အပိုင်း ၁၁၃
Viewers 30k

Chapter 113




ရှန်းလျိုရှန့်က ယဲ့ပင်းရန်ကို ဆယ်နှစ်ခန့်မျှ တွယ်ကပ်ခဲ့ကြောင်း ကျင့်ကြံရေးလောကရှိ လူတိုင်း သိကြသည်။ ရှန်းလျိုရှန့်၏ တပည့်တစ်ဦးအနေနှင့် ကျိုးရွှမ်လန်က ပို၍သိရှိထားသည်။


ထိုအချိန်တွင် သူတို့နှစ်ဦးကြား၌ ဆရာတပည့်ဆက်ဆံရေးသာရှိခဲ့ပြီး တွေ့ဆုံ၍ အတူကုန်ဆုံးခဲ့သည့်အချိန်မှာလည်း လက်တစ်ဆုပ်စာခန့် မျှသာရှိခဲ့သည်။ ကျိုးရွှမ်လန်က ဤကိစ္စနှင့်ပတ်သက်၍ မည်သို့သောအတွေးမျှ မရှိခဲ့သော်ငြား ယခုတွင် စဉ်းစားမိလာ၍ အလိုမကျဖြစ်လာသည်။ သုံးဘဝကျောက်တုံးက မီးထဲသို့ လောင်စာထပ်ထည့်လိုက်သည့်နှယ်ပင် သူ့ကိုလူသတ်ချင်စိတ်များ ပြည့်လျှံသွားစေသည်။


ငါ့ရဲ့ သည်းခံနိုင်တဲ့အကန့်အသတ်ကို စမ်းသပ်နေတာမဟုတ်ဘဲ လာထိပါးနေတာပဲ...


ကျိုးရွှမ်လန်က အချိန်ကြာမြင့်စွာ စိတ်ထိန်းပြီးနောက် ရှန်းလျိုရှန့်၏ ဂရုမစိုက်သော အမူအရာကို တွေ့လိုက်ရသည်။ ထို့ကြောင့် ကျိုးရွှမ်လန်တစ်ယောက် သူဂရုမစိုက်ကြောင်းကို ခြောက်ကပ်စွာပြောလာကာ အဆုံးတွင် သူထပ်လောင်းပြောခဲ့သည်။


 "ရှစ်စွမ်းက သူ့ကိုစာတွေအများကြီး ရေးခဲ့တာပဲ..."


ရှန်းလျိုရှန့်က ပြန်လည်မတုန့်ပြန်မီ တစ်ဒင်္ဂမျှ ရပ်တန့်သွားသည်။

"အနာဂတ်မှာ မင်းဆီကိုလည်း စာရေးပါ့မယ်..."


၎င်းစာများက မူလရှန်းလျိုရှန့်ရေးခဲ့သဖြင့် အထဲတွင် မည်သည့် အကြောင်းအရာများပါသည်ကို သူမသိချေ။ ကျိုးရွှမ်လန်သာလျှင် ၎င်းစာများကို မြင်ခဲ့ခြင်းဖြစ်သည်။ စာထဲတွင် 'နှလုံးသွေး' 'လရောင်ဖြူလေး'စသဖြင့် ပျင်းရိဖွယ် အချစ်စကားလုံးများနှင့် ပြည့်နှက်နေပေလိမ့်မည်။


ကျိုးရွှမ်လန်က ပြောလာသည်။

"ကျွန်တော် စာအိတ်မလိုချင်ဘူး..."


ရှန်းလျိုရှန့် မျက်ခုံးများ ပင့်ကာပြောလာသည်။

"မင်းက ဘာလိုချင်တာလဲ..."


လက်ဆောင်လား...ခန္ဓာကိုယ်လား...ငါ့ရဲ့လက်ရှိ ပိုင်ဆိုင်မှုက ဝိညာဉ်ကျောက်တုံးကလွဲလို့ ဘာမှ ရှိမနေဘူး...


ကျိုးရွှမ်လန်၏ နက်မှောင်သော မျက်လုံးများက သူ့ကို တည့်တည့်ကြည့်သည်။ နှုတ်ခမ်းပါးများ အနည်းငယ်မြင့်တက်လာကာ တိုးညှင်းသောအသံဖြင့်ပြောလာသည်။


"ကျွန်တော် တစ်စုံတစ်ယောက်ကို လိုချင်တယ်..."


ရှန်းလျိုရှန့်၏ မျက်တောင်နက်နက်များက တုန်ယင်လာသည်။ ထိုအချိန်တွင် တစ်ဖက်မှ သည်းမခံနိုင်စွာ နှာမှုတ်သံ ထွက်ပေါ်လာသည်။


"ငါ ခမည်းတော်ကို သွားပြောလိုက်မယ်..."


ရှုရှင်းချန်ကမပျှော်မရွှင်ဖြင့် အော်ပြောလာသည်။

"မင်းတို့က အရမ်းစိတ်ရှုပ်ဖို့ ကောင်းတာပဲ..."


ရှုရှင်းချန်က အကြောင်းအရင်းကို မသိသော်ငြား ထိုနှစ်ယောက် သူ၏ ရှေ့တွင် ရွဲ့သောစကားများပြောနေခြင်းမှာ စိတ်ရှုပ်စေသည်။ တစ်ယောက်ကို အရှေ့ဘက်သို့၊ နောက်တစ်ယောက်ကို တောင်ဘက်သို့ သူတွန်းထုတ်ချင်လာသည်။ သို့မှသာ ထိုနှစ်ယောက် အတူတကွမရှိနိုင်သဖြင့် ဆူဆူညံညံ ဖြစ်နိုင်တော့မည်မဟုတ်ပေ။ သူတို့စကားပြောလိုက်ချိန်တွင် ဘေးရှိသက်ရှိကြီးကို မေ့သွားခဲ့ကြသည်။


"သုံးဘဝကျောက်တုံးက အရမ်းတိကျတယ်...ယုံတာ မယုံတာ မင်းတို့အပေါ်ပဲ မူတည်တယ်..."


ရှုရှင်းချန်က လက်မြှောက်၍ ကျောက်တုံးကို ပုတ်လိုက်သည်။ သူက အလွန်စိတ်လှုပ်ရှားနေသဖြင့် ကျောက်တုံးပေါ်သို့ ဝိညာဉ်စွမ်းအား အများအပြားကျရောက်သွားသည်။


အလင်းတစ်ချက်လက်ပြီးနောက် ကျောက်တုံးမျက်နှာပြင်တွင် စာကြောင်းများပေါ်လာသည်။


ရှုရှင်းချန်၏ မှတ်ဉာဏ်က ပူပူနွေးနွေးရှိနေသေးသည်။ ကျောက်တုံးပေါ်ရှိ စကားလုံးများကို မြင်သောအခါ သူ ခဏမျှ ကြက်သေသေသွားခဲ့သည်။ နောက်တစ်ကြိမ် ထပ်မံကြည့်ပြီးနောက် လက်ကို ဖြေးညှင်းစွာ ပြန်ရုတ်၍ သံသယသံဖြင့်ပြောလာသည်။ 


"ဟမ်...ဆန်းရှန့်ကျောက်တုံးက ပျက်နေတာလား..."


ဘာလို့ အခုထိ စုပိုင်ချယ့်လို့ပဲပြနေတာလဲ...အဲဒါကျိုးရွှမ်လန်ရဲ့ ဟာ မဟုတ်ဘူးလား...သူ့ဟာကရော ဘယ်မှာလဲ...


ရှန်းလျိုရှန့်က အနားကပ်လာ၍ သက်ပြင်းချလိုက်သည်။ စုပိုင်ချယ့် ဟူသော စာတန်းကို ကြည့်၍ ရယ်မောကာ ပြောလာသည်။


"ဒါက မင်းရဲ့ အချစ်ပဲလေ...ရေထဲက လမင်းကို မျှားမနေနဲ့တော့...မင်းလိုချင်တဲ့ဟာကို မရနိုင်ဘူးလေ... ဟားဟား..."


ရှုရှင်းချန်က မျက်လုံးများပွတ်သပ်လျက် သူ၏နာမည်နောက်မှ စာတန်းကို အနီးကပ်ကြည့်သော်ငြား ကျိုးရွှမ်လန်နှင့် တစ်စုံတစ်ခုမှ ခြားနားခြင်းမရှိပေ။ 


အချိန်အနည်းငယ်မျှ ရပ်တန့်နေပြီးနောက် ရှုရှင်းချန်က ပေါက်ကွဲလာကာ ကျောက်တုံးကို ရက်ရက်စက်စက် ကန်လိုက်သည်။


"စုပိုင်ချယ့်က ဘယ်သူလဲ...ငါက ဘာလို့ ရေထဲက ငါးကို မျှားချင်ရမှာလဲ...ပြီးတော့ ငါက ဘာလို့ လိုချင်တာကို မရနိုင်ရမှာလဲ...ကျောက်တုံးစုတ်...ငါ့ကိုပြောစမ်း..."


ရှန်းလျိုရှန့်၏ သိသိသာသာလှောင်ပြောင်သံကို ကြားသောအခါ ရှုရှင်းချန်၏ ပါးများက ဒေါသကြောင့် အနီရောင်ပြောင်းလာသည်။ ထို့နောက် နားလည်ရခက်စွာပင် နာမည်တစ်ခု ပေါ်လာသည်။


ဘာလို့သူက မြင်မြင်ချင်း တစ်ဖက်သတ် ချစ်နေရမှာလဲ... ကျိုးရွှမ်လန်နဲ့ အဲ့လူက နတ်ဘုရားနဲ့ အင်မော်တယ် စုံတွဲလို ကောင်းကင်ဘုံက တွဲဖက်ပေးထားတာပဲ...


ဒီလိုဆိုရင် တစ်ခြားဖက်က ကျိုးရွှမ်လန်ကို ရွေးချယ်သွားလို့ပေါ့...အမြင်မရှိတဲ့လူနဲ့ ကျောက်တုံး...ငါက ဘာဖြစ်နေလို့လဲ... 


ရှုရှင်းချန်က ကျောက်တုံးကို ကြည့်၍ အတွေးနက်နေသူအား ကြည့်ကာ ဒေါသတကြီးမေးလာသည်။ 

"မင်းက ဘာလို့ အလှလေးကို နောက်ကွယ်ကနေ လိုချင်နေတာလဲ...ဆန်းရှန့်ကျောက်တုံးကို လာဘ်ထိုးထားတာလား..."


ရယ်သံက ရုတ်ချည်းရပ်တန့်သွားကာ ရှန်းလျိုရှန့်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။


အတွေးနက်နေသော ကျိုးရွှမ်လန်တစ်ယောက် ရှန်းလျိုရှန့်ထံမှ အပြုံးပျောက်ကွယ်သွားသည်ကို သတိထားမိသွားသည်။ သူ၏အမူအရာမှာ အေးခဲသွားကာ အလျင်အမြန်ပြောလာသည်။


"ဒါက ကျွန်တော် လိုချင်တဲ့ဟာ သေချာပေါက် မဟုတ်ပါဘူး...သုံးဘဝကျောက်တုံးနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်...ရှစ်စွမ်း ကျွန်တော့်ကို အချိန်နည်းနည်းပေးပါ...ကျွန်တော် ဖော်ထုတ်ပေးမယ်..."


"အဆင်ပြေပါတယ်..."

ရှန်းလျိုရှန့်က အမူအရာမဲ့စွာ ပြောလာ၍ ရပ်တန့်သွားသည်။

"ငါ့အတွက် ဘဝနဲ့ပေးဆပ်ရပြီး ဘယ်တော့မှမသေနဲ့..."


သူ၏ စကားဆုံးသွားသောအခါ ကျိုးရွှမ်လန်က ခေါင်းငုံ့သွားသည်။


သစ်တောအတွင်း၌ လေအေးတစ်ချက် ဖြတ်တိုက်သွား၍ လေထုမှာ အလွန်အမင်းတောင့်တင်းသွားသည်။


တစ်ခဏမျှ သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးနောက် ဆန်းရှန့် ကျောက်တုံးပေါ်တွင် ခြေရာအနည်းငယ်ရှိလာ၏။

( ဆောင့်ကန်ပစ်လိုက်လို့ပါ )


"အတုကြီး...အတုကြီး..."


"ငါ့လမ်းကို ဝင်ရှုပ်ခွင့်ပြုမှာ မဟုတ်ဘူး..."


"သောက်ကျိုးနည်းကျောက်တုံး...မန်ဒရင်းဘဲတွေကို လာရှုပ်နေတယ်..."


.....


ဆန်းရှန့်ကျောက်တုံးထံမှ ထွက်လာပြီးနောက် ရှုရှင်းချန်က စာကြည့်ဆောင်ဆီသို့ တန်းတန်းမတ်မတ်လာခဲ့သည်။ ကျန်နှစ်ယောက်က စုပိုင်ချယ့် မည်သူမှန်းသိနေကြသဖြင့် ရွှေနှင့်ကျောက်စိမ်းကဲ့သို့ မောက်မာနေသောထိုသူကို ရှုရှင်းချန်လည်းသိချင်သည်။


ကျိုးရွှမ်လန်နဲ့ ဆက်ဆံရေးရှိနေပြီးသားကို ငါနဲ့ ပတ်သက်ချင်သေးတယ်ပေါ့...


ဟမ့်...ငါက သူ့ကို မရွေးချယ်ရသေးပါဘူး...


နန်းတော်ရဲ့ မင်းသားငယ်လေးဖြစ်တဲ့ ငါက လက်တစ်ချက်လှုပ်ရုံနဲ့ ဘယ်သူ့မဆိုရင်ခွင်ထဲ ထည့်လို့ရတယ်...ဘယ်လိုလုပ် ငါက တစ်ခြားသူရဲ့ ရွေးချယ်တာကို ခံရဖို့ထိ နိမ့်ကျမှာလဲ...


ရှန်းလျိုရှန့်က ရှုရှင်းချန်၏ စိတ်ဓာတ်ကျနေသော မျက်နှာကို မြင်သောအခါ မျက်ခုံးများပင့်လိုက်သည်။ ထို့နောက် ကျိုးရွှမ်လန်ကို တစ်စုံတစ်ခုပြော၍ ရှုရှင်းချန်နောက်သို့ လိုက်လာခဲ့သည်။


မူလဇာတ်ကြောင်း၌ ရှုရှင်းချန်က နန်းတက်၍ ဧကရာဇ်ဖြစ်လာပြီးနောက်တွင် ရှန်းလျိုရှန့်အား သတ်ရန် အမိန့်ချခဲ့ပြီးနောက် မမျှော်လင့်ထားစွာပင် စုပိုင်ချယ့်နှင့် လူမှား ဖမ်းဆီးခဲ့သည်။ ဧကရာဇ်ရှုရှင်းချန်က စုပိုင်ချယ့်ကို မြင်မြင်ချင်းပင် ချစ်မိသွားခဲ့ပြီး ပထမတွင် သူက စုပိုင်ချယ့်ကို ယဉ်ကျေးရည်မွန်စွာပင် ဆက်ဆံခဲ့သည်။ သို့သော် စုပိုင်ချယ့်က အခြားသုံးဖွဲ့၏ လေးကြိမ်တိုင်တိုင် ဖမ်းဆီးခြင်းကို ခံခဲ့ရလေသည်။ စုပိုင်ချယ့် နန်းတော်သို့ ပြန်ရောက်လာချိန်တွင် ရှုရှင်းချန်က ဧကရာဇ်၏ ဂုဏ်သိက္ခာကို မျက်ကွယ်ပြု၍ အခြားသူများ ဖျောင်းဖျသည်ကို လျစ်လျူရှုကာ စုပိုင်ချယ့်အပေါ် အနိုင်ကျင့်ရန်ကြိုးစားခဲ့သည်။


ဤလှုပ်ရှားမှုက မအောင်မြင်ခဲ့သော်ငြား သုံးလောကကို ရုတ်ရုတ်သဲသဲဖြစ်စေကာ နှစ်ပေါင်းထောင်ချီ စုဆောင်းခဲ့သည့် သန့်စင်မွန်မြတ်သော ကုန်းမြေ၏ ပုံရိပ်မှာ ချက်ချင်းပင် ပြိုလဲသွားခဲ့သည်။


ဧကရာဇ်ရှင်းချန်က လူတိုင်းကို တိုက်ခိုက်ရန် စိန်ခေါ်ခဲ့သည်။


ထို့ကြောင့် ကျိုးရွှမ်လန်က သန့်စင်မွန်မြတ်သောနယ်မြေကို ဖျက်ဆီးခဲ့ချိန်တွင် သူ၏ဂုဏ်သတင်းမှာပိုပြီး ကျော်ကြားလာ၍ လူတိုင်းက သူ့နောက်သို့ လိုက်ခဲ့ကြသည်။


ရှန်းလျိုရှန့်က အနည်းငယ် စိုးရိမ်နေခဲ့သည်။ အကယ်၍ ရှုရှင်းချန်ကသာ စုပိုင်ချယ့်ထံတွင် ထပ်မံ ကျရှုံးခဲ့လျှင် ပြဿနာကြီးနိုင်သည်။ ကျိုးရွှမ်လန်မရှိခဲ့ပင်လျှင် အခြားသော အမျိုးသားဇာတ်ပို့များစွာ ရှိနေသေးသည်။ 

ရှုရှင်းချန်ရဲ့ ဖြူစင်တဲ့ နည်းလမ်းတွေနဲ့ ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ...


စာကြည့်ဆောင်တွင် ဧကရာဇ်မှ သုံးလောကရှိ လူများအကြောင်း မှတ်တမ်းတင်ထားသော စာအုပ်ရှိလေသည်။ ရှုရှင်းချန်က စုပိုင်ချယ့်ကို ရှာဖွေရန်တွေးလိုက်သည်။ သူက ညွှန်ကြားပြီးသည်နှင့်တစ်ပြိုင်နက် နှာချေလိုက်မိသည်။


ရှုရှင်းချန်က လှည့်၍ ဘေးတွင်ရှိသော သူကို သံသယဖြစ်စွာ ကြည့်လိုက်သည်။

"ခင်ဗျားရဲ့တပည့်နဲ့ အတူမရှိပဲနဲ့ ဘာလို့ ကျွန်တော့်နောက် လိုက်လာတာလဲ..."


ရှန်းလျိုရှန့် : "သူက ကလေးမဟုတ်ဘူး ငါ့ကို တစ်ချိန်လုံး တွယ်ကပ်လို့မရဘူး..."


ကျိုးရွှမ်လန်က နန်းတော်သို့ ရုတ်တရက် ဆွဲခေါ်လာခြင်းကို ခံခဲ့ရသည်။ ချီလင်မြို့တွင် မဖြေရှင်းရသေးသည့် ကိစ္စရပ်များကျန်ရှိနေသဖြင့် ၎င်းတို့ကို သူ ကိုင်တွယ်ရဉီးမည်ဖြစ်သည်။ ရှန်းလျိုရှန့်ထံတွင်လည်း လုပ်ဆောင်ရန် အရေးကြီးကိစ္စများရှိနေသည်။ ရှန်းလျိုရှန့်က ဘေးသို့ကြည့်၍ ကောင်းကင်ဘုံသို့တက်ရောက်ခြင်းနှင့် ပတ်သက်သည့် စာအုပ်များကို ရှာပေးရန် တစ်စုံတစ်ယောက်အား ခိုင်းလိုက်သည်။ သူက ရှုရှင်းချန်ဘေးတွင် ထိုင်ကာ လက်ဖက်ရည်အနည်းငယ်ငှဲ့၍ ရှုရှင်းချန်ကို စိုက်ကြည့်နေလိုက်သည်။


တကယ်လို့ စုပိုင်ချယ့်ကို သူ မြင်မြင်ချင်း ချစ်မိသွားရင် သူကိုနှိုးပေးရမယ်...


.....


ရှန်းလျိုရှန့် ထွက်သွားပြီးနောက်တွင် ကျိုးရွှမ်လန်က ဆန်းရှန့်ကျောက်တုံးကို လက်ဖြင့်ဖိ၍ မျက်လုံးမှိတ်ကာ သူ၏ဝိညာဉ်စွမ်းအားကို နှိုးဆော်လိုက်သည်။ ကျောက်တုံးအတွင်းမှ ဝိညာဉ်စွမ်းအား အများအပြားကို ခံစားမိသောအခါ သူ မျက်မှောင်ကြုတ်လိုက်မိသည်။


ထိုအချိန်တွင် လမ်းဆုံ၌ လူတစ်ယောက် ပေါ်လာသည်။


ကျိုးရွှမ်လန်က ဘေးဘက်သို့ခေါင်းလှည့်၍ လက်ပြန်ရုတ်ကာ အရိုအသေပြုလိုက်သည်။

"ဧကရာဇ်..."


တိယွင်ယွီက လက်နောက်ပစ်ထား၍ ရေထဲရှိအနက်ရောင်ကျောက်တုံးကို ကြည့်လာသည်။ သူက ဝေဖန်ခြင်းမရှိပဲပြောလာခဲ့သည်။ 


"နတ်ဆိုးနယ်မြေမှာ မင်းအပြင် တစ်ခြားနတ်ဆိုးဘုရင်ရှစ်ပါးရှိတယ်...ဘာလို့ ဝမ်ရမ်ချင်ကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာလဲ..."


ကျိုးရွှမ်လန်၏အမူအရာက အနည်းငယ်ပြောင်းသွား၍ ခဏအကြာမှ ပြောလာသည်။

"သူမှာရှိတဲ့ အားနည်းချက်က အကြီးဆုံးပဲ..."

 

သူက ဝမ်ရမ်ချင်ကို ယခင်တည်းက စောင့်ကြည့်နေကာ လျှိုဝှက်စုံစမ်းရန် လူလွှတ်ထားခဲ့သည်။ စာလိပ်ကြောင့် နန်းတော်မှ ကြားဝင်ခြင်းကိုမူ မမျှော်လင့်ထားခဲ့သော်ငြား ၎င်းက ဝမ်ရမ်ချင်၏ ပျက်ဆီးခြင်းကိုသာ အရှိန်မြင့်စေခဲ့သည်။


တိယွင်ယွီက မျက်မှောင်ကြုတ်လိုက်သည်။

"တကယ်လို့ ကိုယ်တော်သာ နတ်ဆိုးသွေးနှောတွေကို မကိုင်တွယ်ခဲ့ရင် မင်းဘာလုပ်မှာလဲ..."


ကျိုးရွှမ်လန် : "အရှုံးပေးပြီး ပြန်လှည့်မှာပါ..."


တိယွင်ယွီ : "တကယ်လို့အရှုံးပေးလို့ မရခဲ့ရင်ရော ဘာဖြစ်မှာလဲ..."


ကျိုးရွှမ်လန်က ပြုံးပြလာသည်။ 

"ရှစ်စွမ်းရှိနေတဲ့အတွက် ကိစ္စတွေခက်ခဲပေမဲ့လည်း ရလဒ်ကတော့ ဧကရာဇ်နဲ့ သိပ်ပြီးကွာခြားမှာ မဟုတ်ပါဘူး..."

 

တိယွင်ယွီက ခဏမျှရပ်တန့်သွားသည်။ ရှန်းလျိုရှန့်ဟူသော စကားလုံးကို ကြားသောအခါ သူ၏မျက်နှာက အနည်းငယ် နူးညံ့လာ၍ နှုတ်ခမ်းထောင့်များ မြင့်တက်လာသည်။

"သူက အခုထိလိုအပ်နေသေးတယ်..."


ကျိုးရွှမ်လန်က မယုတ်မလွန်သာပြုမူနေ၏။ တိယွင်ယွီက သူ့ကို တစ်ချက်မျှကြည့်ကာ ညင်သာစွာပြောလာသည်။

"နတ်ဆိုးဘုရင်တွေက တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်နေကြတာ...နတ်ဆိုးနယ်မြေက အေးချမ်းပြီးတည်ငြိမ်နေပေမဲ့...မင်းက ဝမ်ရမ်ချင်နဲ့စပြီးတော့ နယ်မြေကိုသိမ်းလိုက်ပြီ...မင်းက ရည်မှန်းချက်ကြီး ပြီးတော့ နတ်ဆိုးနယ်မြေကိုလည်း ပေါင်းစည်းချင်နေတယ်..."


လေအနည်းငယ် ပြင်းလာ၍ သစ်ကိုင်းနှင့် သစ်ရွက်များ တရွှန်းရွှန်းမြည်သံနှင် လေတိုးသံများက တောအုပ်ပတ်လည်မှ ကြားနေရသည်။


ကျိုးရွှမ်လန် : "အဲဒါက ရည်မှန်းချက် မဟုတ်ပါဘူး...ကျွန်တော်က ပြဿနာတွေကို မစချင်ပါဘူး... ကျွန်တော်လုပ်မှရမှာမို့လို့ပါ..."


တိယွင်ယွီ : "ဘာလို့လဲ..."


ကျိုးရွှမ်လန်က သူ၏အနက်ရောင်မျက်လုံးများကို ဖွင့်လိုက်၍ နှုတ်ခမ်းထောင့်များ တွန်ကွေးလာကာ တစ်ဝက်ပြုံးဖြင့် ပြောလာခဲ့သည်။

"ဧကရာဇ်က သုံးလောက အပြင်ဘက်မှာ ရပ်တည်နေပြီးတော့ လောကရေးရာကို ဘယ်တော့မှ မပါဝင်ခဲ့ဘူး...ကျင့်ကြံရေးလောကနဲ့ နတ်ဆိုးလောကရဲ့ လက်ရှိအခြေအနေက မမှားဘူးလို့ ဧကရာဇ် ထင်နေလိမ့်မယ်...ကျွန်တော်လည်း နတ်ဆိုးလောကသားဆိုပေမဲ့...ကျွန်တော် မကြိုက်ဘူး..."


သူ ငယ်ရွယ်စဉ်က ချင်းလင်ဂိုဏ်း၏ ရိုးသားသော တပည့်တစ်ဦးသာဖြစ်ခဲ့သည်။ ကျင့်ကြံရေးလောကသာမက ဂိုဏ်းနှင့်ပတ်သက်သော အသိမရှိခဲ့ဟုဆိုလျှင် လိမ်ညာခြင်းသာဖြစ်လိမ့်မည်။ သို့သော် သူက နတ်ဆိုးမျိုးနွယ်ဟူသည့် အချက်အလက် ပေါ်သွားပြီးနောက်တွင် အရာအားလုံးပြောင်းလဲသွားခဲ့သည်။ 


သူက သဘာဝလောကကို အန္တရာယ်မပြုခဲ့သော်ငြား သူ၏နတ်ဆိုးဟူသော တည်ရှိမှုကြောင့် အသတ်ခံရကာ ကျင့်ကြံရေးလောကမှ ထွက်သွားရန် တွန်းအားပေးခံခဲ့ရသည်။ နတ်ဆိုးနယ်မြေသို့ရောက်သည့်အချိန်တွင်လည်း ကျင့်ကြံသူများက လူအုပ်ကြီး၏ တိုက်ခိုက်ခြင်းကို ခံရကာ အလောင်းပင် ရှာမတွေ့နိုင်ချေ။ 


လောကနှစ်ခုလုံးက အစွန်းရောက်လွန်းကြသဖြင့် ကျိုးရွှမ်လန်က မနှစ်သက်ခြင်းဖြစ်သည်။


နတ်ဆိုးနယ်မြေ၌ရှိနေစဉ်တွင် ရှန်းလျိုရှန့်တစ်ယောက် အသွင်ဖုံးကွယ်၍ နေရခြင်းမျိုးကို သူမလိုလားပေ။ အနာဂတ်၌ ရှန်းလျိုရှန့်က ကျင့်ကြံရေးလောကသို့ ပြန်သည့်အချိန်တွင် သူလိုက်ပါ၍ မရနိုင်သည်ကိုလည်း မလိုလားပေ။


ထို့ကြောင့် သူက နတ်ဆိုးနယ်မြေမှ စတင်၍ လက်ရှိအခြေအနေကို ပြောင်းလဲချင်ခဲ့သည်။ 


တိယွင်ယွီက ရုတ်တရက် သဘောပေါက်သွားသည်။

"မင်းက သုံးလောကကို ပေါင်းစည်းချင်နေတာပဲ..."


တိယွင်ယွီက ထိုကဲ့သို့သော အတွေးမျိုးမတွေးခဲ့ဖူးချေ။ သူက ကျင့်ကြံဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေလျှင်ပင် သုံးလောကအရေးကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ လွန်ခဲ့သော နှစ်ရာချီက နတ်ဆိုးသားရဲများကို တိုက်ခိုက်ခဲ့သည်မှလွဲ၍ သူတို့အား ကံကြမ္မာကိုသာ လိုက်နာစေခဲ့သည်။ 


ကျိုးရွှမ်လန်၏ လှုပ်ရှားမှုတိုင်းက ရည်မှန်းချက်များနှင့်ပြည့်နှက်နေသည်ကို သူသိထားသော်ငြား သူ၏စိတ်ထဲတွင် ထိုကဲ့သို့တွေးနေမည်ဟု မထင်ထားခဲ့ချေ။


တစ်ခဏမျှကြာပြီးချိန်၌ ရုတ်ချည်းစိတ်ဝင်စားဖို့ကောင်းလာသည်။


သူက မေးစေ့ကို ထိ၍ အချိန်ကြာမြင့်စွာ တွေးဆနေပြီးနောက်တွင် သုံးသပ်လာသည်။


"အဲဒါက ခက်ခဲလိမ့်မယ်...မင်းက အခုထိ နဂါးပေါက်လေးပဲရှိသေးတယ်...ပြီးတော့ မင်းရဲ့ ကျင့်ကြံဆင့်ကလည်း အရမ်းနိမ့်လွန်းတယ်...သုံးလောကမှာ မင်းထက် ကျင့်ကြံဆင့်မြင့်တဲ့သူတွေက လက်တစ်ဖက်တည်းနဲ့တောင် မရေတွက်နိုင်ဘူး..."


ကျိုးရွှမ်လန်က ကြက်သေသေသွားသည်။ 

" ကျွန်တော်က အရွယ်ရောက်တဲ့နဂါး ဖြစ်နေပါပြီ..."


တိယွင်ယွီ : "တကယ်လား..".


ကျိုးရွှမ်လန်က ခိုင်ခိုင်မာမာခေါင်းညိတ်လိုက်ကာ အလေးအနက်ဖြစ်နေသည်။ 


"အရွယ်ရောက်နေပါပြီ..."


သူက ငယ်ရွယ်စဉ်တွင် မှတ်ဉာဏ်များပျောက်ဆုံးသွား၍ ချင်းလင်ဂုဏ်းကို တွေတွေဝေဝေနှင့်ရောက်ရှိခဲ့သည်။ သို့သော် မကြာမီကနှစ်များတွင် နဂါးဥတွင်း၌ရှိနေချိန်က မှတ်ဉာဏ်များ ပြန်ရလာခဲ့သည်။ ထိုနှစ်များအရ သူက အရွယ်ရောက် နဂါးတစ်ကောင်ဖြစ်နေပြီဖြစ်သည်။


သူ အရွယ်ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ တိယွင်ယွီက ဂရုမစိုက်ပေ။ သူအာရုံစိုက်သည်မှာ သူ့စကား၏ နောက်ပိုင်းမှ တစ်ဝက်ဖြစ်သော်ငြား ကျိုးရွှမ်လန်က အလွန်အလေးနက်ထားကာ ရှင်းပြနေသဖြင့် ခေါင်းတစ်ချက်ညိတ်ပြကာ ရိုးရိုးရှင်းရှင်းပင်ပြောလာသည်။

"ကိုယ်တော် နားလည်ပြီ..."


ကျိုးရွှမ်လန်က သူ၏စကားလုံးများကို မျိုချလိုက်သည်။

ဧကရာဇ်က အဲလိုထင်တယ်ဆိုလည်း အဆင်ပြေပါတယ်... ဒါပေမဲ့ သူက ရှစ်စွမ်းကို ဒီကိစ္စ ပြောပြထားပြီး ရှစ်စွမ်းကလည်း ငါ့ကို နဂါးပေါက်လေးလို့ပဲထင်နေတာတော့ မဟုတ်လောက်ဘူးမှတ်လား...


"ကိုယ်တော် မင်းကို ပြန်ပေးလိုက်မယ်..."

တိယွင်ယွီက လက်ဖြန့်ပြလိုက်သည်။ သူ၏ လက်ချောင်းသွယ်သွယ်များကြားတွင် အဖြူရောင် စာရွက်တစ်ရွက် ရှိနေသည်။


ကျိုးရွှမ်လန်၏အမူအရာက ပြောင်းလဲသွားပြီး တိယွင်ယွီလက်တွင်းမှ ရှန်းလျိုရှန့်ရေးသားခဲ့သည့် စာရွက်ကို ယူလိုက်သည်။ လက်ချောင်းမျာဖြင့် ဖြန့်၍ လက်ရေးလက်သားနှင့် ပန်းချီကို ကြည့်ကာ နှုတ်ခမ်းပါးများ တွန့်ကွေးသွားသည်။ သူက ၎င်းကို အချိန်အတန်ကြာမြင့်စွာ ထပ်ခါထပ်ခါကြည့်နေမိ

လေသည်။


သူက စာရွက်ကို ခေါက်၍ ဝတ်ရုံရင်ဘတ်အတွင်းသို့ ဂရုတစိုက် ထည့်ကာပြောလာသည်။

"ကျွန်တော် ဧကရာဇ်ကို မေးချင်တာ တစ်ခုရှိသေးတယ်..."


တိယွင်ယွီ : "ဘာကိစ္စလဲ..."


ကျိုးရွှမ်လန်က အခြေတည်ဝိညာဉ်ကို ထုတ်လိုက်သည်။


.....