဲ့သည်။ သူ့ကို ကာကွယ်ရန်ကြိုးစားခဲ့သည်။
သူက မူလဇာတ်ကြောင်းမှ ဆန်းကြယ်သည့် အရှင်သခင်မဟုတ်သကဲ့သို့ ဒဏ္ဍာရီတွင်သည့် ဗီလိန်နဂါးနက်မဟုတ်ပေ။ သူက ရှန်းလျိုရှန့်၏တပည့်သာဖြစ်သည်။
ရှန်းလျိုရှန့်အတွက်မူ သူက လောကကြီးတွင် အကောင်းဆုံးသောတပည့်ဖြစ်သည်။
သူ၏နက်မှောင်သော မျက်တောင်များကို အောက်ချလိုက်၍ အတွေးပေါင်းများစွာက သူ၏ နှလုံးသား အတွင်းသို့ ဝင်ရောက်လာသည်။ ထို့နောက် သူက ပွင့်ဟနေသည့် နက်မှောင်သော မျက်လုံးတစ်စုံနှင့် အမှတ်တမဲ့ တွေ့ဆုံသွားသည်။
သူက ခဏမျှ ကြက်သေသေသွားကာ မျက်နှာပေါ်မှ ရှုပ်ထွေးနေသည့် အမူအရာကို ဖျောက်လိုက်သည်။ သူ၏လက်ချောင်းများက ကျိုးရွှမ်လန်၏ ခေါင်းကို ဖိထားလျက်ရှိကြောင်းတွေ့သောအခါ လက်ပြန်ရုတ်၍ ခြောက်ကပ်ကပ်ပြောလာသည်။
"မင်းဘယ်အချိန်ထဲက နိုးနေတာလဲ..."
ကျိုးရွှမ်လန် နိုးနေသည်မှာ အနည်းငယ်ကြာနေပြီဖြစ်သည်။ သူမျက်လုံးဖွင့်လိုက်သောအခါ ရင်းနှီးနေသည့် ရနံ့လေးကို သတိထားမိလိုက်သည်။ သူချက်ချင်းပင် ရှန်းလျိုရှန့်ကို ကြည့်လိုက်သောအခါ ထိုသူက အတွေးနက်နေသည်ကို မြင်လိုက်ရသည်။ ထိုသူက ကျိုးရွှမ်လန်၏အကြည့်ကို သတိမထားမိသဖြင့် သူ၏ချောမောသည့် မျက်နှာပေါ်မှ အမူအရာများကို အလွန်ရှင်းလင်းစွာ ကြည့်နေနိုင်သည်။
ရှစ်စွမ်းမျက်တောင်မခတ်မီတွင် နှုတ်ခမ်းဆူ၍ မျက်မှောင်ကြုတ်ထားသည်။ အတန်ကြာမြင့်စွာ ပါးများ ဖောင်းထားလျက် ဒုက္ခရောက်နေသော အမူအရာရှိနေသည်။ တစ်ကြိမ်ပြီးတစ်ကြိမ် ညိုးငယ်စွာ သက်ပြင်းချနေခဲ့သည်။
ချစ်ဖို့ကောင်းတယ်...
ဤသည်ကိုမြင်ပြီးနောက် ကျိုးရွှမ်လန်၏ နှလုံးသားလေးက အနည်းငယ် ယားယံလာသော်ငြား သဘာဝကျစွာပင် ထုတ်ဖော်ပြသမည်မဟုတ်ပေ။ သူကခေါင်းမော့၍ လူပုံစံသို့ပြန်ပြောင်းချင်ခဲ့သော်လည်း ရှန်းလျိုရှန့်က နဂါးဦးချိုကိုထိချင်သည်ဟု ပြောခဲ့ကြောင်းကို သူမှတ်မိနေသဖြင့် နဂါးဦးခေါင်းကိုမြှောက်ကာ ရှန်းလျိုရှန့်၏လက်အတွင်းသို့ ချဉ်းကပ်ရန်အစပြုလိုက်သည်။
"ရှစ်စွမ်း နဂါးဦးချိုကို မထိချင်ဘူးလား..."
ရှန်းလျိုရှန့်တစ်ယောက် သူတိတ်တိတ်လေး ထိပြီးကြောင်းပြောချင်သော်ငြား ထပ်မံထိတွေ့ချင်လာပြန်သည်။
ဒါက အသားယူနေတာပဲ...
သူက ပြတ်ပြတ်သားသားပင် ပါးစပ်ပိတ်ထား၍ လက်မြှောက်ကာ သူ၏လက်ညိုးဖြင့် နဂါးဦးချိုကို ထိတွေ့လိုက်သည်။ ကျိုးရွှမ်လန်နိုးလာပြီးနောက် နဂါးဦးချိုက ပို၍နူးညံလာသည်။ မတိုင်မီအချိန်ကနှင့် မတူညီစွာ ဦးချိုပေါ်မှ အစင်းများကလည်းပြောင်းလဲသွားခဲ့သည်။ ယခင်က မှိန်ဖျော့နေသော်ငြား ယခုတွင် ရွှေရောင်အလင်းတန်းများသဖွယ်တောက်ပနေသည်။
ထို့အပြင် ရေခဲငွေ့များက နဂါးဦးချိုပေါ်တွင် ဖုံးလွှမ်းနေကာ ထိတွေ့ရသည်မှာ သက်သောင့်သက်သာရှိလှသည်။ ရှန်းလျိုရှန့် မတတ်နိုင်စွာ အတန်ကြာထိတွေ့နေခဲ့သည်။
ရေခဲစိုင်ပေါ်ရှိ နဂါးဦးချိုပေါ်သို့ အထိအတွေ့ကျရောက်လာသည့်ခဏတွင် ကျိုးရွှမ်လန်တစ်ယောက် စိတ်ရှုပ်ထွေးလာသည်။
သူ ကိုယ့်ကိုယ်ကို အလွန်အကျွံလုပ်မိသွားသည်။
နဂါးတစ်ကောင်အနေနှင့် ကျိုးရွှမ်လန်က ရမ္မက်ကြီးသည်။ သမိုင်းမှတ်တမ်းများအရ သူတို့၏ရမ္မက်ကို မထိန်းနိုင်သောနဂါးအများစုက သနားစရာကောင်းသည်။ သို့ရာတွင် ကျိုးရွှမ်လန်၌ ကိုယ့်ကိုယ်ကို ထိန်းချုပ်အားကောင်းကာ နဂါးကိုယ်ပြောင်းချိန်မှာပင် သူ၏သဘာဝကို ဖိနှိပ်ထားနိုင်သည်။
သူ့အားထိန်းချုပ်နိုင်စွမ်း ပျက်ဆီးစေသည့်တစ်ခုတည်းသောအရာမှာ ရှန်းလျိုရှန့်သာဖြစ်သည်။ ကျောက်စိမ်းပြားမှအသံ အတန်ကြာမကြားရခြင်းကပင် သူ့အတွက် ပြင်းထန်လှပေသည်။
သို့သော် နဂါးချိုမှ အထိအတွေ့တစ်ခုက သူ၏ ခန္ဓာကိုယ်ကို ပူလောင်လာစေမည်ဟု ကျိုးရွှမ်လန်မမျှော်လင့်ထားခဲ့ပေ။
နဂါးချိုကို ရှန်းလျိုရှန့်လက်မှ ဆွဲထုတ်ပြီး ထူးခြားသည့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းကာ လူပုံစံပြောင်းလဲရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။ ကျိုးရွှမ်လန် စကားပြောမည့်အချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။
" မင်းသားလေး...ဧကရာဇ်က ပြင်ဆင်ဖို့ အမိန့်ပေးထားတဲ့ဆေးပါ..."
တံခါးဖွင့်ပြီးနောက်တွင် အပျိုတော်က ဆေးရည်ခွက်ကို ရှန်းလျိုရှန့်ထံသို့ ပေးလာသည်။ ခေါင်းငုံ့၍ နမ်းကြည့်လိုက်သောအခါ ရနံမွှေးမွှေးလေး သင်းနေသဖြင့် ရှန်းလျိုရှန့်က ပြောလာသည်။
"မင်းအတွက် ဧကရာဇ် ပြင်ပေးထားတဲ့ဆေးက အရမ်းမွှေးတာပဲ..."
ရှန်းလျိုရှန့်က မျက်တောင်ခတ်လိုက်သည်။
"ငါ့ကို အရင်မြည်းခွင့်ပေးဦး..."
ရှန်းလျိုရှန့်က ခွက်ကိုယူ၍ တစ်ငုံသောက်လိုက်သည်။ နောက်ခဏတွင် သူ၏မျက်နှာတစ်ခုလုံးစိမ်းဖန့်လာသည်။ ဆေးခွက်အား မှောက်ပစ်ချင်သည့်စိတ်ကို ရင်ဘက်ကို လက်တစ်ဖက်နှင့် ဖိ၍ သည်းခံထားလျက် အခြားတစ်ဖက်ဖြင့် ဆေးခွက်ကို စားပွဲပေါ်သို့တင်လိုက်သည်။
"ဒါသောက်ဖို့ အဆင်မပြေဘူး..."
ရှန်းလျိုရှန့်၏ လျှာက ထုံကျင်နေ၍ ပါးစပ်တွင် ခါးသက်သောအရသာနှင့်ပြည့်နှက်နေကာ မျက်ရည်များ မျက်လုံးတွင်ပြည့်လာသည်။ သောက်ရေကို အလျင်စလိုရှာနေသည့်အချိန်တွင် လက်မောင်းမှ ဆွဲယူခြင်းကိုခံလိုက်ရသည်။
ကျိုးရွှမ်လန်က သစ်သီးသကြားလုံးကို မည်သည့်နေရာမှရလာသည်ကို မသိသောငြား သူ၏ လက်ချောင်းများဖြင့် ရှန်းလျိုရှန့်ကို ပေးလာသည်။
အချိန်အကြာကြီးနေမှ မိုးရွာလာသကဲ့သို့ခံစားရကာ ရှန်းလျိုရှန့်တစ်ယောက် ချက်ချင်းပင် တစ်ကိုက်ကိုက်လိုက်သည်။ လျှာထိပ်၌ အနည်းငယ် ချိုမြသောအရသာကို ခံစားရသဖြင့် လက်ကိုမတတ်နိုင်စွာ လျက်လိုက်မိသည်။
လျှာဖြင့်လျက်လိုက်ခြင်းက နှစ်ယောက်လုံးကို တစ်ပြိုင်နက် ကြက်သေသေသွားစေသည်။
ကျိုးရွှမ်လန်က ရေခဲစိုင်ပေါ်တွင်ရှိနေကာ သူ၏ လက်ချောင်းထိပ်များ၌ ရေခဲငွေ့များရှိနေဆဲပင်ဖြစ်သည်။ ရှန်းလျိုရှန့်၏ပါးစပ်မှ အပူငွေ့က သူ့ကိုဖုံးလွှမ်းသွား၍ နူးညံသောလျှာက အမှတ်တမဲ့ ဖြတ်သန်းသွားသဖြင့် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် အေးခဲသွားလေသည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ..."
ပွင့်နေသော တံခါးရှေ့တွင် ရှုရှင်းချန်၏ အမူအရာမှာ ထိတ်လန့်နေပုံရနေသည်။ ကျယ်လောင်သည့်အော်သံကြောင့် နှစ်ယောက်သား သတိပြန်ဝင်လာကြသည်။
ဒီတစ်ကြိမ်တော့ သက်သေကခိုင်မာတယ်...
ရှုရှင်းချန်က ဦးစွာ ရှန်းလျိုရှန့်ကို ဆွဲယူလိုက်ပြီးနောက်တွင် တစ်ဖက်လှည့်ကာ ကျိုးရွှမ်လန်ကို 'မင်းစောင့်နေလိုက်' ဟူသည့်ပုံစံဖြင့် စိမ်းစိမ်းဝါးဝါးကြည့်လာသည်။
မည်သူမျှမရှိသည့်နေရာသို့ ရှန်းလျိုရှန့်အား ခေါ်ဆောင်သွားပီးနောက် ရှုရှင်းချန်က နှာခေါင်းရှုံ့ကာပြောလာသည်။
"ခင်းဗျား ရှင်းပြချင်တာများရှိသေးလား..."
ထိုနှစ်ယောက်ကြားတွင် တစ်ခုခုမှားနေသည်ဟု ခံစားမိသည်မှာ ကြာလှပြီဖြစ်သော်ငြား ရှန်းလျိုရှန့်က အမြဲတစေ ငြင်းဆန်နေခဲ့သည်။ ယခု ဤကဲ့သို့မြင်ကွင်းမျိုး ကြုံပြီးနောက်တွင် သူ မတတ်နိုင်စွာ အောင်နိုင်မှုကိုခံစားမိသွားလျက် စကားတတ်သည့် ရှန်းလျိုရှန့်တစ်ယောက် ရှင်းပြလာမည်ကို စောင့်ဆိုင်းနေလိုက်သည်။
မျှော်လင့်ထားသည်နှင့်ခြားနားစွာ ရှန်းလျိုရှန့်က သူ၏မေးစေ့ကိုထိ၍ ခေါင်းညိတ်လျက် လေးလေးနက်နက်ပြောလာသည်။
"မရှိဘူး...မင်းမြင်တဲ့အတိုင်းပဲ..."
ရှုရှင်းချန်က ခဏမျှ ကြက်သေသေသွားကာ မျက်လုံးများပြူးကျယ်လာသည်။ သူက ခန့်မှန်းခဲ့သော်ငြား ရှန်းလျိုရှန့်က ဝန်ခံလာခြင်းမှာ အခြားတစ်ခုပင်ဖြစ်သည်။ သူက ထိတ်လန့်ခြောက်ခြားသွားပြီး နောက်သို့ နှစ်လှမ်းခန့် ဆုတ်မိသွားသည်။ ထို့နောက် သူက ရှန်းလျိုရှန့်ကို လက်ညိုးထိုးလျက်ပြောလာသည်။
"ခင်ဗျား...ခင်ဗျား ဝန်ခံလိုက်တယ်...ခင်ဗျားတို့နှစ်ယောက် ဆက်ဆံရေးတစ်ခုရှိနေကြတယ်..."
ရှန်းလျိုရှန့်က မျက်ခုံးများပင့်၍ ကျယ်လောင်စွာ သက်ပြင်းချလာသည်။ သူ၏မျက်နှာက တည်ငြိမ်နေရာမှ ညိုးငယ်သွားသည်။
"မဟုတ်ဘူး...ငါကတစ်ဖက်သတ်ချစ်နေတာ..."
ရှုရှင်းချန် : "....."
ရှုရှင်းချန်က မတည်ငြိမ်နိုင်တော့ချေ။
"ဒါ အရမ်းကြီးတဲ့ သက်သေပဲ...မဟုတ်သေးဘူး...ခမည်းတော်ကို သွားပြောရမယ်...ခင်ဗျားက နဝမနတ်ဆိုးဘုရင်ကို စိတ်ကူးယဉ်နေပါတယ်လို့..."
ရှန်းလျိုရှန့်က သူ့ကို ဖမ်းဆွဲကာပြောလာသည်။
"မင်းဧကရာဇ်ကို ပြောလို့မရဘူး...ငါ့အတွက် လျှိုဝှက်ပေးထားရမယ်..."
ရှုရှင်းချန်က ရပ်တန့်သွားကာ သူ၏နား တစ်ခုခုမှားယွင်းနေသည်ကို ရုတ်တရက်ထင်သွားသည်။
လျှိုဝှက်ထားပေးရမယ်...အိမ်မက်မက်နေလိုက်...
ရှုရှင်းချန်က နှာခေါင်းရှုံလိုက်သည်။
"မဖြစ်နိုင်ဘူး...မကောင်းမှုလုပ်တာကို ဘယ်တော့မှ ကူညီမှာ မဟုတ်ဘူး...ခမည်းတော်ကို ဖုံးကွယ်ထားဖို့လည်း ကူညီမှာ မဟုတ်ဘူး..."
ရှန်းလျိုရှန့်က မျက်ခုံးပင့်လျက်ပြောလာသည်။
"ငါမင်းကို အခုလေးတင် ပြောလိုက်တာလေ..."
ရှုရှင်းချန် : "အဲတော့ ဘာဖြစ်လဲ..."
ရှန်းလျိုရှန့်က ဇာမဏီမျက်ဝန်းတောက်တောက်လေးများဖြင့် သူ့အားကြည့်၍ ရိုးသားသည့်အမူအရာဖြင့်ပြောလာသည်။
"ငါက မင်းကို အယုံကြည်ဆုံးမို့လို့ပါ..."
ရှုရှင်းချန် ကြက်သေသေသွားသည်။
သူက ငါ့ကို အယုံကြည်ဆုံး...
ဟုတ်သားပဲ...
ရှန်းလျိုရှန့်က ဒီလောက်အရေးကြီးတဲ့ ကိစ္စကို ငါ့ကိုပြောဖို့ဘာလို့ရွေးခဲ့တာလဲ...ငါ့ကို သူကမလိမ်ချင်လို့ကို...လေးနက်လိုက်တာ...ငါက ယုံကြည်စရာကောင်းတယ်လို့ သူ ခံစားရလို့ဖြစ်မယ်...ဒီတော့ ငါလျှိုဝှက်ချက်ကို ထိန်းသိမ်းပေးဖို့ဆုံးဖြတ်လိုက်ပြီ...
၎င်းကို သိရှိသွားပြီးနောက် ရှုရှင်းချန်က တုန်လှုပ်သွားသည်။ သူက ရှန်းလျိုရှန့်၏ နှလုံးသားထဲတွင် ထိုကဲ့သို့ ပုံရိပ်ရှိမည်ဟု မတွေးခဲ့ဖူးပေ။
အပြင်သို့ဆန့်ထုတ်ထားသော ခြေထောက်ကို ပြန်ရုတ်လျက် ရှုရှင်းချန်၏ မျက်နှာတွင် ပုံမှန်မဟုတ်သော အမူအရာကိုပြလာသည်။
"ဒါဆိုလည်း ကျွန်တော် ခင်ဗျားအတွက် အချိန်အတိုင်းအတာတစ်ခုအထိ လျှို့ဝှက်ထားပေးမယ်..."
ရှန်းလျိုရှန့်၏ နှုတ်ခမ်းများကွေးညွှတ်သွားကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ဒီလိုဆိုမှတော့ နောက်တစ်ခုရှိသေးတယ်..."
ရှုရှင်းချန်က စိတ်ရှုပ်ထွေးနေသည်။
"ဘာလဲ..."
ရှန်းလျိုရှန့်က အနားသို့တိုးကပ်လာ၍ အသံတိုးတိုးဖြင့်ပြောလာသည်။ ရှုရှင်းချန်က အချိန်အတန်ကြာ နားထောင်ပြီးနောက် မယုံကြည်နိုင်သော အမူအရာပေါ်လာသည်။
"....."
ငါ့ကို သူတို့နှစ်ယောက်အတွက် အောင်သွယ်တော်လာလုပ်ခိုင်းနေသေးတယ်ပေါ့...ရူးနေတာလား...