အပိုင်း ၁၁၄
Viewers 30k

Chapter 114




စာကြည့်ဆောင်တွင် ရှန်းလျိုရှန့်က စာအုပ်အနည်းငယ်ကို ကိုင်ထားသည်။ သူက ၎င်းတို့ကို လှန်လှောကြည့်နေချိန်တွင် သူ၏ ဘေးရှိလူမှာ ရံဖန်ရံခါ သူ့ကို လာလာ၍ ထိနေလေသည်။


"ဟေး...စုပိုင်ချယ့်က ချင်းလင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ...ခင်ဗျားတို့နှစ်ယောက် သူ့ကို သိတာ အံသြစရာမရှိတော့ပါဘူး..."


"အာ..ခင်ဗျားက ဘာလို့ သူ့ကို အနိုင်ကျင့်ချင်ရတာလဲ..."


"ဖူးး...ယဲ့ပင်းရန်က သူ့ကို ကြိုက်လို့ ခင်ဗျားက တကယ်ကြီး မနာလိုနေတာပဲ...ဟားဟား..."


ရှန်းလျိုရှန့်၏ ပါးစပ်က အနည်းငယ်တွန့်သွားပြီး ရှုရှင်းချန်၏ လှောင်ပြောင်မှုကို လာထိုင်၍ နားထောင်နေသော အရူးတစ်ယောက်နှယ် သူ ခံစားလိုက်ရသည်။


ရှုရှင်းချန်က ရှန်းလျိုရှန့်၏ အပုပ်အပွသတင်းများကို ဆက်လက်ပြောလာသည်။

"ခင်ဗျားက ယဲ့ပင်းရန်ကို ကြိုက်ပေမဲ့ သူကတော့ ခင်ဗျားကို မကြိုက်ဘူး..."


သူက ရပ်တန့်မိသွား၍ ပဟေဠိဖြစ်သွားသည်။

"ဘာလို့လဲ..."


ရှန်းလျိုရှန့်က မျက်လုံးများကို မှေးထားလိုက်သည်။

"လူတိုင်းက ငါ့ကို ကြိုက်ရအောင် ငါက ဝိညာဉ်ကျောက်တုံးမှ မဟုတ်တာ..."


ရှုရှင်းချန် : "ဒါပေမဲ့ ကျွန်တော်ထင်တာ..."


ရှန်းလျိုရှန့်က မျက်ခုံးများကို ပွတ်သပ်၍ မျက်နှာလှည့်ကြည့်လာသည်။

"မင်း စုပိုင်ချယ့် အကြောင်းကို မသိချင်ဘူးလား...ဘာလို့ငါ့ရဲ့ မကောင်းတဲ့ဟာတွေကိုပဲ ကြည့်နေရတာတုန်း...ဆက်ဖတ်နေလေ..."


ရှုရှင်းချန်၏အကြည့်များက စာအုပ်ပေါ်သို့ တစ်ဖန်ကျရောက်သွားပြီး ခဏအကြာတွင် မျက်မှောင်ကြုတ်လာသည်။


သူစဉ်းစားလေလေ တစ်စုံတစ်ခုမှားနေသည်ဟု ခံစားရလေလေ ဖြစ်နေသည်။ သူ့အမူအရာက တဖြည်းဖြည်းလေးနက်လာကာ စာအုပ်ကို ပိတ်၍ ရှန်းလျိုရှန့်၏ စာဖတ်နေခြင်းကို နှောင့်ယှက်လိုက်သည်။


သူက သံသယရှိနေသော မျက်လုံးများဖြင့် လေးလေးနက်နက်ပြောလာသည်။


"စုပိုင်ချယ့်နဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ် ထင်တယ်..."


ရှန်းလျိုရှန့်က မိမိဘာသာတွေးလိုက်သည်။

ဒါပေါ့...မူလဇာတ်ကြောင်းထဲက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အနေနဲ့ သတ်မှတ်ထားတဲ့ တစ်ဦးတည်းသောသူပဲဟာကို...


ရှုရှင်းချန်၏ အမူအရာအရ ထူးခြားချက်တစ်ခုခုကို တွေ့ရှိသွားခြင်းဖြစ်မည်။

"အသေးစိတ် ပြောပြကြည့်..."


ရှုရှင်းချန်က သင့်တင့်လျော်ကန်သော သုံးသပ်ချက်ကို ပေးလာသည်။

"ကျွန်တော်ပြောတာ နားထောင်‌ဦး...ဆန်းရှန့်ကျောက်တုံးပေါ်မှာ ခင်ဗျားရဲ့ ချစ်သူက ယဲ့ပင်းရန်လေ...ပြီးတော့ ခင်ဗျားကလဲ သူ့ကိုကြိုက်တယ်လေ...ဒါပေမဲ့..."


ရှန်းလျိုရှန့် : "အဲဒါ ငါမဟုတ်ဘူး...အတိတ်တုန်းက ငါ..."


ရှုရှင်းချန်က သူ့ကို ကြည့်ကာ ထိုအချက်နှင့်ပတ်သက်၍ မငြင်းခုံပဲ ဆက်ပြောလာခဲ့သည်။

"အတိုချုံးရရင် ခင်ဗျားရဲ့ ဖူးစာရှင်က ခင်ဗျားကို မကြိုက်ဘူး...ဒါပေမဲ့ စုပိုင်ချယ့်ကို ကြိုက်တယ်...သူ့ရဲ့ ဖူးစာရှင်က စုပိုင်ချယ့် ဖြစ်လိမ့်မယ်...ဒီလိုဆိုရင်..."


"ခင်ဗျားရဲ့ ဖူးစာရှင်က ယဲ့ပင်းရန်ဖြစ်ပြီးတော့ ခင်ဗျားက ကျိုးရွှမ်လန်ကို ကြိုက်တယ်..."

ရှုရှင်းချန်က သူ့ကိုယ်သူညွှန်ပြ၍ လေးနက်စွာ ပြောလာသည်။


"ပြီးတော့ အချစ်ရေးရာမှာ သန့်စင်ရှင်းလင်းနေတဲ့ ညီအစ်ကိုရှိတယ်...အဲဒါ မထူးဆန်းနေဘူးလား..."


 ရှန်းလျိုရှန့်က မေးစေ့ကို ထိ၍ မျှော်လင့်တကြီးပြောလာသည်။

"မင်းရဲ့ အမြင်ကရော..."


ရှုရှင်းချန်က စားပွဲပေါ်ရှိ စာအုပ်ကို ရိုက်ချလိုက်သည်။

"သေချာတာပေါ့...သူက ခင်ဗျားနဲ့တည့်မှာ မဟုတ်ဘူး..."


ရှန်းလျိုရှန့် : "ဟမ်..."

ခွဲခြမ်းစိတ်ဖြာမှုတစ်ချို့ပြီးတဲ့နောက်မှာ အဲဒါက သုံးသပ်ချက်ပေါ့...

[ ရှန်းလျိုရှန့်ရဲ့ ညီ / ချစ်သူ /ဖူးစာရှင် သုံးယောက်လုံးက စုပိုင်ချယ့်ရဲ့ ဖူးစာရှင်တွေဖြစ်နေတယ် ဒါကြောင့်ညတည့်မှာမဟုတ်ဘူးလို့သုံးသပ်လိုက်တာ]


"သူက ခင်ဗျားနဲ့ ပြဿနာတက်ဖို့ ကံကြမ္မာပါလာတာ..."

ရှုရှင်းချန်က သတိပေးလာသည်။

"ခင်ဗျား အနာဂတ်မှာ သူ့ကို သတိထားရမယ်..."


ရှန်းလျိုရှန့် : "အိုး...ကောင်းပြီ..."


ရှုရှင်းချန်က သူ၏မျက်နှာတွင် သဘောမကျသောအကြည့်ဖြင့် ကတိပေးသည်ကို မြင်သောအခါ သံက သံမဏိမဖြစ်သည်ကို မုန်းတီးနေပုံဖြင့် ဒေါသတကြီး ထွက်သွားရန်ပြင်လိုက်သည်။


ရှန်းလျိုရှန့်က သူ့ကို အလျင်အမြန်ဆွဲထားလျက် စားပွဲပေါ်မှ စာအုပ်ကို ကောက်ကာ စုပိုင်ချယ့် ပုံတူရှိရာသို့ လှန်လိုက်သည်။


ပန်းချီထဲမှ အလှလေးသည် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထား၍ လှပသော မျက်နှာလေးရှိသည်။ သူက အမှန်တကယ်ပင် လှပလေသည်။


သူက ရှုရှင်းချန်ထံသို့ လွှဲပေးလိုက်သည်။

"ကြည့်ပါဦး...မင်းကြိုက်လား..."


မူလဇာတ်ကြောင်းတွင် မြင်မြင်ချင်း အချစ်ဖြစ်ခဲ့သည်။ ဤတစ်ကြိမ်တွင် လူအစစ်မဟုတ်သော်ငြား ပုံတူပန်းချီပေါ်မူတည်ပြီး တစ်ခုခုပြောနိုင်သေးသည်။


ရှုရှင်းချန်က နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်၍ တွန်းထုတ်ကာ ပြင်းထန်သောအသံဖြင့်ပြောလာသည်။

"ဝေးဝေးမှာထားစမ်းပါ..."


သူက မြွေတစ်ကောင် ၊ကင်းတစ်ကောင်ကို မြင်ရသည့်နှယ်ရှောင်ရှားနေသည်ကို ရှန်းလျိုရှန့် တွေ့လိုက်ရသည်။ သူက ကြိုက်နှစ်သက်သည့် ရည်ရွယ်ချက် မပြသည့်အပြင် သူ့နှလုံးသားမှ သံသယနှင့် ရွံရှာမှုအချို့ကိုပင် ပြသခဲ့သည်။ 


"မင်း ဘာဖြစ်နေတာလဲ..."


မင်းသူ့ကို မကြိုက်ရင်တောင်မှ ပထမဆုံးအကြည့်တစ်ချက်မှာ မုန်းနေတာမျိုးမဟုတ်ရဘူးလေ...


ရှုရှင်းချန်က နှာခေါင်းရှုံ့လိုက်သည်။

"ကျွန်တော်က ဘာပဲဖြစ်ဖြစ်ကြိုက်မှာ မဟုတ်ဘူး...ပြီးတော့ အနာဂတ်မှာလည်း ကြိုက်လာမှာ မဟုတ်ဘူး..."


ရှန်းလျိုရှန့်က အံံ့သြသွားသည်။

"ဘာလို့ အရမ်းသေချာနေတာလဲ..."


ရှုရှင်းချန်က သူ့ကို တစ်ချက်ကြည့်လာ၍ စူပုတ်သွားသည်။

"အနာဂတ်မှာ ဆန်းရှန့် ကျောက်တုံးမှာ ထွင်းထားတဲ့အတိုင်း ကျွန်တော်ရယ် ကျိုးရွှမ်လန်ရယ် ယဲ့ပင်းရန်ရယ်က စုပိုင်ချယ့်ကို ချစ်သွားခဲ့ရင်...လူတိုင်းက စုပိုင်ချယ့်ကိုပဲကြိုက်သွားခဲ့ရင် ခင်ဗျားကို ဘယ်သူမှ ကြိုက်မှာ မဟုတ်ဘူး..."


 ရှန်းလျိုရှန့်က ခဏမျှ ကြက်သေသေသွားသည်။


ရှုရှင်းချန်က နှာခေါင်းရှုံ့၍ သူ၏အနောက်ဘက်တွင် လက်ချိတ်ကာ ကယ်တင်ရှင်တစ်ဦးနှယ် ခပ်တန်းတန်းကြေငြာလာခဲ့သည်။


"အဲဒီအချိန်ရောက်လာရင်လည်း ဘာတွေပဲဖြစ်လာလာ ခင်ဗျားကိုပဲသဘောကျအောင် ကျွန်တော်ကိုယ်ကျွန်တော် တွန်းအားပေးလုပ်ရမှာပဲ...."


"ကျွန်တော်က ကျိုးရွှမ်လန်နဲ့ ယဲ့ပင်းရန်ကို မထိန်းချုပ်နိုင်ပေမဲ့ ဘယ်အချိန်ပဲဖြစ်ဖြစ် ကျွန်တော်က သဘာဝကျကျ ခင်ဗျားနဲ့ အတူရှိနေမှာ..."


ရှုရှင်းချန်က လက်မြှောက်၍ လက်မ၊ လက်ညိုး နှင့် လက်ခလည် ကို ဆန့်ထုတ်လိုက်သည်။


"ခမည်းတော်ရယ် ရှင်းလျန်ရယ် ကျွန်တော်သိပ်တော့ မကျေမနပ်ဖြစ်ပေမဲ့ ခင်ဗျားက်ိုပါထည့်လိုက်ရင်... ဒီလောကကြီးမှာ ဒီသုံးယောက်က ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာတွေပဲ..."


သူ့ စကားဆုံးသွားသောအခါ ရှန်းလျိုရှန့် မျက်လွှာပင့်၍ သူ့ကို တစ်ချက်ကြည့်လိုက်သည်။


ထိုအကြည့်တစ်ချက်တွင် ရှုရှင်းချန်က အလွန်ထိတ်လန့်သွားလျက် အလျင်အမြန်ပြောလာသည်။

"ခင်ဗျားရဲ့ မျက်လုံးတွေက ဘာလို့ နီရဲနေတာလဲ...မငိုနဲ့လေ...ကျွန်တော် ခင်ဗျားကို အနိုင်မကျင့်ပါဘူး..."


ရှန်းလျိုရှန့်က မျက်တောင် ခတ်လိုက်သည်။

"နီရဲနေလို့လား..."


ရှုရှင်းချန် ခေါင်းညိတ်ပြလာသောအခါ ရှန်းလျိုရှန့်က ခပ်တိုးတိုးလေး စုတ်သပ်လိုက်သည်။

"အဲဒါ မင်းက ငါ့ကို တတိယနေရာမှာ ထားတာက ငါ့ကို နည်းနည်းလေး ဝမ်းနည်းစေလို့ ဖြစ်မယ်..."


ရှုရှင်းချန်က ဆို့နင့်သွားကာ သူ၏လက်ချောင်းများကို ပြန်ငုံ့ကြည့်၍ နေရာအစီအစဉ်နှင့်ပတ်သက်ပြီး ကြိုးစားရုန်းကန်နေသည်။ သူပြီးဆုံးသွားသောအခါ ခေါင်းမော့၍ ပြောလာသည်။

"ဒါဆိုလည်း ကျွန်တော် ခင်ဗျားကို ထားမှာက..."


သူ စကားဆို၍ မပြီးဆုံးမီတွင် အရှေ့ရှိလူမှာ ပျောက်ဆုံးနေကြောင်း သိသွားသည်။


ရှုရှင်းချန် : "....".

ကန်ထုတ်လိုက်တော့...ဘာတတိယနေရာမှ မရှိဘူး...


.....


ရှန်းလျိုရှန့်က စာအုပ်အနည်းငယ်ကို လက်မောင်းအတွင်း၌ ပိုက်လျက် သူထွက်လာခဲ့သော စာကြည့်ဆောင်ကို ပြန်ကြည့်ကာ နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးတက်လာသည်။ သူ အလုပ်ကိစ္စကို စဉ်းစားမိသောအခါ လောင်ကျို့၏ရေတွင်းသို့ အလျင်အမြန်သွားလိုက်သည်။


ရွှေလိပ်ကြီးတစ်ကောင်က အခြားတစ်ဖက်မှ ကူးလာသည်။ ရှန်းလျိုရှန့်က ကမ်းတစ်ဖက်တွင် ရပ်နေကာ လက်တစ်ဆုပ်စာ ငါးခြောက်လေးများကို ထုတ်ယူ၍ လိပ်ကြီးကို အစာကျွေးလိုက်သည်။ နှုတ်ဆက်စကား အနည်းငယ်ပြောပြီးသောအခါ သူက တိုက်ရိုက်ပင်ပြောလာသည်။


"ကျွန်တော့်မှာမေးစရာရှိတယ်..."


လောင်ကျို့က အချိန်ကြာမြင့်စွာ အသက်ရှင်ပြီး ရှန့်ချီတောင်မှာ နေခဲ့ကာ တိယွင်ယွီ ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သည်ဟု ပြောခဲ့သည်။


လောင်ကျို့က ငါးခြောက်များကို ဖြေးညှင်းစွာ ဝါးနေသည်။

"ပြောကြည့်လေ..."


ရှန်းလျိုရှန့်က ဘေးပတ်လည်ကို ကြည့်၍ တိုးတိုးပြောလာသည်။ 

"ခမည်းတော်က ကောင်းကင်ဘုံတက်ရောက်ခြင်းအဆင့်ကို ဘယ်တုန်းက ရောက်သွားတာလဲသိလား..."


လောင်ကျို့က အကြာကြီးစဉ်းစားပြီးနောက်မှာ ပြောလာသည်။

"နန်းတက်တုန်းက..."


ရှန်းလျိုရှန့် : "ဒါဆိုရင် သူဘာလို့ အဲဒီအချိန်တုန်းက မတက်တာလဲ..."


လောင်ကျို့: "ကျရှုံးသွားတာ..."


ရှန်းလျိုရှန့် : "....."

တိယွင်ယွီလည်း ကျင့်ကြံရေးမှာ အတားအဆီးတွေရှိမယ်လို့ မထင်ထားခဲ့ဘူး...


လောင်ကျို့က ခေါင်းမော့၍ အခြားငါးခြောက်တစ်ကောင်ကို ညွှန်ပြကာ ဆက်ပြောလာသည်။

"ဒါပေမဲ့ သူက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ..."


ရှန်းလျိုရှန့်က ထိတ်လန့်သွားသည်။

"ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ..."


အဆင့်တက်ရန် ကျရှုံးခြင်းသည် မိုးကြိုးအတိဒုက္ခကို ချေမှုန်းပျောက်ကွယ်သွားစေ၍ ဖြစ်သည်။

ဘယ်သူက ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်မှာလဲ...


လောင်ကျို့က သူ၏နှုတ်ခမ်းများသပ်ကာ ပြောလာသည်။


"အဲဒီတုန်းက အချိန်ကိုက်ကြီးဖြစ်သွားတာက ဆိုးတာပဲ...အဲအချိန်က သူထွက်သွားမယ်လို့ ငါထင်ခဲ့တာ...မမျှော်လင့်ပဲနဲ့ နတ်ဆိုးသားရဲလေးကောင်က ရုတ်တရက်ကြီးပေါ်လာခဲ့ပြီးတော့ ကမ္ဘာပျက်စေတဲ့ ကပ်ဘေးကြီးဖြစ်စေခဲ့တယ်...သုံးလောက ကသက်ရှိတွေပျက်ဆီးကုန်တယ်...တကယ်လို့ သူသာထွက်သွားရင် ဘယ်သူက အဲဒါကို တားမှာလဲ..."


ရှန်းလျိုရှန့်က ကြက်သေသေသွားသည်။

"ဒါဆို သူက မိုးကြိုးအတိဒုက္ခသောင်းချီကို ကြံ့ကြံ့ခံပြီးတော့ ဒေါသပုန်ထနေတဲ့ နတ်ဆိုးသားရဲတွေကို တားဖို့ အပြေးအလွှားလာခဲ့တာလား..." 


လောင်ကျို့က နှုတ်ခမ်းများကိုသပ်၍ ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ သူက အရမ်းပင်ပန်းနေတော့ သုံးကောင်ကိုပဲဖြေရှင်းနိုင်ခဲ့တယ်...နောက်ဆုံးချုန်းချီကို မသတ်ပဲ ချိတ်ပိတ်လိုက်တယ်..."


ရှန်းလျိုရှန့် : "ထောင်ဝူကရော..."


ကောလဟာလများအရ ထောင်ဝူနှင့် ချုန်းချီက ချိတ်ပိတ်ခံထားရသည်ဟု ဆိုသည်။ 

လောင်ကျို့က ဘာလို့ ချုန်းချီ အကြောင်းပဲပြောတာလဲ...ဧကရာဇ်ယွင်ယွီက ချိတ်ပိတ်ထားတဲ့ နေရာတွေ ရှာတုန်းကလဲ ချုန်းချီကိုပဲ ရှာတွေ့တယ်...တစ်ခုခု ဖုံးကွယ်ထားတာများ ရှိနေသေးတာလား...


လောင်ကျို့က ခေါင်းစောင်း၍ အတန်ကြာတွေးတောကာပြောလာသည်။ 

"ဧကရာဇ်ပြန်လာတော့ ထောင်ဝူက မသေသေးပေမဲ့ သေခါနီးနေပြီလို့ပြောတယ်...သူက ထောင်ဝူကို လျှို့ဝှက်နေရာတစ်ခုကို ပို့ထားခဲ့တယ်တဲ့...သူ့ကိုမသတ်ပဲ ဘာလို့ကာကွယ်ပေးနေတာလဲလို့မေးတော့ အစားပုတ်လေးနှစ်ကောင်ရှိလို့ လို့ ဧကရာဇ်ကပြောခဲ့တာ..."


ရှန်းလျိုရှန့်၏ နှလုံးသားတွင် ပရမ်းပတာဖြစ်လာသည်။ သူ၏အတွေးများကို စုစည်းပြီးနောက် ငါးခြောက်တစ်ကောင်ယူ၍ လောင်ကျို့ကို ကျွေးလိုက်သည်။


 လောင်ကျို့က ဗိုက်မပြည့်မီအထိ တစ်ကောင်ပြီးတစ်ကောင်စားခဲ့သည်။ ထို့နောက် လေတက်၍ ခေါင်းခါလိုက်ပြီးနောက် ပြောလာသည်။

"မစားတော့ဘူး...မစားတော့ဘူး...သွားတော့မယ်..."


လောင်ကျို့က လမ်းတစ်ဝက်တွင် ရုတ်တရက်ပြန်လှည့်ကာ ပြောလာသည်။

"ငါဒါကို မပြောသင့်ဘူးထင်တယ်...မေ့သာမေ့လိုက်တော့...မေ့လိုက်....ဧကရာဇ်ကို သွားမပြောနဲ့နော်..."


လောင်ကျို့ ပျောက်ကွယ်သွားပြီးနောက် ရှန်းလျိုရှန့်က ကမ်းစပ်မှာ ထိုင်နေဆဲဖြစ်သည်။ အနောက်မှခြေသံများနှင့် 'ရှစ်စွမ်း' ဟူသည့် အသံကို မကြားမီအထိ လှည့်မကြည့်ခဲ့ပေ။


"မင်း...ဧကရာဇ်..."


ဘေးတွင်ရပ်နေသော တိယွင်ယွီက အလွန်ထိတ်လန့်နေသည့် အသံကိုကြားသောအခါ မျက်ခုံးများအနည်းငယ် လှုပ်ရှားသွားသည်။ သူက ရှန်းလျိုရှန့်ကို တစ်ချက်ကြည့်၍ လက်ထဲမှ ငါးခြောက်များကို ကြည့်လာသည်။

"ဘာဖြစ်လို့လဲ...ကိုယ်တော့်ကို မမှတ်မိဘူးလား..."


ရှန်းလျိုရှန့်ကခေါင်းခါလိုက်သည်။

"မှတ်မိတာပေါ့...မှတ်မိပါတယ်..."


ရှန်းလျိုရှန့်က ကျိုးရွှမ်လန်ကို ကြည့်၍ မျက်တောင်ခတ်ပြလိုက်သည်။ ကျိုးရွှမ်လန်က နားလည်သွား၍ ခပ်ဖြည်းဖြည်းပြောလာသည်။

"ဧကရာဇ်က ရှစ်စွမ်းရဲ့ ယွမ်ယင်းကို ကြည့်ဖို့လာတာပါ..."


ရှန်းလျိုရှန့်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

မိသွားပြီလို့ထင်နေတာ...


သူ့လက်မှ ငါးခြောက်ကို အောက်ချကာ လက်သုတ်လိုက်သည်။ ထို့နောက် မျက်လုံးများမှိတ်၍ လက်ဖြန့်လိုက်သည်။ ခဏကြာပြီးနောက် သူ၏လက်ဖဝါးတွင် တစ်စုံတစ်ခုရှိနေသည်။


ယွမ်ယင်းငယ်လေးတွင် ဖြူနုသော မျက်နှာလေးရှိကာ မျက်လုံးတောက်တောက်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်၍ ဘေးပတ်လည်သို့ ကြည့်လာသည်။ သူ၏အကြည့်များက မရင်းနှီးသော တိယွင်ယီပေါ်သို့ ကျရောက်လာသည်။ သူ၏ပါးများက အနည်းငယ်ဖောင်းလာကာ ရုတ်တရက်ပင် ရွှင်လန်းတက်ကြွစွာ လေချွန်လာသည်။


ရှန်းလျိုရှန့် : "....."


ရှန်းလျိုရှန့်က ယွမ်ယင်း၏ ပါးစပ်ကို အုပ်လိုက်သည်။ 

ဘာလုပ်နေတာလဲ...သေတော့မှာပဲ...ဧကရာဇ်ကို လေချွန်ရဲတယ်ပေါ့...အာ့ဟူပဲသွားတီးနေပါ့လား...


တိယွင်ယွီက ယွမ်ယင်းကို စိုက်ကြည့်၍ လက်ဆန့်ကာ ရှန်းလျိုရှန့်လက်များကို ဖယ်ထုတ်လိုက်သည်။ နောက်ခဏတွင် ရွှင်လန်းသောလေချွန်သံက ထွက်ပေါ်လာပြန်သည်။


ရှန်းလျိုရှန့် : "....."


ကံကောင်းစွာပင် ကျိုးရွှမ်လန်ကလည်း ယွမ်ယင်းကိုထုတ်လိုက်ချိန်၌ ရှန်းလျိုရှန့်၏ ယွမ်ယင်းမှာ ရုတ်တရက်ပင် နာခံသွားသည်။ သူက အလျင်အမြန်ပြေးလာ၍ အခြားယွမ်ယင်း၏လည်ပင်းကို ဖက်ကာ ခေါင်းစောင်းလိုက်သည်။


တိယွင်ယွီက ထိုပူးကပ်နေသော အခြေတည်ဝိညာဉ်နှစ်ကောင်ကို ကြည့်၍ မျက်လုံးများ ကျဉ်းမြောင်းသွားကာ ရှန်းလျိုရှန့်ယွမ်ယင်း၏ခေါင်းကို လက်တစ်ဖက်ဖြင့် ကိုင်လိုက်သည်။


ရွှေရောင်ဖျော့ဖျော့အလင်းတစ်ခုက ယွမ်ယင်းကို လွှမ်းခြုံသွားသည်။ ခဏကြာပြီးနောက် တိယွင်ယွီက လက်ပြန်ရုတ်၍ ရှန်းလျိုရှန့်ကို လှည့်ကြည့်လာသည်။ 

"မင်းရဲ့ ယွမ်ယင်းမှာ ပြဿနာကြီးကြီးရှိနေတယ်..."


ရှန်းလျိုရှန့် : "ဧကရာဇ်က ဘာမြင်လို့လဲ..."


တိယွင်ယွီက လက်ဆန့်ထုတ်၍ ယွမ်ယင်းငယ်လေး၏ နဖူးကို သူ၏လက်ညိုးဖြင့် ထိလိုက်သည်။


ရှန်းလျိုရှန့်၏နဖူးမှာ တောက်ခံလိုက်သဖြင့် ခေါင်းကို အုပ်လိုက်ချိန်တွင် တိယွင်ယွီပြောသည်ကို ကြားလိုက်ရသည်။

"မင်းရဲ့ ဝိညာဉ်က သုံးနှစ်ပဲရှိသေးတယ်..."


ရှန်းလျိုရှန့် : "....."

သူ့ရဲ့ ယွမ်ယင်းက အရူးလေးများလား...


ရှန်းလျိုရှန့်က မယုံကြည်နိုင်စွာ ကြည့်နေချိန်တွင် သူ၏ယွမ်ယင်းလေးက ကျောက်စိမ်းသဖွယ်လက်မောင်းလေးများကို မြှောက်၍ လက်နှစ်ဖက်ဖြင့် တိယွင်ယွီ၏ လက်ညိုးကို ဖမ်းဆွဲထားသည်အား မြင်လိုက်ရသည်။ ထို့နောက် သူ့ပါးစပ်ဆီသို့ ယူလာကာ ခပ်ပြင်းပြင်း ကိုက်ချလိုက်သည်။


အတန်ကြာ ကြိုးပမ်းပြီးနောက် သူ မကိုက်နိုင်ကြောင်း ရှာတွေ့သွားသည်။ တိယွင်ယွီ၏ လက်ချောင်းထိပ်မှ အရေပြားက မကျိုးပျက်နိုင်သဖြင့် သွားရာလေးသာ ကျန်ခဲ့သည်။


ယွမ်ယင်းလေးက ကြက်သေသေသွားသည်။ သူက ပြင်းပြင်းထန်ထန်ထိရှသွားပုံရကာ ပါးဖြူဖြူလေးများဖောင်းလာ၍ မျက်လုံးထဲမှ မျက်ရည်များကျလာသည်။


သူက ခေါင်းလေးစောင်း၍ နှုတ်ခမ်းစူထားလျက် နစ်နာသွားသည့်နှယ် ငိုချလုနီးပါးဖြစ်နေသည်။


တိယွင်ယွီက ၎င်းကို မြင်သောအခါ ခပ်ဖွဖွရယ်မောလိုက်သည်။ သူက အနားတိုးကာ ရှည်သွယ်သော လက်ချောင်းများဖြင့် ယွမ်ယင်းလေး၏ မျက်တောင်များကို ညင်ည

င်သာသာပွတ်သပ်၍ မျက်ရည်စက်ကြည်ကြည်လေးများကို သုတ်ဖယ်ပေးလိုက်သည်။


အခြားလက်တစ်ဖက်ဖြင့် နဖူးလေးကို ပွတ်သပ်ပေးကာ ချော့ပြောလာသည်။

"မငိုနဲ့တော့..."


ရှန်းလျိုရှန့် : "....."

ဒါက တော်ဝင်မိသားစုရဲ့ အရူးသားလေးအပေါ်မှာ ဆက်ဆံတဲ့ပုံပေါ့...


မျက်ရည်များ....