အပိုင်း ၁၁၀
Viewers 23k

Chapter 110




ရှန်းလျိုရှန့်က တံခါးကိုမှီထားပြီးနောက် ကျိုးရွှမ်လန်ကို အမွှေးတိုင်တစ်ဝက်စာအချိန်ခန့်အထိ ဖက်ထားခွင့်ပြုလိုက်သည်။ သူ့ပုံစံက လွှတ်ပေးမည့်ဟန် မပြလာသည့်အခါ ရှန်းလျိုရှန့်မျက်တောင်တစ်ချက်ခတ်လိုက်သည်။

" လွှတ်ပေးလို့ရပြီလား..."


သူ့ပခုံးပေါ်ကိုမှီထားသော ဦးခေါင်းက အနည်းငယ်လှုပ်ရှားလာပြီး နက်စွေးစွေးမျက်လုံးများကိုဖွင့်လိုက်ကာ ဩရှရှအသံဖြင့် ပြောလိုက်သည်။


" ခဏလောက် ဒီတိုင်းလေးနေဦးမယ်..."


ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်မိသည်။

လူတစ်ယောက်ကို ဖက်ရတာ ဘာလို့ အဲ့လောက် သက်တောင့်သက်သာ ဖြစ်နေတာလဲ... သူက တခြားလူတစ်ယောက်ကို အားတက်သရောကြီး ဖက်နေတာပဲ...


" ဒါဆိုရင်တော့ လက်ဖက်ရည်ကြမ်းတစ်ဝက်စာ အချိန်ထပ်ပေးမယ်လေ..."


သူ့စကားဆုံးသည်နှင့် ပျင်းရိပျင်းတွဲအသံတစ်သံက နားနားကပ်ပြောလာသည်။

" လက်ဖက်ရည်ကြမ်းတစ်ခွက်စာ..."


ရှန်းလျိုရှန့် သူ့မျက်နှာကို ဘေးသို့လှည့်လိုက်ပြီး ကျိုးရွှမ်လန်၏ချောမွတ်နေသော နှဖူးပြင်ကို လက်တစ်ဖက်ဖြင့် ထိလိုက်သည်။ ကျိုးရွှမ်လန်က ဖျားနာနေခြင်း မရှိသော်လည်း အရက်မူးနေချိန်ဖြစ်၍ ပြစ်မှုများ တစ်ခုပြီးတစ်ခု ကျူးလွန်နေကာ သူ့ကိုပင် ဈေးဆစ်နေသေးသည်။


သူ ခဏတာ ငြိမ်သက်သွားပြီးနောက် ပြောလိုက်သည်။

" ဒါပေမဲ့ အကြာကြီးရပ်နေရလို့ ငါ့ခြေထောက်တွေ နာနေပြီ..."


ကျိုးရွှမ်လန် ခဏတာ ရပ်တန့်သွားပြီးနောက် ဖက်ထားသည်ကို လွှတ်ပေးလိုက်ကာ သူတို့နှစ်ယောက် လူချင်းခြားလိုက်သည်။ ထို့နောက် တံခါးကို ကျောမှီထားသည့် ရှန်းလျိုရှန့်ကို စိုက်ကြည့်နေကာ သူ့ခြေထောက်အောက်ကို လက်လျှို၍ ပွေ့ချီလိုက်ပြီး မည်သည့်ရှင်းပြချက်မှမပေးဘဲ အခန်းထဲ ဝင်လာသည်။


ရှန်းလျိုရှန့် လန့်သွားပြီး ကျိုးရွှမ်လန်၏ခြေလှမ်းများ မမှန်မကန်ဖြစ်နေသောကြောင့် လက်နှစ်ဖက်ဖြင့် သူ့လည်ပင်းကို အမြန်ဖက်ထားလိုက်သည်။


" ငါ နောက်နေတာပါ... ခြေထောက်မနာပါဘူး... ငါ့ကို အောက်ချပေးပါလား... ဂရုစိုက်နော် ဖြည်းဖြည်းသွား... ချော်မလဲစေနဲ့..."


အတွင်းခန်းသို့ ခြေလှမ်းဆယ်လှမ်းခန့် ဝင်လာပြီးသောအခါ ရှန်းလျိုရှန့် အလွန်ကြောက်လန့်သွားရသည်။ ကျိုးရွှမ်လန်၏ပုံရိပ်က အနည်းငယ်လှုပ်ရှားသွားပြီး သူ့ကိုအိပ်ရာပေါ် ချလိုက်ချိန်တွင် သူ့နှလုံးပါ ထွက်ကျမတတ်ဖြစ်သွားရပေသည်။


ခဏအကြာတွင်မှ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး ကျိုးရွှမ်လန်နှင့်အတူ အိပ်ရာပေါ်ထိုင်လိုက်သည်။ သူ ကျိုးရွှမ်လန်ကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးနောက် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

" မင်း နောက်ဆိုရင် ငါ့ကို ဖက်ချင်တိုင်းဖက်လို့ မဖြစ်ဘူး..."


ကျိုးရွှမ်လန်၏ မူးဝေမှုများ နောက်ဆုံးတွင် လွင့်ပြယ်သွားတော့သည်။

" ဘာလို့လဲ..."


ကျိုးရွှမ်လန်က ယခုအချိန်တွင် အမူးပြေသွားသည်လော မပြေသွားသည်လောကို ရှန်းလျိုရှန့် မပြောနိုင်ပေ။ သို့ဖြစ်၍ ခဏစဉ်းစားပြီးသည့်နောက်တွင် ဒွိဟဖြစ်စွာဖြင့် ပြောလိုက်သည်။ 


" ဒါမျိုးကို တာအိုလက်တွဲဖော်တွေပဲ လုပ်ကြတာ..."


ကျိုးရွှမ်လန် ခဏတာမှင်သက်သွားသည်။

" ရှစ်စွမ်းမှာက တာအိုလက်တွဲဖော် မရှိဘူးလေ တပည့်ပဲ ရှိတာကို..."


ရှန်းလျိုရှန့် နင်သွားရသည်။

မင်း စကားတွေက ဘာသဘောလဲ...


သူပြောလိုက်သည်။

" နောက်ဆိုရင် ရှ်ိလာမှာပေါ့..."


ကျိုးရွှမ်လန်၏အမူအရာက ချက်ချင်းအေးစက်သွားပြီး သူ့မျက်ဝန်းထဲတွင် ဖုံးကွယ်မရသော သတ်ဖြတ်လိုစိတ်များပေါ်လာကာ အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

" ရှစ်စွမ်းမှာ တာအိုလက်တွဲဖော်ရှိလာဖို့ မဖြစ်နိုင်ပါဘူး..."


ရှန်းလျိုရှန့် : " ဟမ် မင်း ငါ့ကို ကျိန်စာတိုက်နေတာလား..."


ရှန်းလျိုရှန့် ဒေါသထွက်လာသောကြောင့် နှုတ်ခမ်းစူလာသည်။ သူ စကားပြောနေသည်ကို ရပ်တန့်လိုက်ပြီး ကျိုးရွှမ်လန်၏ ဝတ်ရုံစကို ကြိုးဖြည်၍ အပြင်ဝတ်ရုံကိုချွတ်ပေးကာ သူ အိပ်ရာပေါ် အိပ်နိုင်ရန် ကူညီပေးလိုက်သည်။


ကျိုးရွှမ်လန်က သူ ဒေါသထွက်သွားသည်ကို သတိထားမိ၍ မျက်လွှာချထားလိုက်ပြီး သူ လုပ်ပေးနေသမျှကို ငြိမ်ခံလိုက်သည်။


သို့ရာတွင် နှုတ်ခမ်းပါးများကို အနည်းငယ်ဖွင့်ဟပြီး ခေါင်းမာစွာဖြင့် ပြောလိုက်သည်။

" ရှစ်စွမ်းက တာအိုလက်တွဲဖော် ရှိမှာမဟုတ်ဘူး... လိုလည်းမလိုဘူး...ပြီးတော့ တာအိုလက်တွဲဖော် ရနိုင်မှာလည်း မဟုတ်ဘူး..."


အငြင်းစကားလုံးများ တစ်ခုပြီးတစ်ခု ‌ထွက်ပေါ်လာသောကြောင့် ရှန်းလျိုရှန့် အလွန့်အလွန် စိတ်ဆိုးဒေါသထွက်လာသည်။ 


" ကျိုးရွှမ်လန် မင်း ထပ်ပြောရဲရင် ပြောကြည့်စမ်း..."

သူက အရက်မူးနေတဲ့အချိန်ရောက်မှ အမှန်တရားတွေ ပြောထွက်လာတော့တာပဲ... သူ ပြောချင်နေတာ ဒါတွေပေါ့လေ...


တစ်ကိုယ်တည်းသမားဖြစ်နေသောကြောင့် တပည့်ထံမှ လှောင်ရယ်ခံရ၍ ရှန်းလျိုရှန့် သွေးအန်ထွက်လုနီးနီး ဖြစ်လာသည်။


ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏ ချောမောခံ့ညားသောမျက်နှာကို လက်ဖြင့်အုပ်ကိုင်ထားပြီး သူ့မျက်နှာနား တဖြည်းဖြည်းကပ်လာကာ နက်စွေးစွေးမျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။ ထို့နောက် အံတင်းတင်းကြိတ်ထားပြီး ပြောလာသည်။

" ဘာဖြစ်လို့ ငါ့မှာ တာအိုလက်တွဲဖော် မရှိနိုင်ရတာလဲ..."


ဒေါသထွက်နေသော မျက်နှာလေးကို မျက်နှာချင်းဆိုင်နေရသော်လည်း ကျိုးရွှမ်လန်က မျက်မှောင်ကြုတ်ရုံသာကြုတ်ပြီး အေးဆေးတည်ငြိမ်နေဆဲဖြစ်သည်။


ခဏအကြာတွင်မှ သူ့နှုတ်ခမ်းပါးများ ပွင့်လာသည်။

" ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ခွင့်မပြုနိုင်လို့ပဲ..."


ဩရှရှအသံက ရှန်းလျိုရှန့်၏နှလုံးသားထဲ တဖြည်းဖြည်းဝင်ရောက်လာသည်။

" ရှစ်စွမ်းမှာ ဒီတပည့်ရှိရင် လုံလောက်ပြီလေ..."


ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြင့် မှင်သက်သွားရသည်။

" ထပ်ပြောလိုက်ပါဦး..."


သို့ရာတွင် သူ့စကားဆုံးသည်နှင့် အပြင်ဘက်မှ ဆူဆူညံညံအသံများထွက်ပေါ်လာပြီး " မင်းသားလေး " ၊ " ဧကရာဇ် " ၊ " ဂရုစိုက်ပါ " ဟူသော အသံများကို ကြားလိုက်ရသည်။


ရှန်းလျိုရှန့်၏ အမူအရာပြောင်းလဲသွားပြီး ကျိုးရွှမ်လန်က အတွင်းခန်းထဲတွင် စောင့်နေခဲ့ရန်ပြောပြီး အပြင်ပြန်ထွက်သွားသည်။


အသံကို အကဲခတ်ကြည့်ပါက ဤနေရာသို့ ဧကရာဇ်ယွင်ယွီ ရောက်လာပုံပေါ်သည်။ အကယ်၍ သူက ရှုရှင်းချန် အရက်မူးနေသည်ကိုသိသွားပြီး အဓိကလက်သည်က ရှန်းလျိုရှန့်ဖြစ်နေကြောင်း သိသွားပါက ပြေးစရာလမ်း ရှာရတော့မည်မဟုတ်ပေ။ 

ပြီးတော့ အသံတွေ နားထောင်ကြည့်ရတဲ့ပုံဆိုရင် ရှုရှင်းချန်က တစ်ခုခု လုပ်ထားတာများလား...


ရှန်းလျိုရှန့် အပြင်ဘက်သို့ မြန်မြန်ပြေးထွက်လာပြီး စင်္ကြန်နားသို့ရောက်ချိန်၌ နှုတ်ခမ်းများ မဲ့သွားရသည်။


တိယွင်ယွီက အပြင်ဘက်တွင်ရပ်နေပြီး သူ့ခါးကို လက်တစ်စုံက ပွေ့ဖက်ထားပေသည်။ ထိုလက်များ၏ပိုင်ရှင်က အေးစက်စက်ကြမ်းပြင်တွင် ထိုင်နေပြီး ယခင်က ခရမ်းရောင်သရဖူဝတ်ထားသည့် ဦးခေါင်းထက်တွင် သရဖူက မရှိတော့ဘဲ အနက်ရောင်ဆံပင်များသာ ဖရိုဖရဲဖြစ်ကျန်ခဲ့ပေသည်။


သူ့ခေါင်းက တိယွင်ယွီ၏ ခြေထောက်ကြားထဲရောက်နေပြီး သူ့မျက်နှာထက်တွင် မူးယစ်နေခြင်းနှင့် မကျေမနပ်အမူအရာများက အတူတည်ရှိနေကာ မျက်ရည်လည်ရွှဲဖြင့် စောဒကတက်လိုက်သည်။


" ဧကရာဇ်က ဘာလို့ ဒီလောက်တောင် အရပ်ရှည်ရတာလဲ... မြင်တောင်မမြင်ရဘူး... ဒီသားတော်က ဧကရာဇ်ရဲ့မျက်နှာလေးတောင် မမြင်ရတော့ပါလား..."


အနားတွင်ရှိသည့် နန်းတွင်ထဲမှလူများက မျက်နှာများ နီရဲနေပြီး ရယ်ရ ငိုရမည်မသိ ဖြစ်နေသည်။


ပုံမှန်အချိန်တွင် နာနာခံခံသာ နေလေ့ရှိသည့် ရှုရှင်းချန်က ရုတ်တရက် အရက်မူးပြီး ရူးနှမ်းစွာ ပြုမူနေသည်ကိုကြည့်ကာ တိယွင်ယွီ စကားတစ်ခွန်းကို မနည်းညှစ်ထုတ်ပြောလိုက်ရသည်။


" မင်း မော့ကြည့်မယ်ဆိုရင် ကိုယ်တော့်ကို မြင်ရပြီလေ..."


ရှုရှင်းချန်က ငိုရှိုက်နေသည်။

" ဒါပေမဲ့ ကျွန်တော်မူးနေတယ် ခေါင်းထောင်ကြည့်လို့မရဘူး..."


တိယွင်ယွီ : "..."


တစ်ဖက်တွင်မူ ရှုရှင်းလျန်က သူ့အစ်ကိုတော်ကို ကူညီရန် ကြိုးစားနေသော်လည်း မည်သို့ပင်ဖြစ်စေ ရှုရှင်းချန်က တိယွင်ယွီကို မလွှတ်ပေးပေ။ 


တိယွင်ယွီ အချိန်အတန်ကြာအောင် ငြိမ်သက်နေခဲ့ပြီးနောက် လက်ချောင်းသွယ်သွယ်များဖြင့် ရှုရှင်းချန်၏ခေါင်းကို အသာပုတ်ပေးလိုက်သည်။ သူ့လေသံက မုန်တိုင်းမတိုင်မီ တိုက်ခတ်လာသော လေပြည်သဖွယ် တည်ငြိမ်နေသည်။


" ‌အင်း မငိုပါနဲ့တော့... ကဲအခု ကိုယ်တော့်ကိုပြော... မင်းကို နေ့ခင်း လင်းလင်းချင်းချင်းကြီး ရှိနေတုန်း ဘယ်သူက မူးအောင်တိုက်လိုက်တာလဲ..."


ရှန်းလျိုရှန့်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားကာ တစ်ဖက်သို့လှည့်ပြီး ထွက်ပြေးရန် ပြင်လိုက်သည်။ သို့ရာတွင် ဘုန်းတော်ကြီးက ဘုန်းကြီးကျောင်းမှ ထွက်မပြေးနိုင်သကဲ့သို့ သူသည်လည်း ဤကိစ္စကိုကျော်ဖြတ်နိုင်ရန် တွေးတောရဦးမည်ဖြစ်သည်။


ရှုရှင်းချန်က ဧကရာဇ်ယွင်ယွီ၏ စကားပြောဆိုပုံနှင့် အမူအကျင့်တို့ကို အကျွမ်းတဝင်ဖြစ်နေသည်။ သူ အရက်မူးနေသည့် အခြေအနေတွင်ပင်လျှင် သူ့ခမည်းတော်၏စကားထဲ၌ ဒေါသအရိပ်အယောင်အချို့ ပါဝင်နေသည်ကို သတိထားမိလိုက်သည်။


ရှုရှင်းချနက ခေါင်းတဖြည်းဖြည်းမော့လာပြီးနောက် ခေါင်းခါ၍ ဖုံးကွယ်ထားရန် ကြိုးပမ်းလိုက်သည်။

" တကယ်လို့ ပြောပြလိုက်မယ်ဆိုရင် ဧကရာဇ်က သူ့ကိုအပြစ်ပေးမှာ ဘယ်သူ့ကိုမှ ပြောပြလို့မဖြစ်ဘူးနော်..."


တိယွင်ယွီက သူ့ကို ညင်သာစွာ ပြန်ဖြေလိုက်သည်။

" ဒါဆိုရင် သူက ဘယ်သူလဲ ပြောပါဦး..."


ရှုရှင်းချန်က ထုတ်ပြောလိုက်သည်။

" အစ်ကိုတော်ပါ..."


ရှန်းလျိုရှန့် : "..."


ရှုရှင်းချန် မင်းကတော့...


ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်ပြီး အရောင်ဖျော့ဖျော့ မျက်ဝန်းတစ်စုံကို လှမ်းကြည့်လိုက်သည်။ တိယွင်ယွီက ရှုရှင်းချန်၏ခေါင်းကို အသာပွတ်သပ်ပေးနေသည်အား မြင်လိုက်ရသည်။ သို့ရာတွင် အခြားလက်တစ်ဖက်၏ လက်ညှိုးက သူရှိနေသည့်နေရာတည့်တည့်ကို လက်ညှိုးထိုးထားပေသည်။


သူက စကားတစ်ခွန်းမှ မပြောဘဲ အမူအရာဖြင့် အချက်ပြနေခြင်းဖြစ်သည်။


မင်း အဲဒီမှာစောင့်နေ ဘယ်ကိုမှ ထွက်မပြေးနဲ့...


ရှန်းလျိုရှန့် ချက်ချင်းမှင်သက်သွားမိပြီးနောက် အခန်းထဲမှ နဂါးနက်လေးကို တွေးလိုက်မိသည်။

သူ့ကိုပါ အပြစ်ပေးတော့မယ်ထင်တယ်...


သူ မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ကျိုးရွှမ်လန်နှင့်အတူတကွ အပြစ်ဒဏ်ခံယူမည်ဟု တွေးလိုက်မိသည်။


တိယွင်ယွီက ရှုရှင်းချန်ကို အဆောင်သို့ပြန်ခေါ်သွားပြီး ဖျောင်းဖျနှစ်သိမ့်ပေးလိုက်သည်။ သူအပြင်ပြန်ထွက်လာသည့်အခါ ရှန်းလျိုရှန့်က စင်္ကြန်လမ်းတွင်ရပ်နေပြီး ဘေးနားတွင် အနည်းငယ် အရက်မူးနေသည့် ကျိုးရွှမ်လန်ကလည်း ရပ်နေသည်ကို မြင်လိုက်ရသည်။


တိယွင်ယွီ တစ်ချက်စဉ်းစားလိုက်သည်။

" အမှောင်ခန်းကိုသွားပြီး နန်းတွင်းစည်းကမ်းတွေကို အကြိမ်တစ်ရာကူးရေး... ပြီးမှ ကိုယ်တော့်ဆီလာခဲ့..."


ရှန်းလျိုရှန့် မျက်ခုံးအသာပင့်လိုက်ချိန်၌ တိယွင်ယွီ ထပ်ပြောသည့်စကားများကို ကြားလိုက်ရသည်။ 


" မှော်အစွမ်းသုံးခွင့်မရှိဘူး... တခြားသူကိုလည်း မင်းအစား ကူမရေးခိုင်းရဘူး..."


ရှန်းလျိုရှန့် : "..."


ရှန်းလျိုရှန့်က အတိတ်တွင်လည်း နန်းတွင်းစည်းကမ်းများကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကူးရေးဖူး၍ စာကြည့်ဆောင်၏ အမှောင်ခန်းထဲသို့ အေးအေးလူလူသာ ထွက်လာပေသည်။ အမှောင်ခန်းဟုခေါ်သည့် အခန်းမှာ အမှန်တွင် ကျဉ်းမြောင်းလှသည့် အခန်းတစ်ခုသာဖြစ်ပြီး သူ အခန်းထဲတွင် မည်မျှ ဆူဆူညံညံပြုမူနေသည်ဖြစ်စေ အသံတစ်သံမှ မထွက်ဘဲ ပြင်ပ‌လောကနှင့် သီးသန့်ပိုင်းခြားထားသကဲ့သို့ဖြစ်နေသည်။ ဤနေရာတွင် တိတ်ဆိတ်မှုတို့သာ ကြီးစိုးနေ၏။ 


ကျိုးရွှမ်လန်က သူ့ဘေးတွင်ထိုင်ပြီး အမူးပြေစွပ်ပြုတ်သောက်နေသည်။ သူက ခေါင်းအနည်းငယ် မူးဝေနေဆဲဖြစ်၍ မကြာခဏ မျက်ခုံးများကို ပွတ်နေသည်။


ရှန်းလျိုရှန့်မှာ ယခင်က ဖြစ်ပျက်ခဲ့သည့်အကြောင်းများကို ပြောပြလိုသော်လည်း လမ်းတစ်လျှောက်လုံး လူများလိုက်ပါလာ၍ ငြိမ်သက်စွာနေလိုက်ရသည်။ အမှောင်ခန်းသို့ရောက်သည့်အခါ တံခါးပိတ်လိုက်သည်နှင့် ကျိုးရွှမ်လန်က သူပြောသမျှအားလုံးကို မကြားနိုင်တော့ပေ။ 


ရှန်းလျိုရှန့်က ရွေးချယ်စရာမရှိတော့၍ သူ့အတွေးများကို ဖိနှိပ်ထားပြီး မီးအိမ်ထွန်းကာ စာအုပ်စင်ပေါ်ရှိ နန်းတွင်းစည်းကမ်းအကြောင်းများရေးသည့်စာအုပ်ကို ရှာဖွေနေသည်။


ဖယောင်းတိုင်မီးရောင် တလက်လက်အောက်တွင် သူက ထောင်နှင့်ချီသော နန်းတွင်းစည်းကမ်းများကို စတင်ကူးရေးတော့သည်။


ကျိုးရွှမ်လန်က စာရေးစားပွဲ၏ဘေးနားတွင်ထိုင်နေပြီး မျက်မှောင်အသာကြုတ်လိုက်သည်။ သူ့မျက်နှာထက်မှ မူးယစ်ရီဝေမှုများ ပျောက်ကွယ်သွားသည့်အချိန်၌ စာရေးနေသည့်ပုံရိပ်လေးကိုကြည့်ပြီး သူ့မျက်ဝန်းများက တဖြည်းဖြည်းနက်မှောင်ကာ မရှင်းမလင်း ဖြစ်လာသည်။


ရှန်းလျိုရှန့်က စည်းကမ်းများကို အမြန်ကူးရေးပြီးရန်သာ အာရုံစိုက်နေ၍ ကျိုးရွှမ်လန်၏ အကြည့်များကို အာရုံမထားမိပေ။ စုတ်တံအဖျားကို မှင်အိုးထဲနှစ်လိုက်ပြီးနောက် စာရွက်ပေါ် ပြန်ချကာ စာများကို လျင်မြန်စွာကူးရေးနေသည်။ အကယ်၍ စာရွက်များက အသံထွက်နိုင်မည်ဆိုပါ တဝှစ်ဝှစ် အသံများပါ မြည်နေပေမည်။ 


နာရီဝက်ခန့်ကြာသောအခါ ရှန်းလျိုရှန့်က စုတ်တံကိုချထားလိုက်ပြီး ထုံကျဉ်နေသည့် လက်ကောက်ဝတ်ကိုပတ်ကာ ခဏအနားယူပြီး သူ့ဘေးနားတွင် ထိုင်နေသူကို တစ်ချက်ကြည့်လိုက်သည်။


ကျိုးရွှမ်လန်က လက်တစ်ဖက်ဖြင့် မေးထောက်ထားပြီး မျက်လွှာချထားသည်။ ‌ဖယောင်းတိုင်မီးက သူ၏ ချောမောခံ့ညားလှသောမျက်နှာကို ရောင်ပြန်ဟပ်နေ၍ အလင်းရောင်နှင့် အရိပ်အချို့က သူ့မေးရိုးကို ပိုမိုချွန်ထက်လာစေကာ ကြည့်ရသည်မှာ မျက်စိပသာဒဖြစ်နေသည်။


ရှန်းလျိုရှန့်က သူ့မျက်နှာအစိတ်အပိုင်း တစ်လက်မချင်းစီကို စူးစိုက်ကြည့်နေသည်။


ရှန်းလျိုရှန့်က ပုံမှန်အချိန်မျိုးတွင် သူ့ကို ဤသို့ကြည့်ရှု့ခဲလှသော်လည်း အနီးကပ်ကြည့်မိသောအခါ ထိုမျက်နှာက အမှန်ပင် အပြစ်အနာအဆာကင်းမဲ့လှသည်ကို သိလိုက်ရသည်။


ရှန်းလျိုရှန့် ခဏစိုက်ကြည့်နေပြီးနောက် ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်လွန်း၍ ကျိုးရွှမ်လန် အိပ်မောကျသွားသည်ဟု ထင်လိုက်မိသည်။ ထိုသို့မဟုတ်လျှင် ဤသို့ဗြောင်ကျကျကြည့်နေခြင်းကို သတိမပြုမိဘဲ နေမည်မဟုတ်ပေ။ 


ထိုသို့တွေးမိသွားသောအခါ ရှန်းလျိုရှန့်၏ အကြည့်က ပို၍ မရိုးမသားဖြစ်လာပြီး သူ့မျက်နှာကိုပါ တဖြည်းဖြည်းတိုးကပ်လာသည်။


အလွန်နီးကပ်လာပြီးနောက် သူ့အကြည့်က ကျိုးရွှမ်လန်၏နှုတ်ခမ်းပေါ် ကျရောက်သွားသည်။


စိုစွတ်နေသည့် နှုတ်ခမ်းပါးတစ်စုံ...


ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။


သူ့လက်ဆန့်ထုတ်ပြီး မဝံ့မရဲဖြင့် ကျိုးရွှမ်လန်၏ပါးပြင်ကို လက်ချောင်းများဖြင့် တို့ထိလိုက်သည်။ တစ်ဖက်လူက လှုပ်ရှားမှုကင်းမဲ့နေဆဲဖြစ်သည်ကို သတိပြုမိလိုက်သောအခါ စိတ်အေးသွားပြီး အသံတိုးတိုးဖြင့် တီးတိုးပြောလိုက်သည်။


" မင်း ငါ့ကို အကြိမ်ပေါင်းများစွာ နမ်းထားတာပဲ နောက်တစ်ကြိမ်လောက် ထပ်နမ်းကြည့်ရင်ရော ဘယ်လိုလဲ... တကယ်လို့ မင်း ဘာမှမပြောဘူးဆိုရင်တော့ သဘောတူတယ်လို့ပဲ သဘောထားလိုက်မယ်..."


တိတ်ဆိတ်မှုကြီးစိုးနေသောအခန်းထဲတွင် မည်သည့်အသံမှ ထွက်မလာပေ။ ကျိုးရွှမ်လန်က သူပြောသည်ကို မကြားသောကြောင့် တုံ့ပြန်ချက်တစ်ခုမှ ရှိမလာသည်မှာ သဘာဝပင်။


ရှန်းလျိုရှန့်က သူ သဘောတူသည်ဟု သတ်မှတ်လိုက်သောအခါ အောက်နှုတ်ခမ်းကို ဖွင့်ဟလိုက်ပြီး တိတ်တဆိတါ အနားကပ်လာကာ သူနှင့်အလွန်နီးကပ်နေသော နှုတ်ခမ်းပါးလေးကို သတိကြီးကြီးဖြင့် ထိကပ်လိုက်သည်။


သိမ်မွေ့သော အထိအတွေ့တစ်ခုက နှုတ်ခမ်းထောင့်စွန်းကို ပေါက်ကွဲထွက်သွားသကဲ့သို့ပင် ဖြစ်လာစေသည်။


သူ့မျက်နှာထက်သို့ ဝင်လေထွက်လေနွေးနွေးက လာရောက်ရိုက်ခတ်သောကြောင့် ကျိုးရွှမ်လန် မျက်လုံးအသာဖွင့်ကြည့်လိုက်သည်။ သူ၏ နက်စွေးစွေးမျက်ဆံများကမုန်တိုင်းထန်နေသည့် ပင်လယ်ပြင်တစ်ခုနှင့်တူကာ သူ့နှလုံးသားထဲတွင်လည်း မီးရှူးမီးပန်းများစွာ ပေါက်ကွဲနေသည်။


ရုတ်တရက် သူ့ကိုယ်သူ အိမ်မက်မက်နေသည်ဟု ထင်မိလိုက်သည်။


ရှစ်စွမ်းက ငါ့ကို တိတ်တိတ်လေး နမ်းနေတာလား...


ကျိုးရွှမ်လန်၏တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားပြီး မလှုပ်ရှားရဲဖြစ်သွားသည်။ သူ့ကို အနမ်းခြွေနေသူကို ခြောက်လှန့်မိသွားမည်စိုး၍ အနည်းငယ်မျှပင် မလှုပ်ရှားရဲဘဲ အသက်အောင့်ကာ မျက်လုံးမှိတ်ထားမိသည်။


ကျိုးရွှမ်လန် ဆက်ဟန်ဆောင်သင့် မဆောင်သင့် တွေးနေစဉ်မှာပင် ရှန်းလျိုရှန့်၏ ဇာမဏီမျက်ဝန်းများ ပွင့်လာသည်။


သူ့မျက်လုံးသူငယ်အိမ်က ရုတ်တရက် ကျုံ့ဝင်သွားရတော့သည်။


နှုတ်ခမ်းကိုထိတွေ့နေသည့် ညင်သာသော ခံစားချက်လေးက ချက်ချင်းပျောက်ကွယ်သွားသည်။ ကျိုးရွှမ်လန် အံ့အားသင့်သွားပြီး သူ့လက်ချောင်းသွယ်သွယ်များကို ကွေးညွတ်လိုက်သည့်အခါ လက်ခုံပေါ်ရှိ အရေပြားအောက်မှ အပြာရောင်သွေးကြောများက ပေါက်ထွက်လာတော့မည်ဟု ထင်ရသည်။


ငါ သူ့ကိုလိုက်နေတယ်ဆိုမှတော့ နောက်မဆုတ်သင့်တော့ဘူး...


ကျိုးရွှမ်လန်က သူ့လက်တစ်ဖက်ကိုဆန့်ပြီး ရှန်းလျိုရှန့်၏ခေါင်းနောက်သို့ လှမ်းဖိကပ်လိုက်ချိန်တွင် ရှန်းလျိုရှန့်က အလန့်တကြားဖြစ်နေရာမှ အသိစိတ်ပြန်ဝင်လာသည်ကို မြင်လိုက်ရသည်။


ကျိုးရွှမ်လန်က ရဲတင်းစွာဖြင့်ပင် ရှန်းလျိုရှန့်ကို ပြန်ဆွဲထားပြီး သူ့နှုတ်ခမ်းများကို နောက်တစ်ကြိမ်ဖိကပ်နမ်းရှိုက်လိုက်သည်။


ယခုက နောက်ဆုံးအကြိမ်ဖြစ်နိုင်သည်ဟူသော အတွေးကြောင့် ရှန်းလျိုရှန့်ကို အခွင့်အရေးယူလိုက်ခြင်းလည်းဖြစ်သည်။


ထို့နောက် သူ စိတ်ကျေနပ်သွားသည့်အချိန်မှသာ နှုတ်ခမ်းထက်တွင် ညစ်ကျယ်ကျယ်အပြုံးတစ်ခု ပေါ်လာသည်။ ဤဖြစ်စဉ်တစ်ခုလုံးတွင် သူ့နှလုံးသားထဲမှ စကားလုံးများကို အပြုအမူတိုင်းဖြင့် ပြသခဲ့ပေသည်။


" သွားပြီ ငါတော့ လူမိသွားပြီ..."


" ငါ မင်းကို နမ်းချင်ရုံလေးပဲလေ... ဘာလို့... မင်းကရောဘာလို့ ပြန်နမ်းတာလဲ..."


ကျိုးရွှမ်လန် သဘောပေါက်သွားပြီးနောက် မျက်ဆံများ မည်းနက်လာကာ သူ၏ ပိန်သွယ်သွယ်လက်ကောက်ဝတ်လေးကို လှမ်းဆွဲပြီး သူ့နှလုံးသားထဲကို မီးတောက်အောင်ပြုလုပ်သွားသူကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။


သူ ခေါင်းငုံ့ထားလိုက်ပြီး နူးညံ့သော နှုတ်ခမ်းပါးများနှ

င့်လျှာကို သန်မာသော အော်ရာတစ်ခုဖြင့် ရစ်ပတ်ဆက်နွယ်လိုက်သည်။


ရှန်းလျိုရှန့်၏ မျက်တောင်ရှည်များ တုန်ယင်လာပြီး ကျိုးရွှမ်လန်၏ ဝတ်ရုံကို လက်တစ်ဖက်ဖြင့် ဆွဲဆုတ်ထားကာ လက်ချောင်းများကပိုမိုတင်းကြပ်လာပြီး အသက်ရှုမဝပင် ဖြစ်လာလေသည်။