Chapter 111
အချိန်မည်မျှကြာမြင့်သွားခဲ့သည် မသိသော်လည်း ရှန်းလျိုရှန့်က နောက်ဆုံးတွင် အသက်ရှုကြပ်လာတော့သည်။ လက်ချောင်းများက ဝတ်ရုံကိုဆွဲဆုတ်ထားရာမှ အတင်းပြန်တွန်းလာသောကြောင့် သူ့ခေါင်းအနောက်ကိုကိုင်ထားသည့်လက်ကလည်း လွှတ်ပေးလိုက်သည်။
သူ တစ်ဖက်သို့လှည့်ပြီး အမောတကောဖြင့် အသက်ရှုနေရသည်။ သူ့နှုတ်ခမ်းပါးများက တုန်ယင်နေပြီး သွေးထွက်သကဲ့သို့ နီရဲနေကာ အနည်းငယ် ကျိန်းစပ်စပ်ဖြစ်နေသည်။
နှုတ်ခမ်းပေါက်သွားခြင်းဖြစ်သည်။
ရှန်းလျိုရှန့် စိတ်ထဲမကောင်းတော့ပေ။
နောက်ကျ အပြင်ထွက်လို့ လူတွေနဲ့တွေ့ရင် ဘယ်လိုပြောရတော့မလဲ...
တိယွင်ယွီဆိုပါက တစ်ချက်ကြည့်ရုံဖြင့် သိသွားနိုင်သည်။ သူနှင့် ကျိုးရွှမ်လန်အကြားတွင် ပတ်သက်မှုတစ်ခုခုရှိနေပါက တိယွင်ယွီ ပျော်ရွှင်မည်မဟုတ်ကြောင်း သူသိနေသည်။ အကယ်၍ ဤကိစ္စပေါ်သွားခဲ့ပါက သူက ကျိုးရွှမ်လန်ကို ချက်ချင်းပင် နတ်ဆိုးလောကသို့ ပြန်ပို့ပြီး ရှန်းလျိုရှန့်ကိုမူ နန်းတွင်းထဲတွင် ပိတ်လှောင်ထားကာ အပြင်ထွက်ခွင့်ပြုတော့မည် မဟုတ်ပေ။
ရှန်းလျိုရှန့် မည်သို့ပြုလုပ်ရမည်ကို စဉ်းစားနေစဉ်မှာပင် သူ့လည်တိုင်တွင် ဖြာကျနေသည့် ဆံပင်အနက်များကို နောက်သို့သပ်တင်ပေးခြင်း ခံလိုက်ရသည်။ သူ့ဝတ်ရုံကိုလည်း ပခုံးပေါ်သည်အထိ ဆွဲချခံလိုက်ရ၍ ကျောက်စိမ်းသဖွယ် ဖြူဖွေးသောအသားအရည်က ပေါ်လာသည်။
" ဟမ်..."
ငါ့အင်္ကျီတွေပါ ချွတ်ပစ်တာလား မြန်လိုက်တာ...
ရှန်းလျိုရှန့်က ကျိုးရွှမ်လန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေပြီး လျော့တိလျော့ရဲဖြစ်နေသောဝတ်ရုံကို ပခုံးပေါ် အမြန်ပြန်တင်လိုက်သည်။
စကြဝဠာတစ်ခုလုံး တောက်ပနေပြီး ကောင်းကင်ကြီးက ကြည်လင်နေကာ နေထွက်နေချိန်လည်းဖြစ်နေပြီး ဤနေရာက မည်သူမဆို အချိန်မရွေးဝင်လာနိုင်သည့် စာကြည့်ဆောင်မှ အမှောင်ခန်း ဖြစ်နေသည်။
မင်း ဘာတွေတွေးနေတာလဲ... လုံးဝမဖြစ်နိုင်ဘူးလေ...
ကျိုးရွှမ်လန်၏ရင်ခွင်ထဲတွင် ဗလာကျင်းသွားပြီး ရှန်းလျိုရှန့်က သူ့ကို သတိကြီးကြီးဖြင့် လှမ်းကြည့်နေသည်အား မြင်လိုက်ရသည်။ အနီးကပ်ကြည့်လိုက်ဆိုပါက သူ့အမူအရာလေးက အနည်းငယ် ပျာယာခတ်နေပုံရပေသည်။
ကျိုးရွှမ်လန် မှင်သက်သွားမိပြီးနောက် အသိစိတ်ပြန်ဝင်လာကာ လက်ပြန်ရုတ်လိုက်သည်။
" ရှစ်စွမ်း အထင်လွဲနေပြီ... ကျွန်တော်က ကူပိုးကောင်ကို ကြည့်ချင်ရုံပါ..."
ရှန်းလျိုရှန့် နောက်ဆုံးတစ်ကြိမ် ကူပိုးကောင်အဆိပ်ကြောင့် သတိလက်လွတ်ဖြစ်နေစဉ်၌ သူတို့နှစ်ယောက်၏ အခြေအနေက အနည်းငယ်စည်းကျော်သွားခဲ့သည်။ ထိုအချိန်က ရှန်းလျိုရှန့်၏မျက်လုံးများ ကြည်လင်နေခဲ့သော်လည်း သူ့ရှစ်စွမ်းက ဤအဖြစ်အပျက်ကို မျက်စိတစ်မှိတ်အတွင်း မေ့သွားမည်စိုး၍ သူ စိတ်အေးလက်အေးပင် ဝမ်းမသာနိုင်ခဲ့ပေ။
ရှန်းလျိုရှန့် အသံတစ်သံမှ မကြားရသော်လည်း ကျိုးရွှမ်လန်က ခန္ဓာကိုယ်ကို ပြန်မတ်၍ ထိုင်လိုက်ကာ ပါးစပ်ဟပြီး သူ့ကို တစ်ခုခုရှင်းပြနေသည်အား မြင်လိုက်သည်။ စိတ်တည်ငြိမ်သွားသည့်အခါ သူရှင်းပြနေသည်ကို သဘောပေါက်သွားသည်။
[ အဲဒီအမှောင်ခန်းမှာ တစ်ယောက်စကားပြောတဲ့အသံ တစ်ယောက်မကြားရသလို အပြင်ကအသံတွေလည်း မကြားရဘဲ လုံးဝတိတ်ဆိတ်နေတာပါ ]
ရှန်းလျိုရှန့် မျက်လုံးအနည်းငယ်မှေးကျဉ်းလိုက်ပြီး ကျိုးရွှမ်လန် စိတ်မသက်မသာဖြစ်သွားသည်ကို သတိပြုမိလိုက်သည်။ ခဏစဉ်းစားပြီးသောအခါ စာရေးစားပွဲဘက် ပြန်လှည့်သွားပြီး စာရွက်တစ်ရွက်ကိုဖြန့်ကာ စုတ်တံကိုမှင်ထဲထည့်၍ စာလုံးအချို့ရေးပြီး အဆုံးတွင် နဂါးနက် သေးသေးလေး၏ပုံကို ဆွဲလိုက်သည်။
သူ့နာမည်ကို ညာဘက်အောက်ဆုံးတွင် ရေးထားလိုက်ပြီးနောက် လက်မကိုမှင်ဖြင့်တို့ကာ လက်ဗွေနှိပ်လိုက်သည်။ ဖြစ်စဉ်တစ်ခုလုံးက တစ်ခဏတွင်းချင်း ပြီးဆုံးသွားပေသည်။
ရှန်းလျိုရှန့်က စာရွက်ကိုလေဖြင့်မှုတ်နေသည်။ မှင် အနည်းငယ်ခန့် ခြောက်သွားသောအခါ စာရွက်ကိုကြည့်ချင်သော်လည်း မနည်းထိန်းထားရသည့် ကျိုးရွှမ်လန်ကို လှမ်းကြည့်လိုက်သည်။ သူ တစ်ချက်ပြုံးလိုက်ပြီးနောက် စာရွက်ကို ကမ်းပေးလိုက်သည်။
ထိုအချိန်တွင် အမှောင်ခန်းတံခါးက ရုတ်တရက်ပွင့်လာသည်။
အပြင်ဘက်မှ အလင်းရောင်က သစ်သားကြမ်းပြင်ပေါ်သို့ ဖြာကျလာပြီး ပိန်ပိန်ပါးပါးပုံရိပ်တစ်ခုက တံခါးဝတွင် ရပ်နေသည်။ သူ အခန်းပတ်ပတ်လည်ကို တစ်ချက်ကြည့်နေပြီး နောက်ဆုံးတွင် သူ့အကြည့်က ရှန်းလျိုရှန့်၏ ပေါက်သွားသော နှုတ်ခမ်းနေရာကို ရောက်လာသည်။ ထိုလူ၏ ဘေးပတ်ပတ်လည်မှ လေထုဖိအားက အနည်းငယ်ကျဆင်းသွားသည်။ ထို့နောက်တွင် သူတို့နှစ်ယောက်အကြား အပြန်အလှန်ပေးနေသည့်စာရွက်ကို သတိပြုမိသွားသောကြောင့် လက်တစ်ဖက်မြှောက်လိုက်၏။
ရှန်းလျိုရှန့်၏လက်ထဲ ဗလာကျင်းသွားပြီး စာရွက်က အထိန်းအကွပ်မဲ့စွာဖြင့် တစ်ဖက်လူ၏လက်ထဲ ကျရောက်သွားလေသည်။
ရှန်းလျိုရှန့်၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲတောင့်တင်းသွားပေသည်။
တိယွင်ယွီက စာရွက်ကိုဖြန့်ကြည့်လိုက်ပြီးနောက် မျက်လွှာချကာ ထိုစကားလုံးများကို ကြည့်လိုက်သည်။
အမူးပြေသွားပြီလား... ငါမင်းကို ချစ် ... ချစ်တယ်...
နောက်ဆုံးစာလုံး၏နောက်တွင် တွန့်လိမ်ကောက်ကွေးနေသော အရာတစ်ခုကို ရေးဆွဲထားသည်။ ၎င်းက မြင်နေကျပုံစံနှင့် အနည်းငယ်ကွဲပြားလှသော်လည်း ခေါင်းအထက်မှ ဦးချိုတစ်ချောင်းတည်းကြောင့် ကျိုးရွှမ်လန်ကို ဖော်ညွှန်းကြောင်း သိသာလှပေသည်။
တိယွင်ယွီ စာရွက်ကို လက်ထဲတွင်ပြန်ကိုင်ထားပြီး စကားတစ်ခွန်းမှမပြောဘဲ ရှန်းလျိုရှန့်ကိုကြည့်နေ၏။
ရှန်းလျိုရှန့် ခေါင်းငုံ့ထားပြီး သူနှင့် အကြည့်ချင်းမဆုံအောင်နေလိုက်သည်။ တိယွင်ယွီ၏အကြည့်အောက်တွင် သူ့ဦးရေပြားများပါ ကျိန်းစပ်လာသည်ဟု ထင်ရပေသည်။ သူ ဖုံးကွယ်ထားချင်သောကိစ္စကို ဤမျှမြန်မြန်ရှာတွေ့သွားလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ သူက လူမိသွားရုံသာမက ရည်းစားစာကိုပါ အသိမ်းခံလိုက်ရပေသည်။
ရှန်းလျိုရှန့်၏ပါးပြင်က အနည်းငယ်နီရဲလာပြီး မည်သို့လုပ်သင့်သည်ကို တွေးတောနေမိသည်။
သူက တိယွင်ယွီကို မွေးစားအဖေအဖြစ် သတ်မှတ်ထားသော်လည်း မွေးစားအဖေကလည်း အဖေပင်ဖြစ်သည်။ သူ့အဖေ၏အချစ်က တောင်တစ်လုံးသဖွယ် ကြီးမားသည် မကြီးမားသည်ကို မသိသော်လည်း သူ့စွမ်းအားကမူ တောင်တစ်လုံးနီးပါး သန်မာသည်ကို ကျိန်းသေပေါက်သိပေသည်။
တိယွင်ယွီ၏ အမူအရာကို အကဲဖြတ်ကြည့်ရုံဖြင့် သူ့ကို ချက်ချင်းခေါ်သွားပြီး ကောင်းကောင်းရိုက်နှက်ရန်က မဖြစ်နိုင်သည့်ကိစ္စမဟုတ်ကြောင်း သိလိုက်သည်။
ရှန်းလျိုရှန့်က ဦးနှောက်ကို မနည်းဖျစ်ညှစ်ထားပြီး နည်းလမ်းတစ်ခုစဥ်းစားနေချိန်တွင် သူ့လက်မောင်းများ တင်းကြပ်သွားပြီး သူ့ဘေးနားရပ်နေသူက စကားတစ်ခွန်းမှမပြောဘဲ သူ့ကိုရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
ရှန်းလျိုရှန့် : ဟမ် ဘာလုပ်...
မီးပုံထဲကို လောင်စာထပ်ထည့်နေသလို မဖြစ်သွားဘူးလား...
ကျိုးရွှမ်လန်က တံခါးနားတွင်ရပ်နေသူကို တည်ငြိမ်စွာဖြင့်ကြည့်နေပြီး စကားတစ်ခွန်းမှမပြောဘဲ သူ့စိတ်သဘောထားကို ဖော်ပြနေသည်။
တိယွင်ယွီက ကျိုးရွှမ်လန်ကို ခဏစိုက်ကြည့်နေပြီးသည့်နောက် မျက်လုံးများမှေးကျဉ်းသွားသည်။
" ငါ့စိတ်ထင်တော့ နန်းတွင်းစည်းကမ်းတွေကို ကူးရေးနေသင့်တာ မင်းထင်တယ်..."
စကားဆုံးသည်နှင့် အမှောင်ခန်း၏တံခါးက ဝုန်းခနဲပိတ်သွားပြီး ရှန်းလျိုရှန့်ကို သူကဆွဲထုတ်သွားကာ ကျိုးရွှမ်လန်ကို အတွင်းတွင် တစ်ယောက်တည်းချန်ရစ်ပြီး ပိတ်လှောင်ထားလိုက်သည်။ တံခါးပေါ်တွင်လည်း စာတစ်ခုကပ်ထား၍ နန်းတွင်းစည်းကမ်းများကို အကြိမ်သုံးရာတိတိ ကူးရေးပြီးမှ ပြန်ထွက်လာနိုင်တော့မည်ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း စာကြည့်ဆောင်သို့ရောက်သွားပြီး ရှန်းလျိုရှန့်ကို ထိုအချိန်မှ လွှတ်ပေးလိုက်သည်။
တိယွင်ယွီက စာရွက်ကို လက်ထဲတွင်ကိုင်ထားပြီး သူ့ကိုစိုက်ကြည့်နေကာ မျက်လုံးများကလည်း မည်းနက်နေသည်။
ရှုရှင်းချန်က နတ်ဆိုးလောကမှ ပြန်လာပြီးသည့်နောက်တွင် စာလိပ်အကြောင်းကို အသေးစိတ်ပြောပြရမည့်အစား ကျိုးရွှမ်လန်အကြောင်းကို သူ့အား များစွာပြောပြခဲ့သည်။ ကျိုးရွှမ်လန်၏ ဖုံးကွယ်ထားသော အကြံအစည်များ၊ မကောင်းသောရည်ရွယ်ချက်များနှင့် ရှန်းလျိုရှန့်၏ အခြားလူများအပေါ် အယုံလွယ်မှု အစရှိသည်တို့ဖြစ်သည်။
ထိုအချိန်ကမူ တိယွင်ယွိ စိတ်အေးလက်အေးသာ နေခဲ့မိသည်။ ရှုရှင်းချန်၏စကားများအရမူ ရှန်းလျိုရှန့်က သူ့ကို ချစ်ကြိုက်နေသည့်ပုံမရပေ။ သူက ကူပိုးကောင်အဆိပ်အကြောင်းကိုမသိဘဲ ရှန်းလျိုရှန့်နှင့် ကျိုးရွှမ်လန်တို့က တစ်ယောက်နှင့် တစ်ယောက် ငြိစွန်းနေကြသည်ဟုထင်၍ နတ်ဆိုးနယ်မြေသို့ အလျင်စလိုရောက်လာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ကူပိုးကောင်၏သက်ရောက်မှုကြောင့် ထိုသို့ဖြစ်နေသည်ကို သိသောအခါ စိတ်အေးသွားခဲ့ရသည်။
သို့ရာတွင် ယခုချိန်၌မူ တိယွင်ယွီ စိတ်အေးလက်အေး မနေနိုင်ပေ။
ရှန်းလျိုရှန့်က အခြားသူများနှင့် ထိုအခြေအနေအထိ အတွင်းကျကျပတ်သက်နေသည်ကို သူ မလိုလားပေ။
နောက်တက်လာမည့်ဧကရာဇ်က ရှန်းလျိုရှန့်ဖြစ်စေ ရှုရှင်းချန်ဖြစ်စေ ထိုလူက ကုန်းမကြီးတစ်ခုလုံးကို ကာကွယ်လိုစိတ် ရှိရမည်သာမက၊ မည်သူတစ်ဦးတစ်ယောက်၏လွှမ်းမိုးမှုကိုမှ မခံရဘဲ လောကသုံးခုလုံးကို သမာသမတ်ကျကျအုပ်ချုပ်ကာ အချိန်တိုင်းတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရမည်ဖြစ်သည်။
သို့ရာတွင် "အချစ်" ဟူသော စကားလုံး ပါလာလျှင်မူ အရာအားလုံးက ခက်ခဲလာတော့သည်။
ကျိုးရွှမ်လန်ကလည်း နဂါးမျိုးနွယ်၏မျိုးဆက် ဖြစ်နေသည်။
အနာဂတ်တွင် ဖြစ်လာတော့မည့်အကြောင်းကိစ္စတစ်ခုကို တိယွင်ယွီကြိုတင်မြင်ယောင်နေမိပြီး ထိုအချိန်တွင် စိတ်မသက်မသာဖြစ်လာမည့်လူကလည်း ရှန်းလျိုရှန့်သာဖြစ်သည်။
တိယွင်ယွီ မျက်မှောင်ကြုတ်လိုက်သည်။
" ငါမင်းကို လက်လျှော့ခိုင်းမယ်ဆိုရင် မင်း အဲ့လိုလုပ်နိုင်မလား..."
ရှန်းလျိုရှန့် အံ့အားသင့်သွားပြီးနောက် အခိုင်အမာပြောလိုက်သည်။
" မဖြစ်နိုင်ပါဘူး..."
သူ့ခံစားချက်များကို သတိမထားမိမီအချိန်က ထိုသို့ပြောလာခဲ့လျှင် ကြောင်အနေခဲ့ဦးမည်ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူ ရှောင်မပြေးလိုတော့ပေ။
တိယွင်ယွီ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
" ဒါဆိုရင် မင်းကိုမေးပါဦးမယ်... တကယ်လို့ တစ်နေ့နေ့မှာ ကျိုးရွှမ်လန်က လောကသုံးခုလုံးကို ပျက်စီးစေခဲ့မယ်ဆိုရင် အဲ့လိုအရှုပ်အထွေးတွေကို ရှင်းပစ်ဖို့ မင်းကိုယ်တိုင် သူ့ကိုသတ်မှာလား..."
ရှန်းလျိုရှန့်က တွန့်ဆုတ်ခြင်းမရှိဘဲပြောလိုက်သည်။
" သူ အဲ့လိုလုပ်မှာမဟုတ်ဘူး... ကျိုးရွှမ်လန်က အကြောင်းအရင်းမရှိဘဲ ဆိုးသွမ်းတဲ့ကိစ္စတွေလုပ်မှာ မဟုတ်ဘူး..."
" သူ အဲ့လိုလုပ်မလား မလုပ်ဘူးလားတော့ ကိုယ်တော်မသိဘူး... ဒါပေမဲ့ တကယ်လို့သာ သူ့ကိုလွှတ်ပေးထားလိုက်မယ်ဆိုရင်တော့ တစ်နေ့ကျရင် အဲ့လိုလုပ်နိုင်တဲ့စွမ်းရည်မျိုး ရှိလာလိမ့်မယ်..."
တိယွင်ယွီ၏ အကြည့်များက တည်ကြည်နေပြီး ညင်သာစွာပြောလိုက်သည်။
" တကယ်လို့ တစ်နေ့နေ့မှာ ကျိုးရွှမ်လန် လမ်းမှားရောက်သွားခဲ့ရင် မင်းသူ့ကို သတ်ပစ်နိုင်လား... လမ်းမှန်ရောက်အောင် ပြင်ပေးနိုင်လား..."
ရှန်းလျိုရှန့်က ဧကရာဇ်ယွင်ယွီဆိုလိုချင်သည်ကို ရေးတေးတေးသဘောပေါက်လာ၍ သူ့မျက်နှာက အနည်းငယ်ဖြူဖျော့လာပြီး တစ်လုံးချင်းပြောလိုက်သည်။
" ကျွန်တော် လုပ်နိုင်ပါတယ်..."
တိယွင်ယွီ မျက်လွှာချလိုက်သည်။
" ကောင်းပြီလေ..."
ရှန်းလျိုရှန့်၏ကျောပြင်ထက်တွင် ချွေးအလွှာပါးတစ်ထပ် ဖြစ်ပေါ်လာသည်။ အစောပိုင်းတွင် သူ တွန့်ဆုတ်နေစဉ်က တိယွင်ယွီထံမှ ထုတ်လွှတ်နေသော လူသတ်လိုစိတ်ကို ခံစားမိပေသည်။
သို့ရာတွင် ထိုသတ်ဖြတ်လိုစိတ်ကို တုံ့ဆိုင်းမှု အထပ်ထပ်ဖြင့် ရစ်ပတ်ထားပြီး သူ့အဖြေကိုကြားသည်နှင့် လုံးဝပျောက်ကွယ်သွားသည်။
ကောင်းကင်ဘုံတာအိုက အညှာအတာကင်းမဲ့လွန်းသည်။ ပြဿနာမဖြစ်လာမီတွင် ကာကွယ်ထားရန်အတွက် ကျိုးရွှမ်လန် မကြီးပြင်းလာမီတွင် သူ့ကိုသတ်ပစ်ရမည်ဖြစ်သည်။ သို့သော် တိယွင်ယွီကလည်း ထိုသို့ပြုလုပ်ရမည်ကို မလိုလားပေ။ အနာဂတ်တွင် မည်သို့ဖြစ်လာသည်ဖြစ်စေ အနည်းဆုံး ယခုလက်ရှိ ကျိုးရွှမ်လန်က မည်သည့်အမှားတစ်ခုမှ မပြုလုပ်ထားပေ။ အကယ်၍ ကျိုးရွှမ်လန်ကို ယခုသတ်ပစ်လိုက်မည်ဆိုပါက အပြစ်ကင်းသူကို သတ်ဖြတ်လိုက်ခြင်းပင် ဖြစ်သွားပေမည်။
သို့ရာတွင် တိယွင်ယွီကိုယ်တိုင်ကလည်း ဤနေရာတွင်နေရန် အချိန်များများမရသူဖြစ်၍ သူ့စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်အချို့ ကျန်ရစ်နေဆဲဖြစ်သည်။
သူက လူသားတစ်ယောက်ဖြစ်သောကြောင့် သူ့ထံတွင် အချိန်အကန့်အသတ် ရှိပေသည်။
ရှန်းလျိုရှန့်က တိယွင်ယွီ၏ မှန်းဆမရသော အမူအရာကိုကြည့်ကာ မျက်ခုံးအသာပင့်သွားပြီး သူ့စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာ၍ မဝံ့မရဲဖြင့် ပြောလိုက်သည်။
" တကယ်လို့ ကျိုးရွှမ်လန်နဲ့ပတ်သက်ပြီး တစ်ခုခု အမှားဖြစ်လာရင်လည်း ခမည်းတော်က ဒီမှာရှိနေတာပဲဆိုတော့ လွယ်လွယ်ဖြေရှင်းနိုင်မှာပါ..."
တိယွင်ယွီ : " ကိုယ်တော် မရှိတော့ရင်ရော..."
ရှန်းလျိုရှန့်၏မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။
" ဘာလို့ မရှိမှာလဲ..."
တိယွင်ယွီက သေမျိုးမဟုတ်၍ မွေးဖွားခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့ကို ခံစားရမည် မဟုတ်ပေ။ ကျင့်ကြံသူတစ်ယောက်က အဆင့်တစ်ခုသို့ ရောက်ရှိလာလျှင် ကျဆုံးသွားရမည့်အစား အားလုံး အိမ်မက်မက်နေခဲ့ရသည့် ကောင်းကင်ဘုံသို့တက်ခြင်းကို ပြုလုပ်လာနိုင်မည်ဖြစ်သည်။
တိယွင်ယွီက ဒီလိုပြောလာတယ်ဆိုတော့ အတိဒုက္ခကိုကျော်ဖြတ်ပြီး ကောင်းကင်ဘုံပေါ် တက်တော့မှာများလား...
ရှန်းလျိုရှန့်၏စိတ်ထဲ အတွေးတစ်ခု ရောက်ရှိလာပြီး တစ်ခုခုမှားယွင်းနေကြောင်း သဘောပေါက်သွားသည်။ တိယွင်ယွီ၏ ကျင့်ကြံဆင့်ဖြင့်ဆိုပါက ကောင်းကင်ဘုံသို့ တက်သွားနိုင်လောက်သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း သူက ယခုအချိန်ထိ ပင်မကုန်းမြေတွင် ရှိနေသေးသည်။
ရှန်းလျိုရှန့်က ကောင်းကင်ဘုံသို့တက်ခြင်းအကြောင်းနှင့်ပတ်သက်၍ များများစားစားမသိသော်လည်း ကျင့်ကြံရေးလောကတွင် ထိပ်ဆုံးနေရာသို့ရောက်ပါက သေဆုံးခြင်းနှင့် ကောင်းကင်ဘုံသို့တက်ခြင်းဟူ၍ နှစ်မျိုးတည်းသာရှိကြောင်း သိထားသည်။ တိယွင်ယွီက ကြောက်ခမန်းလိလိကျင့်ကြံဆင့်ဖြင့် ဤလောကကြီးတွင် နှစ် ရာချီအောင် နေထိုင်ခဲ့ပြီးနောက် မည်သည့်လမ်းစဉ်တစ်ခုကိုမှ မရွေးချယ်ခဲ့သေး၍ ပုံမှန်အခြေအနေ မဟုတ်နေပေ။
ရှန်းလျိုရှန့်ပြောလိုက်သည်။
" ကျွန်တော်ကြားတာတော့ ဧကရာဇ်က နှစ်ငါးဆယ်လောက်ကျင့်ကြံခဲ့ပြီးတဲ့နောက် ကောင်းကင်ဘုံကိုတက်နိုင်တဲ့ အဆင့်ကို ရောက်သွားခဲ့တာဆို..."
တိယွင်ယွီ : " မဟုတ်ဘူး အဲတုန်းက ကိုယ်တော်နန်းတက်ခဲ့တာ..."
ရှန်းလျိုရှန့် : ဟမ်...
ဒါဆိုရင် သူက အသက်နှစ်ဆယ်အရွယ်လောက်တည်းက အဲ့အဆင့်ကိုရောက်နေတာလား... ဒီအကြောင်းသာ ပျံ့သွားမယ်ဆိုရင် အနာဂတ်မှာ သူ့လိုပါရမီရှင်မျိုး ရှိလာနိင်တော့မှာ မဟုတ်ဘူးလို့ ပြောကြလိမ့်မယ်...
ရှန်းလျိုရှန့်က ထိတ်လန့်သွားပြီးသည့်နောက်တွင် ထပ်မံမေးမြန်းလိုသော်လည်း တိယွင်ယွီက သူ့ကိုဘာမှဆက်ပြောခွင့်မပြုတော့ဘဲ လက်ကာပြလိုက်သည်။
စာရွက်အပိုင်းအစလေးက သူ့ထဲသို့ ပြန်လည်မရောက်ရှ်ိလာပေ။ ရှန်းလျိုရှန့်ကလည်း စာရွက်ကိုပြန်ပေးရန် မတောင်းရဲ၍ အဆောင်ထဲမှ ထွက်လာခဲ့သည်။ သူ အမှောင်ခန်းသို့ ပြန်သွားရန် တွေးလိုက်သော်လည်း အထဲသို့ မဝင်နိုင်သည်ကို သတိရသွားသည်။ ကျိုးရွှမ်လန် စည်းကမ်းများကူးရေးပြီးလောက်မည့်အချိန်ကိုတွက်ဆကာ နန်းတွင်းထဲ လမ်းပတ်လျှောက်နေရန် တွေးလိုက်သည်။ သူ ရှုရှင်းချန်ရှိရာသို့ ထွက်လာလိုက်သည်။
ရှုရှင်းချန်က အမူးပြေသွားပြီဖြစ်၍ သူ့နှဖူးကိုကိုင်ပြီး အစောပိုင်းမှကိစ္စများကို ပြန်တွေးနေသည်။
ငါ ခမည်းတော်ကိုဖက်ပြီး ငိုခဲ့တယ်... ပြီးတော့ ခမည်းတော်ရဲ့ရှေ့မှာလည်း ငတုံးလိုစကားတွေ ပြောခဲ့တယ်... ဘေးနားမှာ ရပ်ကြည့်နေကြတဲ့သူတွေကလည်း နန်းတွင်းထဲမှာ သူ့ကို မော်မကြည့်ရဲတဲ့သူတွေကြီးပဲ...
ရှုရှင်းချန်၏ မျက်နှာတစ်ခုလုံး ဖြူဖျော့လာပြီး မျှော်လင့်ချက်မဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။
ရှန်းလျိုရှန့်က အိပ်ရာအစွန်းတွင်ထိုင်ပြီး သူ့ကိုရေတစ်ခွက်ကမ်းပေးလိုက်သည်။
" ထဝောာ့လေ..."
ရှုရှင်းချန်၏ မျက်လုံးများကနီရဲနေပြီး ရှက်ရွံ့ခြင်း၊ မကျေမနပ်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်းစသည့် ခံစားချက်ပေါင်းစုံ ရောယှက်နေ၍ တစ်ဖက်သို့လှည့်ပြီး သူ့ကိုလျစ်လျူရှု့ထားသည်။
ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်ပြီးနောက် သူ့ပခုံးကိုပုတ်လိုက်သည်။ သူ့လေသံက ယခင်ထက်ပို၍ နူးညံ့ပျော့ပျောင်းနေသည်။
" မစိုးရိမ်ပါနဲ့ အရက်မူးတယ်ဆိုတာ ရေးကြီးခွင်ကျယ်ကိစ္စ မဟုတ်ပါဘူး... ပြီးတော့ မင်း အရက်မူးတဲ့အချိန်ဆိုရင် ချစ်စရာလေး..."
ထိုစကားကိုကြားသည့်အခါ ရှုရှင်းချန် ပို၍စိတ်ဆိုးလာသည်။
" ဝေးဝေးသွားနေ... ကျွန်တော်က မင်းသားလေ... ချစ်စရာကောင်းတယ်ဆိုတဲ့စကားက ဘာလုပ်ရမှာလဲ..."
ရှန်းလျိုရှန့် : " ခမည်းတော်ကိုယ်တိုင်က အဲလိုပြောတာပဲ..."
ရှုရှင်းချန် : " ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကျွန်တော့်ကို လာမလိမ်နဲ့..."
" ငါ တကယ်ပြောတာ..."
ရှန်းလျိုရှန့်က လက်ကို ရှုရှင်းချန်၏ခေါင်းပေါ်တင်ပြီး ပွတ်သပ်ပေးလိုက်သည်။
" မင်း ခမည်းတော်ကို ဖက်ထားပြီး မလွှတ်ပေးတဲ့အချိန်တုန်းက ခမည်းတော်ကိုယ်တိုင် အဲ့လိုပြောခဲ့တာပဲ..."
ရှုရှင်းချန် ရေရွတ်လိုက်သည်။
" အဲဒါဘာဖြစ်လဲ..."
ရှန်းလျိုရှန့် : " ခေါင်းကိုထိတယ်ဆိုတာ ရင်းနှီးချစ်ခင်မှလုပ်တဲ့ အပြုအမူမျိုးပဲ... ငါလည်း ချစ်စရာကောင်းတာလေးတွေကို မြင်ရင် ခေါင်းကိုပွတ်ပေးချင်စိတ်ပေါ်တယ် မင်းရော အဲ့လိုမဟုတ်ဘူးလား..."
ရှုရှင်းချန် အလေးအနက်စဉ်းစားနေသည်။
" အမွေးပွပွနဲ့ မကောင်းဆိုးဝါးလေးတွေကိုမြင်ရင်တော့ အဲ့လိုလုပ်မိတယ်ထင်တယ်... သူတို့က အရမ်းတုံးပြီးတော့ ချစ်စရာကောင်းတယ်လေ..."
" ဟုတ်တယ် အဲဒါမျိုးပဲလေ..."
ရှန်းလျိုရှန့်က လက်ဖက်ရည်ခွက်ကိုချထားလိုက်ပြီး လက်ခုပ်တီးလိုက်သည်။
" အဲတော့ ခမည်းတော်ကို ရိုင်းပြမိပြီဆိုပြီး စိုးရိမ်မနေနဲ့... သူက ဘာမှမပြောတဲ့အပြင် အရမ်း သဘောကျနေတာ... မဟုတ်ရင် မင်းကို ကလေးချော့သလို ချော့ပါ့မလား..."
ရှုရှင်းချန်က ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေသည်။
" ခမည်းတော်က ကျွန်တော့်ကိုရိုင်းတယ်လို့မထင်တာ ဖြစ်နိုင်ပေမယ့် ချစ်စရာကောင်းတယ်လို့ ထင်ပါ့မလား..."
ရှန်းလျိုရှန့်က အခိုင်အမာပြောလိုက်သည်။
" သေချာပေါက် ထင်မှာပေါ့..."
ထိုအခါမှသာ ရှုရှင်းချန်က စိတ်အားတက်ကြွသွားပြီး စိတ်အေးလက်အေးဖြစ်ကာ သက်ပြင်းချနိုင်တော့သည်။ သူက ဧကရာဇ်၏ရင်ထဲတွင် ရှိနေသရွေ့ သူ ငယ်စဉ်ကလေးဘဝတည်းက ထိန်းသိမ်းလာခဲ့သော ပြီးပြည့်စုံသည့် မင်းသားလေးပုံရိပ်က ပျက်စီးမည်မဟုတ်၍ အရာအားလုံးကို ပြောရဆိုရလွယ်ကူမည်ဖြစ်သည်။
ရှန်းလျိုရှန့်က
သူ့ကိုချော့မော့ပြီးသည်နှင့် ရေတစ်ခွက်ကမ်းပေးလိုက်သည်။
" ရေသောက်လိုက်ပါဦး... ငါမင်းကို ပြောစရာတစ်ခု ရှိသေးတယ်..."
ရှုရှင်းချန်က ရေတစ်ငုံသောက်လိုက်သည်။
" ဘာများလဲ..."
ရှန်းလျိုရှန့် : "ငါ့ကိစ္စတော့ ပြီးသွားပြီ..."