အပိုင်း ၁၁၂
Viewers 32k

Chapter 112



ရှန်းလျိုရှန့်က သူ့ကိုချော့မော့ပြီးသည်နှင့် ရေတစ်ခွက်ကမ်းပေးလိုက်သည်။

" ရေသောက်လိုက်ပါဦး... ငါမင်းကို ပြောစရာတစ်ခု ရှိသေးတယ်..."


ရှုရှင်းချန်က ရေတစ်ငုံသောက်လိုက်သည်။

" ဘာများလဲ..."


ရှန်းလျိုရှန့် : "ငါ့ကိစ္စတော့ ပြီးသွားပြီ..."


ရှုရှင်းချန် ခဏတွေးလိုက်ပြီးသည့်နောက် သူ့ပါးစပ်ထဲမှရေများကို ထွေးထုတ်မိမတတ်ဖြစ်သွားသည်။ ရေကို မျိုချပြီးလိုက်သောအခါ ရေသီးသွား၍ ချောင်းဆိုးတော့သည်။


ရှန်းလျိုရှန့်က သူ့ကို ပိုးလက်ကိုင်ပဝါတစ်ထည်ကမ်းပေးလိုက်သည့်အခါ သူက ပါးစပ်ထောင့်ကိုသုတ်လိုက်သည်။ နဝမနတ်ဆိုးဘုရင်က ဉာဏ်များပြီး ကိုင်တွယ်ရ မလွယ်ကူသူဟု ပြောလိုသော်လည်း သူ့ရှေ့မှလူ၏ ဝမ်းသာအားရဖြစ်နေသောအပြုံးကို မြင်လိုက်ရသည့်အခါ သူ့စကားများကို ပြန်မျိုချထားလိုက်ပြီး ပြောလာသည်။


" ဒါဆိုရင်လည်း ကျွန်တော်နဲ့အတူ သုံးဘဝကျောက်တုံး ရှိတဲ့နေရာကိုလိုက်ခဲ့ပြီး သူက ခင်ဗျားရဲ့အချစ်စစ်ဟုတ်မဟုတ် သွားကြည့်ရအောင်..."


နန်းတွင်းထဲတွင် ထိုကျောက်တုံးရှိသည့်အကြောင်းကို ရှုရှင်းချန်သိသည်။ သူ တစ်ကြိမ်မှ မစမ်းကြည့်ခဲ့ဖူးသော်လည်း သုံးဘဝကျောက်တုံးက အလွန်တိကျမှန်ကန်သည်ဟု နန်းတွင်းထဲတွင် နေထိုင်သူများပြောသည်ကို ကြားဖူးသည်။


အကယ်၍ ရှန်းလျိုရှန့်၏အချစ်စစ်က ကျိုးရွှမ်လန် ဖြစ်မနေခဲ့ပါက သူ့ကို အမှားမပြုလုပ်မိအောင် တားရတော့မည်ဖြစ်သည်။


ရှန်းလျိုရှန့် : " မလိုတော့ပါဘူး... သုံးဘဝကျောက်တုံးက မမှန်ဘူး..."


" ဟုတ်လား..."

ရှုရှင်းချန်က သံသယမကင်းဟန်ဖြင့် မျက်လုံးများမှေးကျဉ်းလိုက်သည်။


" ဘာလို့လဲ ခင်ဗျားသွားစမ်းကြည့်တော့ ပေါ်လာတဲ့လူက ကျိုးရွှမ်လန် မဟုတ်လို့လား..."


ရှန်းလျိုရှန့် ငြိမ်ကျသွားသည်။


သူ့ပုံစံကိုမြင်သည့်အခါ ရှုရှင်းချန်က စိတ်လှုပ်ရှားလာသည်။

" သူ မဟုတ်ဘူးဆိုရင်... ပေလွင်ဓားဂိုဏ်းက ဓားသခင်ယဲ့ပင်းရန်ဆိုတဲ့သူလား..."


ရှန်းလျိုရှန့် မယုံကြည်နိုင်မှုကြောင့် မျက်လုံးအပြူးသားဖြစ်သွားသည်။


သူ အဲ့လောက်ဝောာင် လွယ်လွယ်ခန့်မှန်းနိုင်တာလား... ရှုရှင်းချန်က ယဲ့ပင်းရန်ကို နတ်ဆိုး‌နယ်မြေမှာ တစ်ခါပဲ တွေ့ဖူးတာလေ ဘာလို့ အဲ့လောက်မှန်အောင် ခန့်မှန်းနိုင်ရတာလဲ...


သူ့အမူအရာကိုကြည့်ပြီး ရှုရှင်းချန်က အာလုံးကိုသိသွားတော့၏။ သူ အလွန်ထိတ်လန့်သွားပြီး ရေရွတ်လိုက်သည်။

" တကယ်ကို သူဖြစ်နေတာပဲ... ဓားသခင်ယဲ့က ခင်ဗျားကို ကြိုက်နေတယ်လို့တော့ ထင်ပြီးသားပါ ဒါပေမဲ့..."


စကားမဆုံးမီမှာပင် ရှန်းလျိုရှန့်က သူ့ပါးစပ်ကိုအုပ်ထားလိုက်သည်။

" မဟုတ်တာတွေ လျှောက်ပြောမနေနဲ့ မင်းက သူများကို သိက္ခာချနေတာပဲ..."


ရှုရှင်းချန်က သူ့လက်ကိုဖယ်လိုက်သည်။

" သူ ခင်ဗျားကို သဘောကျနေတာလည်း ဖြစ်နိုင်တာပဲ..."


ရှန်းလျိုရှန့် ရယ်လိုက်မိသည်။

" မင်းက စိတ်ကူးယဉ်နေတာပဲ..."


ယဲ့ပင်းရန်က နောက်ဆုံးတွင် သူနှင့် ကင်းကင်းရှင်းရှင်းနေရန် ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။ အကယ်၍ ထိုသို့သော ကောလဟာလမျိုး ထပ်မံပျံ့နှံ့သွားခဲ့ပါက အလွန်ဒေါသထွက်လွန်း၍ တစ်ညတွင်းချင်း သူ့အခန်းတံခါးရှေ့ကိုရောက်လာပြီး ဓားနှင့်လာခုတ်တော့မည်ဖြစ်သည်။


ရှုရှင်းချန်က နှာမှုတ်လိုက်သည်။


" ခင်ဗျားကမှ စိတ်ကူးယဉ်နေတာ... ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဘေးလူဆိုတော့ မြင်သင့်တာကိုမြင်တယ် မမြင်သင့်တာကို မမြင်ဘူး..."


ရှန်းလျိုရှန့်က သူ၏ ဝင့်ကြွားနေသောပုံစံကိုမြင်ဟည့်အခါ ပြုံးလိုက်မိသည်။

" ဒါဆိုရင် မင်း ဘာတွေမြင်လဲ..."


ရှုရှင်းချန်က သူ့မျက်လုံးကိုသူ လက်ညှိုးထိုးပြလိုက်သည်။


" ခင်ဗျားပေါ်လာတာနဲ့ သူ့မျက်လုံးက ခင်ဗျားဆီ ချက်ချင်းရောက်သွားတာပဲ... ခင်ဗျား လမ်းလျှောက်နေရင်လည်း မျက်လုံးက ခင်ဗျားနောက်ကလိုက်နေတာ... ခင်ဗျား ထွက်သွားပြီး တော်တော်လေးကြာရင်တောင်မှ သူ့မျက်လုံးက အဲ့နေရာက မခွာဘူး..."


ရှန်းလျိုရှန့် တအံ့တဩဖြစ်သွားသည်။

" မင်း အိမ်မက်ထဲမှာ အဲ့လိုမြင်ခဲ့တာများလား... ငါတော့ သတိမထားမိပါဘူး..."


ရှုရှင်းချန်က အထင်အမြင်သေးဟန်ဖြင့် နှာမှုတ်လိုက်သည်။


" ခင်ဗျား သေချာပေါက် ဘယ်သတိထားမိမလဲ... သူက ခင်ဗျားကို တစ်ချိန်လုံးကြည့်နေတာဆိုတော့ ခင်ဗျားသူ့ဘက်တစ်ချက်လှည့်လာတာနဲ့ အကြည့်လွှဲလိုက်တာလေ..."


ရှုရှင်းချန် မျက်ခုံးပင့်လိုက်သည်။

" ကျွန်တော် အစကတော့ သေချာမသိဘူး ဒါပေမဲ့ ကျိုးရွှမ်လန်ကို မြင်လိုက်တော့ သဘောပေါက်သွားတယ်..."


ရှန်းလျိုရှန့် ထိတ်လန့်သွားသည်။

" ဒီကိစ္စက သူနဲ့ဘာဆိုင်လို့လဲ..."


" ကျွန်တော့်လိုဘေးလူတောင် သတိထားမိမှတော့ ကျိုးရွှမ်လန်လည်း သိမှာပေါ့... ဒါပေမဲ့ သူ သည်းခံနိုင်သားပဲ... ဓားဂိုဏ်းကလူတွေအဖွဲ့ကို အန္တရယ်မပေးတဲ့အပြင် အစကနေ အဆုံးထိ သူတို့ရှေ့ လုံးဝပေါ်မလာခဲ့ဘူး... ယဲ့ပင်းရန်ကတော့ သူ့အတွေးတွေကို ကျိုးရွှမ်လန်သိသွားတာကို မသိလောက်ဘူး..."


" အဲဒါကြောင့် ကျိုးရွှမ်လန်က ဖုံးကွယ်ထားတာတွေရှိတယ်လို့ ကျွန်တော်ပြောတာ... သူ သေသေချာချာလေး ဖုံးကွယ်ထားနိုင်မှတော့ သူ့အကြံက တော်တော်ကြီးတဲ့ပုံပဲ..."


ရှုရှင်းချန်က ရှန်းလျိုရှန့်ကို တစ်ချက်လှမ်းကြည့်ပြီး ခနဲ့ လိုက်သည်။


" အခုတော့ သူ့ဆန္ဒတွေ ပြည့်သွားတဲ့ပုံပဲ..."


ရှန်းလျိုရှန့် သံသယဝင်သွားပြီး အတွေးများနက်နဲနေစဉ် ရှုရှင်းချန်ပြောသည်ကို ကြားလိုက်ရသည်။

" စကားမစပ် ကျိုးရွှမ်လန်ရော ဒီကိစ္စကိုသိလား..."


ရှန်းလျိုရှန့် : " ဘယ်ကိစ္စလဲ..."


ရှုရှင်းချန် : " သုံးဘဝကျောက်တုံးအကြောင်းပေါ့..."


ရှန်းလျိုရှန့်၏ မျက်နှာတစ်ခုလုံး အေးခဲတောင့်တင်းသွားသည်။


" သူ မသိပါဘူး..."


မူလရှန်းလျိုရှန့်က ယဲ့ပင်းရန်ကိုပေးခဲ့သည့် အချစ်သဝဏ်လွှာများနှင့် မှော်ပစ္စည်းပေါင်းစုံကို ကျိုးရွှမ်လန်က သိမ်းထားဆဲဖြစ်ကြောင်း သူ သတိရသွားသည်။ သူ့စိတ်ထဲ သတိကြီးကြီးထားလိုက်ပြီး ချက်ချင်းပြောလိုက်သည်။


" သူ့ကို အဲ့အကြောင်းသွားမပြောနဲ့..."


မဟုတ်ရင်တော့ စမ်းချောင်းဝါမြစ်ထဲ ခုန်ချသွားရင်တောင် မင်းအပြစ်တွေကို ဆေးကြောနိုင်တော့မှာ မဟုတ်ဘူး...


ရှုရှင်းချန်က ခဏစဉ်းစားလိုက်ပြီးနောက် တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

" ကောင်းပြီလေ..."


ရှန်းလျိုရှန့်က သူ့ခေါင်းကိုပွတ်ပြီး ကျေးဇူးတင်မှုကို ဖော်ပြတော့မည့်အချိန်တွင် သိုလှောင်အိတ်က လှုပ်ခါလာ၍ ရွှေရောင်ပန်းဖွားတစ်ခု ချိတ်ဆွဲထားသည့် ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။


နှစ်ကြိမ်တိတိ ကျောက်စိမ်းပြားချင်း မှားထားသောကြောင့် ရှန်းလျိုရှန့် သင်ခန်းစာရသွားပြီး ကျောက်စိမ်းပြား၏သွင်ပြင်ကို အနည်းငယ်ပြောင်းလဲထားလိုက်သည်။


ရှန်းလျိုရှန့်က ဝိညာဉ်စွမ်းအားကို ကျောက်စိမ်းပြားထဲသွင်းလိုက်ပြီး ဦးစွာအော်ပြောလိုက်သည်။


" ခမည်းတော်..."


ကျောက်စိိမ်းပြားထဲမှ တိယွင်ယွီ၏အသံ ထွက်ပေါ်လာသည်။


" ကိုယ်တော့်ရဲ့အိပ်ဆောင်ကို လာခဲ့ဦး... ရှန်းဂျင်ဆင်းလေးက အစိမ်းရောင်အရွက်တစ်ရွက် ထွက်လာပြီ..."


ရှန်းလျိုရှန့် ပျော်ရွှင်သွားရသည်။ သူ ပြန်လာပြီးသည့်နောက်တွင် ဂမ္ဘီရအစီအရင်များ ပြုလုပ်ပေးရန် အချိန်မရသေး၍ ရှန်းပုပုအား တိယွင်ယွီကသာ စောင့်ရှောက်ပေးထားရသည်။ သူက မမျှော်လင့်ထားပဲ သစ်ရွက်များ ထွက်လာပေပြီ။


သူ ကျောက်စိမ်းပြားကို ချက်ချင်းချထားလိုက်ပြီး ဧကရာဇ်နန်းဆောင်ကို ချက်ချင်းပြေးသွားလိုက်သည်။


ရှုရှင်းချန်က သူထွက်သွားသည်ကိုကြည့်ပြီး အစောပိုင်းက ပြောထားသည်များအား ပြန်စဉ်းစားနေမိသည်။ ထို့နောက် ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ်ပြင်ဝတ်ကာ စာကြည့်ဆောင်ရှိရာသို့ ဦးတည်လိုက်သည်။


သုံးဘဝကျောက်တုံးတွင် ရှန်းလျိုရှန့်နှင့် ကျိုးရွှမ်လန်၏ ပတ်သက်မှုကိုသာမက ကျိုးရွှမ်လန်မည်သူနှင့် ရေစက်ပါကြောင်းကိုပါ ကြည့်ရှုရမည်ဖြစ်သည်။ သို့မှသာ အရာအားလုံးကို ယုံကြည်နေသည့် သူ၏ ငတုံးအစ်ကိုတော်ကို လှည့်စားခံနေရကြောင်း ရှင်းပြနိုင်ပေမည်။


ကျိုးရွှမ်လန် နန်းတွင်းစည်းကမ်းများကို အကြိမ်သုံးရာခန့် ကူးရေးပြီး၍ အပြင်ပြန်ထွက်လာခဲ့သည်။ မမျှော်လင့်ထားဘဲ ထိုအချိန်တွင် အပြင်ဘက်၌စောင့်နေသည့် ရှုရှင်းချန်ကို တွေ့လိုက်ရသည်။


သူ့လက်ကောက်ဝတ်များကိုပွတ်လျက် မေးလိုက်သည်။

" ရှစ်စွမ်း ဘယ်မှာလဲ..."


ရှုရှင်းချန် : " ရှန်းပုပုကို သွားကြည့်တယ်..."


ကျိုးရွှမ်လန်၏ အမူအရာက ပျော့ပျောင်းသွားပြီး ရှန်းပုပုထံသို့ သူပါသွားကြည့်ရန် ပြင်လိုက်သော်လည်း ရှုရှင်းချန်က သူ့ကိုဟန့်တားပြီး အခိုင်အမာပြောလိုက်သည်။


" မသွားနဲ့ဦး... ငါနဲ့အတူ သုံးဘဝကျောက်တုံးရှိတဲ့နေရာ လိုက်ခဲ့..."


ချင်းလင်ဂိုဏ်းတွင်လည်း သုံးဘဝကျောက်တုံး(ဆန်းရှန့်ကျောက်တုံး) ရှိပေသည်။ ထိုကျောက်တုံး ဂိုဏ်းထဲတွင်ရှ်ိကြောင်းသိသော်လည်း မည်သည့်တပည့်တစ်ယောက်မှ ကျောက်တုံးကိုထိခွင့်မရှိကြောင်းပါ ကျိုးရွှမ်လန်သိသည်။ ထိုကျောက်တုံးတွင် ကောင်းကင်ဘုံ၏စွမ်းအားပါဝင်၍ ဂိုဏ်းမှတပည့်အချို့က ထိုစွမ်းအား၏ သက်ရောက်ခံရမည်စိုးသောကြောင့် မထိခိုင်းခြင်းဖြစ်သည်။


ကျိုးရွှမ်လန်က သုံးဘဝကျောက်တုံးကို စိတ်ဝင်စားခြင်းမရှိပေ။ 


သူ့အမြင်တွင်မူ ထိုကဲ့သို့သောအရာမျိုးက ကောင်းကင်ဘုံကို ချောင်းကြည့်နိုင်သည့် ဂမ္ဘီရအစီအရင်တစ်ခုထက် မပိုပေ။ ၎င်းက အနာဂတ်ရှိကိစ္စအချို့ကို ခန့်မှန်းပေးနိုင်သော်လည်း အမှန်တွင်မူ ရလဒ်က မည်သို့ဖြစ်စေ အရေးမပါပေ။ 


အတိတ်ကို ပြန်ပြင်၍ မရတော့သော်လည်း အနာဂတ်ကမူ ပြောင်းလဲနိုင်သေးသည်။ 


သို့ရာတွင် ရှုရှင်းချန်၏ လေးနက်တည်ကြည်သော မျက်နှာထားအပြင် သူနှင့်အတူ မသွားရမချင်း လက်မလျှော့မည့်ပုံစံကြောင့် ကျိုးရွှမ်လန်က သူနှင့်အတူ လိုက်သွားသည်။


သုံးဘဝကျောက်တုံးက ကြည်လင်သောရေပြင်ထဲတွင် ဆိတ်ငြိမ်စွာ တည်ရှိနေပေသည်။


ကျိုးရွှမ်လန် လက်ဆန့်ထုတ်ပြီး ထိကြည့်တော့မည့်အချိန်၌ ရှုရှင်းချန်က သူ့ကို ဟန့်တားလိုက်သည်။


" နေဦး..."


သူ့မျက်နှာထက်တွင် အန္တရာယ်များသည့် အမူအရာမျိုးရှိနေပြီး လက်ပိုက်ထားလျက် ပြောလာသည်။


" ငါ ကြိုပြောထားမယ်နော်... ရှန်းလျိုရှန့်ရဲ့စကားကြောင့်သာမဟုတ်ရင် မင်းကို ဒါနဲ့စမ်းကြည့်ခိုင်းမှာ မဟုတ်ဘူး..."


ရှုရှင်းချန်က ခက်ထန်စွာပြောလိုက်သည်။

" အချိန်ကျလာရင် တခြားလူဖြစ်နေရင် စိတ်ထဲခံစားရခက်မနေနဲ့..."


ကျိုးရွှမ်လန်၏ နက်စွေးစွေးမျက်လုံးများက တောက်ပလာပြီး နှုတ်ခမ်းပါးများဖွင့်ဟ၍ ပြောလိုက်သည်။

" ငါ့မှာ နှလုံးသားတစ်ခုပဲရှိတာ... တခြားလူကိုပါ ဂရုစိုက်နိုင်တဲ့အထိ နှလုံးသားအများကြီး ရှိမနေဘူး..."


ရှုရှင်းချန်က သူ့အဖြေကို စိတ်ကျေနပ်ရုံမျှသာဖြစ်ပြီး ဘေးနားသို့လှည့်သွားပြီး သုံးဘဝကျောက်တုံးကိုကြည့်ကာ ပြောလိုက်သည်။


" မင်းလက်ကို ကျောက်တုံးပေါ်တင်လိုက်..."


ရှုရှင်းချန်က ထိုသို့ပြောလိုက်သော်လည်း ကျောက်တုံးပေါ် ပေါ်လာမည့်နာမည်က ရှန်းလျိုရှန့်ဖြစ်မည်ဟုသာ ခံစားနေရသည်။ အဘယ့်ကြောင့်ဆိုသော် သူ့အမြင်တွင် ကျိုးရွှမ်လန်ကဲ့သို့လူမျိုးက ဘဝခရီးလမ်းတစ်ဝက်တွင် သေလမ်းကိုသွားတတ်သော လူမျိုးဖြစ်နေ၏။ သူတို့က အလွန်ခေါင်းမာတတ်ပြီး သူတို့အလိုရှိသည့်အရာတစ်ခုခု မရမီအထိ လက်လျှော့လိုစိတ်လည်း မရှိတတ်ကြပေ။ တစ်စုံတစ်ခုကို ရရှိပိုင်ဆိုင်ပြီးချိန်တွင်လည်း မဆုံးရှုံးချင်ကြပေ။ 


ထိုကဲ့သို့သောလူမျိုးက အလွန်အန္တရာယ်များသည်ဟု ခံစားရသောကြောင့် တားမြစ်ရန် ကြိုးစားသော်လည်း ရှန်းလျိုရှန့်က သူ့ကိုမှ ချစ်မိသွားခဲ့သည်။


ယခုအချိန်မှ တားမြစ်၍လည်း မဖြစ်နိုင်တော့၍ ရှုရှင်းချန်က အနာဂတ်ကိုသာတွေး၍ အကောင်းမြင်စိတ် ထားရတော့မည်ဖြစ်သည်။

နဝမနတ်ဆိုးဘုရင်ကို ချစ်မိတာ ဘာမှမမှားပါဘူး.. အနည်းဆုံးတော့ ‌ဒီကိစ္စကြောင့် အစ်ကိုတော်အပေါ် ငါ့အချစ်တွေပြောင်းလဲသွားမှာမှ မဟုတ်တာ...


ကျင့်ကြံသူတစ်ယောက်ရဲ့ ဘဝသက်တမ်းက တော်တော်လေးကြာတာဆိုတော့ သူတို့နှစ်ယောက်က သေချာပေါက်ကို ပတ်သက်ဆက်နွယ်နေကြဦးမှာပဲ... အဲ့တိုင်းသာဆို ရှန်းလျိုရှန့်က ကျိုးရွှမ်လန်ရဲ့ အချစ်စစ်ဘဲ တခြားဘယ်သူရှိဦးမယ်တဲ့လဲ...


ရှုရှင်းချန်က ထိုသို့တွေးနေလျက် သူ့ရင်ထဲတွင် ယုံကြည်ချက်အပြည့်ဖြစ်နေသည်။ ကျိုးရွှမ်လန်၏လက်ကို ကျောက်တုံးပေါ်တင်လိုက်ချိန်၌ အလင်းတန်းများ လင်းလက်လာပြီး ကျောက်တုံးပေါ်တွင် စာလုံးအချို့ ပေါ်လာသည်။

 

ရှုရှင်းချန် ခဏတာ ငြိမ်သက်သွားပြီးနောက် ခဏအကြာတွင် ရွှမ်ဟွမ်ဓားကို ဆင့်ခေါ်လိုက်သည်။


ဓားကို ဓားအိမ်ထဲမှ ထုတ်လိုက်သည်နှင့် ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များက တင်းကြပ်သွားကာ ရှုရှင်းချန်၏ ဒေါသတကြီး အော်သံကြီးက နေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။


" ဟေ့ကောင် စုပိုင်ချယ့်ဆိုတာ ဘယ်သူလဲ..."


.....



စာကြည့်ဆောင်အပြင်ဘက်မှထွက်လာသော ရှန်းလျိုရှန့်က ရင်းနှီးနေသောအသံကို ကြားလိုက်ရသည်။


သူ ရှန်းပုပုကို သွားတွေ့ခဲ့ခြင်းဖြစ်သည်။ သူ့ပင်စည်များက ပြန်လည်စိုပြည်လာပြီး လက်ဖျားအရွယ်ခန့်ရှိသော အစိမ်းရောင်အရွက်လေးတစ်ရွက် ထိပ်ဖျားတွင် ပေါက်လာ၍ အသက်ဝင်လာပုံရပေသည်။ တိယွင်ယွီက သူ့ကိုကောင်းကောင်းစောင့်ရှောက်ပေးထားပေသည်။


ကျိုးရွှမ်လန်လည်း သူ့ကိုကြည့်ရန် ခေါ်သွားလိုသော်လည်း စာကြည့်ဆောင်၏ အမှောင်ခန်းတွင် မည်သူ့ကိုမှ ရှာမတွေ့ခဲ့ပေ။ ထိုအချိန်၌ စာကြည့်ဆောင်တွင် တာဝန်ကျသော အရာရှိတစ်ယောက်က ကျိုးရွှမ်လန်ကို ရှုရှင်းချန်လာခေါ်သွားကြောင်းပြောသည်ကို ကြားလိုက်ရသည်။ ရှန်းလျိုရှန့် စိတ်ရှုပ်ထွေးသွား၍ အသံကြားသည့်နေရာသို့ အမြန်ပြေးသွားသည်။


သုံးဘဝကျောက်တုံးရှေ့တွင် ရပ်နေသူကို မြင်လိုက်ရသည့်အခါ ရှန်းလျိုရှန့်၏ အမူအရာများက ပို၍လေးနက်သွားသည်။


ရှုရှင်းချန်က ငါ့ကိုရောင်းစားသွားတာများလား...


သို့ရာတွင် သူ့မျက်စိရှေ့တည့်တည့်မှမြင်ကွင်းက အနည်းငယ်ထူးဆန်းနေသည်။ ရှုရှင်းချန်က အေးစပ်စက်အမူအရာဖြင့် ဓားကိုကိုင်ထားပြီး အလွန်ဒေါသထွက်နေပုံရပေသည်။ သူ သုံးဘဝကျောက်တုံးကို တစ်ချက်ကြည့်ပြီးနောက် ကျိုးရွှမ်လန်ကိုကြည့်နေသည်မှာ ဒေါသထွက်နေသည့် ခြင်္သေ့ပေါက်လေးက သားကောင်ကို ဆုတ်ဖြဲပစ်ချင်နေသည့်ပုံစံ ဖြစ်နေသည်။


ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်ပြီး သူ့လက်သူကြည့်ကာ အတွေးထဲနစ်မျောနေသည်။


ရှန်းလျိုရှန့် ရောက်လာသည်ကို သတိထားမိသောအခါ ကျိုးရွှမ်လန်၏ အမူအရာပြောင်းလဲသွားသည်။ သူ့ဘေးတွင် ဒေါသတကြီးဖြင့်ရပ်နေသော ရှုရှင်းချန်က နောက်ဆုံးတွင် ပြောစရာလူ ရှာတွေ့သွားသည်။ သို့ရာတွင် သူ့ပါးစပ်မှ စကားတစ်လုံးမှ မထွက်မီတွင် ကျိုးရွှမ်လန်က သူ့ပါးစပ်ကိုလက်တစ်ဖက်ဖြင့် အုပ်ထားလိုက်သည်။


ရှုရှင်းချန် မျက်လုံးအပြူးသားဖြစ်သွားပြီး ဓားကိုင်ထားသောလက်ကိုမြှောက်၍ ကျိုးရွှမ်လန်၏ခန္ဓာကိုယ်ကို ဓားနောက်ပိုင်းဖြင့် ရိုက်ချလိုက်သည်။ အခြားလက်တစ်ဖက်က သူ့ပါးစပ်ကိုအုပ်ထားသည့်လက်ကို အတင်းဖယ်နေပြီး သူ့မျက်နှာက ဒေါသကြောင့် နီရဲနေသည်။


ကျိုးရွှမ်လန်က သူ့ပါးစပ်ကို တင်းတင်းပိတ်ထားပြီး သူ၏ ချောမောခံ့ညားသောမျက်နှာထက်တွင် ပျာယာခတ်နေသည့် အရိပ်အယောင်အချို့ ပေါ်လာသည်။

 

သူက သုံးဘဝကျောက်တုံးကို အရေးမစိုက်သူဖြစ်သော်လည်း သူ့ရှစ်စွမ်းက ထိုကိစ္စကိုသိသွား၍ ဝမ်းနည်းသွားပြီး စိတ်ထဲတွင် အစိုင်အခဲဖြစ်သွားမည်ကို မလိုလားပေ။ 


သို့ဖြစ်၍ သူတို့နှစ်ယောက်လုံး သုံးဘဝကျောက်တုံးရှေ့တွင်ရပ်လျက် တိုက်ခိုက်နေကြသည်။


ရှန်းလျိုရှန့် အံ့အားသင့်သွားရသည်။


ရှုရှင်းချန် ထိုသို့ဖြစ်နေခြင်းက ပြဿနာမဟုတ်သော်လည်း ကျိုးရွှမ်လန်က ငယ်စဉ်ကလေးဘဝတည်းက တည်ငြိမ်စွာနေထိုင်တတ်ခဲ့သူဖြစ်သည်။ သူ့တပည့်က ထိုသို့ ပျာယာခတ်နေခြင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။


ထူးဆန်းလိုက်တာ တော်တော်ထူးဆန်းတယ်...


ရှန်းလျိုရှန့် ပြုံးလိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ခဏရပ်ကြည့်နေပြီး ကျယ်လောင်စွာပြောလိုက်သည်။


" ရန်ဖြစ်မနေကြပါနဲ့တော့... ကျောက်တုံးမှာပေါ်လာတာ ငါ့နာမည်မဟုတ်ဘူးမလား..."


ကျိုးရွှမ်လန် အံ့အားသင့်ပြီးနောက် ထိုနေရာတွင် အေးခဲတောင့်တင်းသွားသည်။


ရှုရှင်းချန်က အုပ်ထားသောလက်ကို အတင်းဖယ်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

" ဘယ်လိုလုပ်သိတာလဲ..."


သူ ကျိုးရွှမ်လန်ကို လက်ညှိုးထိုးပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။


" သူ့လက်ကို အဲ့ကျောက်တုံးပေါ်တင်လိုက်တော့ ပေါ်လာတာ ခင်ဗျားနာမည်မဟုတ်ဘဲ စုပိုင်ချယ့်ဆိုတဲ့နာမည် ဖြစ်နေတယ်..."


ရှန်းလျိုရှန့်က ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ခြင်းကြောင့် ရှုရှင်းချန် ပို၍ဒေါသထွက်လာပြီး ရှေ့တိုးလာကာ သူ့ပခုံးများကို လှုပ်ယမ်းပြီး အသိစိတ်ဝင်လာအောင် ပြောလိုက်သည်။


" စုပိုင်ချယ့်ဆိုတာ ဘယ်သူလဲ... ခင်ဗျား သူ့ကိုသိလား... သူနဲ့ ကျိုးရွှမ်လန်က ပတ်သက်နေတယ်ဆိုတာ ခင်ဗျားသိလား ... သူ ခင်ဗျားဆီကနေ တစ်ခုခု ဖုံးကွယ်ထားတာလား..."


ရှန်းလျိုရှန့်က အတင်းအကြပ်လှုပ်ခါခံရ၍ မူးဝေလာသောကြောင့် သူ့ကိုဖျောင်းဖျလိုက်သည်။


" အင်းပါ နောက်ကျမှဖြစ်လာမယ့်ကိစ္စကို အခုစိတ်ပူမနေနဲ့..."


ရှုရှင်းချန်သာ သူ့လက်ကို သုံးဘဝကျောက်တုံးပေါ်တင်လိုက်ရင်လည်း ပေါ်လာမယ့်နာမည်က စုပိုင်ချယ့်ပဲဆိုတာ သူ့ကို ဘယ်လိုပြောပြရမလဲ...


ရှုရှင်းချန်က သူ ဆိုလိုသည်ကို နားမလည်၍ လက်ပြန်ချထားလိုက်ပြီး ကျိုးရွှမ်လန်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။


သူနှင့်ယှဉ်ပါက ရှန်းလျိုရှန့်ကပို၍ တည်ငြိမ်နေသည်။


ရှန်းလျိုရှန့်က ထိုသို့သောရလဒ်မျိုးကို မျှော်လင့်ထားပြီးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မူရင်းဝတ္ထုတွင်လည်း ဇာတ်လမ်းအသွားအလာက ထိုသို့ဖြစ်နေခဲ့၍ သုံးဘဝကျောက်တုံးက ထိုသို့သောအဖြေ ထွက်လာသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။


ကျိုးရွှမ်လန်က သူ့ကိုကြည့်နေပြီး ရှင်းပြရန် ပါးစပ်ဟလိုက်သော်လည်း ရှန်းလျိုရှန့်က လက်တစ်ဖက်မြှောက်ပြီး သူ့ကိုဟန့်တားလိုက်၍ သူ့မျက်နှာက ဖြူဖျော့လာသည်။


ရှစ်စွမ်းက ငါရှင်းပြတာကိုတောင် နားထောင်ချင်စိတ် မရှိတော့ဘူးလား...


" ရှစ်စွမ်း ကျွန်တော်..."


" ရပါတယ်..."


ရှန်းလျိုရှန့်က သူ့ကိုဖြတ်ပြောလိုက်ပြီး သူ့နားတဖြည်းဖြည်းလျှောက်လာသည်။


" မင်း သုံးဘဝကျောက်တုံးပေါ်ကအကြောင်းကို ဂရုမစိုက်ဘူးဆိုတာ ငါငဘောပေါက်ပါတယ်..."


ကျိုးရွှမ်လန်က မျက်မှောင်ကြုတ်နေဆဲဖြစ်ပြီး သူ အမှန်ကို ပြောနေခြင်း ဟုတ်မဟုတ် အကဲခတ်နေပြီး တစ်ချိန်မှာပင် ပြောလိုက်သည်။


" ရှစ်စွမ်းနဲ့ကျွန်တော်က အတွေးချင်းတူတာပဲ... သုံးဘဝကျောက်တုံးပေါ်မှာ ဘယ်သူ့နာမည်ပေါ်လာတာဖြစ်ဖြစ် ဂရုစိုက်စရာ မလိုပါဘူး..."


ထိုစကားများကိုကြားလိုက်ရသည်နှင့် ရှုရှင်းချန်က သူ့ကိုသရော်လိုက်သည်။ 


" ဟုတ်ရဲ့လား..."


ရှန်းလျိုရှန့်၏စိတ်ထဲတွင် မကောင်းသည့်ကိစ္စတစ်ခုခုဖြစ်တော့မည်ကိုသိ၍ ပါးစပ်ကိုလှမ်းပိတ်ရန် ပြင်လိုက်သော်လည်း အတွေ့အကြုံရှိသွားပြီဖြစ်သော ရှုရှင်းချန်က အမြန်ရှောင်လိုက်သည်။


ထို့နောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

" ဘယ်လိုတောင် တိုက်ဆိုင်တာလဲ... အစ်ကိုတော် သုံးဘဝကျောက်တုံးပေါ် လက်တင်ကြည့်တုန်းက ပေါ်လာတဲ့ ဖူးစာဖက်ကလည်း ယဲ့ပင်းရန်ဆိုတဲ့နာမည် ဖြစ်နေတယ်..."


" မင်းလည်း ဒါကို ဂရုမစိုက်ဘူးမလား..."


ရှုရှင်းချန်၏စကားဆုံးသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။


နောက်ဆုံးတွင် ရှန်းလျိုရှန့်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး ခြောက်ကပ်ကပ်ရယ်၍ ကျိုးရွှမ်လန်ကို လှမ်းကြည့်လိုက်သည်။


" ငါ သေချာပေါက် ဂရုမစိုက်ပါဘူး... ငါမင်းကိုပြောပါတယ် သုံးဘဝကျောက်တုံးက..."


ရှန်းလျိုရှန့်က စကားတစ်ဝက်တစ်ပျက်တွင်ရပ်သွားပြီး ဆက်မပြောရဲတော့ပေ။


ကျိုးရွှမ်လန်၏မျက်နှ

ာက အုံ့မှိုင်းနေပြီး မျက်ခုံးများတွင် အေးစက်မှုကို အထင်းသားမြင်လိုက်ရသည်။


သူ အချိန်အတန်ကြာအောင် ငြိမ်သက်နေပြီးမှ တည်ကြည်သောလေသံဖြင့် တွန့်ဆုတ်စွာပြောလိုက်သည်။


" ရှစ်စွမ်း စိတ်မပူပါနဲ့... ဒီတပည့် လုံးဝ ဂရုမစိုက်ပါဘူး..."


ရှန်းလျိုရှန့်: "..."

သူ တကယ်ကြီးကို ယုံသွားပြီ...