အပိုင်း ၁၀၉
Viewers 23k

Chapter 109




လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးခြင်းက အမွန်မြတ်ဆုံးသော စေတနာနှင့် စိတ်သဘောထားကြီးမှုဟု ထင်ခဲ့သော်လည်း သူ့စိတ်ထဲ အတိုင်းအတာတစ်ခုသို့ ရောက်လာပြီဖြစ်သည်။ မမျှော်လင့်ထားသည်မှာ ရှန်းလျိုရှန့်က ရုတ်တရက် စိတ်ကူးပြောင်းသွားပြီး သူ့ကိုအောင်သွယ်ပေးရန်အထိပါ ပြောလာ၍ စိတ်မဆိုးဘဲ မနေနိုင်တော့ပေ။ 


" လုံးဝ မဖြစ်နိုင်ဘူး..."


ရှန်းလျိုရှန့် ခဏတာငြိမ်သက်သွားပြီးနောက် ဝတ်ရုံလက်ကို အသာယမ်းကာ ဒေါသကြောင့် တုန်ယင်နေသည့် ရှုရှင်းချန်၏လက်ကို လှမ်းဆွဲလိုက်သည်။


" ငါ တခြားလူတွေနဲ့ ဒီကိစ္စကို သွားတိုင်ပင်လို့ မရဘူး ငါ့မှာ မင်းတစ်ယောက်တည်းရှိတာ..."


ရှုရှင်းချန် ခဏတာမှင်သက်သွားပြီးနောက် ဆုပ်ကိုင်ခံထားရသည့်လက်ကို မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်သည်။


" အပြောအဆိုကို ဂရုစိုက်ပါ... ကျွန်တော်နဲ့ ခင်ဗျားကြားက ညီအစ်ကိုဆက်ဆံရေးက လက်ကိုင်ရလောက်တဲ့အထိ မရင်းနှီးဘူး လက်ကိုလွှတ်လိုက်... ကျွန်ဝောာ့်နားမကပ်နဲ့ လွှတ်လိုက်..."


သူ ထွက်ပြေးသွားမည်စိုး၍ ရှန်းလျိုရှန့်က လက်ကိုအတင်းဆွဲထားသည်။ ထိုစကားများကြားသည့်အခါ သူ့နှုတ်ခမ်းထောင့်များက မဲ့သွားပေသည်။ ထို့နောက် ခဏတွေးတောလိုက်ပြီး သူ့မျက်နှာထက်တွင် ခံစားချက်များ မပေါ်လွင်လာအောင် ပြုလုပ်လိုက်သည်။ မျက်တောင်ရှည်များ အောက်သို့ ညွတ်ကျသွားပြီး စိတ်‌ဓာတ်ကျကာ ညှိုးငယ်နေသည့် အမူအရာမျိုး ဖြစ်သွားသည်။


သူ၏ ယာယီစိတ်ဓာတ်ကျသွားမှုကြောင့် အသည်းအသန်ရုန်းကန်နေသည့် ရှုရှင်းချန်၏လက်များ ရပ်တန့်သွားရသည်။


" မင်းက ငါ့ကိုကူညီနိုင်မယ့် တစ်ဦးတည်းသောလူပဲ..."


ရှန်းလျိုရှန့်၏စကားကိုကြားသည့်အခါ ရှုရှင်းချန်စိတ်မကောင်းဖြစ်သွားရသည်။


ငါတစ်ယောက်တည်း သူ့ကိုကူညီနိုင်မယ်လို့ ပြောခဲ့တာပဲ အဲ့တော့ ငါက သူ့အတွက်အရေးကြီးတာပေါ့လေ... ဟုတ်သားပဲ ရှင်းလျန်ကို အကူအညီတောင်းဖို့လည်း မသင့်တော်ဘူး... ခမည်းတော်ကလည်း မဖြစ်နိုင်ဘူးဆိုတော့ ငါတစ်ယောက်ပဲ ကျန်တော့တယ်...


ငါသာငြင်းလိုက်ရင် ရှန်းလျိုရှန့် စိတ်ဓာတ်ကျသွားမှာပဲ...


ရှုရှင်းချန်၏စိတ်ထဲ အချိန်အတန်ကြာအောင် ရုန်းကန်နေပြီး နောက်ဆုံးတွင် ဆင်ခြင်တုံတရားတို့ ပျောက်ကွယ်သွားသည်။

" ကောင်းပါပြီ ကျွန်တော် ခင်ဗျားကိုကူညီပြီး သူ့ဆီကနေ အမှန်တရားရအောင် ရှာပေးမယ်..."


ထိုစကားများကြားသည့်အခါ ရှန်းလျိုရှန့်၏နှုတ်ခမ်းများ တွန့်ကွေးသွားပြီး တစ်ဖက်သို့လှည့်၍ တိတ်တဆိတ် လက်ဖျောက်တီးလိုက်ကာ သူ့မျက်နှာပေါ်မှ အုံ့မှိုင်းနေသည့် အမူအရာများလည်း ပျောက်ကွယ်သွားသည်။


.....


ရှန်းလျိုရှန့် ထွက်သွားပြီးသည့်နောက် ကျိုးရွှမ်လန်က ဆေးပန်းကန်လုံးကိုယူ၍ တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။ ခဏ အနားယူပြီးသည့်နောက်တွင် သူ အပြင်ထွက်ပြီး တစ်ယောက်ယောက်ကို သွားရှာမည့်အချိန်၌ နန်းတွင်းသူတစ်အုပ်စုရောက်လာပြီး မင်းသားလေးက ဖိတ်ကြားကြောင်း လာပြောကြသည်။


ရှန်းလျိုရှန့် သူ့ကိုခေါ်သည်ဟု ကျိုးရွှမ်လန်ထင်လိုက်မိသော်လည်း သူ ရောက်သွားသည့်အချိန်၌ ခြံဝင်းထဲရပ်နေသူက ရှုရှင်းချန်ဖြစ်နေသည်။


သူ ဇဝေဇဝါဖြစ်သွားပြီး နားနေဆောင်ထဲရှိသည့် ဝိုင်ကရားများကို မြင်လိုက်သည့်အချိန်‌တွင်မူ ပို၍စိတ်ရှုပ်ထွေးသွားသည်။


ရှုရှင်းချန်က သူ့ကိုထိုင်ခိုင်းလိုက်ပြီးနောက် ဝိုင်တစ်ကရားကို လှမ်းယူလိုက်သည်။


" ဒါတွေက အတော်ဆုံးနတ်ဆေးဆရာတွေချက်ထားတဲ့ ဝိုင်ကောင်းတွေကြီးပဲ... မင်း ဒဏ်ရာရနေတယ်လို့ ငါကြားထားလို့ မင်းသောက်ဖို့အတွက် အထူးတလည် ယူလာခိုင်းထားတာ..."


ကျိုးရွှမ်လန် မျက်ခုံးအသာပင့်လိုက်ပြီးနောက် သူ့အကြည့်များက အဝေးတစ်နေရာမှ ခြုံပုတ်တစ်ခုရှိရာသို့ ရောက်သွားပြီး စိတ်ရှုပ်ထွေးစွာဖြင့် ထိုင်ချလိုက်သည်။


ရှစ်စွမ်းရဲ့အော်ရာလား သူ ဘာလို့ပုန်းနေတာလဲ...


သူ့အကြည့်များက အနည်းငယ်စူးစမ်းနေသည်နှင့်တူပြီး ရှုရှင်းချန်က ဝိုင်ကရားကို စားပွဲပေါ်ချလိုက်သည်အား ကြည့်နေသည်။ ဝိုင်၏ နူးညံ့ချိုမြိန်သော အရသာက ချက်ချင်းပျောက်ကွယ်သွားပြီးနောက် သူ ပြောလိုက်သည်။


" ဒီနတ်ဆေးဝိုင်က အရက်ပါဝင်နှုန်းကို ဝိညာဉ်စွမ်းအားနဲ့ ရှင်းထုတ်ပစ်လို့မရဘူး... မဟုတ်ရင် ဆေးကညး အကျိုးသက်ရောက်မှုမရှိဘဲ နေလိမ့်မယ်... အစွမ်းတစ်ဝက်ကျော်ကျော်လောက် လျော့သွားမှာ..."


ကျိုးရွှမ်လန်က အလိုက်တသိဖြင့် ဝတ်ရုံလက်ကိုခါလိုက်သည့်အခါ စားပွဲပေါ်တွင် ဝိုင်ခွက်နှစ်ခွက် ပေါ်လာသည်။


သူ ဝိုင်ကရားကိုဖွင့်ပြီး ခွက်ထဲထည့်တော့မည့်အချိန်၌ ရှုရှင်းချန်က ပြောလာသည်။


" ငါ မသောက်တော့ဘူး... ဒီဝိုင်တွေအကုန် မင်းဖို့ပဲ..."


ကျိုးရွှမ်လန် မျက်လုံးလှန်ကြည့်လိုက်ပြီးနောက် လက်ပြန်ရုတ်ကာ ရယ်လိုက်သည်။


" ငါ မေ့တော့မလို့... ဒီဝိုင်က ဝိညာဉ်စွမ်းအားကိုသုံးပြီး မူးဝေတာကို ဖျောက်ပစ်လို့မှ မရတာ... အရက်မသောက်နိုင်တဲ့သူတွေကတော့ ထိကြမှာမဟုတ်ပါဘူး... မင်း မသောက်တာလည်းကောင်းတယ်..."


ရှုရှင်းချန် ချက်ချင်း‌မျက်မှောင်ကြုတ်လိုက်သည်။

" ငါ့ရဲ့ အရက်သောက်နိုင်စွမ်းက အဲ့လောက်မနိမ့်ပါဘူး..."


ကျိုးရွှမ်လန်က အပြုံးတစ်ဝက်ဖြင့် သူ့ရှေ့မှဝိုင်ခွက်ကိုယူပြီး ပြောလိုက်သည်။


" ရှုရှောက်ကျွင့်ကတော့ မသောက်တာလည်း ကောင်းပါတယ်... ဒီနေရာက နန်းတွင်းဆိုတော့ အရက်အမူးလွန်ပြီး သတိလက်လွတ်ဖြစ်သွားရင်လည်း မဖြစ်သေးဘူးလေ... ငါပဲသောက်လိုက်ပါ့မယ်..."


ရှုရှင်းချန် ဒေါသတကြီးဖြင့် ရယ်လိုက်သည်။ 

ဒီ နတ်ဆိုးဘုရင်ဆိုတဲ့ကောင်က ငါ့ကို သိသိသာသာကြီး အထင်သေးနေတာပဲ...


" ဟာသပဲ... ရှန့်ချီတောင်ရဲ့ ဝိုင်ဘုရင်ကို ငါလို့တောင် ပြောကြတာကွ..."


ရှုရှင်းချန်က စားပွဲကိုတစ်ချက်ကြည့်ပြီး ဝိုင်ကရားကိုယူကာ ရန်စဟန်ဖြင့် ကျိုးရွှမ်လန်၏ဝိုင်ခွက်ဖြင့် တိုက်လိုက်သည်။


" ငါ ကရားလိုက်ပဲ သောက်တော့မယ်..."


အဝေးတစ်နေရာရှိ ခြုံပုတ်ထဲတွင်ထိုင်နေသော ရှန်းလျိုရှန့်မှာ ထိုနားနေဆောင်ငယ်ကို ချောင်းကြည့်နေလျက် သူ့ခေါင်းထဲတွင် မေးခွန်းများဖြင့် ပြည့်သွားသည်။


ရှုရှင်းချန်က ဘာလို့ အဲ့လောက်တောင် သောက်နေရတာလဲ... သူ ကိုယ်တိုင်မသောက်ဘဲ ကျိုးရွှမ်လန် မူးလာမှ မေးစရာရှိတာကိုမေးရင် ပိုမကောင်းဘူးလား...


ရှန်းလျိုရှန့် စိတ်ရှုပ်ထွေးသွားရသည်။


ရှုရှင်းချန်၏ သူရဲကောင်းဆန်ဆန်ကိုယ်နေဟန်ထားဖြင့် သောက်နေပုံဖြင့် ‌ဆန့်ကျင်စွာ ကျိုးရွှမ်လန်က တည်ငြိမ်၍ စိတ်အေးလက်အေးဖြစ်နေပြီး ဝိုင်ခွက်ကို တဖြည်းဖြည်းချင်းသောက်နေသည်။ သူတို့နှစ်ယောက်၏ရှေ့တွင် အမြည်းတစ်ပွဲမှမရှိဘဲ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ကာ စကားလုံးဝမပြောဘဲ သောက်နေကြ၍ အလွန်ပျင်းစရာကောင်းလှပေသည်။


ရှန်းလျိုရှန့် သူတို့ကိုကြည့်နေစဉ် သမ်းဝေလာပြီး အိပ်ပျော်လုဆဲဆဲဖြစ်လာသည်။ ထိုအချိန်တွင် နားနေဆောင်ငယ်လေးမှ ဂလုန်းခနဲအသံ ထွက်ပေါ်လာသည်။


ရှန်းလျိုရှန့်က မျက်လုံးများပွတ်ပြီး လှမ်းကြည့်လိုက်သောအခါ ရှုရှင်းချန်၏လက်ထဲမှ ဝိုင်ကရားပြုတ်ကျသွားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ဝိုင်ကရားက စားပွဲပေါ်လှိမ့်သွားပြီး မျက်နှာချင်းဆိုင်မှလူ၏လက်ထဲ ရောက်သွားသည်။


ရှုရှင်းချန်စ ခေါင်းက တဆတ်ဆတ်လှုတ်ခါနေပြီး ပါးပြင်က နီရဲနေသည်မှာ စားပွဲပေါ်မှ အချိန်မရွေးပြုတ်ကျမည့်ပုံစံ ဖြစ်နေသည်။ သူ့ခြေထောက်နားတွင် ဝိုင်ကရားဆယ်ခုနီးပါး ရှိနေစဉ် ကျိုးရွှမ်လန်၏ခြေထောက်နားတွင်မူ ဝိုင် နှစ်ကရားသာ ရှိနေသည်။


ရှန်းလျိုရှန့် : "..."


ကျိုးရွှမ်လန်က တည်ငြိမ်နေသော အမူအရာဖြင့် ဝိုင်ခွက်ကိုချထားပြီး သတိပေးလိုက်သည်။

" မင်း မူးနေပြီ..."


ရှုရှင်းချန်က ကျစ်ခနဲအသံပြုပြီး ဝန်မခံချင်ပုံဖြင့် ပြောလိုက်သည်။

" ငါ မမူးပါဘူး... ငါ မင်းကိုပဲ မူးအောင်တိုက်ချင်တာ..."


ကျိုးရွှမ်လန်၏ မျက်လုံးများ မှေးကျဉ်းသွားသည်။

" ဘာလို့ ငါ့ကိုမူးအောင်တိုက်ချင်တာလဲ..."


ရှုရှင်းချန်၏ခေါင်းထဲ ရီဝေဝေ‌ဖြစ်နေပြီး အချိန်အတန်ကြာ တွေးတောပြီးသောအခါ ရှန်းလျိုရှန့်ပြောထားခဲ့သည့် စကားများကို ပြောထွက်လာတော့သည်။

" ရှန်းလျိုရှန့်ပြောတာတော့ အရက်မူးရင် အမှန်တရားတွေ ပြောလာအောင်လို့တဲ့..."


ကျိုးရွှမ်လန် ခဏစဉ်းစားလိုက်သည်။

" ရှစ်စွမ်းက ဘာကိုပြောချင်နေတာလဲ..."


ရှုရှင်းချန်က ရိုးသားစွာဖြင့် ခေါင်းတဆတ်ဆတ်ညိတ်ပြီး မူးနေသံဖြင့် ပြောလိုက်သည်။

" အင်းး သူ့မှာ မင်းကို မေးချင်တဲ့ကိစ္စတစ်ခုရှိတယ် ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း မေးလို့မရတော့ မင်း အရက်မူးနေတဲ့အချိန်မေးမယ်လို့ တွေးထားတဲ့ပုံပဲ..."


ကျိုးရွှမ်လန် စိတ်ရှုပ်ထွေးသွားသည်။

" မင်း ဘာကိုပြောနေတာလဲ..."


အဝေးမှ နားထောင်နေသော ရှန်းလျိုရှန့် ရင်ထဲ ထိတ်လန့်သွားရသည်။

မဟုတ်သေးပါဘူး ငါ့ကို ဒီလိုမျိုး ရောင်းစားလိုက်ပြီလား...


ကံကောင်းသည်မှာ ရှုရှင်းချန်က လက်ကာပြလိုက်ပြီး အရက်မူးနေစဉ်မှာပင် အလွန် သမာသမတ်ကျနေခဲ့သည်။

" ငါ ပြောပြလို့ မရဘူး... သူ ငါ့ကို လျှို့ဝှက်ခိုင်းထားတယ်..."


ရှန်းလျိုရှန့် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး ခေါင်းကိုက်နေသောကြောင့် နှဖူးကို ဖိကိုင်ထားသည့် အမူးသမားလေးရှုရှင်းချန်ကို လှမ်းကြည့်လိုက်သည်။ သူ့အကြံအစည် ပျက်စီးသွားသည်ကိုမြင်သည်နှင့် သူလည်း နေရာမှ ‌ထပြေးရန် ပြင်လိုက်သည်။ မမျှော်လင့်ထားသည်မှာ ကျိုးရွှမ်လန်က ဝိုင်ခွက်ကို ရုတ်တရက် ပြန်ချထားလိုက်ပြီး ဝိုင်ကရားတစ်ခုလုံးကိုင်ကာ မော့သောက်တော့သည်။


ရှန်းလျိုရှန့် အံ့အားသင့်သွားရသည်။


ငါ တမင်လုပ်တယ်ဆိုတာကို သိတာတောင် ကျိုးရွှမ်လန်က သောက်နေသေးတာလား...


ရှန်းလျိုရှန့် ခြုံပုတ်ထဲတွင် ပြန်ပုန်းနေလိုက်ပြီး ကျိုးရွှမ်လန်က ဝိုင်တစ်ကရားပြီးတစ်ကရား သောက်နေသည်ကို ကြည့်နေလိုက်သည်။ သူ့ရင်ထဲတွင် ခံစားချက်များ ရောပြွန်းနေပေသည်။ သူ ဖြစ်စေချင်သည်ကို ရှန်းလျိုရှန့် မသိမသာ သဘောပေါက်လာ၍ သူတို့နားသို့ လျှောက်သွားလိုက်သည်။


မင်း ဘာလို့ အရမ်းလိမ္မာနေတာလဲ...


သူ အဆောင်နား ရောက်သွားချိန်တွင် လေထဲမှ ဝိုင်ရနံ့ပြင်းပြင်းကိုရလိုက်၍ ကျိုးရွှမ်လန်၏လက်ထဲမှ ဝိုင်ကရားကို ဆွဲယူလိုက်သည်။ ဝိုင်များက ကြမ်းပြင်ပေါ်စင်ကုန်ပေ၏။


ကျိုးရွှမ်လန်က နက်စွေးစွေးမျက်လုံးများဖြင့် သူ့ကို ပုံမှန်အမူအရာအတိုင်းကြည့်နေသည်။ သူ ခဏရပ်နေပြီးမှ တဖြည်းဖြည်းချင်း ခေါ်လိုက်သည်။

" ရှစ်စွမ်း..."


ရှန်းလျိုရှန့်က သူ့ရှေ့တွင် လက်ယမ်းပြလိုက်သည်။

" မင်း အဆင်ပြေရဲ့လား..."


ကျိုးရွှမ်လန် ခေါင်းအသာခါပြီး နိုးကြားနေဟန်ဖြင့် သူ့မျက်နှာချင်းဆိုင်တွင်အိပ်နေသောလူကို လက်ညှ်ိုးထိုးပြလိုက်သည်။

" သူကတော့ မူးနေတာ..."


သူ့ပုံစံက အခြေအနေကောင်းသော်လည်း မျက်လုံးများက တောင်ကြည့်မြောက်ကြည့်ဖြစ်နေ၍ ရှန်းလျိုရှန့်က ရှုရှင်းချန်နားသို့ လျှောက်သွားပြီး ပခုံးပေါ်လက်တင်ကာ အသာလှုပ်ခါလိုက်သည်။

" ရှုရှင်းချန်... ရှုရှင်းချန်..."


ရှုရှင်းချန် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းမော့လာကာ သူ့ကိုမျက်စောင်းထိုးကြည့်လိုက်သည်။ သူ့ခေါင်းပေါ်မှ သရဖူကလည်း ရွဲ့စောင်းနေပေသည်။ အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးနောက်တွင် ရှန်းလျိုရှန့်၏ဝတ်ရုံလက်ကိုလှမ်းဆွဲ၍ ရေရွတ်လိုက်သည်။


" ဘယ်လိုဖြစ်လို့ ရှန်းလျိုရှန့်က နှစ်ယောက်ဖြစ်နေရတာလဲ... ခင်ဗျားက ကိုယ်ပွားဘယ်လိုခွဲရမယ်ဆိုတာ သိတယ်လား..."


ရှုရှင်းချန်က မပျော်ရွှင်သည့်အမူအရာဖြင့် ဆက်ပြောလိုက်သည်။

" တစ်ယောက်တည်းနဲ့တောင် တော်တော်စိတ်ရှုပ်စရာကောင်းနေပြီကို ဘာကိစ္စ နောက်တစ်ယောက် ရောက်လာရတာလဲ..."


ရှန်းလျိုရှန့် : " ငါမင်းကို ပြန်ခေါ်သွားပေးမယ်..."


ရှုရှင်းချန်၏လက်ကို သူ့လည်ပင်းတစ်ဖက်တွင် တွဲတင်ပြီး သူ့ကိုကူတွဲကာလျှောက်သွားလိုသော်လည်း ရှုရှင်းချန်က သူနှင့်မပူးပေါင်းဘဲ မကျေမနပ်ဖြင့် အော်ဟစ်တော့သည်။

" ကျွန်တော့်ကို လာလှုပ်မနေနဲ့... ပိုပြီးမူးအောင် လုပ်နေတာပဲ..."


ရှန်းလျိုရှန့်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

" ကောင်းပြီ ကောင်းပြီ ငါ မလှုပ်တော့ဘူး... မင်းကို ဒီတိုင်းပဲ အဆောင်ပြန်ခေါ်သွားမယ်..."


သူ အစောပိုင်းတည်းက ရှင်းလျန်ကို အမူးပြေစွပ်ပြုတ် ပြင်ဆင်ထားခိုင်းခဲ့ပြီးဖြစ်သည်။ မူလကမူ ကျိုးရွှမ်လန်အတွက် ပြင်ဆင်ထားရခြင်းဖြစ်သော်လည်း ယခုအခါ ရှုရှင်းချန်က အမူးပြေစွပ်ပြုတ်သောက်ပြီးမှ အိပ်ပျော်နိုင်မည့်ပုံစံ ဖြစ်နေသည်။


ရှုရှင်းချန်က ဝိုင်နံ့ပြင်းပြင်းကို မှုတ်ထုတ်လိုက်ပြီး ကျိုးရွှမ်လန်ကို လက်ညှိုးထိုး၍ ပြောလာသည်။

" ကျွန်တော် ခင်ဗျားကိုကူညီပြီးတော့ သူ့ကိုမူးအောင်တိုက်လိုက်ပြီလေ... ကျွန်တော် စွမ်းတယ်မလား..."


ရှန်းလျိုရှန့် ပြောစရာစကားမဲ့သွားသော်လည်း သူ့ကို ချော့မော့ပြောလိုက်သည်။

" စွမ်းတယ် စွမ်းတယ် မင်းက အရမ်းတော်တယ် အတော်ဆုံးပဲ..."


ရှုရှင်းချန်က ကျေနပ်အားရစွာဖြင့် "ဟင်း" ခနဲ အသံပြုလိုက်သည်။ သူ ယခုအခါ ပို၍နာခံလာသော်လည်း ယိမ်းထိုး၍ မတ်တပ်ရပ်လာသည်။ ရှန်းလျိုရှန့်က သူ့ကိုကူတွဲပေးလိုက်ချိန်တွင်လည်း ကောင်းကောင်းမွန်မွန်ဖြင့်လိုက်လာသည်။ သို့သော် ထိုအချိန်တွင် အရိပ်တစ်ခုက ရှန်းလျိုရှန့်ဘေးသို့ ရောက်လာ၏။


ထိုသူမှာ မျက်နှာချင်းဆိုင်ခုံမှ အချိန်အတန်ကြာသည်အထိ စောင့်ကြည့်နေ‌ခဲ့သော ကျိုးရွှမ်လန်ဖြစ်သည်။ သူ့မျက်နှာက စူပုတ်နေပြီး လက်တစ်ဖက်ဆန့်ထုတ်၍ ရှန်းလျိုရှန့်၏ပါးကိုလှမ်းဆွဲကာ သူနှင့် မျက်နှာချင်းဆိုင်စေလိုက်သည်။ ထို့နောက် ခေါင်းအနည်းငယ်ငုံ့ပြီး အနက်ရောင်မျက်တောင်ရှည်များအောက်ရှိ ဇာမဏီမျက်ဝန်းလေးများကို စိုက်ကြည့်လိုက်သည်။ ထို့နောက် စိတ်ကျေနပ်စွာဖြင့် ခေါင်းတစ်ချက်ညိတ်လာသည်။


" ရှစ်စွမ်း တခြားလူတွေကို အာရုံမစိုက်နဲ့ ကျွန်တော့်ကိုပဲ ဒီလိုလေးကြည့်နေ..."


ကျိုးရွှမ်လန်၏နှုတ်ခမ်းပါးများက အနည်းငယ်တွန့်ကွေးသွားသော်လည်း သူ အပြည့်အဝ မပျော်နိုင်မီတွင် တွန်းထုတ်ခံလိုက်ရသည်။


" ဝေးဝေးသွားစမ်း..."


ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်သည်။

" မင်းပဲ ဝေးဝေးသွား..."


" ဘာ ငါ့ကို ပြန်ပြောလိုက်စမ်း..."


" ဝေးဝေးသွားလို့..."


သူတို့နှစ်ယောက်က ကလေးများသဖွယ် စကားများနေပြီး ရန်စဖြစ်တော့မည့်အချိန်တွင် ရှန်းလျိုရှန့်က သူတို့နှစ်ယောက်ကို အမြန်လူစုခွဲလိုက်သည်။


အနည်းငယ်အမူးပြေသွားပြီး အသိစိတ်ကပ်လာပုံရသည့် ကျိုးရွှမ်လန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

" ငါနဲ့လိုက်ခဲ့ဦး..."


ထို့နောက် သူတို့နှစ်ယောက်လုံး ရှုရှင်းချန်ကိုကူတွဲပေးပြီး အဆောင်သို့ လိုက်ပို့လိုက်ကြသည်။


ရှုရှင်းလျန်က အမူးပြေစွပ်ပြုတ်ယူလာပြီး အဆောင်သို့ ရောက်နှင့်နေသည်။ အလွန်မူးနေသည့် ရှုရှင်းချန်ကိုမြင်သောအခါ အံ့ဩတကြီးဖြစ်ပြီး ထရယ်လိုက်မိသည်။

" အစ်ကိုတော်က ဘာလို့ ဒီလောက်တောင် မူးလာတာလဲ ဒီလိုမှန်းသိ များများချက်လာခဲ့ပါတယ်..."


ရှုရှင်းချန်က သူ့ကိုကမ်းပေးသည့် ပန်းကန်လုံးကိုကြည့်ပြီး ခေါင်းယမ်းလိုက်သည်။

" ငါ မသောက်ဘူး..."


ရှုရှင်းလျန် ဘာလုပ်ရမည်မသိ ဖြစ်သွားသည်။

" အစ်ကိုတော် တစ်ငုံလောက်တော့သောက်ပါ..."


ရှုရှင်းချန် : " အနံ့ကြီးက မကောင်းဘူး ငါ မသောက်ချင်ဘူး..."

 

သူ့ကိုကူတွဲပေးထားသော ရှန်းလျိုရှန့်က မျက်ခုံးပင့်ပြီး ပြောလိုက်သည်။

" စွပ်ပြုတ်လေး တစ်ပန်းကန်လောက်ကို နန်းတွင်းက ရှုရှောက်ကျွင့်က တစ်ကျိုက်တည်း မော့သောက်ပစ်လောက်မယ်လို့ ထင်ခဲ့တာ..."


ရှုရှင်းချန် မျက်လုံးအပြူးသားဖြစ်သွားသည်။

" ခင်ဗျား ကျွန်တော့်ကို အထင်သေးနေတာပဲ... ဘာနဲ့ အလောင်းအစား လုပ်မလဲ..."


ရှန်းလျိုရှန့်က ပခုံးတွန့်လိုက်ပြီး အခန်းထဲမှ အိပ်ရာကို လက်ညှိုးထိုးပြလိုက်သည်။

" မင်းနိုင်တယ်ဆိုရင် ဒီအခန်းထဲက အိပ်ရာက မင်းဖို့ပဲ... တကယ်လို့ မင်းရှုံးရင် အဲ့အိပ်ရာက ငါ့အတွက်ပဲ..."


ရှုရှင်းချန်က ချက်ချင်းပင် အမူးပြေစွပ်ပြုတ်ကိုယူပြီး ‌တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ သူ့ဘေးနားမှ ရှုရှင်းလျန်က မရယ်ဘဲ မနေနိုင်တော့ပေ။

" အစ်ကိုတော့်မှာ နည်းလမ်းရှိတာပဲ..."


ရှုရှင်းချန်က တစ်ငုံ့တည်းအပြီး သောက်လိုက်ပြီးနောက် ပန်းကန်လုံးကိုပါ မှောက်ပြလိုက်သည်။ စွပ်ပြုတ်တစ်စက်မှ မကျန်တော့ပေ။


" ဒီမှာကြည့် ကျွန်တော် မသောက်နိုင်ဘူးလို့ ဘယ်သူပြောလဲ..."


ရှန်းလျိုရှန့်က သူ့ကိုအိပ်ရာဘေးနားလိုက်ပို့ပြီး တွန့်ဆုတ်နေသည့် အမူအရာမျိုး ပြသလာသည်။

" နှမျောစရာပဲ ငါ ဒီအိပ်ရာကျယ်ကြီးပေါ် တကယ်လှဲချင်နေတာကို..."


သူ့စကားကိုကြားသည့်အခါ ရှုရှင်းချန်က အေးတိအေးစက်ဖြင့် နှာမှုတ်လိုက်ပြီး သူ့ဖိနပ်များ အမြန်ချွတ်ကာ အိပ်ရာပေါ်တက်လိုက်သည်။ သူ့နေရာကို အပိုင်သိမ်းပြီးသည့်နောက် စကားများ ဗလုံးဗထွေးပြောကာ တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။


ရှန်းလျိုရှန့် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်ပြီး မပျော်မရွှင်ဖြစ်နေသော ကျိုးရွှမ်လန်ကို တစ်ချက်ကြည့်ပြီးနောက် ရှုရှင်းလျန်ကို ပြောလိုက်သည်။

" ရှင်းချန်ကို ဂရုစိုက်လိုက်ပါဦး ငါသူ့ကို ပြန်သွားပို့လိုက်ဦးမယ်..."


ရှုရှင်းလျန် ခေါင်းညိတ်ပြလိုက်သည်။

" စိတ်မပူပါနဲ့ အစ်ကိုတော်..."


ရှန်းလျိုရှန့် ကျိုးရွှမ်လန်ကို ပြန်ဆွဲခေါ်လာခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် ကျိုးရွှမ်လန်က သူ့လက်ထဲမှမရုန်းဘဲ လိုက်လာသည်။


သူတို့ အခန်ထဲသို့ရောက်ပြီးနောက် တံခါးပိတ်လိုက်ချိန်မှသာ ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ကို တံခါးတွင် ဖိကပ်ထားလိုက်တော့သည်။


ရှန်းလျိုရှန့်၏ကျောပြင်က တံခါးနှင့်ထိသွား၍ "ဘန်း"ခနဲ အသံထွက်လာသည်။ သူ့ရှေ့တည့်တည့်မှ အမျိုးသားက အလွန်စွမ်းအားကြီးလှသည်။ သူ့ထဲမှ ဝိုင်နံ့ပြင်းပြင်းပြင်းရနေပြီး အကြည့်များက နက်ရှိုင်းနေကာ ရှန်းလျိုရှန့်၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး အခြားလက်တစ်ဖက်က နားရွက်ကိုပွတ်သပ်နေကာ တဖြည်းဖြည်း အနားကပ်လာသည်။


 ရှန်းလျိုရှန့်က သူ၏ အလွန် ချောမောခံ့ညားသည့်မျက်နှာကိုကြည့်ကာ အသက်ရှုကြပ်လာပြီး ရင်ခုန်သံများ ထိန်းမရအောင် ဖြစ်နေသည်။


ဒီလိုလုပ်လိုက်တာ မဟုတ်မှလွဲရော...


မမျှော်လင့်ထားဘဲ သူ့အတွေးများက အဆင့်များစွာသို့ ခုန်ကျော်သွားစဉ်တွင် သူ့တပည့်က ခေါင်းစောင်းပြီး သူ့ပခုံးပေါ် မေးတင်လိုက်သည်။


ကျိုးရွှမ်လန် သက်ပြင်းရှည်ကြီးချလိုက်ပြီးနောက် သူ့လက်များက ရှန်းလျိုရှန့်၏ခါးနား တဖြည်းဖြည်းရောက်လာကာ သူ့ကိုတင်းကြပ်စွာဖက်ထားလိုက်ပြီး တီးတိုးပြောလာသည်။

" ရှစ်စွမ်း... ရှစ်စွမ်း ကျွန်တော့်ကို ခဏလောက် ဖက်ထားခွင့်ပေးပါလား..."


ရှန်းလျိုရှန့်: "..."


အမ် ဒီလောက်ပဲလား...