အပိုင်း ၁၁၅
Viewers 30k

Chapter 115




တိယွင်ယွီက ယွမ်ယင်း၏ ဆံပင်ပျော့ပျော့လေးများကို ပွတ်သပ်ပေးလိုက်ကာ နှင်းဖြူရောင်ပါးဖောင်းဖောင်းများပေါ်သို့ အကြည့်ရောက်သွားသည်။ ကလေးအဆီများက မျက်နှာလေးကို ပို၍ လုံးဝန်းစေသည်။


ပါးစပ်သေးသေးလေးက နှုတ်ခမ်းစူထားပုံမှာ အရည်ရွှမ်းနေသည့်နှယ်ပင် ရှန်းလျိုရှန့်ငယ်လေးနှင့် တူနေသည်။


တိယွင်ယွီ၏စိတ်က အနည်းငယ်နူးညံ့သွားသည်။


ရှန်းလျိုရှန့်က ရှုရှင်းချန်၊ ရှုရှင်းလျန်တို့နှင့် မတူညီပေ။ ကလေးဘဝကပင် တိယွင်ယွီအနား၌ မရှိခဲ့သဖြင့် ထိုမျှ ငယ်ရွယ်သော ပုံစံကို မမြင်ခဲ့ဖူးပေ။


ရှန်းလျိုရှန့်က သူ၏ခေါင်းထိပ်သို့ ထိတွေ့နေသည်ကို ခံစားလိုက်ရသဖြင့် သွားများ အနည်းငယ်ယားယံလာသည်။ ရှေ့ရှိမြင်ကွင်းကို ကြည့်၍ စကားပြောရန် တုံ့ဆိုင်းနေခဲ့သည်။


ကံကောင်းစွာပင် တိယွမ်ယွီက သူ၏အခွင့်အရေးကို အနည်းငယ်သာပြသ၍ လက်အမြန် ပြန်ရုတ်လိုက်သည်။

"ပုံမှန်ဆိုရင် ဝိညာဉ်က ခန္ဓာကိုယ်အစစ်နဲ့ ကိုက်ညီနေရမှာ... ဒါပေမဲ့ မင်းရဲ့ ဝိညာဉ်က ပျက်ဆီးနေပြီးတော့ စိတ်က သုံးနှစ်အရွယ်အထိ ဆုတ်ယုတ်သွားတာ..."


တိယွင်ယွီ၏ အကြည့်များက မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့် စိုက်ကြည့်နေသော ယွမ်ယင်းပေါ်သို့ ကျရောက်သွားကာ ပြောလာသည်။

 "ဒီယွမ်ယင်းကတော့ ဆန့်ကျင်ဘက်ပဲ...ခန္ဓာကိုယ်အစစ်ထက်ကို ကျော်လွန်နေတယ်..."


ရှန်းလျိုရှန့်က စိတ်ရှုပ်ထွေးမှုကြောင့် လှုပ်လှုပ်ရွရွဖြစ်လာသည်။ ခဏမျှစဉ်းစားပြီးနောက်တွင် ရုတ်တရက် သဘောပေါက်သွားသည်။


ယျေဘုယျအားဖြင့်ပြောရလျှင် အခြေတည်ဝိညာဉ်နှစ်မျိုးရှိသည်။ တစ်မျိုးကို ကျို့လောင်ယောင်ဟု ခေါ်နိုင်ပြီး အခြားတစ်မျိုးကို ရှန်စန်းစွေ့ဟုခေါ်နိုင်သည်။


ရှန်းလျိုရှန့်က ကျယ်လောင်စွာပြောလာသည်။

"ခန္ဓာကိုယ်အစစ်ကို ကျော်လွန်တယ်ဆိုရင် ဘာလို့ ကျွန်တော့်ခေါင်းထဲမှာ ဗလာကြီးဖြစ်နေပြီး ဘာမှ မသိနေတာလဲ..."


တိယွင်ယွီက ကျိုးရွှမ်လန်ကို တစ်ချက်ကြည့်၍ ပြောလာသည်။

"ခန္ဓာကိုယ်အစစ်က စွမ်းအားကြီးဝိညာဉ်နဲ့ ဆက်သွယ်ဖို့ စွမ်းအင် မလုံလောက်ဘူး...မင်းရဲ့ ကျင့်ကြံဆင့်ကိုသာ တိုးတက်အောင်လုပ်..."


စကားဆုံးသောအခါ ကျိုးရွှမ်လန်က ထပ်မံပြောလာသည်။

"ရှစ်စွမ်းရဲ့ ယွမ်ယင်းက ရှစ်စွမ်းကို ကာကွယ်တယ်ဆိုပေမဲ့ အကျိုးသက်ရောက်မှု အရမ်းနည်းနေတယ်...ဧကရာဇ်မှာ တစ်ခြားနည်းလမ်းတွေရှိနိုင်လား..."


တိယွင်ယွီက ခဏမျှ တိတ်ဆိတ်သွားပြီးတော့ တစ်ဖက်လူကိုကြည့်ချိန်၌ သူ၏မျက်လုံးတွင် မကျေနပ်မှု အနည်းငယ်ကို ဖော်ပြလာသည်။

ဘာပဲဖြစ်ဖြစ် ငါ့ကို လာမမေးနဲ့ တစ်ခြားသူကို သွားမေး...


ရှန်းလျိုရှန့်က ယွမ်ယင်းမှ အကြည့်လွှဲလိုက်ပြီးနောက် တိယွင်ယွီ၏ အကြည့်ကို သတိထားမိသောအခါ မျက်တောင်ခတ်လိုက်သည်။ ထို့နောက် ကမ်းစပ်ပေါ်တွင် ထိုင်လျက် လက်ထဲ၌ ငါးခြောက်ကို ဆုပ်ကိုင်ကာ တိယွင်ယွီအား ပေးနေသော ယွမ်ယင်းကို အမြန်ငုံ့၍ ချီမလိုက်သည်။

"ခမည်းတော် နည်းလမ်းရှိလား..."


တိယွင်ယွီက လက်မြှောက်လိုက်သည်နှင့် လေထဲတွင် ပုံရိပ်ငယ်လေးတစ်ခုပေါ်လာသည်။


အဖြူရောင်ဝတ်ဆင်၍ ရွှေသရဖူဆောင်းထားသည့် တည်ငြိမ်သော ပင်ကိုယ်စရိုက်နှင့်အမျိုးသားတစ်ဦးက သူ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းဖျော့ဖျော့ ဖုံးလွှမ်းနေလျက် စကားတစ်ခွန်းမျှမဆိုပဲ ရှန်းလျိုရှန့်၏ လက်ကောက်ဝတ်နား၌ ပေါ်လာသည်။


တိယွင်ယွီ၏ယွမ်ယင်းက ငါးခြောက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည့် ယွမ်ယင်လေး၏ ခေါင်းပေါ်သို့ လက်တင်လိုက်သည်။ မျက်လုံးများက အနည်းငယ် အာရုံစူးစိုက်နေလျက် ဘေးပတ်လည်မှ ဝိညာဉ်စွမ်းအားများ စုစည်းလာ၍ ရှန်းလျိုရှန့်ယွမ်ယင်း၏ခန္ဓာကိုယ်အတွင်းသို့ တသဲသဲဝင်လာသည်။ ဝိညာဉ်စွမ်းအင်များက သူ့အားဗလာဖြစ်စွာ ကြည့်နေသော အခြေတည်ဝိညာဉ်အတွင်းသို့ ဖြတ်သန်းသွားသည်။


အခြားတစ်ဖက်၌ ကျိုးရွှမ်လန်၏ ဘယ်ဘက်ပုခုံးတွင် ခြေချိတ်ထိုင်နေသော ယွမ်ယင်းက မေးငေါ့ကာ ရှေ့မှ မြင်ကွင်းကို စိုက်ကြည့်နေသည်။ ရှန်းလျိုရှန့်ယွမ်ယင်း၏ မျက်လုံးတောက်တောက်လေးများကို အာရုံစိုက်လျက် အထင်သေးသည့်ပုံနှင့် နှုတ်ခမ်းပါးများ ကွေးတက်သွားသည်။

"ငါလည်းအဲလိုလုပ်နိုင်တယ်...ဝိညာဉ်စွမ်းအင် နည်းနည်းလေးမှတောင် စုဖို့မလိုဘူး...သူ့ဆီကို တိုက်ရိုက်ပို့ပေးလို့ရတယ်..."


သူက မလိုလား၍ အနှောင့်အယှက်ဖြစ်နေပုံရသည်။ သူ့မျက်လုံးတွင် ဒေါသတစ်စွန်းတစ်စရှိနေကာ ကျိုးရွှမ်လန်ဘက်သို့ လှည့်၍ ပြောလာသည်။ 

"မင်းကိုယ်မင်း ထိန်းနေတယ်ပေါ့..."


ကျိုးရွှမ်လန်က သူ့ပုခုံးပေါ်မှ အခြေတည်ဝိညာဉ်ကို တုံ့ဆိုင်းမှုမရှိတောက်ချလိုက်သည်။

"ထွက်သွား..."


အမွှေးတိုင်တစ်တိုင်စာခန့်ကြာပြီးနောက်တွင် ဘေးပတ်လည်မှ ဝိညာဉ်စွမ်းအင်အတက်အကျများက ငြိမ်သက်သွားသည်။ တိယွင်ယွီ၏ယွမ်ယင်းက လက်ပြန်ရုတ်၍ ရှန်းလျိုရှန့်၏ လက်ကောက်ဝတ်ပေါ်သို့ ဖိနပ်သေးသေးလေးဖြင့် တက်နင်းကာ နူးညံသည့် ဝတ်ရုံအနားစများကို အနည်းငယ် လှုပ်ယမ်းသွားစေသည်။


"ငါ သူ့ရဲ့ချီသွေးကြောကို ဖွင့်ပေးလိုက်ပြီ...အခုကစပြီး ဝိညာဉ်စွမ်းအင်ကနေ အသက်စွမ်းအင်ကို ကိုယ်တိုင်ပြောင်းနိုင်ပြီး ကျန်းမာရေးလည်းပြန်အားဖြည့်နိုင်တယ်...မင်းဘာမှ လုပ်စရာမလိုဘူး..."


သရဖူဆောင်းထားသော ယွမ်ယင်းက သူ့စကားများကို ခဏရပ်၍ ခေါင်းစောင်းလိုက်ကာ သူ၏ ပါးအား ထိုးကြည့်နေသော ဖြူသွယ်သည့် လက်ချောင်းလေးများကို ရှောင်လျက် အလျင်မလိုစွာ ဆက်ပြောလာသည်။

"သူ စုပ်ယူဖို့ ဝိညာဉ်စွမ်းအင်တွေ ပိုပြီးစုပေးလိုက်..."


ရှန်းလျိုရှန့်၏ချောင်းမြောင်းတိုက်ခိုက်မှုက ကျရှုံးသွားသဖြင့် တိတ်တဆိတ်နှမျောနေမိသည်။ 

ဧကရာဇ်၏ မျက်နှာလေးကို ထိတာသာအောင်မြင်သွားခဲ့ရင် သူ့ရဲ့နာမည်က ထာဝရကျန်ရှိနေတော့မှာ...


ထိုသို့သောအတွေးဖြင့် သူ၏လက်ညိုးကို ရုတ်တရက်လှုပ်ရှားလိုက်ကာ ထပ်မံနီးကပ်ချင်စိတ်ပြင်းပြလျက်ရှိသည်။ ထိုအချိန်တွင် ပေါ့ပေါ့ပါးပါးအကြည့်တစ်ချက်က သူ့အပေါ်သို့ ဖြတ်သွားသည်။


ရှန်းလျိုရှန့်၏ ချောင်းမြောင်းနေသော လက်ချောင်းလေးက အေးခဲသွားရကာ ပြန်ရုတ်လိုက်သည်။

ကောင်းပြီ...အသက်ကပိုအရေးကြီးတယ်...


တိယွင်ယွီက သူ၏ယွမ်ယင်းကို ပြန်ယူလိုက်ကာ ယွမ်ယင်းထိန်းချုပ်သည့် နည်းလမ်းအချို့ကို သင်ပေးလိုက်သည်။


ရှန်းလျိုရှန့်က အာရုံစိုက်နားထောင်ကာ နည်းစနစ်ပုံစံအချို့ကို သင်ယူနေစဉ်တွင် သူ၏နှုတ်ခမ်းပါးမှ အနည်းငယ်သော ထိတွေ့မှုကို ရုတ်တရက်ခံစားလိုက်ရသည်။ သူဂရုတစိုက်ခံစားကြည့်သောအခါ အနည်းငယ်နူးညံံ့၍ အေးမြသောတစ်စုံတစ်ခုက လာထိတွေ့သည့်နှယ်ဖြစ်နေသည်။


သူက စိတ်ရှုပ်ထွေးစွာ ခေါင်းမော့လိုက်ချိန်တွင် သူ၏ မျက်လုံးများက အနက်ရောင်မျက်လုံးတစ်စုံကို ဆုံသွားသည်။


နှစ်ယောက်လုံး ကြက်သေသေသွား၍ အချိန်အတော်ကြာ လျစ်လျူရှုခဲ့သော ယွမ်ယင်းကို ရှာဖွေလိုက်ကြသည်။ နောက်ဆုံးတွင်ကျောက်ဆောင်တစ်ခု၏ နောက်၌ သေးငယ်သော အရာနှစ်ခုကို ရှာတွေ့သွားကြသည်။


မြင်ကွင်းက အလွန်စိတ်လှုပ်ရှားဖွယ်ပင်ဖြစ်သည်။


ကျိုးရွှမ်လန်၏ ယွမ်ယင်းက ကျောက်တုံးပေါ်၌ ဖိထားခံရကာ သူ၏ရှေ့တွင် ပုံရိပ်လေးတစ်ခုက ပိတ်ထားသည်။


အခြားတစ်ဖက်မှ လက်ကလေးက ကျိုးရွှမ်လန်ယွမ်ယင်း၏နားရွက်ပေါ်တွင်လျက် ခေါင်းစောင်းကာပါးဖြူဖြူလေးကို နမ်း၍မပျော်မရွှင်ပြောလာသည်။


"ဘာလို့ ငါ့ကို လျစ်လျူရှုနေတာလဲ..."


ကျိုးရွှမ်လန် : "....."


ရှန်းလျိုရှန့် : "....."


အစောပိုင်းတွင် ကျိုးရွှမ်လန်၏ ယွမ်ယင်းက လက်ဖြင့်ရိုက်ခံရကာ ကျောက်တုံးနှင့်တိုက်မိသွားခဲ့သည်။ သူက မူးဝေနေစဉ်တွင် ခေါင်းမော့၍ ရှန်းလျိုရှန့်လက်ပေါ်ရှိ အခြေတည်ဝိညာဉ်နှစ်ခုကို ကြည့်ကာ ချက်ချင်းပင် မြေပြင်ပေါ်သို့ စိတ်ဓာတ်ကျစွာထိုင်ချလိုက်သည်။


ရှန်းလျိုရှန့်၏ ယွမ်ယင်းက သူပျောက်နေကြောင်းသတိထားမိသွားသည်။ အချိန်ကြာမြင့်စွာ ရှာဖွေပြီးနောက် ကျောက်တုံးနောက်မှ ပုံရိပ်လေးကိုတွေ့သွား၍ သူ့အပေါ်သို့ ခုန်တက်ချင်ခဲ့သည်။ သို့သော် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိထားမိသွားသည်။


သူက နေရာတွင် ကြာမြင့်စွာတုံ့ဆိုင်းနေပြီးနောက် ခပ်ဖြေးဖြေး လျှောက်လာသည်။


ဝတ်ရုံလက်ကိုဆွဲသော်ငြား အခြားတစ်ဖက်က လျစ်လျူရှုထားလေသည်။ နားအတွင်းသို့ လေမှုတ်သော်ငြား အခြားတစ်ဖက်က လျစ်လျူရှုထားသည်။ လက်မောင်းအတွင်းသို့ တွားဝင်သော်ငြား အခြားတစ်ဖက်က သူ့ကိုလျစ်လျူရှုထားမြဲဖြစ်သည်။


ပြဿနာမည်မျှလုပ်လုပ် အေးစက်နေသောမျက်နှာနှင့် ယွမ်ယင်းက သူ့ကို လျစ်လျူရှုထားသည်။


ရှန်းလျိုရှန့်၏ ယွမ်ယင်းက မျက်မှောင်ကြုတ်လိုက်ကာ အမူအရာမှာလည်း ယခင်ကထက်ပို၍ လေးနက်လာသည်။ ပါးများကိုဖောင်းထာပြီး အချိန်အကြာကြီး တိတ်ဆိတ်သွားသည်။ ဖြစ်နိုင်သည်မှာ သူကစွမ်းအင်ဖြည့်တင်းခဲ့ခြင်းကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် အသက်စွမ်းအင်များပြည့်နေသည်။


အလွန်ပြည့်ဝနေသောကြောင့် သူ အနည်းငယ်ဖူးရောင်နေသည်။


သူ၏လက်ဖဝါးသေးသေးလေးဖြင့် ကျိုးရွှမ်လန်ယွမ်ယင်း၏ဘေးဘက်သို့ ရိုက်ကာ အလွန်အင်အားကြီးသော အနမ်းတစ်ခုပေး၍ မေးလိုက်သည်။

"မင်းငါ့ကို ဘာလို့ လျစ်လျူရှုထားတာလဲ..."


ကျိုးရွှမ်လန်၏ ယွမ်ယင်းက သိသိသာသာပင် တုန်လှုပ်သွားကာ နေရာ၌အေးခဲသွားသည်။


၎င်းက အပေါ်မှ ထိတ်လန့်နေသောအကြည့်နှစ်ခုကို သတိမထားမိခင်အထိဖြစ်ကာ ဘာဖြစ်သွားမှန်း သူ သဘောပေါက်သွားသည်။ သူ လှုပ်ရှားရန်ပြင်လိုက်ချိန်တွင် မနီးမဝေးနေရာမှ အသံတစ်သံကြားလိုက်ရသည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ..."


နောက်ခဏတွင် အခြေတည်ဝိညာဉ်နှစ်ခုက ခွဲခြားခံလိုက်ရကာ တကွဲတပြားစီ သယ်ဆောင်သွားခံလိုက်ရသည်။


ရှန်းလျိုရှန့်၏ နှုတ်ခမ်းများတွန့်ကွေးလျက် ယွမ်ယင်းလေးကို ပိုက်ကာ ခေါ်သွားလိုက်သည်။ ဧကရာဇ်ယွမ်ယင်း၏ စစ်ဆေးနေသည့်မျက်လုံးများကို တွေ့သောအခါ သူ၏အပြုံးကို အမြန်ရပ်တန့်လိုက်သည်။


တစ်ဖက်တွင် ကျိုးရွှမ်လန်က မျက်လွှာချ၍ မိမိကိုယ်ကိုရှင်းလင်းပြချင်နေသော အမူအရာဖြင့် ခေါင်းမော့ထားသည့် ယွမ်ယင်းကိုကြည့်နေသည်။


ယွမ်ယင်းက သူ့မျက်နှာကိုထိတွေ့နေကာ ကျိုးရွှမ်လန် ဆိုလိုချင်သည့်အဓိပ္ပါယ်ကို နားလည်သွားသည်။ သူ့နှလုံးသားက လွင့်ထွက်သွားသည့်နှယ်ပင်။ ထို့နောက် အေးစက်သော မျက်နှာထားဖြင့်ရှင်းပြလာသည်။

"ငါက ဒီတစ်ကြိမ်မှာ မပြင်ဆင်ထားလို့...သူက ငါ့ဆီကနေ သင်ယူသွားတာ..."


ထိုသို့ပြောပြီးနောက် ယွမ်ယင်းက ဆက်ပြောလာသည်။ 

"ငါ့မှာ မင်းထက် လှည့်ကွက်ပိုများတယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး..."

ထို့နောက် ကျိုးရွှမ်လန်၏ ခန္ဓာကိုယ်အတွင်းသို့ပြန်ဝင်သွားသည်။


*****[ဒီယွမ်ယင်းပါတဲ့နေရာလေးတွေဆို သေချာဖတ်ပေးပါနော် နားမလည်ဖြစ်သွားမှာစိုးလို့]


ထို့နောက်တွင် ရှန်းလျိုရှန့်က နတ်ဆိုးမြို့တော်သို့ မည်သည့် အချိန်၌ သွားရမည်အား မေးလာသဖြင့် တိယွင်ယွီက ယခင်အစီအစဉ်ကို ဆန့်ကျင်ကြောင်းပြောလာသည်။


"နန်းတော်မှာ နည်းနည်းကြာကြာလေ့ကျင့်ဦး...ဟမ်ကျု့ယင်က နတ်ဆိုးမြို့တော်ကို အုပ်ချုပ်နေတာ...မင်းရဲ့လက်ရှိအင်အားက သူနှင့်ထိပ်တိုက်ယှဉ်ပြိုင်ဖို့ခက်ခဲလိမ့်မယ်..."


ဟမ်ကျု့ယင်၏ ပုံစံအစစ် တစ်ဖြစ်လဲ ကျု့ယင်က နတ်ဆိုးလောက၏ မဟာနတ်ဆိုးဘုရင်ဖြစ်၍ အလွန်အလေးစားခံရသည့် ပုဂ္ဂိုလ်တစ်ဉီးလည်း ဖြစ်သည်။ နှစ်ရာချီနေသည့်ကျင့်ကြံဆင့်နှင့် သူ၏ခွန်အားမှာလည်း လှမ်းမမီနိုင်စွာ နက်နဲလွန်းသည်။


ရှန်းလျိုရှန့်က ဟမ်ကျု့ယင်၏ အကြောင်းကို ဖတ်ဖူးသည်။ နတ်ဆိုးသားရဲများကို ဧကရာဇ်ယွင်ယွီ သုတ်သင်ရှင်းလင်းပြီး များမကြာမီမှာပင် ဟမ်ကျု့ယင်တစ်ယောက် နတ်ဆိုးလောက၌ ကျော်ကြားလာခဲ့သည်။ သူက ကပ်ဘေးကြီးကို ကြုံတွေ့ဖူးသူများအနက် အသက်ရှင်နေသေးသော လူနည်းစုမှ တစ်ယောက်ဖြစ်သည်။


"ခမည်းတော်...သူက အရမ်း ပြဿနာဖြစ်မယ်လို့ ထင်လား..."


တိယွင်ယွီ : "မင်းတို့အတွက်ဆိုရင်တော့ ထင်တယ်..."


ရှန်းလျိုရှန့်က ကျိုးရွှမ်လန်ကို လှည့်ကြည့်လိုက်သည်။

"မင်းရော မဟာနတ်ဆိုးဘုရင်ကို တွေ့ဖူးလား...ဘယ်လောက်တောင် စွမ်အားကြီးလို့လဲ...သူက ကြင်နာတတ်တဲ့ နတ်ဆိုးဘုရင်တစ်ပါးဆို..."


ကျိုးရွှမ်လန်ကပြောလာသည်။

"အပေါ်ယံပုံစံက အတွင်းစိတ်နဲ့ကွာခြားတယ်..."


ရှန်းလျိုရှန့်က မျက်ခုံးများပင့်လိုက်သည်။ ဟမ်ကျု့ယင်က နတ်ဆိုးနယ်မြေအများစုကို ပိုင်ဆိုင်ထားကာ သူ၏အမိန့်အောက်တွင် မရေတွက်နိုင်သော နတ်ဆိုးသားရဲများစွာ ရှိပြီး နတ်ဆိုးလောကတွင် နာမည်ဂုဏ်သတင်းအကောင်းဆုံး နတ်ဆိုးဘုရင်ဖြစ်သည်။ ကျိုးရွှမ်လန်၏အပြောအရ သူက ကောက်ကျစ်စဉ်းလဲ၍ အန္တရာယ်ပေးနိုင်သူဖြစ်ပုံပေါ်သည်။


ရှန်းလျိုရှန့်က အတန်ကြာ တွေးတောနေသည်။ "ဧကရာဇ်က ကျွန်တော်တို့ကို ဘယ်လို လေ့ကျင့်စေချင်တာလဲ...နှစ်ရာချီတောင် ကွာနေတာကို...ပြီးတော့ အချိန်တိုအတွင်း အဲဒီကျင့်ကြံဆင့်ကို ရောက်ဖို့ မဖြစ်နိုင်ဘူး..."


အကယ်၍ နတ်ဆိုးမျိုးနွယ်တွင် ကောင်းကင်ဘုံသို့တက်ရန် နည်းလမ်းရှိခဲ့ပါက ဟမ်ကျု့ယင်၏ ကျင့်ကြံဆင့်အရ ထွက်သွားသည်မှာ ကြာမြင့်နေလောက်မည်ဖြစ်သည်။


တိယွင်ယွီက မေးငေါ့၍ ပြောလာသည်။

"ရှန့်ချီတောင်ကို သွားကြ..."


ရှန်းလျိုရှန့်က ခဏမျှ ကြက်သေသေသွားသည်။ ရှန့်ချီတောင်သည် တစ်ခါက ဧကရာဇ်ယွင်ယွီ လေ့ကျင့်ဖူးသည့်နေရာဖြစ်သည်။ ထိုနေရာ၌ အန္တရာယ်များနှင့်ပြည့်နှက်နေကာ မည်သူမျှ ဝင်ခွင့်ပြုမထားချေ။

တိယွင်ယွီက သူတို့ကို ကူညီပေးနေတာပေါ့...


ဧကရာဇ်ယွင်ယွီက ရှုရှင်းချန်နှင့် ရှုရှင်းလျန်ကို အတူတူလာခဲ့ရန် ဆင့်ခေါ်လိုက်သည်။


ရှင်းလျန်က ထူးခြားသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် ထိုကဲ့သို့ လေ့ကျင့်မှုမျိုးနှင့် မသင့်တော်ချေ။ ထို့ကြောင့် တိယွင်ယွီက ရှင်းလျန်အား သူ့နောက်လိုက်ပါရန်ပြော၍ ကျန်သုံးယောက်ကို ရှန့်ချီတောင်သို့ သွားခိုင်းလိုက်သည်။


ရှန့်ချီတောင်ပတ်လည်ရှိတလိပ်လိပ်တက်နေသော တိမ်နှင့် မြူခိုးများက အပြင်လူများအား မြင်ကွင်းအပြည့်မမြင်နိုင်စေရန် ပြုလုပ်ထားသည်။ တောင်အတွင်းမှ ရှုခင်းက လှပ၍အန္တရာယ်များသည်။


ရှန်းလျိုရှန့်တို့က ကျယ်လောင်သောအသံနှင့်အတူ ရောက်ရှိလာပြီး ဘေးပတ်လည်ကို စစ်ဆေးရန် ဦးဆောင်လိုက်သည်။


သစ်ပင်မြင့်များက ကောင်းကင်နှင့်နေမင်းကို ပိတ်ဆို့ထားသည်။ နေရာအနှံ့ပေါက်ရောက်နေသော နွယ်ပင်များက သစ်ပင်ပင်စည်များ ပတ်လည်တွင် ရစ်ပတ်နေလျက် အကိုင်းအခက်များက အတွင်းသို့ ကျူးကျော်လာသူများအတွက် သဘာဝအတားအဆီးဖြစ်နေသည်။ အလင်းမှိန်မှိန်အောက်တွင် ဖိနှိပ်မွန်းကြပ်စေသော ခံစားချက်ကို ဖန်တီးပေးနေသည်။


ရှုရှင်းချန်က လမ်းကို မမြင်ရသဖြင့် ရှာဖွေရန်ပြင်လိုက်သော်ငြား ရှန်းလျိုရှန့်ကတားလိုက်သည်။

"သတိထား...မလှုပ်ရှားနဲ့ဦး.."


ကျိုးရွှမ်လန် ဝိညာဉ်ကျောက်တုံးကို ထုတ်၍ အဝေးသို့ပစ်လွှတ်လိုက်သောအခါ ရှုရှင်းချန်တစ်ယောက် ပဟေဠိဖြစ်သွားသည်။


ချက်ချင်းဆိုသလို မြေပြင်ပေါ်သို့ပင် မကျသေးသော ဝိညာဉ်ကျောက်တုံးမှာ မြေကြီးထဲမှထိုးထွက်လာသော နွယ်ပင်များ၏ရစ်ပတ်ခြင်းကိုခံရကာ လေထဲ၌ပင် အမှုန့်များအဖြစ်သို့ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။


ရှုရှင်းချန်၏အမူအရာက ပြောင်းလဲသွားကာ

 ရွှမ်ဟွမ်ဓားကို ဆင့်ခေါ်လိုက်သည်။


နွယ်ပင်များက အလွန်သန်မာ၍ ခေါင်းစအမြီးအဆုံးထိ စိမ်းနေကာ အဖြူရောင်အဖူးများပါရှိသည်။


ရှုရှင်းချန်က သူ၏ဓားကိုဆွဲထုတ်၍ ထက်ရှသည့်ဓားစွမ်းအင်ဖြတ်သန်းစေလျက် လေထဲ၌ တွဲလောင်းကျနေသော နွယ်ပင်ဆီသို့ရောက်ရှိစေလိုက်သည်။ တစ်ချက်ခုတ်ရုံမျှနှင့် ၎င်းကို မဖြတ်နိုင်ချေ။ သို့သော်၎င်းပေါ်သို့ကျရောက်ချိန်တွင် ကလိထိုးသည့်နှယ်သာခံစားရပုံဖြင့် အန္တရာယ်မရှိသော အက်ကွဲရာများသာ ကျန်ရှိစေသည်။


"ဘယ်လိုနတ်ဆိုးသားရဲလဲဟ...ဝိညာဉ်ဖြစ်မယ်ထင်တယ်..."


ရှုရှင်းချန်၏ စကားဆုံးသောအခါ လူသုံးယောက်၏ခြေထောက်အောက်မှ မြေကြီးက အက်ကွဲလာသည်။ နွယ်ပင်အချို့ကမြေကြီးအတွင်းမှထိုးထွက်ကာ တိုက်ခိုက်လာသည်။ တောထဲမှ အခြားနွယ်ပင်များကလည်း အရိုင်းဆန်စွာလှုပ်ရှားလာရှိသည်။


ရှန်းလျိုရှန့်က နွယ်ပင်အများအပြားကိုရှောင်တိမ်း၍ ဝိညာဉ်ဓားကို ထုတ်ယူကာပိတ်ဆို့လိုက်သည်။


စူးရှသော အလင်းတစ်ချက် တောက်ပသွား၍ ဝိညာဉ်ဓားမှာ ရစ်ပတ်လုယူခြင်းကို ခံလိုက်ရသည်။ ရှန်းလျိုရှန့် ပုန်းအောင်း၍ လွတ်လမ်းရှာရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ နောက်လှည့်ကြည့်သောအခါ အခြားလူနှစ်ယောက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။


ဝိညာဉ်အာရုံထုတ်လွှတ်လိုက်သော်ငြား မမြင်နိုင်သော တစ်စုံတစ်ခုက အလည်တွင် ပိတ်ဆို့ထားသဖြင့် သူ၏မြင်ကွင်းအဆုံးထိသာရောက်နိုင်သည်။


ရှန်းလျိုရှန့်က လက်ကောက်ဝတ်ကို ပွတ်သပ်၍ သစ်ကိုင်းများပေါ်သို့နင်းချကာ ထွက်လာနေသည့်နွယ်ပင်များကို ရှောင်ရှားရန် လှိမ့်လိုက်သည်။ ထိုနွယ်ပင်များက အလွန်မာကျောနေသဖြင့် ဝိညာဉ်ဓားနှင့် ခုတ်

ပိုင်းခြင်းက အကျိုးမရှိဖြစ်နေသည်။ အကယ်၍ သူဆက်လက်ရှောင်ရှားနေလျှင် များမကြာမီတွင် သူ၏ဝိညာဉ်စွမ်းအား ကုန်ဆုံးသွားနိုင်သည်။


လွတ်မြောက်ရန်နည်းလမ်းမရှိသဖြင့် ဦးနှောက်သုံး၍သာ ရင်ဆိုင်ရပေမည်။